Improve Yourself (Part-7)


 ဆောင်းပါး နံပါတ် ၅

အောင်မြင်မှုအတွက် တစ်နေ့စာ နံနက်ခင်း အစီအစဉ်ကို ဘယ်လိုအကျိုးရှိအောင် ချမှတ်မလဲ

နေ့စဉ်နေ့တိုင်း နံနက်ခင်းမှာ အစီအစဉ်တကျရှိနေဖို့ အရေးကြီးပါတယ်။ နံနက်ခင်းဆိုတာ နေ့တစ်နေ့ရဲ့ အစဖြစ်လို့ နံနက်ခင်းတိုင်းကို တစ်နေ့တာလုံး အကျိုးရှိနေစေအောင် ဘယ်လို စတင်သင့်သလဲ သေချာသိနေဖို့လိုပါတယ်။ နံနက်ခင်းတိုင်းမှာ အစီအစဉ်တကျ တက်ကြွစွာ လှုပ်ရှားတတ်တဲ့ အကျင်းကောင်းရှိနေမှသာ မင်းဘဝ ရေရှည် အောင်မြင်မှုတွေကို ရရှိနိုင်မှာပေါ့။

နံနက်ခင်း အစီအစဉ် ( Morning routine ) ဆိုတာ နေ့စဉ် နံနက်တိုင်းမှာ ပုံမှန် လုပ်သွားတဲ့ အလုပ်တွေကို ဆိုလိုပါတယ်။ နံနက်တိုင်းမှာ ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ အစပြုလိုက်ခြင်းကြောင့် အောင်မြင်တဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်မှာဖြစ်တယ်။ နံနက်ခင်းမှာ တက်တက်ကြွကြွ အစပြုလိုက်လို့ တစ်နေ့တာကို ပင်ပင်ပန်းပန်း ကြိုးစားစရာ မလိုတော့ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ပိုမို အကျိုးရှိတဲ့နေ့တစ်နေ့ကိုတော့ ရရှိစေမှာ အသေအချာပါပဲ။

နေ့စဉ် နံနက်ခင်း အစီအစဉ်ကို အကျိုးရှိအောင် ချမှတ်နိုင်တဲ့ နည်းလမ်း ၁၀ ခု ဖော်ပြပေးပါ့မယ်။

၁။ တိုးတက်မှုရှိတဲ့ နေ့တစ်နေ့ဖြစ်အောင် နံနက်ခင်းကို တက်ကြွစွာ အစပြုပါ။

နံနက် ဘယ်အချိန်မှာ အိပ်ရာကထမလဲ ဘာတွေလုပ်မလဲ ဘာတွေကို ဦးစားပေးလုပ်မလဲ ရွေးချယ်တာဟာ အဓိကအရေးကြီးပါတယ်။ နေ့တစ်နေ့ရဲ့ နံနက်ခင်းကို ဘယ်လို အစပြုသလဲဆိုတဲ့ အချက်က မင်းရဲ့ နေ့ရက် တစ်ရက်လုံးကို သက်ရောက်မှုရှိနေတဲ့ အတွက်ကြောင့်ပေါ့။ ဥပမာအားဖြင့် မင်းအိပ်ရေးဝဝ မအိပ်လိုက်ရရင် တစ်နေ့တာလုံးမှာ နုံးချိပြီး စိတ်မကြည်မလင် ဖြစ်နေစေတာမျိုးပေါ့။ ဒါ့ကြောင့် နံနက်ခင်းကို တက်တက်ကြွကြွ အစပြုနိုင်ဖို့ရာ ဒီအရာတွေကို သေချာရွေးချယ်ထားရပါမယ်။

၂။ အိပ်ရာခင်း သိမ်းဆည်းပြုပြင်ခြင်း

နံနက်ခင်း အိပ်ရာက နိုးတာနဲ့ မင်းရဲ့ အိပ်ရာခင်းတွေကို စနစ်တကျ သိမ်းဆည်းပြုပြင်လိုက်ခြင်းဟာ သင့်နံနက်ခင်းကို အကျိုးသက်ရောက်မှု အများကြီးဖြစ်စေပါတယ်။ ဒီလို စနစ်တကျ အိပ်ရာသိမ်းလိုက်ခြင်ူကြောင့် မင်းဟာ နေ့တစ်နေ့ကို စိတ်ကြည်လင်စွာ စတင်နိုင်ပြီး တစ်နေ့လုံးမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရစေမှာပါ။

