စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သစ်အကြီးအကျယ် ခိုးထုတ်နေ









ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း သစ်မှောင်ခိုလုပ်ငန်း ပြန်လည်ခေါင်းထောင်လာကာ သစ်မှောင်ခိုလုပ်သူများ ပြည်ပနိုင်ငံအထိ သစ်အကြီးအကျယ် ခိုးထုတ်နေကြောင်း ပြည်တွင်းရှိ သစ်လုပ်ငန်းရှင် တချို့ထံမှ သိရသည်။


ပဲခူးရိုးမတွင် တောင်ငူ၊ သံတောင်လမ်းကြောင်းမှ ကယားပြည်နယ်ကို ဖြတ်ကာ ထိုင်းနိုင်ငံသို့ သစ်မှောင်ခိုလုပ်သူများ သစ်ခိုးထုတ်နေကြသလို ရခိုင်ရိုးမက ထွက်သည့် သစ်မာခိုးသစ်များကိုလည်း ထိုင်းနိုင်ငံသို့ ခိုးထုတ်နေကြောင်း ပဲခူးမြို့ရှိ သစ်လုပ်ငန်းရှင် တဦးက ပြောသည်။

"ဒီအချိန်ကတော့ ခေတ်ပျက်သူဌေးတွေ မြူးချိန်ပေါ့။ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်ဘက်က ပဲခူးရိုးမသစ်ကိုတော့ ပြည်တွင်းသုံးပုံစံမျိုးနဲ့ ရန်ကုန်၊ ပဲခူး၊ မန္တလေး စတဲ့ မြို့ကြီးတွေက သစ်သမားတွေ လုပ်ကြတယ်။ တောင်ငူ၊ သံတောင်ဘက်က လွိုင်ကော်ဘက်ကို ဖြတ်ပြီး မြဝတီဘက်ကနေ ထိုင်းကို ခိုးထုတ်နေတယ်။ လမ်းကြောင်းကလဲ ငွေနဲ့ခင်းရင် ထွက်ဖို့ အကောင်းဆုံးအချိန်လေ။ အဲ့လမ်းကြောင်းက ပတောက်သစ် အများဆုံးထွက်နေတယ်" ဟု ၎င်းကဆိုသည်။

ပြည်တွင်းသုံးအနေဖြင့် ခိုးသစ်များကို ဝယ်ယူနေကြသူများသည် မည်သို့ပုံစံ ပြုလုပ်မည်ကို မသိရကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်းသစ်လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းနေသလို သစ်အချောထည် ပြည်ပပို့ရန်လည်း မရှိသည့်အနေအထား ကြုံနေရသဖြင့် ၎င်းတို့စုဆောင်းမှုကလည်း နည်းလမ်းတခုခုဖြင့် တရားမဝင် ပြည်ပသို့သာ သွားနိုင်သည်ဟု ရန်ကုန်ရှိ သစ်လုပ်ငန်းရှင်တဦးက သုံးသပ်သည်။

မြန်မာ့သစ်လုပ်ငန်း MTE ကို ဥရောပနှင့် အမေရိကန် နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ထားသော်လည်း လာမည့် ၂၃ ရက်နေ့တွင် စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီ အစိုးရ NLD လက်ထက်က ဖမ်းဆီးထားသော ခိုးသစ်များကို လေလံတင် ရောင်းချပွဲ ပြုလုပ်ရန် ရှိသည်ဟု သိရသည်။

"ကျနော်တို့လို ပြည်တွင်း စျေးကွက်ကို အမှီပြုရသူတွေကတော့ အဲ့လေလံပွဲ မဝင်ဘူး။ စစ်ကောင်စီလက်ထဲ ငွေတွေ မဝင်စေချင်တာရော ပြည်သူတွေ လက်ထဲမှာ ငွေသားပြတ်လပ်နေတော့ ရတဲ့သစ်တွေ ပြန်ဖြုန်းဖို့က စျေးကွက်ပျက်နေတာရောကြောင့်။ နည်းလမ်းတခုခုနဲ့ ပြည်ပခိုးထုတ်မယ့်သူတွေတော့ လေလံဝင်ဆွဲကြမှာပေါ့" ဟု ရန်ကုန်ရှိ နာမည်ရ သစ်အချောထည် ဖြန့်ဖြူးနေသည့် သစ်လုပ်ငန်းရှင် တဦးက ဆိုသည်။

NLD အစိုးရ လက်ထက်က ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ၁၀ နှစ် ပိတ်ပင်ထားပြီး စစ်ကိုင်းတိုင်းနှင့် ရခိုင်ရိုးမက သစ်များထုတ်လုပ်မှုကိုလည်း အကန့်အသတ်ဖြင့်သာ ထုတ်လုပ်စေခဲ့သည်။

ထို့အပြင် စစ်တပ်အုပ်ချုပ်ခဲ့သည့် နဝတ လက်ထက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် သစ်ခိုးထုတ်မှုကို ကျပ်မတ်နိုင်ခဲ့သဖြင့် ခိုးသစ်များ ဖမ်းဆီးရမိမှု တိုးတက်ခဲ့သည်။

သို့သော် စစ်တပ်က အာဏာပြန်သိမ်းပြီးနောက်ပိုင်း သစ်ခိုးထုတ်မှု ပြန်လည်ခေါင်းထောင်လာမှုက ပတ်ဝန်းကျင် ပျက်စီးမည့်အရေး စိုးရိမ်စရာ ပြန်ဖြစ်လာသည်ဟု သစ်လုပ်ငန်းရှင် တချို့က ဆိုကြသည်။

Credit to Ayeyarwaddy Times

Comments