Improve Yourself (Part-5)
ဆောင်းပါး နံပါတ် ၃
မင်းအောင်မြင်မှုအတွက် နေ့စဉ်မှတ်တမ်းထားသင့်တဲ့ အချက် ၈ ချက်
မင်းအိပ်မက်ကို အကောင်အထည်ဖော်တော့မယ်ဆိုရင် နေ့စဉ်မှတ်တမ်းတစ်ခုထားပြီး လုပ်ကိုင်သွားတာဟာ အကျိုးသက်ရောက်မှု အရှိဆုံး အထောက်အပံ့ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ နေ့စဉ်မှတ်တမ်းတစ်ခု ထားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး ၈ ခုကို ဖော်ပြပေးသွားပါ့မယ်။
၁။ ပန်းတိုင်ကို ရောက်နိုင်မယ့် အထောက်အပံ့ကောင်း
နေ့စဉ်မှတ်တမ်းတစ်ခု ထားပြီး အလုပ်လုပ်သွားမယ်ဆိုရင် မင်းရဲ့ လုပ်ငန်းတိုးတက်မှုကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးနေနိုင်ပါတယ်။ လမ်းကြောင်းကနေ သွေဖီနေပြီဆိုရင်လည်း လမ်းကြောင်းပေါ်ပြန်ရောက်အောင် အချိန်မီ တည့်မတ်နိုင်စေပါတယ်။ နေ့စဉ်မှတ်တမ်း ရေးထားတဲ့အတွက် မင်းဘာကိုလိုချင်သလဲ မင်းဘာဖြစ်ချင်တာလဲဆိုတာ အမြဲ အာရုံစိုက်နေနိုင်တဲ့အတွက် ရေရှည်အကျိုးသက်ရောက်မှုတွေရအောင် ထိန်းထားနိုင်ပါတယ်။
နေ့စဉ်မှတ်တမ်းထဲမှာ ချရေးထားခြင်းဟာ မင်းရဲ့ ပန်းတိုင်ကို အမြဲသတိတရဖြစ်နေစေမယ်။ နေ့စဉ်မှတ်တမ်းဆိုတာ မင်းနဲ့ မင်းကိုယ်တိုင်နဲ့ လေးလေးနက်နက် စကားပြောကြည့်နိုင်မယ့် နေရာတစ်ခုပဲဖြစ်တယ်။
၂။ ဘဝရဲ့ ရှုထောင့်အမျိုးမျိုးကို စောင့်ကြည့်နိုင်ခြင်း
နေ့စဉ်မှတ်တမ်းတစ်ခုဟာ မင်အတွက် အကျိုးကျေးဇူးတွေအများကြီး ရစေနိုင်ပါတယ်။ မင်းဘဝရဲ့ ရှုထောင့်အသီးသီးကို စောင့်ကြည်ပြီး တိုးတက်မှုကို စစ်ဆေးနိုင်ပါတယ်။ မင်းချမှတ်ထားတဲ့ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်ဖြစ်စေ အသက်မွေးမှုလုပ်ငန်းရဲ့ ရည်ရွယ်ချက်ဖြစ်စေ ရည်ရွယ်ချက်အသီးသီးကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပါတယ်။ နေ့စဉ် ဘဝဖြစ်ရပ်များ၊ ချင့်ချိန်တွေးဆထားတဲ့ အတွေးအခေါ်များ၊ ကျေးဇူးတင်စရာ အမှတ်တရများကိုလည်း မှတ်သားထားချင်တဲ့ အခါ မှတ်သားထားလို့ ရပါသေးတယ်။
၃။ ဘဝ ရည်မှန်းချက်ကို ခိုင်မာစေခြင်း
အိပ်မက်တစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် မင်း အဲ့ဒီ အိပ်မက်ကို ဘာကြောင့် ဖြစ်ချင်ရတာလဲဆိုတာ တိတိကျကျ သိထားခြင်းက အများကြီး အထောက်အကူဖြစ်စေပါတယ်။ မင်း ဘာကို လိုချင်သလဲဆိုတာ သိနေရမှာဖြစ်သလို ဘာကြောင့် ဒါကို လိုချင်တာလဲဆိုတာကိုလည်း သိနေမှ ဖြစ်မယ်။
