Goli and Miya (အပိုင်း ၄)
အခန်း(၄)
ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် စိမ်းစိုနေသော သစ်တောကြီးနှင့် လွင်ပြင်ကျယ်ကြီးမှာလည်း ဘယ်တော့လောက်မှဆုံးနိုင်မှာပါလိမ့်။တောင်ပေါ်မှ ကြည့်ရသောမြင်ကွင်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေကိုထိစပ်ထားသော ဂိတ်တစ်ခုနှင့်တူလှပြီး အဆုံးမဲ့အထက်ကောင်းကင်ကိုလည်း လက်လှမ်းနိုင်မလား။အဆုံးမဲ့ခရီးစဉ်နှင့်တူလှသော မြေကမ္ဘာမြင်ကွင်းမှာလည်း လျှောက်လှမ်းသွားလျှင် အဆုံးကိုရောက်နိုင်မလား။
ကမ္ဘာစောင့်နတ်မင်းကြီးအနေဖြင့် သူ၏မိခင်နတ်သမီးကြီးထံမှ ကမ္ဘာဂြိုလ်ကို စောင့်ကြပ်ထိန်းသိမ်းရသည့် တာဝန်များထမ်းဆောင်ရကတည်းက ဤနေရာကို နတ်သူငယ်လေးဘဝတုန်းကလို မကြာခဏလာရောက် မရှု့စားနိုင်တော့ပေ။ဤနေရာကို ယခုထပ်ရောက်လာမိမှ အတိတ်က အကြောင်းများ အမှတ်ရမိလေသည်။
ဂိုလီလေး သူထံရောက်လာသည်မှာ နေသက်တမ်း၄၃၈ခုနစ် လွန်ခဲ့သော နှစ်ရှစ်ရာလောက်ကဖြစ်ပေသည်။ထိုစဉ်က ဂိုလီလေး သူ၏မိခင်နှင့်အတူပါလာစဉ်က မျှော်လင့်ချက်များ၊အိပ်မက်များ ပျက်ဆီးကာ သေလူလိုဖြစ်နေသော နတ်သူငယ်လေးတစ်ပါးဖြစ်ခဲ့သည်။နှစ်အတော်ကြာလာမှ နည်းနည်းအဆင်ပြေလာသည်ဆိုနိုင်သည်။ဂိုလီကား ပြုံးခဲသည့် နတ်တစ်ပါးပင်။
သူတို့ညီအစ်ကိုသဖွယ်ဖြစ်လာသည့်အချိန်တိုင်း ဤမြင့်မိုရ်တောင်ပေါ်မှ ရှု့ခင်းများကို အတူတူကြည့်ရှု့ခံစားတတ်လာကြလေသည်။ဂိုလီသည် သူ၏ဖခင်ထံမှ တယောထိုးနည်းကိုတတ်မြောက်ထားလေရာ ထိုတောင်ပေါ်၌ ဂိုလီ၏တယောသံကိုလည်း နားဆင်ခဲ့ရလေသည်။
တေးဂီတဟူသည် စကားလုံးများဖြင့်ဖော်ပြခြင်းမပြုနိုင်သည့် နက်ရှိုင်းသောခံစားချက်များကိုထုတ်ဖော်ရာ အနုပညာတစ်ရပ်ဖြစ်လေသည့်အလျောက် ဂိုလီ၏နာကျင်မှုများကို ထိုဝမ်းနည်းဖွယ်တယောသံမှ နားလည်ခံစားနိုင်ကြပေမည်။
ယခုတော့ကား ဂိုလီက သူပိုင်ရာ မြစ်ထဲတွင်သာ နေနေရသဖြင့် အရင်လိုအတူတူမကြည့်ရှု့နိုင်ကြတော့သလို တယောသံလည်းမကြားနိုင်တော့ပေ။
