(၆)တိုက်မှာ လောက်ကိုက်တာ ခံဖူးသလား
“(၆)တိုက်မှာ လောက်ကိုက်တာ ခံဖူးသလားဟေ့”
မျောက်အိုကြီးတင်လတ်ပြောပြောနေတုန်းကတော့ ဒီလောက်သဘောမပေါက်မိ။ ကမ္ဘာပေါ်မှာ အင်မတန် အချိုးအဆက်မကျလှတဲ့ မျောက်အိုကြီးတကောင်လို လက်ပြင်ကကုန်းကုန်း၊ နဖူးကတွန့်တွန့်၊ မျက်နှာကြီး ကရှုံ့တွတွန့် သူယုတ်မာတို့ရဲ့ အင်္ဂါလက္ခဏာအားလုံး သူ့တယောက်ထဲအပေါ်မှာ အကုန်စုပြုံတပ်ဆင် ပေးထားသလားထင်ရလောက်တဲ့ ဦးတင်လတ်ကို နိုင်ငံရေးအကျဉ်းသားအားလုံးက “မျောက်အိုကြီး”လို့လျှို့ဝှက်နာမည်ပေးထားပါတယ်။ သူလာပြီဆိုရင် တကယ်ကို မျောက်အိုကြီးတကောင်ဝင်လာသလို ကုန်းကွ ကုန်းကွန့်ဝင်လာတတ်သလို တခန်းခန်းက တဦးဦးကိုတော့ မထိခလုတ် ထိခလုတ်ဖြစ်ဖြစ်၊ ဆူပူကြိမ်းမောင်းတာ ဖြစ်ဖြစ်၊ အပြစ်ရှာတာ သရော်တာဖြစ်ဖြစ် လုပ်လေ့ရှိပါတယ်။
“ဪ.... ဘုရားတကာ.. ဒါ အလှူခံဇရပ်မဟုတ်ဖူး၊ ထောင် - ထောင်၊ ထောင်မှတိုက် - တိုက်လို့ခေါ် တယ်၊ အပြင်မှာတုန်းကတော့ တိုက်လိုက်မယ် ခိုက်လိုက်မယ်နဲ့ရဲရဲတောက်လာခဲ့ပြီး အခုမှ ကောင်းမှုတခု နေ့စဉ်ပြုဂိုက်နဲ့ စာလေးတွေကို စပါးလုံးကောက်ကျွေးနေသလား၊ တိုက်ရှေ့မှာ စာလေးတွေလာနားအောင် လုပ်လို့မရဘူး၊ မဟာဂရုဏာတော်ကြီးတွေလဲ စာလေးတွေအပေါ်မှာ ပြသမနေနဲ့၊ ကျေးစေတမန်တွေ စာစေ တမန်တွေလွှတ်ဖို့လဲ စဉ်းစားမနေနဲ့ မရဘူး၊ နောက် စပါးလုံးကို မစားနိုင်လို့ ကောက်ပစ်တယ်ဆိုရင်လဲ ကိုယ့်ဟာကိုကောက် - ပြီးတော့ ဂန်ဖလားထဲထည့်၊ တိုက်ရှေ့ပစ်ပြီးမွေးလို့ မရဘူး၊ မှတ်ထား”တဲ့။ ။
(၅)တိုက်မှာနေရတုန်းက ထမင်းမစားခင် စပါးလုံးလေးတွေကောက်ပြီး အခန်းရှေ့မလှမ်းမကမ်းမှာ လာလာနားတတ်တဲ့ စာလေးနှစ်ကောင်ရှေ့ ပစ်ကျွေးမိလို့ ခြေသံမကြားအောင်လာချောင်းတတ်တဲ့ မျောက်အိုကြီးနဲ့တွေ့သွားပြီး အခုလိုဩဝါဒပေးသွားတာခံလိုက်ရခြင်းဖြစ်ပါတယ်။ (၅)တိုက်ဟာ အခန်း(၂၂) ခန်းရှိပါတယ်။ အလျားလိုက်အခန်း(၂၂)ခန်းကို တခန်းနဲ့တခန်းကြား အုတ်နံရံထပ်ပြီးခြားထားပါသေးတယ်။ အနံ(၈)ပေ၊ အလျား(၁၀)ပေလောက်ရှိမယ်လို့ထင်ရတဲ့အခန်း လေးတွေဟာ တဆက်တည်းဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် တခန်းက စကားကျယ်ကျယ်ပြောရင် ကပ်ရက်သားအခန်းကတော့ ခပ်တိုးတိုးကြားရနိုင်ပါတယ်။
ဒါကြောင့်ဝါဒါတွေအလစ်အလစ်မှာ တခန်းနဲ့တခန်း ခိုးခိုးပြီး စကားစမြည်ပြောကြ လေ့ရှိပါတယ်။ ဒါတွေကလဲ မကြာခဏ အလစ်မပေးပဲ ခိုးနားထောင်လေ့ရှိပါတယ်။ တိုက်ထဲမှာ တခန်းနဲ့ တခန်းလှမ်းပြီး စကားပြောတာ ဟာလဲ ထောင်ဥပဒေအရ အင်မတန်ကြီးကယ်တဲ့ ဆောင်စည်းကမ်းချိုးဖောက်မှုကြီးတခုပါပဲ။ ခိုးနားထောင် ပြီး မိအောင်ဖမ်း စကားပြောတဲ့သူကို နည်းအမျိုးမျိုးနဲ့ ဟိန်းတတ်ဟောက်တတ်တာကတော့ ငါဒါတွေ အားလုံးလိုလိုပါပဲ။ ဒီထဲမှာ လက်မောင်းမှာ အရစ်နှစ်ရပ်တပ်ထားတဲ့ ဝါဒါအကြပ် မျောက်အိုကြီးဟာ အဆိုးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဝါဒ အလစ် တခန်းနဲ့တခန်း လှမ်းအဆက်အသွယ်ပြု စကားပြောကြရပါတယ်။ ကျွန်တော့်ကိုတော့ ကျွန်တော်တို့ရဲဘော်တွေက “ကဗျာဆရာ”တဲ့။ (ခုချိန်အထိ ထောင်ထဲကမလွတ်ရရှာသေး တဲ့) ကိုစိုးမြင့်ကိုတော့ “ဘာဂျာကြီး ́တဲ့။ ကိုကျော်ဝင်းကို တော့ “ပုလွေ”တဲ့။ အောင်သန်းမြင့်ကိုတော့ “မပဒါ”၊ အဖေ ဦးလေးဦးရှုတင်ကြီးကိုတော့ “မုန့်ဆီကြော်”တဲ့။ ကျော်ထူးကိုတော့“ကိုဒါသ”၊နာမည်ဝှက်တွေအသီးသီး ရှိကြပါတယ်။
“မုန့်ဆီကြော်၊ မုန့်ဆီကြော်ကိုယ်တိုင်လုပ်တဲ့ မုန့်ဆီကြော်” ဆိုတဲ့ ရှေးဟောင်းသီချင်းသံကြီးထွက်လာပြီ ဆိုရင်တော့ အဲဒါဦးလေး ဦးရှုတင်လှမ်းပြီးဆက်သွယ်နေတဲ့အသံပါပဲ။ “မပဒါရေ မပါရဲ့ ၊ မောင်ကြီး ကိုဒါသမှာဖြင့် ခက်ကပြီကွာ” ဆိုတဲ့ ဇာတ်မင်းသားဟဲသံထွက်လာရင်တော့ ကျော်ထူးက သူနဲ့အမှုတွဲ အောင်သန်းမြင့်ကို လှမ်းအဆက်အသွယ်ပြုသံပါပဲ။
