ကိုရီးယားကို ဘာလို့သွားရောက်လည်ပတ်သင့်တာလဲ
ကျွန်တော်တို့ တော်တော်များများဟာ တောင်ကိုရီးယားကို တစ်ခေါက်လောက်ဖြစ်ဖြစ် ရောက်ဖူးချင်တဲ့ အိပ်မက်လေးတွေ ရှိကြမှာပါ။ အလည်သွားတာပဲဖြစ်ဖြစ်၊ ကျောင်းသွားတက်တာပဲဖြစ်ဖြစ်၊ အလုပ်သွားလုပ်တာမျိုးပဲဖြစ်ဖြစ် ကိုရီးယားကို သွားချင်တဲ့ အကြောင်းပြချက်လေးတွေ ကိုယ်စီ ရှိကြမှာပါ။ ဒါကြောင့် တောင်ကိုရီးယားကို သွားသင့်သော အကြောင်းရာများကို ဖော်ပြလိုက်ရပါတယ်။
-ရိုးရာ ယဉ်ကျေးမှု
ကိုရီးယားမှာ ကိုယ်ပိုင်ရာဇဝင်များစွာရှိတဲ့အလျောက် သူတို့ရဲ့ ရိုးရာယဥ်ကျေးမှုများစွာဟာလည်း ရာစုနှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုရီးယား ရိုးရာအကတွေနှင့် ရှေးဟောင်းသီချင်း ဖျော်ဖြေမှုတွေကို ယခုထက်တိုင် တွေ့မြင်နိုင်ပါတယ်။ Hanbokလို့ ခေါ်တဲ့ ကိုရီးယားရိုးရာဝတ်စုံကို ကြိုက်နှစ်သက်သူဆိုရင်လည်း ဆိုးလ်နှင့် ဂျောင်းဂျူးမြို့ ဝန်းကျင်မှာ ငှားဝတ်နိုင်ပါတယ်။
-သမိုင်းဝင် အဆောက်အအုံများ
ကိုရီးယားဟာ သူတို့ရဲ့ ယဥ်ကျေးမှုကို ကောင်းစွာ တန်ဖိုးထားသလို သူတို့ရဲ့ သမိုင်းဝင် အဆောက်အအုံများဟာလည်း မပျက်မယွင်းဘဲ ယနေ့တိုင် တည်ရှိလျက်ပဲ ဖြစ်ပါတယ်။ ဆိုးလ်မြို့မှာ ရှိတဲ့ ဂျောင်းဘွတ်ကန် နန်းတော်(Gyeongbokgung Palace)ဟာ ကိုရီးယားရဲ့ အထင်ရှားဆုံး သမိုင်းဝင်အဆောက်အအုံများထဲက တစ်ခုပဲ ဖြစ်ပါတယ်။ 57BC-935ADအတွင်းက Sillaမင်းဆက်ခေတ်ရဲ့ မြို့တော်ဖြစ်တဲ့ ဂျယွန်ဂျူး(Gyeongju)မှာ ရှိတဲ့ သင်္ချိုင်းများ၊ နန်းတော်များနှင့် ဘုန်းကြီးကျောင်းများဟာ UNESCOကမ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့တွက်ကြောင့် ကိုရီးယားရောက်ရင်တော့ သွားကို သွားကြည့်သင့်ပါတယ်။
-ရိုးရာပွဲတော်များ
ကိုရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံလို တစ်နှစ်လုံးမှာ ရိုးရာပွဲတော်များစွာ ရှိပါတယ်။ ထို့ကြောင့် ဘယ်ချိန်ပဲသွားသွား မိမိရောက်ရှိတဲ့ချိန်ရဲ့ ရိုးရာပွဲတော်များ၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။
-ခေတ်သစ် အဆောက်အအုံများ
ကိုရီးယားမှာ ရှေးဟောင်းအဆောက်အအုံများစွာ ရှိသလို ခေတ်သစ် အဆောက်အအုံများစွာကိုလည်း တွေ့မြင်နိုင်ပါတယ်။ဆိုးလ်မြို့မှာရှိတဲ့ Zaha Hadid ဒီဇိုင်းဆွဲထားသော Dongdaemun Design Plaza၊ ကမ်ဘာ့ပဉ်စမမွောကျ အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်တဲ့ Lotte World Towerစတာတွေဟာလည်း လည်ပတ်သင့်တဲ့ အထင်ကရနေရာတွေပဲ ဖြစ်ပါတယ်။
-K-pop Culture
K-popဟာ ဂီတအမျိုးအစားတစ်မျိုးသာ မဟုတ်ဘဲ အာရှနှင့် တစ်ကမ္ဘာလုံးက လူတွေကို ဆွဲဆောင်နိုင်တဲ့ Cultureတစ်ခုအနေနဲ့တောင် တည်ရှိပါတယ်။ ကိုရီးယားက လမ်းမကြီးတွေမှာ ဖြတ်လျှောက်တိုင်း K-popလောကရဲ့ နောက်ဆုံး ဒိတ်ဒိတ်ကြဲဖြစ်နေတဲ့ သီချင်းတွေကို ကြားနိုင်မှာ ဖြစ်ပါတယ်။ K-pop fansတွေ ကိုရီးယားကို ရောက်ဖြစ်မယ်ဆိုရင် သူတို့ Idolတွေနှင့် ပတ်သက်သည့် အထင်ကရနေရာများနှင့် K-pop-themed cafsတွေကိုလည်း သွားလည်သင့်ပါတယ်။
-အစားအသောက်များ