၃။ တက်တက်ကြွကြွ နေပါ

နံနက်ခင်း အိပ်ရာကထတာနဲ့ တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကို စဉ်းစား အစီအစဉ်ဆွဲပြီး တက်ကြွစွာနေပါ။ ရှေ့ဆက် တွေ့ကြုံရမယ့် လုပ်ငန်းစဉ်တွေအတွက် စိတ်ပါဝင်စားစွာ စဉ်းစားတွေးခေါ် စီစဉ်ပါ။ လူတွေရဲ့ ဦးဏှောက်ဟာ တညလုံးအနားယူထားတဲ့အတွက် နံနက်ခင်းတိုင်းမှာ အကောင်းဆုံး အခြေအနေမှာရှိနေပါတယ်။ နှိုးစက်ကို ခဏပိတ်ပြီး ပြန်မှေးတာမျိုး မလုပ်ပါနဲ့။ ပြုံးပြုံးရွှင်ရွှင် နိုးထပြီး တက်တက်ကြွကြွ စတင်ပါ။

၄။ စိတ်ပျော်ရွှင်မှု ဟော်မုန်းကို မြှင့်တင်ပါ

နံနက်ခင်း ပုံမှန် ကိုက်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မင်းခန္ဓာကိုယ်တွင်းက စိတ်ပျော်ရွှင်မှု ဟော်မုန်းတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ မင်းရဲ့ ကိုယ်နဲ့ စိတ် ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်ပါတယ်။

၅။ စိတ်တည်ငြိမ်အေးချမ်းမှုရအောင် တရားထိုင်ပါ

နေ့စဉ် နံနက်ခင်းမှာ တစ်နေ့တာလုံး စိတ်တည်ငြိမ်အေးချမ်းမှု ရှိနေအောင် တရားထိုင်ပေးပါ။ အပြင်းအထန် လုပ်စရာမလိုပဲ စိတ်တည်ငြိမ်မှု သမာဓိရရုံလေးပဲ ခဏလောက် အချိန်ပေးပြီး ဝင်သက်ထွက်သက်မှတ်ရုံလောက်ဆို ရပါပြီ။ အဲ့လိုမှ မဟုတ်ရင် ရောဂကျင့်စဉ်ကို အားရရင်လည်း နံနက်ခင်း ပုံမှန်ရောဂကျင့်စဉ် ကျင့်လို့ရပါတယ်။ အဲ့လို ပုံမှန်လေ့ကျင့်လိုက်ရင် မင်းရဲ့ တစ်နေ့တာလုံးကို စိတ်တည်ငြိမ် ကြည်လင်လန်းဆန်းစွာနဲ့ အလုပ်ကြိုးစားလို့ရပါလိမ့်မယ်။ စဉ်းစားဉာဏ်ကိုလည်း ပိုမိုထက်မြက်စေပါတယ်။

၆။ ကိုယ်ပိုင်အရည်အချင်း တိုးမြှင့်မှုလုပ်ပါ

မင်းရဲ့ နံနက်ခင်းကို အသိပညာတိုးတက်မှုရအောင် အသုံးပြုနိုင်ပါတယ်။ အတတ်ပညာအသစ်တစ်ခု သင်ယူနိုင်တယ်၊ online သင်တန်းတစ်ခု တက်နိုင်တယ်၊ နေ့စဉ်မှတ်တမ်း ရေးနိုင်တယ်၊ စာဖတ်နိုင်တယ်၊ စာအုပ်တစ်အုပ် ရေးတာမျိုးလည်း လုပ်နိုင်သေးတယ်။ နံနက်ခင်း ပုံမှန်နိုူထနေကြအချိန်ထက် နည်းနည်း ပိုစောထလိုက်တာနဲ့ တိုးတက်မှုအတွက် လုပ်နိုင်တဲ့အလုပ်တွေ အများကြီးရှိပါတယ်။ နံနက်ခင်းအချိန်တွေမှာ မင်းရဲ့ ဦးဏှောက်အင်အား စဉ်းစားတွေးခေါ်နိုင်စွမ်းက အကောင်းဆုံး ဖြစ်နေတဲ့အပြင် ပတ်ဝန်းကျင်ကလည်း ငြိမ်သက်အေးချမ်းနေတဲ့အတွက် မင်းဘဝပန်းတိုင်အတွက် လိုအပ်တဲ့ သင်ယူမှုတွေ ပြုလုပ်ဖို့ အကောင်းဆုံးပါပဲ။

