နပိုလီယန် ဘိုနာပတ် (၁၇၆၉ – ၁၈၂၁)



 နပိုလီယန် ဘိုနာပတ် (၁၇၆၉ - ၁၈၂၁)

NAPOLEON BONAPARTE (1769 – 1821)

ဂုဏ်သတင်းကြီးမားကျော်ကြားလှတဲ့ ပြင်သစ်ဗိုလ်ချုပ်ကြီး ဧကရာဇ် ပထမ နပိုလီယန် (Napoleon Bonaparte) ကို ၁၇၆၉ မှာ ကော်စီကာ (Corcica) အဂျေရှို (Ajaccio) မှာ မွေးဖွားပါတယ်။ ငယ်နာမည်က နပိုလီယန် ဘိုနာပတ် (Napoleon Bonaparte) ဖြစ်တယ်။ သူမမွေးခင် တစ်ဆယ့်ငါးလမှာ ကော်စီကာကို ပြင်သစ်က သိမ်းယူ တယ်။ ငယ်စဉ်က နပိုလီယန်ဟာ ကော်စီကာမျိုးချစ် တစ်ယောက် အနေနဲ့ ပြင်သစ်ကို ဖိနှိပ်ချုပ်ချယ်သူတွေလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ နပိုလီယန်ကို ပြင်သစ်စစ်တက္ကသိုလ် တွေမှာ ခေါ်ယူပြီး ပညာသင်ပေးတယ်။ အသက် တစ်ဆယ့်ခြောက်နှစ်၊ ၁၇၈၅ မှာ ကျောင်းဆင်းတော့ ပြင်သစ် (French)တပ်မတော်မှာ အရာခံဗိုလ် ဖြစ်လာ ပါတယ်။ လေးနှစ်ကြာတော့ ပြင်သစ် တော်လှန်ရေးကြီး (French Revolution) ပေါက်ကွဲပြီး နှစ်အနည်းငယ် အတွင်းမှာ ပြင်သစ်အစိုးရဟာ တန်ခိုးကြီး နိုင်ငံတွေနဲ့ စစ်တိုက်ရပါတယ်။ နပိုလီယန် ပထမဆုံး အစွမ်း ပြခွင့်ရတာက ၁၇၈၃ (ဗြိတိသျှလက်ထဲက ပြင်သစ်တို့ ပြန်ပြီး သိမ်းယူတဲ့) တိုလုံး (Toulon) ဝန်းရံ တိုက်ခိုက်ပွဲ ဖြစ်ပါတယ်။ သူက ဒီပွဲမှာ အမြောက်တပ်ဗိုလ် ဖြစ်ပါတယ်။ (အဲဒီအခါမှာ သူက ကော်စီကာ မျိုးချစ် အတွေးအခေါ် တွေကို စွန့်ပြီး သူလည်း ပြင်သစ် နိုင်ငံသားလို့ စွဲမှတ်နေချိန် ဖြစ်ပါတယ်။)

တိုလုံးမှာ ရဲစွမ်းသတ္တိနဲ့ စစ်ရေးစစ်ရာ အစီအမံတွေကို ချင့်ပြီး သူဟာ ဗိုလ်မှူးချုပ် (Brigadier General) ရာထူး အထိ တိုးမြှင့်မြှောက်စားခြင်းခံရတယ်။ အီတလီ (Italy)ကို ဝင်တိုက်တဲ့ ပြင်သစ်တပ်ကို ၁၇၉၆ မှာ အုပ်ချုပ်ခွင့် ရတယ်။ အဲဒီ ၁၇၉၆-၉၇ မှာ ရင်သပ်ရှုမော အ့ံသြစရာ အောင်ပွဲတွေ အလီလီ အထပ်ထပ်ရလို့၊ ပါရီ (Paris) မြို့တော်ကို သူရဲကောင်းကြီး အဖြစ်နဲ့ ပြန်ရောက်လာပါတယ်။

Rise And Fall Of Napoleon: Battles, Emperor, Downfall, St Helena Exile - HistoryExtra