“ဪ-ဘုန်းကြီး၊ ရေးတော်အမှန် ဖတ်တော့အသံတဲ့။ ဖုန်းကြီးလို့ခေါ်ပေမယ့် ရေးတော့ဘကုန်းနဲ့။ ဘုန်းကြီးပေါ့။ အင်း - ဗုံးကြီးတော့ လူအသေအပျောက်ပိုများတာပေါ့၊ ဟုတ်လားဗုံးကြီး” ဘာမှပြောစရာ မရှိတော့ဘူးဆိုရင် နောက်အိုကြီးက လမ်းဆက်လျှောက်သွားရင်း ဆရာတော် ဦးပဏ္ဍိတကို မထေမဲ့မြင် လုပ်သွားတာကြားရလေ့ရှိပါတယ်။ နိုင်ငံရေးအမှုတပ်ပြီးဖမ်းထားခြင်းခံရတဲ့ဆရာတော်ဟာ ခပ်မဆိတ် လုပ်နေလေ့ရှိပေမယ့် ကြားရသူတိုင်းကတော့ အဝီစိချိုးကပ်မယ့် မျောက်အိုကြီးရဲ့ အသံကို နားကြားပြင်းကပ် ဖြစ်ရတာချည်းဖြစ်ပါတယ်။ ။
“ဟေ့ ကျော်ထူး၊ ဒီလိုတိုက်ခန်းမျိုးဟာ မြို့ထဲမှာ စပေါ်တသောင်းလောက် မပေးဘဲမရဘူး။ တံခါးမှ သံ တံခါးနဲ့၊ သော့ခလောက်မှ နှစ်ခုထပ်တပ်ပေးထားသေးတယ်၊ အစောင့်အရှောက်ကလဲနေ့ရောညပါ (၂၄) နာရီအပြည့်၊ မင်းတို့အိပ်နေတာတောင် တို့ဝါဒါတွေမှာ အလဲအလှယ်နဲ့ စောင့်ကြပ်ပေးလို့။ ဟော - ထမင်း စားတော့လဲ အချိန်မှန်ဒံပေါက်ထမင်းနဲ့ကွာ.. ဟဲ ဟဲ” မျောက်အိုကြီးရဲ့ သံလှောင်သံဟာ တဦးမဟုတ်တဦးတော့ ခံရကြုံရတာချည်းဖြစ်ပါတယ်။ ကျွန်တော်တို့ထောင်ထဲ တိုက်ထဲဝင်ရချိန်မှာ ကျွေးတဲ့ထမင်းဟာ “ဆန်ဖြူ” မဟုတ်သေးပါ။ လုံးတီးထမင်း။ စပါးလုံးနိုင်းချင်း၊ ခဲကပါသေး၊ လုံးတီးဆန်မှ အောက်စော်ကလဲနံလိုက်သေး။ ဝက်တောင်မစားတဲ့စပါးကိုများ ကြံဖန်ရှာဖွေကြိတ်ခွဲပြီး ချက်ပေးနေသလားမပြောတတ်။ ဒန်ပန်းကန်ပြားပိန်ရှုံ့ရှုံ့ပေါ်က လုံးတီးထမင်းပုံဟာ နီတီတီဝါတာတာ အရောင်မျိုးစုံပါနေပြီး အမှတ်တမဲ့အဝေးကနေလှမ်းကြည့် လိုက်ရင် သံပေါက်ထမင်း ́အရောင် ထနေပါတယ်။ ဒါကို မျောက်အိုကြီးက“ဒံပေါက်ထမင်း”လို့ အမွှမ်းတင်ပြောဆိုလိုက်တာဖြစ်ပါတယ်။
တခါတော့ ဘယ့်နှယ်လဲဟေ့ ဒံပေါက်ထမင်းလေး နွေးနွေးလေးကွာလို့ ကျော်ထူးကို မျောက်အိုကြီးကသွားကလိတော့၊ “ဒီလို ဒံပေါက်ထမင်းလေး ခင်ဗျားလဲစားကြည့်ပါလား”လို့ ပြန်နှက်သံကြားလိုက်ရပါတယ်။ ကိုဒါသတော့ ပြန်နှက်နေပြီလို့ စိတ်ထဲကနေလက်ခုပ်တီးပေးရင်း ဆက်နားထောင်ကြည့်လိုက်တော့ .... ။
“အမလေး - မောင်မင်းကြီးသားတို့ပဲ စားကြပါ။ ဝအောင်စားကြပါ၊ ငါတော့မစားပါရစေနဲ့၊ မင်းတို့သာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တဲ့ “အလောင်း” လေးတွေဆိုတော့၊ ငါပြောတာ အလောင်းအလျာမဟုတ်ဖူးနော် အလောင်းလေးတွေ၊ အလောင်းလေးတွေ”ဆိုတဲ့မျောက်အိုကြီးရဲ့ ဟောင်ဖွာဟောင်ဖွားအသံနဲ့အတူ နဖူးတွန့် တွန့်ရှုံ့ရှုံ့ကြီးကို နှစ်ဆလောက်ထပ်ရှုံ့ပြီးထွက်လာတဲ့ မျောက်အိုကြီးရဲ့မျက်နှာကို အခန်းရှေ့က ဖြတ်ထွက်သွား တာမြင်လိုက်ရပါတယ်။ ကျွန်တော်ပြုံးလိုက်မိပါတယ်။
သေနတ်အကြောင်းသိပြီး သေနတ်ကိုင်လာခဲ့တဲ့သူ သေနတ်နဲ့သတ်ဖြတ်လာခဲ့တဲ့သူဟာ သေနတ်ကို ပိုကြောက်တတ်သလို၊ ထောင်ထဲတိုက်ထဲအကြောင်းသိပြီး ထောင်နဲ့တိုက်နဲ့အသက်မွေးဝမ်းကျောင်းပြုလာခဲ့သူထောင်နဲ့ တိုက်နဲ့ ညှဉ်းပန်းနှိပ်စက်လာခဲ့သူဟာလဲ ထောင်နဲ့တိုက်ကိုပိုပြီး ကြောက်လန့်တတ် တုန်လှုပ်တတ် ပုံရပါတယ်။ (၆)တိုက်မှာ လောက်ကိုက်ခံချင်သလား” ဆိုတာနဲ့ “ (၆)တိုက်မှာ လောက်ကိုက်ခံဖူးသလား” ဆိုတာ ဖြစ် ပါတယ်။ ပြဿနာတခုခုပေါ်ရင်၊ အလိုမကျတဲ့ကိစ္စတခုခုပေါ်လာရင် “(၆)တိုက်မှာ လောက်ကိုက်ခံသွားရမယ်” ဆိုတဲ့စကားကို အားရပါးရ ရှုံ့မဲ့ပြီး ပြောလေ့ရှိပါတယ်။ အစကမှ ခပ်ကျဉ်းကျဉ်းမျက်ပေါက်အစုံဟာ ရှုံ့မဲ့ပြီး အားရပါးရပြောလိုက်တဲ့အခါ နဖူးကြောရှုံ့ရွံ့ကြီးတွေကြားထဲမှာ မျဉ်းတသားတည်းလို ဖြစ်သွားတတ်ပါတယ်။
အခုတော့ မျောက်အိုကြီးရဲ့ “ (၆)တိုက်မှာ လောက်ကိုက်ခံဖူးသလားဟေ့”ဆိုတဲ့စကားကို ကျွန်တော် လက်တွေ့ခံစားသိရှိနေရပါပြီး။ နာနာကျည်းကျည်း ခါးခါးသည်းသည်း ကြုံတွေ့နေရပါပြီ။
“ဒီကောင့်ကို..အာလ်”သပိတ်ရောင်ထနေတဲ့အသားအရောင်ကြောင့် “ရွှေကျီး”လို့ နာမည်ပေးထားခြင်းခံရတဲ့ စစ်ထောက်လှမ်း ရေးဗိုလ်ကြီးတကောင်က ဝါဒါကိုလှမ်းပြောလိုက်ပြီးတဲ့နောက်၊ အင်းစိန်ထောင် စစ်ကြောရေးတိုက်အတွင်းကနေ ထွက်လာရပြီးတဲ့နောက် ကျွန်တော်(၆)တိုက်ထဲရောက်လာရပါတယ်။ (၆)တိုက် အခန်း နံပါတ်(၆)။
“ဟေ့ကောင် အကုန်ချွတ် အကုန်ချွတ်၊ ဘာမှဝတ်ထားလို့မရဘူး ဖိနပ်ပါချွတ်”