ဂိုလီအဖို့ကား မြစ်ထဲမှထွက်သွားခွင့်မရလေသောအခါဝယ် မြစ်ရေထဲ၌ ပျင်းဖို့ကောင်းသည်တော့အမှန်ပင်။ဘာမှ လုပ်စရာသိပ်မရှိလေသောအခါဝယ် မြစ်စပ်အဝ ရေမျက်နှာပြင်အထိ တက်ကြည့်သည်။ရေမျက်နှာပြင်ကိုတော့ ကျော်မသွားနိုင်ပေ။
အချိန်ကား ညသို့ရောက်နေပြီ။လထွက်လာပြီဖြစ်၍ ဂိုလီအတွက် အခွင့်အရေးဟုဆိုနိုင်သည်။အဘယ်ကြောင့်ဆိုသော လ၏ဆွဲအားကြောင့်ဖြစ်သော ဒီရေနှင့်အတူ မြစ်ရေ၏အထက်သို့ မြင့်မြင့်သွားနိုင်ရာ ထိုအခိုက်အတန့်ခဏသာ လွတ်လပ်သည့်နှယ်ခံစားရသည်ဖြစ်လေသည်။
ထို့နောက် အထက်သို့တက်လာသည်အခါဝယ် အားနှင့်မာန်နှင့် အမြင့်ခုန်သည့်နှယ် ခုန်တက်လာပြီး လမင်းကြီးကိုရှု့စားမိသည်။သူ၏ မိဘနှစ်ပါးနှင့်အတူ လာခဲ့သည့် အခိုက်အတန့်များကိုလည်း ပြန်လည်သတိရမိလာလေသည်။ထိုအခိုက်တွင် လကိုကြည့်နေရင်း အံ့ဩမှင်သက်မိသွားလေသည်။လပေါ်မှာ သူမြင်နေရသည်မှာ
“မီရာ...။”
ထိုနာမည်ကို သူကောင်းကောင်းအမှတ်ရနေသည်။နှလုံးသားထဲသိမ်းခဲ့သည့်နာမည် မဟုတ်လော။လနတ်သမီးလေး မီရာ...။သူတွေးရင်း အကြောင်းအရာတစ်ခုကို သတိရသွားသည်။မီရာ...မီရာနှင့် သူနှင့်ဆုံခဲ့ချိန်တုန်းက လနတ်သမီးလေးမီရာကို သူပြန်တွေးကြည့်မိသည်။ထိုတုန်းက နတ်သူငယ်လေးများသာရှိကြသေးသည်။
လွန်ခဲ့သော နှစ်ခြောက်ရာခန့်လောက်က ဖြစ်မည်ထင်သည်။ဂိုလီတစ်ယောက် သူအကြိုက်ဆုံးကစားနည်းဖြစ်သည့် မြစ်ရေပေါ် ဖြတ်ပြေးသည့် ကစားနည်းအတိုင်း မြစ်တစ်လျှောက်ပြေးလွှားသွားကာ တော်တော်ကြာကြာခရီးရောက်လာကာမှ မြစ်ကမ်းပေါ်လှမ်းခုန်ကာ ပစ်လှဲရင်း နားနေလိုက်လေသည်။
ထို့နောက် အသံတစ်သံကြားသည်နှင့် တောထဲကြည့်လိုက်ရာ အရောင်လက်လက်ကလေးမြင်နေရသည်။ထိုညက လမိုက်ညဖြစ်လေသောကြောင့် ပတ်ဝန်းကျင်မှာ မှောင်ပိန်းလျက်ရှိရာ အနည်းငယ်သော အလင်းရောင်ကပင် တောက်ပလင်းထိန် နေတတ်လေသည်။ထို့နောက် ဂိုလီတစ်ယောက် အလင်းရောင်မြင်ရရာကို သွားကြည့်လိုက်ရာ အမွှေးဖြူဖြူတစ်ချောင်းဖြစ်လေသည်။ငှက်မွှေးလေးနှင့်တူသော ထိုအမွှေးဖြူလေးမှာ တောက်ပလင်းထိန်နေသောကြောင့် ဂိုလီအဖို့ သိမ်းထားချင်စိတ်များဖြစ်သွားလေသည်။