အီဂျစ်ကို ပြင်သစ်က ၁၇၉၈ မှာ ကျူးကျော် ဝင်ရောက် တိုက်ခိုက်တဲ့အခါ နပိုလီယန်က ခေါင်းဆောင် ဖြစ်ပါတယ်။ ကြည်းကြောင်းမှာ နပိုလီယန်က အောင်ပွဲရတာ များပါတယ်။ ဒါပေမယ့် လော့ဒ်နယ်လဆင် (Lord Nelson) အုပ်ချုပ်တဲ့ ဗြိတိသျှရေတပ် (British Navy) က ပြင်သစ် ရေတပ် (French Fleet) ကို ဖျက်ဆီးနိုင်တဲ့အတွက် ၁၇၉၉ မှာ နပိုလီယန်ဟာ အီဂျစ်ကို စွန့်ပစ်ထားခဲ့ပြီး သူ တစ်ယောက်တည်း ပြင်သစ်ကို ကိုယ်လွတ်ရုန်းပြီး ပြန်ရောက်လာပါတယ်။

ပြင်သစ်ရောက်တော့ ပြည်သူလူထုက အီဂျစ် စစ်မျက်နှာမှာ မရှုမလှ အရေးနိမ့်ခဲ့တာကို လျစ်လျူပြုပြီး အီတလီ စစ်မျက်နှာမှာ အောင်ပွဲခံတာကိုပဲ အမှတ်ရကြပြီး သူ့ကို ကြိုဆိုတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ပြန်လာလို့ တစ်လအကြာမှာ အက်ဗက်ဆီယက် (Abbe’ Sie’yes) တို့နဲ့ အပေါင်းပါလုပ်ပြီး အာဏာသိမ်းပွဲ (coup de’ tat, ) ကူးဒတ မှာ ပါဝင်လာတယ်။ အစိုးရသစ်ဖွဲ့တော့ ဦးစီးအဖွဲ့မှာ နပိုလီယန် က ပထမဦးစီး (first consul) ဖြစ်လာတယ်။ အင်မတန် ပြည့်စုံကောင်းမွန်တဲ့ အခြေခံဥပဒေ (elaborate constitution) ကို ရေးဆွဲပြီး အများပြည်သူ့ထောက်ခံပွဲ (popular plebiscite) နဲ့ အတည်ပြုတာ ဆိုပေမယ့် နပိုလီယန်က စစ်အာဏာရှင်တက်လုပ်တာကို ကြည့်ပျော်အောင် အခြေခံ ဥပဒေကောင်းကောင်းနဲ့ မျက်နှာဖုံး စွပ်ပေးတာပဲ ဖြစ်တယ်။ သူက ကြံဖော် ကြံဖက်တွေ အားလုံးကို ကျော်လွှားပြီး ထိပ်ဆုံးကို ရောက်သွားပါပြီ။

နပိုလီယန် အာဏာကြီးမြင့်လာပုံက မယုံကြည် နိုင်လောက်အောင် မြန်တယ်။ တိုလုံးကို ဝန်းရံတိုက်ခိုက်တဲ့ သြဂုတ် ၁၇၉၃ မှာ နပိုလီယန်ဟာ အသက် နှစ်ဆယ့် လေးနှစ်၊ အညတရ အရာရှိပေါက်စ၊ ပြင်သစ်နိုင်ငံသား ဆိုရရုံလောက်ပဲ အခြေအနေရှိတယ်။ နောက်ခြောက်နှစ်မှ မပြည့်သေးဘူး၊ နပိုလီယန်ဟာ အသက်သုံးဆယ်မှာ ပြိုင်ဘက် မရှိတဲ့ ပြင်သစ်ရဲ့ ထိပ်ဆုံးက အုပ်ချုပ်သူ ဖြစ်ခဲ့ပါ တယ်။ အဲဒီအဆင့်ကို တစ်ဆယ့်လေးနှစ်ကျော် စွဲမြဲ ထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။

Despot, genius or both? France argues about Napoleon | The Economist

အာဏာ လက်ရှိနှစ်တွေမှာ နပိုလီယန်က ပြင်သစ် အုပ်ချုပ်ရေး (French Administration) နဲ့ ပြင်သစ်တရား ဥပဒေရေး (French legal system) တွေမှာ အရေးပါတဲ့ ပြင်ဆင်ချက်တွေ လုပ်ခဲ့ပါတယ်။ ဥပမာ၊ ငွေကြေး လည်ပတ်တဲ့ ပုံစံ (financial structure) နဲ့ တရားဥပဒေ ထိန်းသိမ်းရေးကို ပြင်တယ်။ ပြင်သစ်ဘဏ် (Bank of France)၊ ပြင်သစ်တက္ကသိုလ် (University of France) ကို တည်ထောင်တယ်။ ပြင်သစ် အုပ်ချုပ်ရေးကို ဗဟိုကပိုပြီး ချုပ်ကိုင်စေတယ်။ ဒီပြုပြင်ရေးတွေဟာ ပြင်သစ်မှာတော့ ထိရောက် အရေးပါတာမှန်ပေမယ့် ကမ္ဘာအဝန်းနဲ့ ချင့်ချိန် ကြည့်ရင် မကြီးကျယ်ပါ။