ဝါဒါတကောင်က အကုန်ချွတ်ပြီး အဝတ်အစားမှန်သမျှ သိမ်းသွားပါတယ်။ အတွင်းက သံတံခါးကို သော့ ခတ်လိုက်တဲ့အပြင် အပြင်ကသစ်သားတံခါးကိုလဲ ဂျိုင်းခန်ဆောင့်ပိတ်လိုက်တာနဲ့တပြိုင်နက် ပထမဆုံး ခံစား လိုက်ရတာက အမှောင်ဓာတ်၊ အမှောင်နဲ့တဆက်တည်းကပ်ပါလာတာက အဟောင်နံ့။ အမှောင်နဲ့ အဟောင် ဟာ ဘယ်ဟာက ဘယ်ဟာရဲ့ အရင်လို့ ပြောလို့မရအောင် တသားတည်းရောယှက်နေပြီး (၆) တိုက် (၆)ခန်းထဲ စတင်စံမြန်းရပါတော့တယ်။
အခန်းလေးဟာ(၅)တိုက်က အခန်းထက် တဝက်လောက်ပဲရှိမယ့်အပြင်၊ (၅)တိုက်ထဲတုန်းကလို ဖျာစုတ် လေးတချပ်မှလဲမရှိတော့ပါ။ သေးဂန်ဖလား၊ ချေးဂန်ဖလားလဲ တလုံးမှမရှိတော့ပါ။ ဒေါင့်ကွေးမှာရှိနေတာက သဲပုံလေးတပုံ။ မပီမသအလင်းရောင်သဲ့သဲ့အောက်မှာ သဲပုံလေးတပုံ။ ချေးနဲ့သေးရောနှောနေတဲ့ သဲပုံချိုင့်တွင်း လေးထဲမှာတော့ “လောက်” တွေ၊ လောက်တော့...။ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ချေထဲသေးထဲမှာ ပျော်နေကြသလား။ ပွဲတော်တည်နေကြသလား မပြောတတ်ပါ။ ရွံစရာတော့ တော်တော်ကောင်း၊ လှောင်ပိတ်ထားတဲ့အမှောင်ခန်းလေးထဲမှာ၊ တောင်စော်နံနေတဲ့ ချေးနံ့သေးနံ့တွေ တလှိုင်လှိုင်ကြားထဲမှာ လောက်တွေအကြိုက်နှစ်သက်တတ် ဆုံးရာသီဥတုမျိုးဖြစ်နေသမို့လား မပြောတတ်။ ဖောက် ဖောက်၊ ဖောက်ဖောက်ဆိုတဲ့အသံလေးတွေတောင်မှ ထွက်နေလိုက်ပါသေးတယ်။
မိမွေးတိုင်း ဖမွေးတိုင်းခန္ဓာကိုယ်နဲ့ သံတိုင်နားက အခန်းဒေါင့်ကွေးလေးမှာ အသာအယာထိုင်ချလိုက်တော့ ရေခဲတုံးပေါ်ဖင်ခုထိုင်လိုက်ရသလို ကျင်ခနဲ အေးစိမ့်သွားပါတယ်။ သမံသလင်းပေါ်က အအေးဓာတ်ကိုး။ အေး စမ်း အေးစမ်း အေးစမ်းကွ။ ရွှေကျီးမျက်နှာ ဘွားခန် ပေါ်လာသလို “အာလ်”ဆိုတာ ဒါမျိုးကိုးဆိုတဲ့ အသိကို နာကျင်ခံခက်စွာ မှတ်သားထားလိုက်မိတယ်။ “တိုက်”ထဲထည့်ပြီး နှိပ်စက်ထားရတာတောင် အားမရ သေးလို့ တိုက်ရဲ့ တိုက်အဖြစ် (၆)တိုက်ထဲထည့်၊ သစ်သားတံခါးကြီးပါထပ်ပိတ်၊ တကိုယ်လုံး အားလုံး အကုန်ချွတ်၊ ဖျာတချပ်စောင်ပါးလေးတထည်တောင်မပေးဘဲ ချေးယိုစရာ သေးပေါက်စရာ ဂန်ဖလားလေး တောင်ရှိခွင့်မပေးပဲ အခုလို သေချင်သလိုသေထားလိုက်တာကို “အောလ်”လို့ခေါ်တာများလား။ “အောလ်” ဆိုတာက “အားလုံး” “အကန့်လေး” ဆိတ် အဓိပ္ပာယ်ပဲမဟုတ်လား။ ။
“ဒီမယ် ဟေ့ကောင်၊ မင်းက ကဗျာဆရာဟုတ်လား၊ ဝတ္ထုတွေ ဘာတွေလဲရေးတယ်ဟုတ်လား၊ ဘာ ကဗျာလဲ၊ အစိုးရမကောင်းကြောင်းရေးတဲ့ကဗျာလား၊ ငါ မင်းကဗျာစာအုပ်ဖတ်ကြည့်ပြီးပြီ၊ ဘာတဲ့ ... အဲဒီ စာအုပ်ထဲမှာ “နှင်းဆီနီ” တဲ့ “နှင်းဆီနီတွေ ... ဝေနေစေချင်”တဲ့ ဟုတ်လား၊ နှင်းဆီနီဆိုတာ မင်းအမေလင် ကွန်မြူနစ်တွေကို ပြောချင်တာလား၊ ပြီးတော့ ဘာတဲ့ ဟို... “အိပ်မရတဲ့၊ ညညများမှာ၊ အိပ်ရာကဆင်း၊ နှင်းဆီ ခင်းဆီ”တဲ့။ မင်းပြောချင်တာက ခုခေတ်ကြီးဟာ ညပေါ့။ အမှောင်ခေတ်ကြီးပေါ့၊ အိပ်မရလို့ နှင်းဆီခင်း ဆီလှမ်းကြည့်သပေါ့။ ဒါ သူပုန်တမ်းချင်းပဲ။ ဟေ့ကောင်နေဦး၊ မင်းက တောင်ငူဆောင် ဗမာစာဌာနအပေါ်ထပ်က ကဗျာဆရာတင်မိုးဆိုတဲ့လူဆီကိုလဲ သွားသွားနေတယ်ဆို၊ အဲဒီ တင်မိုးနဲ့ကော မင်းဘယ်လိုပတ်သက်သလဲ”
စစ်ကြောရေးတုန်းက ရွှေကျီးရဲ့ ကောက်ကျစ်ကျစ် ကျီးကန်းမျက်လုံးတွေနဲ့ မဆီမဆိုင်စွပ်စွဲချက်တွေကိုလဲ သွားသ တိရနေမိပြန်တယ်။ “ဘာမှမဆိုင်ဘူး၊ ဘာမှမပတ်သက်ဘူး”ကျွန်တော့် အော်သံအဆုံးမှာ “မအေလိုး၊ မင်းက ဘူးတလုံး ဆောင် အိုအောင်မဆင်းရဲဆိုတာမှတ်ထားပြီး ပြောနေတာလား၊ ဒီမယ်၊ ဒို့ဆီမယ် ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ .... မဟုတ်ဖူးကွ၊ ဘူးတလုံးဆောင် သေတောင် အလောင်းမလှ ဖြစ်သွားမယ်”
ရွှေကျီးရဲ့ စုတ်ချွန်းချွန်းမျက်နှာဟာ ကျွန်တော့်အမှတ်သညာထဲချက်ချင်း ဘီလူးရုပ်ကြီးပြောင်းသွား နေပြန်တယ်။ အစွယ်ကြီးမှပြူးလို့။ ကျွန်တော် အံကိုကြိတ်ထားလိုက်မိတယ်။
“ဟို လေထီးအုန်းမောင်ဆိုတဲ့ကောင်ကြီးနဲ့ ကုလားကြီးရာဂျန်ဆိုတာကော၊ မင်းနဲ့ ဘယ်လိုပတ်သက် သလဲ”
“ဘာမှမပတ်သက်ဖူး”
“ဘာကွ မအေလိုး၊ ဘာမေးမေး မပတ်သက်ဘူး၊ မသိဘူး၊ ပြီးတော့ သူ့အမှားသူမြင်ပြီး အမှန်အတိုင်း ဒို့ကိုအကုန်ဖော်ပြောနေတဲ့ကောင်ကိုလဲ မင်းက လျှောက်မဖော်နဲ့၊ သတ်မယ်လို့ ကျိန်းတယ်ဆို၊ ဒီမယ် မင်းလို ကောင်မျိုးကိုသာ ဒို့ကသေအောင်သတ်ချင်တာ၊ တဖြည်းဖြည်းလေးနဲ့ မင်းဟာမင်း သေသွားစေရမယ်..”
