မြန်မာ့နွေဉီးတော်လှန်ရေးမှာဘာတွေဆက်ဖြစ်လာနိုင်လဲ



မြန်မာနိုင်ငံဟာ နောက်ပြန်ဆုတ်လို့မရတဲ့ အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလက စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ရှိရင်းစွဲ ဖွဲ့စည်းပုံအရ အာဏာလွှဲယူတယ်လို့ဆိုပြီး ပြီးသွားဖို့ရည်ရွယ်ပေမယ့် အဲ့အစား မထင်မှတ်ထားလောက်တဲ့ တော်လှန်ရေးအင်အားသစ်တစ်ခုကို မွေးထုတ်ပေးလိုက်သလိုသာဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ၄ လအတွင်း လူပေါင်း ၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၅၀၀၀ ကျော်ကိုဖမ်းဆီး ခဲ့ပေမယ့် ဆန္ဒပြပွဲများကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ အာဏာစက်ကို စိန်ခေါ်ဖို့ ဧပြီလ ၁ ရက်နေ့မှာတော့ NLD ပါတီမှ ရွေးကောက်ခံ လွှတ်တော်အမတ်များမှ "အမျိုးသားညီညွတ်ရေးအစိုးရ" ကိုဖွဲ့စည်းခဲ့ပါတယ်။ ဧပြီလနဲ့ မေလ တောက်လျှောက်မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ လူနည်းစုတိုင်းရင်းသားတပ်ဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မျိုးဆက်သစ် ဒီမိုကရေစီတောင်းဆိုသူလူငယ်များဟာ စစ်တပ်စခန်းနဲ့ ရုံးများကို တိုက်ခိုက်ကြပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ လာမယ့်နှစ်တွေမှာ အာဏာကို တစ်ပိုင်းတစ်စချုပ်ကိုင်လာနိုင်သော်လည်း တည်ငြိမ်အောင်တော့စွမ်းဆောင်နိုင်မှာမဟုတ်ပေ။ မြန်မာ့စီးပွားရေး ဖိနှိပ်မှုနဲ့ လူမှုရေးစိန်ခေါ်မှုတွေဟာ ရှုပ်ထွေးလှပါတယ်။ စစ်တပ်အပေါ်ကို လူထုရဲ့ အမုန်းတရားဟာ အလွန်ကြီးထွားနေပြီး ဒီလိုကြီးမားတဲ့ အခက်အခဲတွေကို သမိုင်းကြောင်းအရပါ အစဉ်အလာမကောင်းခဲ့တဲ့ အဖွဲ့အစည်းအနေနဲ့ စီမံခန့်ခွဲဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ တစ်ချိန်ထဲမှာပဲ တော်လှန်ရေးသမားတွေအနေနဲ့လည်း တစ်ချက်ထဲနဲ့တော့ စစ်တပ်ကို အလဲထိုး လှဲဖြိုနိုင်မှာမဟုတ်ပါဘူး။

ဒီအခြေအနေသာ ရှေ့ဆက်သွားရင် စီးပွားရေးပိုမိုယိုင်နဲ့လာပါမယ်။ ဆင်းရဲတွင်းတွေ အကြီးအကျယ်နက်လာနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ပြီးတော့ လက်နက်ကိုင် တိုက်ပွဲတွေပိုဆိုးလာနိုင်ပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့မှာ ဒုက္ခသည်တွေ စုပြုံသွားနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကျရှုံးနိုင်ငံ (Failed State) တစ်ခုဖြစ်လာနိုင်ပြီးတော့ အဲ့ကျရှုံးမှုကို အခွင့်ကောင်းယူမယ့် အစုအဖွဲ့တွေပေါ်ပေါက်လာပါလိမ့်မယ်။ တစ်နှစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနိုင်တဲ့ Methamphetamine ထုတ်လုပ်သူတွေ၊  ကမ္ဘာ့အဖိုးတန် မျိုးစိတ်တစ်ချို့နေထိုင်ရာ ဒေသတွေက သစ်တောတွေခုတ်လှဲသူတွေ၊ သားရဲတိရိစ္ဆာန်တရားမဝင်ရောင်းဝယ်ဖောက်ကားသူ( တရုတ်နိုင်ငံရဲ့ Covid 19 ကိုစတင်စေခဲ့တဲ့သူတွေလို) လူတွေ ကြီးစိုးလာကြမှာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာလည်း သူ့ဟာသူဆက်လက်ပြန်ပွားနေဦးမှာဖြစ်ပါတယ်။

ယခုအချိန်လုပ်သင့်တာကတော့ နိုင်ငံကျရှုံးနေတဲ့ ကာလကိုတိုတောင်းအောင်လုပ်ဖို့၊ အဆင်းရဲဆုံးနဲ့ ထိခိုက်နိုင်သူများကို ကာကွယ်ဖို့နဲ့ လွတ်လပ်မျှတပြီး ကြွယ်ဝတဲ့ အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ပြီး နိုင်ငံကိုပြန်လည်ထူထောင်ဖို့ဖြစ်ပါတယ်။ အနာဂတ်မှာငြိမ်းချမ်းနေတဲ့ မြန်မာပြည်ကိုထူထောင်ဖို့ရာ ယခုနဲ့ လုံးလုံးကွဲခြားတဲ့ နိုင်ငံသားဖြစ်ခွင့်အယူအဆတွေ၊ အတိတ်ရဲ့ အမျိုးသားရေးစကားတွေ ဖယ်ရှားထားခြင်းနဲ့နဲ့ ပြောင်းလဲတဲ့ နိုင်ငံ့စီးပွားရေးစနစ်တို့အပေါ်  အခြေခံဖို့လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ သမိုင်းအစဉ်အလာအရ ဒါဟာ တစ်ခုတည်းသော အဖြေဖြစ်ပြီး အောင်မြင်နိုင်ဖို့ရာလည်း အလွန်အားစိုက်ထုတ်ရမယ့် အရာဖြစ်ပါတယ်။ အာဏာရှင်စနစ်ဟာ ဒါကိုဖြေရှင်းနိုင်တဲ့ အဖြေမဟုတ်သလို  တည်ငြိမ်မှုကိုလည်းဆက်လက်ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်လာမယ့်ဆယ်စုနှစ်များမှာတော့ အာရှရဲ့ အသဲနှလုံးမှာရှိတဲ့မြန်မာနိုင်ငံဟာ ပိုမိုကျဆုံးနေတဲ့ နိုင်ငံနဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့  မင်းမဲ့တိုင်းပြည်တစ်ပြည်အဖြစ် ပေါ်ထွက်လာဦးမှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကိုလိုနီပြုခြင်းခံခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုအစပိုင်းမှာ ဗြိတိလျှတို့ က ဘင်္ဂလားကျွန်းဆွယ်ကနေ မလေးကျွန်းဆွယ်အထိ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ(မြန်မာဘုရင်များ ထောင်စုနှစ်တစ်ခုစာ အုပ်ချုပ်ခဲ့သောနေရာ)နဲ့ ပတ်ပတ်လည်က တောင်တန်းဒေသများ(အပြင်လူအုပ်ချုပ်ခြင်းမခံရဖူးသောဒေသများ)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မြန်မာ (ယခင်အခေါ် ဘားမား) လူမျိုးများဟာ စစ်အင်အားနဲ့ အုပ်ချုပ်မှုနဲ့ လူမျိုးရေးခွဲခြားအုပ်ချုပ်မှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ သန်းကောင်စာရင်းဌာနတာဝန်ရှိသူများကတော့ များပြားပြီး အမျိုးမျိုးသော လူမျိုးစုတွေဟာ ရောထွေးနေတာကြောင့် နိုင်ငံဟာ "လူမျိုးရေးတွေ မတည်ငြိမ်တဲ့ဒေသ"လို့တောင် ငြီးကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က လူတိုင်းကို ဘာလူမျိုးဆိုတာကို ခွဲခြားခဲ့ပါတယ်။ တစ်ချို့လူမျိုးတွေကို "တိုင်းရင်းသား"(indigenous)လို့ အမည်သတ်မှတ်ပြီး ကျန်ကို "လူမျိုးခြား"(alien) လို့သတ်မှတ်ပါတယ်။ အင်္ဂလိပ် တွေအနေနဲ့ မမျှမတနဲ့ အမြတ်ထုတ် စီးပွားရေးစနစ်ကို ကျင့်သုံးပြီး အိန္ဒိယအလုပ်သမား အမြောက်အမြားကို မြန်မာနိုင်ငံကိုရွှေ့ပြောင်းစေပြီး အခြေခံလူသုံးကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊သစ် စသည်တို့ကို ကမ္ဘာ့ဈေးကွက်ထဲတင်ပို့ရောင်းချပါတယ်။

ဗမာ့နိုင်ငံရေးဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုစာလောက်က ပေါ်ထွက်ခဲ့ပြီး ဗမာစကားပြော ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အရင်းတည်ပြီး ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်၊ ဘာသာရေးအခြေခံပြီး အိန္ဒိကနေ ပါကစ္စတန်ခွဲထွက်ခြင်း မတိုင်မီ ၁၀ နှစ်အလိုမှာ အင်္ဂလိပ်တို့အနေနဲ့ မြန်မာနိုင်ငံကို လူမျိုးကွဲပြားမှုပေါ်အခြေခံပြီး အိန္ဒိယကနေ ခွဲထုတ်ခဲ့ပါတယ်။ 1948 ခုနှစ် လွတ်လပ်ရေးရပြီး အချိန်မှာတော့ ဗမာပြည်ထောင်ဟာ ဗမာမဟုတ်တဲ့ တစ်ခြားတိုင်းရင်းသားများ၊ ဉပမာ ကရင်၊ရှမ်း တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဗမာလူမျိုးနဲ့ယဉ်ကျေးမှုတို့ကိုသာ အဓိကအရေးပေးတဲ့ ဘောင်ထဲကနေပူးပေါင်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ လူမျိုးခြားလို့ သတ်မှတ်ခြင်းခံရသူများ( ဉပမာ- 2016 နဲ့ 2017မှာ ဘင်္ဂလားဒေ့ရှ်ကိုမောင်းထုတ်ခြင်းခံရခဲ့တဲ့ ရိုဟင်ဂျာ မူစလင်လူပေါင်း ၇၀၀,၀၀၀ ကျော်) ကပိုပြီး ဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ်။ မြန်မာရဲ့ နိုင်ငံထူထောင်မှုဟာ ရာစုနှစ်ပေါင်းများစွာ ကျရှုံးနေခဲ့တာဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ ဒေသတွေနဲ့ နိုင်ငံတစ်နိုင်ငံလုံးအပြည့်ဘယ်တုန်းကမှ မထူထောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗမာစစ်တပ်ဟာ သူ့ကိုယ်သူ အမျိုးသားရေးကိုစောင့်ရှောက်ကာကွယ်သူလို့ ခန့်အပ်ထားတာဖြစ်ပါတယ်။ ဗမာစစ်တပ်ဟာ ဒုတိယကမ္ဘာစစ်ကတည်းက မနားတည်းစစ်တိုက်နေတဲ့ တစ်ခုထဲသောစစ်တပ်လည်းဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ဂျပန်၊ လွတ်လပ်ရေးရပြီးချိန်မှာတော့ တမူထူးခြားတဲ့ ရန်သူများဖြစ်တဲ့ 1950 ခုနှစ်က ဝါရှင်တန် ထောက်ပံ့တဲ့ တရုတ်အမျိုးသားရေးတပ်များ၊ 1960 မှာ ဘေဂျင်း ကျောထောက်နောက်ခံပေးထားတဲ့ ကွန်မြူနစ်များ၊ မူးယစ်ရာဇာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ နဲ့တိုက်ခိုက်ခဲ့ပြီး သေကျေပျက်ဆီးမှုလည်း အများအပြာရှိခဲ့တာဖြစ်ပါတယ်။ 1970 ကတည်းက တိုက်ပွဲအများစုဟာ စစ်တပ်ရဲ့ တိုင်းရင်းသားလူနည်းစုများအပေါ် ဗဟိုအာဏာနဲ့ချုပ်ကိုင် ဖို့ကြိုးစားတဲ့ တောင်တန်းဒေသတွေမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်လျှောက်က မြို့တွေကိုလည်း ရံဖန်ရံခါဆင်းပြီး အတိုက်အခံတွေကိုနှိမ်နင်းသေးတာလဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အင်အားဟာလည်း အင်အား ၃၀၀,၀၀၀ ကျော်အထိကြီးထွားလာခဲ့ပါတယ်။ ဒီနှစ်တွေထဲမှာပဲ စစ်တပ်အနေနဲ့ တရုတ်နဲ့ ရုရှားထံမှ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ၊ ဒုံးလက်နက်တွေ ရရှိထားတာဖြစ်ပါတယ်။ ဒီဟာတွေကို စစ်ဗိုလ်ချုပ်တစ်စုကသာထိန်းချုပ်ထားပြီး တပ်မတော်ကို ထိန်းချုပ်ထားနိုင်တဲ့ အာဏာမရှိတဲ့မြန်မာနိုင်ငံအတွက် မတွေးဝံ့စရာလဲ ဖြစ်ပါတယ်။ 

လွတ်လပ်ရေးရပြီး ဆယ်စုနှစ် ၄စု လောက်ကို အရပ်သားအစိုးရရော စစ်အစိုးရအဆက်ဆက်ဟာ ကိုလိုနစ်ခေတ်စီးပွားရေး မညီမျှမှု တွေကိုတုံပြန်တဲ့အနေနဲ့ ဆိုရှယ်လစ်စနစ်ကိုရွေးချယ်ခဲ့ကြပါတယ်။ အစိုးရရဲ့ အဓိကအတိုက်အခံကတော့ ကွန်မြူနစ်များဖြစ်ပါတယ်။ 1960 နှစ်များအတွင်း အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ အဓိကစီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ပြီး ကမ္ဘာ့နိုင်ငံများနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာတော့ အနေအထားတစ်မျိုးပြောင်းခဲ့ပြန်ပါတယ်။ စစ်အစိုးရအသစ်တစ်ရပ်က အာဏာထပ်သိမ်းပြီး ဆိုရှယ်လစ်စနစ်ကို ငြင်းပယ်ကာ ပုဂ္ဂလိကလုပ်ငန်းတွေ၊ နိုင်ငံခြားကုန်သွယ်မှုတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို စတင် အားပေးခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေအတွင်းမှာ ဒီမိုကရေစီတောင်းဆိုတွေကို တစ်သားထဲရှိတဲ့အနေနဲ့ အနောက်နိုင်ငံများက Sanction(ပိတ်ဆို့မှု) တွေသာတိုးပြီး ချမှတ်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ စစ်တပ်ရဲ့အဓိက ရန်သူဖြစ်တဲ့ ဘေဂျင်းကျောက်ထောက်နောက်ခံပေးထားတဲ့ အရှေ့မြောက်ပိုင်း ကွန်မြူနစ်အဖွဲ့ ပြိုကွဲခဲ့ပြီး တရုတ်နိုင်ငံနဲ့ ပထမဆုံးကုန်သွယ်နိုင်မယ့် အလားအလာရှိလာပါတယ်။ အကျိုးဆက်ရလဒ်အနေနဲ့ ဗမာ့ အရှင်းရှင်စနစ်ဟာ ကပ်လျက် တရုတ်နိုင်ငံရဲ့ စက်မှုတော်လှန်ရေးကြီးနဲ့ တင်းတင်းကျပ်ကျပ်ချည်နှောင်မိလာပါတော့တယ်။

1990နှစ်များနောင်ပိုင်းကျင့်သုံးတဲ့ political economyဟာ ကိုလိုနီခေတ်နောင်ပိုင်းမှာ မညီမျှဆုံးဖြစ်လာပါတယ်။အထူးသဖြင့် အပစ်အခက်ရပ်စဲပြီးတဲ့ ဒေသခံတပ်တွေရဲ့ နေရာတွေမှာ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေ ပေါများလာပါတယ်။ သစ်နဲ့ မိုင်းတွင်းများ(အထူးသဖြင့် ကျောက်စိမ်း) ဟာ စစ်ဗိုလ်ချုပ်များ နဲ့ သူတို့ရဲ့အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင် တစ်သိုက်ကိုချမ်းသာကြွယ်ဝစေခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ အကျိုးအမြတ်တွေကို အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ရန်ကုန်ရဲ့ အိမ်ခြံမြေလုပ်ငန်း တွေမှာပြန်လည် ရင်းနှီးမြှုတ်ခဲ့ပြီး အိမ်ဈေးတွေ ဒေါ်သာသန်းချီထိုးတက်စေခဲ့ပါတယ်။ 2008 ခုနှစ်မှာ အသစ်ရှာဖွေတွေ့ရှိတဲ့ ကမ်းလွန်ရေနံဟာ စစ်အစိုးရကို တစ်နှစ်ဒေါ်လာ ၃ ဘီလီယံလောက်ရရှိစေခဲ့ပါတယ်။ အဲ့ပိုက်ဆံတွေဟာ အချိတ်အဆက်တွေသုံးကာ ငွေလဲနှုန်းနည်းနည်းနဲ့ပြန်လည်ရနိုင်ရနိုင်ပြီး အကျိုးအမြတ်များလှတာလဲဖြစ်ပါတယ်။ စစ်ခေါင်းဆောင်အကုန်လုံးတော့ မချမ်းသာနိုင်ပေမယ့် အာဏာကို ပိုက်ဆံအဖြစ်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတွေတော့ရရှိကြတာပဲဖြစ်ပါတယ်။

ဘယ်သူမှ အခွန်မဆောင်ကြ သလို နိုင်ငံအနေနဲ့လည်း လူမှုရေးဝန်ဆောင်မှုတွေဘာမှမပေးပါဘူး။ 2000 ပြည့်နှစ်မှာတော့ World Health Organisation အနေနဲ့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ကို ကမ္ဘာ့နိုင်ငံများရဲ့အောက်ဆုံးနားမှာသတ်မှတ်ပေးခဲ့ပါတယ်။ စစ်တပ်အနေနဲ့ သာမန်ပြည်သူတွေဆီက မြေပမာဏ အမြောက်အမြားလဲ သိမ်းယူခဲ့ပါသေးတယ်။ နောက် 2008 ခုနှစ်မှာတော့ နာဂစ်ဆိုင်ကလုံးက လူပေါင်း 140,000 လောက်ကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။ မြေနေရာဆုံးရှုံးမှု၊ ဆိုင်ကလုံးနဲ့ ရာသီဉတုပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ခြိမ်းခြောက်ခံလာရမှုတို့ကြောင့် နိုင်ငံ အနောက်ပိုင်းကနေ အရှေ့ပိုင်းကို တဖြည်းဖြည်းပြောင်းရွှေ့လာကြပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း ဗမာလူမျိုးတွေအနေနဲ့  ရန်ကုန်နဲ့ အထက်ပိုင်းလူနည်းစု ဒေသများသို့ လည်းကောင်း နိုင်ငံအနှံကလူတွေ ထိုင်းနိုင်ငံသို့လည်းကောင်း(မြန်မာနိုင်ငံက အလုပ်ကြမ်းသမား သုံးသန်းကနေ လေးသန်းလောက်ထိ) ရွှေ့ပြောင်းကုန်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လူမျိုးရေးပြ Demographic ဟာ ပိုပိုပြီးရှုပ်ထွေးလာပြီး နေရာဒေသတဲ့ လူမျိုးစုတွေကွဲသွားကြပါတယ်။