ကိုရီးယားနှင့် ပတ်သက်ရင် K-foodကလည်း နာမည်ကြီးတဲ့အရာ တစ်ခုပါပဲ။ ကင်မ်ချီကတော့ ကိုရီးယားရဲ့ နာမည်အကြီးဆုံး အစားအစာလို့တောင် ဆိုလို့ရပြီး တခြားနိုင်ငံတွေကတောင် အတုယူပြီး လိုက်လုပ်စားတတ်ကြပါသေးတယ်။ တခြားသော တော့ပ်ပိုကီ၊ ပဲခေါက်ဆွဲ၊ ထမင်းသုပ်၊ ဝက်ဆလပ်၊ အမဲရိုးစွပ်ပြုတ်၊ ခေါက်ဆွဲအေး၊ ငါးအသားပြား စတာတွေကလည်း ကိုရီးယားရဲ့ နာမည်ကြီး အစားအစာတွေ ဖြစ်ပါတယ်။
-လှပသော ကမ်းရိုးတန်းနှင့် ကမ်းခြေများ
တောင်ကိုရီးယားဟာ ကျွန်းဆွယ်နိုင်ငံဖြစ်တဲ့အလျောက် လှပတဲ့ကမ်းရိုးတန်းနှင့် ကမ်းခြေများစွာ တည်ရှိပါတယ်။ ကိုရီးယားရဲ့ အကြီးဆုံးနှင့် အထင်ရှားဆုံးကျွန်းဖြစ်တဲ့ ဂျယ်ဂျူးကျွန်းဟာ ကိုရီးယားရဲ့ အလည်ပတ်များဆုံးနေရာ တစ်နေရာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက်ရော အနောက်ဘက်မှာပါ ကမ်းရိုးတန်းတွေ ဝန်းရံနေပြီး မနက်ဆည်းဆာကို ကြည့်ရှုဖို့တွက် ကျော်ကြားကြပါတယ်။
-တောင်တန်းများ
တောင်ကိုရီးယားဟာ နိုင်ငံသေးလေးဖြစ်ပေမယ့် ကမ်းခြေရော တောင်တန်းများပါ စုံလင်စွာ တည်ရှိပါတယ်။ တောင်တန်းတွေ တည်ရှိတဲ့ အမျိုးသားဥယျာဥ်ပေါင်း ၂၂ခုတောင် ရှိပါတယ်။ နိုင်ငံရဲ့ တတိယအမြင့်ဆုံး Seoraksanတောင်ကတော့ တောင်တက်သမားများအတွက် နာမည်ကြီးတဲ့နေရာ ဖြစ်ပါတယ်။
-ကိုရီးယား ဖက်ရှင်ဒီဇိုင်းများ
ကိုရီးယားရဲ့ Idolတွေဟာ လူတွေကို လွှမ်းမိုးလာတဲ့အလျောက် ကိုရီးယားလူမျိုးများရဲ့ ဝတ်စားဆင်ယင်မှုဟာလည်း ခေတ်စားလာပါတယ်။ ဆိုးလ်မြို့ကို အလည်သွားမယ်ဆိုရင် ကိုရီးယားလူမျိုးများရဲ့ လမ်းသွားလမ်းလာဖက်ရှင်ကအစ မိုက်နေတာတွေကို မြင်တွေ့နိုင်မှာပါ။
-Make-upနှင့် Skincareပစ္စည်းများ
ကိုရီးယားလူမျိုးတွေမှာ အပြစ်နာဆာကင်းတဲ့ အသားရေတွေကို ပိုင်ဆိုင်ထားတာဟာ သူတို့က skincareနှင့် အလှပတွက်ဆို တခြားအရာတွေတွက် ပိုက်ဆံပိုသုံးကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားရဲ့ Make-upနှင့် skincareတံဆိပ်များဟာ ကမ္ဘာ့ဈေးကွက်မှာတောင် ရပ်တည်နိုင်ကြပါတယ်။ ကိုရီးယားကို သွားလည်မယ်ဆိုရင်တော့ Make-upနှင့် skincareထုတ်ကုန်များတွက် ဈေးဝယ်ထွက်သင့်ပါတယ်။
-အပန်းဖြေစရာနေရာ များပြားခြင်း
စာအုပ်ဆိုင်လေးများ၊ ကော်ဖီဆိုင်လေးများကို နေရာအနှံ့အပြားမှာ မြင်တွေ့နိုင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးများထားရှိတဲ့ cafများ၊ မင်းသမီးလေးလို ဝတ်စားဆင်ယင်ပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ cafများ၊ အသက်အရွယ်မရွေးဝင်ဆိုနိုင်တဲ့ ကာရာအိုကေအခန်းများ၊ လူငယ်တွေ ကြိုက်နှစ်သက်သော PC roomsများစွာ ရှိတဲ့တွက်ကြောင့် မိမိစိတ်ဝင်စားတဲ့နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။
-ရာသီဥတု
![]()
ကိုရီးယားကို ဘယ်ရာသီမဆို သွားဖို့ အဆင်ပြေပါတယ်။ ရာသီတိုင်းဟာ နေပျော်ဖွယ်ကောင်းပြီး နွေဦးမှာဆို ချယ်ရီပန်း၊ နွေမှာဆို ပန်းရောင်စုံ၊ ဆောင်းဦးမှာဆို သစ်ရွက်ရောင်စုံနှင့် ဆောင်းရာသီမှာဆိုရင်တော့ နှင်းခဲပြင်ကြီးကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ရာသီတိုင်းမှာလည်း ပွဲတော်နှင့် ကိုယ်စားပြုတဲ့ အစားအစာ ကိုယ်စီ ရှိတဲ့တွက်ကြောင့် တစ်နှစ်ပတ်လုံးမှာ ဘယ်ချိန်မဆို စိတ်လှုပ်ရှားစရာကောင်းတာတွေနှင့် ပြည့်နှက်နေမှာပါ။
Comments
Post a Comment