သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
Unicode
သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားများသမဂ္ဂကို ၁၉၂၃ ခုနှစ်တွင် တက္ကသိုလ်အာဏာပိုင်များက ရန်ကုန်ယူနီဗာစတီ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ၏ သာယာဝပြောရေးအတွက် ဖွဲ့စည်းပေးခဲ့သည်။ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းရေး အကြံအစည်သည် ၁၉၂၀ ပြည့်နှစ် သပိတ်လှုပ်ရှားမှုကာလကပင် ရှိခဲ့သည်ဟု သိရသည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တည်ထောင်ရေးအစီအစဉ်၏ နောက်ကွယ်တွင် လှုပ်ရှားခဲ့သော အဓိကပုဂ္ဂိုလ်မှာ ဥပဒေဌာနမှ ကထိက ဦးမေအောင် ဖြစ်သည်။ ဦးမေအောင်သည် ကျောင်းသားတို့၏ စကားရည်လုပွဲများသို့ မကြာခဏတက်ရောက်လေ့ရှိပြီး တက္ကသိုလ်ကျောင်းသားများအား စကားရည်လုပွဲတွင် ပါဝင်ရန်နှင့် နှုတ်မှုပညာကို လေ့လာကြရန် အားပေးလေ့ရှိသည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းရေးပုံစံသည် အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်များရှိ ကျောင်းသားများသမဂ္ဂပုံစံကို ယူထားခြင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂ၏ ပထမဆုံးသော ဖွဲ့စည်းပုံစည်းမျဉ်းကို ဦးမေအောင်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် အသုံးပြုခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ကျောင်းအုပ်ကြီး ဆလော့စ်၊ ပါမောက္ခ ဦးဖေမောင်တင်၊ ဒီဂျီအီး ဟောလ်တို့ကဲ့သို့ ရန်ကုန်ကောလိပ်က ရွေးချယ်ခန့်ထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်သော ကော်မတီက ဖွဲ့စည်းပုံအသစ်ရေးဆွဲပြီး ကောလိပ်အာဏာပိုင်များထံ တင်ပြရာ လက်ခံအတည်ပြုခဲ့သည်။
ရန်ကုန်ယူနီဗာစတီ ကောလိပ်ကျောင်းသားသမဂ္ဂ ကြီးကြပ်ရေးကော်မတီ၏ ပထမဆုံးသော ရွေးကောက်ပွဲကို ၁၉၂၇၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲအတွက် မည်သို့ စည်းရုံးရမည်၊ မည်ကဲ့သို့ မဲဆွယ်ရမည်ဟူသော လက်တွေ့သင်ခန်းစာကို ရရှိခဲ့ပြီး နိုင်ငံရေးလုပ်ရန် ရွေးချယ်သည့် ကျောင်းသားများအတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံပင် ဖြစ်သည်။ မြန်မာနိုင်ငံရေးအတွက် အရေးပါလှသော ဒီမိုကရေစီကျင့်စဉ် အတွက် ကောလိပ်သည် လေ့ကျင့်ရာနယ်မြေဖြစ်သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ထိုစဉ်က