Goli and Miya (အပိုင်း ၁)

 အခန်း(၁)

"ကျွန်တော့်ကို မသတ်ပါနဲ့။"


"ကျွန်တော့်မှာ အိမ်ပြန်လာမှာစောင့်နေတဲ့ မိသားစုဝင်တွေရှိနေသေးတယ်။"


"ကျွန်တော်သေသွားရင် သူတို့ဒုက္ခရောက်ကြရပါလိမ့်မယ်။"

အော်ဟစ်နေသော အသံမှာ မည်မျှပင်ကျယ်စေကာမူ ပြင်းထန်နေသော မြစ်ရေစီးသံများကြားတွင် တိမ်မြုပ်သွားရသည်ဖြစ်သည်။


အသံကုန်ဟစ်ကာ အကူအညီတောင်းပါသော်ငြားလည်း မဖြစ်နိုင်တော့ပါချေ။တဖြည်းဖြည်းဖြင့် အကူအညီတောင်းသံလည်း တိုးတိုးလာကာ နောက်ဆုံးပျောက်ကွယ်သွားခဲ့လေပြီ။


ညနေခင်း ဆည်းဆာချိန်ဖြစ်နေပြီ။မြစ်ရေများလည်း ငြိမ်သက်နေချိန် ဖြစ်သောကြောင့် တံငါသည်တွေလည်း အေးအေးဆေးဆေး လှော်ခတ်ကာ ပြန်နေကြပြီဖြစ်သည်။ကိုဘမော်တစ်ယောက် ခါတိုင်းကဲ့သို့ပင် ငါးများများဖမ်းမိလာလေသောကြောင့် ညနေဆောင်းချိန်တွင် အခြားတံငါသည်များနည်းတူ လှေကို ပြန်လှော်ကာ အိမ်သို့ပြန်လာနေပြီဖြစ်သည်။သူရောက်ချိန်တွင် လှေဆိပ်၌ အခြားတံငါသည်တော်တော်များများ ပြန်ရောက်နှင့်နေကြပြီ။သူလှမ်းကြည့်လိုက်သောအခါ အနွေးထည်တစ်ထည်ကိုခြုံလျက် တစ်စုံတစ်ယောက်ကို စောင့်နေဟန်ရသည့် မိန်းကလေးတစ်ဦးဖြစ်သည်ကိုတွေ့ရလေသည်။


ကိုဘမော်၏လှေဆိုက်သောအခါ ထိုမိန်းမငယ်က ကိုဘမော်ကို လက်ပြရင်း လှေထံသို့ လျှောက်လာလေသည်။ကိုဘမော်လည်း အနီးကပ်လာမှ ထိုမိန်းကလေးမှာ သူ့သူငယ်ချင်း ကိုလှဖေ၏ မိန်းမ မိချိုဖြစ်သည်ကိုသိလိုက်လေသည်။ကိုဘမော်က

"ဪ...မိချို။လှေဆိပ်မှာ ဘာလုပ်နေတာလဲ။ကိုလှဖေ ပြန်မရောက်သေးဘူးလား။"


"ဟုတ်တယ်။ဒီနေ့ စောစောပြန်လာမယ်ဆိုပြီး အခုဒီအချိန်ရှိနေတာတောင် မရောက်သေးလို့။ဒီမှာလာရှာတာ။ပြန်မလာပဲ အရက်ဆိုင်များသွားသလားလို့။"

ကိုဘမော်တစ်​ယောက်"ဟက်"ဟု တစ်ချက်ရယ်လိုက်မိသည်။ထို့နောက်...


"ဒါများ...မိချိုရယ်...၊လှေပြန်လာအပ်ပြီလားဆိုတာ ဆိုင်သွားမေးကြည့်ပါလား။လှေကရောက်နေပြီးတော့ လူကမရှိရင်တောင် အရက်ဆိုင်ရောက်သွားတာဖြစ်နိုင်တာပေါ့ဟာ။မအပ်သေးဘူးဆိုရင်တော့ ဒါသူပြန်မရောက်သေးလို့ပေါ့။"


မိချိုက မျက်နှာအောက်ချထားကာ လက်ပိုက်နေရင်း

"ဝင်မမေးချင်ဘူး။အဲ့ထဲက ယောင်္ကျားတွေ ဝိုင်းကြည့်တဲ့ မျက်လုံးတွေကို ကြောက်တယ်။စားတော့ဝါးတော့မလားမှတ်ရတယ်။"


