လေကာမှန် မပါသော ကားများ


 


လေကာမှန် မပါသော ကားများ


ကားတစ်စီးဟာ ဆိုင်ကယ်တွေထက် ပိုဇိမ်ကျတာကိုတော့ လူတိုင်း လက်ခံကြမှာပါ၊ ဘယ်အချက်တွေမှာ ပိုဇိမ်ကျသွားလဲဆိုလျှင် အဓိက အကျဆုံး အချက်ကတော့ ရာသီဥတု ဒဏ်ကနေ အကာအကွယ် ပေးနိုင်တာပါပဲ။


Convertible လို့ ခေါ်တဲ့ အမိုးဖွင့် ကားတွေကတော့ ရာသီဥတု သာယာတဲ့ အချိန်မှာ အမိုးဖွင့်ပြီး လေညှင်းလေးခံရင်း မောင်းနှင်နိုင်ပြီး၊ မိုးရွာခဲ့ရင်တော့ စက္ကန့်ပိုင်းအတွင်း အမိုးကို ပြန်ပိတ် နိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ အမိုး မပါဘူး ဆိုသော်ညား  လေကာမှန်ပါတဲ့အတွက် ကားမောင်းသူကို ဖုန်ဒဏ်၊ လေဒဏ်၊ ရေမှုန်ရေမွှားများ နဲ့ လွင့်ပျံလာမယ့် ကျောက်ခဲစ၊ အမှိုက်သရိုက်၊ ပိုးကောင် စသည်တို့ ကို ကာကွယ် ပေးထားနိုင်ပါသေးတယ်။


ထိုမှ တစ်ဆင့် အမိုးရော လေကာမှန်ရော မပါတဲ့ကားများ ရှိပါသေးတယ်။


ကားတွေရဲ့ အခြေခံအကျ ဆုံးလိုအပ်ချက် ဖြစ်တဲ့ ရာသီဥတု ဒဏ်မှအကာအကွယ်ရမှုပင် မရှိသော အဆိုပါ ကားများ ဘာလို့ တည်ရှိနေကြတာလဲ? ဘယ်လို ပေါ်ပေါက်လာကြသလဲ? ဘယ် သူတွေ ဝယ်ယူကြသလဲ?

လေကာမှန်နဲ့ အမိုးမပါတော့ အကုန်ပါတဲ့ ကားထက် ဈေးပိုချိုမှာလား?





ကားတွေဟာ မြင်းလှည်းတွေကနေ ပြောင်းလဲ လာကြတာပါ။ ကားတွေ စတင်တီထွင် ခဲ့ကြချိန်မှာ မူရင်း သုံးလက်စ မြင်းလှည်း ဒီဇိုင်းများမှာပဲ မြင်းနေရာမှာ စက်ကို အစားထိုး သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ ထိုအချိန်က မြင်းလှည့်းများ ကလည်း အမိုပါသည်က ပါ၊ မပါသည်က မပါ၊ မြင်းလှည်းမောင်းသူ အတွက် အမိုး မပါပဲ စီးနှင်းသူအတွက်သာ ပါသည်ကလည်းပါ၊ စသဖြင့် ဒီဇိုင်းမျိုးစုံ ရှိခဲ့ပါတယ်။ အချို့ မြင်းလှည်း များဆိုရင် ယခုခေတ် အမိုးဖွင့်ကားများကဲ့သို့ မိုးကာသားကို လိုသလို အဖွင့် အပိတ်လုပ်နိုင်တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အဆိုပါကာလမှာ အမိုးပါခြင်း မပါခြင်းက ထူးထူးခြားခြား ကွာခြားမှု မဖြစ်သေးပါဘူး။ ကားတွေမှာ ရေနွေးငွေ့စက်တွေ၊ လျှပ်စစ် မော်တာတွေ သုံးနေရာကနေ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်များကို‌ ပြောင်းလဲသုံးစွဲ ကြချိန်မှာတော့ အမြန်နှုန်းဟာ သိသိသာသာ မြင့်မားလာတာကြောင့် ကားမှောက်လျှင်ပင် လူကို အကာအကွယ်ပေးနိုင်သော အမိုး၊ နဲ့ မျက်နှာကို အရှိန်ပြင်းပြင်း နဲ့ ထိခိုက်နိုင်တဲ့ ကျောက်ခဲစ၊ ဖုန်မှုန့် ၊ ပိုးကောင် များရန်မှ အကာအကွယ် ပေးနိုင်တဲ့ လေကာမှန်တို့ဟာ ကားတိုင်းမှာလိုအပ်လာပါတယ်။ ကားကုမ္ပဏီများကလည်း ပိုမိုခိုင်ခံ့လှပတဲ့ အမိုးနဲ့ လေကာမှန် ဒီဇိုင်းမျိုးစုံ ကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။