၇။ အာဟာရပြည့်ဝအောင် စားပါ

နံနက်စာကို ကျန်းမာရေးနဲ့ ညီညွတ်မျှတပြီး အင်အားပြည်ဝစေမယ့် အာဟာရပြည့် အစားအစာတွေကိုပဲ စားရပါမယ်။ နေ့တစ်နေ့ရဲ့ အစာစားချိန်တွေမှာ နံနက်စာက အရေးအကြီးဆုံးပါ။ နံနက်စာမစားပဲနေတာမျိုး လုံးဝ မလုပ်ရပါ။ အဲလို နံနကိစာကို မစားပဲနေခြင်းဟာ ကြာလာရင် ကျန်းမာရေးထိခိုက်မှုကို မလွဲမသွေခံစားရမှာ ဖြစ်ပါတယ်။ နံနက်တိုင်းမှာ ကျန်းမာရေးညီညွတ် အာဟာရပြည့် နံနက်စာနဲ့ အစပြုပြီး တစ်နေ့လုံ ရေများများသောက်ပေးခြင်းဟာ ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းပါပဲ။ ကျန်းမာနေမှ လုပ်ငန်းအောင်မြင်မှုရမှာပါ။

၈။ နံနက်ခင်း အစီအစဉ်ကို ချမှတ်ရေးသားထားပါ

နံနက်ခင်းတိုင်းမှာ ဘယ်လို အလေ့အကျင့်ကောင်းတွေ လုပ်မယ်ဆိုတာ အကောင်းဆုံး ရွေးချယ်ပြီးပြီဆိုရင် အစီအစဉ်တွေကို ရေးမှတ်ထားရပါမယ်။ အဲလိုရေးသားထားတဲ့အခါမှာ သာမန် ဘောလ်ပင်တစ်ချောင်းနဲ့ စာအုပ်ထဲမှာ ရေးမှတ်ထားရင်လည်း ရသလို application တစ်ခုခုကို သုံးမှတ်ရင်လည်း ရပါတယ်။ အရေးကြီးတာက မင်းရွေးချယ်ထားတဲ့ နံနက်ခင်း အစီအစဉ်တွေကို ပုံမှန်လုပ်ဖြစ်အောင် တွန်းအားရဖို့ပါပဲ။

၉။ ပြန်လည် လေ့လာ ပြုပြင်ခြင်းတွေ လုပ်ပေးပါ

လိုအပ်တဲ့ အချိန်မှာ မင်းချမှတ်ထားတဲ့ အစီအစဉ်တွေကို ပြန်လည်သုံးသပ်ပြီး ပိုသင့်တော် ပိုစိတ်ဝင်စားစရာ ကောင်းအောင် ပြုပြင်ပေးရပါမယ်။ အချိနကြာလာတဲ့အခါ ပုံမှန်လုပ်နေတဲ့ အရာတွေက စိတ်ဝင်စားမှု လျော့နည်းစေတာမျိုး အဆင့်မြှင့်ပေးဖို့ လိုအပ်တာမျိုး ရှိတတ်ပါတယ်။ အသစ်အသစ်တွေကို ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ စိတ်ဝင်စားမှု လျော့နည်းလာလို့ နံနက်ခင်း ပုံမှန်အစီအစဉ်တွေကို လက်လျှော့လိုက်တာမျိုး မလုပ်ပဲနဲ့ အစီအစဉ် အသစ်တွေကို ပြောင်းလုပ်ကြည့်ပြီး အကောင်းဆုံး ပြန်ရွေးပေးရပါမယ်။

၁၀။ နံနက်ခင်း ပုံမှန် အလေ့အကျင့်တွေက ပေးတဲ့ ခွန်အားကို မင်းအလုပ်မှာ အသုံးပြုပါ

မင်းအိမ်ကနေ ရုံးကို အလုပ်ဆင်းရတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ အိမ်ကနေ လိုင်းပေါ်က အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ ကျောင်းသားတစ်ယောက် ဖြစ်လို့ သင်ခန်းစာ လေ့လာသင်ယူနေတာပဲ ဖြစ်ဖြစ် နံနက်ခင်း ပုံမှန် အလေ့အကျင့်ကောင်းတွေကနေ ရလာတဲ့ တွန်းအားခွန်အားကို တစ်နေ့လုံး တိုးတက်မှုအတွက် တက်ကြွစွာ အသုံးပြုနိုင်ပါတယ်။


နိဂုံး

နံနက်ခင်း ပုံမှန် အလေ့အကျင်းကောင်းရှိခြင်းဟာ အမျိုးမျိုးသော အကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ မင်းရဲ့ နံနက်ခင်း အစီအစဉ်အတွက် သေချာစိစစ်ပြီး မင်းအတွက် အကောင်းဆုံး တစ်ခုကို ရွေးချယ်၊ အောင်မြင်မှုအတွက် တွန်းအားဖြစ်အောင် လေ့ကျင့်သွားရပါမယ်။ အဲလိုဆိုရင် မင်းအိပ်မက်အတွက် ပြည့်ဝတဲ့ အာမခံချက်ရပြီပေါ့။

Comments