လူမျိုးကြီးဝါဒဟာ ideology အရပြိုင်ဘက်မရှိပါဘူး။ 1989 မှာ စစ်ဗိုလ်ချုပ်တွေဟာနိုင်ငံအမည်ကို ဘားမား(ဉရောပတိုက်သားတွေ ၁၆ ရာစုလောက်ထဲက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတစ်ဝိုက်ကိုခေါ်ဆိုခဲ့တဲ့အမည်)ကို ဗမာစကားပြောလူအများစုရဲ့ လူမျိုးအခေါ်အဝေါ်ဖြစ်တဲ့ မြန်မာလို့ပြောင်းလဲခဲ့ပါတယ်။ ဆိုရှယ်လစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒတို့ မှေးမှိန်သွားပြီး အဲ့နေရာမှာ အမျိုးသားရေးဝါဒက ဝင်ရောက်လာပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာစကားပြော မြန်မာလူမျိုးများ စုပေါင်းတည်ထောင်တဲ့ နိုင်ငံဆိုတဲ့ အယူအဆနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုဟာ မေးခွန်းမထုတ်နိုင်တဲ့နေရာရောက်လာပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာပဲ မြန်မာနိုင်ငံဟာ နိုင်ငံရေးစနစ်ရော စီးပွားရေးအရပါ ပိုမိုပွင့်လင်းလာပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေဟာ Sanction တွေ သံတမန်ရေးရာတွေကြောင့်မဟုတ်ပဲ နိုင်ငံရဲ့စစ်ဗိုလ်ချုပ်သန်းရွှေအနေနဲ့ ဖွဲ့စည်းပုံအသစ်တစ်ခုပြဠာန်းခြင်းကသာ သူ့ကို အန္တရာယ်ကင်းကင်းနဲ့ သက်တောင့်သက်သာ အနားယူစေနိုင်လို့ ယူဆလို့ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်နေ့နေ့မှာ သူ့ကို ပြန်ဒုက္ခပေးလာနိုင်တဲ့ စစ်အာဏာရှင်အသစ်ကို အာဏာလွှဲမပေးချင်တော့ပဲ တိုင်းပြည်အာဏာကို အသက်ငယ်ငယ်ဗိုလ်ချုပ်တစ်စုနဲ့ သူတည်ထောင်ခဲ့တဲ့ စစ်တပ်အရာရှိဟောင်းတွေပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ အစိုးရတို့ ကို ခွဲပြီးအုပ်ချုပ်စေခြင်းက ပိုပြီး အမျှော်အမြင်ကြီးတဲ့ရွေးချယ်မှုလို့ သူကယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းတွေပါဝင်တဲ့ USDP ဟာ ဇာတ်ညွှန်းအတိုင်းမလုပ်ပဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ အင်တာနက်ကို ဖွင့်လှစ်ပေးခြင်း၊ ရာစုနှစ်တစ်ဝက်စာလောက်မရခဲ့ဘူးတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ကို ပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ အရိပ်အယောင်ကို မြင်လာတဲ့ အနောက်နိုင်ငံများကလည်း စီးပွားပိတ်ဆို့မှုတွေ ရပ်သိမ်းခဲ့ပြီး နိုင်ငံစီးပွားရေး တရှိန်ထိုး တိုးတက်လာပါတယ်။ Telecommunications ကဏ္ဍကိုဖွင့်လှစ်ပေးလိုက်ခြင်းက ဆက်သွယ်ရေးမှာ အလွန်ပြောင်းလဲသွားစေခဲ့ပြီး 2011 ခုနှစ်မှာ လူအများစုစမတ်ဖုန်းကိုင်လာနိုင်ပြီး Facebook ပေါ်​ရောက်လာကြပါတယ်။ ဒီလို အတန်အသင့် လွတ်လပ်ခွင့်တွေကြား အရွယ်ရောက်လာတဲ့ မျိုးဆက်သစ်တစ်ရပ်ဟာ သူတို့နိုင်ငံကို ကြွယ်ဝပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် အလွန်အလိုရှိကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်ကတော့ သူ့ကမ္ဘာနဲ့သူ သီးသန့်ကျန်ရှိနေဆဲဖြစ်ပါတယ်။ သန်းရွှေ  အနားယူချိန်မှာတော့ သူ့ရဲ့ ဂျူနီယာဖြစ်တဲ့ မင်းအောင်လှိုင်ကို စစ်တပ်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးကြောင်းပြသဖို့ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ရာထူးပေးအပ်ခဲ့ပါတယ်။ အရင်စစ်ခေါင်းဆောင်တွေထက် ဆယ်စုနှစ်တစ်ခု နှစ်စုစာလောက်ပိုငယ်တဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းအပါဗိုလ်ချုပ်များဟာ အရင်ဆယ်စုနှစ်တွေထက်စာရင် ပိုက်ဆံရနိုင်တဲ့ အဆက်အသွယ်တွေနည်းနည်းပဲရကြတာပဲဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ ၂၀၁၁ ထဲကစတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများဟာ စီးပွားရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို မှေးမှိန်လာစေခဲ့ပါတယ်။ နိုင်ငံခြားငွေကြေးနဲ့ Corporate monopoly တွေကို ချုပ်ကိုင်နိုင်တဲ့ အခွင့်ထူးတွေဆုံးရှုံးလာပါတယ်။ နိုင်ငံဘက်ဂျက်ရဲ့ စစ်အသုံးစရိတ်တွေလျော့ကျခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်အနေနဲ့ စီးပွားရေးပေါ်လစီတွေကို ဝင်ရောက်စွက်ဖက်ခွင့်မရတော့တာလဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အရင်က စီးပွားရေး ပါတနာအချို့အနေနဲ့လည်း နိုင်ငံတကာလုပ်ငန်းတွေနဲ့ ပြိုင်ဆိုင်ရာမှာ ကျရှုံးလာပြီး တခြားသူတွေနဲ့လည်း တန်းတူယှဉ်ပြိုင်လာရတာဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနည်းငယ်ကတော့ စစ်တပ်ရဲ့ပေးကမ်းမှုတွေအပေါ် မှီခိုနေရတုန်းပဲဖြစ်ပါတယ်။

2010 မှာတော့ စစ်တပ်အနေနဲ့ ပိုက်ဆံရှာတာကို အသားမပေးတော့ပဲ အကြမ်းဖက်တိုက်ခိုက်ရေးဘက်ကို လှည့်လာပါတယ်။ စစ်ဗိုလ်ချုပ်တွေအနေနဲ့ သူတို့ရဲ့စစ်တပ်ရဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ပြီး သူတို့အခေါ်အဝေါ်အရ "standard modern army" ဖြစ်လာချင်ခဲ့ပါတယ်။ ပြည်တွင်းက အဆုံးမရှိတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကိုသူတို့ပုံစံနဲ့သူတို့ရပ်တန့်ဖို့ စိတ်ကူးကြပါတယ်။ တိုင်းရင်းသားလူနည်းစုကိုကိုယ်စားပြုပြီး တိုက်ခိုက်နေတဲ့အမျိုးမျိုးသောတပ်ဖွဲ့တွေကို လက်နက်ဖြုတ်ပြီး ဖြိုခွဲဖို့ကို ဖိအားပေးရင်းရော မြူစွယ်ရင်းရော ကြိုးပမ်းပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူတို့ရဲ့ စစ်ဆင်ရေးကို အဓိကအာရုံစိုက်ခဲ့တာကတော့ အာရကန်၊ကိုးကန့်၊ တအောင်းစတဲ့ တရုတ်နဲ့ဆက်နွယ်နေတဲ့ တိုင်းရင်သားလူနည်းစုတပ်ဖွဲ့တွေအပါ်ဖြစ်ပြီး ရိုဟင်ဂျာလူမျိုးတုန်း နယ်မြေရှင်းလင်းရေးတွေလဲ အပါအဝင်ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုလောက်အထိတော့ သူတို့ရဲ့တင်းတင်းမာမာ လုပ်ရပ်တွေကို ထောက်ခံသူတွေရှိလာခဲ့ပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဗမာလူမျိုးကြီး ဝါဒ ဖုံးလွှမ်းလာပြီး ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကြားမှာလဲ အစ္စလာမ်ဘာသာနဲ့ တခြားနိုင်ငံခြားအရာအားလုံးဟာ သူတို့ကိုးကွယ်ဘာသာကို အန္တရာယ်ပြုလာနိုင်တယ်ဆိုတဲ့ အယူအဆတွေတွေ့လာရပါတယ်။

 __________________________________

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ စစ်တပ်ကိုတော့ သူ့ကမ္ဘာနဲ့သူချန်ထားခဲ့တုန်းဖြစ်ပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ အထိ စစ်တပ်ဟာ USDP ရဲ့ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ အာဏာကိုခွဲဝေပြီး အခင်အမင်မပျက် အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၆ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ဟာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး သူတို့ရဲ့ ခေတ်အဆက်ဆက်နိုင်ငံရေး ရန်သူတွေနဲ့ အစိုးရဖွဲ့ရတော့မှာဖြစ်လာပါတယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေး(ရဲတပ်ဖွဲ့ကိုထိန်းချုပ်နိုင်)နဲ့ နယ်စပ်ရေးရာစတဲ့ ဝန်ကြီးဌာန ၃ ခုကို ချုပ်ကိုင်ပြီး လွှတ်တော်ရဲ့ ထိုင်ခုံ ၄ ပုံတစ်ပုံကို နေရာယူထားပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ့် အာဏာကိုရရှိပါတယ်။ သူရဲ့ လွှတ်တော်အတွင်းနေရာအမြောက်အမြားရရှိမှုက သူကြိုက်တဲ့ဉပဒေကို အလိုရှိသလိုပြဠာန်းလို့ရပြီး နိုင်ငံရဲ့ဘက်ဂျက်နဲ့ စစ်တပ်ချုပ်ကိုင်တဲ့ လုံခြုံရေးကိစ္စတွေကလွဲရင် အစိုးရပေါ်လစီအကုန်လုံးကို ထိန်းချုပ်ခွင့်ရရှိတာပဲဖြစ်ပါတယ်။

သူမနဲ့ စစ်ဗိုလ်ချုပ်တွေဟာ အသက်အရွယ်အလိုက်လေးစားခြင်း၊ self-discipline(ကိုယ့်စည်းကိုယ့်ကန်းနဲ့နေခြင်း) နဲ့ ဗုဒ္ဓဘာသာကို အလေးထားခြင်း စတဲ့ သမာရိုးကျအတွေးအမြင်တွေတူညီကြပြီး ကမ္ဘာကို လူမျိုးကြီး ဝါဒနဲ့ကြည့်မြင်ရာမှာလည်းတူညီကြပါတယ်။ ရိုဟင်ဂျာများကိုနှင်ထုတ်တဲ့ကိစ္စအပေါ် အနောက်နိုင်ငံများရဲ့တုံ့ပြန်ချက်ဟာ မမျှတဘူးလို့ ယုံကြည်ကြရာမှာလည်း တူညီကြပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ International Court Justice မှာ စစ်တပ်ကို ကာကွယ်ဖို့ The Hague ကိုသွားပြီး အကျိုးမရှိပဲ တရားစွဲဆိုမှုကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမနဲ့ စစ်ဗိုလ်ချုပ်များအကြားဆက်ဆံရေးဟာ အကောင်းဆုံးအခြေအနေမှာရှိနေတာတော့မဟုတ်ပါဘူး။ NLD အစိုးရအနေနဲ့ စစ်တပ်အာဏာသိမ်းမှာကို စိုးရိမ်ခဲ့ပြီး စစ်တပ်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်နိုင်ငံတွေအကြားလျှို့ဝှက်ကြံစည်ပြီး အစိုးရအဖွဲ့ကနေ သူ့ကိုဖယ်ထုတ်သွားမှာ စိုးရိမ်ပါတယ်။ 

ရိုဟင်ဂျာတွေကို ပြင်းပြင်းထန်ထန်ဖယ်ရှားခဲ့တဲ့ ကိစ္စကြောင့်စိတ်ကွက်ခဲ့တဲ့ တစ်ချိန်က နိုင်ငံတကာကထောက်ခံသူတွေကို ကျေငြိမ်းအောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကို ဒုက္ခပြန်ပေးလာမှာကိုလည်း မင်းအောင်လှိုင်အနေနဲ့ စိုးရိမ်နေခဲ့ပါတယ်။

နိုင်ငံရေးအခြေအနေတင်းမာလာတော့ နိုင်ငံရဲ့ စီးပွားရေးဟာလဲ ထိလွယ်ရှလွယ်အခြေအနေဖြစ်လာတယ်။ ၂၀၁၆ ခုနှစ်မှာ တော့ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့  International Monetary Fund ရဲ့ အကြံဉာဏ်ကိုယူပြီး ပုဂ္ဂလိကဘဏ်တွေအတွက် စီးပွားရေး စည်းကမ်းအသစ်တွေပြဠာန်းခဲ့တယ်။ အဲ့အချိန်မှာ နိုင်ငံရဲ့ ချေးငွေတစ်ဝက်လောက်ဟာ ဘာလုပ်ငန်းမှမယ်မယ်ရရမဖြစ်ထွန်းပဲ ရှမ်းရှမ်းတောက် အိမ်ခြံမြေဈေးကွက်ဟာလည်း နှာခေါင်းပေါ်ရုံလေးလောက်သာ အခြေအနေရှိပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကိုထောက်ခံသူအများစုက စက်ဆုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်စုအပေါ် ဩဇာရှိကြောင်းသိလာပါတယ်။ အရင်စစ်ခေါင်းဆောင်ဟောင်းတွေ လက်ထက်က ချမ်းသာလာခဲ့တဲ့ ခရိုနီတွေအနေနဲ့ သူမရဲ့ စိတ်ဝင်စားမှုရရှိဖို့ ကြိုးပမ်းလာကြတယ်။ သူမရဲ့ အကြံပေးတွေကတော့ ပိုပိုပြီး လျှော့ပေါ့ပေး(Liberalize)ဖို့ တွန်းအားပေးကြပါတယ်။ တစ်ချိန်ထဲမှာပဲ ဘေဂျင်းအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ခဲ့ပြီး သူ့ရဲ့ တရုတ်အနောက်တောင်ပိုင်းက ယူနန်နဲ့ ဘဂ်လားပင်လယ်အော် ကိုဆက်သွယ်မယ့် တရုတ်-မြန်မာစီးပွားရေး ဆက်သွယ်ရေးမှုဖြစ်တဲ့ ဒေါ်လာဘီလီယံပေါင်းများစွာပါဝင်သော Belt and Road Initiative ပရောဂျက်ကို တင်ပြလာပါတယ်။

အဲ့တာနောက်ပိုင်း ကိုဗစ်ရောဂါကြီး ဖြစ်လာပါတယ်။ ကိုဗစ်ဟာ လူထုကျန်းမာရေးအပေါ်သက်ရောက်မှုက အနည်းငယ်ဖြစ်ပေမယ့် Lockdown တွေ ပိတ်ဆို့မှုတွေက နိုင်ငံခြားကုန်သွယ်မှုတွေကို ပရမ်းပတာဖြစ်လာစေတယ်။ အစိုးရရဲ့ တုံ့ပြန်မှုကတော့အားရစရာမကောင်းလှပါဘူး။ အဆိုးရွား စီးပွားရေး ထိခိုက်ခံရဲ့သူတွေအတွက် ငွေကြေးထောက်ပံ့ပေးမှုမရှိသလောက်ပါပဲ။ ၂၀၂၀ အောက်တိုဘာလမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ၊ ဆင်းရဲတွင်းကျနေတဲ့ လူထု(တစ်နေ့ဝင်ငွေ $1.9အောက်ရရှိသူ) ဟာ လွန်ခဲ့တဲ့ ရှစ်လအတွင်း ၁၆ ရာခိုင်နှုန်း ကနေ ၆၃ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပြီး စစ်တမ်းရဲ့ သုံးပုံတစ်ပုံဟာ ၂၀၂၀ ဩဂတ်ထဲက ဝင်ငွေလုံးဝမရရှိတာလဲဖြစ်ပါတယ်။ ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Facebook ပေါ် ပထမဆုံးပေါ်လာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေ တစ်ခြားသူတွေနဲ့ Live stream စကားပြောပွဲတွေပြုလုပ်ခဲ့ပြီး လူထုရဲ့ယုံကြည်မှုက တိုးလာခဲ့ပါတယ်။ လူသန်းပေါင်းများစွာအနေနဲ့ တိုင်းပြည်စီးပွားရေးယိုယွင်းမှုတွေအတွက် သူမကို အပြစ်မတင်ပဲ အဲ့အစား သူတို့ကိုပြန်ကြည့်ရှုတဲ့ခေါင်းဆောင်ရပြီလို့သာ ခံစားခဲ့ကြပါတယ်။

ဒါပေမယ့် သတိပေးသံတွေကတော့ ညံလျက်ရှိပါတယ်။ အထူးသဖြင့် ဗမာလူမျိုးစုနေထိုင်တဲ့ ပြည်မ အပြင်ဘက်မှာပါ။  ရိုဟင်ဂျာမူစလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ပြီးချိန်မှာတော့ နိုင်ငံအနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ လုံးလုံးပြောင်းလဲမှုအသစ်တစ်ခု ပေါ်ထွက်လာပါတယ်။ ရခိုင်စကားပြော ဗုဒ္ဓဘာသာအသိုင်းအဝိုင်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိဖို့ကြိုးပမ်းတဲ့ အာရကန်တပ်မဟာ ပေါ်ထွက်လာပါတယ်။ ၂၀၁၈ မှာ အာရကန်တပ်မဟာ အနေနဲ့ အစိုးရရဲ့နေရာတွေကို တိုက်ခိုက်မှုတွေ ကြီးကြီးမားမားပြုလုပ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ မျိုးဆက်တစ်ခုအကြား အထင်ရှားဆုံး သူပုန်ထမှုတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၂၀ နှောင်းပိုင်းမှာတော့ စစ်တပ်ရဲ့ စစ်စခန်းအများစုကို တိုက်ခိုက်နိုင်ခဲ့ပြီး ရခိုင်ကျေးလက်ဒေသနေရာအများစုမှာ de facto(မြေပြင်) အာဏာကို ရရှိခဲ့ပါတယ်။

နိုင်ငံရဲ့ အခြားတစ်ဖက်မှာတော့ methamphetamine ထုတ်လုပ်နေမှုဟာ ဂျပန် နဲ့ နယူးဇီလန်အထိ ဈေးကွက်ဖြန့်ကျက်ထားနိုင်တာလဲဖြစ်ပါတယ်။ မူးယစ်ဆေးတွေကို တရုတ်နယ်စပ်နားက လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ နေရာတွေမှာထုတ်လုပ်တာဖြစ်ပြီး ရရှိတဲ့ များပြားလှတဲ့အကျိုးအမြတ်တွေဟာ မြန်မာနိုင်ငံက ဘယ်သူဘယ်ဝါဆီကိုမှရောက်ရှိတာမဟုတ်ပဲ နိုင်ငံဖြတ်ကျော်မူးယစ်ရာဇာတွေဆီပဲရောက်ရှိတာဖြစ်ပါတယ်။ (ဉပမာ အမ်စတာဒမ်မြို့မှာ ဇန်နဝါရီလကဖမ်းမိတဲ့ တရုတ်-ကနေဒီယန် လူမျိုး Tse Chi Lop ခေါင်းဆောင်ပြီး နှစ်စဉ် ၁၇ ဘီလီယံလောက်ရရှိနေတယ်လို့ ခန့်မှန်းရတဲ့ အဖွဲ့)။ မူးယစ်ဆေးတွေဟာ ငွေမည်းခဝါချမှုနဲ့ တစ်ခြား တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို ဖြစ်ထွန်းစေပြီး အရှေ့မြောက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်စုနားမှာ ကာစီနိုပေါင်းတစ်ရာကျော်နဲ့ ထိုင်းနယ်စပ်မှာ Cryptocurrency hubတွေ  ပေါ်ပေါက်လာစေတာပဲဖြစ်ပါတယ်။

နိုင်ငံ့ရွေးကောက်ပွဲကိုတော့ ပဋိပက္ခတွေနဲ့ စီးပွားရေးပြဿနာတွေကြား မှာတင် နိုဝင်ဘာလမှာကျင်းပခဲ့ပါတယ်။ ဒါပေမယ့်လူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ လှိုက်လှိုက်လှဲလှဲ မဲပေးခဲ့ကြပါတယ်။ စီးပွားရေးအခြေအနေတွေအရ NLD အနေနဲ့ အခြေအနေဆိုးဝါးမယ်လို့ ယုံကြည်ပြီး နောက်တက်မယ့်သမ္မတရွေးချယ်မှုကို ဝင်ရောက်စွက်ဖက်နိုင်မယ်လို့ထင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့  ရှော့ခ်ရခဲ့ပါတယ်။ အဲ့အစား အနိုင်ရမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာပိုရလာသေးသလိုဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်တို့ရဲ့ နားလည်မှုရရှိအောင်ကြိုးပမ်းမှုက သိပ်မရာမရောက်ခဲ့ပါဘူး။ သူ့အနေနဲ့ မဲလိမ်တယ်လို့စွတ်စွဲပြီး ရွေးကောက်ပွဲကိုစစ်ဆေးခွင့်ရဖို့တောင်းဆိုပါတယ်။ သူမအနေနဲ့ကတော့ စဉ်းစားပေးဖိုငြင်းဆိုခဲ့ပါတယ်။ စစ်တပ်အနေနဲ့ အရှက်ရခဲ့ပါတယ်။ ဒါပေမယ့် သာမာန်လူတွေ အနေနဲ့ကတော့ သူမရဲ့ အောင်မြင်မှုကိုသာ ဝမ်းမြောက်ဝမ်းသာပြီး လာမယ့်ပိုကောင်းမွန်တဲ့အချိန်တွေကိုသာ တွေးကြည့်ခဲ့ကြပါတယ်။

