The Evolution of money (Part 1)
ပိုက်ဆံမပေါ်သေးခင်ကာလ
ကျွန်တော်တို့ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးစနစ်တွေမရှိခင်တုန်းက လူတွေဟာ "ဘာတာ"လို့ခေါ်တဲ့ကုန်ပစ္စည်းချင်းလဲလှယ်တဲ့ စနစ်ကို အသုံးပြုခဲ့ကြပါတယ်။ လူအနည်းငယ်သာ စုပြီးနေထိုင်ကြတာမို့ အချင်းချင်းပဲမျှဝေသုံးစွဲကြပါတယ်။ အပြင်လူတွေနဲ့ ပစ္စည်းချင်းလဲတယ်ဆိုတာလည်းအရမ်းရှားပါးပါတယ်။ လယ်စိုက်တဲ့သူဟာ လယ်အလုပ်ပဲလုပ်ရတာမဟုတ် ပေါက်တူးတွေ၊ ကိရိယာတွေလည်း ကိုယ်တိုင်လုပ်ရတာကြောင့် အလုပ်သိပ်မတွင်လှပဲ လူ့အဖွဲ့အစည်းဟာ တိုးတက်သင့်သလောက်မတိုးတက် ဖြစ်ခဲ့ပါတယ်။
Barter System |
ဒါပေမယ့် စိုက်ပျိုးမွေးမြူရေးခေတ်ရောက်လာတဲ့အခါ လူဉီးရေကလည်း များပြားလာပြီး မသိတဲ့ လူစိမ်းတွေနဲ့လည်း ပိုပိုပြီးဆက်ဆံလာကြရပါတယ်။ အဲ့တော့ အလဲအလှယ်လုပ်ရတာလည်း ပိုခက်ခဲလာပါတယ်။ ဉပမာ- လယ်သမားတစ်ယောက်က ဖိနပ်ချုပ်ချင်တယ်ပဲထားပါတော့။ ဖိနပ်ချုပ်တဲ့သူဟာ ဖိနပ်တစ်ရံအတွက် စပါးဘယ်လောက်ယူရမလဲဆိုတာမသိပါဘူး။ ပြီးတော့ သူ့အိမ်မှာလည်း စားဖို့စပါးတွေကရှိနေပါသေးတယ်။ သူလိုချင်တာက ဓါးကောင်းကောင်းတစ်လက်ဖြစ်ပါတယ်။ အဲ့တော့ လယ်သမားက ပန်းပဲဖိုဆီသွားပြီး ဓါးတစ်လက်ကို စပါးနဲ့ အလဲအလှယ်လုပ်ဖို့ ဆွေးနွေးရပြန်ပါတယ်။ ပန်းပဲသမားကလည်း စပါးမလိုချင်ရင် သူလိုချင်တာကို ရအောင် လဲပေးရပါဉီးမယ်။ အရောင်းအဝယ်ဖြစ်ဖို့ရာ မလွယ်ကူလှပါဘူး။
ဘာလီပိုက်ဆံ
အဲ့တော့ တစ်ခုခုကို ပိုက်ဆံအဖြစ် ကြားခံသတ်မှတ်ဖို့ လိုလာပါတယ်။ BC 3000 လောက်မှာ ဘာလီ(မုရောစပါး) ကို ပိုက်ဆံအဖြစ် စံသတ်မှတ်ပြီး စတင်သုံးစွဲကြပါတယ်။ အဲ့အချိန်မှာ စာရေးခြင်းကိုလည်း စတင်တဲ့ အချိန်ဖြစ်တာကြောင့် ငွေကြေးမှတ်တမ်းတွေစတင်မှတ်ထားနိုင်တာလဲ ဖြစ်ပါတယ်။ sila(ဆီလာ) ဆိုတဲ့ unit နဲ့တိုင်းတာတာပြီး တစ် sila မှာ တစ်လီတာပမာဏလောက်ရှိတဲ့ ဘာလီစပါး တစ်တောင်းစာပါဝင်ပါတယ်။ မှူးမတ်တွေကို လစာပေးရင် ၆၀ ဆီလာ စသဖြင့်ပေးပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ စားလောက်တဲ့အပြင် ပိုတာကို လိုအပ်တာနဲ့ပါ လဲလှယ်လို့ရပါတယ်။ အဲ့လိုနဲ့ ဘာလီဟာ အလဲအလှယ်လုပ်လို့ရတဲ့ ကြားခံပိုက်ဆံသဘောမျိုးဖြစ်လာပါတယ်။
