ရှောင်ရန်တွေ ချမှတ်ထားလို့ ရရှိနိုင်မယ့် အကျိုးအမြတ် ၁၁ ခု [Improve Yourself (Part-8)]

 



ဆောင်းပါး နံပါတ် ၆

ရှောင်ရန်တွေ ချမှတ်ထားလို့ ရရှိနိုင်မယ့် အကျိုးအမြတ် ၁၁ ခု


မင်းဘဝမှာ ကန့်သတ်ချက်တွေ နယ်နိမိတ်စည်းတွေ သတ်မှတ်မထားမိလို့ တခါတရံ အရမ်းပင်ပန်းရတာ ဖိအားတွေ ခံစားရတာ အင်အားကုန်ခမ်းသလို ဖြစ်တာတွေ ကြုံတွေ့ရတတ်ပါတယ်။ မိမိရဲ့ အလုပ်လုပ်နိုင်စွမ်းအားတွေကို ဘဝတိုးတက်မှုအတွက် အပြည့်အဝ သုံးနိုင်ဖို့ရာဆိုရင် အလုပ်လုပ်တဲ့နေရာမှာ စည်းမျဉ်း ကန့်သတ်ချက်တွေ ချမှတ်ထားဖို့လိုပါမယ်။

ပထမဆုံးအနေနဲ့ မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ ငြင်းဆိုတာဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်လို့ သိထားရပါမယ်။ ကြင်နာတတ်တယ် ယဉ်ကျေးတယ် ဆိုပေမယ့် မနိုင်တာကိုတော့ ငြင်းတတ်ရပါမယ်။ လူတိုင်းလူတိုင်းမှာ တစ်နေ့ အချိန် ၂၄ နာရီထက် အပိုမရှိပါဘူး။ မင်းအနေနဲ့ အဲ့ဒီထဲက အချိန်တော်တော်များများကို စိတ်ပင်ပန်းမှုမရှိစေပဲ ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။

အဲ့လို မင်းရဲ့တစ်နေ့တာတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ စည်းမျဉ်းကန့်သတ်ချက် ချမှတ်ထားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး ၁၁ ခုကို မျှဝေလိုက်ပါတယ်။

၁။ မိမိကိုယ်ကို တန်ဖိုးထားနိုင်ခြင်း


လောလောဆယ် တာဝန်ယူထားတာတွေအပြင် နောက်ထပ် ထပ်ပြီး တာဝန်မယူနိုင်တော့ဘူးဆိုတာ မင်းကိုယ်မင်း သိတဲ့အချိန်မှာ ငြင်းဆိုခြင်းက မှန်ကန်တဲ့ရွေးချယ်မှုပါပဲ။ ဒီလိုအခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပြီဆိုရင် မင်းကိုယ်မင်း တန်ဖိုးထားတတ်လာပြီလို့ ဆိုနိုင်ပါတယ်။


၂။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး


ကန့်သတ်ချက်တွေ ချမှတ်ထားခြင်းဟာ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ မင်းမှာ မိသားစုတာဝန်တွေ ရှိမယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ရတာ ရှိမယ်၊ လူမှုဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းရတာတွေရှိမယ်၊ ဒါတွေက မင်းဘဝအတွက် အရေးကြီးပါတယ်။ ဒါတွေကို သင့်တော်တဲ့ အကန့်အသတ်နဲ့ ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ဒီအလုပ်တွေကို စိတ်ချမ်းသာစွာ လုပ်ဆောင်နိုင်မှာဖြစ်တယ်။

၃။ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး


မင်းကို တစ်စုံတစ်ယောက်ကနေ မင်းအဆင်မပြေတဲ့အချိန် ( မအားလပ်တဲ့ အချိန်၊ နားနေတဲ့ အချိန် ၊ အစာစားနေတဲ့အချိန် စသည်ဖြင့်ပေါ့ ) မှာ ဆက်သွယ်လာမယ်ဆိုရင် မင်းစိတ်ရှုပ်ရတဲ့အတွက်ကြောင့် ဆက်ဆံရေးမှာ ထိခိုက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဘယ်အချိန်တွေမှာဆိုရင်တော့ တကယ့် အရေးပေါ်ကိစ္စကလွဲရင် မဆက်သွယ်ပါနဲ့ဆိုတာမျိုး အကန့်အသတ်ပေးထားသင့်ပါတယ်။ ဒီလို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရစေမှာပါ။