ကိုဘမော်က မိချိုကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်မိသည်။ဟုတ်လည်းဟုတ်ပေသည်။မိချိုတို့က တောနေတောင်နေ အမျိုးသမီးများဖြစ်ကြ၍ တောင်တက်၊ယာတက် အလုပ်များ လုပ်ကြရသည်ဖြစ်ရာ သန်မာထွားကျိုင်းကြသည်၊ကိုယ်လုံးကိုယ်ပေါက်များလှတတ်ကြသည်ဖြစ်၍ ယောင်္ကျားများ အကြည့်ခံရမည်မှာ သေချာနေလေသည်။သို့ဖြစ်လေရာ ဤသို့သောနေရာများကို လာသည်မှာ အမှန်ဆိုလျှင် အန္တရာယ်များသည်ဟုပင် ဆိုနိုင်ပေသေးသည်။


"ကဲပါ။နင်စိတ်မပူနဲ့ ငါဝင်မေးကြည့်ပေးမယ်။ဟုတ်ပြီလား။သွား...။အပြင်မှာ သွားစောင့်နေ။"


ဤသို့ဖြင့် ကိုဘမော်လည်း သူတို့လှေငှားလေ့ရှိရာ ထိုဆိုင်သို့ လှေသွားအပ်ရင်း ကိုလှဖေပြန်ရောက်မရောက် မေးကြည့်လေသည်။ဆိုင်က ပြောကြားချက်အရ သူအပ်ချိန်ကျော်နေပြီဖြစ်သော်လည်း ပြန်ရောက်မလာသေးဟု သိရလေသည်။


တစ်ခဏအကြာ လှေကပ်ရာ ဆိပ်ကမ်းဘက်၌ လူများစုရုံးရုံးဖြစ်နေကြလေသည်။ကိုဘမော်လည်း ထိုလူစုရုံးနေရာသို့သွားကြည့်လိုက်ရာ သူမြင်ရသည်ကို သူမယုံနိုင်လောက်အောင်ဖြစ်သွားလေတော့သည်။


ဆိပ်ကမ်းအပြင်၌ မိချိုတစ်ယောက် စိတ်ပူလှစွာဖြင့် စောင့်နေသည်ကို မြင်ရလေသည်။ကိုဘမော်ရောက်လာသောအခါ မိချိုလည်း ကိုလှဖေအကြောင်းကိုမေးလေတော့သည်။ကိုဘမော်လည်း တော်တော်ကြာအောင် ဘာမှမပြောနိုင်ပဲ နှုတ်ဆိတ်နေလေတော့သည်။တစ်ခဏအကြာမှ မိချိုကို သူမြင်ခဲ့ရသည်ကို ပြန်ပြောနိုင်လေတော့သည်။


ထိုနေ့ညနေခင်းတွင် လူတစ်ယောက်၏ နှလုံးသားမှာ အတွင်းမှ ရစရာမကျန်အောင် ကွဲကြေသွားခဲ့ပြီဖြစ်လေသည်။


ကိုလှဖေ၏ အသုဘတွင် အရပ်တကာမှ လူတော်တော်များ လာခဲ့ကြ၏။ကိုလှဖေကား လူချစ်လူခင်ပေါများပြီး သူ့မိသားစုကိုလည်း အလွန်ချစ်ခင်သည်၊စောင့်ရှောက်တတ်သည်ဖြစ်ရာ မိသားစုဝင်တွေရော အရပ်တကာကပါ များစွာ စိတ်မကောင်းဖြစ်ခဲ့ကြ​ရလေသည်။မိချိုတစ်ယောက် ကိုလှဖေ၏ ဓါတ်ပုံရှေ့၌ ငူငူကြီးထိုင်ကာ ရီဝေပြီးအစ်ခဲနေသော မျက်စိဖြင့် ဓါတ်ပုံကိုသာ တွင်တွင်ကြီး ကြည့်နေလေတော့သည်။