နပိုလီယန်ရဲ့ ပြုပြင်ရေးတွေထဲမှာ ပြင်သစ် နယ်နိမိတ် ကို ကျော်လွန်ပြီး ထင်ရှားသွားတာက ပြင်သစ် တရားမ ကျင့်ထုံး (Civil Code) ဖြစ်တယ်။ အများက ကို့ဒ်နပိုလီယန် (Code Napoleon) လို့ ခေါ်ပါတယ်။ ပြင်သစ် တော်လှန်ရေးရဲ့ ဖြစ်စေချင်တဲ့ဝါဒ (Ideals) တွေ အများကြီး ထည့်သွင်း ပေါင်းထား ပါတယ်။ ဥပမာ၊ ဒီထုံးနည်းအရ အမျိုးအရိုးကြီးတဲ့လူတွေက မထိုက်တန်တဲ့ အခွင့်အရေးကို အရယူတာဖြစ်တယ်။ ဥပဒေ မျက်စိနဲ့ကြည့်ရင် လူချင်းအတူတူပဲ၊ နောက်တစ်ချက် ပြောနိုင်တာက ဒီထုံး (Code) ဟာ ရှေးဟောင်း ပဝေသဏီက ပြင်သစ် ဥပဒေတွေနဲ့ သိပ်နီးစပ်တယ်။ ရှေးနည်း ဖြစ်လို့ ပြင်သစ်လူအများက လက်သင့်ခံတယ်။ ဥပဒေနဲ့ အသက်မွေးတဲ့သူတွေကလည်း ဒီထုံးနည်းကို နှစ်သက်တယ်။ ခြုံကြည့်ရင် ဒီထုံးဟာ မတင်းလွန်း မပျော့လွန်း၊ အနေတော် စေ့စေ့စပ်စပ် ရှိတယ်။

လေမရှည်ဘဲ ပြည့်စုံ လုံလောက်အောင် ရေးသား ထားတယ်။ ရှင်းလင်း ပြတ်သားတယ်လို့ ထင်ရှား ကျော်ကြားတယ်။ ပြင်သစ်မှာ တာရှည်ခံတယ်။ အခုဥပဒေဟာ မူလ ကို့ဒ်နပိုလီယန်နဲ့ သိပ်တူ နေသေးတာကို အံ့သြစရာ တွေ့မယ်။ တခြားနိုင်ငံ ခပ်များများ မှာလည်း သူတို့ ဒေသစရိုက်နဲ့ ညီအောင် ညှိပြီး ယူငင်သုံးစွဲခဲ့ကြပါတယ်။

Treasures Of The Noel: The Napoleon Code | Red River Radio

နပိုလီယန် ဝါဒကလည်း တော်လှန်ရေးကို ကာကွယ် တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ၁၈၀၄ ခု ရောက်တဲ့အခါ သူ့ကိုယ်သူ ပြင်သစ်ဧကရာဇ် (French Emperor) လို့ ကြေညာ လိုက်ပါတယ်။ အဲဒါအပြင် သူ့ညီသုံးယောက်ကို ဥရောပ ထဲက သုံးနိုင်ငံမှာ ရှင်ဘုရင် ခန့်လိုက်တယ်။ ဒါမျိုးတွေ့ပြန်တော့ ပြင်သစ် သမ္မတနိုင်ငံကို တည်မြဲ စေလိုသူတွေ (French Republicans) က သူဒီလို လုပ်တာဟာ ပြင်သစ်တော်လှန်ရေးရဲ့ အရင်း မူလကျတဲ့ စွဲမြဲ ယုံကြည်ချက်ကို သစ္စာဖောက်တာ ဖြစ်တယ်လို့ ပြောလာကြတယ်။ ဒါပေမယ့် သူ့အပေါ်မှာ ဘယ်လိုမှ အရေးတယူ ဆန့်ကျင်ပြောဆိုတာ မရှိ၊ သူအကြီးအကျယ်ခံရတဲ့ ဒုက္ခက သူတိုက်တဲ့ နိုင်ငံခြား စစ်တွေသာ ဖြစ်ပါတယ်။

