Improve Yourself (Part 4)
ဆောင်းပါး နံပါတ် ၂
နှစ်စဉ်နှစ်တိုင်း နောက်နှစ်အတွက် ပန်းတိုင် သတ်မှတ်ထားပါ
( New Year Goals )
နှစ်စဉ်နှစ်တိုင်း နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ရောက်ပြီဆိုရင် တစ်နှစ်တာအတွင်းမှာ မင်းဘာတွေရခဲ့ပြီးပြီလဲ ဆိုတာ ပြန်ကြည့်ရမယ်။ နောက်နှစ်အတွက် ဘာတွေလုပ်ရမလဲဆိုတဲ့ အစီအစဉ်သစ်တွေကိုလည်း ချမှတ်ရပါမယ်။ အဲ့ဒီ အစီအစဉ်သစ်ဟာ မင်းဘဝကြီးတစ်ခုလုံးရဲ့ ပန်းတိုင်တော့ မဟုတ်ပေမယ့် ဘဝပန်းတိုင်ကိုရောက်အောင် သွားနေတဲ့ ခြေလှမ်းတစ်လှမ်းချင်းစီဖြစ်တယ်။ အဲ့ဒီနှစ်အတွက် ကာလမကုန်မီ အရောက်သွားရမယ့် တစ်နှစ်စာ ပန်းတိုင်လည်းဖြစ်တယ်။ ဒီလို နှစ်စဉ်ချမှတ် အကောင်အထည်ဖော်သွားတဲ့ မင်းရဲ့ တစ်နှစ်စာ ရည်မှန်းချက်၊ ပန်းတိုင်၊ သန္နိဋ္ဌာန်တွေဟာ မင်းကို ပိုကောင်းပြီး ပိုအဓိပ္ပါယ်ရှိတဲ့ ဘဝဆီကို ရောက်အောင်ပံ့ပိုးနိုင်မှာပါ။
ဒီဆောင်းပါးမှာ မင်းရဲ့ တစ်နှစ်တာ ပန်းတိုင်တွေကို မှန်မှန်ကန်ကန် ချမှတ်တတ်စေဖို့ရာ လိုအပ်မယ့် အကြံပြုချက် ၈ ခုကို ဖော်ပြပေးသွားပါမယ်။
၁။ ပန်းတိုင်တွေရဲ့ အရေးပါမှုကို သိပါစေ
ပန်းတိုင်တွေဟာ တစ်နှစ်တာအတွင်း မင်း ဘာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ရမလဲဆိုတာ လမ်းညွှန်ပေးနိုင်ပါတယ်။ ပန်းတိုင်တွေကို သေချာရွေးချယ်ပြီး ချမှတ်ရပါမယ်။ ဥပမာအားဖြင့် ငါဒီနှစ်အတွင်း ငါ့လုပ်ငန်းအတွက်လိုအပ်တဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို အပြတ်ဝယ်နိုင်အောင်အထိ ငွေမစုနိုင်လောက်သေးဘူးဆိုရင် ရာခိုင်နှုန်းဘယ်လောက်အထိ စုထားမယ်ဆိုတာကို တိတိကျကျ သတ်မှတ်ရပါမယ်။ အလုပ်လုပ်ငွေစုနေရင်း တစ်လကြာရင် နှစ်လကြာရင် စသည်ဖြင့် အချိန်ကာလ တစ်ခုကြာတိုင်း တစ်နှစ်စာပန်းတိုင်ကို ရောက်နိုင်ရဲ့လားဆိုတာကို မပြတ်တမ်း ပြန်လည်စစ်ဆေးသုံးသပ်နေရပါမယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ပေးရပါမယ်။
၂။ မှန်ကန်တဲ့ ပန်းတိုင်များကို ချမှတ်ပါ
တနှစ်တာ ပန်းတိုင်တွေ သန္နိဋ္ဌာန်တွေဟာ အများအားဖြင့် ချမှတ်ပြီးပြီးချင်းဖြစ်စေ မကြာခင်မှာဖြစ်စေ ပျက်ပြယ်သွားတတ်ကြတယ်။ ရွေးချယ်ချမှတ်တဲ့အချိန်မှာ တစ်နှစ်အတွင်း အပြတ် အကောင်အထည်ဖော်ဖို့ရာ တကယ် လုပ်နိုင်ရဲ့လား သေချာစဉ်းစားပြီးမှ မှန်ကန်တဲ့ ပန်းတိုင်တွေကို ချမှတ် အကောင်အထည်ဖော်သင့်ပါတယ်။
