Goli and Miya (အပိုင်း၅)

 အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU

အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo

အခန်း ၃ ဖတ်ရန်_ https://bit.ly/3z0lPVx

အခန်း ၄ ဖတ်ရန်- https://bit.ly/389xFRi

အခန်း(၅)



“မျက်တောင်တစ်ခတ်။”

“အရာအားလုံး ဖြစ်ပျက်သွားတဲ့ မျက်တောင်တစ်ခတ်။”

“အစီအစဉ်လိုက် ပြန်စဉ်းစားမယ်ဆိုရင်တောင် အားလုံးကို အပြည့်အဝ မှတ်မိပါ့မလား။”

ပတ်ဝန်းကျင်မှာ ညို့မှိုင်းမှိုင်းနှင့် ကြောက်မက်ဖွယ် ခံစားချက်များကို အပြည့်အဝ
ပေးစွမ်းနေပေသည်။နတ်တစ်ပါးဖြစ်သော ဂိုလီပင်လျှင် တုန်လှုပ်မှုကို အနည်းငယ်ခံစားမိလိုက်ပေသည်။

“မြစ်စောင့်နတ်သား ဂိုလီ။”

ဂိုလီတစ်ယောက် အံ့အားသင့်မှုများပြည့်နှက်နေသည်။အမှန်ဆို ဤသို့ဖြစ်လာမည်ကို သိနေပြီးသားမဟုတ်လား။ဒါတောင် ဘာကြောင့်များ တုန်လှုပ်နေပါလိမ့်။ဤအသံ သူကြားလိုက်ရသည့် သူ့အမည်နာမကို ခေါ်ဆိုသံ။

“အသင်က တကယ်ပဲ သေမင်းလား။”

“အမှန်ပါပဲ အသင်မြစ်စောင့်နတ်သား။အသင်၏နောက်ဘဝဆီသို့ ခရီးကို လိုက်လံပို့ဆောင်ပေးရန် ရောက်နေခြင်းဖြစ်ပါသည်။”

ဂိုလီက သက်ပြင်းကိုချကာ
“ဘယ်လိုနတ်သက်ကြွေလာတာများလဲ။မမှတ်မိတော့ဘူး။”

သေမင်းက
“မသေခင်ကာလကို ပြန်ကြည့်ချင်လို့ပါလား။အသင်က မြစ်စောင့်နတ်သားဖြစ်နေသော်လည်း လူတွေကဲ့သို့ ယူကြုံးမရဖြစ်ရသည့်ကိစ္စ၊အသေမဖြောင့်စေသည့်ကိစ္စများကျန်နေသေးပါသလော။အသင်က သေပြီးပြီဖြစ်၍ ဘာမှပြန်ပြင်ဆင်လို့မရတော့ဘူးဆိုတာတော့ မမေ့သင့်ပါ။”

ဂိုလီက
“ပြန်ကြည့်ခွင့်တော့ရှိသည်မဟုတ်လော။သေမင်း။”

သေမင်းက
“ကောင်းပြီလေ အသင်ပြန်ကြည့်ချင်က ဤမှန်ချပ်ပေါ်တွင် သင်ကြည့်ချင်သည့်ကာလအားပြန်ကြည့်နိုင်သည်။သို့သော် ဘာမှပြန်ပြင်ဆင်ချင်သည်ဟုတော့ တောင်းဆို၍မရသည်ကိုမူ မမေ့လေနှင့်။”

ဂိုလီက
“ပြမှာကိုသာပြပါ အသင်သေမင်း။”

မှန်ချပ်ပေါ်မှ ရေလိုလို တိမ်တွေလိုလို ပတ်လည်ဝိုင်းနေသော ထူးထူးဆန်းဆန်းများမှာ ကြည့်နေသူကို တဖြည်းဖြည်း ဆွဲချသွားသည့်နှယ် ခံစားချက်မျိုးကိုပေးနေလေသည်။

ဂိုလီ ဦးဆုံးမြင်ရသည်မှာ ကမ္ဘာစောင့်နတ်နှင့် သူရှေ့တွင်ရပ်နေသော ဂိုလီ။ကမ္ဘာစောင့်နတ်က ဂိုလီရှိရာ မြစ်၏အတော်နက်နက်ထဲ​ ရောက်လာခြင်းဖြစ်လေသည်။

“အဆွေတော် မြစ်စောင့်နတ်။အသင်တောင်းဆိုသည်မှာ မဖြစ်နိုင်သည်ကို အသင်ကောင်းကောင်းသိပါသည်။”