အာဏာသိမ်းမှုနှင့်ဆန္ဒပြပွဲများ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာကို သိမ်းယူခဲ့ပါတယ်။ ဒါကို အာဏာသိမ်းပွဲလို့ အမည်မတပ်ပဲ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေဆိုပြီး NLD မဟုတ်တဲ့ တခြားနိုင်ငံရေးပါတီက အဖွဲ့ဝင်တွေနဲ့ စစ်ဗိုလ်ချုပ်တွေပေါင်းပြီး အာဏာသိမ်းအစိုးရအသစ် ကို ဖွဲ့စည်းခဲ့ပါတယ်။ မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ကို အကြံပေးအရာရှိဟောင်းတွေနဲ့ဖွဲ့စည်းခဲ့ပြီး သူ့ရဲ့ပထမဆုံးလူလုံးထွက်ပြချိန်မှာ ကိုဗစ် Pandemic အပြီး စီးပွားရေးပြန်လည်ထူထောင်ဖို့နဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျမယ့် အစီအစဉ်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ ပြသနာသိပ်မရှိပဲ အာဏာသိမ်းယူ၊ NLD ကိုဖယ်ထုတ်၊ စီးပွားရေးကိုပြုပြင်ပြီး သူ့အတွက်အကျိုးရှိစေမယ့်ရွေးကောက်ပွဲပြုလုပ်နိုင်မယ် လို့ တွေးခဲ့တယ်လို့ ထင်ရပါတယ်။ အဲ့လိုဆိုရင်တော့ လူထုရဲ့ စိတ်နေစိတ်ထားကို လုံးလုံးမှားဖတ်မိပြီ ဖြစ်ပါတယ်။

အာဏာသိမ်းပွဲကို လူထုရဲ့တုံ့ပြန်မှုဟာ စေ့ဆော်စရာမလိုပဲ အလိုလိုကိုပေါ်ထွက်လာပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ သိန်းချီရှိတဲ့ လူထုဟာ လမ်းမတွေပေါ်ရောက်လာကြပြီး စစ်အုပ်ချုပ်မှုဖျက်သိမ်းရန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားခေါင်းဆောင်များပြန်လွှတ်ပေးရန်၊ ရွေးကောက်ခံအစိုးရကို အာဏာပြန်ပေးရန်တို့ကို တောင်းဆိုကြပါတယ်။ တစ်ချိန်ထဲမှာပဲ Civil Disobedience Movement စတင်ခဲ့ပြီး ဆရာဝန်တွေအနေနဲ့ အစိုးရဆေးရုံတွေကနေ ထွက်လာကြပါတယ်။ နောက်ပိုင်း ကဏ္ဍအသီးသီးပါဝင်လာပြီး ဝန်ကြီး ဌာနတွေကနေ ရက်ကွက်ရုံးတွေအထိ CDM ကိုဆောင်ရွက်လာကြပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အထွေထွေသပိတ်မှာတော့ ဘဏ်တွေအပါအဝင် လုပ်ငန်းတွေအားလုံးပိတ်ခဲ့ပါတယ်။ နောက်ပြီး Facebook ပေါ်မှာ စစ်တပ် သို့ စစ်အစိုးရနဲ့ ဆက်နွယ်သူအားလုံးကို Social Punishment လုပ်တဲ့ Campaign တွေပေါ်ထွက်လာပါတယ်။

စစ်တပ်အနေနဲ့ ရက်ရက်စက်စက်ဖြိုခွင်းခဲ့ပါတယ်။ အစပိုင်းမှာတော့ နောက်ဆုတ်ပေးပြီး ဆန္ဒပြသူတွေ သူ့ဟာသူရပ်တန့်သွားမလား မျှော်လင့်နေ့တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီနောက်ဆုံးအပတ်မှာတော့ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ အပါအဝင်ဖြစ်တဲ့ တိုက်ပွဲဝင်ခြေလျင်တပ်မတွေ ရန်ကုန်နဲ့ တခြားမြို့တွေပေါ်ရောက်ရှိလာပါတယ်။ များပြားလှတဲ့ စစ်အင်အားနဲ့ အကြမ်းဖက်မှုတွေ စတင်ပါတော့တယ်။ ညဘက်ရောက်တာနဲ့ အင်တာနက်ဟာပြတ်တောက်သွားပြီး စစ်သားတွေအနေနဲ့ လူနေအိမ်တွေကြား သေနတ်တွေ ရမ်းသမ်းပစ်၊ အသံဗုံးတွေခွဲ၊ တံခါးရိုက်ချိုးပြီး လူတွေကို ဆွဲပြီး ဖမ်းခေါ်တာတွေ လုပ်ဆောင်ပါတော့တယ်။ လူအုပ်ကြီးကတော့ ပြိုကွဲသွားပြီး ပိုပြီး စိတ်ပိုင်းဖြတ်ထားတဲ့ ဆန္ဒပြသူတွေရဲ့ အဖွဲ့ငယ်လေးတွေနဲ့ ပေါ်ထွက်လာပါတယ်။ ယောက်ျားလေးတွေနဲ့ အမျိုးသမီးငယ်များဟာ လက်လုပ်အရံအတားများပြုလုပ်ပြီး ဝရိန်ဆော်ထားတဲ့ ဒိုင်းကာများနဲ့ တစ်ချို့ တီထွင်ဖန်တီးထားတဲ့ လက်နက်ငယ်များနဲ့ စစ်သားတွေရဲ့ တရစပ်ပစ်ခတ်မှုကို ကာကွယ်ဖို့ပြုလုပ်ကြပါတယ်။ မတ်လ ၁၄ ရက်တစ်ရက်ထဲမှာတင် ရန်ကုန်ရဲ့ စက်မှုလုပ်ငန်းများရှိတဲ့ ဆင်ခြေဖုံး လှိုင်သာယာမြို့မှာ လူဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်။ မတ် ၂၇ ရက်မှာတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ လူ ၁၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

အဲ့လို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက တော်လှန်ရေးကို ပိုပြီးအစွန်းဘက်တွန်းပို့ခဲ့ပါတယ်။ အရပ်သားတွေကို ရိုက်နှက် သတ်ဖြတ်နေတဲ့ Video တွေ အင်တာနက်ပေါ်မှာ မျှဝေမှုနဲ့အတူ လူထုအနေနဲ့ ဒီဆန္ဒပြပွဲကို စစ်တပ်ကိုလုံးဝဖျက်သိမ်းဖို့ရည်ရွယ်တဲ့အထိအသွင်ပြောင်းလာခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ "the Responsibility to protect" လို့ခေါ်တဲ့ လူ့အခွင့်အရေးကိုဆန့်ကျင်တဲ့ ပြစ်မှုတွေကနေ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူတွေကို ဝင်ရောက်ကယ်တင်ဖို့ တာဝန်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ "R2P" တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတောင်းဆိုကြပါတယ်။ ခနလောက်တော့ မြန်မာပြည်သူအမြောက်အမြားဟာ ဒီအာဏာသိမ်းအစိုးရထံကနေ နိုင်ငံတကာအသိုင်းအဝိုင်းက ကယ်ဆယ်ပေးလိမ့်မယ်လို့ အမှန်တကယ်ယုံကြည်ခဲ့ကြပါတယ်။ မတ်လ နှောင်းပိုင်းမှာတော့ နိုင်ငံတကာ လက်နက်ကိုင်တပ်များမဝင်ရောက်နိုင်မှန်းသိလာတဲ့အခါ ဆန္ဒပြလူငယ်များ လက်နက်ကိုင်သူပုန်ထဖို့ဖြစ်လာပါတော့တယ်။ ဉပမာ အိန္ဒိယနိုင်ငံနားက ကလေးမြို့မှာ "Kalay Civil Army" ဆိုပြီး ဖွဲ့စည်းထားတဲ့ ရက်ကွက်နေလူထုဟာ အိမ်လုပ်အမဲလိုက်သေနတ်တွေနဲ့ စစ်သားအမြောက်အမြားကို သတ်ပြီး စစ်တပ်က ပြန်မသိမ်းမီ ၁၀ ရက်လောက်ထိန်းထားနိုင်ခဲ့ပါတယ်။ လာမယ့်လာတွေမှာတော့ ဒေသအလိုက်ဖွဲ့စည်းပြီး လက်နက်အနည်းငယ်တပ်ဆင်ထားတဲ့ အဖွဲ့အသစ်တွေ ဒါဇင်ပေါင်းများစွာ နိုင်ငံအနှံ့ ပေါ်ပေါက်လာပါတယ်။ မေလမှာတော့ Chinland Defence Force လို့ခေါ်တဲ့ ပြည်သူ့လက်နက်ကိုင်တပ်ဟာ အနောက်ဘက်တောင်တန်းတွေကြားက မင်းတပ်မြို့ကို သုံးပတ်လောက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့ လက်နက် ကြီးတွေ ၊ ဟယ်လီကော်ပတာတွေနဲ့ ပစ်ခတ်ပြီးပြန်လည်သိမ်းယူခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ လူငယ် ရာပေါင်းများစွာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သူ့နည်းသူ့ဟန်နဲ့ရောက်အောင်သွားကြပြီး ဖောက်ခွဲရေးနည်းစနစ်တွေနဲ့ လေ့ကျင့်ရေးတွေဆင်းခဲ့ကြပါတယ်။ မေလနှောင်းပိုင်းမှာတော့ ရန်ကုန်အပါအဝင် နေရာအနှံ့မှာ စစ်တပ်နဲ့ဆက်နွယ်သူတွေကို ပစ်မှတ်ထားပြီး မီးရှို့မှုတွေ ရဲနဲ့ အုပ်ချုပ်ရေးရုံးတွေကိုတိုက်ခိုက်မှုတွေနဲ့ အသေးစားဗုံးပေါက်ကွဲမှုရာနဲ့ချီဖြစ်ခဲ့ပါတယ်။

ဒီ ပြောက်ကြားတိုက်ခိုက်မှုတွေဟာ အာဏာသိမ်းအစိုးရကို အခြေမကျဖြစ်စေပါတယ်။ ဒါပေမယ့် တော်လှန်ရေးသမားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက အထောက်အပံ့မရပဲ(မဖြစ်နိုင်ဘူးလို့ထင်ရ) ရှိပြီးသား စစ်တပ်ကိုစိန်ခေါ်ဖို့ မဖြစ်နိင်ပါဘူး။ မြန်မာစစ်တပ်ရဲ့ သမိုင်းကြောင်းအရ အင်အားကြီးမားတဲ့ ပမာဏက ခွဲထွက်လာပြီး တော်လှန်ရေးမှာပါဝင်ဖို့ဆိုတာမဖြစ်နိုင်ဘူး လို့ပြနေပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကိုသာ ပိုမိုတော်လှန်တဲ့ သူတွေဖြစ်လာဖို့ ကျန်ပါတော့တယ်။ နိုင်ငံမြောက်ဖက်စွန်းပိုင်းက The Kachin Independence Army နဲ့ အရှေ့တောင်ပိုင်းက the Karen National Liberation Armyဟာ စစ်စခန်းတွေကို တိုက်ခိုက်မှု အသစ်တွေအသီးသီး  ပြုလုပ်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံးပေါင်းရင်တောင် စုစုပေါင်းအင်အား ၇၅,၀၀၀ ဟာ လက်နက်ကြီးနဲ့ လေကြောင်းအင်အားကြီးမားတဲ့ စစ်တပ်ကို ယှဉ်ဖို့ရာမလွယ်ကူပါဘူး။ ဒါအပြင် အင်အားအကောင်းဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ ကွန်မြူနစ်သူပုန်တပ်ဟောင်းကနေ ပေါ်ထွက်လာတဲ့ အင်အား 30,000လောက်ရှိတဲ့ the United Wa State Army(ဝလက်နက်ကိုင်တပ်) ဟာ တရုတ်နဲ့ ဆက်နွယ်မှု နက်ရှိုင်းတာလဲဖြစ်ပါတယ်။ သူတို့အနေနဲ့ ဘေဂျင်းရဲ့ အကြံဉာဏ်ကို နားထောင်မှာဖြစ်ပြီး မြန်မာစစ်တပ်ကို မကြိုက်ပေမယ့် ပြည်တွင်းစစ်ကြီးကိုတော့ မြင်ချင်မှာမဟုတ်ပါဘူး။

ကျရှုံးနိုင်ငံအဖြစ် မြန်မာ

စစ်မြေပြင်မှာ ဖြစ်ပွားမှာတွေထက် လက်ရှိ စီးပွားရေး ပျက်သုန်းနေမှုကသာ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံဖြစ်လာစေမှာပါ။ သာမန်အိမ်ထောင်စုတွေ မှီခိုနေရတဲ့လုပ်ငန်းတွေ (ဉပမာ- ခရီးသွားလုပ်ငန်း)ပြိုလဲခြင်း၊ global pandemic ကြောင့်တခြားနိုင်ငံက ရွှေ့ပြောင်းလုပ်ငန်းတွေထံမှ ဝင်ငွေများဆုံးရှုံးခြင်း(၂၀၁၉ ခုနှစ်မှာ 2.4 billion ရရှိခဲ့)တို့ဖြစ်လာပါတယ်။ လူသန်းပေါင်းများစွာ အထူးသဖြင့် အမျိုးသမီးငယ်များ အထည်ချုပ်လုပ်ငန်းဟာလည်း ယခင်ဆယ်စုနှစ်အတွင်း အောင်မြင်ခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့် ယခုအခါ ဉရောပရဲ့အမှာတွေမရရှိတော့တာကြောင့် ယိုယွင်းလာပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ အကြီးမားဆုံးအလုပ်ရှင်ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းရဲ့ အနာဂတ်ဟာလည်း ဆန္ဒပြပွဲများ နဲ့ တရုတ်ရဲ့ Covid 19 ကြောင့်ဆိုပြီး နယ်စပ်ပိတ်လိုက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေနဲ့ မသေမချာဖြစ်နေပြီဖြစ်ပါတယ်။ အဓိကကတော့ ဆန္ဒပြပွဲတွေ၊ ဗဟိုဘဏ်ရဲ့ ငွေထုတ်မချေးပေးချင်တာနဲ့ ထုတ်ပေးနိုင်အောင်မစွမ်းဆောင်နိုင်ခြင်း၊ ငွေကြေးကဏ္ဍအပေါ် ယုံကြည်မှု​ပျက်ယွင်းလာခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍဟာလည်း သွက်ချာပါဒ လိုက်လာတာဖြစ်ပါတယ်။ ဘဏ်တွေပိတ်ခြင်းကြောင့် ATM တွေမှာ ငွေမရှိ၊ စီးပွားလုပ်ငန်း ထောင်ပေါင်းများစွာ လစာမပေးနိုင်နဲ့ တစ်လကို ကျပ်ငွေထရီလီယံ(ဒေါ်လာဘီလီယံ)လောက် ငွေကြေးလည်ပတ်မှုကနေ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ အကျိုးသက်ရောက်အနေနဲ့ အခြားကဏ္ဍ တွေပါ ယိုယွင်းလာတာဖြစ်ပါတယ်။

စီးပွားရေးဟာ ထိုးကျနေပေမယ့် စစ်အစိုးရအနေနဲ့ ထိခိုက်မှုမရှိသလောက်ပါပဲ။ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတွင်းတွေကနေ စစ်တပ်ရဲ့ ဘဏ္ဍာတိုက် ကိုဖြည့်တင်းပေးနေတုန်းဖြစ်ပါတယ်။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ကနေ တစ်နှစ်ကို ဒေါ်လာ ၂.၅ ဘီလီယံ သို့မဟုတ် နိုင်ငံဘတ်ဂျက်ကနေ နှစ်စဉ်စစ်တပ် ဘက်ဂျက်ကနေ ရရှိသေးတဲ့ စစ်တပ်အတွက် နိုင်ငံခြား sanction တွေဟာ အကျိုးသက်ရောက်မှုသိပ်မရှိတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်  စစ်အစိုးက အခု နိုင်ငံရဲ့ ဘက်ဂျက် $၂၅ ဘီလီယံလုံးကို ထိန်းချုပ်ထားတာဖြစ်တာကြောင့်စစ်တပ်အတွက် ငွေရေးကြေးရေးအကျပ်အတည်းဖြစ်စေမှာမဟုတ်ပါဘူး။

ဒါပေမယ့် မြန်မာပြည်သူတွေကတော့အကြီးအကျယ်ခံစားရပါလိမ့်မယ်။ The UN Development Program ရဲ့ ခန့်မှန်းချက်အရ လာမယ့်ခြောက်လအတွင်း လူဦးရေ ၅၅ သန်းထဲကတစ်ဝက်လောက် ဆင်းရဲတွင်းကျနိုင်တယ်လို့ ခန့်မှန်းထားပြီး World Food Program ကတော့ လူပေါင်း ၃.၅သန်းလောက် အငတ်ဘေးကျမှာကို စိတ်ပူမိတယ်လို့ဆိုပါတယ်။ အသက်ကယ်ဆေးနဲ့ ကုသမှုတွေ တွေ အရမ်းရှားပါးနေပြီး 2021 အတွင်း မွေးကင်းစကလေး 950,000 လောက် ဟာ TB နဲ့ ပိုလိုယိုရောဂါကာကွယ်ဆေးရရှိမှာမဟုတ်ပါဘူး။ အခံစားရဆုံးဖြစ်မှာကတော့ အားအနည်းဆုံးသူတွေဖြစ်တဲ့ မြေယာမရှိတဲ့ ရွာသူရွာသားတွေ၊ တောင်ပေါ်နေစိုက်ပျိုးရေးသမားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ရိုဟင်ဂျာလူမျိုးတွေပဲဖြစ်ပါတယ်။ စီးပွားရေးဟာ ဘုန်းခနဲ ဒိုင်းခနဲမဟုတ်ပဲ တအိအိနဲ့ပြိုလဲသွားမှာမဟုတ်ပဲ အာဟာရချို့တဲ့ပြီး ပညာမတတ်တဲ့ မျိုးဆက်သစ်တစ်ဆက်ပေါ်ပေါက်လာမှာလဲဖြစ်ပါတယ်။

ကျရှုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ ဒီလိုပုံစံဖြစ်လာနိုင်ပါတယ်။ စစ်တပ်အနေနဲ့ မြို့ကြီးတွေနဲ့ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက်ထိန်းချုပ် ပြီး မြို့ပြ ပျောက်ကြားတိုက်ခိုက်မှုတွေနဲ့ အနှံ့အပြားသူပုန်ထမှုဟာ စစ်အစိုးရကို အခြေမခိုင်ဖြစ်စေပါမယ်။ ဆန္ဒပြပွဲတွေပြီးဆုံးသွားပေမယ့် သန်းပေါင်းများစွာအလုပ်လက်မဲ့ဖြစ်ပြီး လူအများစုအနေနဲ့ အခြေခံဝန်ဆောင်မှုတွေကို နည်းနည်း သို့ မရရှိသလောက်ဖြစ်လာမယ်။ အခြားတိုင်းရင်းလက်နက်ကိုင်တွေ ရက်ရက်စက်စက် ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုခံနေရချိန်မှာ တစ်ချို့ကတော့ နယ်မြေသစ်တွေချဲ့ထွင်လာနိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ the Arakan Army အနေနဲ့ သူ့ရဲ့မြေပြင်အာဏာ(De facto) နဲ့အုပ်ချုပ်ရေးကို ဖြန့်ကျက်လာပြီး အရှေ့ဘက်တောင်တန်းဒေသတွေမှာတော့ လက်နက်ကိုင်တပ်အဟောင်းနဲ့ အသစ်တွေဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကွန်ယက်တွေနဲ့ ပိုပြီး ပူးပေါင်းလာမှာဖြစ်ပါတယ်။ သယံဇာတ တူးဖော်ခြင်းနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာ့စီးပွားရေးရဲ့ ပိုမိုကြီးမားတဲ့အစိတ်အပိုင်းတွေဖြစ်လာပါမယ်။ တိုက်ပွဲတွေ ပိုအရှိန်ကောင်းလာတာကြောင့် မတည်ငြိမ်မှာကြောက်တဲ့ ဘေဂျင်းအစိုးရအနေနဲ့ သံလွင်မြစ်အရှေ့ဘက်က နယ်မြေတွေအကုန်ကို ချုပ်ကိုင်ဖို့ အတင်းအကြပ်ကြိုးစားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရောဂါပြန့်ပွားဖို့၊ ဒုစရိုက်နဲ့ သဘာဝပတ်ဝန်းကျင်ဖျက်စီးမှုနဲ့ ရက်ရက်စက်စက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အစစ်အဆေးမရှိကျူးလွန်ဖို့ ဗဟိုချက်မနေရာတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