သမဂ္ဂ၏ ဖွဲ့စည်းပုံစည်းမျဉ်းကို တက္ကသိုလ်အာဏာပိုင်များက ကျောင်းသားများအတွက် ရေးဆွဲပေးထားခြင်းဖြစ်ပြီး ကျောင်းသားများကိုယ်တိုင် ရေးဆွဲထားခြင်းမဟုတ်ပေ။ ယင်းသို့သော အားနည်းချက်ရှိသော်လည်း ၁၉၂၇ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲခဲ့သော သမဂ္ဂဖွဲ့စည်းပုံစည်းမျဉ်းသည် ၁၉၃၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ကျောင်းသားသမဂ္ဂအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့သည်။
ကျောင်းသားထုတရပ်လုံးကို ကိုယ်စားပြုသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)သည် ၁၉၃၁ ခုနှစ်တွင်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမျိုးသားစိတ်ဓာတ် ရှိကြသော ရန်ကုန်ယူနီဗာစတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများက သမဂ္ဂ တည်ထောင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထူးခြားချက်မှာ တကသကို မတည်ထောင်မီကပင် သမဂ္ဂအဆောက်အအုံကို ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ သမဂ္ဂအဆောက်အဦ ဆောက်လုပ်ရန် ကုန်ကျငွေကို ကိုလိုနီအုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဒုတိယဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ (Ser Harcourt Butlar)က အလှူခံပေးခဲ့ပြီး ဒေါက်တာဦးညို (K.S.M L.L.D)က ရူပီးငွေ ၁၇၀၀၀ ကို ၁၉၂၆ ခုနှစ်တွင် လှူဒါန်းခဲ့သည်။
၁၉၃၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်များ ဖြစ်ကြသော ကိုကျော်ခင်၊ ကိုတင့်ဆွေ၊ ကိုဘဂျမ်းတို့သုံးဦးက တက္ကသိုလ်အာဏာပိုင်များနှင့်တွေ့ဆုံ၍ သမဂ္ဂစည်းမျဉ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခွင့်ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ရည်ရွယ်ချက်များမှာ ကျောင်းသားတို့၏ ဆက်ဆံရေးကို မြှင့်တင်ပေးရန်၊ လွတ်လပ်သောစိတ်ဓာတ်သွင်းပေးရန်နှင့် တာဝန်ထမ်းဆောင်လိုသော စိတ်ဓာတ်များ ပျိုးထောင်ပေးရန်ဖြစ်သည်။ ရည်ရွယ်ချက်များနှင့်အညီ စကားရည်လုပွဲများ ပြုလုပ်ရေး၊ ဟောပြောပို့ချမှုများ ပြုလုပ်ရေး၊ စာကြည့်တိုက်နှင့် စာဖတ်ခန်းများ တည်ထောင်ရေး၊ ကျောင်းသားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးရေး စသည့်လုပ်ငန်းများကို အထူးဝါယမစိုက်ထုတ်သွားမည်ဟု ဖော်ပြထားသည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းအစီအစဉ်များကို ကြည့်ပါက ကျောင်းသားများ အကျိုးစီးပွားမြှင့်တင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကြောင်း တွေ့ရှိရသည်။
