လုပ်ငန်းစဉ်တွေကို မေ့သွားတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်ဆောင်မလဲ


မင်း တခါတရံမှာ အရေးကြီးကိစ္စတွေကို မေ့လျော့သွားတာမျိုး ကြုံဖူးလား? ဘယ်လိုမှ မေ့လျော့သွားလို့ မဖြစ်တဲ့ တချို့ကိစ္စတွေ မေ့လျော့သွားမိလို့ အခက်အခဲကြုံရတယ့် အချိန်တွေ တွေ့ကြုံရတတ်ပါတယ်။ မင်းရဲ့ နေ့စဉ်ဘဝမှာ မင်းအတွက် အရေးကြီးကိစ္စတွေကို မေ့လျော့သွားတာမျိုးတွေ မဖြစ်ရအောင် မှတ်သားနိုင်စွမ်းကောင်းလာစေဖို့ လေ့ကျင့်သင့်တဲ့ အလေ့အကျင့် ၁၀ ခုကို ကြိုးစားကြည့်ရင် မင်းရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူလာစေတာ တွေ့ရမှာပါ။


၁။ တရားထိုင်ခြင်း/ ယောဂကျင့်ခြင်း


နေ့စဉ် တရားထိုင်တာ ဒါမှမဟုတ် ယောဂကျင့်တာကို လေ့ကျင့်ပါ။ အဲဒါက မင်းရဲ့စိတ်ထဲ မလိုအပ်တဲ့ အပိုကိစ္စတွေကို ရှင်းထုတ်တဲ့နေရာမှာ အကူအညီ ဖြစ်စေမှာပါ။ ဒါဆိုရင် လိုအပ်တဲ့ ကိစ္စတွေမှာ အာရုံပိုစိုက်နိုင်ပြီး ပိုပြီး ထက်မြက်စွာ တွေးခေါ်နိုင်မှာပါ။ တရားထိုင်တာပဲဖြစ်ဖြစ် ယောဂကျင့်တာပဲဖြစ်ဖြစ် တစ်ခုကို နေ့စဉ် လေ့ကျင့်ပေးတာဟာ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။ စိတ် အပန်းပြေစေတယ်။ စိတ်ကို ကြည်လင်သန့်စင်လာစေပြီး မင်းရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုကောင်းလာစေပါတယ်။

၂။ အရေးကြီးကိစ္စများကို မှတ်စုတို့ထားခြင်း


အရေးကြီး ကိစ္စတွေကို မှတ်စုတို့ထားတဲ့နည်းကလည်း အသုံးများပြီး လွယ်လွယ်ကူကူနဲ့ ထိရောက်မှုများတဲ့ နည်းလမ်းတစ်ခုပါ။ ဒီလို လွယ်ကူပေမယ့် ထိရောက်တဲ့ မှတ်စုတို့တဲ့ နည်းကိုလည်း မေ့ထားလို့မရပါဘူး။

၃။ ယနေ့ လုပ်ငန်းစဉ် စာရင်းမှတ်ထားခြင်း ( To-do list )


နေ့စဉ် တစ်နေ့တာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို စာရင်းရေးမှတ်တတ်တဲ့ အလေ့အကျင့် လုပ်ရပါမယ်။ ရိုရှင်းပေမယ့် မိမိ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို မေ့မသွားစေပဲ သတိကပ်ထားနိုင်မယ့် အကောင်းဆုံး နည်းလမ်း တစ်ခုပါ။ အရေးအကြီးဆုံးနဲ့ အရေးပေါ်ဆောင်ရွက်ရမယ့် ကိစ္စကို ဦးစားပေးအဖြစ်မှတ်သားထားရပါမယ်။ ဒါဆိုရင် အလုပ်ကိစ္စတွေကို အချိန်မီအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာပါ။

၄။ Application အသုံးပြုခြင်း


ဖုန်း application တွေကလည်း အထောက်အကူဖြစ်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ application သုံးလိုက်တဲ့အခါ မှတ်စုတွေ မှတ်ထားနိုင်မယ်၊ အရေးကြီးကိစ္စတွေကို သတိပေးဖို့ alarm ပေးထားလို့ရမယ်၊ အချိန်မလွန်အောင် အချိန်ကို စီမံခန့်ခွဲထားလို့ရမယ်၊ ငွေကြေးကိစ္စတွေ စီစဉ်ထားလို့ရမယ် စသည်ဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။

၅။ အရာရာတိုင်း အွန်လိုင်းကနေ ရှာတတ်တာ ( googling) ကို ရှောင်ခြင်း


ကိုယ်သိချင်တဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ အမြဲရှာကြည့်ခြင်းက လွယ်ကူပြီးတော့ အဆင်ပြေသလောက် သူ့မှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ မင်း အရင်ကသိပြီးတဲ့ အကြောင်းအရာဖြစ်နေရင် ပြန်အမှတ်ရလာအောင် အချိန်ယူ စဉ်းစားကြည့်တတ်တဲ့ အလေ့အကျင့် လုပ်ပါ။ အဲ့ဒါဆိုရင် မင်းသိပြီးသား အကြောင်းအရာကို မြန်မြန်ပြန်အမှတ်ရလာတတ်တဲ့ အကျိုးကျေးဇူးကို ရလာပါလိမ့်မယ်။ ပြန်စဉ်းစားလို့ရပြီးတဲ့အခါမှ မင်းသိထားတာကို မှန်မမှန် အွန်လိုင်းပေါ်က ပြန်ရှာပြီး သေချာအောင်လုပ်တာမျိုးပဲ ဖြစ်ပါစေ။ အွန်လိုင်းကိုပဲ အမြဲ အလုံးစုံ အားမကိုးပါနဲ့။