ဤသို့ဖြင့် အိတ်ထဲထည့်သိမ်းထားစဉ် တော်တော်ဝေးဝေးမှလာသော အော်သံကို ကြားလိုက်ရသည်။ဂိုလီလည်း အသံကြားရာသို့ဖြည်းဖြည်းချင်း လိုက်ရာ စူးစူးရှရှ အော်ဟစ်သံမှာ ပိုပိုကျယ်လောင်လာလေသည်။
တစ်နေရာအရောက် ကြည့်လိုက်သောအခါ အသံလာရာ၏ မူလအရင်းအမြစ်ကို မြင်လိုက်ရလေသည်။
ကိုယ်ရောင်ကိုယ်ဝါ အလွန်တောက်ပပြီး သေးလှီသော ခန္တာကိုယ်ဖြင့် ဆံပင်ဖြူဖြူဖွေးဖွးလေးတွေရှိသော နတ်သမီးငယ်လေးပင်ဖြစ်သည်။အနောက်က လိုက်နေသော တစ္ဆေကောင်ကို ကြောက်ကြောက်ဖြင့် ပြေးရင်း အကူအညီတောင်းနေခြင်းဖြစ်ပေသည်။
ဂိုလီလည်း တောင်ကုန်းလေးအတိုင်းလျှောဆင်းသွားကာ နတ်သမီးကြီးသင်ပေးထားသော တိုက်ကွက်တစ်ကွက်ကို အသုံးပြုရန်ပြင်ဆင်လေသည်။
နတ်သမီးငယ်ခမျာ ကြောက်ကြောက်ဖြင့် အသားကုန်အော်ဟစ်ပြေးလွှားနေရင်းချော်လဲသွားရာ တစ္ဆေမှာ ခုန်အုပ်တော့မည့်နှယ် ဟန်ပြင်နေလေတော့သည်။သို့သော်ငြား နတ်သမီးငယ်မှာ အောက်မှရေပန်းသဖွယ် ရေများ တဝေါဝေါဖြင့် ထွက်ချလာရာ မိုးပေါ်မြောက်တက်သွားလေတော့သည်။တစ္ဆေလည်း ကြောင်ကြည့်နေစဉ် ဂိုလီကို မြင်လိုက်ရသဖြင့် နောက်ထပ်နတ်သူငယ်တစ်ကောင်ကို ဖမ်းစားရလျှင်ကောင်းမည်ဟုတွေးတောရင်း ဂိုလီထံကပ်လာရာ ဂိုလီက ရွှေငါးများအသွင်ကိုရေဖြင့် ဖန်ဆင်းရင်း ထိုတစ္ဆေထံ ပစ်လွှတ်လေတော့သည်။
တစ္ဆေလည်း သူမနိုင်နိုင်သည့် နတ်သူငယ်မှန်းသိလိုက်ကာ ထွက်ပြေးသွားလေတော့သည်။ထိုအခါမှ ရေပန်းပေါ်တင်နေသည့် နတ်သမီးငယ်လေးမှာ ပြန်ပြုတ်ကျလာပြီး မောမောပန်းပန်းဖြင့် အသက်ရှုနိုင်လေတော့သည်။
ဂိုလီက
“အဆင်ပြေရဲ့လား။”
ထိုနတ်သမီးငယ်က တော်တော်ကြာမှသာ”အင်း”တစ်ခွန်း ပြန်ဖြေနိုင်သည့်အဖြစ်ပင်။ဂိုလီက နတ်သမီးငယ်အားကြည့်ရင်း အဆင့်မြင့် နတ်မင်းကြီး တစ်ပါးပါး၏မိသားစုက ဟုတော့ ခန့်မှန်းမိလေသည်၊သို့သော် ထိုကဲ့သို့ အရောင်အဝါတောက်ပါနေသော နတ်သမီးငယ်မျိုးကိုမူ ဂိုလီမမြင်ဖူးချေ။ထို့ကြောင့်
