နှစ် ၃၀ အတွင်း နို်ငငံရေးဝင်ရိုးစွန်း (Political Axis) အပြောင်းအလဲ
နှစ် ၃၀ အတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ
ဒီမိုကရေစီရေးရာနဲ့ပတ်သက်ရင် ဩဇာကြီးတဲ့ Journal of Democracy နှစ် ၃၀ ပြည့်စာစောင်မှာ နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားက ‘နှစ် ၃၀ အတွင်း ကမ္ဘာ့နိုင်ငံရေးမှာ ဘာတွေပြောင်းလဲခဲ့သလဲ’ ဆိုတဲ့ စာတမ်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလက ရေးသားဖော်ပြခဲ့ပါတယ်။ ဆရာ ရဲမြင့်ကျော်က ဘာသာပြန်ဆိုရေးသားပြီး ၂၀၂၀ ခုနှစ်၊ မေလထုတ် ပြည်သူ့အရေးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ (ကိုဗစ်-၁၉ ရောဂါ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ခင်) နှစ်ပေါင်း ၃၀ အတွင်း အဓိကပြောင်းလဲသွားတဲ့ နိုင်ငံရေးအရွေ့လေးချက်ကို တင်ပြထားပါတယ်။
နိုင်ငံရေးဝင်ရိုးစွန်း
နှစ် ၃၀ အတွင်း ပထမဆုံး ကြီးကြီးမားမား ပြောင်းလဲသွားတာက နိုင်ငံရေးပုံစံပါပဲ။ ဒါကို ‘အဓိက နိုင်ငံရေး ဆန့်ကျင်ဘက် ဝင်ရိုးစွန်း’ (the major axis of political polarization) ပြန်လည်ထွက်ပေါ်လာမှုလို့ ဆိုချင်ပါတယ်။ ၂၀ ရာစုမှာ နိုင်ငံရေးကို စီးပွားရေးပေါ်အခြေခံပြီး လက်ဝဲနဲ့ လက်ယာ အိုင်ဒီအိုလော်ဂျီ သဘောကွဲမှုနဲ့ ဖွင့်ဆိုခဲ့တယ်။ လက်ဝဲက လူမှုစီးပွားတန်းတူညီမျှရေးနဲ့ ပြန်လည်မျှဝေတဲ့ နိုင်ငံတော်ပုံစံကို လိုလားပြီး လက်ယာကတော့ တစ်ဦးချင်းလွတ်လပ်ခွင့်နှင့် အရင်းရှင်စီးပွားရေး တိုးတက်မှုပုံစံကို လိုလားတယ်။ ၂၁ ရာစု နိုင်ငံရေးဝင်ရိုးကတော့ ကိုယ်ပိုင်အမှတ်လက္ခဏာနိုင်ငံရေး (Identity Politics) ဆီ ရွေ့သွားပါတယ်။ သို့ပေမယ့် ၂၀ ရာစုရဲ့ လက်ဝဲနဲ့ လက်ယာတို့ကလည်း ကနေ့ခေတ်မှာ ပြတိုက်သဖွယ် ကျန်ရစ်နေခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ကနဦး ရည်မှန်းချက်တွေကို ပြန်လည်ဖွင့်ဆိုဆန်းသစ်ဖို့ ပုံစံသစ်နဲ့ အားထုတ်လာပါတယ်။
ကနေ့ပေါ်ထွက်လာတဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာနိုင်ငံရေးဆိုတာက လူသားတွေရဲ့ ဗီဇစိတ်မှာ အမြဲအောင်းနေတဲ့ အသိအမှတ်ပြုခံချင်တဲ့ ခံစားချက်ကို ဆိုလိုတာပါ။ လူသားဟာ တစ်ဦးချင်းအရရော အုပ်စုအရပါ တခြားသူတွေက အသိအမှတ်ပြုတာကို လိုချင်တယ်။ နေထိုင်ကျင်လည်တဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်က သူတို့ကို အသိအမှတ်ပြုဖို့ ပျက်ကွက်ပြီဆိုရင်၊ သူတို့ကို လေးလေးစားစား အသိအမှတ်မပြုတော့ရင် သူတို့ဟာ ဒေါသူပုန်ထတော့တာပါပဲ။ အထူးသဖြင့် လူနည်းစု အုပ်စုတွေမှာ ငါတို့ကို ဒင်းတို့က ခွဲခြားဆက်ဆံတယ်၊ မလေးမစားဖယ်ကျဉ်ထားတယ်ဆိုတဲ့ ခံစားချက်က ပုံစံအမျိုးမျိုးနဲ့ ငုပ်နေပြီး အခွင့်သာတဲ့အခါ ပေါက်ကွဲပွင့်ထွက်တတ်ပါတယ်။