၆။ စာလုံးပေါင်း စစ်ပေးတဲ့ ပရိုဂရမ်တွေကို ရှောင်ခြင်း


မင်းရဲ့ စဉ်စားနိုင်စွမ်းကို လှုံ့ဆော်ပေးပါ။ အချိန်တိုင်း အချိန်တိုင်း မင်းရေးလိုက်တဲ့ စာလုံးပေါင်းတွေကို မင်းကိုယ်တိုင် ပြန်စစ်ပါ။ အဲလိုလုပ်တာက စာလုံးပေါင်းတွေကို ပိုပြီးတော့ မှတ်မိစေပါတယ်။ ပြီးမှ ဒုတိယအကြိမ် စစ်တဲ့ အနေနဲ့ အလိုအလျောက် စာလုံးပေါင်းစစ်ပေးတဲ့ ပရိုဂရမ်တွေကိုဖြစ်ဖြစ် အွန်လိုင်းကနေ စာလုံးပေါင်းစစ်တာပဲဖြစ်ဲဖြစ် သုံးနိုင်ပါတယ်။

၇။ လေ့လာသင်ယူမှတ်သားတဲ့ နည်လမ်းရွေးချယ်ခြင်း


မင်းလေ့လာပြီးသား အကြောင်းအရာတစ်ခုကို ပြန်အမှတ်ရနိုင်စေဖို့အတွက်ဆိုရင် လေ့လာတဲ့နည်း မှန်ကန်ဖို့လိုပါတယ်။ အကြောင်းအရာတစ်ခုကို လေ့လာသင်ယူနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အထဲက မင်းအတွက် အသင့်တော်ဆုံး နည်းလမ်းကို မင်းကိုယ်တိုင် သေချာဆန်းစစ်ပြီး ရွေးချယ်နိုင်ပါတယ်။

၈။ မြင်သာတဲ့ အချက်အလက်မှတ်သားနည်းများ သုံးခြင်း


Dream board လို ကားချပ်နဲ့ မှတ်သားထားခြင်းဟာ လိုချင်တဲ့ ပန်းတိုင်ကို ရနိုင်စေဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဓာတ်ပုံတွေကို အသုံးပြုတာ ရုပ်ပုံတွေ ဆွဲပြီးမှတ်သားထားတာ ဇယားတွေဆွဲထားတာ စတဲ့နည်းလမ်းတွေက မျက်စိနဲ့ မြင်သာအောင် ဖန်တီးထားတဲ့ နည်းလမ်းတွေဖြစ်လို့ အရေးကြီးကိစ္စတွေကို အချိန်မီ သတိပေးနိုင်မှာပါ။

၉။ မှတ်ဉာဏ်စွမ်းရည်ကို အထောက်အကူပြုနိုင်တဲ့ အစားအစာများကို ရွေးခြယ်စားသောက်ခြင်း


ကျန်းမာရေးနဲ့ ညီညွတ်ပြီး မှတ်သားဉာဏ်စွမ်းအားကောင်းလာစေနိုင်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်တဲ့ အလေ့အကျင့်ကလည်း လိုအပ်ပါတယ်။ ငါးအဆီစားပေးတာ၊ နံနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကော်ဖီတစ်ခွက်သောက်ပေးတာ၊ ဘယ်ရီသီး၊ ပန်းမုန်လာစိမ်း၊ ဖရုံစေ့၊ ချောက်ကလက်၊ အခွံမာစေ့များ စတဲ့ အစားအစာတွေ စားပေးတာ စသည်ဖြင့် မင်းရဲ့ စားသောက်မှုပုံစံကို မှတ်သားဉာဏ်ကောင်းစေဖို့ အထောက်အကူဖြစ်အောင် လေ့ကျင့်လို့ ရပါတယ်။


၁၀။ မိမိကိုယ်ကို ဂရုစိုက်ခြင်း


မိမိကိုယ်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ပထမဦးဆုံး မိမိကုယ်ကို ဂရုစိုက်ပါ၊ ပြီးမှ ကျန်တာတွေကို ဆောင်ရွက်ပါ။ ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်အောင် သင့်တော်တဲ့ စားသောက်မှုပုံစံ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်တဲ့ အိပ်စက်မှု၊ လူမှုဆက်ဆံရေးဘဝ၊ screen time ကန့်သတ်မှု စတာတွေက မရှိမဖြစ် လိုအပ်တာတွေဖြစ်လို့ သေချာလုပ်ဖြစ်အောင် လုပ်ရမှာပါ။ ဒါတွေက မိမိကိုယ်ကို တန်ဖိုးထားဂရုစိုက်တတ်တဲ့ အလေ့အကျင့်တွေဖြစ်လို့ ကိုယ်ရော စိတ်ပါ ကျန်းမာရေးကောင်းအောင် စောင့်ရှောက်မှုပေးနိုင်ပြီး မင်းရဲ့ မှတ်သားဉာဏ်စွမ်းအားကိုလည်း တိုးတက်လာစေမှာပါ။

နိဂုံး


မင်းဘဝပန်းတိုင်ကို ဦးတည်လျှောက်လှမ်းတဲ့အခါ မင်းအတွက် အရေးကြီးတဲ့ ကိစ္စတွေ မေ့လျော့ပြီး ကျော်သွားမိတာမျိုးတွေ ကြုံတွေ့လာရမှာပါ။ ဒါပေမယ့် သင့်တော်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ အကောင်းဆုံး လေ့ကျင့်နေထိုင်သွားမယ်ဆိုရင် ဒီလိုပြဿနာတွေ နည်းသွားအောင် ရှောင်ရှားနိုင်လာပါလိမ့်မယ်။

Comments