နပိုလီယန်ဟာ အင်္ဂလန်နဲ့ ၁၈၀၂ မှာ အေမိယန် (Amiens) စစ်အေးစာချုပ်ကို လက်မှတ်ထိုးတယ်။

စစ်မပြတ် တိုက်ခဲ့တဲ့ ဆယ်နှစ်စစ်ကို ခေတ္တရပ်လိုက်လို့ ပြင်သစ်အနေနဲ့ အသက်ရှူခွင့် ခေတ္တရပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာပဲ စာချုပ်ပါ အချက်တွေကို မထေမဲ့မြင် ပြုကြလို့ အင်္ဂလန်နဲ့ မဟာမိတ်တွေက ပြင်သစ်ကို ဝိုင်းတိုက်ကြ ပြန်တယ်။ နပိုလီယန်ရဲ့တပ်တွေက ကြည်းကြောင်းစစ်မှာ အကြိမ်ကြိမ် အောင်နိုင်ပေမယ့် အင်္ဂလန်ကို နှိမ်ဖို့ဆိုတာ အင်္ဂလိပ် ရေတပ်ပျက်မှ ဖြစ်နိုင်မယ်လို့ သိလာတယ်။

ဒီအတောအတွင်းမှာပဲ နပိုလီယန် အတွက် အဆမတန် ကံဆိုးဖို့ဖြစ်လာတဲ့အချက်ကတော့ ၁၈၀၅ မှာ အင်္ဂလိပ် ရေတပ်က ပြတ်ပြတ်သားသား ထရာဖောဂါ (Trafalgar) ရေကြောင်းစစ်ပွဲမှာ အနိုင်ရတယ်။

နှစ်ဦးနှစ်ဖက် အနိုင်အရှုံးကို ထင်ရှားအောင်ပြတဲ့ပွဲ ဖြစ်တယ်။ အဲဒီနောက် အင်္ဂလန်ဟာ ပင်လယ်မှာ ဗိုလ်စွဲတယ် ဆိုတာကို ငြင်းမရအောင် စွဲမြဲခိုင်မာတဲ့ အချက် ဖြစ်သွားပါပြီ။ နပိုလီယန်ရဲ့ အကြီးဆုံး အောင်ပွဲဖြစ်တဲ့ (သြစတြီးယားနဲ့ ရုရှ တပ်ပေါင်းကို သြစတာလစ်ဇ် Austarliz မှာ တိုက်ခိုက်အောင်နိုင်တာဟာ) ထရာဖောဂါ နောက် သီတင်းခြောက်ပတ်ကြာမှဖြစ်ပေမယ့် ရှေ့က ရေတပ် ပျက်စီးတာကို ထေမိတဲ့ပွဲ ဖြစ်မလာပါ။

နပိုလီယန်ရဲ့ အမိုက်မဲဆုံးချွတ်ယွင်းချက်က ၁၈၀၈ ခုနှစ်မှာ အိုင်ဗေရိယန်ကျွန်းဆွယ် (Iberian peninsular, Spain And Portugal) မှာ ပြင်သစ်တပ်တွေ လွှတ်ပြီး နှစ်ပေါင်းများစွာ အကျိုး ကြီးကြီးကျယ်ကျယ် မရဘဲ တလည်လည် ချည်ထားသလို ခံနေကြရတာ ဖြစ်ပါတယ်။ နပိုလီယန် နာလန်မထူနိုင်အောင် မှားတဲ့အချက်က ရုရှ (Russia) ကို ချီတက်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

နပိုလီယန်ဟာ ၁၈၀၇ ကပဲ ဇာ (Czar) ဧကရာဇ်မင်းနဲ့ တိလ်ဆစ် (Tilsit) မှာဆုံပြီး ထာဝစဉ် မိတ်ဖြစ်ကြ ပါတော့မယ်လို့ စာချုပ်ချုပ် ဆိုခဲ့ပြီးမှ တဖြည်းဖြည်း မိတ်ပျက်ပြီး နပိုလီယန်က ဇွန်၊ ၁၈၁၂ မှာ ရုရှကို သူ့ရဲ့တပ်မတော်ကြီး (Grande Arme’e) ချီတက် တိုက်ခိုက် စေတယ်။