ကိုယ်ပိုင်အမှတ်လက္ခဏာ နိုင်ငံရေးဟာ တစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့တွေရဲ့ အသိအမှတ်ပြုခံရခြင်း မခံရခြင်းတို့အပေါ် အခြေခံဖြစ်လာတဲ့ မာန၊ ဒေါသ၊ ရန်လိုမှု၊ မကျေနပ်မှု စတဲ့ ခံစားချက်တွေနဲ့ ဆက်စပ်နေတယ်။ စီးပွားရေးမပြေလည်မှုတွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အလိုမပြည့်မှုတွေက အသိအမှတ်ပြုခံရလိုမှုဆီ တွန်းပို့တယ်ဆိုပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ဂုဏ်သိက္ခာပိုင်း အသိအမှတ်ပြုခံချင်စိတ်က ပိုကဲနေတတ်တယ်။ ဥပမာ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရင် စီးပွားရေးအရ ထိခိုက်နိုင်တဲ့ အနေအထားကို သိကြပေမယ့်လည်း မဲပေးသူတွေက ဗြိတိသျှအမျိုးသားရေးတန်ဖိုးလက္ခဏာကို ပြန်အဖတ်ဆယ်ဖို့ ဥရောပသမဂ္ဂကနေ အပြီးပိုင်ခွဲထွက်ရေး (Brexit) ကိုပဲ မဲပေးလိုက်ပါတယ်။ ကနေ့ကာလ အစ္စလာမ္မစ်ဝါဒီတွေနဲ့ အမျိုးသားရေးဝါဒီတွေမှာလည်း အလားတူ ခံစားချက်မျိုးပါပဲ။ သူတို့အုပ်စုတွေကို ဘေးဖယ်ခွဲခြားဆက်ဆံနေတယ်လို့ တနုံ့နုံ့ ခံစားကြပြီး တစ်ကမ္ဘာလုံးဆီက အသိအမှတ်ပြုမှု ရရှိရေး ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုပါတယ်။
[caption id="" align="alignnone" width="2048"]
Brexit[/caption]ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတွေဟာ စစ်အေးခေတ်မှာ ကွန်မြူနစ်နိုင်ငံတွေထဲကနေ ဒီမိုကရေစီ အစောဆုံးကူးပြောင်းခဲ့တဲ့အတွက် ချီးကျူးခံရတဲ့ နိုင်ငံတွေပါ။ အခု အဲဒီနှစ်နိုင်ငံက မဲပေးသူတွေက သူတို့နိုင်ငံတွေထဲ ရွှေ့ပြောင်းအခြေချလာသူတွေ၊ လစ်ဘရယ်စံနှုန်းတွေဟာ သူတို့ကိုယ်ပိုင်လက္ခဏာတွေကို အန္တရာယ်ပေးမယ့်အရာတွေလို့ စိုးရိမ်စိတ်ကဲလာပြီးနောက် အမျိုးသားကိုယ်ပိုင်လက္ခဏာကို အကာအကွယ်ပေးနိုင်မယ်လို့ ယူဆတဲ့ ပေါ်ပြူလစ်ဝါဒီတွေကို မဲပေးလိုက်ပါတယ်။ အလားတူပဲ ဗြိတိန်မှာ ဘရစ်ဇစ်ကို ထောက်ခံသူတွေနဲ့ အမေရိကမှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေဟာ ပြင်ပသူစိမ်းကြောက် ရောဂါစွဲကပ်ပြီး အမျိုးသားကိုယ်ပိုင်လက္ခဏာ ကာကွယ်ရေးကို တွန်းတင်လာပါတယ်။ အိန္ဒိယက နရန်ဒြာမိုဒီကို ထောက်ခံတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ သီရိလင်္ကာနဲ့ မြန်မာက အစွန်းရောက် ဗုဒ္ဓဝါဒီတွေကလည်း သူတို့ရဲ့ ဘာသာရေး ကိုယ်ပိုင် လက္ခဏာတွေ ခြိမ်းခြောက်ခံနေရပြီလို့ ခံစားရပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ကြပါတယ်။