၁၉၃၁-၃၂ မှ ၁၉၃၄-၃၅ ပညာသင်နှစ်အထိ ကာလများအတွင်း တကသအလုပ်အမှုဆောင်တို့သည် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (ICS) ရာထူးကိုမှန်းသော ကျောင်းသားများဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှု လုံးဝမရှိပေ။ ၁၉၃၅-၃၆ ပညာသင်နှစ်ရောက်မှသာ တကသ သမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့သော မျိုးချစ်စိတ်ဓာတ် ထက်မြတ်သည့် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုလှဖေ၊ ကိုသီဟန်တို့ ပေါ်ထွက်လာခဲ့ပြီး တကသ သည် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် နိုးကြားတက်ကြွလာခဲ့သည်။
၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ်ကို ဝေဖန်မှုကြောင့် သမဂ္ဂဥက္ကဌ ကိုနုနှင့် သမဂ္ဂအမှုဆောင် ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ရာမှ ဒုတိယတက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာသည်။ သပိတ်လှန်ပြီးနောက် ကိုနုနှင့် ကိုအောင်ဆန်းတို့သည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး နိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်သွားခဲ့ကြသည်။ သမဂ္ဂ ဥက္ကဌအဖြစ် ကိုဗဟိန်း၊ အတွင်းရေးမှူးအဖြစ် ကိုဗဆွေက တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလဆန်း (၁၃၀၀ ပြည့်) ချောက်ရေနံမြေ အလုပ်သမားသပိတ်တွင် ကိုဗဟိန်း၏ “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမည်” ဟူသည့် ရဲရဲတောက်မိန့်ခွန်းကြောင့် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ အဖမ်းခံခဲ့ရသည်။ ထိုအရေးအခင်းကြောင့် အတွင်းဝန်ရုံးကို ပိတ်ဆို့ဆန္ဒပြကြသော ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများကို နယ်ချဲ့အလိုတော်ရိ စစ်ပုလိပ်များက အကြမ်းဖက်လူစုခွဲရာ ယုဒသန်ကောလိပ်ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။ ဤသို့ဖြင့် တကသ ခေါင်းဆောင်များသည် မိမိတို့အသက်ကို