ပြုခဲ့မိသော ခိုးမှုတစ်ခု
အဲ့ဒီနေ့က ကျွန်တော် 10 တန်းက နယ်က ကျောင်းလေးမှာပေါ့ဗျာ၊ ကျောင်းသွားရတာကို အရမ်းပျင်းတာ ကျွန်တော်က။ စာသင်ချိန်တွေဆို အိပ်ရင်အိပ်၊ မအိပ်ရင် ကျွန်တော့ခုံဘေးက ကောင်မလေးတွေကို အကူအညီတောင်းပြီး ဘေးခုံတန်း 5 ခုံမြောက်အစွန်ကကောင်မလေးကို စာပေးဖို့ စာရေးနေတာမျိူးပဲ လုပ်လေ့ရှိတယ်။ မဟုတ်ရင်လည်း အခန်းအပြင်ထွက်လေ့ရှိတယ်။ "ဆရာမ ကျန်းမာရေး" တစ်ချက်ပြောပြီး နှစ်ချိန်လောက် ပျောက်နေတတ်တာပေါ့။
တခြားသွားတာတော့ မဟုတ်ပါဘူး အဲ့ဒီနေ့က။ ကျောင်း Library ကို သွားတာပါ။ ထူးထူးခြားခြား အဲ့နေ့မှာမှ 9 တန်းက ကျောင်းသူလေးတွေ အများကြီးပဲပေါ့။ ကျွန်တော့ကလည်း လူကြောက်တတ်တာဆိုတော့ သူတို့ကြားထဲက လွတ်နေတဲ့ နေရာကျဥ်းကျဥ်းလေးပဲ ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ စာကြည့်တိုက်အင်္ဂါရပ်နဲ့ ပြည့်စုံတော်မူတဲ့ ကျောင်းရဲ့ စာကြည့်တိုက်က ကျနော်ထိုင်နေတဲ့ ခုံတန်းရှည်ရဲ့ စားပွဲတန်းရှည်ပေါ်မှာ ကာတွန်းစာအုပ်တွေ ဖရိုဖရဲပေါ့။ လူကလည်း ပူကပူ လောင်ကလောင် အတော်ပြဲနေတာဆိုတော့ Random ကောက်ဆွဲလိုက်တာ လက်ထဲမှာ ဟိုးအရင်က တစ်ခေတ်ထခဲ့တဲ့ တာတေစာအုပ်ပေါ့။
မနက်က Crush ဆေးပေးတဲ့ ပန်းအိုးကို ဘုရားစင်ပေါ် တခြားကောင်တစ်ကောင်တင်ပေးထားတဲ့ စိတ်ဒုက္ခအခံကလည်းရှိနေတော့ အဲ့စာအုပ်ကို ဘေးကညီမလေးကိုပဲ လက်တို့ပြီး "ဒါလေးဖတ်ကြည့်ညီမလေး" ။ ဟိုကလည်း ကိုယ့်ရဲ့ ပင်ကိုယ်ရုပ်ရည်နဲ့ သန့်ရှင်းစင်ကြယ်တဲ့ စိတ်နှလူံးအခံကို လေးစားသမှုနဲ့ အနားက ထထွက်သွားပါတယ်။ "အော် ဒီခလေးမနှယ်။ ငါ 8 တန်းနှစ်က ရခဲ့ဖူးတဲ့ ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးတစ်ကျောင်းလုံးပထမဆုအကြောင်းကို ပြန်ပြောလိုက်လို့ ငါ့ကို အထင်တွေကြီးပြီး ကိုကြီးခေါ်သွားဦးမယ်" ဆိုပြီးတွေးမိလိုက်သေး။
တကယ်အဲဒီစာစီစာကုံးအတွက် ကျွန်တော် ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုရင်ဗျာ။ တစ်ညလုံး ညလုံးပေါက် A4 စာရွက်ပေါ်မှာ လက်ရေးလေးတွေ ဝိုင်းနေအောင်ရေး၊ လွန်ခဲ့တဲ့ 6 နှစ်က အဲ့ခေါင်းစဥ်နဲ့ပဲ ဖြေခဲ့ဖူးတဲ့ Senior အကိုကြီးတစ်ယောက်ရဲ့ 6 မျက်နှာကျော်ရှည်လျားတဲ့ စာစီစာကုံးကိုဗျာ ကူးလိုက်ရတာဆိုတာ။ ပထမဆုဆိုတာ ကျွန်တော့အတွက် ထမင်းဝါးရသလောက်တောင် မခက်ပါဘူး။
