Big Ben Tower Clock





London လို့ ပြောလိုက်တာနဲ့ အဲလိဇဘက်ဘုရင်မကြီး၊ ရှေးဟောင်းအဆောက်အဦးတွေ၊ Big Ben Tower Clock စသဖြင့် ပြေးမြင်မိကြမှာပါ။ ဒီထဲကမှ Big Ben Tower Clock အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။



Big Ben ဟာ ဗြိတိသျှလွှတ်တော်အဆောက်အဦး (British Parliament) နဲ့ တွဲလျက် တည်ဆောက်ထားတာဖြစ်ပြီး Westminster နန်းတော်ကြီးရဲ့ မြောက်ဘက်အစွန်းမှာ ရှိပါတယ်။ Big Ben ဆိုတဲ့ နာမည်ဟာ အမှန်တကယ်အားဖြင့် နာရီကို ခေါ်တာ မဟုတ်ပါဘူး။ နာရီရှိတဲ့ tower ကြီးကိုလည်း ခေါ်တာ မဟုတ်ပါဘူး။ နာရီသံဖြစ်ပေါ်စေဖို့ တီးခတ်တဲ့အခါမှာ သုံးတဲ့ ခေါင်းလောင်းကြီးကိုခေါ်တာပါ။



Clock Tower ကြီးကို စတင် ဒီဇိုင်းဆွဲခဲ့တဲ့လူဟာ Augustus Pugin ဖြစ်ပြီး neo-Gothic စတိုင် ဒီဇိုင်းဆွဲခဲ့တာပါ။ 1859 ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး မျှော်စင်ကြီးရဲ့ ပထမနာမည်ဟာ Clock Tower ဖြစ်ပါတယ်။ ဒါပေမယ့် 2012 ခုနှစ်မှာ လက်ရှိ အင်္ဂလန်ဘုရင်မကြီးက Elizabeth Tower လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ မျှော်စင်ကြီးရဲ့ ထိပ်ကို ရောက်ဖို့ လှေကားထစ်ပေါင်း 334 ထစ် တက်ရမှာ ဖြစ်ပြီး မျှော်စင်ကြီးကတော့ အမြင့် 96 မီတာ (316 ပေ) ရှိပါတယ်။



Big Ben ခေါင်းလောင်းကြီးဟာ အလေးချိန်အားဖြင့် 15 တန်လေးပြီး အမြင့် 7 ပေ 2 လက်မ၊ ခေါင်းလောင်းအပေါက်ဝ အချင်း 8 ပေ 10 လက်မရှိပါတယ်။ ဒီခေါင်းလောင်းကြီးဟာ ဘယ်နာရီ ရှိနေပြီဆိုတာ ဖော်ပြတဲ့ ဒေါင် ဒေါင် ဒေါင် လို့ မြည်တဲ့ ခေါင်းလောင်းကြီးပါ။ တစ်နာရီဆိုရင် တစ်ချက်၊ နှစ်နာရီ ဆိုရင်တော့ နှစ်ချက်ပါ။ သူ့ကို တီးခတ်တဲ့ အချိန်မှာတော့ ဂီတသံစဉ် (Musical Note) အသံ E ကို ထွက်ပါတယ်။




ဒီနာရီကြီးကို စတင်တပ်ဆင်စဉ်မှာတုန်းက အလုပ်လုပ်ဟာ သိပ်မမှန်ကန်ပါဘူး။ အကြောင်းကတော့ နာရီ လက်တံတွေကြောင့်ပါ။ နာရီလက်တံတွေဟာ အစပိုင်းမှာ Cast-iron သတ္တုစပ်နဲ့ ပြုလုပ်ထားတာကြောင့် အရမ်းလေးလံပြီး နာရီစက်တွေကို ဝန်ပိစေခဲ့ပါတယ်။ ဒါကြောင့် ပိုပေါ့ပါးတဲ့ ကြေးနီ (Copper) ကို သုံးပြီး ထပ်မံတပ်ဆင်ခဲ့ပါတယ်။ မိနစ်ကိုညွှန်ပြတဲ့ လက်တံဟာ 14 ပေရှည်လျားပြီး နာရီကိုညွှန်ပြတဲ့ လက်တံဟာ 9 ပေရှည်လျားပါတယ်။ နာရီရဲ့ မျက်နှာပြင် ဒိုင်ခွက်အဝိုင်းကြီးကတော့ 23 ပေ အချင်းရှိပြီး ဖန်သားနဲ့ ပြုလုပ်ပါတယ်။ နာရီ ဒိုင်ခွက်ဟာ လေးဘက်လေးလံလုံးမှာရှိပြီး တစ်ခုစီရဲ့အောက်မှာတော့ "O Lord, keep safe our Queen Victoria the first" လို့ အဓိပ္ပာယ်ရတဲ့ စာတွေကို လက်တင်ဘာသာ ( Latin) နဲ့ "DOMINE SALVAM FAC REGINAM NOSTRAM VICTORIAM PRIMAM" လို့ရေးထိုးထားပါတယ်။




ဇူလိုင်လ 11 ရက် 1859 ခုနှစ်မှာ စတင် အသံမြည်ခဲ့ပြီး လအနည်းငယ်အကြာမှာ Big Ben ခေါင်းလောင်းကြီး အက်လာခဲ့ပါတယ်။ ဒါကြောင့် လေးနှစ်နီးပါးခန့် အသံမမြည်ခဲ့ပါဘူး။ ဒါကို ပြုပြင်ဖို့အတွက် ခေါင်းလောင်းကြီးကို 45 degree အက်နေတဲ့နေရာကနေ လှည့်လိုက်ပြီး ပိုသေးတဲ့ တူနဲ့ ပြောင်းလဲတီးခတ်စေခဲ့ပါတယ်။


Big Ben ခေါင်းလောင်းကြီးနဲ့အတူ တီးလုံးသံ တီးခတ်ပေးရတဲ့ ခေါင်းလောင်းလေးလုံးလည်း ချိတ်ဆွဲထားပါတယ်။ ဒါတွေကတော့ 1 st quarter bell: G#, 2 nd quarter bell: F#, 3 rd quarter bell: E နဲ့ 4 th quarter bell: B တို့ ‌ဖြစ်ပါတယ်။ သူတို့တွေဟာ Big Ben ခေါင်းလောင်းကြီး မတီးခင် တီးလုံးသံအတွက် သုံးတာဖြစ်ပါတယ်။


Big Ben ဟာ နှစ်ပေါင်း 150 ကျော်ကြာ တည်ရှိနေခဲ့တာ ဖြစ်ပြီး ကြားထဲမှာ ရပ်နေတဲ့ အကြိမ်အရေအတွက်ဟာ 10 ကြိမ်တောင်မပြည့်ခဲ့ပါဘူး။

Comments

Post a Comment