Goli and Miya (အပိုင်း ၂)

 အခန်း (၁) ဖတ်ရန်- https://bit.ly/3k4mEpU

အခန်း(၂)


"အို ကြီးမြတ်လှစွာသော စေတန်ဘုရင်မင်းမြတ်ခင်ဗျား...အရှင်နတ်မင်းကြီးထံသို့ ဘုန်းတော်ကြီးမားလှသော အရှင်နေမင်းက အမှာစကားပါးလိုက်ပါသည်။"

လက်အောက်ငယ်သား သတင်းပေးတစ်ယောက်ကလျှောက်တင်လာလခြင်းကြောင့် စေတန်ဘုရင်လည်း

"ငါ့ကိုယ်တော်မြတ်အား အရှင်နေမင်းကမှာကြားသမျှကို မုသားမပါဟုတ်တိုင်းမှန်ရာ အမြန်ဆုံးလျှောက်တင်စေ။"


"ငါ့၏ယုံကြည်စိတ်ချအားကိုးရပါသော စနေဂြိုလ်ကိုပိုင်စားသည့် စေတန်ဘုရင်မင်းမြတ်။မကြာခင်တွင် ငါ၏ညီလာခံ၌ကြားနာစစ်ဆေးတော်မူမည့် အကြောင်းအရာအတွက် ဤအရေးပေါ်ညီလာခံကို တက်ရောက်ဖို့အရေးကြီးကြောင်းမှာကြားလိုသည်။အသင် မပျက်ကွက်ပဲ အလေးထားတက်ရောက်မည်ဟုလည်း ငါကောင်းစွာယုံကြည်သည်။ကျန်းခန့်သာ၍ မာစေသော်ဝ်။ဟုရေးသားထားပြီး အရေးနေမင်း၏ မီးပွားတံဆိပ်တော်ကို ခတ်နှိပ်ထားပါကြောင်း မှန်ကန်စွာလျှောက်တင်အပ်ပါသည်။စေတန်ဘုရင်မင်းမြတ်ခင်ဗျား။"


စေတန်ဘုရင် အနည်းငယ်တွေဝေသွားလေသည်။

"မီးပွားတံဆိပ်တော် ခတ်နှိပ်ထားတယ်ဆိုရင် ဒါအရေးပေါ်ကိစ္စကိုကြားနာဖို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး မည်မျှအရေးကြီးကြောင်းကို ရာဇသံပေးတော်မူထားတာပဲ။ငါကိုယ်တော်မြတ် မမေ့မလျော့ပဲ တက်ရောက်မှ ဖြစ်ပေမည်ကိုး။"

ဤသို့မိန့်ကြားရင်း မည့်သည့်အကြောင်းအရာဖြစ်မည်ကို မှန်းဆကြည့်၏။ထို့နောက်

"ဘာအကြောင်းအရာဆိုသည်ကို အရိပ်အမွက်မျှ မှာကြားခြင်းမပြုပေဘူးလော။"


သတင်းပေးလည်း

"မှန်လှပါ အရှင်မင်းကြီး။အရိပ်အမွက်မျှကိုပင် မှာကြား၍ မဖြစ်သည့် အရေးကြီးလျှို့ဝှက်ကိစ္စဖြစ်သည်ဟုသာ မိန့်ကြားတော်မူသွားပါသည် အရှင်မင်းမြတ်ခင်ဗျား။"


စေတန်ဘုရင်လည်း သူလုပ်လေ့ရှိသည့်အတိုင်း မေးစေ့ကိုလက်ဖြင့်ပွတ်သပ်ရင်းစဉ်းစားနေလေတော့သည်။


မကြာမီအချိန်အတွင်းမှာပင် ညီလာခံစလာတော့မည်။ဂြိုလ်ရှစ်လုံး(ပလူတိုဂြိုလ်နတ်မင်းကား ဂြိုလ်အဖြစ်သတ်မှတ်ခြင်းမခံရသောအရာကိုပိုင်စားထားရခြင်းဖြစ်သော်လည်း သူ၏ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့်ဂြိုလ်နတ်မင်းဟုသာ သတ်မှတ်ထားလေသည်။)မှအရှင်သခင်များအပါအဝင် ပလူတိုဂြိုလ်နတ်မင်းလည်းပဲရောက်ရှိနှင့်နေပြီဖြစ်သည်။