သို့ပေမယ့် အချိန်ကာလ တစ်ခုထိ အမိုးနဲ့ လေကာမှန် မထည့်သွင့်ကြတာတွေကတော့ ပြိုင်ကားအဖြစ် အသုံးပြုတဲ့ ကားတွေပါပဲ။


အကြောင်းအရင်းတွေကတော့ 


  • ယခင်ခေတ်က လေကာမှန်များက မှန်အစစ်နဲ့ လုပ်ကြတာဖြစ်လို့ ကွဲသွားခဲ့ရင် မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်၊

  • ကားပြိုင်ကွင်း ထဲမှာ အက်စီးဒင့် ဖြစ်တဲ့အခါ ဒရိုင်ဘာ သတိမေ့သွားခဲ့ရင် အခြားသူတွေက ဆွဲထုတ်ရတဲ့အခါ အမိုးမပါလျှင်ပိုလွယ်ပါတယ် ၊ မြန်မြန် ဆွဲထုတ် မပေးနိုင်ခဲ့ရင် ကားမီးလောင်ပေါက်ကွဲတာ အခြားကားများမှ ထပ်ဆင့် တိုက်တာမျိုးတွေ ဖြစ်ပြီး အခြေအနေပိုဆိုးသွားနိုင်ပါတယ်၊ 

(ရယ်ရတာ တစ်ခုက ထိုခေတ်ကာလတွေမှာ အခုမပတ်မနေရဆိုပြီး စည်းကမ်းတင်းကြပ်ထားတဲ့ ထိုင်ခုံခါးပတ်ကို ပြိုင်ကားတွေမှာတောင် မထည့်သွင်းထားပါဘူး၊ ထိုင်ခုံခါးပတ် မရှိရင် ကားတိုက်တဲ့အခါ လူကလွင့်ထွက်သွားတဲ့အတွက် အန္တရာယ်နဲ့ အဝေးကို ရောက်သွားနိုင်လို့ပါတဲ့ :D “DON’T TRY THIS AT HOME”

  •  လီဗာ မလျှော့တမ်း နင်းပြီး မောင်းကြတာဖြစ်လို့ ပြိုင်ကားတွေ အတွင်းပိုင်းက အရမ်းပူပြီး ကားမောင်းသူကို ရေဓာတ်ကုန်ခမ်းစေပါတယ်၊ သို့ပေမယ့် Air-con တွေက ယခုခေတ်လောက် မတွင်ကျယ်သေးတာကြောင့် ပြိုင်ကားမောင်းတဲ့သူကို ဘေးပတ်ဝန်းကျင်ကလေတွေ တိုးဝှေ့စေပြီး အပူသက်သာအောင်လို့ ဖြစ်ပါတယ်၊

  • နောက်တစ်ချက်ကတော့ အပြိုင်အဆိုင် မောင်းရတဲ့ ပြိုင်ကားတွေမှာ မလိုအပ်တဲ့ အလေးချိန်တွေ လျှော့ချဖို့ဖြစ်ပါတယ်။

(အချို့သော ပြိုင်ကားတွေမှာတော့ မှန်ချပ် အသေးလေးတွေကို လေကာနိုင်ရုံထည့်သွင်း အသုံးပြုကြပါတယ်)



ဒီလိုနဲ့ ခေတ်တွေပြောင်းလဲလာခဲ့ရင်းကနေ နည်းပညာတိုးတက်လာနဲ့အမျှ ပေါ့ပါးခိုင်ခဲ့တဲ့ ကုန်ကြမ်းတွေပေါ်ပေါက် လာတာကြောင့် ပြိုင်ကားတွေမှာတောင် Carbon-fibre နဲ့ လုပ်ထားတဲ့ အမိုး တွေနဲ့ Polymer အနွယ်ဝင် ဒြပ်ပေါင်းတွေနဲ့လုပ်ထားတဲ့ လေကာမှန်တွေ အသုံးပြုလာကြပါပြီ။