ထိုအခိုက် မြစ်ဘက်မှ လေများပြင်းထန်စွာ တိုက်လာလေသည်။မြစ်ရေထဲမှ ကမ်းပေါ်တက်လာသည်မှာ ထူးထူးဆန်းဆန်းအသွင်အပြင်ဖြင့် စူးရှသော မျက်စိတို့ကို ပိုင်ဆိုင်သော တစ်စုံတစ်ယောက်ဖြစ်လေသည်။သူကား ထိုဒေသတွင် ယုံတမ်းစကားများဖြင့်ကျော်ကြားသည့် ရက်စက်သောမြစ်စောင့်နတ်သားဖြစ်လေသည်။ထိုကဲ့သို့ မြစ်ထဲ ခရီးသွားသည်ဖြစ်စေ၊ငါးဖမ်းသွားသည်ဖြစ်စေ ပြန်မလာပဲ သေသွားသည်ဟုကြားရလျှင် လူအများ မြစ်စောင့်နတ်သား၏ အမျက်ရှ၍ဖြစ်ရသည်ဟု ပြောစမှတ်တွင်ခဲ့လေသည်။သူကြောင့် သေသွားသည်ဟု လူတွေယူဆကြသူများပြားလာသောအခါ ဤမြစ်ကိုစောင့်သည်မှာ နတ်ကောင်းမဟုတ်၊နတ်ဆိုးစောင့်သည်ဟု ရွှာနေ နတ်ကတော်များနှင့် အကြားအမြင်ဆရာများက ပြောလာကြရာ တဖြည်းဖြည်းဖြင့် မြစ်စောင့်နတ်သားဟူသော အခေါ်အဝေါ်မှာ ပျောက်ဆုံးသွားပြီး မြစ်စောင့်နတ်ဆိုး၊မြစ်စောင့်မိစ္ဆာဟု လူအများက ခေါ်လာကြလေတော့သည်။


မြစ်စောင့်နတ်သားလည်း ကမ်းပေါ်တက်လာသောအခါ ရွှာစောင့်နတ်က ရှေ့မှပေါ်လာကာ တားဆီးလေသည်။

"ရပ်လိုက်ပါ။ဒါ သင့်ပိုင်နက်မဟုတ်ပါ။သင်သွားခွင့်မရှိပါ။"


မြစ်စောင့်နတ်သားက လက်အုပ်ချီလိုက်ကာ

"အဆွေတော် ရွှာစောင့်နတ်။သင်ပိုင်ရာ ရွှာ၌ အသုဘတစ်ခုဖြစ်နေသည်ဟု ကျွန်ုပ်သိရသည်။ထိုအသုဘ၌ အကျွန်ုပ်လုပ်ရမည့် ကိစ္စရှိပါသောကြောင့် ဝင်ခွင့်ပြုပါ။"


ရွှာစောင့်နတ်က မျက်နှာကို ရှုံမဲ့ကာ

"အသင် မြစ်စောင့်နတ်သား။သင်ကား မြစ်စောင့်နတ်ဟူသော အမည်ဖြင့် မတန်လောက်အောင်ယုတ်မာလှပါလား။အသင့်လက်ဖြင့် သတ်ခဲ့သည်သူကြောင့် ပူဆွေးနေရသည့်သူများကို ကြည့်ရင်းအရသာခံကာ ဝမ်းသာမလို့ပေလော။"


မြစ်စောင့်နတ်သားက မျက်နှာကို တည်ကြည်လေးနက်စွာထားရင်း

"အဆွေတော် ရွှာစောင့်နတ်။အကျွန်ုပ်သည် ဤတံငါသည်များကို သူတို့၏ ဝမ်းစာအတွက် အကျွန်ုပ်ပိုင်ရာမြစ်ထဲတွင် ငါးဖမ်းကာအသက်မွေးခြင်းကို ရက်ရက်ရောရောခွင့်ပြုပေးထားပါသည်။သို့သော် ဤရွှာမှ မိုက်မဲသော လူသားများသည် ငါးများများဖမ်းမိချင်သောလောဘကြောင့် အကျွန်ုပ်တားမြစ်ထားသော အရပ်မှ အဖိုးတန်ငါးများကို ဖမ်းဆီးခဲ့ပါသည်။ထို့ကြောင့် အကျွန်ုပ်က သူဖမ်းသွားသော ငါးများကို လှေဖြင့်သယ်ဆောင်ခွင့်ပြုလိုက်ကာ သူ၏အသက်ကို အစားယူလိုက်ရခြင်းဖြစ်ပါသည်။ထို့ကြောင့် နောင်အခါ ထိုတားမြစ်ထားသောအရပ်သို့ မလာရန် သတိပေးလိုခြင်းဖြစ်ပါသည်။ထို့ကြောင့် အကျွန်ုပ်အား သွားခွင့်ပေးရန် ထပ်လောင်း၍ တောင်းဆိုချင်ပါသည်။"