"အင်း။အရှင်နေမင်းက အရေးပေါ်ကိစ္စကိုကြားနာဖို့ရှိတယ်ဆိုတဲ့ သဘောနဲ့ မီးပွားတံဆိပ်တော်ကို ခတ်နှိပ်ထားတယ်။ဘာကိစ္စများဖြစ်နိုင်မလဲ။"

သောကြာဂြိုလ်နတ်မင်းက အနားရှိဗုဒ္ဓဟူးဂြိုလ်မင်းကို တီးတိုးမေးမြန်ကြည့်နေ၏။


ဗုဒ္ဓဟူးဂြိုလ်မင်းက လေးနက်တည်ကြည်သော ဟန်ပန်မျက်နှာထားမျိုးကိုလုပ်ယူနေရင်း

"အင်း။ဘုန်းတန်ခိုးကြီးတော်မူတဲ့ အရှင်နေမင်းက အကြောင်းကိစ္စကြီးမရှိပဲ လုပ်မှာ မဟုတ်ပေဘူး။ထုံးစံအတိုင်း သေမျိုးဇာတ်နိမ့်တွေနေတဲ့ ကမ္ဘာဂြိုလ်နတ်မင်းကြီးတစ်ယောက် ပြဿနာတွေပေးပြန်ပြီထင်ပါရဲ့။"


"ဟုတ်ပါရဲံ အမြဲတမ်းသူ့ပြဿနာတွေကြောင့် တခြားဂြိုလ်နတ်မင်းတွေ အမြဲအလုပ်ရှုပ်ကြရတယ်။သူအနေနဲ့ အရည်အချင်းရှိရှိ တာဝန်ယူမလုပ်နိုင်ရင် တခြားနတ်မင်းကိုလွှဲပေးလိုက်သင့်တယ်။ဘာအတွက်များ မနိုင်ဝန်ထမ်းနေလည်းမသိ။"


"ဪ...ကမ္ဘာဂြိုလ်လို သာယာဝပြောတဲ့ ဂြိုလ်ကောင်းကို ပိုင်စားထားတော့ ဘယ်လိုလုပ် သူများပေးနိုင်မလဲကွဲ့။"


ပြောရင်း ဘေးဘက်တွင်ရှိသော ကမ္ဘာဂြိုလ်နတ်မင်းကို မထီမဲ့မြင်သောအကြည့်မျိုးဖြင့် လှောင်ကြည့် ကြည့်နေကြလေသည်။


ကမ္ဘာဂြိုလ်မင်းကမူ ပုံမှန်သူထားလေ့ရှိသည့်မျက်နှာထားအတိုင်း ရှူတည်တည်ထားထားလေသည်။သူအဖို့ ရင်ဆိုင်နေရသည့် ပြဿနာများ၏ဝန်များမှာ သူ့နှင့်သူ၏ဂုဏ်သိက္ခာအားထိခိုက်နေလောက်အောင် ဆိုးရွှားနေသည်မှာ အားလုံးအသိဖြစ်လေသည်။


အရှင်နေမင်းရောက်လာသောအခါ

"ကဲလေ။အားလုံရောက်နေကြမှတော့လည်း ညီလာခံကိုစလိုက်ကြတာပေါ့။"


အားလုံးကို တစ်ချက်ခန့်ကြည့်လိုက်ပြီးနောက်

"အကြောင်းအရာကို ငါကိုယ်တော်မြတ်က ဆင့်ခေါ်စာထဲမှာ မရေးခဲ့တဲ့အတွက် အခုဒီမှာ ပြောကြားတော်မူမယ်။"

ထိုအခါ အနားရှိ စာတော်ဖတ်က စာချွန်လွှာကို ဖွင့်ကာ စတင်ဖတ်ရှူ့လေတော့သည်။


"ယခုနေသက်တမ်း ၁၂၃၈ခုနစ်တွင် အရှင်နေမင်းပိုင်စိုးရာ ဤဂြိုလ်အစုအပေါင်းတွင် အင်မတန်ထူးခြားကျယ်လောင်လွန်းလှသော တိုင်တည်ချက်တစ်ခုထွက်ပေါ်လာပါသည်။ထိုတိုင်တည်ချက်ကို စုံစမ်းကြည့်သောအခါ ကမ္ဘာဂြိုလ်မှလာခြင်းဖြစ်သည်ကိုတွေ့ရပါသည်။"