ဘယ်လိုရလဒ်လဲဆိုတာ အများသိပြီးဖြစ်ပါတယ်။ ရုရှတပ်က နပိုလီယန်ကို ရင်ဆိုင်တိုက်ခိုက်ဟန့်တားခြင်း လုံးဝ မလုပ်ပါ။ ရှောင်တယ်။ ချီတက်လိုရာကို အနှောင့်အယှက် မရှိ အလွယ်တကူချီတက်နိုင်လို့ ခရီး တွင်တယ်။ စက်တင်ဘာလဆိုရင် မော်စကို (Moscow) ကို သိမ်းပြီးပြီ။ ဒါပေမယ့် ရုရှတွေက မြို့တော်ကို မီးတိုက် ဖျက်ဆီး ထားတယ်။ အားလုံးနီးနီး ပျက်နေပြီ။ မော်စကိုမှာ ရုရှက ငြိမ်းချမ်းရေးစကားကမ်းလာမလားလို့ သီတင်း ငါးပတ်စောင့်တယ်။ ဘာမှမထူးတဲ့အဆုံးမှာ တပ်သိမ်းပြီး ပြန်ဆုတ်ဖို့ နပိုလီယန်ကဆုံးဖြတ်တယ်။ သိပ်နောက်ကျ သွားပါပြီ။ ရုရှတပ် (Russian Army)၊ ရုရှဆောင်းတွင်း (Russian Winter) နဲ့ စစ်ရိက္ခာ မလုံလောက် တာတွေကြောင့် ပြင်သစ်တပ်ဟာ စနစ်တကျ ဆုတ်ခွာ လာတာ မဟုတ်။ အသက်လုပြီးပြေး (rout) ရတာ ဖြစ်သွား ပါတယ်။ တပ်မတော်ကြီးရဲ့ တစ်ဆယ်ရာခိုင်နှုန်းပဲ မသေဘဲ၊ ရုရှက ပြန်ထွက်လာနိုင်ပါတယ်။

သြစတြီးယား (Austria)၊ ပရပ်ရှား (PRussia) ဆိုတဲ့ တခြား ဥရောပနိုင်ငံတွေက ဒီလိုအခြေအနေဟာ၊ ငါတို့ ပြင်သစ် လက်အောက်က လွတ်မြောက်ဖို့အချိန်ပဲလို့ သိလာကြပြီး နပိုလီယန်ကို လိုက်ပဇစ် (Leipzig) မှာ အောက်တိုဘာ၊ ၁၈၁၃ မှာ ဝိုင်းတိုက်ကြပါတယ်။ နပိုလီယန်ဟာ နောက်တစ်ကြိမ် မရှုမလှရှုံးနိမ့်ရပြန်တယ်။

ရှေ့နှစ်မှာ ရာထူးက ထွက်ပြီး အီတလီ ကမ်းခြေအနား အယ်လဗာ (Elba) ကျွန်းငယ်ကို ပြည်နှင်ဒဏ် ပေးခံ ရပါတယ်။

Napoleon: why escape from Elba anniversary is a bigger deal than Waterloo

အယ်လဗာမှ ၁၈၁၅ မှာ ထွက်ပြေးပြီး၊ ပြင်သစ်ကို ပြန်လာတဲ့အခါ သူ့ကို ကောင်းမွန်စွာ ကြိုဆိုပြီး အာဏာ ပြန်အပ်ကြပြန်တယ်။ ဒီအခါ တခြားဥရောပ တန်ခိုးကြီး နိုင်ငံတွေ (European Powers) က ချက်ချင်း စစ်ကြေညာ ကြတယ်။ အာဏာပြန်ရပြီး ရက်တစ်ရာအကြာ၊ ဝါတာလူး (Waterloo)မှာ နောက်ဆုံး ရှုံးနိမ့် ကျဆင်း ရပါတော့တယ်။ ဝါတာလူးအပြီး နပိုလီယန်ကို ဗြိတိသျှက ဖမ်းပြီး တောင်အတ္တလန်တစ် (south atlantic) စိန့်ဟယ်လီနာ (St.Helena) ကျွန်းငယ်မှာ အကျဉ်းချထားတယ်။ အဲဒီမှာပဲ ကင်ဆာရောဂါနဲ့ ၁၈၂၁ မှာ ကွယ်လွန်သွားပါတယ်။