စွန့်၍ နိုင်ငံနှင့်လူမျိုးအတွက် အနစ်နာခံတိုက်ပွဲဝင် ခဲ့ကြသည်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်ရောက်ရှိလာရာ ရန်ကုန်တက္ကသိုလ်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ရပြီး တကသ၏လုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့သည်။
စစ်ပြီးခေတ် တကသ အမှုဆောင်များသည် ၁၉၅၂ ခုနှစ်အထိ ပါတီနိုင်ငံရေး ကင်းရှင်းသော သန့်ရှင်းကျောင်းသားများ ဖြစ်သည်။ ထို့နောက်တွင်မူ သန့်ရှင်းကျောင်းသားများ၊ လက်ဝဲယိမ်း တိုးတက်ကျောင်းသားများနှင့် ဆိုရှယ်လစ်ဩဇာခံ ဒီအက်စ်အို ကျောင်းသားများ ဟူ၍ အဖွဲ့သုံးဖွဲ့ကွဲနေခဲ့သည်။ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပသော တကသ အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်ပတ်သက်ပြီး မဲပုံးရိုက်ခွဲသည်အထိ ပြဿနာဖြစ်ပွားခဲ့သည်။
၁၉၅၃ ခုနှစ်တွင် အောက်တိုဘာကျောင်းပိတ်ရက်ကို တလ အစား ၁၅ ရက်သာပိတ်မည်ဟု တက္ကသိုလ်အာဏာပိုင်များက ကြေညာရာမှ အစိုးရနှင့်ကျောင်းသားများ ပဋိပက္ခဖြစ်ကြသည်။ ထို “အောက်တိုဘာအရေးတော်ပုံ” ကို အစိုးရက အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြိုခွဲရာ ကျောင်းသားအချို့သွေးမြေကြခဲ့ရသည်။
တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်နယ်မြေ၌ ကျောင်းသားအရေးအခင်းပေါ်ပေါက်လာသည်။ အကြောင်းရင်းမှာ ပညာရေးဌာနက စာမေးပွဲနှစ်ခါကျသည့် ကျောင်းသားများကို အဆောင်နေခွင့်မပြုခြင်း၊ နေ့ကျောင်းသားအဖြစ် တက်ခွင့်မပြုခြင်း စသည့် စည်းကမ်းချက် များ ထုတ်ပြန်သောကြောင့် ဖြစ်သည်။ တကသ ကြီးမှူး၍ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ဖြိုခွင်းခံရမှုကြောင့် အောက်တိုဘာအရေးအခင်းထက် ပိုမိုဆိုးဝါးသော ကျောင်းသားတို့၏ သွေးမြေကျမှု ဖြစ်ပွားခဲ့ရသည်။ “၇ ဇူလိုင် အရေးအခင်း” တွင် သမိုင်းဝင် သမဂ္ဂအဆောင်အအုံနှင့်အတူ တကသ လည်း ရပ်တည်ခွင့် မရခဲ့တော့ပေ။
အတိတ်ကာလကို ပြန်ပြောင်းကြည့်လျှင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် နယ်ချဲ့လက်အောက်မှလွတ်မြောက်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့ခြင်း၊ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း စသည့် သမိုင်းအစဉ်အလာကောင်းများရှိခဲ့သည်ကို သိရှိနိုင်ပေသည်။
