NICOLAUS COPERNICUS (1473 – 1543)
နီကိုလာ့စ် ကော်ပါးနိကပ်စ်
ပိုလန်နိုင်ငံသား နက္ခတ္တဗေဒပညာရှင်ကြီး နီကိုလာ့စ် ကော်ပါးနိကပ်စ် (Nicolaus Copernicus, Mikdaj Kopernik) ကို ပိုလန် (PoLand) နိုင်ငံ ဗစ်ကျူလာ (Vistula) မြစ်၊ တိုရုန် (Torun) မြို့မှာ ၁၄၇၃မှာ မွေးဖွားခဲ့ပါတယ်။ လူရတတ်မိသားစုက ပေါက်ဖွားတာ ဖြစ်တယ်။ လူရွယ်ဘဝက ကရာကိုး (Cracow) တက္ကသိုလ်မှာ နေစဉ်ကပဲ နက္ခတ္တဗေဒကို စိတ်ပါဝင်စား ခဲ့တယ်။ အသက်အစိတ်လောက်မှာ အီတလီကို သွားပြီး၊ ဗိုလိုညာ (Bologna) နဲ့ ပဒူဝါ (Padua) တက္ကသိုလ်တွေမှာ ဥပဒေနဲ့ ဆေးပညာ သင်တယ်။ နောက်ဆုံး ဖာရာရာ (Ferrara) တက္ကသိုလ်က ခရစ်သာသနာဥပဒေပါရဂူဘွဲ့( doctorate of canon law) ကို ရခဲ့တယ်။ အဲဒီနောက် အရွယ်ကြီးရင့်တဲ့အထိ ဖရောအင်ဘာ့ခ် (Frauenburg) ဘုရားကျောင်းတော် ဝန်ထမ်း ကျမ်းစာသင်ဆရာ ဖြစ်ခဲ့ပါတယ်။
[caption id="" align="aligncenter" width="635"] ကော့ပါးနိကပ်စ်[/caption]Heliocentric hypothesis
ကော်ပါးနိကပ်စ်ဟာ နက္ခတ်ဆရာ အဖြစ်နဲ့ အသက် မွေးဝမ်းကျောင်း မပြုခဲ့ဖူးပါ။ သူ့ကို သိပ်နာမည်ကြီးစေခဲ့တဲ့ ကျမ်းကို သူက အချိန်ပိုမှာ ရေးခဲ့တာ ဖြစ်ပါတယ်။ အီတလီမှာ သူနေခဲ့စဉ်က ဂရိဒဿနိကဆရာ စမော့စ် (Samos) နယ်သား (ခရစ်မပေါ်မီ သုံးရာစုနှစ်က ထွန်းကားခဲ့သူ) အရိစ်တာကပ်စ် (Aristarchus) က နေကိုဗဟိုပြုပြီး ကမ္ဘာမြေကြီး အစရှိတဲ့ဂြိုဟ်တွေဟာ လှည့်ပတ် နေတယ်ဆိုတဲ့ စိတ်ကူး (Idea) ကို ပြောကြောင်း၊ သူ စတင် သိရှိခဲ့ပါတယ်။ အဲဒီနေကို ဗဟိုပြုမူကြမ်း (heliocentric hypothesis) ဟာ မှန်ကန် ရမယ်လို့ ကော်ပါးနိကပ်စ် သေသေချာချာ ယုံကြည်တယ်။ နောက် အသက်လေးဆယ် လောက်မှာ ဒီအကြောင်းကို သူသိသမျှ ရှေ့ပြေးဖော်ထုတ် ရေးသားတဲ့ လက်ရေးစာမူ တစ်ခုကို ရင်းနှီးတဲ့မိတ်ဆွေတွေ ဖတ်ဖို့ ပေးပါတယ်။
[caption id="" align="aligncenter" width="570"] Heliocentrism[/caption]On the Revolution of the Celestial Spheres