“မင်းက ဘယ်နယ်မြေက နတ်သူငယ်လဲ။”
“ဟင်။”
ယောင်တောင်တောင်ဖြစ်နေရင်း ပြန်ဖြေမိလေသည်။ထို့နောက်မှ လရှိရာကို လက်ညှိုးထိုးပြလေသည်။သို့သော် လမိုက်ညဖြစ်လေသောကြောင့် လကိုမမြင်ရချေ။ထိုအခါ ဂိုလီက စိတ်ထဲ၌ ကမ္ဘာမြေ၏အပေါ်ယံ လေထုလွှာများထဲက တစ်လွှာလွှာကို ပိုင်စားသော နတ်မင်း၏သားသမီးဖြစ်မည်ဟုထင်မိလေတော့သည်။သို့သော် ထိုညို့မှိုင်းသော နယ်မြေထဲ၌ ထိုကဲ့သို့ တောက်ပသောအရှိန်အဝါဖြင့် နတ်မျိုးရှိလေသလောဟုတွေးမိလေသည်၊။
“ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ။”
“ပျင်းလို့လေ စိတ်ဝင်စားစရာများရှိမလာဆိုပြီး ဒီကို လျှောက်ကြည့်နေတာ မေမေကလည်း အမြဲအလုပ်လုပ်နေတော့ တစ်ယောက်ထဲ နေရတာကြာတော့ ပျင်းတာပေါ့။”
“ဒါဖြင့် မင်းမပြန်သေးဘူးလား။”
“ပြန်မလို့ပါပဲ။ဖြစ်ချင်တော့ တောင်ပံက ပျောက်သွားတယ်လေ။လိုက်ရှာတာ ရှာလို့မရဖြစ်နေတယ်။”
“ဟုတ်လား။ဒါလေးများလား။”
ပြောပြောဆိုဆိုဖြင့် ဂိုလီလည်း သူသိမ်းထားမိရာ ငှက်မွှေးလေးကိုထုတ်ပြ၏။
နတ်သမီးငယ်လေးလည်း အားရဝမ်းသာစွာဖြင့်
“ဟယ်ကျေးဇူးတင်လိုက်တာ။အိမ်ပြန်နောက်ကျတော့မလို့ပဲ။”
ယူတော့မည်လုပ်ကာမှ ဂိုလီက နောက်ကိုဆုတ်လိုက်ပြီး သိမ်းလိုက်ကာ
“ငါလည်း တစ်ယောက်ထဲပျင်းနေတာ အဖော်မရှိတာမလို့။မင်း နေမထွက်ခင်အထိပဲ ငါနဲ့ဆော့ပေးပါလား။”
နတ်သမီးငယ်လည်း
“ဪ။ရပါတယ်။အချိန်လည်းရသေးတာပဲဆိုတော့။”
ဂိုလီက
“ဟုတ်ပြီ။ငါက ဂိုလီပါ။မင်းနာမည်ကကော။”
“မီရာပါ။”
မီရာ၏ ဖြေဆိုသံမှာ သာယာလှသည်ဟု ဂိုလီခံစားမိလေသည်။ပထမဆုံးအကြိမ် အဖော်ရပေပြီ။နတ်ဆိုးသွေးအပြည့်အဝပါသူမဟုတ်သော်ငြား နတ်ဆိုးတစ်စက်ပါသူကို နတ်ဆိုးဟု သတ်မှတ်ခွင့်ရှိသည်ဟူစော ဥပဒေအရ နတ်ဆိုးတစ်ပါးအဖြစ် အများကသတ်မှတ်ထားခြင်းကိုခံရလေသည်။သူ၏ဖခင်လည်းပဲ ထိုအကြောင်းကြောင့်ပင် မြစ်စောင့်နတ်အဖြစ်သာ ဘဝကို သိုသိုသိပ်သိပ် ဖုံးကွယ်ခဲ့သော်ငြား