________,_

အတိတ်မှ ဖောက်ထွက်ကြည့်ခြင်း

ကြီးမားတဲ့ အခက်အခဲတွေက အဆုံးစွန်သော ပြောင်းလဲမှုအတွက် အခွင့်အရေးဖြစ်ပါတယ်။ ယခုရွေးကောက်ခံအမတ်တွေရဲ့ ကြိုးစားမှုတွေ၊ မြို့ပြလူမှုရေးအဖွဲ့အစည်းတွေ၊ ပေါ်ထွက်လာတဲ့ နိုင်ငံအနှံ့အပြားက ဆန္ဒပြသူကွန်ယက်တွေဟာ မတူညီတဲ့ တိုင်းရင်းသားလူမျိုးများအကြား ပေါ်ထွက်လာခြင်းဟာ ကြီးမားလှတဲ့အရွေ့တစ်ခုဖြစ်ပါတယ်။ ဒီအရွေ့ဟာ အရင်ဆယ်စုနှစ်က ဒီမိုကရေစီနဲ့မလုပ်နိုင်လောက်တဲ့ ကိုလိုနီခေတ်လက်ကျန်အမွေ လူမျိုးရေးခွဲခြားမှုတွေ၊ ရာစုနှစ်တစ်ခုလောက်ကြာနေပြီဖြစ်တဲ့ လူမျိုးကြီးနိုင်ငံရေးအယူအဆတွေကိုကျော်လွှားပြီး ခွဲခြားဆက်ဆံမှုကို ရပ်တန့်ကာ ယဉ်ကျေးမှုပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံအသစ်တစ်ရပ်ဆီ တိုးပြီးသွားနိုင်မှာဖြစ်ပါတယ်။  ထပ်တူအရေးပါတာကတော့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ပုံဖော်ဖို့ဖြစ်ပါတယ်။ အရင်ဆယ်စုနှစ်တွေအတွင်း မမျှမတမှုတွေ အလွန်အမင်းဖြစ်စေခဲ့တဲ့ ဈေးကွက်လျှောပေါ့ပေးခြင်း(Market Liberalization)ကို ဖယ်ရှားကာ အကုန်ပါဝင်နိုင်ပြီး အရှိန်အဟုတ်ကောင်းတဲ့ တိုးတက်မှုကို ဖော်ဆောင်ပေးနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့ Welfare State(သက်သာချောင်ချိသောနိုင်ငံ) ဆီပြောင်းလဲဖို့လိုအပ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ စိတ်ပျက်စရာကောင်းနေတာတော့မဟုတ်ပါဘူး။ အောင်မြင်တဲ့ အပြောင်းအလဲတွေဖြစ်လာမယ်ဆိုတာ လုံးဝသံသယမရှိပါဘူး။ ဖေဖော်ဝါရီလထဲက မြန်မာလူငယ်တွေရဲ့ နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြောင်းလဲဖို့ ဆုံးဖြတ်ထားကြပုံကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ သူတို့ကပဲ ရှေ့ဆက်မယ့် လမ်းကြောင်းကို ရေးဆွဲမှာပါ။ ဒါပေမယ့် နိုင်ငံတကာရဲ့ လုပ်ဆောင်မှုကလည်း နိုင်ငံတွင်းက လူတစ်ချို့ရဲ့ ခံစားရမှုတွေလျော့ချပေးနိုင်ပြီး လာမယ့် အဖြစ်ဆိုးတွေကနေ ငြင်ငြင်သာသာရုန်းထွက်နိုင်အောင်ကူညီပေးနိုင်တာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ UN Security Council ရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို မြန်မြန်ဆန်ဆန် အေးအေးချမ်းချမ်းအာဏာလွှဲပြောင်းပေးဖို့ဆိုတာကို လက်ခံဖို့လိုအပ်ပါတယ်။ တရုတ်အနေနဲ့လည်း ဒါကိုပါဝင်လက်ခံဖို့လိုပါတယ်။ တရုတ်ရဲ့ ပါဝင်မှုကို သွားအစားထိုးလို့မပါဘူး။ ဘာလို့ဆို သူ့ရဲ့ မြန်မာစီးပွားရေးအပေါ် လွှမ်းမိုးမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အများအပြားနဲ့ အချိတ်အဆက်တွေနက်နက်ရှိုင်းရှိုင်းရှိနေလို့ဖြစ်ပါတယ်။ တရုတ်မပါတဲ့ နိုင်ငံတကာ Sanction တွေဟာ သဘောလောက်ပဲဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုမရှိလှပါဘူး။ စစ်အစိုးရဟာ တရုတ်ရဲ့ အထောက်အပံ့နဲ့တင် ရှင်သန်နေနိုင်ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဟာ အကူအညီပေးမယ့်သူလည်းဖြစ်လာနိုင်ပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ မပြေလည်တဲ့ဆက်ဆံရေးတွေနဲ့ မတည်ငြိမ်မှုကို မလိုလားတဲ့ တရုတ်ဟာ အရပ်သားအစိုးရဘက်ကိုလည်း ပြန်လှည့်လာနိုင်ပါတယ်။ တရုတ် ဘာဆက်လုပ်မယ်ဆိုတာ မပြောနိုင်သေးတာဖြစ်ပါတယ်။ ဘေဂျင်းနဲ့ ဝါရှင်တန်တို့ကြားက သံတမန်ရေးဟာ Security Council ရဲ့ အဆုံးအဖြတ်(Resolution) အတွက် အရေးပါလှပြီး အဲ့ကျမှသာ မြန်မာအရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တွေချမှတ်နိုင်မှာလဲဖြစ်ပါတယ်။ ဒေသတစ်ဝိုက်ကတခြားနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းလို မြန်မာရဲ့ အခြားအဓိက အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးအတွက် ဒီဆယ်စုနှစ်အတွင်း အကူအညီနဲ့ ရင်းနှီးမြှုတ်နှံမှုတွေ ကြီးကြီးမားမားပြုလုပ်ခဲ့တဲ့ ဂျပန်တို့ကလည်း အရေးပါလှပါတယ်။ The Association of Southeast Asian Nations(အာဆီယံ) အနေနဲ့ကတော့ ဒေသတွင်းသိပ်အရေးမပါလှပေ။ သူ့အနေနဲ့ ကတော့ ဧပြီလအတွင်း စစ်အစိုးရနဲ့ ဆက်သွယ်စကားပြောတဲ့ အစီအစဉ်တွေစတင်ခဲ့ပေမယ့် ဘာမှတော့ မထူးခြားသေးပါဘူး။

ဒုတိယအချက်အနေနဲ့ ပြင်ပအင်အားကြီး နိုင်ငံများဟာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက်သာမက မြန်မာ့နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲဖို့အတွက် ပါဝင်လုပ်ဆောင်နေသူများကိုလည်း ထောက်ခံအားပေးရမှာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြန့်ကျက်ထားတဲ့ UN အဖွဲ့အစည်းများမှတစ်ဆင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန်နဲ့ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ဆွေးနွေးရန်စတဲ့ အားထုတ်ဆောင်ရွက်မှုများလည်း လိုအပ်ပါတယ်။ သို့သော်လည်းမြန်မာပြည်သူပြည်သူများကို  နိုင်ငံတကာကကယ်တင်မယ်ဆိုတဲ့ မျှော်လင့်ချက်အမှားများ(False hope)များမပေးဖို့ အရေးကြီးပါတယ်။ အဲ့လို False hope တွေဟာ အိမ်တွင်းမှာ လိုအပ်တဲ့ ကျယ်ကျယ်ပြန့်ပြန့် အဖြစ်နိုင်ဆုံး ပေါင်းစည်းမှုအတွက် အားအင်တွေကုန်ခမ်းစေပါတယ်။

တတိယအချက်အနေနဲ့ ပြင်ပအကူအညီတွေအနေနဲ့ မြန်မာရဲ့ တမူထူးခြားတဲ့ သမိုင်းကြောင်းကို အသိအမှတ်ပြုပြီး အခြေခံဖို့လည်းလိုအပ်ပါတယ်။ အရင်စစ်အစိုးရတွေအနေနဲ့ နိုင်ငံတကာနဲ့ အထီးအကျန်ဆုံးအခြေအနေကို ရင်ဆိုင်ခဲ့ရပြီး ဆယ်စုနှစ်ပေါင်းများစွာ မပြီးမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပုံသွင်းထားတဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့လည်း တမူးထူးခြားတဲ့ အတွေးအခေါ်တွေရှိကြတာလဲဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆုပေးဒဏ်ပေးစနစ်လောက်နဲ့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

စတုတ္ထအချက်အနေနဲ့ နိုင်ငံခြားအစိုးရတွေအနေနဲ့ ဆင်းရဲပြီး မလုံခြုံတဲ့ လူထုတွေကိုတတ်နိုင်သလောက် အကူအညီပေးသင့်ပါတယ်(Covid 19 ကာကွယ်ဆေးထောက်ပံ့ပေးတာဖြစ်ဖြစ်)။ ဒါပေမယ့် အဲ့လိုအကူအညီတွေကို နိုင်ငံရေးပရိယာယ်ကြွယ်ကြွယ်ဝဝနဲ့ ဆောင်ရွက်သင့်ပြီး စစ်အစိုးအရရဲ့ ချုပ်ကိုင်မှုကို မခံရအောင် ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်နဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ စစ်အစိုးကို ဆန့်ကျင်သူတွေအနေနဲ့ တော်လှန်ရေးကိုအရှိန်တင်နိုင်ဖို့ စီးပွားရေးကို ဖြိုဖျက်ချင်ကြပေမယ့် ရက်သတ္တပတ်တွေကနေ နှစ်တွေ လတွေကြာလာတဲ့အခါ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှု ပြသနာတွေကို ကာကွယ်ဖို့ အရပ်သားစီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့လိုအပ်ပါတယ်။ စစ်တပ်နဲ့ မဆက်နွယ်တဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နိုင်ငံအတွင်းဆက်ရှိနေအောင်အားပေးသင့်ပါတယ်။ ကျန်းမာပြီး ကောင်းကောင်းမွန်မွန်စားသောက်ရတဲ့ လူထုတစ်ရပ်ကသာ နိုင်ငံရေးပြောင်းလဲမှုအတွက် ပိုပြီး ကောင်းကောင်းမွန်မွန်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။

နိုင်ငံခြားအစိုးရတွေအနေနဲ့ လိုက်ရောညီထွေမှုရှိရှိနဲ့ မတူညီတဲ့ အစပျိုးမှုတွေ၊ တတ်နိုင်သလောက် နိုင်ငံတကာပူးပေါင်းဆောင္ရွက်မှုတွေရှိဖို့လို့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့်ပဲ ဖြစ်လာတဲ့ ပြသနာတွေမဟုတ်ပဲ ဆယ်စုနှစ်ပေါင်းများစွာ ကျရှုံးလာခဲ့တဲ့ နိုင်ငံတည်ဆောက်ရေး၊ အချိန်အတော်ကြာ လူအတော်များများအပေါ် မမျှမတခဲ့တဲ့ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ ရလဒ်တွေလည်းဖြစ်ပါတယ်။ ပြင်ပကမ္ဘာအနေနဲ့ မြန်မာနိုင်ငံကို  ရှုပ်ထွေးမှုတွေ ကွယ်ပျောက်ပြီး သဘောတူအဆုံးသတ်သွားမယ့် အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လိုမြင်ချင်ကြတာဖြစ်ပါတယ်။ ယခုအချိန်ဟာ အိပ်ယာဝင်ပုံပြင်တွေကိုရပ်တန့်ပြီး အလေးအနက်ရှိတဲ့ သံတမန်ရေးရာ၊ ချက်ကျလက်ကျနဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေအစားထိုးရမယ့် အချိန်ဖြစ်ပါတယ်။ ဒီလိုမှသာ မျက်လှည့်ပြသလို ညတွင်းချင်းမဟုတ်ပဲ လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေ လိုလားတောင့်တတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။

ဘာသာပြန်- ညိုထွန်း

မူရင်းဆောင်းပါး- https://www.foreignaffairs.com/articles/burma-myanmar/2021-06-11/myanmars-coming-revolution

(zawgyi)

ျမန္မာနိုင္ငံဟာ ေနာက္ျပန္ဆုတ္လို႔မရတဲ့ အေျခအေနကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလက စစ္တပ္ရဲ့ အာဏာသိမ္းမႈဟာ ရွိရင္းစြဲ ဖြဲ႕စည္းပုံအရ အာဏာလႊဲယူတယ္လို႔ဆိုၿပီး ၿပီးသြားဖို႔ရည္ရြယ္ေပမယ့္ အဲ့အစား မထင္မွတ္ထားေလာက္တဲ့ ေတာ္လွန္ေရးအင္အားသစ္တစ္ခုကို ေမြးထုတ္ေပးလိုက္သလိုသာျဖစ္လာပါတယ္။

လြန္ခဲ့တဲ့ ၄ လအတြင္း လူေပါင္း ၈၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့ၿပီး ၅၀၀၀ ေက်ာ္ကိုဖမ္းဆီး ခဲ့ေပမယ့္ ဆႏၵျပပြဲမ်ားကေတာ့ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ အာဏာသိမ္း စစ္တပ္ရဲ့ အာဏာစက္ကို စိန္ေခၚဖို႔ ဧၿပီလ ၁ ရက္ေန႔မွာေတာ့ NLD ပါတီမွ ေရြးေကာက္ခံ လႊတ္ေတာ္အမတ္မ်ားမွ "အမ်ိဳးသားညီညြတ္ေရးအစိုးရ" ကိုဖြဲ႕စည္းခဲ့ပါတယ္။ ဧၿပီလနဲ႔ ေမလ ေတာက္ေလၽွာက္မွာေတာ့ အာဏာသိမ္းစစ္တပ္နဲ႔ လူနည္းစုတိုင္းရင္းသားတပ္ဖြဲ႕မ်ားအၾကားတိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး မ်ိဳးဆက္သစ္ ဒီမိုကေရစီေတာင္းဆိုသူလူငယ္မ်ားဟာ စစ္တပ္စခန္းနဲ႔ ႐ုံးမ်ားကို တိုက္ခိုက္ၾကပါတယ္။

အာဏာသိမ္းစစ္တပ္အေနနဲ႔ လာမယ့္ႏွစ္ေတြမွာ အာဏာကို တစ္ပိုင္းတစ္စခ်ဳပ္ကိုင္လာနိုင္ေသာ္လည္း တည္ၿငိမ္ေအာင္ေတာ့စြမ္းေဆာင္နိုင္မွာမဟုတ္ေပ။ ျမန္မာ့စီးပြားေရး ဖိႏွိပ္မႈနဲ႔ လူမႈေရးစိန္ေခၚမႈေတြဟာ ရႈပ္ေထြးလွပါတယ္။ စစ္တပ္အေပၚကို လူထုရဲ့ အမုန္းတရားဟာ အလြန္ႀကီးထြားေနၿပီး ဒီလိုႀကီးမားတဲ့ အခက္အခဲေတြကို သမိုင္းေၾကာင္းအရပါ အစဥ္အလာမေကာင္းခဲ့တဲ့ အဖြဲ႕အစည္းအေနနဲ႔ စီမံခန႔္ခြဲဖို႔ ဆိုတာမျဖစ္နိုင္ပါဘူး။ တစ္ခ်ိန္ထဲမွာပဲ ေတာ္လွန္ေရးသမားေတြအေနနဲ႔လည္း တစ္ခ်က္ထဲနဲ႔ေတာ့ စစ္တပ္ကို အလဲထိုး လွဲၿဖိဳနိုင္မွာမဟုတ္ပါဘူး။

ဒီအေျခအေနသာ ေရွ႕ဆက္သြားရင္ စီးပြားေရးပိုမိုယိုင္နဲ႔လာပါမယ္။ ဆင္းရဲတြင္းေတြ အႀကီးအက်ယ္နက္လာနိုင္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈစနစ္တစ္ခုလုံး ၿပိဳလဲသြားနိုင္ပါတယ္။ ၿပီးေတာ့ လက္နက္ကိုင္ တိုက္ပြဲေတြပိုဆိုးလာနိုင္ၿပီး အိမ္နီးခ်င္း တ႐ုတ္၊ အိႏၵိယနဲ႔ ထိုင္းတို႔မွာ ဒုကၡသည္ေတြ စုျပဳံသြားနိုင္ပါတယ္။ ျမန္မာနိုင္ငံအေနနဲ႔ က်ရႈံးနိုင္ငံ (Failed State) တစ္ခုျဖစ္လာနိုင္ၿပီးေတာ့ အဲ့က်ရႈံးမႈကို အခြင့္ေကာင္းယူမယ့္ အစုအဖြဲ႕ေတြေပၚေပါက္လာပါလိမ့္မယ္။ တစ္ႏွစ္ကို ေဒၚလာဘီလီယံေပါင္းမ်ားစြာ ရရွိနိုင္တဲ့ Methamphetamine ထုတ္လုပ္သူေတြ၊  ကမၻာ့အဖိုးတန္ မ်ိဳးစိတ္တစ္ခ်ိဳ႕ေနထိုင္ရာ ေဒသေတြက သစ္ေတာေတြခုတ္လွဲသူေတြ၊ သားရဲတိရိစၧာန္တရားမဝင္ေရာင္းဝယ္ေဖာက္ကားသူ( တ႐ုတ္နိုင္ငံရဲ့ Covid 19 ကိုစတင္ေစခဲ့တဲ့သူေတြလို) လူေတြ ႀကီးစိုးလာၾကမွာျဖစ္ပါတယ္။ ဒီေရာဂါပိုးဟာလည္း သူ႔ဟာသူဆက္လက္ျပန္ပြားေနဦးမွာျဖစ္ပါတယ္။

ယခုအခ်ိန္လုပ္သင့္တာကေတာ့ နိုင္ငံက်ရႈံးေနတဲ့ ကာလကိုတိုေတာင္းေအာင္လုပ္ဖို႔၊ အဆင္းရဲဆုံးနဲ႔ ထိခိုက္နိုင္သူမ်ားကို ကာကြယ္ဖို႔နဲ႔ လြတ္လပ္မၽွတၿပီး ႂကြယ္ဝတဲ့ အဖြဲ႕အစည္းတစ္ရပ္တည္ေဆာက္ၿပီး နိုင္ငံကိုျပန္လည္ထူေထာင္ဖို႔ျဖစ္ပါတယ္။ အနာဂတ္မွာၿငိမ္းခ်မ္းေနတဲ့ ျမန္မာျပည္ကိုထူေထာင္ဖို႔ရာ ယခုနဲ႔ လုံးလုံးကြဲျခားတဲ့ နိုင္ငံသားျဖစ္ခြင့္အယူအဆေတြ၊ အတိတ္ရဲ့ အမ်ိဳးသားေရးစကားေတြ ဖယ္ရွားထားျခင္းနဲ႔နဲ႔ ေျပာင္းလဲတဲ့ နိုင္ငံ့စီးပြားေရးစနစ္တို႔အေပၚ  အေျခခံဖို႔လိုအပ္ပါတယ္။ တိုင္းျပည္ရဲ့ သမိုင္းအစဥ္အလာအရ ဒါဟာ တစ္ခုတည္းေသာ အေျဖျဖစ္ၿပီး ေအာင္ျမင္နိုင္ဖို႔ရာလည္း အလြန္အားစိုက္ထုတ္ရမယ့္ အရာျဖစ္ပါတယ္။ အာဏာရွင္စနစ္ဟာ ဒါကိုေျဖရွင္းနိုင္တဲ့ အေျဖမဟုတ္သလို  တည္ၿငိမ္မႈကိုလည္းဆက္လက္ထိန္းထားနိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ေနာက္လာမယ့္ဆယ္စုႏွစ္မ်ားမွာေတာ့ အာရွရဲ့ အသဲႏွလုံးမွာရွိတဲ့ျမန္မာနိုင္ငံဟာ ပိုမိုက်ဆုံးေနတဲ့ နိုင္ငံနဲ႔ လက္နက္ကိုင္ ပဋိပကၡမ်ားနဲ႔  မင္းမဲ့တိုင္းျပည္တစ္ျပည္အျဖစ္ ေပၚထြက္လာဦးမွာပဲျဖစ္ပါတယ္။