ရွှေကျီးက ကျွန်တော့အပေါ် ဘယ်တုန်းကမှလဲ ဘာကိစ္စနဲ့မှလဲ မပတ်သက်ဖူးပါလျက်နဲ့ အငြိုးကြီးကြီး ပြောဆိုနေခဲ့တာကိုလဲ သတိရနေမိပြန်တယ်။ စစ်ခန် နှလုံးသားထဲကနာကျင်သွားသလို တင်ပါးကလဲနာ သလို လို ခံစားလိုက်ရတယ်။ အိပ်ပျော်သလိုဖြစ်သွားရာက မျက်စေ့ပွတ်ပြီး ကြည့်လိုက်မိတော့ လောက်တကောင်။ တင်ပါးကို လာထိုးနေတာပါကလား။ ဟာ.. ခြေထောက်မှာလဲ လေးငါးကောင်။ တလှုပ်လှုပ်နဲ့ လူကို ချေးတုံးကြီး လို့များ ထင်နေသလား။
ဖျတ်ခန် လက်နဲ့ခါချလိုက်မိပြီး မတ်တပ်ရပ်လိုက်တုန်းမှာ ရှေ့တည့်တည့်ကသစ်သားတံခါးမကြီးပေါ် “ချင်း” ခန် အသံကြားလိုက်ရပြီး ခြောက်လက်မ သုံးလက်မလောက် အလင်းတန်း ကလေးပေါ်လာတယ်။ ခြောင်းပြီး ကြည့်တဲ့ လူကြည့်ပေါက်ကလေးပါလား။ နောက် - ခပ်ဝါးဝါးဖြစ်သွားတယ်။ မျက်နှာကြီးတိုးကပ်လိုက်တဲ့ အတွက် လင်းနေရာက မှောင်သွားတဲ့သဘော။ မျက်လုံးအစုံ။ အင်မတန် ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံး သေးသေးလေးတစုံ။ သိတာပေါ့။ မျောက်အိုကြီး မျက်လုံး။ နဖူးကြောရှုံ့ရှုံ့ကြီးတွေ ကြားထဲကမျက်လုံး။
(၆)တိုက်မှာ လောက်ကိုက်တာ ခံချင်သလားဟေ့” ငှက်ဆိုးထိုးသံ အသံပြဲပြဲကြီး ထွက်လာပြီးနောက်၊ ချပ်ခန် လူချောင်းကြည့်ပေါက်လေး ပိတ်သွားပါတယ်။
(၅)တိုက်မှာနေရတုန်းကလို “ကိုဒါသရေ..ကိုဒါသရဲ့” “မပဒါရေ .. မပဒါရဲ့”ဆိုတဲ့အသံတွေလဲ မကြားရ တော့။ ဦးလေးဦးရှုတင်ရဲ့ “မုန့်ဆီကြော် ... မုန့်ဆီကြော် ကိုယ်တိုင်လုပ်တဲ့ မုန့်ဆီကြော် ” ကိုလဲ နားမဆင်ရတော့။ ဘာဂျာကိုစိုးမြင့်ကြီး ရဲ့ “မြို့ပြရဲ့ အရိပ်ဟာလဲ.. မအေးမြပါလားလေ..”ဆိုတဲ့ ခြေဆင်း လေးနဲ့စလိုက်တဲ့ “မြို့ပြနိဒါန်း” သီချင်းသံနဲ့လဲ နဲနဲလေးမှ ဆက်စပ်ခွင့်မရတော့။ ။
အပြင်ဘက်မှာ မိုးတွေရွာနေတာကို အာရုံသိက လှမ်းမြင်နေတယ်။ (၅)တိုက်ရှေ့က လှမ်းကြည့်လိုက်ရင် မိန်းမဆောင်တွေဘက်ဆီက ကုက္ကိုပင်ကြီးရဲ့ အကိုင်းအခက်တွေ ဘယ်ညာလှုပ်ယမ်းနေတာကိုတောင် လှမ်းမြင် နေတယ်။ အမိုးပေါ်မှာ မိုးစက်သံတွေက တဖျောက်ဖျောက်မို့လား။ မိုးရွာခါနီးပွေးထူထူရှိတဲ့လူတွေ ပိုယား လာသလို၊ အပြင်မှာ မိုးရွာ နေချိန် ခန္ဓာကိုယ်တခုလုံး ပိုအေးလာတာခံစားရတယ်။ ဘာပဲဖြစ်ဖြစ် မြေသင်းနဲ့ပါတဲ့ မိုးဦးလလေးတော့ တဝကြီးရှူပစ်လိုက်ချင်ပြန်တယ်။ အထဲမှာ ချေးနံ့နဲ့ သေးနံ့တွေဟာ ဖေါက်ပြန်တဲ့နည်းနဲ့ မဟာမိတ်ဖွဲ့ပြီး ကဗျာဆရာကို တိုက်ခိုက်နေ ကြတယ်။ အဆိုးတုံးက“လောက်”တွေပဲ။
ချေးထဲမှာ ပျော်ရမယ့်လောက်တွေက အခုတော့ ချေးထဲမှာသာမက သွေးစီးကြောင်းအတိုင်း ချီတက် လာပြီး ကျွန်တော့်ခန္ဓာကိုယ်ဆီတက်တက်လာကြတယ်။ တက်လာလိုက် ခါချလိုက်နဲ့ ငြိမ်ငြိမ်ကိုကြာကြာထိုင် နေလို့မရပါဘူး။ ပထမရက်တွေတုန်းက စိတ်တိုလာလွန်းလို့ ထွက်လာတဲ့အကောင်တွေကို အကုန်နင်းချေပစ်ဖို့ လုပ်သေးတယ်။ ခြေထောက်ကို မြှောက်လိုက်ပြီးမှ “ည် - သူတို့လဲ အသက်နဲ့သတ္တဝါတွေပဲလေ၊ ငါ့ကိုယ်ကြီးကိုက ရေလဲမချိုးရ သန့်ရှင်းရေးလဲမလုပ်ရနဲ့၊ ဒီလောက်ပုပ်ဟောင်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ထိုင်စရာတောင် မြေကွက်လပ်ချောက်ချောက်မရှိအောင် ဆေးရည်တွေအိုင်ထွန်းနေတဲ့ အခန်းကျဉ်းလေးထဲမှာ လူကိုယ်တိုင် ချေးတုံးကြီးတတုံးလိုဖြစ်နေပြီထင်တယ် ... အဲဒီတော့ ဒီအကောင်တွေက ချေးတုံးမှတ်ပြီး တက်ကြ တာ ထိုးကြဆိတ်ကြ ကိုက်ကြ ဖဲကြတာနေမှာ...။ ငါသတ်လိုက်ရင် သေရှာမှာပဲ။ ဒီလောက်ဒုက္ခ ရောက်နေတဲ့ ဘဝကြီးမှာ ထပ်ပြီး အကုသိုလ်မယူသင့်ပါဘူး။ သူတို့လဲ တရက်ရှင်ခွင့်ရရင် တရက်ရှင်ချင်မှာပဲ”လို့ သနား သွားမိပြီး သတ်ပစ်ရေးအစီအစဉ်ကို အချိန်မီ ရုပ်သိမ်းပစ်လိုက်မိပြန်တယ်။