အားလုံး၏အကြည့်မှာ ကမ္ဘာဂြိုလ်နတ်မင်းထံသို့ ရောက်သွားလေတော့သည်။


"ထိုတိုင်တည်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အကျွန်ုပ်စောင့်စည်းသော နတ်ကောင်းနတ်မြတ်တို့၏ ဂုဏ်သိက္ခာကို သက်သေထား၍ အကျွန်ုပ်၏ အာဏာဖြင့် အမိန့်ပေးသည်။အကျွန်ုပ်၏တိုင်တည် ကြွေးကျော်သံကို အရှင်နေမင်းကြားစေသတည်း။အကျွန်ုပ်စောင့်ရှောက်ရာ ရွှာကို မြစ်စောင့်နတ်သားသည် ယုတ်မာသောနည်းလမ်းဖြင့် ဖျက်ဆီးသိမ်းပိုက်ကာ ရွှာသားများကိုလည်း သတ်ဖြတ်ခဲ့ပါသည်။အကျွန်ုပ်ကိုလည်း ယခု ရေနဂါးဓါးဖြင့် သတ်ဖြတ်ရန် ပြင်ဆင်နေပြီး မကြာခင် သတ်ဖြတ်ခြင်းကိုခံရပါတော့မည်။မြစ်စောင့်နတ်သား၏ လုပ်ရပ်များကို ကြည့်ရုံပင် ကြည့်မနေကြပါနှင့်။မသေမျိုးနတ်တို့၏ ဂုဏ်သိက္ခာနှင့်အညီ တရားစီရင်ပေးရန် တောင်းဆိုကြွေးကျော်ပါသည်။


အဆိုပါတိုင်တည်ချက်သည် ကမ္ဘာဂြိုလ်နတ်မင်းက တာဝန်ယူဖြေရှင်းရန် အာဏာရှိပါသော်ငြား တိုင်တည်ချက်မှာ အရှင်နေမင်းထံသို့ရိုက်ခတ်လာခဲ့သောကြောင့် ၎င်းရွှာစောင့်နတ်၏ အသနားခံတိုင်တည်ကြွေးကျော်မှုကို ကြားနာစစ်ဆေးကာ အရေးယူပေးရန် ယခုကဲ့သို့ညီလာခံကို ဆင့်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။"


ဖတ်ရှု့သံ၏အဆုံးတွင် အားလုံး၏စိတ်ထဲ၌ ဤမျှလောက်သိမ်နုပ်သေးငယ်ညံ့ဖျင်းသော ကိစ္စအတွက် ညီလာခံကို အရေးပေါ်ဆင့်ခေါ်ရလေခြင်းလောဟု အံ့ဩစိတ်ပျက်ခြင်းများ ပြည့်နှက်သွားကာ ကမ္ဘာဂြိုလ်နတ်မင်းသည် ထိုမျှလောက်အထိ လက်အောက်ခံများ၏ ယုံကြည်မှုကိုဆုံးရှုံထားရခြင်းကြောင့် ဤသို့ဖြစ်ရခြင်းဖြစ်သည်ဟုကောက်ချက်ချကြကာ အထင်သေးသောအကြည့်များ ကမ္ဘာဂြိုလ်မင်းထံ စုံပြုံရောက်လာကြလေတော့သည်။


အရှင်နေမင်းက

"အင်း...။ကမ္ဘာဂြိုလ်စောင့်နတ်မင်းကြီး။အသင်ဤကိစ္စကို အဘယ်သို့များပြောချင်ပါသလဲ။"


ကမ္ဘာဂြိုလ်နတ်မင်းလည်း အရှေ့ထွက်လာကာ အရှင်နေမင်းကိုဦးညွှတ်၏။ထို့နောက်...