မင်းကိုယ်တိုင် ချမှတ်ထားတဲ့ မင်းဘဝပန်းတိုင်ကို အမြဲ ပြန်သုံးသပ်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ မင်းရဲ့ ကြိုးစားမှုနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကြိုးမဲ့ မဖြစ်စေပဲ မင်း အမှန်တကယ် ရောက်ချင်တဲ့ ပန်းတိုင်အတွက် အကြိုးရှိစွာ အသုံးချနိုင်မှာပေါ့။ အဲ့လို မင်းဘဝရဲ့ပန်းတိုင်နဲ့ ပတ်သတ်ပြီးတော့ ဘာအတွက်ဖြစ်ချင်ရတာလဲ အမှန်တကယ် ဖြစ်ချင်တာ ဟုတ်ရဲ့လား အမှန်တကယ် လိုအပ်တာ ဟုတ်ရဲ့လား ဆိုတာကို အမြဲမပြတ်သုံးသပ်နိုင်ဖို့ နေ့စဉ်မှတ်တမ်းက မဖြစ်မနေလိုအပ်ပါတယ်။ အဲ့ဒီ မှတ်တမ်းက မင်းအိပ်မက်ကို ပိုမိုခိုင်မာအောင် အထောက်အကူ ပေးနိုင်ပါတယ်။
၄။ ရည်ရွယ်ချက်ရှိတဲ့ ဘဝနေထိုင်မှု
မင်းအတွက် သင့်တော်မှန်ကန်တဲ့ ဘဝပန်းတိုင်နဲ့ ပတ်သတ်ပြီး နေ့စဉ်မှတ်တမ်းရေးသား ဆောင်ရွက်နေတဲ့အခါမှာ မင်းကိုယ်မင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ နေထိုင်လုပ်ကိုင်နေတယ်ဆိုတာ သေချာစေပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ ဘဝနေထိုင်မှုမှာ မင်းအမှန်တကယ် ဘာကိုလိုချင်တာလဲဆိုတာ သိနေဖို့ တွေးတတ်နေဖို့ လိုအပ်ပါတယ်။ မှတ်တမ်းရေးနေတဲ့အခါ မင်းလိုချင်တာ မင်းဖြစ်ချင်တာကို သေချာတိတိကျကျ သိနေပြီး ဒါကို ဖြစ်လာအောင် တစိုက်မတ်မတ် ကြိုးစားနေထိုင်ဖြစ်တဲ့အတွက် ရည်ရွယ်ချက်ရှိတဲ့ ဘဝနေထိုင်မှုကို ရနိုင်မှာ မလွဲပါ။
၅။ စိတ်ခံစားမှုကို ထိန်းကျောင်းနိုင်စွမ်း ( Emotional Quotient EQ )
မင်းကိုယ်မင်း စာရွက်ပေါ်မှာ ချရေးဖော်ပြနေတဲ့အခါ မင်းရဲ့ အတွေးအခေါ်တွေ၊ စိတ်သဘောထားတွေ၊ စိတ်ခံစားချက်တွေကို သတိပြုမိနိုင်ပါတယ်။ အဲလို သတိပြုမိတဲ့အတွက် စိတ်ခံစားချက်တွေကို နားလည်လက်ခံနိုင်ပြီးတော့ ကြိုတင်တွက်ဆ လုပ်ကိုင်တတ်လာပါလိမ့်မယ်။ ဒီလို စိတ်ခံစားမှုကို ထိန်းကျောင်းကိုင်တွယ် အသုံးပြုနိုင်လာတဲ့အခါ အရေးပါတဲ့ ဆက်ဆံရေးတွေကို မင်းရဲ့ လူမှုဘဝအတွက်ပဲဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေအတွက်ပဲဖြစ်ဖြစ် ထိန်းချုပ် အသုံးပြုတတ်လာပါလိမ့်မယ်။
၆။ တာဝန်ရှိလာခြင်း