ခက်တာက ကိုယ်ကမသတ်တော့လဲ သူတို့က ပိုပိုပြီးများများလာတယ်။ ဘယ်တော့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတယ်မရှိပါဘူး။ အိပ်ချင်လွန်လွန်းလို့ ဒေါင့်ကွေးလေးမှာ မှီပြီးအိပ်လိုက်ရင် စစ်ခန် စစ်ခနဲဖြစ်ပြီး လန့်လန့်နိုး လာရတာချည်းပါပဲ။ မျက်စေ့ကိုပွတ်၊ မှောင်ပျပျံကြားထဲမှာ စစ်ကနဲနေရာ ဂရုစိုက်ကြည့်လိုက်ရင် မောင်မင်းကြီး သားတို့က ထိုးနေ နှက်နေ ကိုက်နေပြီ။ ဖြူဝါဝါအရောင် တုံတုံ တုံတုံခန္ဓာကိုယ်လှုပ်ရှားမှုန့် လက်မဝက်လောက် သာရှိတဲ့ ဒီအကောင်လေးတွေရဲ့ ခေါင်းဖျားမှာ မဲမဲလေးရှိတယ်။ နှုတ်သီးဖျားဖြစ်လိမ့်မယ်။ သတ္တဗေဒအခေါ် ကတော့ စုတ်ခွက်လို့ခေါ်မလား၊ ဘာခေါ်မလဲ မပြောတတ်ဘူး။ ထိုးတာ ကိုက်တာကတော့ အဲဒီမဲမဲလေးနဲ့ပဲ။ အင်းဆက်ဗေဒပညာရှင် ကိမိလဗေဒပညာရှင်တွေကတော့ အင်းဆက်တွေ ပိုးမွှားငယ်တွေအကြောင်း ကောင်းကောင်းလေ့လာဖူးကြမှာပဲ။ အဲဒီထဲ “လောက်” ကိုလေ့လာတဲ့ “လောက်” ပညာရှင်ရှိသလား မရှိဘူးလားတော့ မပြောတတ်ဘူး။ ကျွန်တော်ကတော့ ကိမိလဗေဒပညာရှင်မဟုတ်ပဲ “လောက်”ကို ဘဝအရ စိတ်ဝင်စားနေရပြီ။ သူတို့ကို ဘယ်လို ကာကွယ်ရမလဲ။ ခက်တာက အသေလဲသတ်မပစ်ရက်ပြန်။ အသက်ရှိတဲ့ သတ္တဝါမှန်သမျှ သူ့အသက်ကို သူရှင်သန်ချင်ကြမှာပဲလို့လဲ စာနာနေမိပြန်တယ်။
အရေးအကြီးဆုံးက အိပ်မယ်ဆိုရင် အရင်နေရာပြင်ရတာပဲ။ (၆)တိုက်ထဲမှာ ရက်ပေါင်းများစွာ ကြာလာ တော့ တနေ့တခါပဲကိစ္စပြီးတဲ့ ချေးယိုခြင်းအမှုနဲ့ တနေ့မှလေးခါလောက်ပဲပေါက်တဲ့သေးဟာ တော်တော်ကို စုပြုံအိုင်ထွန်းလာပြီး နေစရာခြောက်ခြောက်မရှိတော့တဲ့အထိ ဖြစ်လာတာပဲ။ နေလဲမဝင်ရ လေကောင်း အခန်းအလယ်တည့်တည့်မှာ ချေးရည်ပြည့်ဝဖျော်ရည်အဆင့် ဆေးရည်အိုင်ဟာ ဘယ်တော့မှမခမ်းနိုင် အိုင်လေးသဖွယ်ဖြစ်ပြီး တနေ့တခြား ပိုပိုကြီးလာတယ်။ ဝင်ကာစက သဲပုံလေးအဆင့်ဟာလဲ တဖြေးဖြေး ပြိုအိကျလာပြီး သွေးအိုင်နဲ့တဆက်တစပ်တည်းသော ပထဝီဝင်ဒေသဖြစ်လာတယ်။ အခန်း(၆)ရဲ့ မညီမညာ သမံတလင်းက ဒယ်အိုးပြားသဏ္ဍာန် အလယ်နဲနဲချိုင့်နေတော့ သံတိုင်တံခါးနားက ဒေါင့်စွန်းပိုင်းဟာ နှိုင်းယှဉ် ချက်အရ နဲနဲမောက်သယောင် ဖြစ်နေတယ်။ သေးချေးငွေ့စိမ့်ပျံနေတဲ့ ဒီမို့မို့ဒေါင့် သမံတလင်းပေါ်မှာ တရား ထိုင်သလိုထိုင်။ ထွက်သက်ဝင်သက်သတိပဋ္ဌာန်တော့ မကပ်နိုင်သေးဘဲ၊ တစ်ကနေနှစ်ထောင်အထိ စိတ်က ရေကြည့် ဆိုကြည့်။ နှစ်ထောင်ပြည့်တော့ထ။ ဖင်ထိုင်ထားရာနေရာလေးက ကိုယ်တွင်း အပူငွေ့နဲ့ ခပ် ခြောက်ခြောက်လေးဖြစ်နေပြီ။ အဲဒီနားတဆက်တည်း ဖင်တထိုင်စာဆက်ပြီးထိုင်။ တစ်ကနေနှစ်ထောင် အထိ ထပ်ရေ။ ထ။ သုံးခါလောက်လုပ်လိုက်တော့ နံရံကို ကျောမှီပြီး ဒူးခေါင်းလေးထောင် လဲလျောင်းစရာနေရာ ခြောက်ခြောက်ကလေး ယာယီပိုင်ဆိုင်ပြီ။ အိပ်တော့ အိပ်တော့။ တခါတခါ သတိပဋ္ဌာန်မှတ်၊ တခါတခါ စိတ်နဲ့ ကဗျာစပ်။ ငါရူးသွားလို့မဖြစ်ဘူး။ လေဖြတ်သွားလို့မဖြစ်ဖူး။ ကိုယ့်ကိုယ်ကိုထပ်ပြီး သံခဲတင်၊ စိတ်ဓာတ်အရေးကြီးတယ်နော်လို့သတိပေးရင်း လောက်တွေနဲ့ရင်ဆိုင်ရပြန်တယ်၊
အိပ်ရာနိုးရင် ထပြီးခုန်။ လက်တွေဆန့်ကြည့်၊ ခေါင်းကိုလှည့်ကြည့်၊ အာရုံတွေကိုဖော်ကြည့်၊ ပြင်ပ လောကကြီးကို စိတ်ပန်းချီအရောင်သွင်းကြည့်။ ငါ့ကြောင့် သူများတွေဒုက္ခမရောက်ကြပါစေနဲ့။ ဒီထောင်ထဲကို ဆွဲအသွင်းမခံရပါစေနဲ့၊ ဘယ်တော့မှ သစ္စာဖောက်ဆိုတဲ့နာမယ်၊ အလကားကောင်ဆိုတဲ့နာမယ် မရပါစေနဲ့ ဆိုတာ စိတ်ထဲမှာအကြိမ်ကြိမ်ရွတ်။ ဝင်ရက်ရှိရင် ထွက်ရက်ရှိရမှာပေါ့ဆိုတာ ယုံကြည်ရင်း၊ အမှောင်ရှိရင် အလင်းရှိရမှာပေါ့ဆိုတာယုံကြည်ရင်း အားမာန်သွင်းကြည့်လိုက်တဲ့အခါ လေဖြတ်ချင်သလိုလို၊ ထုံသလိုလို၊ ကိုက်သလိုလို၊ ကျန်းမာရေးရေချိန်တွေ မြန်လာသလိုလို၊ အားတွေ ဝင်လာသလိုလိုရှိလာပြန်တယ်။ အံ့သြစရာ။