"ဘုန်းတန်ခိုးကြီးသော်မူသော အရှင်နေမင်း...။ကျွန်တော်မျိုးပိုင်စားရာ ဂြိုလ်ပေါ်မှတိုင်တည်သံဖြစ်သောကြောင့် အကျွန်ုပ်၌အပြည့်အဝ တာဝန်ရှိသည်ဖြစ်ပါသည်။သို့သော် ဤသေဆုံးသူရွှာစောင့်နတ်လေးသည် သူ၏အခက်အခဲအတွက် အရှင့်အားအကူအညီတောင်းသည်ဖြစ်၍ တောင်းဆိုခံရသူကသာ ဖြည့်ဆည်းပေးကောင်းသည်ဖြစ်ပါသည်။"


ထိုအခါ စေတန်ဘုရင်

"အိုး...အသင် ကမ္ဘာစောင့်နတ်မင်း အသင်ပိုင်ရာဂြိုလ်အတွက် အသင်တာဝန်ရှိပါသည်ဟုပြောပြီး သင်ကိုယ်တိုင်ပဲ ထိုတာဝန်ကိုအရှင့်အားလွှဲချနေသလော။တာဝန်မဲ့လိုက်လေခြင်း။"


ကမ္ဘာဂြိုလ်နတ်မင်းက စေတန်ဘုရင်၏စကားကိုကြားဟန်မျှပင်မပြုပဲံ

"အရှင်နေမင်း။ဤရွှာစောင့်နတ်သည် နေ့စဉ်နေ့တိုင်း မနက်အရုဏ်တက်သည်နှင့် အရှင်နေမင်းကို ကန်တော့သူဖြစ်ပါသည်။အကျွန်ုပ်အပေါ်ယုံကြည်သည်ထက် အရှင်နေမင်းအပေါ်ယုံကြည်မှုမှာ သာ၍ပင်ရှိပါသည်။ထို့ကြောင့် အရှင်နေမင်းအပေါ်သူ၏ ဆည်းကပ်ကိုးကွယ်ယုံကြည်မှုမှာ ဘယ်တော့မှမလွှဲမှားခဲ့ကြောင့် သက်သေပြပေးလိုသောဆန္ဒသာအကျွန်ုပ်၌ ရှိပါသည် အရှင်နေမင်းခင်ဗျား။"


စေတန်ဘုရင်က

"အလို...တယ်ထူးပါလား။ဒါဆိုလည်းပြောပါဦး။ထိုရွှာစောင့်နတ်က အသင့်ကိုကော ကန်‌တော့ပါသလော။"


ကမ္ဘာဂြိုလ်စောင့်နတ်က မည်သို့မျှပြန်မဖြေချေ။စေတန်ဘုရင်လည်း သူ၏အရှိန်အဝါကိုကိုယ်စားပြုသော အနက်ရောင်အခိုးအငွေ့များကိုထုတ်လွှတ်လိုက်လေသည်။ထိုအပြုအမူကားအမှန်တော့ သူ၏တန်ခိုးဖြင့် တုပချင်သောရိုင်းစိုင်းသည့်အပြုအမူတစ်ခုသက်သက်သာဖြစ်သည်။သို့သော် စေတန်ဘုရင်၏ကြောက်စရာသတင်းစကားများမှ သိထားသော အခြားသူများမှာ ဝင်မပြောရဲကြပေ။


"ပြောပါဦး ကန်တော့ရဲ့လား။"

ပြောရင်းပြောရင်း အနားကိုကပ်ကာ မျက်စိမှာ အဖြေကိုစောင့်မျှော်ရင်း စိတ်လှုပ်ရှားစွာပြူးကျယ်လာလေသည်။တဖြည်းဖြည်းဖြင့် နတ်မင်းကြီးဟူသော အသွင်ပျောက်ဆုံးလာကာ မိစ္ဆာနတ်ဆိုးကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော အသွင်မျိုးဖြစ်လာလေတော့သည်။


"ကန်တော့ရဲ့လား။မကန်တော့ဘူးမလား။ဟီးဟီးဟီး ဟီးဟီးဟီးဟီး...ဟီး...ဟားဟားဟားဟား...အား...ဟားဟားဟားဟား..ဟားဟား....။"မကန်တော့ဘူးမလားကွ။ဟားဟားဟားဟား...။"