ဒါပေမယ့် ကျွန်တော်စိတ်ဝင်စားတာ ဘောလုံးဗျ။ ဘောကန်ရင်ပျော်တယ်။ သူငယ်ချင်းတွေခေါ်တယ်။ ရပ်ကွက်ထဲလည်းကန်။ နေပူလည်းကန်။ မိုးရွာလည်းကန်။ ကျူရှင်မှာလည်းကန်။ အိမ်မက်ထဲမှာတောင်ကန်တာပေါ့။ အဲ့တာနဲ့ ကျွန်တော့ဘဝရဲ့ မဖြစ်မြောက်လာမယ့် ကျွန်တော် အချစ်ရဆုံးဘောလုံးကို စိတ်ကတွေးမိနေခိုက် သော့ခတ်ထားတဲ့ မှန်ဗီရိုထဲမှာ စာအုပ်တစ်အုပ်တွေ့လိုက်တယ်။ " ဘောလုံးကန်နည်းပေါင်းချုပ်"
အဲ့တာနဲ့ အဲ့ဒီစာအုပ်ကို ငှားမယ်ပေါ့။ စာကြည့်တိုက်မှူးဆရာမကို ဗီရိုသော့သွားတောင်းတော့။
"သော့ခတ်ထားတဲ့စာအုပ်တွေက ဖတ်ခွင့်မရှိဘူး" ဆိုပြီး ဗီရိုသော့ မပေးဘူးဗျ။
ကျွန်တော် တော်တော်အတွေးများသွားတယ်။ "စာအုပ်တွေကို ကျောင်းက အလှူခံတယ်။ Budget တောင်းတယ်။ ဝယ်တယ်။ ပြီးတော့ သိမ်းတယ်။ ကျောင်းသားတွေတောင်းတော့ ဖတ်ခွင့်မရှိဘူးဆိုတော့။ ဆရာမတို့ရဲ့ Plan ကဘာလဲ။ 72 နာရီမပြည့်သေးလို့ ဖတ်ခွင့်မပေးတာလား။ စာပေဟာ လူ့အတွေးအခေါ်ကို နှိမ့်ကျစေလို့လား။ ဒါမှမဟုတ် မတွေးခေါ်စေချင်လို့လား။ တွေးခေါ်လိုက်ရင်ကော သူတို့အတွက်ပြဿနာရှိလို့လား။ ဘာလား။ ညာလား။ အဟွာလား။"
အဲ့ အတွေးကောင်းနေတုန်း ခုဏက ကျွန်တော့ဘေးနားက ထွက်သွားတဲ့ ကလေးမလေးက ကျွန်တော့ကို လှမ်းခေါ်တယ်။
"အကို ဒါက အကို့ဟာလား" အနားရောက်တော့မေးတယ်။ ဗီရိုအောက်ကတွေ့တာလို့ပြောတယ်။ သူ့လက်ထဲက သော့က သံချေးတွေတောင် တက်နေပြီ။ ကျွန်တော်ကလည်း အပြစ်ကင်းစွာနဲ့ပဲ မုသားမပါ "အင်းဟုတ်တယ်ညီမလေး ပေါ့"။
ပြီးတော့ တခြားဆရာမတစ်ယောက်နဲ့ ဘာတွေ ပွစိပွစိပြောနေမှန်းမသိတဲ့ စာကြည့်တိုက်မှူးဆရာမမမြင်အောင် ဗီရိုကို အသာလှပ်၊ စာအုပ်ကို ပုဆိုးထဲထည့်ပြီး၊ သော့ကိုပါဗီရိုအောက်ပြန်ထားလိုက်ပါတော့တယ်။
ခုထိတော့ အဲ့စာအုပ်ကလေးက ကျွန်တော့လက်ထဲမှာပေါ့ဗျာ။ နောင်တရတဲ့အနေနဲ့ ပြန်ပေးဖို့လည်း အစီအစဥ်မရှိပါဘူးခင်ဗျာ။

Comments
Post a Comment