ျမန္မာနိုင္ငံဟာ ကိုလိုနီျပဳျခင္းခံခဲ့ရတဲ့နိုင္ငံတစ္နိုင္ငံလည္းျဖစ္ပါတယ္။ ၁၉ ရာစုနဲ႔ ၂၀ ရာစုအစပိုင္းမွာ ၿဗိတိလၽွတို႔ က ဘဂၤလားကၽြန္းဆြယ္ကေန မေလးကၽြန္းဆြယ္အထိ၊ ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသ(ျမန္မာဘုရင္မ်ား ေထာင္စုႏွစ္တစ္ခုစာ အုပ္ခ်ဳပ္ခဲ့ေသာေနရာ)နဲ႔ ပတ္ပတ္လည္က ေတာင္တန္းေဒသမ်ား(အျပင္လူအုပ္ခ်ဳပ္ျခင္းမခံရဖူးေသာေဒသမ်ား)ကို တိုက္ခိုက္သိမ္းပိုက္ခဲ့ပါတယ္။ ျမန္မာ (ယခင္အေခၚ ဘားမား) လူမ်ိဳးမ်ားဟာ စစ္အင္အားနဲ႔ အုပ္ခ်ဳပ္မႈနဲ႔ လူမ်ိဳးေရးခြဲျခားအုပ္ခ်ဳပ္မႈကို ခံခဲ့ရတာလည္းျဖစ္ပါတယ္။ သန္းေကာင္စာရင္းဌာနတာဝန္ရွိသူမ်ားကေတာ့ မ်ားျပားၿပီး အမ်ိဳးမ်ိဳးေသာ လူမ်ိဳးစုေတြဟာ ေရာေထြးေနတာေၾကာင့္ နိုင္ငံဟာ "လူမ်ိဳးေရးေတြ မတည္ၿငိမ္တဲ့ေဒသ"လို႔ေတာင္ ၿငီးၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔က လူတိုင္းကို ဘာလူမ်ိဳးဆိုတာကို ခြဲျခားခဲ့ပါတယ္။ တစ္ခ်ိဳ႕လူမ်ိဳးေတြကို "တိုင္းရင္းသား"(indigenous)လို႔ အမည္သတ္မွတ္ၿပီး က်န္ကို "လူမ်ိဳးျခား"(alien) လို႔သတ္မွတ္ပါတယ္။ အဂၤလိပ္ ေတြအေနနဲ႔ မမၽွမတနဲ႔ အျမတ္ထုတ္ စီးပြားေရးစနစ္ကို က်င့္သုံးၿပီး အိႏၵိယအလုပ္သမား အေျမာက္အျမားကို ျမန္မာနိုင္ငံကိုေရႊ႕ေျပာင္းေစၿပီး အေျခခံလူသုံးကုန္ေတြျဖစ္တဲ့ ဆန္၊ဆီ၊သစ္ စသည္တို႔ကို ကမၻာ့ေဈးကြက္ထဲတင္ပို႔ေရာင္းခ်ပါတယ္။

ဗမာ့နိုင္ငံေရးဟာ လြန္ခဲ့တဲ့ ရာစုႏွစ္တစ္ခုစာေလာက္က ေပၚထြက္ခဲ့ၿပီး ဗမာစကားေျပာ ဗုဒၶဘာသာလူမ်ိဳးေတြရဲ့ အမ်ိဳးသားေရးစိတ္ဓာတ္ကို အရင္းတည္ၿပီး ေပၚထြက္ခဲ့ပါတယ္။ ၁၉၃၇ ခုႏွစ္၊ ဘာသာေရးအေျခခံၿပီး အိႏၵိကေန ပါကစၥတန္ခြဲထြက္ျခင္း မတိုင္မီ ၁၀ ႏွစ္အလိုမွာ အဂၤလိပ္တို႔အေနနဲ႔ ျမန္မာနိုင္ငံကို လူမ်ိဳးကြဲျပားမႈေပၚအေျခခံၿပီး အိႏၵိယကေန ခြဲထုတ္ခဲ့ပါတယ္။ 1948 ခုႏွစ္ လြတ္လပ္ေရးရၿပီး အခ်ိန္မွာေတာ့ ဗမာျပည္ေထာင္ဟာ ဗမာမဟုတ္တဲ့ တစ္ျခားတိုင္းရင္းသားမ်ား၊ ဉပမာ ကရင္၊ရွမ္း တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ဗမာလူမ်ိဳးနဲ႔ယဥ္ေက်းမႈတို႔ကိုသာ အဓိကအေရးေပးတဲ့ ေဘာင္ထဲကေနပူးေပါင္းဖို႔ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ လူမ်ိဳးျခားလို႔ သတ္မွတ္ျခင္းခံရသူမ်ား( ဉပမာ- 2016 နဲ႔ 2017မွာ ဘဂၤလားေဒ့ရွ္ကိုေမာင္းထုတ္ျခင္းခံရခဲ့တဲ့ ရိုဟင္ဂ်ာ မူစလင္လူေပါင္း ၇၀၀,၀၀၀ ေက်ာ္) ကပိုၿပီး ဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ္။ ျမန္မာရဲ့ နိုင္ငံထူေထာင္မႈဟာ ရာစုႏွစ္ေပါင္းမ်ားစြာ က်ရႈံးေနခဲ့တာျဖစ္ၿပီး လက္နက္ကိုင္ပဋိပကၡ ေဒသေတြနဲ႔ နိုင္ငံတစ္နိုင္ငံလုံးအျပည့္ဘယ္တုန္းကမွ မထူေထာင္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဗမာစစ္တပ္ဟာ သူ႔ကိုယ္သူ အမ်ိဳးသားေရးကိုေစာင့္ေရွာက္ကာကြယ္သူလို႔ ခန႔္အပ္ထားတာျဖစ္ပါတယ္။ ဗမာစစ္တပ္ဟာ ဒုတိယကမၻာစစ္ကတည္းက မနားတည္းစစ္တိုက္ေနတဲ့ တစ္ခုထဲေသာစစ္တပ္လည္းျဖစ္ပါတယ္။ အဂၤလိပ္နဲ႔ဂ်ပန္၊ လြတ္လပ္ေရးရၿပီးခ်ိန္မွာေတာ့ တမူထူးျခားတဲ့ ရန္သူမ်ားျဖစ္တဲ့ 1950 ခုႏွစ္က ဝါရွင္တန္ ေထာက္ပံ့တဲ့ တ႐ုတ္အမ်ိဳးသားေရးတပ္မ်ား၊ 1960 မွာ ေဘဂ်င္း ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ကြန္ျမဴနစ္မ်ား၊ မူးယစ္ရာဇာမ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အတြက္ ႀကိဳးပမ္းၾကတဲ့ တိုင္းရင္းသားလက္နက္ကိုင္မ်ား နဲ႔တိုက္ခိုက္ခဲ့ၿပီး ေသေက်ပ်က္ဆီးမႈလည္း အမ်ားအျပာရွိခဲ့တာျဖစ္ပါတယ္။ 1970 ကတည္းက တိုက္ပြဲအမ်ားစုဟာ စစ္တပ္ရဲ့ တိုင္းရင္းသားလူနည္းစုမ်ားအေပၚ ဗဟိုအာဏာနဲ႔ခ်ဳပ္ကိုင္ ဖို႔ႀကိဳးစားတဲ့ ေတာင္တန္းေဒသေတြမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဧရာဝတီျမစ္ဝကၽြန္းေပၚတစ္ေလၽွာက္က ၿမိဳ႕ေတြကိုလည္း ရံဖန္ရံခါဆင္းၿပီး အတိုက္အခံေတြကိုႏွိမ္နင္းေသးတာလဲျဖစ္ပါတယ္။ စစ္တပ္ရဲ့ အင္အားဟာလည္း အင္အား ၃၀၀,၀၀၀ ေက်ာ္အထိႀကီးထြားလာခဲ့ပါတယ္။ ဒီႏွစ္ေတြထဲမွာပဲ စစ္တပ္အေနနဲ႔ တ႐ုတ္နဲ႔ ႐ုရွားထံမွ တိုက္ေလယာဥ္ေတြ၊ ဒ႐ုန္းေတြ၊ ဒုံးလက္နက္ေတြ ရရွိထားတာျဖစ္ပါတယ္။ ဒီဟာေတြကို စစ္ဗိုလ္ခ်ဳပ္တစ္စုကသာထိန္းခ်ဳပ္ထားၿပီး တပ္မေတာ္ကို ထိန္းခ်ဳပ္ထားနိုင္တဲ့ အာဏာမရွိတဲ့ျမန္မာနိုင္ငံအတြက္ မေတြးဝံ့စရာလဲ ျဖစ္ပါတယ္။

လြတ္လပ္ေရးရၿပီး ဆယ္စုႏွစ္ ၄စု ေလာက္ကို အရပ္သားအစိုးရေရာ စစ္အစိုးရအဆက္ဆက္ဟာ ကိုလိုနစ္ေခတ္စီးပြားေရး မညီမၽွမႈ ေတြကိုတုံျပန္တဲ့အေနနဲ႔ ဆိုရွယ္လစ္စနစ္ကိုေရြးခ်ယ္ခဲ့ၾကပါတယ္။ အစိုးရရဲ့ အဓိကအတိုက္အခံကေတာ့ ကြန္ျမဴနစ္မ်ားျဖစ္ပါတယ္။ 1960 ႏွစ္မ်ားအတြင္း အုပ္ခ်ဳပ္ေနတဲ့ စစ္အစိုးရဟာ အဓိကစီးပြားေရးလုပ္ငန္းမ်ားကို ျပည္သူပိုင္သိမ္းခဲ့ၿပီး ကမၻာ့နိုင္ငံမ်ားနဲ႔ အဆက္အသြယ္ျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၈၈ ခုႏွစ္မွာေတာ့ အေနအထားတစ္မ်ိဳးေျပာင္းခဲ့ျပန္ပါတယ္။ စစ္အစိုးရအသစ္တစ္ရပ္က အာဏာထပ္သိမ္းၿပီး ဆိုရွယ္လစ္စနစ္ကို ျငင္းပယ္ကာ ပုဂၢလိကလုပ္ငန္းေတြ၊ နိုင္ငံျခားကုန္သြယ္မႈေတြနဲ႔ နိုင္ငံျခားရင္းႏွီးျမႇုတ္ႏွံမႈေတြကို စတင္ အားေပးခြင့္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ လာမယ့္ႏွစ္ေတြအတြင္းမွာ ဒီမိုကေရစီေတာင္းဆိုေတြကို တစ္သားထဲရွိတဲ့အေနနဲ႔ အေနာက္နိုင္ငံမ်ားက Sanction(ပိတ္ဆို႔မႈ) ေတြသာတိုးၿပီး ခ်မွတ္ခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ စစ္တပ္ရဲ့အဓိက ရန္သူျဖစ္တဲ့ ေဘဂ်င္းေက်ာက္ေထာက္ေနာက္ခံေပးထားတဲ့ အေရွ႕ေျမာက္ပိုင္း ကြန္ျမဴနစ္အဖြဲ႕ ၿပိဳကြဲခဲ့ၿပီး တ႐ုတ္နိုင္ငံနဲ႔ ပထမဆုံးကုန္သြယ္နိုင္မယ့္ အလားအလာရွိလာပါတယ္။ အက်ိဳးဆက္ရလဒ္အေနနဲ႔ ဗမာ့ အရွင္းရွင္စနစ္ဟာ ကပ္လ်က္ တ႐ုတ္နိုင္ငံရဲ့ စက္မႈေတာ္လွန္ေရးႀကီးနဲ႔ တင္းတင္းက်ပ္က်ပ္ခ်ည္ေႏွာင္မိလာပါေတာ့တယ္။

1990ႏွစ္မ်ားေနာင္ပိုင္းက်င့္သုံးတဲ့ political economyဟာ ကိုလိုနီေခတ္ေနာင္ပိုင္းမွာ မညီမၽွဆုံးျဖစ္လာပါတယ္။အထူးသျဖင့္ အပစ္အခက္ရပ္စဲၿပီးတဲ့ ေဒသခံတပ္ေတြရဲ့ ေနရာေတြမွာ တရားမဝင္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသူေတြ ေပါမ်ားလာပါတယ္။ သစ္နဲ႔ မိုင္းတြင္းမ်ား(အထူးသျဖင့္ ေက်ာက္စိမ္း) ဟာ စစ္ဗိုလ္ခ်ဳပ္မ်ား နဲ႔ သူတို႔ရဲ့အေပါင္းအပါ စီးပြားေရးလုပ္ငန္းရွင္ တစ္သိုက္ကိုခ်မ္းသာႂကြယ္ဝေစခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ရဲ့ အက်ိဳးအျမတ္ေတြကို အႀကီးမားဆုံးၿမိဳ႕ေတာ္ျဖစ္တဲ့ရန္ကုန္ရဲ့ အိမ္ၿခံေျမလုပ္ငန္း ေတြမွာျပန္လည္ ရင္းႏွီးျမႇုတ္ခဲ့ၿပီး အိမ္ေဈးေတြ ေဒၚသာသန္းခ်ီထိုးတက္ေစခဲ့ပါတယ္။ 2008 ခုႏွစ္မွာ အသစ္ရွာေဖြေတြ႕ရွိတဲ့ ကမ္းလြန္ေရနံဟာ စစ္အစိုးရကို တစ္ႏွစ္ေဒၚလာ ၃ ဘီလီယံေလာက္ရရွိေစခဲ့ပါတယ္။ အဲ့ပိုက္ဆံေတြဟာ အခ်ိတ္အဆက္ေတြသုံးကာ ေငြလဲႏႈန္းနည္းနည္းနဲ႔ျပန္လည္ရနိုင္ရနိုင္ၿပီး အက်ိဳးအျမတ္မ်ားလွတာလဲျဖစ္ပါတယ္။ စစ္ေခါင္းေဆာင္အကုန္လုံးေတာ့ မခ်မ္းသာနိုင္ေပမယ့္ အာဏာကို ပိုက္ဆံအျဖစ္ေျပာင္းလဲနိုင္တဲ့ အခြင့္အေရးေတြေတာ့ရရွိၾကတာပဲျဖစ္ပါတယ္။

ဘယ္သူမွ အခြန္မေဆာင္ၾက သလို နိုင္ငံအေနနဲ႔လည္း လူမႈေရးဝန္ေဆာင္မႈေတြဘာမွမေပးပါဘူး။ 2000 ျပည့္ႏွစ္မွာေတာ့ World Health Organisation အေနနဲ႔ ျမန္မာနိုင္ငံရဲ့က်န္းမာေရးစနစ္ကို ကမၻာ့နိုင္ငံမ်ားရဲ့ေအာက္ဆုံးနားမွာသတ္မွတ္ေပးခဲ့ပါတယ္။ စစ္တပ္အေနနဲ႔ သာမန္ျပည္သူေတြဆီက ေျမပမာဏ အေျမာက္အျမားလဲ သိမ္းယူခဲ့ပါေသးတယ္။ ေနာက္ 2008 ခုႏွစ္မွာေတာ့ နာဂစ္ဆိုင္ကလုံးက လူေပါင္း 140,000 ေလာက္ကို အသက္ဆုံးရႈံးေစခဲ့ပါတယ္။ ေျမေနရာဆုံးရႈံးမႈ၊ ဆိုင္ကလုံးနဲ႔ ရာသီဉတုေျပာင္းလဲမႈေၾကာင့္ ပတ္ဝန္းက်င္ၿခိမ္းေျခာက္ခံလာရမႈတို႔ေၾကာင့္ နိုင္ငံ အေနာက္ပိုင္းကေန အေရွ႕ပိုင္းကို တျဖည္းျဖည္းေျပာင္းေရႊ႕လာၾကပါတယ္။ ျမန္မာနိုင္ငံေအာက္ပိုင္း ဗမာလူမ်ိဳးေတြအေနနဲ႔  ရန္ကုန္နဲ႔ အထက္ပိုင္းလူနည္းစု ေဒသမ်ားသို႔ လည္းေကာင္း နိုင္ငံအႏွံကလူေတြ ထိုင္းနိုင္ငံသို႔လည္းေကာင္း(ျမန္မာနိုင္ငံက အလုပ္ၾကမ္းသမား သုံးသန္းကေန ေလးသန္းေလာက္ထိ) ေရႊ႕ေျပာင္းကုန္ၾကပါတယ္။ ျမန္မာနိုင္ငံရဲ့ လူမ်ိဳးေရးၿပ Demographic ဟာ ပိုပိုၿပီးရႈပ္ေထြးလာၿပီး ေနရာေဒသတဲ့ လူမ်ိဳးစုေတြကြဲသြားၾကပါတယ္။

လူမ်ိဳးႀကီးဝါဒဟာ ideology အရၿပိဳင္ဘက္မရွိပါဘူး။ 1989 မွာ စစ္ဗိုလ္ခ်ဳပ္ေတြဟာနိုင္ငံအမည္ကို ဘားမား(ဉေရာပတိုက္သားေတြ ၁၆ ရာစုေလာက္ထဲက ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသတစ္ဝိုက္ကိုေခၚဆိုခဲ့တဲ့အမည္)ကို ဗမာစကားေျပာလူအမ်ားစုရဲ့ လူမ်ိဳးအေခၚအေဝၚျဖစ္တဲ့ ျမန္မာလို႔ေျပာင္းလဲခဲ့ပါတယ္။ ဆိုရွယ္လစ္ဝါဒနဲ႔ ကြန္ျမဴနစ္ဝါဒတို႔ ေမွးမွိန္သြားၿပီး အဲ့ေနရာမွာ အမ်ိဳးသားေရးဝါဒက ဝင္ေရာက္လာပါတယ္။ ျမန္မာနိုင္ငံဟာ ဗုဒၶဘာသာကိုးကြယ္သူ ဗမာစကားေျပာ ျမန္မာလူမ်ိဳးမ်ား စုေပါင္းတည္ေထာင္တဲ့ နိုင္ငံဆိုတဲ့ အယူအဆနဲ႔ သူတို႔ရဲ့ ယဥ္ေက်းမႈဟာ ေမးခြန္းမထုတ္နိုင္တဲ့ေနရာေရာက္လာပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာပဲ ျမန္မာနိုင္ငံဟာ နိုင္ငံေရးစနစ္ေရာ စီးပြားေရးအရပါ ပိုမိုပြင့္လင္းလာပါတယ္။ ဒီလိုျပဳျပင္ေျပာင္းလဲမႈေတြဟာ Sanction ေတြ သံတမန္ေရးရာေတြေၾကာင့္မဟုတ္ပဲ နိုင္ငံရဲ့စစ္ဗိုလ္ခ်ဳပ္သန္းေရႊအေနနဲ႔ ဖြဲ႕စည္းပုံအသစ္တစ္ခုျပဠာန္းျခင္းကသာ သူ႔ကို အႏၲရာယ္ကင္းကင္းနဲ႔ သက္ေတာင့္သက္သာ အနားယူေစနိုင္လို႔ ယူဆလို႔ပဲျဖစ္ပါတယ္။ သူ႔အေနနဲ႔ တစ္ေန႔ေန႔မွာ သူ႔ကို ျပန္ဒုကၡေပးလာနိုင္တဲ့ စစ္အာဏာရွင္အသစ္ကို အာဏာလႊဲမေပးခ်င္ေတာ့ပဲ တိုင္းျပည္အာဏာကို အသက္ငယ္ငယ္ဗိုလ္ခ်ဳပ္တစ္စုနဲ႔ သူတည္ေထာင္ခဲ့တဲ့ စစ္တပ္အရာရွိေဟာင္းေတြပါဝင္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ့ၿဖိဳးေရးပါတီ(USDP) ရဲ့ အစိုးရတို႔ ကို ခြဲၿပီးအုပ္ခ်ဳပ္ေစျခင္းက ပိုၿပီး အေမၽွာ္အျမင္ႀကီးတဲ့ေရြးခ်ယ္မႈလို႔ သူကယုံၾကည္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၁ ခုႏွစ္မွာ ျပဳျပင္ေျပာင္းလဲေရးသမား ဗိုလ္ခ်ဳပ္ေဟာင္းေတြပါဝင္တဲ့ USDP ဟာ ဇာတ္ညႊန္းအတိုင္းမလုပ္ပဲ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ နိုင္ငံေရးအက်ဥ္းသားမ်ားလႊတ္ေပးျခင္း၊ အင္တာနက္ကို ဖြင့္လွစ္ေပးျခင္း၊ ရာစုႏွစ္တစ္ဝက္စာေလာက္မရခဲ့ဘူးတဲ့ နိုင္ငံေရးလြတ္လပ္ခြင့္ကို ေပးျခင္းတို႔ကို ျပဳလုပ္ခဲ့ပါတယ္။ ဒီမိုကေရစီ အရိပ္အေယာင္ကို ျမင္လာတဲ့ အေနာက္နိုင္ငံမ်ားကလည္း စီးပြားပိတ္ဆို႔မႈေတြ ရပ္သိမ္းခဲ့ၿပီး နိုင္ငံစီးပြားေရး တရွိန္ထိုး တိုးတက္လာပါတယ္။ Telecommunications က႑ကိုဖြင့္လွစ္ေပးလိုက္ျခင္းက ဆက္သြယ္ေရးမွာ အလြန္ေျပာင္းလဲသြားေစခဲ့ၿပီး 2011 ခုႏွစ္မွာ လူအမ်ားစုစမတ္ဖုန္းကိုင္လာနိုင္ၿပီး Facebook ေပၚ​ေရာက္လာၾကပါတယ္။ ဒီလို အတန္အသင့္ လြတ္လပ္ခြင့္ေတြၾကား အရြယ္ေရာက္လာတဲ့ မ်ိဳးဆက္သစ္တစ္ရပ္ဟာ သူတို႔နိုင္ငံကို ႂကြယ္ဝၿပီး ၿငိမ္းခ်မ္းတဲ့ ဒီမိုကေရစီနိုင္ငံတစ္နိုင္ငံအျဖစ္ အလြန္အလိုရွိၾကတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ စစ္တပ္ကေတာ့ သူ႔ကမၻာနဲ႔သူ သီးသန႔္က်န္ရွိေနဆဲျဖစ္ပါတယ္။ သန္းေရႊ  အနားယူခ်ိန္မွာေတာ့ သူ႔ရဲ့ ဂ်ဴနီယာျဖစ္တဲ့ မင္းေအာင္လွိုင္ကို စစ္တပ္ရဲ့အခန္းက႑ဟာ အေရးႀကီးေၾကာင္းျပသဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ဆိုတဲ့ ရာထူးေပးအပ္ခဲ့ပါတယ္။ အရင္စစ္ေခါင္းေဆာင္ေတြထက္ ဆယ္စုႏွစ္တစ္ခု ႏွစ္စုစာေလာက္ပိုငယ္တဲ့ မင္းေအာင္လွိုင္နဲ႔ သူ႔ရဲ့ အေပါင္းအပါဗိုလ္ခ်ဳပ္မ်ားဟာ အရင္ဆယ္စုႏွစ္ေတြထက္စာရင္ ပိုက္ဆံရနိုင္တဲ့ အဆက္အသြယ္ေတြနည္းနည္းပဲရၾကတာပဲျဖစ္ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ၂၀၁၁ ထဲကစတင္ခဲ့တဲ့ ျပဳျပင္ေျပာင္းလဲမႈမ်ားဟာ စီးပြားေရးမွာ စစ္တပ္ရဲ့အခန္းက႑ကို ေမွးမွိန္လာေစခဲ့ပါတယ္။ နိုင္ငံျခားေငြေၾကးနဲ႔ Corporate monopoly ေတြကို ခ်ဳပ္ကိုင္နိုင္တဲ့ အခြင့္ထူးေတြဆုံးရႈံးလာပါတယ္။ နိုင္ငံဘက္ဂ်က္ရဲ့ စစ္အသုံးစရိတ္ေတြေလ်ာ့က်ခဲ့ပါတယ္။ ဒါ့အျပင္ စစ္တပ္အေနနဲ႔ စီးပြားေရးေပၚလစီေတြကို ဝင္ေရာက္စြက္ဖက္ခြင့္မရေတာ့တာလဲျဖစ္ပါတယ္။ စစ္တပ္ရဲ့ အရင္က စီးပြားေရး ပါတနာအခ်ိဳ႕အေနနဲ႔လည္း နိုင္ငံတကာလုပ္ငန္းေတြနဲ႔ ၿပိဳင္ဆိုင္ရာမွာ က်ရႈံးလာၿပီး တျခားသူေတြနဲ႔လည္း တန္းတူယွဥ္ၿပိဳင္လာရတာျဖစ္ပါတယ္။ ဒါေပမယ့္ ကုမၸဏီအနည္းငယ္ကေတာ့ စစ္တပ္ရဲ့ေပးကမ္းမႈေတြအေပၚ မွီခိုေနရတုန္းပဲျဖစ္ပါတယ္။