တယောက်ထဲ လောက်တွေကြား အနေကြာလာတော့ သူတို့ကိုသတ်မပစ်ဘဲ ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ ကာကွယ်ရေးစီမံချက်ကိုတော့ စနစ်တကျချနိုင်လာတယ်။ ဒါပေမယ့် အပြည့်အ၀ရာနှုန်းပြည့်တော့ မကာကွယ်နိုင်။ အိပ်တဲ့အခါ ဖင်ထဲမဝင်ဖို့ ငယ်ပါပေါ်အထိ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခြင်းမပြုဖို့ ကာကွယ်တဲ့အနေနဲ့ ပက်လက်အနေအထားအတိုင်း ဒူးထောင်ထားရင်း လဲလျောင်းခြင်းအမှုကို ပြုရတယ်။ အရေးကြီးတဲ့ရပ်ဝန်းဒေသကို လက်ဝါးအကာအကွယ် သတိရှိရှိချထားပေးရမယ်။ နံရံဘက်စောင်းအိပ်ရင် နောက်ပိုင်းလုံခြုံရေးအခက်အခဲရှိတယ်။ နောက်ဖေးသွားပြီးရင် သုတ်စရာဘာမှရှိတာမဟုတ်။ ဒီအတိုင်းပဲထား ရတော့ နောက်ပိုင်းကလဲ “လောက်” ကြိုက်ရပ်ဝန်း ဖြစ်နေနိုင်ပြီ။ ။
ညနေပိုင်းလာတဲ့ထမင်းပုံစံမှာ ဟင်းအဖြစ်ချဉ်ပေါင်ရေကျဲဟင်းတခါလာတုန်းက ချဉ်ပေါင်ရိုးတုတ်တုတ် တချောင်းပါလာဖူးပါတယ်။ ချဉ်ပေါင်းစည်းချည်တဲ့နှီးကြိုးတပိုင်းဖြတ်တခုပါလာဖူးတယ်။ အသားလေး ဆယ်ထား ပြီး နံရံမှာထောင်၊ ကိစ္စပြီးတဲ့အခါ သုတ်စရာတုတ်ချောင်းလုပ်ကြည့်ဖူးတယ်။ နှစ်ရက်ပဲသုံးရတယ်။ ဆက်သုံးလို့မရတော့။ ရများရဦးမလားလို့သေးရည်ထဲထည့်စိမ်ပြီး နံရံကပ်ထောင်ကြည့်တာ ပျော့ဖတ်ဖတ် ဖြစ်သွားပြီး သုံးမရတော့။ နောက်တော့ ဒီအတိုင်းပဲ နောက်ဖေးသွားပြီး နေလိုက်ရတော့တယ်။ သံတိုင်တံခါးနဲ့ သစ်သားတံခါးကြား သုံးပေလောက်ရှေ့ထွက်နေရာမှာ ရေအိုးသေးသေးလေးတလုံးတော့ရှိပါရဲ့ ရေက အပြည့် ထည့်မထား။ သောက်စရာ ဒန်ခွက်ပိန်ပိန်လေးလ် ရေအိုးထဲထည့်ပေးထားပါရဲ့။ ရေအိုးဖုံး မပါ။ သောက်စရာက ဖင်ကပ်ရေ။ အဲဒီဧရနဲ့ ဖင်ဆေးပစ်လို့ မဖြစ်။ ။
လောက်တွေကောက်ကောက်ပြီး အဲဒီရှေ့ထွက် ကွက်လပ်ထဲပစ်ပစ်ကြည့်ပေမယ့် နောက်ဖက်ဒေါင့်က သဲပံဟောင်း ချိုင်ခက်စေတမာ တဖောက်ဖောက်ပဲ ဆက်လက်အဆက်မပြတ်ဖောက်ဖွားလာတဲ့ လောက်ကောင်တွေက မကုန်နိုင် မခန်းနိုင်။ ကြာတော့ သောက်ရေအိုးပေါ်အထိ တလွှားလွှားတက်လာနေတဲ့ လောက် တွေသာ တိုးလာနိုင်ဖွယ်ရှိတဲ့အတွက် ရှေ့လှမ်းလှမ်းပစ်နေတဲ့ အစီအစဉ်ကို ရပ်ဆိုင်းပစ်လိုက်ရတော့တယ်။
လောက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ဗမာတွေပြောကြဆိုကြ သုံးနှုံးခိုင်းနှိုင်းကြတာတွေကိုလဲ လက်တွေ့နဲ့ ယှဉ် ပြီး ပြန်ဆင်ခြင်ကြည့်မိနေတယ်။ “ချေးထဲကလောက် ချေးထဲပျော်”တဲ့။ ဟုတ်ပါရဲ့။ ပျော်နေလိုက်ကြတာ တဖောက်ဖောက်နဲ့။ ဒါပေမယ့် ချေးထဲမက လူပေါ်ထိအောင် တက်တက်လာတာ၊ ခြေထောက်ကိုက် လက်ကိုက် ပေါင်ကိုက် ကိုက်လာကြတာကတော့ တော်တော်အခံရခက်တယ်။ လောက်ကိုက်ခံရတယ်ပြောရင် ယုံချင်မှ တော့ ယုံကြမယ်။ ဒီမှာကတော့ တကယ့်ကိုလက်တွေ့။ ပေါင်နဲ့လက်မှာ လောက်ရဲ့ စုတ်ခွက်ထိပ်ဖျားလေးတွေနဲ့
အထိုးခံထားရတဲ့နေရာက ချေးရည်သေးရည်ငွေ့တွေနဲ့ပါ အငွေ့ရိုက်ခံရလို့လားမပြောတတ် အနာတွေဘောင်ဖြစ်လာတယ်။
ရိုးရိုးသားသားပဲ ဝန်ခံပါ့မယ်။ စိတ်ဓာတ်ရေးရာအရ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်ဆိုင်ရာတွေနဲ့တင် ကိုယ့်ကိုယ်ကိုယ် သံခဲတင် မာန်တင်းနေရတာမဟုတ်။ မကြာမကြာ သတိပဋ္ဌာန်လေးကပ်ပြီး တရားထိုင်ကြည့် ရင်း ပျံ့လွင့်နေတဲ့စိတ်တွေကို အားယူကြိုးစား ဆွဲချုပ်ကြည့်နေခဲ့ရပါတယ်။ ဒီကြားထဲက ကဗျာရိပ်တွေဝင်လာရင် ကဗျာစပ်ကြည့်ပါတယ်။ စိတ်နဲ့ဖွဲ့၊ စိတ်နဲ့သီ၏၊ စိတ်နဲ့ရွတ်၊ စိတ်နဲ့မှတ်။ အားလုံးပေါင်းဆုံမိသွားလို့လားတော့ မသိ။ ကုန်ကော့ခံနိုင်ရည် ရှိလာသလိုလို ခံစားရလာတယ်။
