ဘရုနိုင်းနိုင်ငံရေးသမိုင်းကြောင်း


စပိန်ကျူးကျော်မှု

 ပထမဆုံးနိုင်ငံ‌ရေးကို နားလည်ဖို့ သမိုင်းကြောင်းကို အရင်သွားကြပါမယ်။ ဘရုနိုင်းနိုင်ငံမှာ ၁၆ ရာစုထဲက ကိုလိုနီနယ်ချဲ့ခြင်းခံရပါတယ်။ စပိန်တို့က မနီလာကိုခြေကုတ်ယူပြီး ဘရုနိုင်းကို တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဘရုနိုင်းဆူလ်တန်ရဲ့ တန်ပြန်တိုက်ခိုက်မှုနဲ့ ကာလဝမ်‌းရောဂါတွေကြောင့် ၇၂ ရက်အကြာမှာပဲ စပိန်တို့ မနီလာကို ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ (ဆူလ်တန်ဟာ အစ္စလာမ်နိုင်ငံတွေရဲ့ဘုရင်တွေကို ‌ခေါ်ဝေါ်သုံးနှုန်းတာဖြစ်ပါတယ်) အဲ့အချိန်က ဘရုနိုင်းနယ်မြေဟာ  ယခုလိုသေးသေးလေးမဟုတ်ပါဘူး။ ဘော်နီယိုကျွန်း တစ်ခုလုံးနီးပါးဖြစ်ပါတယ်။အောက်က ပုံမှာကြည့်ပါ။ 

ဖိုင်:Brunei territorial lose (1400–1890).gif

မျက်နှာဖြူရာဂျာများ

မြင်ရတဲ့အတိုင်း စပိန်တို့ကျူးကျော်မှုအပြီး ဘရုနိုင်းအနေနဲ့ အတော်လေးအင်အားချိနဲ့သွားခဲ့ပါတယ်။ ၁၇ရာစုမှာတော့ နောက်ပိုင်းမင်းမဲ့တိုင်းပြည်လိုဖြစ်သွားပြီး ပြည်တွင်းစစ်မီးတွေ‌တောက်လောက်နေခဲ့တဲ့ ကာလတစ်ခုလည်းဖြစ်ပါတယ်။ အဲ့လိုမျိုး ဘယ်သူဆူလ်တန်ဖြစ်သင့်လဲ အငြင်းပွားတိုက်ခိုက်နေကြတဲ့အချိန် ထုံးစံအတိုင်း ကယ်တင်ရှင်ကြီး ဗြိတိလျှကြီးတွေဝင်ရောက်လာပါတယ်။ ပြည်တွင်းစစ်အပြီး ဆူလ်တန်ဖြစ်လာတဲ့ အိုမာအလီဆိုင်ဖူဒင်း (၂) က ကူညီတိုက်ခိုက်ပေးခဲ့တဲ့ ဗြိတိလျှအရာရှိ ‌James Brooke ကို ဆာရာဝပ်ပြည်နယ်ကို ပေးအပ်ပြီး အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။ ဘရွတ်တို့အနေနဲ့ နယ်မြေတွေကို ထပ်မံတိုးချဲ့ပြီး "မျက်နှာဖြူရာဂျာများ" အဖြစ် သားစဉ်မျိုးဆက် အုပ်ချုပ်ခဲ့တာ 1946 ခုနှစ်အထိကို ဖြစ်ပါတယ်။

The Brooke family | Geoff Webb
James Brooke တို့မိသားစု

ဗြိတိန်လက်အောက်ရောက်ရှိခြင်း

1888 မှာတော့ ဗြိတိသျှအစိုးရရဲ့ အကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုပြီးထဲက ဘရုနိုင်းနိုင်ငံဟာ ဗြိတိသျှအစိုးရရဲ့ "အစောင့်အရှောက်ခံနိုင်ငံ" ဖြစ်လာခဲ့ပါတယ်။ ဆူလ်တန်ရဲ့ မြေနေရာဟာလည်း လက်ရှိဘရုနိုင်းနိုင်ငံလောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိသျှတို့လက်အောက်မှာ ဘရုနိုင်းနိုင်ငံကို ဘဝပြောင်းပေးနိုင်တဲ့ ကိစ္စစတင်ပေါ်ပေါက်လာပါတယ်။ ရေနံကို စတင်တွေ့ရှိတာဖြစ်ပါတယ်။ 1929  ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ရေနံဟာ နောက်ပိုင်းနှစ်များအတွင်း ဘရုနိုင်းရဲ့ အဓိကစီးပွာ‌းရေးလုပ်ငန်းဖြစ်လာတာဟာ ယနေ့အထိပဲဖြစ်ပါတယ်။