2010 မွာေတာ့ စစ္တပ္အေနနဲ႔ ပိုက္ဆံရွာတာကို အသားမေပးေတာ့ပဲ အၾကမ္းဖက္တိုက္ခိုက္ေရးဘက္ကို လွည့္လာပါတယ္။ စစ္ဗိုလ္ခ်ဳပ္ေတြအေနနဲ႔ သူတို႔ရဲ့စစ္တပ္ရဲ့ လက္နက္ေတြကို အဆင့္ျမႇင့္တင္ၿပီး သူတို႔အေခၚအေဝၚအရ "standard modern army" ျဖစ္လာခ်င္ခဲ့ပါတယ္။ ျပည္တြင္းက အဆုံးမရွိတဲ့ လက္နက္ကိုင္ပဋိပကၡေတြကိုသူတို႔ပုံစံနဲ႔သူတို႔ရပ္တန႔္ဖို႔ စိတ္ကူးၾကပါတယ္။ တိုင္းရင္းသားလူနည္းစုကိုကိုယ္စားျပဳၿပီး တိုက္ခိုက္ေနတဲ့အမ်ိဳးမ်ိဳးေသာတပ္ဖြဲ႕ေတြကို လက္နက္ျဖဳတ္ၿပီး ၿဖိဳခြဲဖို႔ကို ဖိအားေပးရင္းေရာ ျမဴစြယ္ရင္းေရာ ႀကိဳးပမ္းပါတယ္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း သူတို႔ရဲ့ စစ္ဆင္ေရးကို အဓိကအာ႐ုံစိုက္ခဲ့တာကေတာ့ အာရကန္၊ကိုးကန႔္၊ တေအာင္းစတဲ့ တ႐ုတ္နဲ႔ဆက္ႏြယ္ေနတဲ့ တိုင္းရင္သားလူနည္းစုတပ္ဖြဲ႕ေတြအပၚျဖစ္ၿပီး ရိုဟင္ဂ်ာလူမ်ိဳးတုန္း နယ္ေျမရွင္းလင္းေရးေတြလဲ အပါအဝင္ျဖစ္ပါတယ္။ အတိုင္းအတာတစ္ခုေလာက္အထိေတာ့ သူတို႔ရဲ့တင္းတင္းမာမာ လုပ္ရပ္ေတြကို ေထာက္ခံသူေတြရွိလာခဲ့ပါတယ္။ လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ဗမာလူမ်ိဳးႀကီး ဝါဒ ဖုံးလႊမ္းလာၿပီး ဗုဒၶဘာသာအဖြဲ႕အစည္းေတြၾကားမွာလဲ အစၥလာမ္ဘာသာနဲ႔ တျခားနိုင္ငံျခားအရာအားလုံးဟာ သူတို႔ကိုးကြယ္ဘာသာကို အႏၲရာယ္ျပဳလာနိုင္တယ္ဆိုတဲ့ အယူအဆေတြေတြ႕လာရပါတယ္။

__________________________________

ဒီမိုကေရစီအသြင္ကူးေျပာင္းမႈဟာ စစ္တပ္ကိုေတာ့ သူ႔ကမၻာနဲ႔သူခ်န္ထားခဲ့တုန္းျဖစ္ပါတယ္။

၂၀၁၁ ကေန ၂၀၁၅ အထိ စစ္တပ္ဟာ USDP ရဲ့ စစ္ေခါင္းေဆာင္ေဟာင္းေတြနဲ႔ အာဏာကိုခြဲေဝၿပီး အခင္အမင္မပ်က္ အုပ္ခ်ဳပ္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၆ မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ NLD ဟာ ေသာင္ၿပိဳကမ္းၿပိဳအနိုင္ရခဲ့ၿပီး သူတို႔ရဲ့ ေခတ္အဆက္ဆက္နိုင္ငံေရး ရန္သူေတြနဲ႔ အစိုးရဖြဲ႕ရေတာ့မွာျဖစ္လာပါတယ္။ ဖြဲ႕စည္းပုံအရ စစ္တပ္ဟာ ကာကြယ္ေရး၊ ျပည္ထဲေရး(ရဲတပ္ဖြဲ႕ကိုထိန္းခ်ဳပ္နိုင္)နဲ႔ နယ္စပ္ေရးရာစတဲ့ ဝန္ႀကီးဌာန ၃ ခုကို ခ်ဳပ္ကိုင္ၿပီး လႊတ္ေတာ္ရဲ့ ထိုင္ခုံ ၄ ပုံတစ္ပုံကို ေနရာယူထားပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တကယ့္ အာဏာကိုရရွိပါတယ္။ သူရဲ့ လႊတ္ေတာ္အတြင္းေနရာအေျမာက္အျမားရရွိမႈက သူႀကိဳက္တဲ့ဉပေဒကို အလိုရွိသလိုျပဠာန္းလို႔ရၿပီး နိုင္ငံရဲ့ဘက္ဂ်က္နဲ႔ စစ္တပ္ခ်ဳပ္ကိုင္တဲ့ လုံျခဳံေရးကိစၥေတြကလြဲရင္ အစိုးရေပၚလစီအကုန္လုံးကို ထိန္းခ်ဳပ္ခြင့္ရရွိတာပဲျဖစ္ပါတယ္။

သူမနဲ႔ စစ္ဗိုလ္ခ်ဳပ္ေတြဟာ အသက္အရြယ္အလိုက္ေလးစားျခင္း၊ self-discipline(ကိုယ့္စည္းကိုယ့္ကန္းနဲ႔ေနျခင္း) နဲ႔ ဗုဒၶဘာသာကို အေလးထားျခင္း စတဲ့ သမာရိုးက်အေတြးအျမင္ေတြတူညီၾကၿပီး ကမၻာကို လူမ်ိဳးႀကီး ဝါဒနဲ႔ၾကည့္ျမင္ရာမွာလည္းတူညီၾကပါတယ္။ ရိုဟင္ဂ်ာမ်ားကိုႏွင္ထုတ္တဲ့ကိစၥအေပၚ အေနာက္နိုင္ငံမ်ားရဲ့တုံ႔ျပန္ခ်က္ဟာ မမၽွတဘူးလို႔ ယုံၾကည္ၾကရာမွာလည္း တူညီၾကပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ International Court Justice မွာ စစ္တပ္ကို ကာကြယ္ဖို႔ The Hague ကိုသြားၿပီး အက်ိဳးမရွိပဲ တရားစြဲဆိုမႈကို ရင္ဆိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူမနဲ႔ စစ္ဗိုလ္ခ်ဳပ္မ်ားအၾကားဆက္ဆံေရးဟာ အေကာင္းဆုံးအေျခအေနမွာရွိေနတာေတာ့မဟုတ္ပါဘူး။ NLD အစိုးရအေနနဲ႔ စစ္တပ္အာဏာသိမ္းမွာကို စိုးရိမ္ခဲ့ၿပီး စစ္တပ္အေနနဲ႔လည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အေနာက္နိုင္ငံေတြအၾကားလၽွို႔ဝွက္ႀကံစည္ၿပီး အစိုးရအဖြဲ႕ကေန သူ႔ကိုဖယ္ထုတ္သြားမွာ စိုးရိမ္ပါတယ္။

ရိုဟင္ဂ်ာေတြကို ျပင္းျပင္းထန္ထန္ဖယ္ရွားခဲ့တဲ့ ကိစၥေၾကာင့္စိတ္ကြက္ခဲ့တဲ့ တစ္ခ်ိန္က နိုင္ငံတကာကေထာက္ခံသူေတြကို ေက်ၿငိမ္းေအာင္လုပ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူ႔ကို ဒုကၡျပန္ေပးလာမွာကိုလည္း မင္းေအာင္လွိုင္အေနနဲ႔ စိုးရိမ္ေနခဲ့ပါတယ္။

နိုင္ငံေရးအေျခအေနတင္းမာလာေတာ့ နိုင္ငံရဲ့ စီးပြားေရးဟာလဲ ထိလြယ္ရွလြယ္အေျခအေနျဖစ္လာတယ္။ ၂၀၁၆ ခုႏွစ္မွာ ေတာ့ ျမန္မာ့စီးပြားေရးဘဏ္အေနနဲ႔  International Monetary Fund ရဲ့ အႀကံဉာဏ္ကိုယူၿပီး ပုဂၢလိကဘဏ္ေတြအတြက္ စီးပြားေရး စည္းကမ္းအသစ္ေတြျပဠာန္းခဲ့တယ္။ အဲ့အခ်ိန္မွာ နိုင္ငံရဲ့ ေခ်းေငြတစ္ဝက္ေလာက္ဟာ ဘာလုပ္ငန္းမွမယ္မယ္ရရမျဖစ္ထြန္းပဲ ရွမ္းရွမ္းေတာက္ အိမ္ၿခံေျမေဈးကြက္ဟာလည္း ႏွာေခါင္းေပၚ႐ုံေလးေလာက္သာ အေျခအေနရွိပါေတာ့တယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူ႔ကိုေထာက္ခံသူအမ်ားစုက စက္ဆုပ္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္စုအေပၚ ဩဇာရွိေၾကာင္းသိလာပါတယ္။ အရင္စစ္ေခါင္းေဆာင္ေဟာင္းေတြ လက္ထက္က ခ်မ္းသာလာခဲ့တဲ့ ခရိုနီေတြအေနနဲ႔ သူမရဲ့ စိတ္ဝင္စားမႈရရွိဖို႔ ႀကိဳးပမ္းလာၾကတယ္။ သူမရဲ့ အႀကံေပးေတြကေတာ့ ပိုပိုၿပီး ေလၽွာ့ေပါ့ေပး(Liberalize)ဖို႔ တြန္းအားေပးၾကပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ေဘဂ်င္းအစိုးရအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးတည္ေဆာက္ခဲ့ၿပီး သူ႔ရဲ့ တ႐ုတ္အေနာက္ေတာင္ပိုင္းက ယူနန္နဲ႔ ဘဂ္လားပင္လယ္ေအာ္ ကိုဆက္သြယ္မယ့္ တ႐ုတ္-ျမန္မာစီးပြားေရး ဆက္သြယ္ေရးမႈျဖစ္တဲ့ ေဒၚလာဘီလီယံေပါင္းမ်ားစြာပါဝင္ေသာ Belt and Road Initiative ပေရာဂ်က္ကို တင္ျပလာပါတယ္။

အဲ့တာေနာက္ပိုင္း ကိုဗစ္ေရာဂါႀကီး ျဖစ္လာပါတယ္။ ကိုဗစ္ဟာ လူထုက်န္းမာေရးအေပၚသက္ေရာက္မႈက အနည္းငယ္ျဖစ္ေပမယ့္ Lockdown ေတြ ပိတ္ဆို႔မႈေတြက နိုင္ငံျခားကုန္သြယ္မႈေတြကို ပရမ္းပတာျဖစ္လာေစတယ္။ အစိုးရရဲ့ တုံ႔ျပန္မႈကေတာ့အားရစရာမေကာင္းလွပါဘူး။ အဆိုးရြား စီးပြားေရး ထိခိုက္ခံရဲ့သူေတြအတြက္ ေငြေၾကးေထာက္ပံ့ေပးမႈမရွိသေလာက္ပါပဲ။ ၂၀၂၀ ေအာက္တိုဘာလမွာ ေကာက္ယူခဲ့တဲ့ စစ္တမ္းအရ၊ ဆင္းရဲတြင္းက်ေနတဲ့ လူထု(တစ္ေန႔ဝင္ေငြ $1.9ေအာက္ရရွိသူ) ဟာ လြန္ခဲ့တဲ့ ရွစ္လအတြင္း ၁၆ ရာခိုင္ႏႈန္း ကေန ၆၃ ရာခိုင္ႏႈန္း အထိျမင့္တက္လာခဲ့ၿပီး စစ္တမ္းရဲ့ သုံးပုံတစ္ပုံဟာ ၂၀၂၀ ဩဂတ္ထဲက ဝင္ေငြလုံးဝမရရွိတာလဲျဖစ္ပါတယ္။ ဒါေပမယ့္ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ Facebook ေပၚ ပထမဆုံးေပၚလာခဲ့ၿပီး က်န္းမာေရးဝန္ထမ္းေတြ တစ္ျခားသူေတြနဲ႔ Live stream စကားေျပာပြဲေတြျပဳလုပ္ခဲ့ၿပီး လူထုရဲ့ယုံၾကည္မႈက တိုးလာခဲ့ပါတယ္။ လူသန္းေပါင္းမ်ားစြာအေနနဲ႔ တိုင္းျပည္စီးပြားေရးယိုယြင္းမႈေတြအတြက္ သူမကို အျပစ္မတင္ပဲ အဲ့အစား သူတို႔ကိုျပန္ၾကည့္ရႈတဲ့ေခါင္းေဆာင္ရၿပီလို႔သာ ခံစားခဲ့ၾကပါတယ္။

ဒါေပမယ့္ သတိေပးသံေတြကေတာ့ ညံလ်က္ရွိပါတယ္။ အထူးသျဖင့္ ဗမာလူမ်ိဳးစုေနထိုင္တဲ့ ျပည္မ အျပင္ဘက္မွာပါ။  ရိုဟင္ဂ်ာမူစလင္ေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ၿပီးခ်ိန္မွာေတာ့ နိုင္ငံအေနာက္ပိုင္းက ရခိုင္ျပည္နယ္မွာ လုံးလုံးေျပာင္းလဲမႈအသစ္တစ္ခု ေပၚထြက္လာပါတယ္။ ရခိုင္စကားေျပာ ဗုဒၶဘာသာအသိုင္းအဝိုင္းရဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိဖို႔ႀကိဳးပမ္းတဲ့ အာရကန္တပ္မဟာ ေပၚထြက္လာပါတယ္။ ၂၀၁၈ မွာ အာရကန္တပ္မဟာ အေနနဲ႔ အစိုးရရဲ့ေနရာေတြကို တိုက္ခိုက္မႈေတြ ႀကီးႀကီးမားမားျပဳလုပ္ပါတယ္။ ဒါဟာ ျမန္မာနိုင္ငံရဲ့ မ်ိဳးဆက္တစ္ခုအၾကား အထင္ရွားဆုံး သူပုန္ထမႈတစ္ခုလည္းျဖစ္ပါတယ္။ ၂၀၂၀ ေႏွာင္းပိုင္းမွာေတာ့ စစ္တပ္ရဲ့ စစ္စခန္းအမ်ားစုကို တိုက္ခိုက္နိုင္ခဲ့ၿပီး ရခိုင္ေက်းလက္ေဒသေနရာအမ်ားစုမွာ de facto(ေျမျပင္) အာဏာကို ရရွိခဲ့ပါတယ္။

နိုင္ငံရဲ့ အျခားတစ္ဖက္မွာေတာ့ methamphetamine ထုတ္လုပ္ေနမႈဟာ ဂ်ပန္ နဲ႔ နယူးဇီလန္အထိ ေဈးကြက္ျဖန႔္က်က္ထားနိုင္တာလဲျဖစ္ပါတယ္။ မူးယစ္ေဆးေတြကို တ႐ုတ္နယ္စပ္နားက လက္နက္ကိုင္ေတြထိန္းခ်ဳပ္ထားတဲ့ ေနရာေတြမွာထုတ္လုပ္တာျဖစ္ၿပီး ရရွိတဲ့ မ်ားျပားလွတဲ့အက်ိဳးအျမတ္ေတြဟာ ျမန္မာနိုင္ငံက ဘယ္သူဘယ္ဝါဆီကိုမွေရာက္ရွိတာမဟုတ္ပဲ နိုင္ငံျဖတ္ေက်ာ္မူးယစ္ရာဇာေတြဆီပဲေရာက္ရွိတာျဖစ္ပါတယ္။ (ဉပမာ အမ္စတာဒမ္ၿမိဳ႕မွာ ဇန္နဝါရီလကဖမ္းမိတဲ့ တ႐ုတ္-ကေနဒီယန္ လူမ်ိဳး Tse Chi Lop ေခါင္းေဆာင္ၿပီး ႏွစ္စဥ္ ၁၇ ဘီလီယံေလာက္ရရွိေနတယ္လို႔ ခန႔္မွန္းရတဲ့ အဖြဲ႕)။ မူးယစ္ေဆးေတြဟာ ေငြမည္းခဝါခ်မႈနဲ႔ တစ္ျခား တရားမဝင္စီးပြားေရးလုပ္ငန္းေတြကို ျဖစ္ထြန္းေစၿပီး အေရွ႕ေျမာက္ပိုင္း တ႐ုတ္နိုင္ငံ ယူနန္ျပည္နယ္စုနားမွာ ကာစီနိုေပါင္းတစ္ရာေက်ာ္နဲ႔ ထိုင္းနယ္စပ္မွာ Cryptocurrency hubေတြ  ေပၚေပါက္လာေစတာပဲျဖစ္ပါတယ္။

နိုင္ငံ့ေရြးေကာက္ပြဲကိုေတာ့ ပဋိပကၡေတြနဲ႔ စီးပြားေရးျပႆနာေတြၾကား မွာတင္ နိုဝင္ဘာလမွာက်င္းပခဲ့ပါတယ္။ ဒါေပမယ့္လူေတြကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုသာ လွိုက္လွိုက္လွဲလွဲ မဲေပးခဲ့ၾကပါတယ္။ စီးပြားေရးအေျခအေနေတြအရ NLD အေနနဲ႔ အေျခအေနဆိုးဝါးမယ္လို႔ ယုံၾကည္ၿပီး ေနာက္တက္မယ့္သမၼတေရြးခ်ယ္မႈကို ဝင္ေရာက္စြက္ဖက္နိုင္မယ္လို႔ထင္ခဲ့တဲ့ စစ္ေခါင္းေဆာင္ေတြအေနနဲ႔  ေရွာ့ခ္ရခဲ့ပါတယ္။ အဲ့အစား အနိုင္ရမႈနဲ႔အတူ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အာဏာပိုရလာေသးသလိုျဖစ္လာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မင္းေအာင္လွိုင္တို႔ရဲ့ နားလည္မႈရရွိေအာင္ႀကိဳးပမ္းမႈက သိပ္မရာမေရာက္ခဲ့ပါဘူး။ သူ႔အေနနဲ႔ မဲလိမ္တယ္လို႔စြတ္စြဲၿပီး ေရြးေကာက္ပြဲကိုစစ္ေဆးခြင့္ရဖို႔ေတာင္းဆိုပါတယ္။ သူမအေနနဲ႔ကေတာ့ စဥ္းစားေပးဖိုျငင္းဆိုခဲ့ပါတယ္။ စစ္တပ္အေနနဲ႔ အရွက္ရခဲ့ပါတယ္။ ဒါေပမယ့္ သာမာန္လူေတြ အေနနဲ႔ကေတာ့ သူမရဲ့ ေအာင္ျမင္မႈကိုသာ ဝမ္းေျမာက္ဝမ္းသာၿပီး လာမယ့္ပိုေကာင္းမြန္တဲ့အခ်ိန္ေတြကိုသာ ေတြးၾကည့္ခဲ့ၾကပါတယ္။