၃။ ပန်းတိုင်ချမှတ်ခြင်း နည်းပညာများကို ရွေးချယ်ပါ
လူအတော်များများနဲ့ စီးပွါးရေးလုပ်ငန်းအတော်များများဟာ
ရည်မှန်းချက်ပန်းတိုင်ချမှတ်ရာမှာ SMART ( specific တိကျရမယ်, measurable အတိုင်းအတာရှိရမယ်, attainable ကြိုးပမ်းအားထုတ်နိုင်ရမယ်, realistic လက်တွေ့ကျရမယ် and time-bound အချိန်ကန့်သတ်ချက်ရှိရမယ် ) ဆိုတဲ့ လမ်းစဉ်ကို အသုံးပြုကြပါတယ်။ တခြားသူတွေကတော့ အခြားနည်းလမ်းတွေကို သုံးရတာ ပိုသဘောကျကြတယ်။ ဘာလို့လဲဆိုရင် အရမ်းကြီး တင်းကျပ်လွန်းတဲ့ နည်းစနစ်တွေကလည်း လက်တွေ့ထိရောက်မှု နည်းတတ်တယ်လို့ ယုံကြည်ကြတဲ့အတွက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ပန်းတိုင်တွေကို ချမှတ်တဲ့နေရာမှာ မင်းအတွက် အကောင်းဆုံးနည်းစနစ် မင်းနဲ့ အသင့်တော်ဆုံးနည်းစနစ်ကို မင်းကိုယ်တိုင် သေချာရွေးချယ်ရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ အမူအကျင့်တွေမှ မတူကြတာလေ။
၄။ ထောက်ခံမှု ရအောင်လုပ်ပါ
မင်းရဲ့ ပတ်ဝန်းကျင် ဥပမာ - မင်းမိသားစု၊ မင်းသူငယ်ချင်းတွေ၊ မင်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေဆီကနေ ထောက်ခံမှုတွေ ရနိုင်မယ်ဆိုရင် မင်း ပန်းတိုင်တွေကို ရောက်အောင်သွားတဲ့နေရာမှာ အထောက်အကူဖြစ်မှာပါ။ ဒါ့ကြောင့် နှစ်သစ်အတွက် စီမံကိန်းတစ်ခု ပန်းတိုင်တစ်ခု ချမှတ်ပြီးရင် လျှို့ဝှက်မထားပဲ ငါ ဒီတစ်နှစ်အတွင်းမှာ ဒါတွေ ဒါတွေကို အပြီးလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားရမယ်။ ထောက်ခံမှုရအောင် လုပ်ထားရမယ်။
၅။ အရည်အချင်းပြည့်ဝရမယ် အရေအတွက်လည်းပြည့်မှီရမယ်
မင်းလုပ်ငန်းရဲ့ ရည်မှန်းချက်တွေမှာ အရည်အချင်း ပြည့်ဝမှုရှိရမှာ ဖြစ်သလို အရေအတွက်မှာလည်း ပြည့်မှီအောင် အကောင်အထည် ဖော်နိုင်ရမယ်။ ဒါ့ကြောင့် တစ်နှစ်တာ ပန်းတိုင်တွေ ချမှတ်တဲ့နေရာမှာ အရည်အချင်း ပြည့်ဝဖို့အတွက် ထည့်စဉ်းစားရသလို အရေအတွက်ကိုလည်း ဘယ်လောက်ဘယ်လောက်ဆိုတာ တိတိကျကျ ချမှတ်ထားရမယ်။
၆။ လိုအပ်တဲ့ အရင်းအနှီးတွေရှိနေပါစေ