Brunei Pumpjack-2.jpg
ပထမဆုံးသော Seria Oil ရေနံတွင်း

တစ်ဖန် ဒုတိယကမ္ဘာစစ်ကြီးစဖြစ်လာတော့ ဂျပန်တို့က ဝင်ရောက်သိမ်းပိုက်ပါတော့တယ်။ ဂျပန်တို့က ဆူလ်တန်ကို ဆက်လက်ထီးနန်းဆက်ခံစေခဲ့ပေမယ့် နိုင်ငံရဲ့စီးပွားရေးကတော့ အတော်လေးချွတ်ခြုံကျသွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အဓိက ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က ဗြိတိသျှတို့က ဆုတ်ခွာရင်းရေနံတွင်းတွေကို ကွန်ကရစ်လောင်းချပြီး ဂျပန်တို့သုံးမရအောင်လုပ်ခဲ့လို့ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ရိုက်နှိပ်အသုံးပြုတဲ့ ဂျပန်ငွေကြေးတွေဖောင်းပွပြီး ငွေကြေးတန်ဖိုးပျက်သွားပြီး စားနပ်ရိက္ခာတွေရှားပါးသွားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဂျပန်တို့ စစ်ရှုံးပြီး နိုင်ငံကပြန်လည်ထွက်ခွာချိန်မှာလည်း ရေနံတွင်းတွေကို မီးရှို့ခဲ့ပါသေးတယ်။ 

စစ်ပြီးကာလမှာတော့ ဗြိတိလျှတို့ပြန်ဝင်ရောက်လာပါတယ်။ 1950 မှာ အိုမာအလီဆိုင်ဖူဒင်း (၃) နန်းတက်လာခဲ့ပြီး ပထမဆုံးဖွဲ့စည်းပုံကို ပြဠာန်းခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားဆက်ဆံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကိစ္စများကိုတော့ UK ရဲ့ တာဝန်အဖြစ် ပြဠာန်းထားပါတယ်။ ရေနံကို စနစ်တကျပြန်လည်ထုတ်လုပ်ပြီး နိုင်ငံအတွင်းပြုပြင်ပြောင်းလဲမှုတွေ အများကြီးပြုလုပ်ခဲ့တဲ့ ကာလဖြစ်ပါတယ်။

အိုမာအလီဆိုင်ဖူဒင်း (၃)

ဘရုနိုင်းအုံကြွမှု

နိုင်ငံရေး အပြောင်းအလဲကတော့ 1962 မှာ စတင်ဖြစ်ပွားပါတယ်။ နိုင်ငံအုပ်ချုပ်ရေးကောင်စီရဲ့ ရွေးကောက်ခံ ၂၁ နေရာမှာ လက်ဝဲပါတီဖြစ်တဲ့ ဘရုနိုင်းပြည်သူ့ပါတီက ၁၀ နေရာအထိအနိုင်ရခဲ့ပါတယ်။ ဆူလ်တန်အနေနဲ့ ‌ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး နိုင်ငံကို အရေးပေါ်အခြေအနေကြေငြာကာ တစ်ချက်လွှတ်အမိန့်နဲ့ စတင်အုပ်ချုပ်ခဲ့ပါတာ ဒီနေ့အထိပဲဖြစ်ပါတယ်။ တစ်ဆက်တည်း ဘရုနိုင်းအုံကြွမှုဆိုပြီး ပုန်ကန်မှုပေါ်လာခဲ့ပေမယ့် UK ရဲ့ အကူအညီနဲ့ ဆူလ်တန်ကပြန်လည်ချေမှုန်းခဲ့ပါတယ်။ 