နောက်ဆုံး၌ သတ်ဖြတ်ခံလိုက်ရသည်သာဖြစ်သည်။သို့ဖြစ်လေသော အကြောင်းတရားများကြောင့် နတ်သမီးကြီးမှာ အရှင်နေမင်းထံတွင် အသနားခံမှုများဖြင့် သေဒဏ် ကင်းလွတ်ပြီး နတ်ဆိုးအမည်ကိုချေဖျက်ရန် တရားရင်ဆိုင်ခဲ့ရပေသည်။နောက်ဆုံး၌ နတ်သမီးကြီးအောင်မြင်ခဲ့ပြီး ဂိုလီလေးမှာ သာမန်နတ်သူငယ်အဖြစ် နေထိုင်ခွင့်ရခဲ့ပေသည်။သို့သော နတ်ဆိုးဟုခေါ်ဆိုသမုတ်ခြင်းကိုမူ တားဆီးလို့မရနိုင်ပေ။အကြောင်းမှာ စကြာဝဠာကြီးတွင် သက်ရှိအားလုံးကား မျက်နှာပေါ်က မှဲ့သာကွက်မြင်တတ်သည့် သဘာဝရှိခြင်းကြောင့်သာဖြစ်သည်။
ဂိုလီတစ်ယောက် အဖော်မရှိပဲနေရသည်က များတတ်သည်ဖြစ်ရာ ယခု မီရာဖြင့်ဆုံရသောအခါ ပျော်ပျော်ကြီးလျှောက်ဆော့ခဲ့ကြလေသည်။ဂိုလီက မီရာကို ကုန်းပိုးကာ မြစ်ရေပေါ်မှ အရှိန်ပြင်းပြင်းဖြင့် ပြေးတိုင်းဆော့ကြလေသည်။မီရာလည်း ဂိုလီကုန်းပေါ်မှ လေတဟူးဟူးဖြင့် ပျံသန်းနေသည့်နှယ်ခံစားချက်ကိုအလွန်သဘောကျသွားခဲ့လေသည်။
တော်တော်ကြာအောင် မြစ်ကမ်းပေါ်တွင်လှဲလျက်နားနေပြီး ရယ်မောကြရင်း စကားပြောနေကြလေသည်။ထိုစဉ် နတ်စစ်သည်တော်များနှင့်တူသော အလင်းအုပ်စုများက ပြေးလွှားနေကြသည်ကိုမြင်ရလေသည်။ထိုကြောင့်မီရာက
“အရုဏ်တက်တော့မှာပဲ။ငါလည်းပြန်ရတော့မယ်။နောက်တစ်ခေါက်ဆင်းလာပြီးဆော့ရင် အဲ့လိုကုန်းပိုးပြီး ပြေးကြဦးမယ်နော်။”
ဤသို့ဖြင့် နှုတ်ဆက်ရင်း ပြေးလွှားပြန်သွားသော မီရာကိုပြန်စောင့်နေခဲ့ရာ ယခုအထိပြန်မရောက်လာခဲ့တော့ပေ။
မီရာအစား ပြန်ရောက်လာသောအရာကား လနတ်သမီးသည် နတ်ဆိုးဖြင့် ဆုံတွေ့ခဲ့သောကြောင့် လပေါ်မှ ဘယ်မှထွက်မရတော့ဟူသော သတင်းစကားနှင့် ဂိုလီထံသို့ ပို့ခဲ့သော ငါ့သမီးတော်နှင့် ထပ်တွေ့လျှင် သတ်ပစ်မည်ဟူသော ကျိန်ဆဲစကားများသာဖြစ်ခဲ့တော့သည်။
ထိုအခါ ဂိုလီကား တစ်ခွန်းထဲသာ ပြောမိလေတော့သည်၊
“ငှက်မွှေးကို ပြန်မပေးပဲထားခဲ့လိုက်သင့်တာ။”

done
ReplyDeletegood.
ReplyDeleteInterested
ReplyDelete