၄။ မိမိကိုယ်ကို ဂရုစိုက်ခြင်း


စည်းမျဉ်းကန့်သတ်လိုက်ခြင်းဟာ မိမိကိုယ်ကို ဂရုစိုက်ခြင်းပါပဲ။ မင်းရဲ့ နေ့စဉ်လုပ်ငန်းတွေကို စိတ်ပါတက်ကြွစွာ ဆောင်ရွက်နိုင်ဖို့ဆိုရင် မင်းကိုယ်မင်း အရင်ဆုံး ဂရုစိုက်ရပါမယ်။ မင်းကိုယ်မင်း ဂရုမစိုက်မိပဲ အကန့်အသတ်မရှိ နေထိုင်လုပ်ကိုင်နေမယ်ဆိုရင် အနှေးနဲ့ အမြန် နောင်တရရပါလိမ့်မယ်။

၅။ မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း


မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ပါဘူး။ မင်းအတွက် လိုအပ်တဲ့ အကန့်အသတ်ထားတာဟာ ဖြစ်သင့်ဖြစ်ထိုက်တာပါ။ ပထမဆုံးအနေနဲ့ မင်းကိုယ်မင်းအတွက် အချိန်ပေးရပါမယ်။ အဲဒါမှ သူတပါးကို ကူညီပေးရာမှာ ပိုပြီး ထိရောက်မှာပါ။

၆။ စိတ်ဖိစီးမှု အတိုင်အတာ


စိတ်ဖိစီးမှု များတဲ့ ဘဝပုံစံတွေဟာ နေ့စဉ်ဘဝထဲမှာ တွေ့ရများပါတယ်။ တချို့ဆိုရင် စိတ်ပညာရှင်တွေနဲ့ တွေ့ပြီး အကူအညီယူ ဖြေရှင်းကြရတယ်။ မင်း မတတ်နိုင်တဲ့ အရာတွေကို အကန့်အသတ်ထားလိုက်ရင် စိတ်ဖိစီးမှုကို လျှော့ချနိုင်မှာဖြစ်တယ်။ ဥပမာအားဖြင့် မင်းတရားမှတ်နေတဲ့ အချိန်၊ ရောဂကျင့်နေတဲ့ အချိန်တွေမှာ မိသားစုကို အနှောက်အယှက်မပေးဖို့ ပြောထားတာမျိုး မိသားစုကိုလည်း ကိုယ်နဲ့အတူ ပါဝင်ဖို့ တိုက်တွန်းတာမျိုးကို တရားမထိုင်ခင်၊ ရောဂမကျင့်ခင် ကြိုတင်လုပ်ထားရပါမယ်။


၇။ Digital detox


ယနေ့ခေတ်ဟာ digital ခေတ်ဖြစ်တဲ့အတွက် လူတွေဟာ အချိန်တော်တော်များများကို online ပေါ်မှာ လူမှုကွန်ယက်မီဒီယာတွေမှာ အသုံးများနေကြပါတယ်။ စိတ်အာရုံဟာ အမြဲအဲဒီမှာပဲ နစ်မြုပ်နေတတ်ပါတယ်။ ကျန်းမာ ပျော်ရွှင် စနစ်ကျတဲ့ ဘဝကို ရဖို့ မင်းရဲ့ screen time ကို အကန့်အသတ်ထားရပါမယ်။ နံနက်စာ၊ နေ့လည်စာ၊ ညစာ စားနေတဲ့ အချိန်တွေမှာ ဖုန်းမသုံးပါနဲ့။ ညအိပ်ရာဝင်တဲ့ အချိန်မှာ screen မသုံးဖြစ်အောင် အိပ်ရာထဲကို ဘာ device မှ မထားပါနဲ့။ အဲ့လို နေ့စဉ်တိုင်းမှာ မင်းရဲ့ screen time ကို ကန့်သတ်လိုက်မယ်ဆိုရင် ပိုမို ကျန်းမာ ပျော်ရွှင် တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