“ဒါဆို ကျွန်တော်က ဒီနေရာမှာ ငုတ်တုတ်ထိုင်ပြီး ဘာလုပ်နေရမည်လဲ။”
ဂိုလီက ပြန်လည်ပြောသောအခါ ကမ္ဘာစောင့်နတ်က
“အသင်သည် ယခုအခါတွင် ပြစ်ဒဏ်ချမှတ်ထားခံရသည်။ထိုပြစ်ဒဏ် ပြေပျောက်အောင်ပင် အကြာကြီး စောင့်ရပေဦးမည်။ထိုပြစ်ဒဏ်များ ပြေပျောက်လျှင်ပင် အသင်၏နာမည်ဆိုးများပြေပျောက်အောင် အသ်ငကြိုးစားရပေဦးမည်။”

ဂိုလီက ဒေါသတကြီးဖြင့်
“အဲ့တာတွေကို ဘာလို့ဂရုစိုက်ရမှာလဲ။”

ကမ္ဘာစောင့်နတ်မင်းက လန့်ဖျတ်သွားကာ
“အမည်ကောင်းရခြင်း၊ဂုဏ်သိက္ခာကောင်းတည်မြဲခြင်းဆိုတာ နတ်တွေအတွက်အရေးကြီးတယ်လေကွာ။”

ဂိုလီက စိတ်ပျက်သည့် အမူအရာဖြင့်
“ဂုဏ်သိက္ခာ။ဘာလုပ်လို့ရမှာလဲ။ကျွန်တော်က မွေးကတည်းက နတ်ဆိုးအနွယ်ဝင်။ဘာမှမလုပ်လဲ နတ်ဆိုးတစ်ပါး။မိစ္ဆာ၊မကောင်းဆိုးဝါးအဖြစ် သတ်မှတ်ခံရတာပဲ။အပြင်ထွက်ကြည့်လိုက်စမ်းပါ။ဘယ်သူက ကျွန်တော့်ကို မြစ်စောင့်နတ်သားလို့ခေါ်လဲ။အားလုံးရဲ့စိတ်ထဲမှာ ကျုပ်ကနတ်ဆိုးတစ်ကောင်ပဲ။ဘယ်တော့မှ သူတို့အမြင်ကို ပြောင်းလဲယူနိုင်မှာမဟုတ်ဘူး။အဲ့လို ပြောင်းလဲလို့မရတာကို ကြိုးစားနေမယ်အစား ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုယ်နားလည်လောက်မယ့် သူအပေါ်မျှော်လင့်ချက်ထားတာကမှ တန်ပါဦးမယ်။အဲ့လိုလုပ်လို့ သေမယ်ဆိုရင်တောင် ဒီအနှစ်သာရမဲ့တဲ့ နတ်ဘဝကနေ မြန်မြန်ကျွတ်တာ ပိုတောင်ကောင်းသေး။”

အရုးတစ်ယောက်သဖွယ် ဆက်တိုက်အော်ဟစ်နေသည့် ထိုစဉ်က ဂိုလီကို ပြန်ကြည့်ရင်း
“မင်းနာကျင်ရရင်တောင် မင်းချစ်ခင်တဲ့သူတွေကို အော်ဟစ်ဖို့ မလိုအပ်ပါဘူး။”

“သူတို့က မင်းနာကျင်မှုရဲ့ အပြင်လူသက်သက်ပဲလေ။”

ကမ္ဘာစောင့်နတ်မင်းက အတော်ကြာအောင် ဘာမှမပြောပဲ နောက်ဆုံးမှ
“မကြာခင် လနတ်သမီးရဲ့ မွေးနေ့လည်းရောက်တော့မယ်။”

မြစ်ရေ၏အထက်မျက်နှာပြင်ကိုပြန်တက်ရင်း
“မင်းကို အဲ့ကိုခေါ်သွားပြီး ခဏလောက်တွေ့ဖို့ စီစဉ််ပေးလို့ရမယ်လို့တော့ထင်တာပဲ။”

“ကမ္ဘာစောင့်နတ်မင်းကြီးရာ ခင်ဗျားလည်းထိခိုက်မှာကို သိသိကြီးနဲ့။”

“ဘာလို့များ ဒီလိုလုပ်ပေးခဲ့တာလဲ။”
ထို အတိတ်မြင်ကွင်းကို ကြည့်ရင်း ဂိုလီစိတ်ထဲ ပြန်လည်သုံးသပ်နေမိသည်။