နပိုလီယန်ရဲ့ စစ်မှုထမ်းသက်မှာ အံ့သြစရာ ကောင်းလောက်အောင် တကယ်ဖြစ်ခဲ့တဲ့ ဆန့်ကျင်ဘက် (Paradox) တွေကို တွေ့ပါတယ်။ စစ်ပရိယာယ်၊ တိုက်ခိုက်ရေး ပြင်ဆင်ပုံကိုကြည့်ရင် သူဟာ တကယ် ထူးတဲ့ပါရမီရှင် ဖြစ်တယ်ဆိုတာ တွေ့မယ်။ အဲဒါတစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်ရင် သူဟာ ခေတ် အဆက်ဆက်မှာ အတော်ဆုံးဂုဏ်သတ္တိ အကြီးမြင့်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ အကြီးအကျယ် စစ်ဆင် (grand strategy) ပြီဆိုရင် သူလည်း အကြီးအကျယ်မှားပြီလို့ ဆိုရမယ်။

သူဦးဆောင်ပြီး အီဂျစ်ကို သွားတိုက်တာ၊ ရုရှကို ဝင်တိုက်တာတွေကို ကြည့်ပါ။ သူ့စစ်ထွက်ပုံ အမှားဟာ ရက်ရက်စက်စက် မှားတာဖြစ်လို့ နပိုလီယန်ကို ဘယ်နည်းနဲ့မှ စစ်ဦးစီး တွေထဲမှာ ရှေ့တန်းနေရာကို မပေးနိုင်တော့ပါ။

ဒီလို စောစောက ပြောစကားကို ဖျက်ပစ်တာ သင့်တော်ပါ့မလား မေးပါ။ သင့်တော်ပါတယ်။

တကယ်တမ်း ပြောကြစို့ဆိုရင် ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ အကြီးမားဆုံး အရည်အချင်းဟာ မရှုမလှအမှားကို ရှောင်ကွင်း နိုင်ရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒါပဲ အပိုင် ဆုံးဖြတ်ဖို့ အချက်လို့ သတ်မှတ်ထားပါ။

အင်မတိ အင်မတန် အစွမ်းကြီးမားတယ်ဆိုတဲ့ မဟာအလက်ဇန္ဒား၊ ဂျဲန်ဂျစ်ခန် နဲ့ တမာလိန်းတို့ဆိုရင် တစ်ခါမှ အရေးရှုံးနိမ့်တာ မရှိဖူးပါ။ နပိုလီယန်ကတော့ နောက်ဆုံးမှာ အရေးရှုံးနိမ့်ရတဲ့ အတွက် နိုင်ငံခြား စစ်တွေ အောင်နိုင်ဖူးသမျှဟာ တစ်ခဏနဲ့ ကြေပျက် ပျောက်ကွယ်သွားရရှာတယ်။ ၁၈၁၅ နောက်ဆုံး အရေးရှုံးနိမ့်ပြီးတဲ့အခါမှာ ပြင်သစ်ပိုင်နက်ဟာ တော်လှန်ရေး မတိုင်မီ ယခင် ၁၇၈၉ က ပိုင်နက် လောက်တောင် မကျယ်ပြန့်တော့ပါ။

နပိုလီယန် (Napoleon) ဟာ တကယ်ပဲ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ အရူးတစ်မျိုး (egomaniac) ဖြစ်တယ်၊ ဟစ်တလာ (Hitler) လိုပဲ။ ဒါပေမယ့် ဒီနှစ်ယောက်မှာ အရေးပါတဲ့ကွဲလွဲချက်ရှိတယ်။

ဟစ်တလာက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ဝါဒစွဲက လှုံ့ဆော်လို့ မလုပ်သင့်တာတွေ အများကြီးလုပ်တယ်။ နပိုလီယန် ကတော့ အင်မတန်လောဘကြီးတဲ့ အခွင့်အရေးသမား သက်သက် ဖြစ်ပါတယ်။ သူ့မှာတစ်ဆုံး တစ်စ နက်ရှိုင်းအောင်၊ ထိတ်လန့်စရာ ကောင်းအောင် လူသတ်ပွဲတွေလုပ်ဖို့ စိတ်ကူးမရှိပါ။

နပိုလီယန် လက်ထက်မှာ နာဇီ (Nazi) စစ်သုံ့ပန်း စခန်း(Concentration Camp) လို ရက်စက်တဲ့နေရာတွေ နည်းနည်းလေး ဆင်တူတာမျိုးတောင် မရှိပါ။