(ပြည်သူ့အရေးဂျာနယ်တွင် ဖော်ပြခဲ့သော ဒေါက်တာကျော်ဝင်း(ရန်ကုန်တက္ကသိုလ်)၏ “သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ” ဆောင်းပါးမှ ထုတ်နုတ်တင်ပြပါသည်။)
Zawgyi
သမိုင္းအစဥ္အလာႀကီးမားေသာ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ
ရန္ကုန္တကၠသိုလ္ကို ၁၉၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၁ ရက္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ေက်ာင္းသားမ်ားသမဂၢကို ၁၉၂၃ ခုႏွစ္တြင္ တကၠသိုလ္အာဏာပိုင္မ်ားက ရန္ကုန္ယူနီဗာစတီ ေကာလိပ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ သာယာဝေျပာေရးအတြက္ ဖြဲ႕စည္းေပးခဲ့သည္။ ေက်ာင္းသားမ်ားသမဂၢ ဖြဲ႕စည္းေရး အႀကံအစည္သည္ ၁၉၂၀ ျပည့္ႏွစ္ သပိတ္လႈပ္ရွားမႈကာလကပင္ ရွိခဲ့သည္ဟု သိရသည္။
တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ တည္ေထာင္ေရးအစီအစဥ္၏ ေနာက္ကြယ္တြင္ လႈပ္ရွားခဲ့ေသာ အဓိကပုဂၢိဳလ္မွာ ဥပေဒဌာနမွ ကထိက ဦးေမေအာင္ ျဖစ္သည္။ ဦးေမေအာင္သည္ ေက်ာင္းသားတို႔၏ စကားရည္လုပြဲမ်ားသို႔ မၾကာခဏတက္ေရာက္ေလ့ရွိၿပီး တကၠသိုလ္ေက်ာင္းသားမ်ားအား စကားရည္လုပြဲတြင္ ပါဝင္ရန္ႏွင့္ ႏႈတ္မႈပညာကို ေလ့လာၾကရန္ အားေပးေလ့ရွိသည္။
တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဖြဲ႕စည္းေရးပုံစံသည္ ေအာက္စဖို႔ဒ္ႏွင့္ ကိန္းဘရစ္ခ်္ တကၠသိုလ္မ်ားရွိ ေက်ာင္းသားမ်ားသမဂၢပုံစံကို ယူထားျခင္းျဖစ္သည္။ ေက်ာင္းသားသမဂၢ၏ ပထမဆုံးေသာ ဖြဲ႕စည္းပုံစည္းမ်ဥ္းကို ဦးေမေအာင္က ေရးဆြဲခဲ့ျခင္းျဖစ္ၿပီး ၁၉၂၃ ခုႏွစ္တြင္ အသုံးျပဳခဲ့သည္။
၁၉၂၇ ခုႏွစ္တြင္ ေက်ာင္းအုပ္ႀကီး ဆေလာ့စ္၊ ပါေမာကၡ ဦးေဖေမာင္တင္၊ ဒီဂ်ီအီး ေဟာလ္တို႔ကဲ့သို႔ ရန္ကုန္ေကာလိပ္က ေရြးခ်ယ္ခန္႔ထားသူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားကိုယ္စားလွယ္မ်ား ပါဝင္ေသာ ေကာ္မတီက ဖြဲ႕စည္းပုံအသစ္ေရးဆြဲၿပီး ေကာလိပ္အာဏာပိုင္မ်ားထံ တင္ျပရာ လက္ခံအတည္ျပဳခဲ့သည္။