“အသားထဲက လောက်ထွက်”တဲ့။ “သစ္စာဖောက်လောက်ကောင်”တဲ့။ ဗမာလူမျိုးတွေရဲ့ ဆိုရိုးစကား တွေလေ။ သစ္စာဖောက်ကို “လောက်”နဲ့ နှိုင်းတယ်။ ကျွန်တော်ကတော့ လောက်တကောင်ကြောင့် လောက်နဲ့ ရင်ဆိုင်နေရတာ လက်တွေ့ဖြစ်နေတယ်။ ကျွန်တော့်ကိုယ်ပေါ်တက်လာနေတဲ့လောက်တကောင်ကို ကြည့်ရင်း စကားပြောတတ်တဲ့လူ“ လောက်”တကောင်ရဲ့ မျက်နှာကိုလဲ ခါးခါးသည်းသည်း ပြန်ပြန်သတိရနေတယ်။ ရွှေကျီးရဲ့မျက်နှာ၊ လောက်ရဲ့ မျက်နှာ၊ မျောက်အိုကြီးရဲ့ မျက်နှာ..။ အဲဒီမျက်နှာတွေအားလုံးကို ဖုံးလွှမ်းပစ်ပြီး ပီပီသသ ကြီးပေါ်လာတာကတော့ ဗိုလ်ချုပ်ကြီးနေဝင်းဆိုတဲ့ သူရဲ့ မျက်နှာပါပဲ။ ကျွန်တော့်ကို ရူးနေပြီလိုမထင်ပါနဲ့။ မဆီ မဆိုင်ဗျာလို့လဲ မပြောပါနဲ့။ တကယ်ကိုကျွန်တော်မြင်မြင်နေမိတဲ့ မျက်နှာတွေထဲမှာ ဗိုလ်နေဝင်းမျက်နှာကြီးလဲ ပါပါတယ်။
တရက်တော့ သစ်သားတံခါးကြီး ဒိုင်းခန်ဆွဲပွင့်သွားတယ်။
အလင်းရောင်ကို ပြည့်ပြည့်ဝဝမြင်ရလို့ ထိုင်နေရာကနေ ဝမ်းပန်းတသာ အပြင်ဘက်ကိုကြည့်လိုက်မယ် ပြင်တော့ ဝင်လာတာက မျောက်အိုကြီးလေ။ ထုံးစံအတိုင်း လှောင်သလိုလို အပြုံးမဲ့မြေကြီးနဲ့ပေါ့။ မျက်နှာရှုံ့တွတွ ကြီးကို အံ့သြသလိုပုံစံမျိုးဖြစ်အောင် တမင်အတင်းဖန်တီးယူလိုက်ပြီး လက်တဖက်က နှာခေါင်းကြီးကိုပိတ်ရင်း..
“အော် .. မင်း မအေးဘူးလား။ မိုးတွင်းကြီးကွာ၊ သူများအေးလွန်းလို့ အနွေးထည်တောင်ထပ်ဝတ် နေရပြီ။ မင်းမှာ အကုန်ချွတ်လို့ကွာ .. အံ့ပါရဲ့ . အံ့ပါရဲ့” တဲ့။ ။
ကျွန်တော်က ကိုယ့်ဘကြီးလောက်အသက်အရွယ်ရှိတဲ့သူ့ကို “မအေလိုးကြီး”လို့ ကော်ဆဲပစ်လိုက်ချင် စိတ်ကိုမန်ကြီးအောင့်ပြီး သူ့ကိုခပ်တင်းတင်း ပြန်ကြည့်နေမိတယ်။
“အမလေး... ဟိုဘက်နဲနဲလှည့်ပါ။ မင်းက တမင်ပြနေသလိုပဲ၊ ငါက မင်းအသက်မှရှိသေးရဲ့ လားလို့ပါ
တံခါးကိုဆာပိတ်ပြီး ပြန်သွားတယ်။ ဒေါသတွေက တလိပ်လိပ်လှိုက်တက်လာတယ်။ နာရီဝက်ကျော် ကျော်လောက်ကြာတော့ တံခါးကြီးဂျိုင်းခန် ပွင့်သွားပြန်တယ်။ ဝင်လာတာက“ထမင်းထိုး”“ဖိုးနီတောင်”ပါ။ ထုံးစံအတိုင်းနှာခေါင်းကြီးကို ပိတ်လို့။ သူကတော့ ကျွန်တော့်အခန်း တနေ့နှစ်ခေါက် မှန်မှန်ရောက်ရတဲ့သူပါ။
မနက်“ထမင်းထိုး” ချိန် ထမင်းပန်းကန်လာပေးတခေါက်၊ ညနေ “ထမင်းထိုး” ချိန် ထမင်းပန်းကန်လာပေးတခေါက်။
ပေါင်းနှစ်ခေါက် မရောက်ရောက်အောင် လာရသူပါ။ ။
“ရော့ - ရော့ ကနေ့အသားစားနဲ့ ကြက်သားတဲ့ဗျ.. ရှားရှားပါးပါး ထမင်းပန်းကန် ဒန်ပန်းကန်ပြားကို သံတံခါးအောက်ကနေ ထိုးသွင်းပေးလာတယ်။ လုံးတီးထမင်းပုံလေးပေါ်မှာ ကြက်ခြေထောက်ကြီးတချောင်း။ တကယ်က ကြက်ပေါင်တပေါင်ဖြစ်ရမှာ။ ပုံစံအပြည့်ကျွေးရမှာက တပတ်မှာ အသားစားတနပ်။ တနပ်အတွက် အသား(၄)အောင်စ။ (၁၆) အောင်စတပေါင်ဆိုတော့ (၄)အောင်စဟာ (၇)ကျပ်သားလောက်ရှိရမှာ။ ပေါင်ရင်း ကနေမဟုတ်ပေမယ့် ဒူးဆစ်အထက် အသားတော်ရုံတော့ပါရမှာ၊ အခုတော့ တကယ့်ကို ခြေထောက်တချောင်း သာသာ။ အသားက ဘုရားစူးမိုးကြိုးပစ် ပါတယ်ဆိုရုံလေး”
(၅)တိုက်တုန်းကလိုသာဆိုရင် “မအေးလိုးတွေ ပုံစံတွင်းမတရားခိုးတယ်။ ဒီလိုခြေထောက်ရိုးကြီး လာ ပေးရသလား” လို့ ဆဲမိမှာအမှန်။ အခုလ် ပါးစပ်က ဆဲမိတော့မလိုဖြစ်သွားပြီးမှ တစုံတခုကို သတိရသွားမိပြီး ဝမ်းသာလိုက်တာ။ ကြက်ရိုးကြီးကိုကြည့်ပြီး ဝမ်းသာလိုက်တာ။
ဖိုးနီတောင် သစ်သားတံခါးကြီးကို ဂျိုင်းခန်ဆွဲပိတ်သွားတာတောင် သတိမထားမိလိုက်။ ကြက်ရိုးကြီးကို အားပါးတရဆွဲပြီး မနပ်တနပ်ချက်ထားတဲ့အတွက် အပေါ်ကမာတောင့်ကပ်နေတဲ့အရေပြားထူထူကြီးကို ဂရုတစိုက် ဖဲ့ယူစားသောက်နေမိတယ်။