အခြားသူများက မတုန်မလှုပ်မျက်နှာထားဖြင့်သာ မသိချင်ယောင်ဆောင်နေနိုင်သော ကမ္ဘာဂြိုလ်မင်းကို အံ့ဩလျက်သာရှိကြလေသည်။အဘယ်ကြောင့်ဆိုသော် စေတန်ဘုရင်သည် စေတန်ဟူသောနတ်ဆိုးနာမည်ဖြင့်လိုက်အောင် ကြောက်မက်ဖွယ်ကောင်းသော နတ်မင်းတစ်ပါးဖြစ်လေသည့်အပြင် သူပိုင်ရာ စနေဂြိုလ်မှာ နတ်ဆိုးများမိစ္ဆာများကို ဖမ်းဆီးအကျဉ်းချထားရာ ထောင်နယ်မြေလည်းဖြစ်သဖြင့် ကြောက်မက်ဖွယ်ထောင်စောင့်ဘုရင်တစ်ပါးအဖြစ်နာမည်ကြီးလေသည်။


"ငါသိတယ်။ငါသိသားပဲကွ။ဟီးဟီး..ဟီးဟီး။မင်းကိုမရှိခိုးတဲ့ နတ်ကိုမင်း မကူညီချင်ဘူးဆိုတာ အသိသာကြီးပဲကွ။မင်းစိတ်ဓါတ်က အသိသာကြီးပဲကွ။မင်းဘယ်လောက် ဟန်ဆောင်ပြီးတော့ ဒီလိုလိမ်ညာစကားတွေကိုပြောနေစမ်းပါစေ။နှစ်ပေါင်းများစွာ အပြစ်သားတွေနဲ့ ဆက်ဆံလာတဲ့ငါ့ကိုတော့မရဘူးကွ။ဟားဟားဟားဟားဟားဟား...။"

သူပြောသောစကားသူပြန်၍ သဘောကျဟန်ဖြင့် အသားကုန်ဖြဲရယ်နေလေတော့သည်။ထိုအခါမှ ကမ္ဘာဂြိုလ်စောင့်နတ်က စေတန်ဘုရင်ဘက်ကိုလှည့်ကာ

"ခင်ဗျားပိုင်တဲ့ထောင်က အပြစ်သားတွေကတော့ ခင်ဗျားကိုရှိခိုးကြရမှာပဲနော်။ဟုတ်လား။တစ်ခုရှိတာကတော့ ဒါခင်ဗျားပိုင်တဲ့ထောင်လည်းမဟုတ်သလို ကျုပ်ကလည်းအပြစ်သားမဟုတ်တဲ့အတွက် ခင်ဗျားမှာ ကျုပ်ကိုဒီလိုပြောခွင့်ခင်ဗျားမှာမရှိဘူးဗျ။ကျုပ်ကာ ခင်ဗျားထက် တန်းတူဆိုတာထက်ပိုတဲ့ နတ်မင်းဆိုတာကိုမမေ့လိုက်နဲ့ဗျ။


စေတန်ဘုရင်က သူ၏သဘောကျနေခြင်းကို နှောက်ယှက်ခံလိုက်ရသောကြောင့် ဒေါသထွက်သွားကာ

"ဘာကွ။မင်းကများ။"


ပြောရင်း သူ၏လက်မှ မီးတောက်များထွက်လာကာ ကမ္ဘာဂြိုလ်မင်းကို ချိန်ကာပစ်လေတော့သည်။သို့သော် မီးတောက်များမှာ တစ်ဝက်တစ်ပျက်နှင့် ငြိမ်းကာ ပျက်သွား၏။


အရှင်နေမင်းက

"စေတန်ဘုရင်...အမောင်မင်းသည် သူတစ်ပါးလျှောက်လှဲချက်ကို နှောက်ယှက်ရုံနှင့်မှ အားမရ၍ တိုက်ခိုက်ဖို့အထိ ကြံရွယ်နေခြင်းမှာ ဘောင်ကျော်ရာရောက်၏။ဤတစ်ခေါက်နောက်ဆုံးဖြစ်ဖို့ ငါကိုယ်တော်မြတ် သတိပေးလိုက်မယ်။အမိန့်ကို နာခံစေ။"