[caption id="" align="alignnone" width="2048"]
အမျိုးဘာသာအစွန်းရောက်ဝါဒီများ[/caption]၂၀ ရာစု စီးပွားရေးအပေါ် အခြေခံတဲ့ လက်ဝဲ-လက်ယာနိုင်ငံရေးကနေ ၂၁ ရာစု ကိုယ်ပိုင် အမှတ်အသားအပေါ် အခြေပြုတဲ့ နိုင်ငံရေးဆီ ကူးပြောင်းသွားပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ လက်ဝဲသစ်နဲ့ လက်ယာသစ် ပုံစံတွေ ထွက်ပေါ်လာတယ်။ ၂၀ ရာစု လက်ဝဲ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဆိုရှယ်ဒီမိုကရက် ပုံစံတွေက ကျယ်ပြောတဲ့ အလုပ်သမားလူတန်းစားရဲ့ အကျိုးစီးပွားကို မြှင့်တင်ရေးပဲဖြစ်တယ်။ ဒီကနေ့ လက်ဝဲသစ်ကတော့ လူနည်းစု လူမျိုးရေးအုပ်စုတွေ၊ နိုင်ငံပြောင်းရွှေ့အခြေချလာသူတွေ၊ အမျိုးသမီးအရေးတွေ၊ မသန်စွမ်းသူတွေ၊ ကျားမအခွင့်အရေးတောင်းဆိုသူတွေ စတဲ့ သီးခြား ကိုယ်ပိုင်လက္ခဏာရပ်ကို တောင်းဆိုတဲ့ လှုပ်ရှားမှုတွေပါပဲ။ နဂိုက အစဉ်အလာ အလုပ်သမား လူတန်းစားအရေး လှုပ်ရှားခဲ့တဲ့ လက်ဝဲပါတီတွေဟာ အမျိုးမျိုးသော လူနည်းစု အကျိုးစီးပွားအတွက် ကိုယ်စားပြုလာပြီး ပေါ်ပြူလစ်အင်အားစုတွေကို အကြီးအကျယ် မဲပေးထောက်ခံလိုက်ကြပါတယ်။
အဲဒီအရွေ့က လက်ယာမှာလည်း ဖြစ်နေတယ်။ ၂၀ ရာစု ကွန်ဆာဗေးတစ်ပါတီတွေက လွတ်လပ်သောစျေးကွက်နဲ့ တစ်ဦးချင်း အခွင့်အရေးကို ရှေ့တန်းတင် ကာကွယ်ခဲ့တယ်။ စီးပွားရေးအကျိုးအမြတ်ကို ကြည့်ပြီး လွတ်လပ်သော ကုန်သွယ်မှုနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို လက်ခံကြိုဆိုတယ်။ ၂၁ ရာစုမှာတော့ လူမျိုးရေးအခြေပြု ကိုယ်ပိုင်အမှတ်လက္ခဏာ ကာကွယ်မှုတွေ၊ နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေကို ဝင်ခွင့်မရအောင် ပိတ်ပင်မှုတွေ၊ နိုင်ငံခြားသားလုပ်ငန်းတွေနဲ့ ဉာဏပစ္စည်းခိုးယူမှုအပေါ် ကျယ်ကျယ်လောင်လောင် တားမြစ်မှုတွေ ရှိလာတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန် ဆိုရင် ဟန်ဂေရီနိုင်ငံဟာ ဟန်ဂေရီလူမျိုးတို့ ကြီးစိုးရေးအတွက်ဖြစ်တယ်၊ ဟန်ဂေရီနိုင်ငံသားတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးမူတွေကို ဂရုစိုက်စရာမလိုဘူးလို့ ဗြောင်ပြောပါတယ်။

Comments
Post a Comment