လနတ်သမီး၏မွေးနေ့ကိုရောက်လာသော မနက်အရုဏ်တက်တွင် ဂိုလီကို မြစ်ရေ၏အပြင်ထွက်မရအောင်ချုပ်နှောင်ထားသော အစီအမံကို ဖြေလိုက်လေသည်။ထို့နောက် ကမ္ဘာစောင့်နတ်မင်းက သူ၏အစွမ်းဖြင့် ဂိုလီ၏ကိုယ်ရောင်ကိုယ်ဝါအားလုံးကို ဖျောက်လိုက်ကာ ကိုယ်ပျောက်နေသကဲ့သို့ အစီအမံကိုအသုံးပြုလိုက်လေသည်။

“မင်းငါနဲ့ ကိုက်တစ်ရာအတွင်းပတ်ပတ်လည်မှာပဲ နေပါ အပြင်ထွက်တာနဲ့ မင်းကိုယ်ရောင်ကိုယ်ဝါတွေအားလုံး ပြန်ပေါ်လာပြီး အားလုံး ဒုက္ခရောက်သွားလိမ့်မယ်။”

“ကူညီချင်တယ်ဆိုတာ သေချာရဲ့လား။ကမ္ဘာဂြိုလ်တစ်ခုလုံးကို ရင်းထားရသလို ဖြစ်မနေဘူးလား”

“အား..ဟားဟားဟား။အနှစ်ရှစ်ရာကျော်တောင် ညီအစ်ကိုတွေဖြစ်လာတဲ့သူတစ်ယောက်အတွက် ကူညီရတာ ဘာမှဝန်မလေးပါဘူးကွ။”
ပြုံးရင်းပြောနေသော ကမ္ဘာစောင့်နတ်မင်းကြီးကိုကြည့်ရင်း ဂိုလီကျေးဇူးတင်နေမိသကဲ့သို့ ယခုအတိတ်ကို ပြန်ကြည့်မိနေသော ဂိုလီလည်း
“ကျေးဇူးတင်ပါတယ်။”
ဟူ၍ နူးညံ့စွာပြောမိလေသည်။

လနတ်သမီးနေရာ လပေါ်သို့ ထွက်ရသော ခရီးမှာ ထူးခြားသည်ဟုတော့ ဆိုနိုင်ပေသည်။ လနတ်သမီး၏မွေးနေ့ဖြစ်လေသောကြောင့် အလှအပအဆောင်အယောင်များပြင်ဆင်ထားသည်မှာ ကမ္ဘာသစ်ပေါ်သို့ ရောက်သွားသည့်အလား အသစ်အဆန်းတွေအပြည့်ဖြစ်နေသည်။လနတ်သမီး၏ အခြံအရံများဖြစ်ကြသည့် ကြယ်ပွင့်ငယ်ကလေးများပင် အလွန်ချောမောပြီး ချစ်မက်ဖွယ်ကောင်းလွန်းသောကြောင့် လနတ်သမီးဆိုလျှင် မည်မျှတောင်လှလိုက်မည်ဟု မမြင်ဖူးကြသေးသူများကြားတွင် သတင်းစကားပျံ့နှံ့လွန်းသည်ဖြစ်ရာ သူမ၏မွေးနေ့တွင် ဂြိုလ်ရှစ်လုံးနှင့် ပလူတိုမှ နတ်မင်းကြီးများပင် လာရောက်ကြလေသည်။

ကမ္ဘာဂြိုလ်စောင့်နတ်မင်းက အနားတွင် ကိုယ်ပျောက်လျက်ပါလာသော ဂိုလီကို
“လနတ်သမီးက ကမ္ဘာနဲ့ နီးကပ်တဲ့အချိန်တိုင်း ကမ္ဘာရှု့ခင်းကို ရှု့စားတဲ့ ပန်းဥယျာဉ်ရှိပြီး အဲ့မှာ အများအားဖြင့် အချိန်ကုန်ဆုံးနေလေ့ရှိတယ်လို့ ငါကြားတယ်။အဲ့ကို တိတ်တိတ်လေးသွားကြည့်လိုက်ရင် လနတ်သမီးကို မြင်ရလောက်မယ်ထင်တာပဲ။”
ဟူ၍ တိုးတိတ်စွာ မသိမသာပြောနေရင်း လနတ်သမီးရှိမည်ဟုထင်ရသော ထိုပန်းဥယျာဉ်ထံသို့ မည်သူမှကြည့်မနေသည့် အလစ်တွင် ခိုးကာသွားလေတော့သည်။ဂိုလီလည်းနောက်မှလိုက်သွားရင်း တော်တော်ကြာသောအခါ ပန်းဥယျာဉ်သို့ရောက်သွား၏။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လျက် ပတ်ဝန်းကျင်၌ အလွန်လှပသော နတ်ပန်းလေးများပွင့်နေကြသည်။အများဆုံးနှင့် လနတ်သမီးအလွန်နှစ်သက်သည့်ဆိုသော အလှပဆုံးနတ်ပန်းတစ်ပွင့်ဖြစ်သည့် ခိုမီတ ပန်းဟူသော မီခိုးရောင်ညို့ညို့ အခက်ပေါ်တွင် အဖြူရောင်ပွင့်ဖတ်များမှာ ပတ်လည်ဝိုင်းပုံစံမျိုးမဟုတ်ပဲ ထိပ်သို့ဖူးနေသော ပုံစံမျိုးဖြင့် အဖူးလိုက်လေး ပေါက်နေတတ်လေသည်။