စေတန်ဘုရင်လည်းထိုအခါမှ မာန်လျှော့ကာနောက်ဆုတ်သွား၏။


အရှင်နေမင်းက

"အင်း။ကမ္ဘာဂြိုလ်စောင့်နတ်မင်းရဲ့လျှောက်တင်ချက်ပါအကြောင်းအရာအရဆို ငါကိုယ်တိုင် ထိုမြစ်စောင့်နတ်သားကို တရားစီရင်ပေးခြင်းကို သေသွားသည့်ရွှာစောင့်နတ်က အလိုရှိသည်ပေါ့ မှန်ပါသလား ကမ္ဘာစောင့်နတ်မင်း။"


"မှန်ပါတယ်အရှင်နေမင်း။သို့ဖြစ်သောကြောင့် မြစ်စောင့်နတ်သားကို ဤညီလာခံသို့ ကျွန်တော်မျိုးကိုယ်တိုင်ခေါ်ဆောင်လာပါသည်အရှင်။"


တစ်ခဏအကြာ ရဲမက်များက မြစ်စောင့်နတ်သားကို မှော်အစီအမံဖြင့် ပြုလုပ်ထားသည့် သံဆူးကြိုးများဖြင့် ချည်နှောင်လျက် ဒဏ်ရာများဖြင့်စုတ်ပြတ်နေသော မြစ်စောင့်နတ်သားကို ညီလာခံခန်းမထဲသို့ခေါ်လာခဲ့လေသည်။


စေတန်ဘုရင်က ထိုမြစ်စောင့်နတ်သားကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း

"ဟီးဟီး...ဟီးဟီး...ဟီးဟီးဟီး...။စိတ်ဝင်စားဖို့ကောင်းလိုက်တာ နောက်ထပ်အပြစ်သားအသစ်ကတော့ တကယ်ကိုစိတ်ဝင်စားစရာပဲ။ဟီးဟီး...ဟီးဟီး...။"


အရှင်နေမင်းလည်း မြစ်စောင့်နတ်သားကို ကြည့်ရင်း

“အင်း။အမောင် မြစ်စောင့်နတ်သား။အသင်သည်ရွှာစောင့်နတ်နှင့် သူပိုင်ရာ ရွှာကို မုန်တိုင်းတိုက်ကာ‌ရေနှစ်ဖျက်ဆီးစေခဲ့သည်။မှန်ပါသလား။”


မြစ်စောင့်နတ်သားက

“မှန်ပါသည်အရှင်နေမင်း။”


အရှင်နေမင်းက ထပ်မံ၍

“ထိုအရာမတိုင်ခင်မှာ သင်သည် တံငါသည်တစ်ဦးကို သတ်ဖြတ်ခဲ့ပေသေးသည်။ထိုအရာကော ဟုတ်ပါသလား။”


“မှန်ပါသည်အရှင်နေမင်း။”


“ဘာကြောင့်နည်း။အကြောင်းပြချက်ရှိပါသလား။”


“အရှင် အကျွန်ုပ်သည် ဤလူသားများကိုငါးဖမ်းခြင်းဖြင့် အသက်မွေးရန် ကျွန်ုပ်ပိုင်ရာ မြစ်များထဲကမှ များစွာသောမြစ်တို့ကို ပေးထားခဲ့ပါသည်။သို့ပါသော်လည်းထိုလောဘသားများမှာ ငါးများများရလိုသောဆန္ဒကြောင့် အကျွန်ုပ်တားမြစ်ရာနယ်မြေထဲမှာ တန်ဖိုးကြီးငါးများကို ဖမ်းဆီးခဲ့ပါသည်။အကျွန်ုပ်လည်း ထိုငါးများဖြင့် လှေကိုဆိပ်ကမ်းသို့ပို့ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် သူ၏အသက်ကို ပြန်ယူခဲ့ပါသည်။သူဖမ်းခဲ့သော ငါးများ၏အရေအတွက်အရ အသက်များစွာနှုတ်ယူရန်လိုနေသေးသည်။သို့သော် ကျွန်ုပ်က ဂရုဏာထားသောအားဖြင့် သတိသာပေးတော့မည်ဟု ဆုံးဖြတ်ကာ လာခဲ့ပါသည်။သို့သော် ထိုရွှာစောင့်နတ်သည် အကျွန်ုပ်အား တားဆီးကာ နတ်ဆိုးဟု ပုတ်ခတ်စော်ကားလေသောကြောင့် ယခုကဲံ့သို့ ပြုလုပ်ခဲ့ရခြင်းပင်ဖြစ်ပါသည်။”