ရန္ကုန္ယူနီဗာစတီ ေကာလိပ္ေက်ာင္းသားသမဂၢ ႀကီးၾကပ္ေရးေကာ္မတီ၏ ပထမဆုံးေသာ ေရြးေကာက္ပြဲကို ၁၉၂၇၊ နိုဝင္ဘာ ၂၇ ရက္တြင္ က်င္းပခဲ့သည္။ ေရြးေကာက္ပြဲအတြက္ မည္သို႔ စည္း႐ုံးရမည္၊ မည္ကဲ့သို႔ မဲဆြယ္ရမည္ဟူေသာ လက္ေတြ႕သင္ခန္းစာကို ရရွိခဲ့ၿပီး နိုင္ငံေရးလုပ္ရန္ ေရြးခ်ယ္သည့္ ေက်ာင္းသားမ်ားအတြက္ အဖိုးမျဖတ္နိုင္ေသာ အေတြ႕အၾကဳံပင္ ျဖစ္သည္။ ျမန္မာနိုင္ငံေရးအတြက္ အေရးပါလွေသာ ဒီမိုကေရစီက်င့္စဥ္ အတြက္ ေကာလိပ္သည္ ေလ့က်င့္ရာနယ္ေျမျဖစ္သည္ဟု ဆိုနိုင္သည္။ သို႔ရာတြင္ ထိုစဥ္က သမဂၢ၏ ဖြဲ႕စည္းပုံစည္းမ်ဥ္းကို တကၠသိုလ္အာဏာပိုင္မ်ားက ေက်ာင္းသားမ်ားအတြက္ ေရးဆြဲေပးထားျခင္းျဖစ္ၿပီး ေက်ာင္းသားမ်ားကိုယ္တိုင္ ေရးဆြဲထားျခင္းမဟုတ္ေပ။ ယင္းသို႔ေသာ အားနည္းခ်က္ရွိေသာ္လည္း ၁၉၂၇ ခုႏွစ္တြင္ ျပင္ဆင္ေရးဆြဲခဲ့ေသာ သမဂၢဖြဲ႕စည္းပုံစည္းမ်ဥ္းသည္ ၁၉၃၁ ခုႏွစ္တြင္ ေပၚေပါက္လာမည့္ ေက်ာင္းသားသမဂၢအတြက္ အေျခခံအုတ္ျမစ္ကို ခ်ေပးနိုင္ခဲ့သည္။
ေက်ာင္းသားထုတရပ္လုံးကို ကိုယ္စားျပဳေသာ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (တကသ)သည္ ၁၉၃၁ ခုႏွစ္တြင္မွ ေပၚေပါက္လာျခင္းျဖစ္သည္။ အမ်ိဳးသားစိတ္ဓာတ္ ရွိၾကေသာ ရန္ကုန္ယူနီဗာစတီေကာလိပ္ႏွင့္ ဂ်ပ္ဆင္ေကာလိပ္ေက်ာင္းသားမ်ားက သမဂၢ တည္ေထာင္ရန္ ႀကိဳးပမ္းခဲ့ၾကသည္။ ထူးျခားခ်က္မွာ တကသကို မတည္ေထာင္မီကပင္ သမဂၢအေဆာက္အအုံကို ေဆာက္လုပ္ၿပီးစီးခဲ့ျခင္း ျဖစ္သည္။ သမဂၢအေဆာက္အဦ ေဆာက္လုပ္ရန္ ကုန္က်ေငြကို ကိုလိုနီအုပ္ခ်ဳပ္ေရး အႀကီးအကဲျဖစ္သူ ဒုတိယဘုရင္ခံ ဆာဟာကုတ္ဘတၱလာ (Ser Harcourt Butlar)က အလႉခံေပးခဲ့ၿပီး ေဒါက္တာဦးညိဳ (K.S.M L.L.D)က ႐ူပီးေငြ ၁၇၀၀၀ ကို ၁၉၂၆ ခုႏွစ္တြင္ လႉဒါန္းခဲ့သည္။
၁၉၃၀ ျပည့္ႏွစ္၊ စက္တင္ဘာ ၁၂ ရက္တြင္ တကၠသိုလ္ေက်ာင္းသားကိုယ္စားလွယ္မ်ား ျဖစ္ၾကေသာ ကိုေက်ာ္ခင္၊ ကိုတင့္ေဆြ၊ ကိုဘဂ်မ္းတို႔သုံးဦးက တကၠသိုလ္အာဏာပိုင္မ်ားႏွင့္ေတြ႕ဆုံ၍ သမဂၢစည္းမ်ဥ္းေရးဆြဲေရး ေကာ္မတီကို ဖြဲ႕စည္းခြင့္ရခဲ့သည္။ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ ရည္ရြယ္ခ်က္မ်ားမွာ ေက်ာင္းသားတို႔၏ ဆက္ဆံေရးကို ျမႇင့္တင္ေပးရန္၊ လြတ္လပ္ေသာစိတ္ဓာတ္သြင္းေပးရန္ႏွင့္ တာဝန္ထမ္းေဆာင္လိုေသာ စိတ္ဓာတ္မ်ား ပ်ိဳးေထာင္ေပးရန္ျဖစ္သည္။ ရည္ရြယ္ခ်က္မ်ားႏွင့္အညီ စကားရည္လုပြဲမ်ား ျပဳလုပ္ေရး၊ ေဟာေျပာပို႔ခ်မႈမ်ား ျပဳလုပ္ေရး၊ စာၾကည့္တိုက္ႏွင့္ စာဖတ္ခန္းမ်ား တည္ေထာင္ေရး၊ ေက်ာင္းသားမ်ား၏ အက်ိဳးစီးပြားျမႇင့္တင္ေရး ကိစၥရပ္မ်ားကို ေဆြးေႏြးေရး စသည့္လုပ္ငန္းမ်ားကို အထူးဝါယမစိုက္ထုတ္သြားမည္ဟု ေဖာ္ျပထားသည္။ စစ္ႀကိဳေခတ္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ ရည္ရြယ္ခ်က္မ်ားႏွင့္ လုပ္ငန္းအစီအစဥ္မ်ားကို ၾကည့္ပါက ေက်ာင္းသားမ်ား အက်ိဳးစီးပြားျမႇင့္တင္ေရး၊ ဘက္စုံဖြံ့ၿဖိဳးတိုးတက္ေရးကို ဦးစားေပးေၾကာင္း ေတြ႕ရွိရသည္။