ချွင်းချက်အနေနဲ့ Formula 1 ပြိုင်ပွဲ သုံးကားတွေမှာတော့ ဒရိုင်ဘာ အဝင်အထွက် အဆင်ပြေစေဖို့ကတစ်ချက်၊ အလေးချိန်ပေါ့ပါးမှုကို အလေးထားတာကြောင့် Air-con မထည့်သွင်းနိုင်သည်က တစ်ချက် စသည်တို့ကြောင့် အမိုးနဲ့ လေကာမှန် မပါသေးပါဘူး။



ရာစုနှစ်တစ်ခု ရဲ့ တစ်ဝက်နီးပါးအတွင်းမှာ ဈေးကွက်ထဲက ပြိုင်ကားတွေက ပိုမိုလုံခြုံပြီး ပိုမို အဆင့်မြင့်လာပါတယ်။ ထိုသို့ အဆင့်မြင့်လာတာနဲ့ အညီ ပြိုင်ကား ကြိုက်နှစ်သက်တဲ့ သူတွေဟာ ပြိုင်ကားမောင်းရတာာ စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူးလို့ ထင်မြင်လာကြတော့တာပါပဲ။


ဈေးကွက်ထဲက ပြိုင်ကားများ (Nissan Fairlady ကဲ့သို့ Sports car များမှစ၍ ၊ Lamborghini Aventador ကဲ့သို့သော Supercar များ၊ Bugatti Chiron ကဲ့သို့သော Hypercar များအထိ) ဟာလည်း အက်စီးဒင့် များမှာ ဒရိုင်ဘာကို ထိခိုမှု မရှိသလောက်နည်းအောင် အကာအကွယ် ပေးနိုင်လာတာနဲ့အညီ ယခင်ကာလများမှ ကားများကဲ့သို့ မဟုတ်တော့ပဲ ပတ်ဝန်းကျင်နှင့် ဒရိုင်ဘာအကြား ထိစပ်မှုများနည်းလာပြီး ကားမောင်းခြင်းကို နှစ်သက်သူများကတော့ ယခုခေတ် ပြိုင်ကားများ(ဝယ်ယူနိုင်သော ပြိုင်ကားများ/ ပြိုင်ပွဲသီးသန့်သုံးသော Race Car များ မပါ) ကို မောင်းနှင်ရခြင်းသည် ဂိမ်းကစားရသည်နှင့် တူသည်ဟု ပြောစမှတ်ပြုလာကြတော့ပါတယ်။


နာမည်ကျော် ကားဂျာနယ်လစ်များကပါ ခေတ်ပေါ်ကားများ မောင်းရခြင်းသည် ပျင်းစရာ ကောင်းသည်ဟု ခပ်စိတ်စိတ်ပြောလာပြီးနောက်တွင် နာမည်ကျော် ကားကုမ္ပဏီ များကနေ ကားလောကတွင် အပြောင်းအလဲ ဖြစ်စေနိုင်ရန် လေကာမှန်မပါသော ကားများကို အပြိုင်အဆိုင် စတင်ထုတ်လုပ်လာပါတော့တယ်။


လေကာမှန်မပါတော့ခြင်းကြောင့် ယနေ့ခေတ် ကားများတွင် ကြားရရန် မလွယ်ကူတော့သော မိမိကား၏ အိတ်ဇောသံ၊ အင်ဂျင်ထဲသို့ လေဝင်ရာလမ်းကြောင်း(Intake) မှ လေစုပ်ယူသံများ၊ ဂီယာဘောက်စ် အတွင်းမှ စက်သွားများ၏ လည်ပတ်သံများ စသည့် စက်သံမျိုးစုံကို ကောင်းစွာ ကြားနိုင်သွားပါတယ်။ ကားမောင်းရသည် ကို နှစ်ခြိုက်သူများ/ကြွမ်းကျင်သူများက အဆိုပါအသံများကို နားထောင်ရင်း မောင်းနှင်ရခြင်းကို လွန်စွာသဘောကျကြပါတယ်။