ဘရုနိုင်းရဲ့ပင်မလူမျိုးစုဟာ မလေးလူမျိုးစုဝင်ဖြစ်ပါတယ်။ ဒါပေမယ့် မလေးဖက်ဒရေးရှင်း(လက်ရှိမလေးရှားနိုင်ငံ) တည်ထောင်ရာမှာ မပါဝင်ခဲ့ပဲ UK ရဲ့ လက်အောက်မှာပဲချန်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆာရာဝပ်ပြည်နယ်ကတော့ မလေးရှားထဲပါဝင်သွားခဲ့တာကြောင့် လက်ရှိ ဘရုနိုင်းဟာ ၂ ပိုင်းဖြစ်ပြီး ကျန်ခဲ့တာဖြစ်ပါတယ်။ အောက်ကပုံမှာကြည့်ရင်ပိုရှင်းပါတယ်။

Brunei–Malaysia border - Wikipedia
လက်ရှိဘရုနိုင်းနိုင်ငံ

1967 မှာတော့ လက်ရှိဆူလ်တန်ဖြစ်တဲ့ ဟာဆန်နယ်ဘိုကရား နန်းတက်လာပါတယ်။ 1984 မှာ‌တော့ ဘရုနိုင်းနိုင်ငံအနေနဲ့ UK ရဲ့လက်အောက်က လုံးဝလွတ်လပ်‌ရေးရခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေဖြစ်တဲ့ BNDP နဲ့ BNSP တို့ပေါ်လာခဲ့ပေမယ့် 1962 နောက်ပိုင်းထဲက ကျင်းပမှုမရှိခဲ့တဲ့ ‌ရွေးကောက်ပွဲကြောင့် ပါတီတွေလည်း လှုပ်ရှားမှုက မရှိသလောက်ပါပဲ။ 

Sultan of Brunei Hassanal Bolkiah
လက်ရှိဘုရင် ဟာဆန်နယ်ဘိုကရား 

ဘရုနိုင်းနိုင်ငံဟာ လုံးဝအကြွင်းမဲ့ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ တစ်ခုတည်းသောနိုင်ငံအဖြစ်ကျန်ရှိနေတာဖြစ်ပါတယ်။ ဘုရင်ကို ထိန်းချုပ်မယ့် ပါလီမန်တွေ၊ နိုင်ငံရေးသမားတွေမရှိပါဘူး။ ဘုရင်ဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ်ပါတယ်။ ပြောရရင်တော့ သူ့စကားက ဉပဒေပဲဖြစ်ပါတယ်။  

သတင်းစာအများစုကလည်း ဘုရင်ရဲ့ လက်အောက်မှာရှိနေပြီး သတင်းလွတ်လပ်ခွင့်ဟာမရှိသလောက်ပါပဲ။ ဘုရင်ကို ဝေဖန်တဲ့ သတင်းစာတွေဟာ ပိတ်သိမ်းခြင်းခံရနိုင်ပါတယ်။ (2016ခုနှစ်မှာ Brunei Times သတင်းစာကို ပိတ်သိမ်းခဲ့ပါတယ်။)