ကော်ပါးနိကပ်စ်ဟာ နှစ်ပေါင်းများစွာ အချိန်ယူပြီး စောင့်ကြည့်လေ့လာခြင်း၊ တွက်ချက်ခြင်းတွေ လုပ်ပြီးမှ အာကာသ စက်လုံးတွေရဲ့ လှည့်ပတ်ခြင်း အကြောင်း (On the Revolution of the Celestial Spheres) ကို ရေးသား ပြုစုပါတယ်။ အဲဒီစာအုပ်ကြီးထဲမှာ သူ့သီအိုရီကို အသေးစိတ် အထောက်အထား တွေနဲ့ ပူးတွဲဖော်ပြ ရေးသားခဲ့ပါတယ်။ အသက်ခြောက်ဆယ် အရွယ် ရောက်လာတဲ့ ကော်ပါးနိကပ်စ် ဟာ ရောမ (Rome) မှာသွားပြီး ဟောပြောပွဲတွေ အစဉ်တစိုက်လုပ်တယ်။ သူ့သီအိုရီမှာ အခြေခံကျတဲ့အချက်တွေကို ပုပ် (Pope) ရဟန်းမင်းကြီး မနှစ်သက်မှာကို မရွံ့မကြောက် တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အသက် ခုနှစ်ဆယ်နီးခါမှ အဲဒီကျမ်းကြီးကို ပုံနှိပ်ဖို့ ဆုံးဖြတ်ပါတယ်။ ပုံနှိပ်ထုတ်ဝေသူထံက ပထမ စာအုပ်ကို သူသေတဲ့ ၂၄ မေ ၁၅၄၃ ရောက်မှ ရရှိသွားပါတယ်။
အဲဒီစာအုပ်ထဲမှာ ကော်ပါးနိကပ်စ် ပြောပြတဲ့ အတိုင်း နေဟာ သူ့ဝင်ရိုးတန်း (Axis) ပေါ်မှာ လှည့်နေတယ်။ လက မြေကမ္ဘာကိုပတ်ပြီး လှည့်နေတယ်။ မြေကမ္ဘာနဲ့တကွ အခြားဂြိုဟ်တွေ ကလည်း နေကို ဝိုင်းလှည့်နေကြတယ်ဆိုတာ အတိအကျ ဖော်ပြ ရေးသား ထားပါတယ်။ ဒါပေမယ့် သူ့ရှေ့ကသွားသူတွေ အတိုင်း နေအဖွဲ့အစည်း (Solar System) နဲ့ စကေး (Scale အချိုး) ကိုတွက်တာ မမှန်ဘူး။ ပြီးတော့ လှည့်တယ်ဆိုတိုင်း ပတ်လမ်း (Orbit) ဟာ တစ်ပြိုင်နက် စက်ဝန်းကြီး (circles) ၊ စက်ဝန်းငယ် (epicycles) လှည့်ပတ်နေတယ်လို့ ပြောတာတော့ မှားတယ်။ ဒါနဲ့ သူ့သီအိုရီဟာ သင်္ချာနည်း အရ ရှုပ်နေရုံမျှမက မှားနေတယ်။ ဒါပေမယ့် ဒီကျမ်းကို ချက်ချင်း စိတ်ပါဝင်စား သူတွေ ပေါ်လာတယ်။
လက်တွေ့တွက်ချက်ပြခြင်း
တခြား နက္ခတ္တဗေဒဆရာတွေ၊ အထူးသဖြင့် ဒိန်းမတ်(Denmark) နက္ခတ္တပညာရှင်ကြီး တိချိုဗရတ် (Tycho Brahe) တို့ လှုပ်ရှားလာကြပြီး၊ ဂြိုဟ်သွား ဂြိုဟ်လာကို ပိုမို တိကျအောင် လေ့လာ တွက်ချက် ကြပါတယ်။ စောင့်ကြည့်လို့ သိရတဲ့အချက်တွေ (Observational data) ကို စုပေါင်းပြီးပေးသူက တိချို ဖြစ်မယ်။ ဂျိုဟန်နစ်ကက်ပလာ (Johannes Kepler) က ဂြိုဟ်သွားဂြိုဟ်လာ (planetary motion) ရဲ့ နောက်ဆုံးပုံစံ အမှန်ကို ဖော်ထုတ်ပေးပါတယ်။ စမော့စ်နယ်သား အရီစ့်တာကပ်စ် (Aristarchus) က စတင်ဖော်ထုတ်တဲ့ နေကိုဗဟိုပြုမူကြမ်းက ကော်ပါးနိကပ်စ်ထက် ရာစုနှစ် တစ်ဆယ့်ခုနစ်နှစ် စောပေမယ့် လူအများက