၈။ ပိုမို စနစ်ကျခြင်း


မင်းက မင်းရဲ့ ကန့်သတ်ချက်တွေကို သေချာသိပြီး အတည်ပြုထားတဲ့အခါ ဘဝဟာ ပိုပြီး စနစ်ကျလာပါလိမ့်မယ်။ လိုအပ်တဲ့ အလုပ်တွေကို အချိန်မှန်မှန် အပြည့်အဝ အာရုံစိုက်ပြီး လုပ်ကိုင်နိုင်လာပါမယ်။ ပိုကောင်းတဲ့ ရလဒ်တွေကို ရလာစေမယ်။

၉။ အလုပ်ဖြစ်ထွန်းမှု ပိုမိုတိုးတက်လာခြင်း


မင်းတတ်နိုင်တဲ့ စွမ်းရည်ရဲ့ အကန့်အသတ်ကို အတည်ပြုထားတဲ့အခါ လတ်တလော ဦးစားပေးကိစ္စတွေမှာ ပိုမို အာရုံစိုက်ဆောင်ရွက်နိုင်မယ်။ အချိန်အတိုင်းအတာ အတူတူအတွင်းမှာ အနှောက်အယှက် နည်းသွားတဲ့အတွက် အလုပ်ပြီးမြောက်မှု ပိုရလာပါမယ်။ အရည်အချင်းလည်း ပိုကောင်းလာပါလိမ့်မယ်။

၁၀။ ပန်းတိုင်ကို ဗဟိုပြု အာရုံစိုက်နိုင်ခြင်း


မင်းအမှန်တကယ် ဦးစားပေးရမယ့် ကိစ္စတွေကို သိလာတဲ့အခါ မင်းဘဝရဲ့ မှန်ကန်တဲ့ ပန်းတိုင်ကို ချမှတ်နိုင်ပါမယ်။ မှန်ကန် အဓိပ္ပါယ်ရှိတဲ့ ဘဝပန်းတိုင်ကို ဦးတည်ပြီး အလုပ်လုပ်နေတဲ့အခါ အလုပ်မှာ ပိုမိုတက်ကြွစွာ စိတ်ပါဝင်စားလာပါတယ်။ အမှန်တကယ် အရေးကြီးတာကို အာရုံစိုက်ပြီး ကျန်တဲ့ အသေးအဖွဲတွေကို လျစ်လျူရှုတတ်ရပါမယ်။

၁၁။ အောင်မြင်မှု


အောင်မြင်မှု လမ်းကြောင်းကို အထောက်အကူပြုနိုင်မယ့် သင့်တော်တဲ့ အကန့်အသတ်တွေ ချမှတ်တတ်ဖို့ လိုအပ်ပါတယ်။ မင်းဘဝမှာ မင်းလိုချင်တဲ့ အောင်မြင်မှုကို ရနိုင်ဖို့အတွက် မှန်ကန်တဲ့ နေ့စဉ်အလေ့အကျင့်တွေ ရှိရပါမယ်။ မှန်ကန်တဲ့ ပန်းတိုင်ကို အာရုံစိုက်၊ ဘာတွေကို ဦးစားပေးလုပ်ရမယ်ဆိုတာ သိပြီး လုပ်ကိုင်တတ်ရမယ်။ ဒါဆိုရင် မင်းလိုချင်တဲ့ အောင်မြင်မှု ရနိုင်မှာပါ။


နိဂုံးအနေနဲ့ မင်းဘဝလမ်းကြောင်းမှာ စိတ်အနှောက်အယှက်မဖြစ်ရအောင် မင်းတတ်နိုင်တဲ့ အတိုင်းအတာကို သိပြီး အကန့်အသတ်ထားရမယ်။ ဒါမှ လတ်တလော အရေးပေါ် ဦးစားပေး အလုပ်တွေကို အပြည့်အဝ အောင်မြင်မှုရအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ဘဝပန်းတိုင်ရဲ့ အောင်မြင်မှုကို ဦးတည်ပြီး လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Comments