နပိုလီယန်က နာမည်ကြီးလွန်းလို့ လွယ်လွယ်ပဲ သူ့ကို သိပ်ပြီး အထင်ကြီးပစ်လိုက်တယ်။ သူ့သြဇာ ကြီးမား လိမ့်မယ် လို့လည်း တွက်ကြတယ်။ ရေတို (short-term) ခဏတစ်ဖြုတ်တော့ သူ့ကိုသိပ်ကြိုက်တဲ့သူ တကယ်ပဲ များပါတယ်။ မဟာ အလက်ဇန္ဒားထက် များတယ်။ ဟစ်တလာကိုတော့ မမီပါ။ (အကြမ်းခန့်မှန်းခြေမှာ နပိုလီယန်စစ်ပွဲ Napoleon Wars တွေကြောင့် ပြင်သစ် စစ်သား (French Soldiers) ငါးသိန်း ကျဆုံးတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဂျာမန် (German) အစုစု ရှစ်သန်းသေတယ်လို့ထင်ရတယ်။) ဘယ်လိုစံနှုန်းနဲ့ တွက်တွက် နပိုလီယန် ကြောင့် ခေတ်ပြိုင်လူတွေမှာ အသက်အိုးအိမ်စည်းစိမ် ပျက်ပြုန်းရတာဟာ ဟစ်တလာထက် အများကြီး သေးငယ်ပါတယ်။

တာရှည်သြဇာ (long-term influence)ကို တွက်ကြစို့ ဆိုရင်၊ နပိုလီယန်ဟာ ဟစ်တလာ ထက်သာ တယ်။ အလက်ဇန္ဒားကိုတော့ မမီပါ။ ပြင်သစ်မှာ နပိုလီယန်က အုပ်ချုပ်ရေးစနစ်မှာ အကျယ်ပြန့် ပြင်ဆင်ချက်တွေ လုပ်တယ်။ ဒါပေမယ့် ပြင်သစ် လူမျိုး အရေအတွက်ဟာ ကမ္ဘာ့လူဦးရေခုနစ်ဆယ်ပုံမှ တစ်ပုံပဲ ရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို အုပ်ချုပ်ရေးကိုပြင်တယ်ဆိုရင် အခြေအနေမှန်နဲ့ ထင်ဟပ်ကြည့်မှ သဘော သရုပ်မှန်ကို မှန်းဆလို့ရမယ်။ ပြင်သစ်အမျိုးသားတွေရဲ့ဘဝမှာ အရင်နှစ်နှစ်ရာအတွင်းက နည်းပညာတိုးတက်လို့ ခံစားရတဲ့ အကျိုးလောက် အရာမရောက် မလေးနက်ပါ။

နပိုလီယန်ခေတ် (Napoleon era) ပေါ်လာပေလို့ ပြင်သစ် တော်လှန်ရေး ခေတ်ကပေါ်လာတဲ့ ပြောင်းလဲဖို့ စိတ်ကူးတွေ ဆောင်ရွက်ခွင့်ရတယ်။ ပြင်သစ် လူလတ်တန်းစား (French bourgeoisie) ဟာလည်း သူတို့ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေကို တာရှည် ခိုင်မြဲအောင်လုပ်ခွင့်ရတယ်။ ၁၈၁၅ ရောက်တဲ့အခါ ပြင်သစ်မင်းအုပ်ချုပ်ရေးစနစ် (French monarchy) ဟာ နောက်ဆုံး ပြန်တည်ထောင်ခွင့်ရတယ်။ ဒီအပြောင်းအလဲတွေဟာ လူမှုဆက်ဆံရေးအထိ အမြစ်ခိုင်ခိုင် တွယ်ပြီးဖြစ်လို့ အရင်က ရှေးမင်းလက်ထက် (Ancient regime) ပုံစံကို ပြန်ရောက်ဖို့ စိတ်ကူးမျှပင် စဉ်းစားလို့ မရနိုင်တော့ပါ။ အရေးအကြီးဆုံး အပြောင်းအလဲတွေက နပိုလီယန် မပေါ်မီကပဲ လုပ်ပြီးနေပြီ၊ ၁၇၉၉ မှာ နပိုလီယန် အာဏာရတော့ ‘ရှေးပုံစံအတိုင်း စွဲမြဲကြစို့’ လို့ပြောဖို့ အချိန်သိပ်နှောင်းသွားပြီ။ ဒါပေမဲ့

