ရော်ဘတ်တိုကားလို့စ်၏ ကန်ချက်များကို လေ့လာခြင်း
ရော်ဘတ်တိုကားလို့စ်၏ ကန်ချက်များကို လေ့လာခြင်း
တစ်ခေတ်တစ်ခါက ကန်အားပြင်းပြင်းနဲ့ ဘရာဇီးလ်ရဲ့တံတိုင်းကြီး ရီးရဲယ်မက်ဒရစ်ကစားသမားဟောင်း ရော်ဘတ်တိုကားလို့စ်လို့ ပြောရင် သူ့ရဲ့ တည်ကန်ဘောတွေနဲ့ Close finishing တွေအကြောင်းကို ပြေးမြင်မိကြမှာပါ။ ဒီတော့ ခေတ်ကိုနောက်ပြန်ပြီး ယနေ့ခေတ်မှာ မြင်တွေ့ဖို့ အခွင့်အရေးနည်းလာတဲ့ သူ့ရဲ့ အင်အားပြင်းကန်ချက်တွေအကြောင်း နည်းနည်းလေ့လာကြည့်ရအောင်။
သူ့ရဲ့ ကန်ချက်တွေအကြောင်း ပြောကြပြီဆိုရင်လည်း လွန်ခဲ့တဲ့ ၂၁ နှစ်က ပြင်သစ်နဲ့ ဘရာဇီးလ်ပွဲမှာ ကန်သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးက မပါမဖြစ်ပါ။ အဲဒီပွဲမှာ ရရှိခဲ့တဲ့ တည်ကန်ဘောဟာ ဂိုးနဲ့ ၃၅ မီတာကွာဝေးပါတယ်။ ဘောလုံးတည်တဲ့နေရာဟာ ကားလို့စ်ဖက်ကကြည့်ရင် ဂိုးရဲ့ ညာဖက်ကို အနည်းငယ်ရောက်နေပြီး လူတံတိုင်းကလည်း ညာဖက်ဂိုးတိုင်ကို မမြင်ရအောင် ကွက်တိပိတ်ထားပါတယ်။ ဒီတော့ ပုံမှန်အတိုင်းဆိုရင် ရွေးချယ်စရာနှစ်ခုရှိပါတယ်။ ညာသန်နဲ့ ကန်မယ့်သူဖက်ကကြည့်ရင် ဂိုးရဲ့ညာဖက်ကို ကန်မလား။ ဘယ်သန်နဲ့ အဝေးတိုင်လို့ ခေါ်ရမယ့် ဂိုးရဲ့ ဘယ်ဖက်ကို ကန်မလား။
ဒါပေမယ့် ကားလို့စ်ဟာ ဘယ်ခြေသန်တဲ့သူဖြစ်တယ်။ သူကန်မယ်ဆိုရင် လူတံတိုင်းကိုကျော်ကန်ရင်ကန်၊ မဟုတ်ရင် ဘယ်ဖက်ကို ကန်ရမယ်။ သို့သော် တကယ်ကန်တဲ့အခါ ကားလို့စ်ဟာ လူတံတိုင်းထဲက ကားလို့စ်ဖက်ကကြည့်ရင် ညာဖက်အစွန်ဆုံးလူရဲ့ ဘေးကနေ အင်အားပြင်းပြင်းနဲ့ ကန်လိုက်တယ်။ သူစိုက်ထုတ်လိုက်တဲ့ အားဟာ ၃၅ မီတာအတွင်းမှာ ဂိုးထဲကို ဘယ်လိုမှ ပြန်မဝင်နိုင်လောက်ဘူး။ သို့သော် နယူတန်ရဲ့ ပထမနိယာမမှာ ပြင်ပအားတစ်စုံတစ်ရာမရှိရင် ရွေ့လျားနေတဲ့အရာဝတ္ထုတွေဟာ ရွေ့လျားမြဲတိုင်း ရွေ့လျားနေမှာဖြစ်တယ်လို့ ဆိုတယ်။ ဒါဆိုပြင်ပအားကြောင့် ရွေ့လျားသွားတာပေါ့။ ဒီတော့ ပြင်ပအားဆိုတာ လေထုပဲရှိတယ်။