ဒါ့အပြင် လေကာမှန် ရှိနေတဲ့အခါ လေလုံးဝမတိုးတော့တာကြောင့် အရှိန်မြင့်မြင့် မောင်းနှင်ရင်တောင် အရှိန်တင်တဲ့အချိန်မှာပဲ တွန်းကန်အားကို ခံစားရပြီး အရှိန်တစ်ခုမှာ တစ်သတ်မတ်တည်းမောင်းနေတဲ့အခါ မြန်တယ်ဆိုတဲ့ ခံစားချက်ကို မရပါဘူး၊ လေကာမှန်မပါတော့တဲ့အခါမှာတော့ မြန်ရင်မြန်သလို လေပိုတိုးတဲ့အတွက် မြန်တဲ့ခံစားချက်ကို ရပြီး စိတ်လှုပ်ရှားစရာ ပိုကောင်းပါတယ်။


အမိုးအဖွင့်အပိတ် အလွယ်တကူလုပ်လို့ ရတဲ့ ကားတွေကို Convertible လို့ခေါ်ပါတယ်။ အမိုးကို ဖွင့်လို့ရပေမယ့် အလိုအလျောက်မပွင့် ပဲ လက်နဲ့ ဖြုတ်ယူရတဲ့ ကားတွေ သို့မဟုတ် အမိုးလုံးဝ မပါတဲ့ ကားတွေကိုတော့ Roadster လို့ခေါ်ပါတယ်။ နှစ်ခုလုံး မပါတာကိုတော့ Open Top သို့ မဟုတ် Windshield less car လို့ပဲ ခေါ်ကြပါတယ်။



ထိုသို့သော ထူးဆန်းတဲ့ကားတွေကို ဘယ်လိုလူတွေ ဝယ်ကြသလဲ?


သေချာပါတယ် ပုံမှန်မိသားစု စီးကားတွေမှာ လေကာမှန် မထည့်ပေးရင် ဘယ်သူမှ ဝယ်မှာ မဟုတ်သလို အသုံးဝင်မှာလည်း မဟုတ်ပါဘူး။

မိသားစုဝင်တစ် ယောက်က ထိုကဲ့သို့ ကားကို ကြိုက်ရင်တောင် တခြားမိသားစုတွေ အသုံးတည့်မှာကို ရွေးချယ် ရမှာပါပဲ။ ကားတစ်စီးမက ဝယ်နိုင်တယ်ဆိုရင်လည်း အသုံးတည့်မှု နည်းပြီး နေ့စဥ◌်သုံးစွဲဖို့ မသင့်တော်တဲ့ အဆိုပါကားကို ရွေးကြမှာ မဟုတ်ပါဘူး။

ဆိုတော့ ကားကုမ္ပဏီတွေရဲ့ အဓိကပစ်မှတ်က ဝယ်စရာအသစ်အဆန်းတွေရှာနေတဲ့ မီလျံနာကားဝါသနာရှင်တွေပဲ ဖြစ်သွားပါတော့တယ်။ 


မီလျံနာကားဝါသနာအိုးတွေကတော့ အဆိုပါကားတွေကို ဝယ်ယူပြီးလျင် လုံခြုံစိတ်ချရတဲ့နေရာမျိုးတွေမှာပဲ သိမ်းထားပြီး အားလပ်ရပ်တွေမှာ ကုန်တင်ကားတစ်စီးနဲ့ ပြိုင်ကားကွင်းတွေကို သယ်ဆောင်သွားပြီး ပြိုင်ကားကွင်းထဲမှာပဲ အပန်းဖြေမောင်းနှင်ကြပါတယ်။ ဒါကြောင့် သူတို့ကတော့ လမ်းပေါ်က ခဲစတွေ မျက်နှာကို စင်မှာမျိုး၊ မိုးရုတ်တရက် ရွာလာလို့ မိုးကာပြေးအုပ်ရတာမျိုးဆိုတဲ့ ပြသနာတွေ မတက်ပါဘူး။


ကားကုမ္ပဏီများကလည်း အဆိုပါကားများနဲ့လိုက်ဖက်မယ့် ဒီဇိုင်းကာလာများ သုံးထားတဲ့ Racing Helmet များကို ကားနဲ့တစ်ပါတည်း ထုတ်လုပ်ပေးလေ့ရှိပါတယ်။