လူ့စိတ်များဘယ်လောက်ခက်သလဲ။ အရင်က အခုလို မကျက်တကျက်ချက်ထားရင် တော်တော်ဒေါသ ဖြစ်မိပေမယ့် အခုတော့ အခုလိုချက်ကိုတောင် ကျေနပ်မိသလိုလိုဖြစ်လိုက်သေး။ နူးနူးနပ်နပ် ဖြစ်နေရင် အခက်။ ထမင်းတဆုပ် ဟင်းတဆုပ်နဲ့ ကြက်ရိုးကြီးကိုပြောင်စင်သွားအောင်စုပ်ယူစားသောက်ပြီးတဲ့အခါ ခြေ ကောက်ရိုးမာမာကြီးသာ ကျန်တော့တယ်။ အဓိကအသုံးချစရာ ရေရှည်အသုံးချစရာကြီးတခုတော့ရပြီ။
နောက်ဖေးသွားပြီးရင် သုတ်စရာတုတ်ချောင်းကြီးတခုတော့ရပြီ။ ကြက်ခြေထောက်ရိုးတုတ်ချောင်း။ သုံးပြီး သေးရည်ထဲထည့်ဆေး၊ ပြီးရင် နံရံထောင်ထား၊ ရိုရိုသေသေသုံးရင် အနဲဆုံးဆယ့်လေးငါးရက်လောက်တော့ အသာကလေးပေါ့။ ချဉ်ပေါင်ရိုးလို ပျော့ခွေအိဖတ်သွားစရာ အကြောင်းမရှိတော့၊ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။
လောက်တွေတင်ပါးအထိ အထိုးအကိုက်ခံရစက ဘောင်းဘီတိုလေးတထည်လောက်များ ကိုယ်မှာ ဝတ်ထားခွင့်ကျန်သေးရင် တော်တော်ကောင်းမှာပဲလို့ စဉ်းစားမိပြီး အဲဒီစဉ်းစားမိမှုကတော့ ဘယ်လိုမှ ပြည့်ဝခွင့် မပေါ်လာ။ နောက်ဖေးသွားပြီး သုတ်စရာတုတ်ချောင်းလေးတခုလောက်ရှိရင်ကောင်းမှာပဲဆိုတာကတော့ အခု ပြည့်စုံသွားပြီ။ ယာယီပြည့်စုံသွားပြီ။ “လူတို့ကြံ ထရံတောင် ချေးသုတ်ခနောင်းဖြစ်” ဆိုတဲ့ ငယ်ငယ်တုန်းက ကြားခဲ့ရဖူးတဲ့ပြက်လုံးစကားဟာ ဘာဟုတ်သေးလို့လဲ။ အခုတော့ “ လူတို့ကြံ ကြက်ခြေထောက်တောင် ချေးသုတ်တံဖြစ် ” သွားရပြီမဟုတ်လား။ ။
ထမင်းစားပြီးတော့ သံတိုင်ကြားကနေလက်လျှိုပြီး ရေလေးတခွက် ခပ်သောက်မိတယ်။ ရေကလဲ များ များမရှိ။ များများရှိလဲ များများမသောက်ရဲ။ များများသောက်ရင် များများပေါက်မိပေလိမ့်မယ်။ များများ ပေါက်မိရင် “မဟာနံတာအိုင်ကြီး”ချောင်းပေါက်သွားနိုင်တယ်။ တလှုပ်လှုပ်နဲ့လာရတာတောင် ရင်ဘတ်ပေါ် အထိ ရောက်ရောက်လာတတ်ဘဲ “လောက်”ကောင်ဟာ ချောင်းပေါက်သားလိကကော ဆယ်ဆ မကပြန် တဲ့ အမြန်နှုန်းနဲ့ ပိုမိုဒုက္ခပေးကြလိမ့်မယ်။ ကျောတခင်းစာအတွက် တစ်နှစ်သုံးလေးအရေအတွက် ခြောက်ဆောင်နဲ့ ခြောက်ခြောက်သွေ့သွေ့ နေရာကလေးတခု ဖန်တီးနိုင်တော့မှာမဟုတ်။
“ထိမှု၊ သိမှု၊ ဤနှစ်ခု၊ ကြပ်ကြပ်သတိပြု”တဲ့။ သဲအင်းဂူဆရာတော်ကြီးကတော့ ဝိပဿနာတရားတော်ကို လောကုတ္တရာလမ်းစဉ်ဘက်ကနေ တင်ပြသွားခဲ့တယ်။ ကျွန်တော်ကတော့ “ထိမှု”လ် ထိမှန်း၊ သိမှုဘက်ကနေ သိသိနေပါတယ်။ ဒါပေမယ့် လာကုတ္တရာမဟုတ်တဲ့ လောကီလမ်းကနေ ဖြစ်နေတဲ့အတွက် ထိရင်၊ ထိတာကို သိပြီး နာပါတယ်။ နှလုံးသားထဲအထိ နာပါတယ်။ အရိုးထဲအထိနာပါတယ်။ တရားမရနိုင်သေးဘူးလို့ ပြောချင် လဲ ပြောပါစေ။ ။
လောက်ကိုက်ထားရာကနေဖြစ်လာတဲ့ အနာတွေကိုကြည့်ရင်း“လောက်ကောင်”ရဲ့ မျက်နှာကိုလဲ ပြေး ပြေးမြင်ပါတယ်။ လောက်တွေကိုလဲ သေသေချာချာကြည့်မိပါတယ်။ မျောက်အိုကြီးရဲ့ အသံကိုလဲ ပြန်ပြန် ကြား နေမိပါတယ်။ ရွှေကျီးရဲ့ မျက်နှာစုတ်ချွန်းချွန်းကိုလဲ “သိမှု” တရားက ကောင်းကောင်းကြီးမှတ်မိနေပါတယ်။ အားလုံးရဲ့ အပေါ်မှာတော့ ဗိုလ်နေဝင်းရဲ့ မျက်နှာကြီးက လွှမ်းလွှမ်းသွားပါတယ်။
အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။
လောက်ကောင်တွေလဲတွေ့ခဲ့ဖူး၊ လောက်ကိုက်တာလဲခံရဖူးပြီး လောက်ကိုက်ဒဏ်ရာတွေ ကိုယ်မှာ ပျောက်ကာ နှလုံးသားထဲလောက်သာ ကျန်တော့ပေမယ့် “ခြောက်တိုက်မှာ လောက်ကိုက်တာ ခံရဖူး သလားဟေ့” ဆိုတဲ့ အသံကိုတော့ အကြောင်းဆုံတိုင်း ပြန်ပြန်သတိရနေမိပါတယ်။ ။
ဝင်းတင်ထွန်း
Comments
Post a Comment