ပြင်ပအားဖြစ်တဲ့ လေကြောင့် ဘောလုံးဟာ လမ်းကြောင်းပြောင်းသွားတယ်လို့ ယူဆလို့မရပြန်ဘူး။ လေရဲ့ သိပ်သည်းဆက ဘောလုံးကွင်းထဲမှာဆိုရင် ဘောလုံးကို လမ်းကြောင်းပြောင်းရလောက်အောင် ဘောလုံးအပေါ်ဖိအားမဖြစ်စေနိုင်လို့ပဲ။ လေအရမ်းတိုက်နေရင်တော့ တစ်မျိုးပေါ့။ အဲဒီတော့ နောက်တစ်ချက်ထပ်စဥ်းစားရမှာက Magnus Force ဆိုတာပဲ။ Magnus Force အရ ဘောလုံးကို စကန်လိုက်ချိန်မှာ အပေါ်ကိုတက်သွားတဲ့ Lift force ဟာ လူတံတိုင်းဘေးကနေ ဖြတ်သွားချိန်မှာ ဝေ့ဝိုက်ပြီး သွားတဲ့ Drag force ဖြစ်ပေါ်လာတယ်။ လည်နေတဲ့ဘောလုံးတစ်လုံးမှာ ခုနပြောတဲ့ Magnus force or Magnus effect ပိုများတယ်။ ဒီတော့ အဓိကအချက်က ဘာတွေ့သလဲဆိုရင် Spining of the ball ကိုတွေ့တယ်။ ဘောလုံးဝေ့ဝိုက်ရတဲ့အကြောင်းအရင်းက Spin ကြောင့်ပဲ။ Spin မပါဘူးဆိုရင် ဘောလုံးဟာ မြှားတစ်ချောင်းလိုမျိုး Gravity force ပဲဖြစ်ပေါ်ပြီး အပေါ်ကအောက်ကို ပြန်ကျသွားမှာပဲ။ ဘောလုံးဆိုရင်တော့ Spin ရှိရင်တောင် Back Spin ရှေ့မှနောက် နောက်မှရှေ့သို့ လည်ပတ်တဲ့ Spin ပဲဖြစ်မယ်။
အခု ကားလို့စ်ကန်လိုက်တဲ့ ဘောလုံးဟာ Back Spin နဲ့မဟုတ်ပဲ Side Spin နဲ့ ဘေးတိုက်လည်ပတ်ပြီး ဂိုးထဲကို ဝင်သွားတာဖြစ်တယ်။ ကားလို့စ်ကန်လိုက်ချိန်မှာ ဘောလုံးရဲ့ ညာဖက်အခြမ်းကို ဘယ်ခြေထောက်ရဲ့ ဘယ်ဖက်အခြမ်းနဲ့ ပွတ်ပြီး ကန်လိုက်တယ်။ ပုံမှန်ဆို ဘယ်ခြေထောက်ဟာ ညာခြမ်းခြေခွင်နဲ့ ကန်ရင် ဘယ်ကနေညာကိုလည်တယ်။ ပြောင်းပြန်ကန်တဲ့အခါ Spin ကလည်း ညာကနေ ဘယ်ကိုလည်သွားတယ်။ ဒီတော့ သိပ္ပံနည်းကျစဥ်းစားမယ်ဆိုရင် အဖြေထွက်လာတယ်။ ကားလို့စ်ဟာ ဘောလုံးကို သာမန်မဟုတ်တဲ့ ဘယ်ခြေနဲ့ ဘောလုံးရဲ့ ညာခြမ်းကိုကန်ပြီး လူတံတိုင်းဘေးကနေ Lift force နဲ့သွားစေတယ်။ လူတံတိုင်းအကျော်မှာ ပြင်ပဖိအားဖြစ်တဲ့ လေနဲ့ ကန်လိုက်ချိန်မှာ ဖြစ်ပေါ်လာတဲ့ Spin ကြောင့် ဘောလုံးဟာ Direction ပြောင်းသွားတယ်။ ဘောလုံးရဲ့ အလေးချိန်ရယ်၊ ကန်လိုက်တဲ့အားရယ်၊ ပြင်ပလေဖိအားရယ် ကြောင့် Spin ဖြစ်ပေါ်လာပြီး Drag force အနေနဲ့ လားရာလမ်းကြောင်းကနေ သွေးဖယ်ပြီး ဂိုးအဖြစ်ပြောင်းလဲသွားတယ်။ ဒါက Magnus force or Magnus effect သဘောတရားပါ။ ဒီတော့ ကားလို့စ်ရဲ့ ကန်ချက်ဟာ ဂိုးသမားရော ပရိတ်သတ်တွေပါ အံ့အားသင့်စရာကောင်းလောက်အောင် လှပသေသပ်လွန်းခဲ့တာဖြစ်ပါတယ်။ နောက်များမှာလည်း သူ့ရဲ့ သွင်းဂိုးတွေကို ထပ်မံပြီး အဖြေရှာပါဦးမယ်။
Credit to Soccer Guides

Comments
Post a Comment