ဘာလီပိုက်ဆံနဲ့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ပိုက်ဆံတွေကြားမှာ ခြားနားတာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဘာလီပိုက်ဆံမှာ သူ့ကိုယ်ပိုင်အရည်အချင်းတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ လဲလှယ်လို့မရတော့ရင်တောင် စားလို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေရာကနေ တစ်နေရာကို သယ်ဆောင်သွားဖို့တော့ မလွယ်ကူပါဘူး။ နောက်ပိုင်း ဘာလီပိုက်ဆံနေရာမှာ သယ်ရလွယ်ပြီး ရှားပါးတဲ့ ခရုခွံ၊ ဆား၊ တိရိစ္ဆာန်အရေခွံစတာတွေကို ပိုက်ဆံအဖြစ် အစားထိုး အသုံးပြုလာကြပါတယ်။ (လက်ရှိခေတ် ထောင်တွေထဲမှာ ဆေးလိပ်ကို ငွေကြေးလိုအသုံးပြုကြသလိုပေါ့။ ဆေးလိပ်သောက်သူရော မသောက်သူအတွက်ပါ ဆေးလိပ်ကို ငွေကြေးတစ်ခုလို အသုံးပြုကြတာဖြစ်ပါတယ်)
ခရုခွံပိုက်ဆံ |
နောက်တစ်ချက်က ပိုက်ဆံဆိုတာက လဲလှယ်ဖို့အတွက်ပဲ သုံးတာမဟုတ်ပါဘူး။ ပိုလျှံလာတဲ့အခါ ချမ်းသာကြွယ်ဝမှုအဖြစ်လည်း စုဆောင်းလိုလာကြပါတယ်။ စုဆောင်းထားဖို့ဆိုရင် သိမ်းဆည်းလို့ လွယ်ကူတဲ့ ပိုက်ဆံလိုအပ်လာပါတယ်။ မုရောစပါးဟာ စုဆောင်းထားလို့တော့ရပါတယ်။ ဒါပေမယ့် သိမ်းထားဖို့ ရာသီဉတုဒဏ်ခံနိုင်မယ့် ဂိုထောင်ကြီးတွေ၊ သူခိုးသူဝှက်ရန်ကကာကွယ်ဖို့တွေ၊ ကြွက်တွေ၊ ပိုးကောင်တွေဖျက်ဆီးမှုကိုတားဆီးဖို့တွေ စတဲ့ အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့တော့ သိမ်းဆည်းရလွယ်တဲ့ ခရုခွံလို ငွေကြေးတွေကို လူတွေပိုပြီး သုံးစွဲလာကြပါတယ်။
ပိုက်ဆံအပေါ် ယုံကြည်မှုနဲ့ အာမခံချက်
လယ်သမားတစ်ယောက်ဟာ မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို ပြောင်းချင်တယ်ဆိုရင် သူ့ရဲ့ လယ်ကွက်နဲ့ အိမ်ကြီးကို သယ်သွားလို့မရပါဘူး။ သယ်ရလွယ်ကူတဲ့ ခရုခွံလို ပိုက်ဆံနဲ့ လဲလှယ်ခဲ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူလဲခဲ့တဲ့ ခရုခွံတွေဟာ သူသွားမယ့် မြို့မှာ အိမ်တွေ၊လယ်တွေ ပြန်ဝယ်နိုင်မယ် ဆိုတာကို အာမမခံနိုင်ပါဘူး။ အဲ့အတွက် ပိုက်ဆံအပေါ် အာမခံချက်ရှိဖို့ကလည်း လိုအပ်လာပါတယ်။
ဘီစီ ၃၀၀၀ ရဲ့ အလယ်လောက်မှာပဲ Mesopotamia (မက်ဆိုပိုတေးမီးယား) မှာ Silver Shekel လို့ခေါ်တဲ့ ငွေသတ္တုကို ပိုက်ဆံအဖြစ်စတင်သုံးစွဲလာကြပါတယ်။ တစ်သျှီကယ်မှာ ငွေသတ္တု ၈.၃၃ ဂရမ် အလေးချိန်ပမာဏအဖြစ်သတ်မှတ်ထားပါတယ်။ ဟန်မူရာဘီကုဒ်မှာလည်း ကျွန်တစ်ယောက်ကို သတ်ရင် သျှီကယ်ဘယ်လောက်ပေးစေ စသဖြင့် သတ်မှတ်ထားတာကို တွေ့ရပါတယ်။ အဲ့အချိန်မှာ ပိုက်ဆံအပေါ် လူတွေယုံကြည်မှု အတန်အသင့် ရှိလာပြီဖြစ်ပါတယ်။
2012 ခုနှစ်က $1.1 သန်းနဲ့ ရောင်းထွက်ခဲ့တဲ့ shekel |
