Malala Yousafzai (1997-....)

 


Malala Yousafzai (1997-....)

Malala Yousafzaiကို ၁၉၉၇ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ မင်ဂိုရာ (Mingora)မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ Ziauddin Yousafzaiဖြစ်ပြီး မိခင်မှာ Tor Pekai Yousafzai ဖြစ်ပါတယ်။ Malalaမှာ Atal Yousafzaiနှင့် Khushal Yousafzai ဆိုတဲ့ မောင်နှစ်ယောက် ရှိပါတယ်။

မာလာလာဟာ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ သူမရဲ့ဖခင် Ziauddinတည်ထောင်ထားတဲ့ ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။

Image result for malala yousafzai

၂၀၀၇ခုနှစ်၊ မာလာလာ အသက် ၁၀နှစ်အရွယ်မှာ တာလီဘန်တွေဟာ ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းတစ်လျှောက်ကို စတင်လွှမ်းမိုးထိန်းချုပ်လာနိုင်ခဲ့ကြပါတယ်။ တာလီဘန်တွေဟာ မိန်းကလေးများကိုပညာသင်ခွင့် ပိတ်ပင်ခြင်း၊ ကခုန်ခြင်း၊ တီဗွီကြည့်ခြင်းတို့လို ယဥ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတို့ကို တားမြစ်ခဲ့ခြင်းများ စသည်တို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၀၈ခုနှစ်အဆုံးပိုင်းမှာတော့ တာလီဘန်တွေဟာ ကျောင်းပေါင်း ၄၀၀ခန့်ကို ဖျက်ဆီးခဲ့ပြီးပါပြီ။

တာလီဘန်တွေဟာ အမျိုးသမီးများရဲ့ ပညာသင်ကြားနိုင်ခွင့်ကို စတင်ပိတ်ပင်လာတဲ့အချိန်မှာ ၂၀၀၈ခုနှစ် စက်တင်ဘာလ၌ အသက်၁၁နှစ်အရွယ် မာလာလာဟာ ပါကစ္စတန်နိုင်ငံရဲ့  Peshawarမြို့၌ "How dare the Taliban take away my basic right to education? "ဆိုတဲ့ ခေါင်းစဥ်နဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

၂၀၀၉ခုနှစ်အစောပိုင်း၊ မာလာလာအသက် ၁၁နှစ်မှာ BBC၌ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ နေထိုင်ရတဲ့ ဘဝအကြောင်းကို စတင်ရေးသားခဲ့ပါတယ်။ သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်နိုင်ဖို့အတွက် Gul Makaiဆိုတဲ့ နာမည်ကို အသုံးပြုပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။ သို့သော်၂၀၀၉ခုနှစ်ရဲ့ ဒီဇင်ဘာလမှာတော့ သူမဟာ BBC Blogger တစ်ယောက်အနေနှင့် ထုတ်ဖော်ပြသခံနေရပါပြီ။



သူမဟာ သူမကိုယ်တိုင်နှင့် အမျိုးသမီးများအားလုံးရဲ့ ပညာသင်ကြားနိုင်ခြင်းဆိုင်ရာ အခွင့်အရေးများအတွက် တက်ကြွလှုပ်ရှားခဲ့ရင်း တဖြည်းဖြည်းချင်း လူသိများလာခဲ့ပြီး ၂၀၁၁ခုနှစ်မှာတော့ International Children's Peace Prizeအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ Pakistan's National Youth Peace Prizeကို ရရှိခဲ့ပါတယ်။ 

သူမရဲ့တက်ကြွလှုပ်ရှားမှုများကြောင့် သူမနှင့် သူမရဲ့မိသားစုဟာ တာလီဘန်များကပြုလုပ်တဲ့ မာလာလာ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများနှင့် တွေ့ကြုံလာခဲ့ရပါတယ်။ သူမနှင့် သူမ မိသားစုဟာ စစဦးချင်းမှာတော့ တာလီဘန်တို့လို အဖွဲ့အစည်းဟာ သူမလို ကလေးတစ်ယောက်ကို အမှန်တကယ် ထိခိုက်အောင် မလုပ်နိုင်လောက်ပါဘူးလို့ တွေးခဲ့ကြပါတယ်။