အရှင်နေမင်းလည်း အခြားဂြိုလ်မင်းများကို လှမ်းကြည့်လိုက်ရင်း

“ကဲအခြားဂြိုလ်စောင့်နတ်မင်းအပေါင်းတို့ အသင်တို့ မည်သို့သဘောရကြသနည်း။အဆုံးအဖြတ်ပေးရန်မဲခွဲကြပေတော့။


ဦးဆုံးထလာပြီးပြောသည်မှာ စေတန်နတ်မင်းဖြစ်၏

“နတ်ကောင်းနတ်မြတ်တစ်ပါးသည် နတ်ကောင်းနတ်မြတ်နှင့် ညီစွာကျင့်ကြံရပါသည်။ဤလုပ်ရပ်သည် နတ်ဆိုးတို့၏ လုပ်ရပ်မျိုးဖြစ်၍ နတ်ဆိုးဟူသောအမည်ကိုခံယူကာ အကျွန်ုပ်၏ စနေဂြိုလ်ထောင်အတွင်း၌ အကျဉ်းချခြင်းဖြင့် ဆုံးမပြင်ဆင်ပေးသင့်ပါသည်။”


“ဘယ်သူ့ကိုလာပြီး နတ်ဆိုးလို့ခေါ်နေတာလဲကွ။မင်းလိုစေတန်နတ်ဆိုးတစ်ကောင်ကများ။”


အားလုံးထိပ်လန့်အံ့ဩသွားကြရသည်။ပိုမို၍ထိတ်လန့်သွားရသည်မှာ ထိုစကားကိုဆိုသည်မှာ မြစ်စောင့်နတ်သားဖြစ်နေသောကြောင့်ပင်ဖြစ်လေတော့သည်။


စေတန်က ဒေါသတကြီးဖြင့်

“ရာရာစစ။မင်းကငါ့ကို...။”


ပြောရင်းဆိုရင်း မြစ်စောင့်နတ်သားနားကိုကပ်သွားသောအခါ ကမ္ဘာဂြိုလ်စောင့်နတ်က မြစ်စောင့်နတ်သားရှေ့မှရပ်လိုက်၏


စေတန်နတ်ဆိုးက

“ငါ့ရှေ့ကဖယ်စမ်း။မင်းပါနာချင်လို့လား။”


ကမ္ဘာဂြိုလ်စောင့်နတ်က

“မြစ်စောင့်နတ်သားကိုစီရင်ချက်မချခင်မှာ ဘယ်သူမှထိခွင့်မရှိဘူး။”


အရှင်နေမင်းက ဩဇာညောင်းသော ရာဇသံဖြင့်

“အားလုံးငြိမ်လိုက်ကြစမ်း။”


ထိုနောက် ကြားမှရဲမက်များက ဆွဲကာ လူချင်းခွဲလိုက်ရ၏။အားလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့မှသာ

“ကောင်းပြီ။စေတန်ဘုရင့်အဆိုကို ထောက်ခံသူရှိလား။”


ထိုအခါ ဗုဒ္ဓဟူးဂြိုလ်နတ်မင်း၊သောကြာဂြိုလ်နတ်မင်းနှင့်အင်္ဂါဂြိုလ်နတ်မင်း(မား(စ်)ဘုရင်)တို့က ထောက်ခံကြ၏။


ကမ္ဘာဂြိုလ်မင်းက

“အကျွန်ုပ်ကတော့ သူ၏မြစ်စောင့်နတ်ဟူသောဂုဏ်အချင်းအရာကို ရုတ်သိမ်းစေကာ အသက်များစွာကိုနှုတ်ယူခဲ့သော ထိုလက်များကို မိစ္ဆာလက်များအဖြစ်သာပြောင်းပေးစေပြီး မြစ်အတွင်းမှထွက်ခွာ၍မရသော ကျိန်စာမျိုးကိုသာ ခတ်နှိပ်ပေးစေခြင်းဖြင့် အပြစ်ပေးခြင်းသည် လုံလောက်သည်ဟု ယူဆပါသည်။”