၆၄၀ ဘီစီမှာတော့ Lydia ပြည်ထောင်ရဲ့ ဘုရင် King Alyattes ဟာ တံဆိပ်ရိုက်နှိပ်ထားတဲ့ ဒင်္ဂါးပြားတွေစတင်ထုတ်ဝေပါတယ်။ တစ်ဖက်မှာတော့ ဒင်္ဂါးပြားထဲမှာပါဝင်တဲ့ ရွှေ၊ ငွေရဲ့ ပမာဏနဲ့ တစ်ဖက်မှာတော့ ဒီဒင်္ဂါးပြားကို ဘုရင်ကထောက်ခံတယ်ဆိုတဲ့ အမှတ်အသားပါရှိပါတယ်။ ဒီ ဒင်္ဂါးထဲမှာ ရွှေ ၅ ကျပ်သားပါကြောင်းငါအာမခံတယ်။ အတုလုပ်တာဖြစ်ဖြစ်၊ လက်မခံတာဖြစ်ဖြစ် အရေးယူခြင်းခံရမယ်ဆိုတာမျိုး ဘုရင်က အာမခံချက်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့တော့ ပိုက်ဆံအပေါ် လူတွေရဲ့ယုံကြည်မှုရော၊ တန်ဖိုးအာမခံချက်ပါရရှိသွားပါတယ်။ ဘုရင်နဲ့ အာဏာကို ယုံကြည်သ၍ ပိုက်ဆံရဲ့ တန်ဖိုးကိုလည်း ယုံကြည်ကြမှာဖြစ်ပါတယ်။ တန်ဖိုးပမာဏကိုလည်း တစ်ခါတည်းရိုက်နှိပ်ထားတာကြောင့် သုံးရတာပိုပြီး လွယ်ကူလာခဲ့ပါတယ်။
7ရာစုကပေါ်ပေါက်ခဲ့တဲ့ အစောဆုံးဒင်္ဂါးပြား |
ပိုပြီးကျယ်ပြန့်လာတာတော့ ရောမအင်ပါယာအားအကောင်းဆုံးအချိန်မှာ ထုတ်ဝေတဲ့ ရောမဒင်္ဂါးပြားတွေဖြစ်ပါတယ်။ သူ့အင်ပါယာအတွင်းမှာသာ မဟုတ်ပဲ သူ့နယ်နိမိတ်အပြင်မှာပါ ရောမဒင်္ဂါးပြားတွေကို ယုံယုံကြည်ကြည်သုံးစွဲခဲ့ကြပါတယ်။ အဲ့လို ပိုက်ဆံကို ယုံကြည်သူတွေများလာတဲ့အခါ ကုန်သွယ်မှုတွေလည်းပိုမိုကောင်းမွန် လွယ်ကူပြီး တိုးတက်မှုတွေလည်းမြန်ဆန်လာတာဖြစ်ပါတယ်။ အဲ့ရောမဒင်္ဂါးပြားကိုတော့ "denarius" လို့ခေါ်ပြီး အာရပ်နိုင်ငံတွေမှာ အာရပ်ဘာသာနဲ့ပြန်လည်ပြောင်းလဲကာ "dinar" လို့ခေါ်ပြီး ဒီနေ့ထိ "dinar"(ဒိုင်နာ) ကို ကူဝိတ်၊ ဂျော်ဒန်၊ ဆားဘီးယားစတဲ့ နိုင်ငံအများအပြားမှာ တရားဝင်ငွေကြေးအဖြစ် အမည်ပေးသုံးစွဲနေကြဆဲဖြစ်ပါတယ်။
Denarius ဒင်္ဂါးပြား |
ရွှေနဲ့ ငွေအပေါ် ယုံကြည်ကြခြင်း
တစ်ချိန်ထဲမှာပဲ တရုတ်နိုင်ငံမှာတော့ ရွှေတုံး၊ ငွေတုံးတွေကို ပိုက်ဆံအဖြစ်သုံးစွဲနေတာဖြစ်ပါတယ်။ ပိုက်ဆံချင်း မတူညီကြပေမယ့် ရွှေနဲ့ ငွေကို တန်ဖိုးထားတာခြင်းတော့ တူညီကြပါတယ်။ ဒီအချက်နဲ့တင် တစ်ကမ္ဘာလုံးမှာ ငွေကြေးစနစ်ဟာ တစ်ခုထဲဖြစ်နေပြီလို့တောင်ပြောလို့ရတာဖြစ်ပါတယ်။ တစ်ဖန်မေးနိုင်တာက ရွှေနဲ့ငွေက လက်နက်လည်းလုပ်မရ၊ စားလို့လည်းမရနဲ့ကွာ။ အဲ့တာတွေကို အဖိုးတန်ပစ္စည်းအဖြစ် မယုံတဲ့နေရာတွေရောမရှိနိုင်ဘူးလား ဆိုတာဖြစ်ပါတယ်။ အဲ့တာအတွက်အဖြေကတော့ ရှင်းပါတယ်၊။ မရှိနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတာတော့ မနက်ဖြန်အပိုင်း ၂ မှာ ဆက်ပြီးပြောပြပေးသွားပါမယ်။ အချိန်ရရင် အောက်က Link အပိုလေး ၃ ခုကို နှိပ်ပေးသွားကြပါဦး။
done
ReplyDeleteOk
ReplyDeleteMoney god ,sad
ReplyDelete