Image result for Malala Yousafzai Peace Prize

၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့မှာ အသက်၁၅နှစ်အရွယ် မာလာလာဟာ သူမသူငယ်ချင်းများနှင့်အတူ ကျောင်းမှ အိမ်သို့ပြန်ရန် ဘတ်စ်ကားစီးလာကြပါတယ်။ ထိုချိန်မှာ တာလီဘန်နှစ်ဦးဟာ ဘတ်စ်ကားပေါ်တက်လာပြီး မာလာလာဆိုတာ ဘယ်တစ်ယောက်လဲလို့ မေးခဲ့ပါတယ်။ မာလာလာရဲ့ သူငယ်ချင်းများဟာ သူမကို လှည့်ကြည့်ကြတဲ့အချိန်မှာ တာလီဘန်တစ်ဦးဟာ မာလာလာအား သေနတ်ဖြင့် သုံးချက်ပစ်ခဲ့ပါတယ်။ ထိုထဲမှ ကျည်ဆံတစ်တောင့်ဟာ မာလာလာရဲ့ ဦးခေါင်းကို ထိမှန်သွားခဲ့တဲ့အခါမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုနေ့မှာပဲ သူမကို Peshawarမြို့မှာရှိတဲ့ ပါကစ္စတန်စစ်တပ်ဆေးရုံသို့ လေယာဥ်ဖြင့် ပို့ဆောင်ခဲ့ပါတယ်။ လေးရက်အကြာမှာတော့ အင်္ဂလန်နိုင်ငံ Birminghamမြို့ရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ပါတယ်။ 

မာလာလာဟာ ဦးနှောက်နှင့်မျက်နှာ ခွဲစိတ်မှုပေါင်းများစွာကို ခံယူခဲ့ရသော်လည်း ကံကောင်းထောက်မစွာနှင့် ဦးနှောက်ဒဏ်ရာတော့ ကြီးကြီးမားမားမရရှိခဲ့ပါဘူး။ ကုသမှုများနှင့် ကုထုံးများကို လပေါင်းများစွာ ခံယူပြီးနောက်၊ ၂၀၁၃ခုနှစ် မတ်လမှာ Birminghamမြို့၌ ကျောင်းစတက်နိုင်သွားပါတယ်။ ထိုသို့ မာလာလာအား ပစ်ခတ်လိုက်မှုဟာ မာလာလာရဲ့ တက်ကြွလှုပ်ရှားမှုကို လူအများအပြား ပိုမိုသိစေတဲ့အပြင် ထောက်ခံအားပေးမှုများစွာကိုပါ ရရှိစေခဲ့ပါတယ်။ တာလီဘန်တွေကတော့ မာလာလာအား ပစ်မှတ်အဖြစ် ဆက်လက်သတ်မှတ်နေဆဲ ဖြစ်ပေမယ့် မာလာလာကတော့ သူမရဲ့ ခံယူချက်ဖြစ်တဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်ရပ်တည်လှုပ်ရှားခဲ့ပါတယ်။

Image result for malala yousafzai

တာလီဘန်ရဲ့ သေနတ်နှင့်ပစ်ခတ်ခံရပြီး ကိုးလအကြာ၊ ၂၀၁၃ခုနှစ် မာလာလာရဲ့ ၁၆နှစ်ပြည့်မွေးနေ့မှာ မာလာလာဟာ United Nations၌ မိန့်ခွန်းပြောကြားခဲ့ပြီး သူမရဲ့ ပညာရေးအပေါ် အလေးထားမှုနှင့် အမျိုးသမီးများရဲ့အခွင့်အရေးအကြောင်းတို့ကို အဓိကထား  ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများကိုလည်း ၎င်းတို့ရဲ့ မူဝါဒများကို ပြောင်းလဲရန် တိုက်တွန်းခဲ့ပါတယ်။