၁၉၃၁-၃၂ မွ ၁၉၃၄-၃၅ ပညာသင္ႏွစ္အထိ ကာလမ်ားအတြင္း တကသအလုပ္အမႈေဆာင္တို႔သည္ အိႏၵိယပဋိညာဥ္ခံဝန္ထမ္း (ICS) ရာထူးကိုမွန္းေသာ ေက်ာင္းသားမ်ားျဖစ္ၿပီး နိုင္ငံေရးလႈပ္ရွားမႈ လုံးဝမရွိေပ။ ၁၉၃၅-၃၆ ပညာသင္ႏွစ္ေရာက္မွသာ တကသ သမိုင္းကို အလွည့္အေျပာင္းျဖစ္ေစခဲ့ေသာ မ်ိဳးခ်စ္စိတ္ဓာတ္ ထက္ျမတ္သည့္ ကိုႏု၊ ကိုေအာင္ဆန္း၊ ကိုေက်ာ္ၿငိမ္း၊ ကိုသိန္းေဖ၊ ကိုလွေဖ၊ ကိုသီဟန္တို႔ ေပၚထြက္လာခဲ့ၿပီး တကသ သည္ နိုင္ငံေရးလႈပ္ရွားမႈမ်ားျဖင့္ နိုးၾကားတက္ႂကြလာခဲ့သည္။
၁၉၃၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလကုန္တြင္ ေက်ာင္းအုပ္ႀကီး ဒီေဂ်စေလာ့စ္ကို ေဝဖန္မႈေၾကာင့္ သမဂၢဥကၠဌ ကိုႏုႏွင့္ သမဂၢအမႈေဆာင္ ကိုေအာင္ဆန္းတို႔ကို ေက်ာင္းထုတ္ရာမွ ဒုတိယတကၠသိုလ္သပိတ္ႀကီး ေပၚေပါက္လာသည္။ သပိတ္လွန္ၿပီးေနာက္ ကိုႏုႏွင့္ ကိုေအာင္ဆန္းတို႔သည္ တို႔ဗမာအစည္းအ႐ုံးသို႔ ဝင္ေရာက္ၿပီး နိုင္ငံေရးနယ္ပယ္ထဲသို႔ ေရာက္သြားခဲ့ၾကသည္။ သမဂၢ ဥကၠဌအျဖစ္ ကိုဗဟိန္း၊ အတြင္းေရးမႉးအျဖစ္ ကိုဗေဆြက တာဝန္ယူေဆာင္ရြက္ခဲ့သည္။
၁၉၃၈ ခုႏွစ္၊ ဒီဇင္ဘာလဆန္း (၁၃၀၀ ျပည့္) ေခ်ာက္ေရနံေၿမ အလုပ္သမားသပိတ္တြင္ ကိုဗဟိန္း၏ “ျမင္းခြာတခ်က္ေပါက္ရင္ မီးဟုန္းဟုန္းေတာက္ေစရမည္” ဟူသည့္ ရဲရဲေတာက္မိန္႔ခြန္းေၾကာင့္ ကိုဗဟိန္းႏွင့္ ကိုဗေဆြတို႔ အဖမ္းခံခဲ့ရသည္။ ထိုအေရးအခင္းေၾကာင့္ အတြင္းဝန္႐ုံးကို ပိတ္ဆို႔ဆႏၵျပၾကေသာ ရန္ကုန္ၿမိဳ႕ေပၚရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို နယ္ခ်ဲ႕အလိုေတာ္ရိ စစ္ပုလိပ္မ်ားက အၾကမ္းဖက္လူစုခြဲရာ ယုဒသန္ေကာလိပ္ေက်ာင္းသား ကိုေအာင္ေက်ာ္ က်ဆုံးခဲ့ရသည္။ ဤသို႔ျဖင့္ တကသ ေခါင္းေဆာင္မ်ားသည္ မိမိတို႔အသက္ကို စြန္႔၍ နိုင္ငံႏွင့္လူမ်ိဳးအတြက္ အနစ္နာခံတိုက္ပြဲဝင္ ခဲ့ၾကသည္။
၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဒုတိယကမၻာစစ္ႀကီး ျမန္မာနိုင္ငံသို႔ ကူးစက္ေရာက္ရွိလာရာ ရန္ကုန္တကၠသိုလ္ကို ရက္အကန္႔အသတ္မရွိပိတ္လိုက္ရၿပီး တကသ၏လုပ္ငန္းမ်ားလည္း ရပ္ဆိုင္းသြားခဲ့သည္။