အရှင်နေမင်းက

“ကမ္ဘာဂြိုလ်နတ်မင်းရဲ့ အဆိုကိုထောက်ခံသူရှိသလား။”


ကြာသပတေးနတ်သမီး(ဂျူပီတာဘုရင်မ)၊ယူရေးနတ်(စ်)ဂြိုလ်နတ်မင်း၊နတ်ပကျွန်းဂြိုလ်နတ်မင်း နှင့် ပလူတိုဂြိုလ်နတ်မင်းတို့က ထောက်ခံကြလေသည်။


အရှင်နေမင်းက

“ဒါဖြင့်ရင် ကမ္ဘာဂြိုလ်နတ်မင်းရဲ့ အဆိုကို အတည်ပြုရမှာပေါ့။”


ထိုစဉ်စေတန်ဘုရင်က

“နေပါဦးအရှင်။ပလူတိုဂြိုလ်နတ်မင်းဆိုသည်မှာ တကယ်တော့ နာမည်သာရှိ၍ ဂြိုလ်ပိုင်စားသောနတ်မင်းမဟုတ်ပါ။သူ၏မဲကိုထည့်တွက်ခွင့်မရှိပါ။မဲအတူတူဟုသာသတ်မှတ်သင့်ပါသည်၊”


ပလူတိုဂြိုလ်မင်းက မျက်နှာငယ်ဖြင့်

“ငါ့ဂြိုလ်က အကောင်အထည်ရှိပါတယ်ကွ။ရေခဲသားတွေရှိတာပဲကို။”


စေတန်ဘုရင်က

“ဟုတ်လား။အဲ့တာ သင့်ခမည်းတော်လက်ထက်ကပါ အခုတော့ဖြင့် ဓါတ်ငွေ့လုံးပဲရှိတော့တယ်မဟုတ်လား။ကိုယ်အဆင့်ကိုသိစမ်းပါ။”


အရှင်နေမင်းက ဒေါသဖြစ်စွာဖြင့်

“စေတန်ဘုရင်...။မင်းရိုင်းပျတာများနေပြီ ဒါမင်းပိုင်တဲ့ အကျဉ်းထောင်မဟုတ်ဘူးကွ။နောက်တစ်ခါထပ်ပြီးရိုင်းစိုင်းရင် ငါ့ရဲ့သည်းခံနိုင်မှုကို ကျော်လွန်သွားလိမ့်မယ်။အဲ့အခါကျ မင်းနေတဲ့နေရာက ငရဲလား ဒါကမှငရဲလားသိသွားမယ်။နားလည်လား။”


စေတန်ဘုရင်လည်း မျက်နှာက မကျေနပ်သည့်အမူအရာဖြင့်သာ နောက်ဆုတ်လိုက်လေတော့သည်။


“ကိုင်းဒါဆိုရင် မဲရလာဒ်အတိုင်းပဲ။မြစ်စောင့်နတ်သားကို ငါအရှင်နေမင်းရဲ့အာဏာအခွင့်အရေးဖြင့်အညီ စီရင်ချက်ချလိုက်တယ်။


(၁)မြစ်စောင့်နတ်သားဟူသော အမည်နာမဂုဏ်သိက္ခာကိုရုတ်သိမ်းစေ။

(၂)အသတ်တွေကိုနှုတ်ယူခဲ့သောလက်များကို မိစ္ဆာလက်အသွင်ပြောင်းစေ။

(၃)၎င်းပိုင်ဆိုင်ရာ မြစ်အတွင်းမှ အခြားသို့သွားရောက်ခွင့်မရှိသော ကျိန်စာကိုခတ်နှိပ်စေ။


မြစ်စောင့်နတ်သားလည်း တစ်စုံတစ်ရာ အဓိပ္ပာယ်ကို ထူးထူးဆန်းဆန်းလေးနက်စွာဆောင်နေသော အကြည့်များဖြင့် ကမ္ဘာဂြိုလ်စောင့်နတ်မင်းကို ကြည့်နေခဲ့လေတော့သည်။


အပိုင်း ၃ မျှော်


Comments

Post a Comment