အချို့မီလျံနာများကတော့ အဆိုပါကားများကို မိမိပိုင် ဇိမ်ခံအိမ်ကြီးများရဲ့ ဧည့်ခန်းမှာပဲ အလှပြထားလေ့ရှိပါတယ်။


မီလျံနာများကို ပစ်မှတ်ထားရောင်းချသည်နှင့် အညီ ဈေးနှုန်းများမှာလည်း ဒေါ်လာသန်းဂဏန်းဝန်းကျင် ရှိကြပါတယ်။ 

Windshield less ကားများသည် အစီးရေကန့်သန့်ချက်နှင့်သာထုတ်ကြပြီး တစ်ခါထုတ်လုပ်ရန် ဒီဇိုင်းထုတ်လုပ်ရသည့် ကုန်ကျစရိတ် များပြားလွန်းသည့်အတွက် ဈေးကြီးကြခြင်းဖြစ်သည်။


အချို့ Windshield less ကားများကမူ ဈေးကွက်တွင်ရောင်းလက်စ ပုံမှန်မော်ဒယ် ကို လေကာမှန်ဖြုတ်ထားသည့် ဒီဇိုင်းနှင့်ပင် ဖြစ်သော်လည်း ဈေးပိုများကြသေးသည်။ အဘယ့်ကြောင့်ဆိုသော် ပုံမှန် လေကာမှန်နှင့် အမိုးပါသည့်ကားမှ လေကာမှန်နှင့် အမိုးကို ဖြုတ်လိုက်လျှင် ချက်စီ(ဖရိန်) ၏ တောင့်တင်းမှုလျော့နည်းသွားပြီး ရွဲ့သွားနိုင်သော ကြောင့် ချက်စီကို အစအဆုံး ပြန်လည် ဒီဇိုင်းပြုလုပ်ရသောကြောင့် ဖြစ်ပါတယ်။



ကမ္ဘာပေါ်မှာ အရေအတွက်နည်းနည်းသာ ရှိတဲ့ လေကာမှန်မပါသော ခေတ်သစ်ကားများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-


McLaren SLR 722 Stirling Moss


1955 Mille Miglia ပြိုင်ပွဲတွင် Sir Stirling Moss မောင်းနှင်ဗိုလ်စွဲခဲ့တဲ့ 722 နံပါတ်ပါ Mercedes 300SLR  ပြိုင်ကားကို နမူနာယူကာ Sir Stirling Moss ကို ဂုဏ်ပြုတဲ့အနေနဲ့ McLaren နှင့် Mercedes ကုမ္ပဏီ နှစ်ခုက ၂၀၁၀ ခုနှစ်မှာပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 5.4liter Supercharged V8 အင်ဂျင်တပ်ဆင်ထားပြီး 217mph ထိမောင်းနှင်နိုင်ပါတယ်။ ၇၅ စီးသာထုတ်လုပ်ပြီး ထူးခြားချက်အနေနဲ့ အိတ်ဇောပိုက်တွေက ရှေ့ဘီး နားကနေ ဘေးဘက်ကို ထုတ်ထားတာဖြစ်ပါတယ်။


Ferrari Monza SP1 and SP2


Ferrari ကလည်း သူတို့ ရဲ့ ၁၉၅၀ ဝန်းကျင်က အောင်မြင်မှု ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကားတွေဖြစ်တဲ့ 750 Monza, 250 Testarossa, 166MM စတဲ့ ကားတွေရဲ့ ဒီဇိုင်းအငွေ့အသက်များနဲ့ Ferrari Monza ကို ၂၀၁၈ မှာ စတင်ထုတ်လုပ်ပါတော့တယ်။ SP1 နဲ့ SP2 ဆိုပြီး မျိုးကွဲနှစ်မျိုးရှိပြီး SP1 က တစ်ယောက်စီး SP2 က နှစ် ယောက်စီး ဖြစ်ပါတယ်။ 6.5 litre V12 အင်ဂျင်တပ်ဆင်ထားပြီး အမြန်ဆုံးအနေနဲ့တော့  186mph အထိမောင်းနှင် နိုင်မှာပါ။ အဆဲသန်အဖြဲသန်တဲ့ စာဖိုမှုးကြီး Gordon Ramsay မှာ SP2 တစ်စီး ရှိပါတယ်။ Zlatan Ibrahimovic မှာလည်း တစ်စီးရှိပါတယ်။ Ferrari က ထုတ်လုပ်မယ့် အစီးအရေကို အတိအကျပြောလေ့မရှိပေမယ့် အစီးရေ ၅၀၀ ဝန်းကျင် ထုတ်လုပ်မယ်လို့ဆိုထားပါတယ်။




