Improve Yourself (Part-6)



 


ဆောင်းပါး နံပါတ် ၄

ပန်းတိုင်ကို အရောက်သွားမယ့် ခြေလှမ်းငယ်လေးတွေကို ကားချပ်ပေါ်မှာ ချရေးထားသင့်တယ့် အချက် ၁၀ချက်

Vision board ( dream board ) လို့ခေါ်တဲ့ ကားချပ်ပေါ်မှာ မိမိလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်လေးတွေကို မှတ်သားထားခြင်းဟာလည်း ဘဝရည်မှန်းချက်ကို မမေ့မလျော့ရှိနေအောင် အထောက်အကူပြုနိုင်ပါတယ်။ မင်းရဲ့ ပြင်းပြတဲ့ ရည်မှန်းချက်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အောင်မြင်မှု ရစေနိုင်ဖို့အတွက် ဒီကားချပ်ကို အသုံးပြုနိုင်ပါတယ်။ မင်းဘဝရဲ့ ရည်မှန်းချက်ကို သေချာရွေးချယ်ချမှတ်ပြီးပြီဆိုရင် မင်းအတွက် သေချာပေါက် အထောက်အကူ ဖြစ်စေမယ့် Vision board တစ်ခု ဖန်တီးထားဖို့ အမှန်လိုအပ်ပါတယ်။

Vision board က မင်းရဲ့ အောင်မြင်မှုအတွက် ဘယ်လို အထောက်အပံ့ကောင်း ဖြစ်စေနိုင်မလဲဆိုတာ အချက် ၁၀ ချက်နဲ့ ဖော်ပြပေးသွားပါမယ်။

၁။ ကြိုးစားချင်စိတ်ကို ဖြစ်စေခြင်း

Vision board ကို မြင်သာတဲ့နေရာမှာ ထားပြီး အလုပ်လုပ်နေတဲ့ အခါ Vision board ကိုကြည့်ပြီး အလုပ်ကို ပုံမှန် မပြတ်ကြိုးစားနေချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ မင်းကိုယ်ပိုင်ဘဝကို မင်းကိုယ်တိုင်ဖန်တီးနေတယ်ဆိုတာ သိနေရတဲ့အတွက် ကြိုးစားချင်စိတ်ကို ဖြစ်စေနိုင်တာပါ။

၂။ ပြန်လည်သုံးသပ်နိုင်ခြင်း

Vision board ကို ရေးသား အသုံးပြုနေတဲ့အခါ မိမိရဲ့ နေ့စဉ်လုပ်ငန်းတိုးတက်မှု အခြေအနေတွေကိုလည်း ပြန်လည်သုံးသပ် သုသေသနပြုလို့ ရပါတယ်။ အဲ့လို သုတေသနပြုနိုင်ခြင်းဟာ အောင်မြင်မှုအတွက် အကျိုးရှိတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေကို ရစေမှာပါ။

၃။ Vision board ကို ဖန်တီးရတာ စိတ်ဝင်စားစရာကောင်းခြင်း

မင်းအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးပြီး တစ်ဆင့်ချင်း လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေကို ပုံဖော်၊ ရလာတဲ့ အချက်အလက်တွေနဲ့ Vision board ကို ဖန်တီးရတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ Vision board ကို ဖန်တီးနေရင်း ဘာတွေ ဘယ်လိုလုပ်မယ်လို့ တက်ကြွစွာ စဉ်းစားတွေးခေါ်နေတဲ့အတွက် မင်းရဲ့ လုပ်ငန်းကိုလည်း ပိုမို တက်ကြွစွာ စိတ်ပါဝင်စားစွာ လုပ်ကိုင်နိုင်လာပါလိမ့်မယ်။

၄။ ဘဝရည်မှန်းချက်ကို သေချာသိနေစေခြင်း

Vision board ပေါ်မှာ မင်းရဲ့ ဘဝရည်မှန်းချက်ကို တိတိကျကျ ရေးမှတ်ထားပြီး မင်းရည်မှန်းချက်ကို အမြဲ သေသေချာချာ သိနေ မှတ်မိနေအောင် လုပ်ထားရမှာပါ။ အဲဒါမှ မင်းနေ့စဉ်ဘဝထဲမှာ ဘာကိုပဲ လုပ်နေပါစေ ဘဝရည်မှန်းချက်နဲ့ သွေဖီမသွားအောင် ပြန်လည်ထိန်းချုပ်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

၅။ နှစ်သစ်သန္နိဋ္ဌာန်ချမှတ်ခြင်း

မင်းဟာ နှစ်စဉ်နှစ်တိုင်းမှာ နှစ်သစ်သန္နိဋ္ဌာန်တစ်ခုကို ချမှတ်ထားရမယ်။ မင်း ဘဝတစ်ခုလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ရေရှည်စီမံကိန်းဖြစ်ပြီးတော့ အဲ့ဒီစီမံကိန်းကို မျက်ခြေမပြတ်စေပဲ ကြိုးစားအကောင်အထည်ဖော်ဖို့ဆိုတာ နှစ်စဉ် နှစ်သစ်သန္နိဋ္ဌာန်တစ်ခု ချမှတ် အကောင်အထည်ဖော်နိုင်မှ ဖြစ်မယ်။ အဲ့ဒီနှစ်သစ်သန္နိဋ္ဌာန်လေးတွေက ဘဝပန်းတိုင်ကို ရောက်အောင်သွားမယ့် ခြေလှမ်းတစ်လှမ်းချင်းစီပေါ့။ နှစ်သစ်မှာ ဒီနှစ်အတွက် သန္နိဋ္ဌာန်တစ်ခုကို ချမှတ်လိုက်ပြီဆိုတာနဲ့ အဲ့ဒီသန္နိဋ္ဌာန်အတွက် Vision board တစ်ခု ဖန်တီးရမှာပါ။ နှစ်စဉ်နှစ်တိုင်းမတူညီတဲ့ Vision board တစ်ခုစီနဲ့ နှစ်သစ်ကို အစပြုရမှာပေါ့။