စစ္ၿပီးေခတ္ တကသ အမႈေဆာင္မ်ားသည္ ၁၉၅၂ ခုႏွစ္အထိ ပါတီနိုင္ငံေရး ကင္းရွင္းေသာ သန္႔ရွင္းေက်ာင္းသားမ်ား ျဖစ္သည္။ ထို႔ေနာက္တြင္မူ သန္႔ရွင္းေက်ာင္းသားမ်ား၊ လက္ဝဲယိမ္း တိုးတက္ေက်ာင္းသားမ်ားႏွင့္ ဆိုရွယ္လစ္ဩဇာခံ ဒီအက္စ္အို ေက်ာင္းသားမ်ား ဟူ၍ အဖြဲ႕သုံးဖြဲ႕ကြဲေနခဲ့သည္။ ၁၉၅၃ ခုႏွစ္၊ စက္တင္ဘာလတြင္ က်င္းပေသာ တကသ အမႈေဆာင္အဖြဲ႕ ေရြးေကာက္ပြဲတြင္ မဲမသမာမႈႏွင့္ပတ္သက္ၿပီး မဲပုံးရိုက္ခြဲသည္အထိ ျပႆနာျဖစ္ပြားခဲ့သည္။
၁၉၅၃ ခုႏွစ္တြင္ ေအာက္တိုဘာေက်ာင္းပိတ္ရက္ကို တလ အစား ၁၅ ရက္သာပိတ္မည္ဟု တကၠသိုလ္အာဏာပိုင္မ်ားက ေၾကညာရာမွ အစိုးရႏွင့္ေက်ာင္းသားမ်ား ပဋိပကၡျဖစ္ၾကသည္။ ထို “ေအာက္တိုဘာအေရးေတာ္ပုံ” ကို အစိုးရက အၾကမ္းဖက္သည့္ နည္းလမ္းျဖင့္ ၿဖိဳခြဲရာ ေက်ာင္းသားအခ်ိဳ႕ေသြးေျမၾကခဲ့ရသည္။
ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္ ၁၉၆၂ ခုႏွစ္၊ ဇူလိုင္ ၇ ရက္တြင္ ရန္ကုန္တကၠသိုလ္နယ္ေျမ၌ ေက်ာင္းသားအေရးအခင္းေပၚေပါက္လာသည္။ အေၾကာင္းရင္းမွာ ပညာေရးဌာနက စာေမးပြဲႏွစ္ခါက်သည့္ ေက်ာင္းသားမ်ားကို အေဆာင္ေနခြင့္မျပဳျခင္း၊ ေန႔ေက်ာင္းသားအျဖစ္ တက္ခြင့္မျပဳျခင္း စသည့္ စည္းကမ္းခ်က္ မ်ား ထုတ္ျပန္ေသာေၾကာင့္ ျဖစ္သည္။ တကသ ႀကီးမႉး၍ ဆႏၵျပပြဲမ်ား ျပဳလုပ္ခဲ့ၿပီး ၿဖိဳခြင္းခံရမႈေၾကာင့္ ေအာက္တိုဘာအေရးအခင္းထက္ ပိုမိုဆိုးဝါးေသာ ေက်ာင္းသားတို႔၏ ေသြးေျမက်မႈ ျဖစ္ပြားခဲ့ရသည္။ “၇ ဇူလိုင္ အေရးအခင္း” တြင္ သမိုင္းဝင္ သမဂၢအေဆာင္အအုံႏွင့္အတူ တကသ လည္း ရပ္တည္ခြင့္ မရခဲ့ေတာ့ေပ။
အတိတ္ကာလကို ျပန္ေျပာင္းၾကည့္လၽွင္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢသည္ နယ္ခ်ဲ႕လက္ေအာက္မွလြတ္ေျမာက္ေရး လႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့ျခင္း၊ နိုင္ငံ့ေခါင္းေဆာင္မ်ားကို ေမြးထုတ္ေပးခဲ့ျခင္း၊ နိုင္ငံအက်ိဳးျပဳလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ခဲ့ျခင္း စသည့္ သမိုင္းအစဥ္အလာေကာင္းမ်ားရွိခဲ့သည္ကို သိရွိနိုင္ေပသည္။
(ျပည္သူ႔အေရးဂ်ာနယ္တြင္ ေဖာ္ျပခဲ့ေသာ ေဒါက္တာေက်ာ္ဝင္း(ရန္ကုန္တကၠသိုလ္)၏ “သမိုင္းအစဥ္အလာႀကီးမားေသာ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ” ေဆာင္းပါးမွ ထုတ္ႏုတ္တင္ျပပါသည္။)

Comments
Post a Comment