Lamborghini Aventador J 


Special Customer တစ်ဦးတည်းသာ ပိုဆိုင်ခွင့်ရခဲ့တဲ့ တစ်စီးတည်းသော Aventador J မှာ အခြား Aventador များကဲ့သို့ အသံစွာစွာနဲ့ 6.5 litre V12  ကိုတပ်ဆင်ထားမှာ အသေအခြာပေမယ့် အခြားသောထူးခြားချက်များကိုတော့ သိရှိသူနည်းပါးပါတယ်။



Aston Martin V12 speedster


British ကုမ္ပဏီ ဖြစ်တဲ့ Aston Martin ကလည်း သူ့ရဲ့ ဂန္တဝင် ပြိုင်ကားတွေ ရဲ့ ဒီဇိုင်းအငွေ့အသက်များ လွှမ်းမိုးထားတဲ့ V12 speedster ကို ၂၀၂၁ မှာရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချလက်စ Vantage မော်ဒယ်ကို အခြေခံတည်ဆောက်ထားပြီး ၈၈ စီးသာထုတ်လုပ်မှာဖြစ်ပါတယ်။ 5.2 litre Twin Tubo V12 ကို အသုံးပြုထားပြီး အမြန်ဆုံးအနေနဲ့ 186mph မောင်းနှင်နိုင်မှာပါ။ ထူးခြားချက်အနေနဲ့ ထိုင်ခုံတွေရဲ့နောက်မှာ  တိုက်လေယာဥ◌်တွေလိုမျိုး ဦးထုပ် Helmet ထည့်ဖို့ နေရာလေးထည့်သွင်းပေးထားပါတယ်။


McLaren Elva


McLaren ကလည်း ကုမ္ပဏီ ကိုစတင်တည်ထောင်သူ Bruce McLaren သက်ရှိထင်ရှားရှိစဥ◌်က ထုတ်လုပ်ပြိုင်ပွဲဝင်ခဲ့တဲ့ Open top ပြိုင်ကားတွေကို အမှတ်ရဂုဏ်ပြုတဲ့အနေနဲ့ဆိုပြီး Elva ကို ၂၀၂၀ မှာ ထုတ်လုပ်ခဲ့ပါတယ်။ 4.0 Litre Twin Turbo V8 တပ်ဆင်ထားပါတယ်။ ၂၄၉စီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီကားမှာတော့ မမြင်ရတဲ့ Windscreen တစ်ခုတပ်ထားပါတယ်။ မှန်ကို အသုံးပြုတာ မဟုတ်ပေမယ့် လေကာမှန်ရှိနေမယ့် နေရာမှာ လေအရှိန်ပြင်းပြင်းကို လေထွက်ပေါက်တွေကနေ မှုတ်ထုတ်ပေးပြီး ရေမှုန်တွေကနေ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျာနယ်လစ်တွေ စမ်းကြည့်သလောက်တော့ မထူးပါဘူး ရေစိုတာပါပဲတဲ့ဗျာ။


Lamborghini Huracan Evo Aperta 


Canadian ယူကျု့ချန်နယ် တစ်ခုဖြစ်တဲ့ Daily Driven Exotics မှ Lamborghini Huracan Roadster တစ်စီးကို ဝယ်ယူကာ ကိုယ်တိုင် လေကာမှန်ကို ဖြတ်ထားတဲ့ ကားဖြစ်ပါတယ်။ ပိုင်ရှင်က လေကာမှန်ကို ဖြတ်လိုက်တဲ့အချိန်မှာ ကားတစ်ခုလုံး ရွဲ့သွားမှာကို စိတ်ပူခဲ့ရပေမယ့် အဲ့လို ဖြစ်မသွားခဲ့ပါဘူးတဲ့။ ကြွမ်းကျင်သူတွေက ဖြတ်ပေးတာ ဖြစ်လို့ သေသေသပ်သပ် ရှိလှပါတယ်။ ဒါလည်း DON’T TRY THIS AT HOME ပါ။


Comments

Post a Comment