United Nations၏ အထွေထွေအတွင်းရေးမှူး Ban Ki-Moonဟာ လူငယ်ခေါင်းဆောင်တစ်ဦး၏ ကလေးများအားလုံး ပညာသင်ကြားခွင့်ရနိုင်ရေးအတွက် တက်ကြွလှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနှင့် မာလာလာမိန့်ခွန်းပြောကြားခဲ့တဲ့ ဇူလိုင်လ ၁၂ရက်နေ့(မာလာလာ၏ မွေးနေ့)ကို "Malala Day"လို့ ကြေညာခဲ့ပါတယ်။ Banဟာ ထိုကြေညာချက်နှင့်အတူ "ကျောင်းသွားခြင်းကြောင့် ကလေးတစ်ဦးတစ်ယောက်မှ မသေသင့်ပါ၊ မည်သည့်နေရာမှာမှ ဆရာများက စာသင်ပေးရန် ကြောက်ရွံ့ခြင်း ကလေးများက စာသင်ယူရန် ကြောက်ရွံ့ခြင်း မရှိသင့်ပါ၊ မိမိတို့အတူတကွ ပြောင်းလဲယူကြမယ်"ဆိုပြီးလည်း ပြောကြားခဲ့ပါသေးတယ်။

Image result for Malala Yousafzai Peace Prize

၂၀၁၃ခုနှစ် အောက်တိုဘာလမှာ ဥရောပပါလီမန်က မာလာလာအား Sakharov Prizeဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ မာလာလာဟာ နိုဘယ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆုမရရှိခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှာ ဆန်ခါတင်စာရင်းထပ်မံဝင်ခဲ့ပြီး နိုဘယ်ဆုကိုရရှိခဲ့ပါတယ်။ သူမဟာ အသက်၁၇နှစ်အရွယ်မှာ နိုဘယ်ဆုကို ရရှိခဲ့တာဖြစ်ပြီး အသက်အငယ်ဆုံး နိုဘယ်ဆုရှင်အနေနှင့်လည်း လူသိများပါတယ်။ ၂၀၁၇ ဧပြီလမှာ United Nations၏ အထွေထွေအတွင်းရေးမှူး Antonio Guterresက မာလာလာအား အမျိုးသမီးများ၏ ပညာရေးကို မြှင့်တင်ပေးနိုင်ရန် UN၏ ငြိမ်းချမ်းရေးတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ထို့နောက် ကနေဒါနိုင်ငံသား ဂုဏ်ထူးဆောင်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ထိုကနေဒါနိုင်ငံသား ဂုဏ်ထူးဆောင်ဆုကို ခြောက်ယောက်မြောက်နှင့် အငယ်ဆုံးဆုရှင်အနေနှင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ခုနှစ်မှာ သူမ၏ ဖခင်နှင့်အတူ Malala Fundကို စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာအနှံ့က မိန်းကလေးများအား ၁၂နှစ်တာ ကောင်းမွန်သော ပညာရေးကို လုံခြုံစွာ အခမဲ့သင်ကြားနိုင်ခွင့်အတွက် Malala Fundကို တည်ထောင်ခဲ့တာဖြစ်ပြီး မိန်းကလေးအများစု အလယ်တန်းပညာရေးကို သင်ကြားခွင့်မရနိုင်ကြတဲ့ အာဖဂန်နစ္စတန်၊ ဘရာဇီး၊ အိန္ဒိယ၊ လက်ဘနွန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံများမှ မိန်းကလေးများကို ဦးစားပေး ထောက်ပံ့ကြပါတယ်။

Image result for National Youth Peace Prize Malala

၂၀၁၈ မတ်လ ၂၉ရက်မှာတော့ မာလာလာဟာ သူမ သေနတ်ပစ်ခံရလို့ ထွက်ခွာရပြီးနောက်မှာ ပထမဦးဆုံးအကြိမ် ပါကစ္စတန်နိုင်ငံကို ပြန်သွားခဲ့ပြီး "လွန်ခဲ့တဲ့ငါးနှစ် တစ်လျှောက်လုံးမှာ သူမရဲ့နိုင်ငံကို ပြန်နိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့ပြီး သူမဟာ သူမရဲ့နိုင်ငံကို ဘယ်သောအခါကမှ မစွန့်ခွာချင်ခဲ့ဘူး"လို့လည်း ပြောကြားခဲ့ပါတယ်။

သူမဟာ "I Am Malala"၊ "Malala's Magic Pencil"၊ "We Are Displaced"ဆိုတဲ့ စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့ပါတယ်။

သူမဟာ ၂၀၁၇ခုနှစ်ကစ Oxford Universityမှာ ပညာသင်ကြားခဲ့ပြီး ၂၀၂၀ ဇွန်လမှာတော့ ဒဿနဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေးတို့ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။

Comments

Post a Comment