နေ့စဉ်မှတ်တမ်း ရေးမှတ်တတ်တဲ့ အလေ့အကျင့်ကြောင့် မင်းအိမ်မက်အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုရှိနေစေရမယ့် တာဝန်တရပ် လက်ခံရရှိလိုက်သလို ဖြစ်စေပါတယ်။ နေ့စဉ်မှတ်တမ်းကို ဒိုင်ယာရီဆန်ဆန် သဘောမထားမိတော့ပဲ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာတစ်ခုလို ဖြစ်လာတဲ့အတွက် တိုးတက်မှုရှိနေအောင် လုပ်ဆောင်ရမယ့် တာဝန်ရှိလာတာပဲဖြစ်ပါတယ်။
၇။ အခြေအနေများကို စိစစ်နိုင်စွမ်းရှိခြင်း
နေ့စဉ်မှတ်တမ်းရေးပြီး အခြေအနေတွေကို အမြဲလေ့လာသုံးသပ်နေတဲ့အတွက်ကြောင့် စဉ်းစားချင့်ချိန်ပြီး ပိုကောင်းမွန်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်တတ်စေပါတယ်။ ပိုပြီး ကောင်းမွန်တဲ့ ပိုပြီးသေချာတဲ့ ပိုပြီးသင့်တော်တဲ့ လမ်းကြောင်းတွေကို ရှာတွေ့လာစေနိုင်ပါတယ်။ အဲဒီလိုကြိုတင်ချင့်ချိန်သုံးသပ် အကောင်းဆုံးရွေးချယ်လုပ်ကိုင်သွားနိုင်တဲ့အတွက် နောင်အနာဂတ်မှာ တွေ့ကြုံရမယ့် အလွဲအမှားတွေ နောင်တတွေကို ရှောင်ရှားနိုင်ပြီပေါ့။
၈။ စိတ်တည်ငြိမ်သတိရှိခြင်း
နေ့စဉ်မှတ်တမ်းရေးခြင်းကြောင့် အလုပ်တစ်ခုမလုပ်ခင်မှာ မင်းရဲ့ အတွေးအခေါ်တွေ၊ သုံးသပ်ချက်တွေ၊ စိတ်ခံစားမှုတွေကို လေးလေးနက်နက် စဉ်းစားနိုင်စေတဲ့အချက်က စိတ်ရဲ့ ကျန်းမာရေး စိတ်ဓာတ်ခွန်အားကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ နေ့စဉ်မှတ်တမ်းရေးနေတာဟာ မင်းစိတ်ကို ပြန်လည် သုံးသပ်နေတာဖြစ်လို့ တရားထိုင်နေသလိုပဲပေါ့။ အမှားရှိရင် ပြင်ဆင်နိုင်တယ် မှန်နေပြီဆိုရင် ပိုတိုးတက်အောင် လုပ်နိုင်တယ် မင်းအတွေးအခေါ် မင်းစိတ်ကို လိုသလို ပြုပြင်ထိန်းချုပ်ပေးနိုင်တဲ့ စိတ်တည်ငြိမ်သတိရှိမှုကို ရရှိစေမှာဖြစ်ပါတယ်။
နေ့စဉ်မှတ်တမ်းရေးနေတာကို တရားထိုင်နေတယ်လို့ မှတ်ယူမယ်ဆိုရင်လည်း ရပါတယ်။ အရေးကြီးတာကတော့ ရေးနေတဲ့အချိန်မှာ မင်းဟာ မင်းရဲ့ စိတ်နဲ့ အဆက်အသွယ်လုပ်နေတဲ့ အချိန်ဖြစ်နေတာပဲပေါ့။ နေ့စဉ်ဘဝမှာ ဒီလိုအချိန်လေးတစ်ချိန် ရှိကိုရှိသင့်တယ်လေ။
နေ့စဉ်မှတ်တမ်း ရေးမှတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘောပင်တစ်ချောင်း စာအုပ်တစ်အုပ်ကိုပဲ ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်သလို online application တစ်ခုခုကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ဇယားတွေချပြီး ရေးချင်ရင်လည်း ရသေးတာပဲ။ မင်းအတွက် အသင့်တော်ဆုံး အဆင်ပြေဆုံး နည်းလမ်းကို ရွေးချယ်အသုံးပြုပြီး နေ့စဉ်မှတ်တမ်းလေးတစ်ခုနဲ့ ခုပဲအစပြုလိုက်ကြရအောင်နော်။
Credit

Comments
Post a Comment