ဂိုလီက ပန်းဥယျာဉ်ထဲတောင်ကြည့်မြောက်ကြည့်ကြည့်ရင်း တစ်နေရာအရောက်တွင် မှန်ပြောင်းကြီးကဲ့သို့ ပစ္စည်းကိုမြင်လိုက်ရလေသည်။ထို့နောက် ခြေလှမ်းသံများကို ကြားလိုက်ရကာ ပန်းပင်ကြီးတစ်ပင်နောက်မှ ဖြေးညှင်းစွာလျှောက်လာသော မီရာကိုတွေ့ရလေသည်။ဂိုလီတစ်ယောက် လနတ်သမီးလေးမီရာကို နောက်ဆုံးတွေ့ခဲ့ရချိန်မှာ လွန်ခဲ့သော နှစ်ရှစ်ရာဝန်းကျင်လောက်က ထိုတုန်းက သူတို့က နတ်သူငယ်လေးတွေဘဝသာ ရှိသေးသည်။မီရာကား လနတ်သမီးဆိုသည်ကိုလည်း မသိသလို မီရာကလည်း ဂိုလီက နတ်ဆိုးအနွယ်ဝင် မြစ်စောင့်နတ်သားဆိုသည်ကိုလည်း သူမသိခဲ့မည့်ပုံမပေါ်ချေ။

ကမ္ဘာစောင့်နတ်မင်းက ချုံအကွယ်တစ်ခု၌ပုန်းနေရ၏ ဂိုလီကသာ မီရာ၏အနီးဆုံး၌ မီရာကို ငေးကြည့်နေခြင်းဖြစ်လေသည်။

မီရာက စက်အကြီးအနားက ကပ်လာရင်း
“ဒီနေ့ငါ့မွေးနေ့ဆိုပေမယ့် အားလုံးကပျင်းစရာကြီး။ကမ္ဘာပေါ်မှာကမှ ကြည့်စရာပေါသေးတယ်။တစ်ခုခုကြည့်စရာများရှိလေမလား ကြည့်ကြည့်မှ။”
ပြောရင်း မှန်ဘီလူးကို ချိန်ကာ တောင်ကြည့်မြောက်ကြည့် ကြည့်နေလေသည်။

ထို့နောက်
“အင်း ဟိုမြစ်ရေပေါ်မှာ အမြဲတယောနဲ့ဖျော်ဖြေနေတတ်တဲ့ နတ်သားလေးကော အခုတီးနေလောက်မလားမသိ။”
တစ်ကိုယ်ထဲပြောနေသော မီရာ၏စကားကြောင့် ဂိုလီမည်မျှအထိပျော်ရွှင်သွားလိမ့်မည်ဆိုသည်ကို မှန်းဆကြည့်၍တောင်ရမည် မဟုတ်ပါချေ။

ဂိုလီလည်း မီရာကို မြင်ရအောင် ကိုယ်ထင်ပြမည်ပြုလေသည်။ထိုအခြင်းအရာကို ကမ္ဘာစောင့်နတ်မင်းက သတိထားမိသွားသောအခါ ခေါင်းနပန်းကြီသွားလေသည်။

“ဂိုလီ။ကျေးဇူးပြုပြီး ရုးရုးမိုက်မိုက်တွေ မလုပ်လိုက်ပါနဲ့။”
စိတ်ထဲမှသာ ကြိတ်ပြောနေရပြီး ထွက်တားလို့လည်းမရ ဘာလုပ်ရမှန်းမသိတော့ချေ။