၆။ နေ့စဉ် သတိပေးနှိုးဆော်မှု

Vision board ဟာ မင်းဘဝမှာ ဘာကို လိုချင်တာလဲဆိုတာ မင်းကို အမြဲသတိပေးနေနိုင်တဲ့ အကောင်းဆုံး တွန်းအားပေးနိုင်မယ့် ကိရိယာတစ်ခုဖြစ်တယ်။ မင်းရေးဆွဲထားတဲ့ Vision board ကို နေ့စဉ် မြင်သာတဲ့နေရာတစ်ခုမှာ ချိတ်ဆွဲထားပါ။ ( ဥပမာ ရေခဲသေတ္တာမှာ ကပ်ထားတာမျိုး ) မနက်တိုင်းမှာ Vision board ကို ကြည့်ပြီး မင်းရဲ့နေ့ရက်တွေကို တက်တက်ကြွကြွ စတင်နိုင်ပြီပေါ့။

၇။ စိတ်ကူးကောင်းများရစေနိုင်ခြင်း

မင်းရဲ့ အိပ်မက်ကို Vision board အသွင်နဲ့ စိတ်ကူးတွေးခေါ်ကြည့်တဲ့အခါ သာမန်အမြင်တွေနဲ့ မတူတဲ့ စိတ်ကူးကောင်းများကိုလည်း ထပ်မံရလာစေနိုင်ပါသေးတယ်။ အဲ့ဒီ စိတ်ကူးကောင်းတွေဟာ မင်းအိပ်မက်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်းကို ပိုမို လွယ်ကူလာအောင် အထောက်အပံ့ပေးနိုင်မှာပါ။

၈။ စိတ်ခံစားမှုရဲ့ စွမ်းအားကို အသုံးပြုနိုင်ခြင်း

Vision board ကို ရေးဆွဲတဲ့အခါ မင်းဖြစ်ချင်တဲ့ အချက်အလက်တွေကို ရေးချပြီး နေရာလွတ်တွေမှာ မင်းရဲ့ မိသားစုဓာတ်ပုံ၊ မင်းပိုင်ဆိုင်ချင်တဲ့ အိမ်ပုံစံ၊ မင်းလေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဓာတ်ပုံ စသည်ဖြင့် တစ်ခုခုကို ကပ်ပေးထားနိုင်ပါတယ်။ Vision board ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ငါချစ်တဲ့ မိသားစုအတွက် ကြိုးစားရမယ်၊ ငါပိုင်ချင်တဲ့အိမ်လေးနဲ့ နီးစပ်လာပြီပဲ၊ ငါအားကျတဲ့ သူလိုဖြစ်အောင် အများကြီးကြိုးစားရဦးမယ် စသည်ဖြင့် ဖြစ်ပေါ်လာမယ့် မင်းရဲ့ စိတ်ခံစားမှုတွေကို အသုံးချနိုင်ပြီပေါ့။

၉။ အရောင်တွေကို အသုံးပြုနိုင်ခြင်း

Vision board ရေးဆွဲတဲ့အခါ မင်းအနှစ်သက်ဆုံး အရောင်တွေကို အသုံးပြုပါ။ အရောင်ပိုင်းကျွမ်းကျင်တဲ့ စိတ်ပညာရှင်များက သုံးသပ်ထားတဲ့ အချက်တစ်ခုက အရောင်အမျိုးမျိုးဟာ မင်းရဲ့စိတ်ကိုဖြစ်စေ ဆုံးဖြတ်ချက်ချတဲ့အခါမှာဖြစ်စေ မတူညီတဲ့ခွန်အားတွေ တွန်းအားတွေပေးနိုင်ပါတယ် လို့ ဆိုပါတယ်။ အကောင်းဆုံးရလဒ်တွေရစေဖို့ မင်းအတွက် အသင့်တော်ဆုံး အရောင်တွေကို သုံးပြီး Vision board ကို ရေးဆွဲလိုက်ပါ။

၁၀။ ဖန်တီးနိုင်မှု အရည်အသွေး

မင်းအိပ်မက် ရည်မှန်းချက်ပန်းတိုင်ကို Vision board ပေါ်မှာ ဘယ်လိုစိတ်ကူးပုံဖော်မလဲဆိုတာ စဉ်းစားတွေးခေါ်ပြီး ရွေးချယ်ဖန်တီးနိုင်ပါတယ်။ Vision boardကို ဖန်တီးတဲ့နေရာမှာတော့ ကဒ်ပြားလှလှလေးပေါ်မှာ ရောင်စုံတွေသုံးပြီး ကိုယ်တိုင်ပုံဖော်လို့လဲ ရသလို အင်တာနက်လိုင်းပေါ်ကနေ Digital Dream Board တွေ ရှာပြီးတော့လည်း ပုံဖော်နိုင်ပါတယ်။


နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ မင်းရေးဆွဲထားတဲ့ Vision board ကို နေ့စဉ်ကြည့်ပြီး လက်တွေ့လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်သွားမယ်ဆိုရင် မင်းလိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျင်မြန် ချောမွေ့စွာ လျှောက်လှမ်းနိုင်မှာ အသေအချာပေါ့။

Comments