ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက် ရေးသားပါ (Book Review)
ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက် ရေးသားပါ (Book Review)
ဒီစာအုပ်လေးကို စာရေးဆရာ မင်းခိုက်စိုးစန်နှင့် စာရေးဆရာမ ထက်မြတ်နိုင်ဇင်တို့က ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်လေးမှာဆိုရင် " သူစိမ်းများနှင့် နေ့လယ်စာ"၊ "ရေးဆွဲဖို့ မေ့လျော့နေတဲ့ ပန်းချီကားဟာ ကျွန်မကိုယ်တိုင်ပါပဲ"၊ "သင်္ကြန်ငေးသူ"၊ "နှောင်ကြိုးဖွဲ့မယ့်ကြယ်"၊ "ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက်ရေးသားပါ" ဆိုတဲ့ ခေါင်းစဥ်များတပ်ထားတဲ့ ဇာတ်လမ်းတိုလေး ငါးပုဒ်ပါဝင်ပါတယ်။
"သူစိမ်းများနှင့် နေ့လယ်စာ" ဆိုတဲ့ ဇာတ်လမ်းအောက်မှာ "မေးခွန်းများနှင့်လူ"၊ "ဆာလောင်ခြင်းများနှင့်လူ"၊ "တိတ်ဆိတ်ခြင်းများနှင့်လူ"၊ "ဒဏ်ရာဟောင်းများနှင့်လူ" ဆိုတဲ့ ခေါင်းစဥ်ခွဲလေးတွေ ရှိပါတယ်။ ထူးခြားချက်ကတော့ ဇာတ်လမ်းတစ်ပုဒ်တည်းကို ခေါင်းစဥ်ခွဲလေးတွေနဲ့ အဓိကဇာတ်ဆောင်ကို ပြောင်းလဲသွားပြီး ရှုထောင့်မျိုးစုံကို ပေါ်လွင်အောင် ရေးသားထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် လမ်းသွားရင်းပဲဖြစ်ဖြစ် ပိုက်ဆံလာတောင်းကြတဲ့လူတွေကို တွေ့ဖူး၊ ကြုံဖူးကြမှာပါ။ အဲ့လို ကြုံလာရင် ကျွန်တော်တို့ဟာ စိတ်အနှောင့်အယှက်ဖြစ်တာ သို့မဟုတ် သနားတာ တစ်ခုခုတော့ ခံစားမိမှာပါ။ သို့သော် သူတို့ ခြေတွေ၊ လက်တွေ ကောင်းပါလျက် ဘာလို့ ဒီလို ပိုက်ဆံလိုက်တောင်းကြသလဲ၊ သူတို့မှာ ဘာအခက်အခဲ ရှိလို့လဲ စသဖြင့် တွေးမိသူကတော့ တော်တော်ရှားမှာပါ။ ဒီဇာတ်လမ်းတိုလေးမှာတော့ မတတ်နိုင်တဲ့အဆုံး ပိုက်ဆံလိုက်တောင်းရတဲ့ ကလေးအမေအမျိုးသမီး၊ မိမိရဲ့ စားသောက်ဆိုင်မှာ ပိုက်ဆံလာတောင်းတာကို ကြုံရတဲ့ စားသောက်ဆိုင်ပိုင်ရှင်၊ ပိုက်ဆံတောင်းခံရလို့ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ စားသုံးသူ၊ ပိုက်ဆံလာတောင်းတာကို ကိုယ်ချင်းစာစိတ်နှင့် ကူညီသူ စတဲ့ ဇာတ်ကောင်လေးဦးကို တစ်ဦးချင်းစီနေရာကနေ ဖော်ပြရေးသားထားတာကို ဖတ်ရမှာဖြစ်တဲ့အတွက် ရသကို အပြည့်အဝ ခံစားရမှာပါ။
"ရေးဆွဲဖို့ မေ့လျော့နေတဲ့ ပန်းချီကားဟာ ကျွန်မကိုယ်တိုင်ပါပဲ" ဆိုတဲ့ ခေါင်းစဥ်တပ်ထားတဲ့ ဇာတ်လမ်းတိုလေးကတော့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးရဲ့ ဘဝ၊ နေထိုင်မှုပုံစံ၊ ဝါသနာ၊ အသိအမှတ်ပြုခံရမှုနှင့် ကိုယ်ကျင့်တရားတို့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။