အာဏာသိမ္းမႈႏွင့္ဆႏၵျပပြဲမ်ား

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာေတာ့ စစ္တပ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တျခား NLD ေခါင္းေဆာင္မ်ားကို ဖမ္းဆီးၿပီး အာဏာကို သိမ္းယူခဲ့ပါတယ္။ ဒါကို အာဏာသိမ္းပြဲလို႔ အမည္မတပ္ပဲ ဖြဲ႕စည္းပုံအရ အေရးေပၚအေျခအေနဆိုၿပီး NLD မဟုတ္တဲ့ တျခားနိုင္ငံေရးပါတီက အဖြဲ႕ဝင္ေတြနဲ႔ စစ္ဗိုလ္ခ်ဳပ္ေတြေပါင္းၿပီး အာဏာသိမ္းအစိုးရအသစ္ ကို ဖြဲ႕စည္းခဲ့ပါတယ္။ မင္းေအာင္လွိုင္အေနနဲ႔ သူ႔ရဲ့ ဝန္ႀကီးအဖြဲ႕ကို အႀကံေပးအရာရွိေဟာင္းေတြနဲ႔ဖြဲ႕စည္းခဲ့ၿပီး သူ႔ရဲ့ပထမဆုံးလူလုံးထြက္ျပခ်ိန္မွာ ကိုဗစ္ Pandemic အၿပီး စီးပြားေရးျပန္လည္ထူေထာင္ဖို႔နဲ႔ ေဒၚလာဘီလီယံေပါင္းမ်ားစြာကုန္က်မယ့္ အစီအစဥ္ကိုထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူ႔အေနနဲ႔ ျပသနာသိပ္မရွိပဲ အာဏာသိမ္းယူ၊ NLD ကိုဖယ္ထုတ္၊ စီးပြားေရးကိုျပဳျပင္ၿပီး သူ႔အတြက္အက်ိဳးရွိေစမယ့္ေရြးေကာက္ပြဲျပဳလုပ္နိုင္မယ္ လို႔ ေတြးခဲ့တယ္လို႔ ထင္ရပါတယ္။ အဲ့လိုဆိုရင္ေတာ့ လူထုရဲ့ စိတ္ေနစိတ္ထားကို လုံးလုံးမွားဖတ္မိၿပီ ျဖစ္ပါတယ္။

အာဏာသိမ္းပြဲကို လူထုရဲ့တုံ႔ျပန္မႈဟာ ေစ့ေဆာ္စရာမလိုပဲ အလိုလိုကိုေပၚထြက္လာပါတယ္။ ရက္ပိုင္းအတြင္းမွာပဲ သိန္းခ်ီရွိတဲ့ လူထုဟာ လမ္းမေတြေပၚေရာက္လာၾကၿပီး စစ္အုပ္ခ်ဳပ္မႈဖ်က္သိမ္းရန္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အရပ္သားေခါင္းေဆာင္မ်ားျပန္လႊတ္ေပးရန္၊ ေရြးေကာက္ခံအစိုးရကို အာဏာျပန္ေပးရန္တို႔ကို ေတာင္းဆိုၾကပါတယ္။ တစ္ခ်ိန္ထဲမွာပဲ Civil Disobedience Movement စတင္ခဲ့ၿပီး ဆရာဝန္ေတြအေနနဲ႔ အစိုးရေဆး႐ုံေတြကေန ထြက္လာၾကပါတယ္။ ေနာက္ပိုင္း က႑အသီးသီးပါဝင္လာၿပီး ဝန္ႀကီး ဌာနေတြကေန ရက္ကြက္႐ုံးေတြအထိ CDM ကိုေဆာင္ရြက္လာၾကပါတယ္။ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က အေထြေထြသပိတ္မွာေတာ့ ဘဏ္ေတြအပါအဝင္ လုပ္ငန္းေတြအားလုံးပိတ္ခဲ့ပါတယ္။ ေနာက္ၿပီး Facebook ေပၚမွာ စစ္တပ္ သို႔ စစ္အစိုးရနဲ႔ ဆက္ႏြယ္သူအားလုံးကို Social Punishment လုပ္တဲ့ Campaign ေတြေပၚထြက္လာပါတယ္။

စစ္တပ္အေနနဲ႔ ရက္ရက္စက္စက္ၿဖိဳခြင္းခဲ့ပါတယ္။ အစပိုင္းမွာေတာ့ ေနာက္ဆုတ္ေပးၿပီး ဆႏၵျပသူေတြ သူ႔ဟာသူရပ္တန႔္သြားမလား ေမၽွာ္လင့္ေန႔တာလည္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ေဖေဖာ္ဝါရီေနာက္ဆုံးအပတ္မွာေတာ့ ရိုဟင္ဂ်ာ လူမ်ိဳးတုန္းသတ္ျဖတ္မႈမွာ အပါအဝင္ျဖစ္တဲ့ တိုက္ပြဲဝင္ေျခလ်င္တပ္မေတြ ရန္ကုန္နဲ႔ တျခားၿမိဳ႕ေတြေပၚေရာက္ရွိလာပါတယ္။ မ်ားျပားလွတဲ့ စစ္အင္အားနဲ႔ အၾကမ္းဖက္မႈေတြ စတင္ပါေတာ့တယ္။ ညဘက္ေရာက္တာနဲ႔ အင္တာနက္ဟာျပတ္ေတာက္သြားၿပီး စစ္သားေတြအေနနဲ႔ လူေနအိမ္ေတြၾကား ေသနတ္ေတြ ရမ္းသမ္းပစ္၊ အသံဗုံးေတြခြဲ၊ တံခါးရိုက္ခ်ိဳးၿပီး လူေတြကို ဆြဲၿပီး ဖမ္းေခၚတာေတြ လုပ္ေဆာင္ပါေတာ့တယ္။ လူအုပ္ႀကီးကေတာ့ ၿပိဳကြဲသြားၿပီး ပိုၿပီး စိတ္ပိုင္းျဖတ္ထားတဲ့ ဆႏၵျပသူေတြရဲ့ အဖြဲ႕ငယ္ေလးေတြနဲ႔ ေပၚထြက္လာပါတယ္။ ေယာက္်ားေလးေတြနဲ႔ အမ်ိဳးသမီးငယ္မ်ားဟာ လက္လုပ္အရံအတားမ်ားျပဳလုပ္ၿပီး ဝရိန္ေဆာ္ထားတဲ့ ဒိုင္းကာမ်ားနဲ႔ တစ္ခ်ိဳ႕ တီထြင္ဖန္တီးထားတဲ့ လက္နက္ငယ္မ်ားနဲ႔ စစ္သားေတြရဲ့ တရစပ္ပစ္ခတ္မႈကို ကာကြယ္ဖို႔ျပဳလုပ္ၾကပါတယ္။ မတ္လ ၁၄ ရက္တစ္ရက္ထဲမွာတင္ ရန္ကုန္ရဲ့ စက္မႈလုပ္ငန္းမ်ားရွိတဲ့ ဆင္ေျခဖုံး လွိုင္သာယာၿမိဳ႕မွာ လူဒါဇင္ေပါင္းမ်ားစြာ အသတ္ခံခဲ့ရပါတယ္။ မတ္ ၂၇ ရက္မွာေတာ့ စစ္တပ္ရဲ့ ပစ္ခတ္မႈေၾကာင့္ ျမန္မာတစ္နိုင္ငံလုံးမွာ လူ ၁၀၀ ေက်ာ္ေသဆုံးခဲ့ရပါတယ္။

အဲ့လို အစုလိုက္အျပဳံလိုက္ သတ္ျဖတ္ျခင္းက ေတာ္လွန္ေရးကို ပိုၿပီးအစြန္းဘက္တြန္းပို႔ခဲ့ပါတယ္။ အရပ္သားေတြကို ရိုက္ႏွက္ သတ္ျဖတ္ေနတဲ့ Video ေတြ အင္တာနက္ေပၚမွာ မၽွေဝမႈနဲ႔အတူ လူထုအေနနဲ႔ ဒီဆႏၵျပပြဲကို စစ္တပ္ကိုလုံးဝဖ်က္သိမ္းဖို႔ရည္ရြယ္တဲ့အထိအသြင္ေျပာင္းလာခဲ့ပါတယ္။ ဆႏၵျပသူေတြဟာ "the Responsibility to protect" လို႔ေခၚတဲ့ လူ႔အခြင့္အေရးကိုဆန႔္က်င္တဲ့ ျပစ္မႈေတြကေန နိုင္ငံတစ္နိုင္ငံရဲ့ ျပည္သူေတြကို ဝင္ေရာက္ကယ္တင္ဖို႔ တာဝန္ရွိတဲ့ နိုင္ငံတကာ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ "R2P" ေတာင္းဆိုတဲ့ ဆိုင္းဘုတ္ေတြကိုင္ေဆာင္ၿပီးေတာင္းဆိုၾကပါတယ္။ ခနေလာက္ေတာ့ ျမန္မာျပည္သူအေျမာက္အျမားဟာ ဒီအာဏာသိမ္းအစိုးရထံကေန နိုင္ငံတကာအသိုင္းအဝိုင္းက ကယ္ဆယ္ေပးလိမ့္မယ္လို႔ အမွန္တကယ္ယုံၾကည္ခဲ့ၾကပါတယ္။ မတ္လ ေႏွာင္းပိုင္းမွာေတာ့ နိုင္ငံတကာ လက္နက္ကိုင္တပ္မ်ားမဝင္ေရာက္နိုင္မွန္းသိလာတဲ့အခါ ဆႏၵျပလူငယ္မ်ား လက္နက္ကိုင္သူပုန္ထဖို႔ျဖစ္လာပါေတာ့တယ္။ ဉပမာ အိႏၵိယနိုင္ငံနားက ကေလးၿမိဳ႕မွာ "Kalay Civil Army" ဆိုၿပီး ဖြဲ႕စည္းထားတဲ့ ရက္ကြက္ေနလူထုဟာ အိမ္လုပ္အမဲလိုက္ေသနတ္ေတြနဲ႔ စစ္သားအေျမာက္အျမားကို သတ္ၿပီး စစ္တပ္က ျပန္မသိမ္းမီ ၁၀ ရက္ေလာက္ထိန္းထားနိုင္ခဲ့ပါတယ္။ လာမယ့္လာေတြမွာေတာ့ ေဒသအလိုက္ဖြဲ႕စည္းၿပီး လက္နက္အနည္းငယ္တပ္ဆင္ထားတဲ့ အဖြဲ႕အသစ္ေတြ ဒါဇင္ေပါင္းမ်ားစြာ နိုင္ငံအႏွံ့ ေပၚေပါက္လာပါတယ္။ ေမလမွာေတာ့ Chinland Defence Force လို႔ေခၚတဲ့ ျပည္သူ႔လက္နက္ကိုင္တပ္ဟာ အေနာက္ဘက္ေတာင္တန္းေတြၾကားက မင္းတပ္ၿမိဳ႕ကို သုံးပတ္ေလာက္ ထိန္းသိမ္းနိုင္ခဲ့ပါတယ္။ စစ္တပ္အေနနဲ႔ လက္နက္ ႀကီးေတြ ၊ ဟယ္လီေကာ္ပတာေတြနဲ႔ ပစ္ခတ္ၿပီးျပန္လည္သိမ္းယူခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ လူငယ္ ရာေပါင္းမ်ားစြာဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြဆီ သူ႔နည္းသူ႔ဟန္နဲ႔ေရာက္ေအာင္သြားၾကၿပီး ေဖာက္ခြဲေရးနည္းစနစ္ေတြနဲ႔ ေလ့က်င့္ေရးေတြဆင္းခဲ့ၾကပါတယ္။ ေမလေႏွာင္းပိုင္းမွာေတာ့ ရန္ကုန္အပါအဝင္ ေနရာအႏွံ့မွာ စစ္တပ္နဲ႔ဆက္ႏြယ္သူေတြကို ပစ္မွတ္ထားၿပီး မီးရွို႔မႈေတြ ရဲနဲ႔ အုပ္ခ်ဳပ္ေရး႐ုံးေတြကိုတိုက္ခိုက္မႈေတြနဲ႔ အေသးစားဗုံးေပါက္ကြဲမႈရာနဲ႔ခ်ီျဖစ္ခဲ့ပါတယ္။

ဒီ ေျပာက္ၾကားတိုက္ခိုက္မႈေတြဟာ အာဏာသိမ္းအစိုးရကို အေျခမက်ျဖစ္ေစပါတယ္။ ဒါေပမယ့္ ေတာ္လွန္ေရးသမားေတြအေနနဲ႔ အိမ္နီးခ်င္းနိုင္ငံေတြဆီက အေထာက္အပံ့မရပဲ(မျဖစ္နိုင္ဘူးလို႔ထင္ရ) ရွိၿပီးသား စစ္တပ္ကိုစိန္ေခၚဖို႔ မျဖစ္နိင္ပါဘူး။ ျမန္မာစစ္တပ္ရဲ့ သမိုင္းေၾကာင္းအရ အင္အားႀကီးမားတဲ့ ပမာဏက ခြဲထြက္လာၿပီး ေတာ္လွန္ေရးမွာပါဝင္ဖို႔ဆိုတာမျဖစ္နိုင္ဘူး လို႔ျပေနပါတယ္။

ဒါဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြကိုသာ ပိုမိုေတာ္လွန္တဲ့ သူေတြျဖစ္လာဖို႔ က်န္ပါေတာ့တယ္။ နိုင္ငံေျမာက္ဖက္စြန္းပိုင္းက The Kachin Independence Army နဲ႔ အေရွ႕ေတာင္ပိုင္းက the Karen National Liberation Armyဟာ စစ္စခန္းေတြကို တိုက္ခိုက္မႈ အသစ္ေတြအသီးသီး  ျပဳလုပ္ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအားလုံးေပါင္းရင္ေတာင္ စုစုေပါင္းအင္အား ၇၅,၀၀၀ ဟာ လက္နက္ႀကီးနဲ႔ ေလေၾကာင္းအင္အားႀကီးမားတဲ့ စစ္တပ္ကို ယွဥ္ဖို႔ရာမလြယ္ကူပါဘူး။ ဒါအျပင္ အင္အားအေကာင္းဆုံး လက္နက္ကိုင္တပ္ျဖစ္တဲ့ ကြန္ျမဴနစ္သူပုန္တပ္ေဟာင္းကေန ေပၚထြက္လာတဲ့ အင္အား 30,000ေလာက္ရွိတဲ့ the United Wa State Army(ဝလက္နက္ကိုင္တပ္) ဟာ တ႐ုတ္နဲ႔ ဆက္ႏြယ္မႈ နက္ရွိုင္းတာလဲျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ေဘဂ်င္းရဲ့ အႀကံဉာဏ္ကို နားေထာင္မွာျဖစ္ၿပီး ျမန္မာစစ္တပ္ကို မႀကိဳက္ေပမယ့္ ျပည္တြင္းစစ္ႀကီးကိုေတာ့ ျမင္ခ်င္မွာမဟုတ္ပါဘူး။

က်ရႈံးနိုင္ငံအျဖစ္ ျမန္မာ

စစ္ေျမျပင္မွာ ျဖစ္ပြားမွာေတြထက္ လက္ရွိ စီးပြားေရး ပ်က္သုန္းေနမႈကသာ ျမန္မာနိုင္ငံကို က်ရႈံးနိုင္ငံျဖစ္လာေစမွာပါ။ သာမန္အိမ္ေထာင္စုေတြ မွီခိုေနရတဲ့လုပ္ငန္းေတြ (ဉပမာ- ခရီးသြားလုပ္ငန္း)ၿပိဳလဲျခင္း၊ global pandemic ေၾကာင့္တျခားနိုင္ငံက ေရႊ႕ေျပာင္းလုပ္ငန္းေတြထံမွ ဝင္ေငြမ်ားဆုံးရႈံးျခင္း(၂၀၁၉ ခုႏွစ္မွာ 2.4 billion ရရွိခဲ့)တို႔ျဖစ္လာပါတယ္။ လူသန္းေပါင္းမ်ားစြာ အထူးသျဖင့္ အမ်ိဳးသမီးငယ္မ်ား အထည္ခ်ဳပ္လုပ္ငန္းဟာလည္း ယခင္ဆယ္စုႏွစ္အတြင္း ေအာင္ျမင္ခဲ့တဲ့ လုပ္ငန္းတစ္ခုျဖစ္ေပမယ့္ ယခုအခါ ဉေရာပရဲ့အမွာေတြမရရွိေတာ့တာေၾကာင့္ ယိုယြင္းလာၿပီျဖစ္ပါတယ္။ နိုင္ငံရဲ့ အႀကီးမားဆုံးအလုပ္ရွင္ျဖစ္တဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းရဲ့ အနာဂတ္ဟာလည္း ဆႏၵျပပြဲမ်ား နဲ႔ တ႐ုတ္ရဲ့ Covid 19 ေၾကာင့္ဆိုၿပီး နယ္စပ္ပိတ္လိုက္ျခင္းေၾကာင့္ သယ္ယူပို႔ေဆာင္ေရးအခက္အခဲေတြနဲ႔ မေသမခ်ာျဖစ္ေနၿပီျဖစ္ပါတယ္။ အဓိကကေတာ့ ဆႏၵျပပြဲေတြ၊ ဗဟိုဘဏ္ရဲ့ ေငြထုတ္မေခ်းေပးခ်င္တာနဲ႔ ထုတ္ေပးနိုင္ေအာင္မစြမ္းေဆာင္နိုင္ျခင္း၊ ေငြေၾကးက႑အေပၚ ယုံၾကည္မႈ​ပ်က္ယြင္းလာျခင္းတို႔ေၾကာင့္ စီးပြားေရးက႑ဟာလည္း သြက္ခ်ာပါဒ လိုက္လာတာျဖစ္ပါတယ္။ ဘဏ္ေတြပိတ္ျခင္းေၾကာင့္ ATM ေတြမွာ ေငြမရွိ၊ စီးပြားလုပ္ငန္း ေထာင္ေပါင္းမ်ားစြာ လစာမေပးနိုင္နဲ႔ တစ္လကို က်ပ္ေငြထရီလီယံ(ေဒၚလာဘီလီယံ)ေလာက္ ေငြေၾကးလည္ပတ္မႈကေန ေပ်ာက္ဆုံးသြားတာျဖစ္ပါတယ္။ အက်ိဳးသက္ေရာက္အေနနဲ႔ အျခားက႑ ေတြပါ ယိုယြင္းလာတာျဖစ္ပါတယ္။

စီးပြားေရးဟာ ထိုးက်ေနေပမယ့္ စစ္အစိုးရအေနနဲ႔ ထိခိုက္မႈမရွိသေလာက္ပါပဲ။ သဘာဝဓာတ္ေငြ႕နဲ႔ သတၱဳတြင္းေတြကေန စစ္တပ္ရဲ့ ဘ႑ာတိုက္ ကိုျဖည့္တင္းေပးေနတုန္းျဖစ္ပါတယ္။ စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြ ကေန တစ္ႏွစ္ကို ေဒၚလာ ၂.၅ ဘီလီယံ သို႔မဟုတ္ နိုင္ငံဘတ္ဂ်က္ကေန ႏွစ္စဥ္စစ္တပ္ ဘက္ဂ်က္ကေန ရရွိေသးတဲ့ စစ္တပ္အတြက္ နိုင္ငံျခား sanction ေတြဟာ အက်ိဳးသက္ေရာက္မႈသိပ္မရွိတာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္  စစ္အစိုးက အခု နိုင္ငံရဲ့ ဘက္ဂ်က္ $၂၅ ဘီလီယံလုံးကို ထိန္းခ်ဳပ္ထားတာျဖစ္တာေၾကာင့္စစ္တပ္အတြက္ ေငြေရးေၾကးေရးအက်ပ္အတည္းျဖစ္ေစမွာမဟုတ္ပါဘူး။