ဒီလို မီဒီယာဖိနှိပ်မှုနဲ့ အကြွင်းမဲ့ဘုရင်စနစ်တွေကြောင့် အတိုက်အခံနိုင်ငံ‌ရေးသမားဆိုတာ ဘရုနိုင်းမှာ မရှိသလောက်ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်အကြောင်းပြချက်တွေလည်းရှိပါသေးတယ်။ ဘရုနိုင်းနိုင်ငံဟာ ‌သဘာဝသယံဇာတကြောင့် ကြွယ်ဝချမ်းသာပါတယ်။ အဲ့ကြွယ်ဝချမ်းသာမှုရဲ့ တစ်စိတ်တစ်ပိုင်းကို ပြည်သူတွေက ခံစားခွင့်ရပါတယ်။ ဘရုနိုင်းပြည်သူတွေဟာ အခွန်မဆောင်ရပေမယ့် အခမဲ့ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိပါတယ်။ ထောက်ပံ့မှုတွေကလည်းပုံစံမျိုးစုံရရှိပါတယ်။ အဲ့လိုအခြေခံအခွင့်အရေးတွေရနေတဲ့ လူထုဟာ နိုင်ငံရေးကိုစိတ်မဝင်စားကြတာဟာ အံသြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သိထားရမှာက ဒါတွေအားလုံးဟာ "ရေနံ" တစ်ခုတည်းကို မှီခိုနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘရုနိုင်းဘုရင်ဟာ နိုင်ငံတကာသတင်းစာမျက်နှာတွေပေါ်မှာ‌တော့ မျက်နှာသာမရသလောက်ပါပဲ။ ဘုရင်ရဲ့ အသုံးအဖြုံးကြီးလွန်း‌တဲ့ နေထိုင်မှုပုံစံကို လူသိများပါတယ်။ ကြီးမားလွန်းတဲ့ နန်း‌တော်ကြီးတွေ၊ မာစီးတီးကားတွေ၊ ကိုယ်ပိုင် jet လေယာဉ်တွေနဲ့ ဘုရင်ဟာ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်လဲဖြစ်ပါတယ်။ 1996 ခုနှစ်က မွေးနေ့ပွဲမှာ မိုက်ကယ်ဂျက်ဆင်ကိုတောင် ငှားရမ်းဖော်ဖြေစေခဲ့ပါသေးတယ်။ သူ့ရဲ့တူဖြစ်သူ Faiq Bokiah ဟာလည်း ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားဆိုပြီး social media မှာ နာမည်ကြီးခဲ့ပါသေးတယ်။ တကယ့် Crazy Rich Asian မိသားစုဖြစ်ပါတယ်။ 

အခန်းပေါင်း ၁၇၈၈ ခန်းပါနန်းတော် 


r/LuxuryLifeHabits - Rolls Royce Limousine owned by The Sultan of Brunei
ရွှေချထားတဲ့ မာစီးတီး


m.footballdatabase.eu/images/photos/players/a_2...
တူဖြစ်သူ Faiq Bolkiah
နောက်ထပ် မကောင်းသတင်းကတော့ ဘုရင်ရဲ့ ညီအငယဆုံးဖြစ်သူ ဂျက်ဖရီရဲ့ ငွေကြေးအရှုပ်တော်ပုံတွေဖြစ်ပါတယ်။ အကျဉ်းချုံးပြောရရင်တော့ နိုင်ငံပိုင်ပိုက်ဆံတွေနဲ့ အပျော်အပါးတွေ(မိန်းကလေး 700 ကျော်နဲ့ sex party ပွဲတွေအပါအဝင်) အပြင် အလွဲသုံးစားမှုတွေကြောင်း တရားစွဲမှုတွေ အမြောက်အမြားခံခဲ့ရပါတယ်။ အမှုတွေက များလွန်းတာကြောင့် အသေးစိတ်သိချင်ရင် အောက်က link မှာဖတ်ကြည့်ပါ။ ပိုက်ဆံသုံးပုံတွေကတော့ ကမ္ဘာကျော်တွေပါ လက်ဖျားခါလောက်ပါတယ်။

https://www.vanityfair.com/news/2011/07/prince-jefri-201107

The prince, who used to reside in London, is seen at his multi-million-pound home in the capital
မင်းသားဂျက်ဖရီ

အရှေ့အာရှမှာ ရှရီယာကျင့်သုံးတဲ့နိုင်ငံ

ဘရုနိုင်းဘုရင်အနေနဲ့ 2014 မှာ အစ္စလာမ်ဘာသာရေးဉပဒေဖြစ်တဲ့ ရှရီယာ (Shira) ဉပဒေကို ပြဠာန်းမယ် ကြေငြာလိုက်ပါတယ်။ ဘရုနိုင်းနိုင်ငံဟာ အရှေ့အာရှမှာပထမဆုံး ရှရီယာကျင့်သုံးတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒီအပေါ်‌မှာတော့ နိုင်ငံတကာက ကန့်ကွက်ရှုံ့ချခဲ့ကြပြီး ကုလသမဂ္ဂကတော့ ထုံးစံအတိုင်းအလွန်စိတ်ပူကြောင်းပြောခဲ့ပါတယ်။ 