"သင်္ကြန်ငေးသူ"ဆိုတဲ့ ဇာတ်လမ်းတိုလေးကတော့ သင်္ကြန်မှာ ပျော်ကြ၊ကဲကြသူတွေ၊ သင်္ကြန်ရက်တွေမှာမှ အထူးတလည် တရားစခန်းဝင်ကြသူတွေအပေါ် သင်္ကြန်ကို သာမန်ရက်တွေလိုသာ ဖြတ်သန်းတတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမြင်တွေကို ရေးသားထားတဲ့ ရသဝတ္ထုတိုလေး ဖြစ်ပါတယ်။
"နှောင်ကြိုးဖွဲ့မယ့်ကြယ်" ဇာတ်လမ်းလေးကတော့ ကြွေကျလာတဲ့ ကြယ်ကလေးကို ကောက်ယူလို့ ရတယ်လို့ ထင်နေတဲ့ကလေးမလေးအကြောင်းကို ရေးသားထားတာ ဖြစ်ပြီး ပစ္စည်းဝတ္ထုများအပေါ် လိုချင်တပ်မက်မှု၊ ပိုင်ဆိုင်လိုမှု၊ ဆုံးရှုံးရမှု၊ နှမြောတသဖြစ်မှုတို့အကြောင်းကို ပေါ်လွင်အောင် ရေးသားထားတာ ဖြစ်ပါတယ်။
"ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက်ရေးသားပါ" ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာတော့ "အိပ်မက်ဖမ်းမုဆိုး"၊ "ဓားသွားနှင့်တူသော မိန်းမ"၊ "အာဏာပါးကွက်သားနှင့်တူသောမိန်းမ"၊ "အိပ်မက်မျှားတဲ့ ကမ်းပါး"ဆိုတဲ့ ခေါင်းစဥ်ကွဲလေးတွေ ထပ်ရှိပါတယ်။ ဒီဇာတ်လမ်းတိုလေးမှာ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေတဲ့ လူနာကလေးမလေး၊ လူနာရှင်မိဘများ၊ နောက်ဆုံးချိန်အထိ အစွမ်းကုန် ကယ်တင်ပေးနေသော ဆရာဝန်နှင့် မိမိရဲ့အမေတုန်းက ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံနှင့် ယှဥ်ပြီး စဥ်းစားတဲ့ ဆရာဝန်မတို့ အကြောင်းများအား ဇာတ်ကောင်တစ်ခုချင်းစီရဲ့ ရှုထောင့်ကို ပေါ်လွင်အောင် ရေးသားထားတာ ဖြစ်ပါတယ်။ ပရဟိတအပေါ်ထားတဲ့ အယူအဆနှင့် ခံယူချက်၊ အဖြစ်သင့်ဆုံးနှင့် အသင့်တော်ဆုံး ရွေးချယ်မှု၊ မိသားစုစားဝတ်နေရေး၊ အသက်ရှင်လိုစိတ်ပြင်းပြမှုတို့အကြောင်းကို ဖော်ပြထားတဲ့ ဇာတ်လမ်းတိုလေး ဖြစ်ပါတယ်။ အဆုံးဇာတ်သိမ်းကို မဖော်ပြထားဘဲ မိမိ(စာဖတ်သူ)စိတ်အလိုကျ သိမ်းလို့ရတာကြောင့် ခေါင်းစဥ်က "ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက်ရေးသားပါ"ဆိုပြီး ဖြစ်နေတာပါ။ ထို့ပြင် ပထမဦးဆုံးအကြိမ် ထုတ်ဝေမှုမှာ စာရေးဆရာနှင့် ဆရာမတို့က စာဖတ်သူများအား မိမိဖြစ်စေချင်တဲ့ ဇာတ်သိမ်းကို ကိုယ်တိုင်ရေးသားပြီး ပေးပို့ခိုင်းထားပါသေးတယ်။ ထုတ်ဝေသူက နှစ်သက်တဲ့အခါ ဒုတိယအကြိမ် ထုတ်ဝေမှုမှာ ပူးတွဲပုံနှိပ်ဖော်ပြပြီး စာမူခ ချီးမြှင့်မယ့်အစီအစဥ်ပါ ပါဝင်ပါတယ်။

done
ReplyDeleteCool
ReplyDeletenice.
ReplyDeletedone
ReplyDelete