Music Therapyအကြောင်း
Music Therapyအကြောင်း
ဂီတနှင့် ကုသတဲ့ကုထုံးဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူများစွာ ပြုနိုင်ပါတယ်။
Music Therapyမှာ သီချင်းနားထောင်ခြင်း၊ သီချင်းရေးခြင်း၊ သီချင်းလိုက်ဆိုခြင်း၊ ဂီတရဲ့ တီးလုံးသံစဥ်များအတိုင်း လှုပ်ရှားခြင်း(ကခုန်ခြင်း)၊ တူရိယာတစ်ခုခု တီးခတ်ခြင်း၊ တူရိယာဂီတသံများကို နားထောင်ခြင်း စသည်တို့ ပါဝင်ပါတယ်။ Music Therapy ကို ခံယူဖို့အတွက် ဂီတအသိုင်းအဝိုင်းမှ ဖြစ်ဖို့ မလိုအပ်ပါဘူး။ လေ့လာတွေ့ရှိချက်များအရ တချို့သော ခွဲစိတ်ကုသမှုများမှာ လူနာများအတွက် ဆေးဝါးများထက် Music therapyဟာ စိုးရိမ်ကြောက်ရွံ့မှုကို ပိုမိုလျှော့ချနိုင်ပါတယ်။
Music Therapyအမျိုးအစား များစွာရှိပါတယ်။ ထင်ရှားသော အမျိုးအစားများမှာတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Neurologic music therapy(NMT)
Neurologic music therapyဟာ အာရုံကြောသိပ္ပံ(Neuroscience)ကို အခြေခံထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အထူးသဖြင့် ဂီတရဲ့ရှုထောင့်မျိုးစုံနှင့် ထုတ်လွှင့်ပုံတို့ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုနှင့် အပြုအမူတို့အပေါ် မည်သို့မည်ပုံ လွှမ်းမိုးမှုကိုဖော်ပြနိုင်တဲ့ အာရုံကြောသိပ္ပံကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာ ဂီတကိုဖန်တီးခြင်း၊ သီဆိုခြင်း၊ နားထောင်ခြင်း၊ ဂီတနှင့်အတူ လှုပ်ရှားခြင်းတို့ ပါဝင်ပြီး ခန္ဓာကိုယ်ပြန်လည်သန်စွမ်းအောင် ကြိုးစားခြင်း၊ နာကျင်မှုကို ကုသခြင်းနှင့် ဦးနှောက်ဒဏ်ရာတို့အတွက် အသုံးပြုကြပါတယ်။
Bonny Method
Music therapistတစ်ဦးဖြစ်တဲ့ Helen Lindquist Bonnyက စတင်တီထွင်ခဲ့တာကြောင့် Bonny Methodလို့ ခေါ်ကြပါတယ်။ ဒီကုသနည်းမှာ လူနာကို ပုံတစ်ပုံအား စိုက်ကြည့်ခိုင်းပြီး ဂီတကို ထည့်သွင်းနားထောင်ခိုင်းကာ ပြဿနာများကို တွေးခေါ်ပြီး တိုင်ပင်ဖြေရှင်းကြတာမျိုး ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူနာများကို ဝေဒနာများမှ သက်သာစေရန်နှင့် ပြဿနာမျိုးစုံရဲ့ အဖြေများကို ရှာဖွေနိုင်ရန် ကူညီပေးပါတယ်။
Dalcroze eurhythmics
Emile Jaques-Dalcroze တီထွင်ခဲ့တာဖြစ်ပြီး ဂီတရဲ့ rhythm၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ လှုပ်ရှားမှုအသွင်အပြင်တို့ကို အာရုံစိုက် လေ့လာရတဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီအမျိုးအစားဟာ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ပိုမိုသတိထားနိုင်စွမ်းရှိအောင် ကူညီပေးနိုင်ပါတယ်။
Nordoff-Robbins
ဒီအမျိုးအစားကတော့ ဂီတကို တူတူဖန်တီးတာ သို့မဟုတ် ဖျော်ဖြေသီဆိုကပြတီးခတ်ခြင်းတွေ တူတူလုပ်တာမျိုး ဖြစ်ပြီး Autismကလေးများနှင့် စာသင်ကြားရာတွင် ပြဿနာရှိတဲ့ ကလေးများအတွက် အသုံးပြုကြပါတယ်။
Music Therapyကို စိုးရိမ်ကြောက်ရွံ့နေကြသူများ၊ စိတ်ဓာတ်ကျနေသူများ၊ စိတ်ဒဏ်ရာရှိသူများ၊ သူငယ်ပြန်နေကြသူများ၊ အော်တစ်ဇင်များ (Autism)နှင့် စာသင်ကြားရာတွင် အခက်အခဲရှိသူများ၊ ကင်ဆာဖြစ်နေကြသူများ၊ ခေါင်းကိုက်နေကြသူများ၊ အိပ်မရသူများ၊ စိတ်ကစဥ့်ကလျားဖြစ်နေသူများ၊ လေဖြတ်နေသူများနှင့် အာရုံကြောဆိုင်ရာ ရောဂါရှိသူများကို ကုသရာတွင် အသုံးပြုကြပါတယ်။
Music Therapyကို အထက်ပါ ဝေဒနာများ ခံစားနေရသူများသာ ခံယူနိုင်တာ မဟုတ်ဘဲ Music Therapyမှာ ကောင်းကျိုးများစွာရှိတဲ့တွက်ကြောင့် ပုံမှန်လူများဟာလည်း Music Therapy ကို ခံယူနိုင်ပါတယ်။ Music Therapyဟာ စိတ်ဖိစီးမှုလျှော့ချပေးခြင်း၊ စိတ်အပြောင်းအလဲ မြန်တာကို လျော့နည်းစေခြင်း၊ သွေးပေါင်ကျစေခြင်း၊ ကိုလက်စထရော လျော့နည်းစေခြင်း၊ လေဖြတ်နိုင်ခြေကို လျော့နည်းစေခြင်း၊ ကောင်းကောင်းအိပ်ပျော်စေခြင်း စသည့်အကျိုးကျေးဇူးများကို ပေးဆောင်နိုင်ပါတယ်။
Comments
Post a Comment