ရှရီယာဆိုတာကတော့ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကျင့်သုံးတဲ့ ဉပဒေပုံစံပဲဖြစ်ပါတယ်။ LGBT တွေအတွက်တော့ အလွန်တင်းကြပ်ပြီး အမျိုးသမီးအခွင့်အရေးတွေကို ပိတ်ပင်တဲ့အချက်တွေအများကြီး ပါဝင်တဲ့ ဉပဒေပုံစံဖြစ်ပါတယ်။ Shira အကြောင်းနောက်ပိုင်းအသေးစိတ်ရေးပေးပါဉီးမယ်။ 2016 မှာတော့  ရှရီရာဉပဒေကို အပြည့်အဝ ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာပါတယ်။ 

တရုတ်နဲ့ ဘရုနိုင်းဆက်ဆံရေး

ရှီကျင့်ဖျင်နဲ့ ဘုရင်

လက်ရှိအချိန်မှာ တရုတ်နိုင်ငံဟာ ဘရုနိုင်းရဲ့ အဓိကနိုင်ငံခြားရင်းနှီးမြုတ်နှံသူဖြစ်ပါတယ်။ ဘရုနိုင်းရဲ့ အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ Muara Container Terminal ဟာလည်း တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒေါ်လာ 1 ထရီလီယံကျော် Belt and Road Initiative(BRI) အတွက်လည်း ဘရုနိုင်းက အရေးပါတယ်လို့ ဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘရုနိုင်းစီးပွားရေးဟာ တရုတ်အပေါ်မှီခိုနေခြင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဘာလို့ဆိုအပေါ်မှာ ပြောခဲ့သလိုပဲ ဘရုနိုင်းရဲ့ အဓိကစီးပွားရေးဟာ ရေနံဖြစ်နေသေးတာကြောင့်ဖြစ်ပါတယ်။ ဒါ့ပေမယ့် နောက်ထပ်တွင်းအသစ်တွေသာ မတွေ့ဘူးဆိုရင် ဘရုနိုင်းရဲ့ ရေနံတွေဟာ နောက်ဆယ်စုနှစ် ၂ ခုအတွင်း ကုန်ခမ်းသွားမှာဖြစ်ပါတယ်။ အဲ့အချိန်အတွက် အစားထိုးလာမယ့် စီးပွားရေးမှာ‌တော့ တရုတ်က နေရာဝင်ယူထားပြီးပြီလို့ ဆိုလို့ရပါတယ်။

နိဂုံး

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအရေးအတွက် အထူးကိုယ်စားလှယ်ဟာ အာဆီယံရဲ့ အလှည့်ကျ ဉက္ကဌက ဘရုနိုင်းရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးကို ခန့်အပ်ထားတာဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီဘက်ကလည်းလက်ခံတယ်လို့ဆိုပါတယ်။ ပြန်တွေးကြည့်ရင် ဘရုနိုင်းဟာ ရွေးကောက်ပွဲ‌တောင် 1962 ခုနှစ်ထဲကမကျင်းပ၊ အတိုက်အခံမရှိ၊ အကြွင်းမဲ့ အာဏာနဲ့ အုပ်ချုပ်နေတဲ့နိုင်ငံက မြန်မာနိုင်ငံလို ရှုပ်ထွေးလှတဲ့ နိုင်ငံ‌ရေးကိစ္စကို ကိုင်တွယ်မယ်ဆိုတာ ကျွန်တော့်အသိဉာဏ်လောက်နဲ့ စဉ်းစားတောင် အဓိပ္ပာယ်မရှိဖူးလို့ပဲ မြင်ပါတယ်။

မအလနဲ့ တွေ့ဆုံနေတဲ့ အာဆီယံကိုယ်စားလှယ်

ဒါကတော့ လက်ရှိအချိန်အထိ ဘရုနိုင်းရဲ့ နိုင်ငံရေးသမိုင်းကြောင်းဖြစ်ပါတယ်။ တစ်ခုခုတွေးစရာ အချက်အလက်တွေရသွားမယ်လို့ ထင်ပါတယ်။ နောက်နေ့တွေမှာလည်း အခြားအာဆီယံနိုင်ငံများရဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေကို ရှာဖွေပြီးရေးပေးသွားပါဉီးမယ်။ ဒီအထိဖတ်ပြီး တော်လှန်ရေးဝမ်းစာဖြည့်တဲ့သူတွေရှိတာလည်း တကယ်ဝမ်းသာပါတယ်။ 

ညိုထွန်း

References

Comments

Post a Comment