မိမိချမှတ်လိုက်တဲ့ ပန်းတိုင်တွေအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းဖော်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်း၊ စက်ပစ္စည်း၊ ငွေကြေးစတဲ့ အရင်းအနှီးတွေ လိုသလောက် ပြည့်စုံပြီး ဖြစ်နေရပါမယ်။
၇။ လုပ်ငန်းစဉ် အစီအစဉ်ရှိပါစေ
ဒီအပိုင်းက အရေးပါပါတယ်။ မှန်ကန်တဲ့ ပန်းတိုင်တွေကို ချမှတ်ပြီးပြီဆိုရင် လုပ်ငန်းဆောင်ရွက်ဖို့ အစီအစဉ်တွေ ချမှတ်ရပါမယ်။
ပထမဆုံး တစ်နှစ်တာအတွက် ပန်းတိုင်တွေကို ချမှတ်ပါ။ အဲ့ဒီ ပန်းတိုင်အသီးသီးအတွက် လစဉ် ပန်းတိုင်တွေ ထပ်ခွဲချပေးပါ။ ပြီးရင် အပတ်စဉ်နဲ့ နေ့စဉ် ဘယ်လိုစီမံ ဆောင်ရွက်သွားမယ်ဆိုတာ အသေးစိတ် အစီအစဉ်ရှိနေရပါမယ်။ လုပ်ငန်းစဉ်တိုင်းမှာ အချိန်ကာလ သတ်မှတ်ချက်ပါတာ သေချာပါစေ။
လုပ်ငန်းစဉ်အစီအစဉ်တွေ ခွဲထုတ်ချမှတ်ရာမှာ မင်းသဘောကျတဲ့ အခြားပုံစံတွေလည်း ရှိနိုင်မှာပါ။ ဒါကတော့ အကောင်းဆုံး အစီအစဉ်ကို တင်ပြပေးထားတာပါ။
၈။ စိတ်ပါဝင်စားစွာ တက်ကြွစွာ အကောင်အထည်ဖော်ပါ
ဒီအချက်ကတော့ ပန်းတိုင်တွေကို ဆုံးခန်းတိုင်အောင် အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကကျပါတယ်။ မှန်ကန်တဲ့ ပန်းတိုင်တွေကို ရွေးချယ်ချမှတ်တတ်ဖို့ အရေးကြီးတဲ့အပြင် ချမှတ်လိုက်တဲ့ ပန်းတိုင်တွေကို မပျက်မကွက် အလေးထားပြီး တစိုက်မတ်မတ် စိတ်ပါဝင်စားတက်ကြွစွာ အကောင်အထည်ဖော်နိုင်ဖို့လိုပါတယ်။
နိဂုံးအနေနဲ့ ပြောရမယ်ဆိုရင် မင်းရဲ့ နှစ်စဉ်ချမှတ် အကောင်အထည်ဖော်သွားတဲ့ ပန်းတိုင်အသီးသီးဟာ ပန်းတိုင်အချင်းချင်း အပြန်အလှန် အထောက်အပံ့ အားဖြစ်စေသလို ဘဝပန်းတိုင်ကို သက်သက်သာသာ လျှောက်လှမ်းသွားနိုင်စေမယ့် အောင်မြင်မှု သော့ချက်လေးတွေလည်း ဖြစ်ပါတယ်။
နှစ်တစ်နှစ်ကုန်သွားလိုက် နှစ်သစ်တစ်ခု ကျရောက်လာလိုက် အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ မင်းဟာ နှစ်သစ်အတွက် ပန်းတိုင်တွေ အကြိမ်ကြိမ်ချမှတ် အောင်မြင်လာတာနဲ့အမျှ မင်းကိုယ်မင်း ယုံကြည်မှုလည်း ပိုရလာမယ်။ အတွေ့အကြုံတွေ များလာတာနဲ့အမျှ ပိုကောင်းတဲ့ ရလဒ်တွေ ရလာအောင် လုပ်ဆောင်တတ်လာမယ်။ ဒီလိုနည်းနဲ့ မင်းကိုယ်မင်း တစ်နှစ်ထက်တစ်နှစ် ပိုကောင်း ပိုတိုးတက်လာအောင် နေထိုင်တတ်သွားတဲ့ အလေ့အကျင့်ကောင်း ရသွားပြီပေါ့။
Comments
Post a Comment