ဆား
ဆားက အစားအသောက်တွေ အရသာရှိစေရုံတင်မကဘူး ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတယ်။ ချွေးထွက်များတဲ့သူတွေက ဆားဓာတ်ပိုမိုလိုအပ်ပြီးတော့ ဆားအစားများလွန်းရင်လည်း ကျန်းမာရေးထိခိုက်နိုင်တယ်။
အသားငါးတွေကို ကြာရှည်ခံပြီး မပုပ်မသိုးအောင် ဆားနယ်ပြီးတော့ ငါးပိ၊ ငါးခြောက်၊ အသားခြောက်စသည်တို့ ပြုလုပ်ရမှာ အသုံးဝင်တယ်။ လည်ချောင်းနာ၊ သွားနာရင် ဆားရည်နဲ့ ပလုတ်ကျင်းပေးရင် သက်သာနိုင်တယ်။ ဆားနဲ့ သွားတိုက်၊ ပါးစပ်ဆေးတာတွေကိုလည်း ပြုလုပ်နိုင်တယ်။အပင်တွေလည်း ဆားဓာတ်လိုအပ်တယ်။ တောတွင်းတိရစ္ဆာန်တွေကလည်း ဆားပေါက်တဲ့မြေကို ရှာဖွေပြီးတော့ လျှာနဲ့လျက်ပြီး စားတတ်ကြတယ်။
ဆားကို မြန်မာနိုင်ငံ ဘယ်အရပ်တွေမှာ ရနိုင်လဲ။
အရင်တုန်းကတော့ ပဲခူးနယ်မှာ ဆားတွေ အမြောက်အမြားထွက်ခဲ့တာပေါ့။ အခုတော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ဆားလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေကြတယ်။ ကမ်းရိုးတန်းဒေသတွေဆိုတော့ ပင်လယ်ရေအလွယ်တကူရတော့ ဆားလုပ်ရတာ ပိုလွယ်ကူတာပေါ့။
ဆားလုပ်ရင် ပင်လယ်ရေကို ကျိုချက်ပြီးတော့ ချက်ဆားအဖြစ်၊ ရေခန်းအောင်နေလှန်းပြီးတော့ နေလှန်းဆားအဖြစ် ပြုလုပ်ကြတယ်။
အရပ်ဒေသအချို့မှာ ဆားပေါက်တဲ့မြေကို ရေဖျော်၍သော်လည်းကောင်း၊ အချို့နိုင်ငံတွေမှာတော့ ဆားတောင်၊ ဆားတွင်းများမှတူးဖော်၍သော်လည်းကောင်း ထုတ်လုပ်ကြတယ်။
အိုင်အိုဒင်းဓာတ်ချို့တဲ့သူတွေမှာ လည်ပင်းကြီးရောဂါဖြစ်တတ်လို့ အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ဆားကိုလည်း သီးသန့်ထုတ်လုပ်ကြတယ်။
ဆားလုံးဝမရှိရင်တော့ အရေးပေါ်အခြေအနေအနေနဲ့ ဝါးစတဲ့အပင်မျိုးကို မီးရှို့ပြီးတော့ ရလာတဲ့ပြာကို ဆားအစားထိုးသုံးနိုင်တယ်။ သစ်ပင်ကရတဲ့ ပြာတွေမှာ အငန်ဓာတ်အနည်းငယ်ပါလို့ဖြစ်တယ်။

Comments
Post a Comment