ရွှာစောင့်နတ်က

"အသင် မြစ်စောင့်နတ်။အသင် ဤအကြောင်းပြချက်ဖြင့်ပင် သတ်ခဲ့သောလူသား များလွန်းလှပြီ။အသင်သည် ခွင့်လွှတ်ပေးခြင်းကို နားမလည်။နတ်ဆိုးများနှင့်တူလှသည်။နတ်ကောင်းတိုင်းသည် ခွင့်လွှတ်တတ်ကြသည်။အသင်သည် မြစ်စောင့်နတ်ဆိုးဟု လူများကခေါ်ကြသည့် ထိုနာမည်ဖြင့်သာ ထိုက်တန်သည်။"


ဤတွင် မြစ်စောင့်နတ်သည် ဘာစကားကိုမှမဆိုပဲ ထိုရွှာတစ်ခုလုံးကို မုန်တိုင်းတိုက်စေခဲ့ကာ၊ရေလွှမ်းခြင်းဖြင့် ရွှာလူကျွတ်လူအားလုံးကို သတ်ပစ်လိုက်ပြီး ထိုရွှာစောင့်နတ်၏ ပိုင်နက်ကို ပျက်ဆီးဆုံးရှုံးသွားစေလေသည်။


မြစ်စောင့်နတ်သားအား သူပိုင်ရာ ရေနဂါးဓါးလက်နက်ကြီးဖြင့် ရွှာနတ်သားကို သတ်ဖြတ်ရန်ပြင်ဆင်ပြီးနောက်

"အဆွေတော် ရွှာစောင့်နတ်။မသေခင် နောက်ဆုံးပြောလိုသော စကားမျိုးရှိပါသလား။"


ရွှာစောင့်နတ်က လက်အုပ်ချီကာ

"အကျွန်ုပ်စောင့်စည်းသော နတ်ကောင်းနတ်မြတ်တို့၏ ဂုဏ်သိက္ခာကို သက်သေထား၍ အကျွန်ုပ်၏ အာဏာဖြင့် အမိန့်ပေးသည်။အကျွန်ုပ်၏တိုင်တည် ကြွေးကျော်သံကို အရှင်နေမင်းကြားစေသတည်း။အကျွန်ုပ်စောင့်ရှောက်ရာ ရွှာကို မြစ်စောင့်နတ်သားသည် ယုတ်မာသောနည်းလမ်းဖြင့် ဖျက်ဆီးသိမ်းပိုက်ကာ ရွှာသားများကိုလည်း သတ်ဖြတ်ခဲ့ပါသည်။အကျွန်ုပ်ကိုလည်း ယခု ရေနဂါးဓါးဖြင့် သတ်ဖြတ်ရန် ပြင်ဆင်နေပြီး မကြာခင် သတ်ဖြတ်ခြင်းကိုခံရပါတော့မည်။မြစ်စောင့်နတ်သား၏ လုပ်ရပ်များကို ကြည့်ရုံပင် ကြည့်မနေကြပါနှင့်။မသေမျိုးနတ်တို့၏ ဂုဏ်သိက္ခာနှင့်အညီ တရားစီရင်ပေးရန် တောင်းဆိုကြွေးကျော်ပါသည်။"


ဤတိုင်တည်ချက်နှင့်အတူ ရေနဂါးဓါး၏ ထိုးသွင်းချက်တွင် သေဆုံးသွားလေတော့သည်။


အပိုင်း၂ မျှော်  



Comments

  1. I like this idea. People will click if they want to read more.

    ReplyDelete
  2. မိုက်တယ် စိတ်ဝင်စားဖို့ကောင်းတယ်

    ReplyDelete
  3. Hi Admin, it would be good if you can make this into two clicks. This is long enough. This deserves more clicks since you put in your more effort to write.

    ReplyDelete
  4. စိတ်ဝင်စားဖို့ကောင်းလိုက်တာ

    ReplyDelete

Post a Comment