ဆရာမကြီးကြည်အေး၏ ကဗျာ ၄ပုဒ်


  စံပယ်မနာလိုတော့မည်

 နံနက်မွှေးခဲ့

နုထွေးစံပယ်၊ သေးငယ်ပွင့်စ

မြလဲ့ရွက်ကြား

သနားစရာ၊ ချစ်စရာရှင့်

အသာခူးလိုက်၊ မောင်ကြိုက်တတ်ရဲ့

မပြတ်အေးကြည်ချင်တတ်သည်။

 

မောင်ကကြိုပြီး

ချိုနှုတ်ခမ်းပွင့်၊ လှမ်းယူလင့်လည်း

စိတ်ထင့်စရာ၊ ယွန်းပြာပန်းအိုး

ပိုးနုရွှေရွက်၊ ကျောက်ညှိခက်ကြား

လက်ဖျားယုယ၊ စိုက်ထိုးသခဲ့

အလှကြည့်ချင်ဟန်တူပြီ။


စိတ်မှာတမ်းမိ

နမ်းကြည့်ပါဦး၊ စံပယ်ဦးရှင့်

ခူးဆွတ်ရွရွ၊ မွှေးမြချင်ဖွယ်

ရင်ဝယ်ခုန်ငြိ၊ သတိရနိုး

စောင်းငဲ့ခိုးကြည့်၊ ရှက်မိလျက်ကို

ပြုံးသက်သက်နှင့်၊ လက်ကမ်းလင့်မှ

သခင့်ရင်ခွင်၊ မက်မောဝင်က

စံပယ်ငြင်ငြို၊ မနာလိုတော့မည်။ ။

****

တမ်းတစိတ်

စိတ်နွမ်းပါး၍

စကားဟဟ၊ မဆိုရဘူး

ဂီတကဗျာ၊ နားမသာဘူး

ပေစာဖတ်မွေ့၊ မပျော်မွေ့ဘူး

တွေ့ချင်နေဆဲ၊ မျှော်လင့်ရဲဘူး

ခွဲခွာလွင့်ပါး၊ ထွက်ခွာသွားရက်

ဆောင်းပါးစာခွေ၊ ပို့လေမလား

စကားဖြောင့်စင်း၊ သနားခြင်းနဲ့

ပြင်းပြအနာ၊ စိတ်ဒက်ရာကို

ကြာနုတ်မွေးထုံ၊ နှုတ်ခမ်းငုံနှင့်

လမ်းကြုံတစ်လှည့်၊ နမ်းဖြေဘိကွယ်

သတိပျက်ထွေ၊ လျော့ခွေညှိုးပန်း

အိပ်ခန်းကိုတည်း၊ တသညည်းသံ

သန်းယံအိပ်မက်၊ မမက်ဘူးလား

မဖြားယောင်းရက်၊ လွမ်းရခက်ခဲ

ရော်ပျက်နွမ်းခွေ၊ လေသက်မြေခ

ကြွေရွက်အတူ လူးတော့သည်။ ။

****

မေ့မည်ထင်သည်

 

မောင့်လွမ်းဘက်သို့

နံနက်စောသီ၊ နှင်းရီညိုမှုန်

သစ်ဆုံနုသစ်၊ ပုရစ်ငုံလဲ့

ရွက်နွဲ့ကြားမှ

စကားတွတ်တီ၊ ငှက်တေးသီလျှင်

ပီပြင်လှသော၊ မအံ့ဩနှင့်

မောင့်တောအုပ်က လွှတ်လိုက်သည်။


လှဝင့်ဝါရွက်

နန္ဒာနှမ၊ ကိုယ်တည်းညဦး

ပပငွေရည်၊ မြခြည်လက်ရွှန်း

ပက်သွန်းယိုကျ၊ ပြတင်းဝ၌

နှင်းထပက်ဖျန်း၊ မြူခိုးသန်းက

ချမ်းမြလွန်းသည်၊ လွမ်းခက်မည်လို့

ညန်ချည်ခန်းဆီး

ဇာမြီးပြာခက်၊ မကာရက်နှင့်

ပင့်သက်ငွေ့လွင့်၊ မောင်လွှင့်သည်ပင်။


နေရှိန်ဝင်းဝင်း၊ နေ့ကြည်လင်းမူ

ဖန်ဆင်းလိုက်သော၊ နှင်းဆီတော၌

မက်မောရိပ်သာ

မောင်လာချင်လဲ(လည်း)၊ လာခက်ခဲ၏

လက်တွဲသိမ်းပွေ့၊ ကြင်မွေ့ခေါ်ငင်

မက်မောခင်မည်၊ မထင် ဝံ့စား

စကားမသွက်၊ ဖွင့်ဟခက်ခဲ

မြေအက်ကြားမှ၊ မြက်ပွင့်မျှသာ

နှမတစ်နေ့ မေ့ရစ်မည်။ ။


***


နှုတ်ဆက်သွားသူ

"သွားစို့ကွယ်" လို့

ငယ်ချစ်အလှ၊ ပြုံးရှက်မြနဲ့

နှုတ်ရွပန်းလျ၊ သက်ပြင်းချနဲ့

စတင်ခေါ်မှ၊ သတိရတတ်

နှမနှင့်ဝေး၊ ပြန်ပြောင်းတွေးမိ

နုထွေးပွင့်ငုံ၊ နှုတ်ခမ်းစုံကို

ကြုံလျက်မနမ်း မွှေးမိသည်။


"သွားတော့မယ် "လို့

ပြုံးလှယ်မြဲကို၊ မျက်ရည်စိုစွတ်

ရင်ဖိုမောလိုက်၊ နှုတ်ခမ်းကိုက်ပြတ်

မိုက်မဲလွမ်းခက်၊ ဟန်မပျက်ပင်

နှုတ်ဆက်ထွက်သွား၊ မောင့်ကိုထားခဲ့

မေ့မှားမတား ဖြစ်မိသည်။


သွားတော့ပြီလား

ဘယ်ဆီမှာလဲ(လည်း)၊ မဝေခွဲတတ်

သဲသွန်ရေပေါက်၊ ရှာခဲ့ပျောက်ခဲ့

မူးနောက်ရမ္မက်၊ ပူပြင်းခက်လို့

နှင်းရွက်ညံ့အိ၊ အလှကြည့်ဆဲ

မြေညှိုနံ့သက်၊ သဇင်ခက်နွမ်း

သူ့လက်ကြွေလင့်၊ မဆုံးသင့်ဘဲ

ကြာလင့်တွေးဆ၊ မောင်နောက်ကျခဲ့

နှမအလျင် လိုတော့သည်။ ။


***

Comments

  1. ကဗျာတိုလေးတွေ တင်ပေးပါဦး

    ReplyDelete
  2. ကဗျာလေးတွေကပိုဖတ်ဖြစ်ပါတယ်ရှင့်။လုံးချင်း၀တ္ထုတွေကဖုန်းနဲ့ဖတ်လို့အဆင်မပြေတဲ့သူတွေနဲ့သဘောမကျတဲ့သူတွေများလို့ဖတ်ဖြစ်မယ်မထင်လို့ပါ။ကဗျာတိုလေးတွေများများတင်ပေးပါနော်❣️❣️။

    ReplyDelete
  3. ဟာသလေးတွေလဲ တင်ပေးပါဆိုတာကို ဖက္မလုပ်ချင်ဘူးပေါ့

    ReplyDelete
  4. ကဗျာတွေမခံစားတတ်ပေမဲ့ အကုန်ဖတ်ပေးခဲ့ပါတယ် 😍😍😍

    ReplyDelete

Post a Comment