နောက်ဆုံးတွင် ဂိုလီက တစ်လှမ်းတိုးတိုင်း သူလည်း တစ်လှမ်းလိုက်တိုးခြင်းဖြင့် ကိုက်တစ်ရာကို ကျော်မသွားအောင် အတင်းထိန်းရတော့သည်။ချုံတွေကြားထဲတိုးနေရင်း ဖြစ်လေသောကြောင့် အသံကလည်းရံဖန်ရံခါ ထွက်သွားပေသေးသည်။ နောက်ဆုံးတွင် ဂိုလီက မီရာ၏အနောက်တည့်တည့်ကို အနီးကပ်ဆုံးအထိ လှမ်းလိုက်ရာ အစီအမံပျက်သွားလေတော့သည်။

ဂိုလီ၏ကိုယ်ရောင်ကိုယ်ဝါပေါ်လာသောကြောင့် မီရာလည်း အလန့်တကြားဘေးကို လန်ကျသွားလေသည်။ဂိုလီလည်း ထိုအခါမှ ပြာပြာသလဲဖြင့်

“တောင်းပန်ပါတယ်။လနတ်သမီးလေး။”
ဟူ၍ ကိုယ်ကို မှောက်က တောင်းပန်ရလေတော့သည်။

ကမ္ဘာစောင့်နတ်လည်း နဖူးကိုလက်ဝါးဖြင့်သာရိုက်ရင်း အံ့ကြိတ်နေလေတော့သည်။

မီရာက ခေတ္တခဏကြည့်နေရင်း
“အယ်။နေဦး။ဟို ကမ္ဘာပေါ်က တယောတီးတဲ့ နတ်သားလေးလား။”

ဂိုလီက
“ဟုတ်ပါတယ် လနတ်သမီးလေး။”

မီရာက ထိုအခါမှ
“လန့်တောင်လန့်တယ်။ဒီကို ဘာလို့ရောက်လာတာလဲ။ဘယ်လိုရောက်လာတာလဲ။”

ဂိုလီက ဘာဖြေရမည်မသိလေသောကြောင့် ခေါင်းကုပ်နေလေသည်။မီရာကသာဆက်လက်၍
“ထားလိုက်ပါတော့။နင်ဒီကိုရောက်နေကာမှ အတော်ပဲ ငါ့ကို တေးသွားတစ်ပုဒ်လောက် တီးခတ်ဖျော်ဖြေပြပါလားဟင်။မွေးနေ့လက်ဆောင်အဖြစ်ပေါ့။နင်တီးတာကို မြင်ပဲမြင်ရပြီး တစ်ခါမှ နားမထောင်ဖူးဘူးဟ။အရမ်းနားထောင်ချင်နေခဲ့တာ။”

ဂိုလီက အားရဝမ်းသာဖြင့် ခေါင်းငြိမ့်လေသည်။နောက်မှလှမ်းကြည့်နေသော ကမ္ဘာစောင့်နတ်မင်းကား”ငါတော့ သေပြီဆိုသော အတွေးဖြင့် ခေါင်းကို ဆက်တိုက်ခါနေလေတော့သည်။

“အဲ့တာထက် နင့်နာမည်က ဘာလဲဟင်။”

ကမ္ဘာစောင့်နတ်မင်း လန့်ဖျတ်သွားလေတော့သည်။အမှန်အတိုင်း မပြောလိုက်ပါနှင့်ဟု စိတ်ထဲမှ ကြိတ်မျှော်လင့်နေရင်း အဆိုးတွေဖြစ်လာတော့မည်လားဟု ကြောက်လန့်မိလေတော့သည်။ပြောများပြောလိုက်လျှင် ဂိုလီကား နာမည်ဆိုးဖြင့် ကျော်ကြားလှသဖြင့် ဘာတွေဖြစ်ကုန်မည်ကိုကား မပြောနိုင်ချေ၊

သို့သော် ဂိုလီကား တယောကိုကိုင်ရင်း
“မီရာ။မင်းငါ့ကိုမမှတ်မိဘူးပဲ။ငါက ဂိုလီလေ။”

စကြာဝဠာကြီးတစ်ခုလုံးရပ်တန့်သွားသည့်အလား ခံစားချက်ကို ထိုကာလကိုပြန်ကြည့်ရင်း ဂိုလီခံစားမိလေသည်။

သူပြောခဲ့မိတာ မှန်သလော။မှားသလော။

သူကိုယ်တိုင်ပင်မသိပါ။သို့သော် သူသေချာပေါက်ပြောခဲ့မိသည်မှာတော့ အမှန်ပင်။


Comments

  1. စာမဖတ်ဖြစ်ပေမယ့် အမြဲဝင်ကြည့်ပေးတယ်နော်
    အရေးတော်ပုံအောင်ရမည်

    ReplyDelete

Post a Comment