နပိုလီယန်က ကိုယ်တိုင် ရှင်ဘုရင် လုပ်ချင်တဲ့တိုင်အောင် ဥရောပ တစ်ခွင်မှာတော့ သူ့ကြောင့် ပြင်သစ် တော်လှန်ရေးရဲ့ အကောင်းဆုံးဝါဒရေးရာကို ပျံ့နှံ့အောင် ဖြန့်ပြီး ဖြစ်ခဲ့ရပါတယ်။

နပိုလီယန်ကြောင့် တိုက်ရိုက်မဟုတ်ပေမဲ့ လက်တင် အမေရိက (Latin america) မှာ အကျိုးအများကြီး ရပါတယ်။ သူက စပိန်(Spain) ကို ဝင်တိုက်တော့ စပိန်အစိုးရဟာ သိပ်အားနည်းသွားလို့ သူ့ကိုလိုနီတွေ ရှိရာ လက်တင်အမေရိကကို ရှေးကလို ထိထိရောက်ရောက် မထိန်းကွပ်နိုင်တော့ပါ။

အဲဒီအခါ တကယ် (defacto) မကြေညာပေမယ့် လက်တင်အမေရိက ကိုယ်ပိုင်အုပ်ချုပ်ရေး (Autonomy) အတွက် လွတ်လပ်ရေးကြိုးပမ်းမှုတွေ စလာပါတော့တယ်။

နပိုလီယန် ဆောင်ရွက်သမျှမှာ အရှည်ကြာဆုံး၊ အဖိုးတန်ဆုံး ကိစ္စကတော့ သူ့ပဓာနစီမံကိန်းနဲ့ ဘာမှ မဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ နပိုလီယန်က ၁၈၀၃ မှာ အမေရိကန်ပြည်ထောင်စု (USA) ကို မြေတွေ အများကြီး ရောင်းပါတယ်။ မြောက်အမေရိကမှာရှိတဲ့ ပြင်သစ် ပိုင်နက်ကို ဗြိတိသျှက သိမ်းမယူဘူးလို့ မပြောနိုင်၊ သူ့မှာလည်း ငွေအကျပ်အတည်းရှိနေတယ်။ ဒီတော့ လူဝီစီယားနား အဝယ် (Lousiana Purchase) ဆိုတဲ့ သမိုင်းမှာ မကြုံဖူးတဲ့ အသာတကြည် မြေဧရိယာ အများကြီးကို လက်ကူးလက်ပြောင်းလုပ်ကြတော့ အမေရိကန်ပြည်ထောင်စုဟာ တိုက်ကြီးတစ်တိုက်နီးပါး (near continatal size) ကြီးမားကျယ်ပြန့်သွားပါတယ်။ ဒီလူဝီစီယားနား အဝယ်သာ မဖြစ်ခဲ့ရင် အမေရိကန် ပြည်ထောင်စု (USA) ဘယ်လိုနေမလဲလို့ အစဉ်းစား ရခက်ပါတယ်။ အခုနဲ့တော့ အများကြီး ကွာခြားတဲ့ဒေသ ဖြစ်စရာအကြောင်းရှိပါတယ်။ အမှန်ပြောရရင် ဒီလူဝီစီယားနား အဝယ်သာ မဖြစ်မြောက်ခဲ့ရင်၊ အမေရိကန် ပြည်ထောင်စုဟာ အခုလို ကမ္ဘာ့တန်ခိုးကြီးနိုင်ငံ ဖြစ်လာနိုင်စရာ မရှိလို့ ထင်စရာ ရှိပါတယ်။

Napoleon Bonaparte Napoleon Bonaparte was a popular soldier in the French military who supported the republic In. - ppt download

နပိုလီယန်တစ်ဦးတည်း ဒီလူဝီစီယားနား အဝယ်ကို ဆောင်ရွက်တာတော့ မဟုတ်ပါ။ အမေရိကအစိုးရက တစ်ဖက် ကလည်း စိတ်ပါဝင်စားတယ်။ ဒါပေမယ့် ပြင်သစ်က စျေးပေါပေါ ပေးနေတော့ ဘယ်အစိုးရဖြစ်ဖြစ် ဝယ်မှာပါပဲ။ ပြင်သစ်က ရောင်းမယ်လို့ ဆိုရာမှာတော့ နပိုလီယန်ဘိုနာပတ် (Napoleon Bonaparte) တစ်ဦးတည်း ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

4, October, 2000.

ဒေါက်တာသန်းထွန်း ၏ကျော်စွာတစ်ရာ မှ

Comments