ဒါေပမယ့္ ျမန္မာျပည္သူေတြကေတာ့အႀကီးအက်ယ္ခံစားရပါလိမ့္မယ္။ The UN Development Program ရဲ့ ခန႔္မွန္းခ်က္အရ လာမယ့္ေျခာက္လအတြင္း လူဦးေရ ၅၅ သန္းထဲကတစ္ဝက္ေလာက္ ဆင္းရဲတြင္းက်နိုင္တယ္လို႔ ခန႔္မွန္းထားၿပီး World Food Program ကေတာ့ လူေပါင္း ၃.၅သန္းေလာက္ အငတ္ေဘးက်မွာကို စိတ္ပူမိတယ္လို႔ဆိုပါတယ္။ အသက္ကယ္ေဆးနဲ႔ ကုသမႈေတြ ေတြ အရမ္းရွားပါးေနၿပီး 2021 အတြင္း ေမြးကင္းစကေလး 950,000 ေလာက္ ဟာ TB နဲ႔ ပိုလိုယိုေရာဂါကာကြယ္ေဆးရရွိမွာမဟုတ္ပါဘူး။ အခံစားရဆုံးျဖစ္မွာကေတာ့ အားအနည္းဆုံးသူေတြျဖစ္တဲ့ ေျမယာမရွိတဲ့ ရြာသူရြာသားေတြ၊ ေတာင္ေပၚေနစိုက္ပ်ိဳးေရးသမားေတြ၊ ေရႊ႕ေျပာင္းအလုပ္သမားေတြ၊ ရိုဟင္ဂ်ာလူမ်ိဳးေတြပဲျဖစ္ပါတယ္။ စီးပြားေရးဟာ ဘုန္းခနဲ ဒိုင္းခနဲမဟုတ္ပဲ တအိအိနဲ႔ၿပိဳလဲသြားမွာမဟုတ္ပဲ အာဟာရခ်ိဳ႕တဲ့ၿပီး ပညာမတတ္တဲ့ မ်ိဳးဆက္သစ္တစ္ဆက္ေပၚေပါက္လာမွာလဲျဖစ္ပါတယ္။

က်ရႈံးနိုင္ငံအျဖစ္ ျမန္မာနိုင္ငံဟာ ဒီလိုပုံစံျဖစ္လာနိုင္ပါတယ္။ စစ္တပ္အေနနဲ႔ ၿမိဳ႕ႀကီးေတြနဲ႔ ဧရာဝတီ ျမစ္ဝွမ္းတစ္ေလၽွာက္ထိန္းခ်ဳပ္ ၿပီး ၿမိဳ႕ၿပ ေပ်ာက္ၾကားတိုက္ခိုက္မႈေတြနဲ႔ အႏွံ့အျပားသူပုန္ထမႈဟာ စစ္အစိုးရကို အေျခမခိုင္ျဖစ္ေစပါမယ္။ ဆႏၵျပပြဲေတြၿပီးဆုံးသြားေပမယ့္ သန္းေပါင္းမ်ားစြာအလုပ္လက္မဲ့ျဖစ္ၿပီး လူအမ်ားစုအေနနဲ႔ အေျခခံဝန္ေဆာင္မႈေတြကို နည္းနည္း သို႔ မရရွိသေလာက္ျဖစ္လာမယ္။ အျခားတိုင္းရင္းလက္နက္ကိုင္ေတြ ရက္ရက္စက္စက္ ေရေၾကာင္း၊ ေလေၾကာင္းတိုက္ခိုက္မႈခံေနရခ်ိန္မွာ တစ္ခ်ိဳ႕ကေတာ့ နယ္ေျမသစ္ေတြခ်ဲ႕ထြင္လာနိုင္မွာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာေတာ့ the Arakan Army အေနနဲ႔ သူ႔ရဲ့ေျမျပင္အာဏာ(De facto) နဲ႔အုပ္ခ်ဳပ္ေရးကို ျဖန႔္က်က္လာၿပီး အေရွ႕ဘက္ေတာင္တန္းေဒသေတြမွာေတာ့ လက္နက္ကိုင္တပ္အေဟာင္းနဲ႔ အသစ္ေတြဟာ နိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈ ကြန္ယက္ေတြနဲ႔ ပိုၿပီး ပူးေပါင္းလာမွာျဖစ္ပါတယ္။ သယံဇာတ တူးေဖာ္ျခင္းနဲ႔ တရားမဝင္စီးပြားေရးလုပ္ငန္းေတြဟာ ျမန္မာ့စီးပြားေရးရဲ့ ပိုမိုႀကီးမားတဲ့အစိတ္အပိုင္းေတြျဖစ္လာပါမယ္။ တိုက္ပြဲေတြ ပိုအရွိန္ေကာင္းလာတာေၾကာင့္ မတည္ၿငိမ္မွာေၾကာက္တဲ့ ေဘဂ်င္းအစိုးရအေနနဲ႔ သံလြင္ျမစ္အေရွ႕ဘက္က နယ္ေျမေတြအကုန္ကို ခ်ဳပ္ကိုင္ဖို႔ အတင္းအၾကပ္ႀကိဳးစားလာမွာျဖစ္ပါတယ္။ ျမန္မာနိုင္ငံဟာ ေရာဂါျပန႔္ပြားဖို႔၊ ဒုစရိုက္နဲ႔ သဘာဝပတ္ဝန္းက်င္ဖ်က္စီးမႈနဲ႔ ရက္ရက္စက္စက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အစစ္အေဆးမရွိက်ဴးလြန္ဖို႔ ဗဟိုခ်က္မေနရာတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

________,_

အတိတ္မွ ေဖာက္ထြက္ၾကည့္ျခင္း

ႀကီးမားတဲ့ အခက္အခဲေတြက အဆုံးစြန္ေသာ ေျပာင္းလဲမႈအတြက္ အခြင့္အေရးျဖစ္ပါတယ္။ ယခုေရြးေကာက္ခံအမတ္ေတြရဲ့ ႀကိဳးစားမႈေတြ၊ ၿမိဳ႕ျပလူမႈေရးအဖြဲ႕အစည္းေတြ၊ ေပၚထြက္လာတဲ့ နိုင္ငံအႏွံ့အျပားက ဆႏၵျပသူကြန္ယက္ေတြဟာ မတူညီတဲ့ တိုင္းရင္းသားလူမ်ိဳးမ်ားအၾကား ေပၚထြက္လာျခင္းဟာ ႀကီးမားလွတဲ့အေရြ႕တစ္ခုျဖစ္ပါတယ္။ ဒီအေရြ႕ဟာ အရင္ဆယ္စုႏွစ္က ဒီမိုကေရစီနဲ႔မလုပ္နိုင္ေလာက္တဲ့ ကိုလိုနီေခတ္လက္က်န္အေမြ လူမ်ိဳးေရးခြဲျခားမႈေတြ၊ ရာစုႏွစ္တစ္ခုေလာက္ၾကာေနၿပီျဖစ္တဲ့ လူမ်ိဳးႀကီးနိုင္ငံေရးအယူအဆေတြကိုေက်ာ္လႊားၿပီး ခြဲျခားဆက္ဆံမႈကို ရပ္တန႔္ကာ ယဥ္ေက်းမႈေပါင္းစုံနဲ႔ဖြဲ႕စည္းထားတဲ့ နိုင္ငံအသစ္တစ္ရပ္ဆီ တိုးၿပီးသြားနိုင္မွာျဖစ္ပါတယ္။  ထပ္တူအေရးပါတာကေတာ့ နိုင္ငံ့စီးပြားေရးကို ျပန္လည္ပုံေဖာ္ဖို႔ျဖစ္ပါတယ္။ အရင္ဆယ္စုႏွစ္ေတြအတြင္း မမၽွမတမႈေတြ အလြန္အမင္းျဖစ္ေစခဲ့တဲ့ ေဈးကြက္ေလၽွာေပါ့ေပးျခင္း(Market Liberalization)ကို ဖယ္ရွားကာ အကုန္ပါဝင္နိုင္ၿပီး အရွိန္အဟုတ္ေကာင္းတဲ့ တိုးတက္မႈကို ေဖာ္ေဆာင္ေပးနိုင္တဲ့ ေျပာင္းလဲမႈေတြနဲ႔ Welfare State(သက္သာေခ်ာင္ခ်ိေသာနိုင္ငံ) ဆီေျပာင္းလဲဖို႔လိုအပ္ပါတယ္။

ျမန္မာနိုင္ငံရဲ့ အနာဂတ္ဟာ စိတ္ပ်က္စရာေကာင္းေနတာေတာ့မဟုတ္ပါဘူး။ ေအာင္ျမင္တဲ့ အေျပာင္းအလဲေတြျဖစ္လာမယ္ဆိုတာ လုံးဝသံသယမရွိပါဘူး။ ေဖေဖာ္ဝါရီလထဲက ျမန္မာလူငယ္ေတြရဲ့ နိုင္ငံရဲ့ သမိုင္းေၾကာင္းကို ေျပာင္းလဲဖို႔ ဆုံးျဖတ္ထားၾကပုံကိုၾကည့္တာနဲ႔ သိနိုင္ပါတယ္။ သူတို႔ကပဲ ေရွ႕ဆက္မယ့္ လမ္းေၾကာင္းကို ေရးဆြဲမွာပါ။ ဒါေပမယ့္ နိုင္ငံတကာရဲ့ လုပ္ေဆာင္မႈကလည္း နိုင္ငံတြင္းက လူတစ္ခ်ိဳ႕ရဲ့ ခံစားရမႈေတြေလ်ာ့ခ်ေပးနိုင္ၿပီး လာမယ့္ အျဖစ္ဆိုးေတြကေန ျငင္ျငင္သာသာ႐ုန္းထြက္နိုင္ေအာင္ကူညီေပးနိုင္တာျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ UN Security Council ရဲ့ အဆုံးအျဖတ္ျဖစ္တဲ့ ေရြးေကာက္ခံအရပ္သားအစိုးရကို ျမန္ျမန္ဆန္ဆန္ ေအးေအးခ်မ္းခ်မ္းအာဏာလႊဲေျပာင္းေပးဖို႔ဆိုတာကို လက္ခံဖို႔လိုအပ္ပါတယ္။ တ႐ုတ္အေနနဲ႔လည္း ဒါကိုပါဝင္လက္ခံဖို႔လိုပါတယ္။ တ႐ုတ္ရဲ့ ပါဝင္မႈကို သြားအစားထိုးလို႔မပါဘူး။ ဘာလို႔ဆို သူ႔ရဲ့ ျမန္မာစီးပြားေရးအေပၚ လႊမ္းမိုးမႈနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အမ်ားအျပားနဲ႔ အခ်ိတ္အဆက္ေတြနက္နက္ရွိုင္းရွိုင္းရွိေနလို႔ျဖစ္ပါတယ္။ တ႐ုတ္မပါတဲ့ နိုင္ငံတကာ Sanction ေတြဟာ သေဘာေလာက္ပဲျဖစ္ပါတယ္။ အက်ိဳးသက္ေရာက္မႈမရွိလွပါဘူး။ စစ္အစိုးရဟာ တ႐ုတ္ရဲ့ အေထာက္အပံ့နဲ႔တင္ ရွင္သန္ေနနိုင္ပါတယ္။ ဒါေပမယ့္ တ႐ုတ္အစိုးရဟာ အကူအညီေပးမယ့္သူလည္းျဖစ္လာနိုင္ပါတယ္။ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ မေျပလည္တဲ့ဆက္ဆံေရးေတြနဲ႔ မတည္ၿငိမ္မႈကို မလိုလားတဲ့ တ႐ုတ္ဟာ အရပ္သားအစိုးရဘက္ကိုလည္း ျပန္လွည့္လာနိုင္ပါတယ္။ တ႐ုတ္ ဘာဆက္လုပ္မယ္ဆိုတာ မေျပာနိုင္ေသးတာျဖစ္ပါတယ္။ ေဘဂ်င္းနဲ႔ ဝါရွင္တန္တို႔ၾကားက သံတမန္ေရးဟာ Security Council ရဲ့ အဆုံးအျဖတ္(Resolution) အတြက္ အေရးပါလွၿပီး အဲ့က်မွသာ ျမန္မာအေရးအတြက္ နိုင္ငံတကာပူးေပါင္းေဆာင္ရြက္မႈအတြက္ မူေဘာင္ေတြခ်မွတ္နိုင္မွာလဲျဖစ္ပါတယ္။ ေဒသတစ္ဝိုက္ကတျခားနိုင္ငံေတြျဖစ္တဲ့ အိႏၵိယနဲ႔ ထိုင္းလို ျမန္မာရဲ့ အျခားအဓိက အိမ္နီးခ်င္းနိုင္ငံေတြ၊ နိုင္ငံစီးပြားေရးဖြံ့ၿဖိဳးေရးအတြက္ ဒီဆယ္စုႏွစ္အတြင္း အကူအညီနဲ႔ ရင္းႏွီးျမႇုတ္ႏွံမႈေတြ ႀကီးႀကီးမားမားျပဳလုပ္ခဲ့တဲ့ ဂ်ပန္တို႔ကလည္း အေရးပါလွပါတယ္။ The Association of Southeast Asian Nations(အာဆီယံ) အေနနဲ႔ကေတာ့ ေဒသတြင္းသိပ္အေရးမပါလွေပ။ သူ႔အေနနဲ႔ ကေတာ့ ဧၿပီလအတြင္း စစ္အစိုးရနဲ႔ ဆက္သြယ္စကားေျပာတဲ့ အစီအစဥ္ေတြစတင္ခဲ့ေပမယ့္ ဘာမွေတာ့ မထူးျခားေသးပါဘူး။

ဒုတိယအခ်က္အေနနဲ႔ ျပင္ပအင္အားႀကီး နိုင္ငံမ်ားဟာ ျမန္မာနိုင္ငံတြင္ ဒီမိုကေရစီအေရးအတြက္သာမက ျမန္မာ့နိုင္ငံေရးနဲ႔ လူ႔အဖြဲ႕အစည္းကို က်ယ္က်ယ္ျပန႔္ျပန႔္ေျပာင္းလဲဖို႔အတြက္ ပါဝင္လုပ္ေဆာင္ေနသူမ်ားကိုလည္း ေထာက္ခံအားေပးရမွာလည္းျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာျဖန႔္က်က္ထားတဲ့ UN အဖြဲ႕အစည္းမ်ားမွတစ္ဆင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ေစာင့္ၾကည့္ရန္နဲ႔ နိုင္ငံေရးအက်ဥ္းသားမ်ားလႊတ္ေပးေရး ေဆြးေႏြးရန္စတဲ့ အားထုတ္ေဆာင္ရြက္မႈမ်ားလည္း လိုအပ္ပါတယ္။ သို႔ေသာ္လည္းျမန္မာျပည္သူျပည္သူမ်ားကို  နိုင္ငံတကာကကယ္တင္မယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္အမွားမ်ား(False hope)မ်ားမေပးဖို႔ အေရးႀကီးပါတယ္။ အဲ့လို False hope ေတြဟာ အိမ္တြင္းမွာ လိုအပ္တဲ့ က်ယ္က်ယ္ျပန႔္ျပန႔္ အျဖစ္နိုင္ဆုံး ေပါင္းစည္းမႈအတြက္ အားအင္ေတြကုန္ခမ္းေစပါတယ္။

တတိယအခ်က္အေနနဲ႔ ျပင္ပအကူအညီေတြအေနနဲ႔ ျမန္မာရဲ့ တမူထူးျခားတဲ့ သမိုင္းေၾကာင္းကို အသိအမွတ္ျပဳၿပီး အေျခခံဖို႔လည္းလိုအပ္ပါတယ္။ အရင္စစ္အစိုးရေတြအေနနဲ႔ နိုင္ငံတကာနဲ႔ အထီးအက်န္ဆုံးအေျခအေနကို ရင္ဆိုင္ခဲ့ရၿပီး ဆယ္စုႏွစ္ေပါင္းမ်ားစြာ မၿပီးမသတ္နိုင္တဲ့ အၾကမ္းဖက္မႈေတြနဲ႔ ပုံသြင္းထားတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြအေနနဲ႔လည္း တမူးထူးျခားတဲ့ အေတြးအေခၚေတြရွိၾကတာလဲျဖစ္ပါတယ္။ နိုင္ငံတကာအသိုင္းအဝိုင္းရဲ့ ဆုေပးဒဏ္ေပးစနစ္ေလာက္နဲ႔ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။

စတုတၳအခ်က္အေနနဲ႔ နိုင္ငံျခားအစိုးရေတြအေနနဲ႔ ဆင္းရဲၿပီး မလုံျခဳံတဲ့ လူထုေတြကိုတတ္နိုင္သေလာက္ အကူအညီေပးသင့္ပါတယ္(Covid 19 ကာကြယ္ေဆးေထာက္ပံ့ေပးတာျဖစ္ျဖစ္)။ ဒါေပမယ့္ အဲ့လိုအကူအညီေတြကို နိုင္ငံေရးပရိယာယ္ႂကြယ္ႂကြယ္ဝဝနဲ႔ ေဆာင္ရြက္သင့္ၿပီး စစ္အစိုးအရရဲ့ ခ်ဳပ္ကိုင္မႈကို မခံရေအာင္ က်န္းမာေရးဝန္ထမ္းေတြကိုယ္တိုင္နဲ႔ ပူးေပါင္းေဆာင္ရြက္သင့္ပါတယ္။ စစ္အစိုးကို ဆန႔္က်င္သူေတြအေနနဲ႔ ေတာ္လွန္ေရးကိုအရွိန္တင္နိုင္ဖို႔ စီးပြားေရးကို ၿဖိဳဖ်က္ခ်င္ၾကေပမယ့္ ရက္သတၱပတ္ေတြကေန ႏွစ္ေတြ လေတြၾကာလာတဲ့အခါ ပိုမိုဆိုးရြားလာတဲ့ လူသားခ်င္းစာနာေထာက္ထားမႈ ျပသနာေတြကို ကာကြယ္ဖို႔ အရပ္သားစီးပြားေရးလုပ္ငန္းေတြကို ကာကြယ္ေပးဖို႔လိုအပ္ပါတယ္။ စစ္တပ္နဲ႔ မဆက္ႏြယ္တဲ့ နိုင္ငံျခား စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ နိုင္ငံအတြင္းဆက္ရွိေနေအာင္အားေပးသင့္ပါတယ္။ က်န္းမာၿပီး ေကာင္းေကာင္းမြန္မြန္စားေသာက္ရတဲ့ လူထုတစ္ရပ္ကသာ နိုင္ငံေရးေျပာင္းလဲမႈအတြက္ ပိုၿပီး ေကာင္းေကာင္းမြန္မြန္တြန္းအားေပးနိုင္မွာျဖစ္ပါတယ္။

နိုင္ငံျခားအစိုးရေတြအေနနဲ႔ လိုက္ေရာညီေထြမႈရွိရွိနဲ႔ မတူညီတဲ့ အစပ်ိဳးမႈေတြ၊ တတ္နိုင္သေလာက္ နိုင္ငံတကာပူးေပါင္းေဆာင္ရြက္မႈေတြရွိဖို႔လို႔ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါဟာ ေဖေဖာ္ဝါရီလ အာဏာသိမ္းမႈေၾကာင့္ပဲ ျဖစ္လာတဲ့ ျပသနာေတြမဟုတ္ပဲ ဆယ္စုႏွစ္ေပါင္းမ်ားစြာ က်ရႈံးလာခဲ့တဲ့ နိုင္ငံတည္ေဆာက္ေရး၊ အခ်ိန္အေတာ္ၾကာ လူအေတာ္မ်ားမ်ားအေပၚ မမၽွမတခဲ့တဲ့ စီးပြားေရးနဲ႔ လူ႔အဖြဲ႕အစည္းရဲ့ ရလဒ္ေတြလည္းျဖစ္ပါတယ္။ ျပင္ပကမၻာအေနနဲ႔ ျမန္မာနိုင္ငံကို  ရႈပ္ေထြးမႈေတြ ကြယ္ေပ်ာက္ၿပီး သေဘာတူအဆုံးသတ္သြားမယ့္ အိပ္ယာဝင္ပုံျပင္တစ္ပုဒ္လိုျမင္ခ်င္ၾကတာျဖစ္ပါတယ္။ ယခုအခ်ိန္ဟာ အိပ္ယာဝင္ပုံျပင္ေတြကိုရပ္တန႔္ၿပီး အေလးအနက္ရွိတဲ့ သံတမန္ေရးရာ၊ ခ်က္က်လက္က်နဲ႔ လက္ေတြ႕က်တဲ့ နည္းလမ္းေတြအစားထိုးရမယ့္ အခ်ိန္ျဖစ္ပါတယ္။ ဒီလိုမွသာ မ်က္လွည့္ျပသလို ညတြင္းခ်င္းမဟုတ္ပဲ လာမယ့္ႏွစ္ေတြမွာ ျမန္မာနိုင္ငံအေနနဲ႔ ျပည္သူေတြ လိုလားေတာင့္တတဲ့ ၿငိမ္းခ်မ္းတဲ့ ဒီမိုကေရစီနိုင္ငံျဖစ္လာမွာျဖစ္ပါတယ္။

ဘာသာျပန္- ညိဳထြန္း

မူရင္းေဆာင္းပါး- https://www.foreignaffairs.com/articles/burma-myanmar/2021-06-11/myanmars-coming-revolution

Comments