ကော်ပါးနိကပ်စ်ကိုပဲ ဒီသဘောတရားကို စတင် ဖော်ထုတ်သူလို့ ဝိုင်းပြီး ဂုဏ်ပြုကြတာလည်း စင်စစ် မမှားပါ။ အရိစ်တာ့ကပ်စ်က ဒီစိတ်ကူးကို ကတ်သီးကတ်သပ် ကြံဆပြီး ဖော်ထုတ်ပေမယ့် သက်ဆိုင်ရာ အသေးစိတ် ဆွေးနွေးတင်ပြချက်ကို လုံလောက်အောင် မပေးနိုင်လို့ သိပ္ပံနည်းကျ အသုံးချမရဘဲ ရှိခဲ့ရတယ်။
ကော်ပါးနိကပ်စ်က မူကြမ်းကို သင်္ချာနည်းနဲ့ အသေးစိတ်တွက်ပြတော့မှ အသုံးဝင်တဲ့ သိပ္ပံသီအိုရီတစ်ခု ဖြစ်လာပါတယ်။ ရှေ့ကို တင်ကြိုပြီး ဂြိုဟ်သွားဂြိုဟ်လာကို တွက်ယူလို့ ရတယ်။ နက္ခတ္တဗေဒမျှော်စင်တွေက တွက်ယူကိန်းတွေ မှန်မမှန် စောင့်ကြည့်ပြီး စစ်ဆေး နိုင်တယ်။ အဲဒီတော့မှ ရှေးက အယူဖြစ်တဲ့ မြေကမ္ဘာ (Earth) ဟာ စကြဝဠာ (Universe)ရဲ့ ဗဟိုဖြစ်တယ် ဆိုတာကို အဓိပ္ပာယ်ရှိရှိ နှိုင်းယှဉ်ကြည့်ပြီး၊ မှန်မမှန် ပြောနိုင်တာ ဖြစ်ပါတယ်။
ခေတ်သိပ္ပံလောကအပေါ်သက်ရောက်မှု
ကော်ပါးနိကပ်စ်ရဲ့ သီအိုရီကြောင့် စကြဝဠာ ဆိုင်ရာ အယူဟောင်းကို ဖယ်ထုတ်ပြီး၊ ဒဿနိက အမြင်အားလုံးကို အကြီးအကျယ် ပြောင်းလဲ စေခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းတစ်ခု သတိထားစရာက နက္ခတ္တဗေဒ တစ်ခုတည်းကို ရူပဗေဒ၊ ဓာတုဗေဒနဲ့ သတ္တဗေဒတို့လို ကျယ်ကျယ်ပြန့်ပြန့် လုပ်စရာကိစ္စမရှိပါ။ တစ်မျိုး ပြောရင် (ကမ္ဘာက နေကို ပတ်သလား စသဖြင့် …) မှန်အောင် မသိလည်း ရုပ်မြင်သံကြားစက် (television set)၊ စက်မောင်းရထား (Automobile) နဲ့ ခေတ်ဓာတုဗေဒ စက်ရုံတွေက ကော်ပါးနိကပ်စ် သီအိုရီကို လုံးဝ မသိပေမယ့် ကောင်းကောင်း တပ်ဆင်နိုင်တယ်။ (ဖာရာဒေး၊ မက်စ်ဝဲလ်၊ လဗွိုင်ဆာနဲ့ နယူတန်တို့ စိတ်ကူးတွေ မပါဘဲ အပေါ်က ပြောခဲ့တဲ့ ပစ္စည်းတွေကို တည်ဆောက်လို့ မရပါ။)
ကော်ပါးနိကပ်စ်ကြောင့် တိုက်ရိုက် အကျိုးသက်လားမှု ဘာရှိသလဲလို့ ရှာရင် တွေ့မှာ မဟုတ်ပါ။ ဒီလိုဆိုတိုင်း သူ့ဆောင်ရွက်ချက်ဟာ အလဟဿဖြစ်ရမှာလား၊ ကော်ပါးနိကပ်စ် ရေးတဲ့ကျမ်းဟာ ဂယ်လီလီယို (Galileo)နဲ့ ကက်ပလာ (Capler) တို့ရဲ့ကျမ်းတွေအတွက် တကယ် အသုံးကျတဲ့ အချီးနိဒါန်း ဖြစ်ပါတယ်။
အဲဒီနှစ်ကျမ်းကလည်း နယူတန် ပေါ်ထွန်းဖို့ လမ်းပြပေးခဲ့ပါတယ်။ အဲဒါတွေသုံးပြီး နယူတန်က လှုပ်ရှားမှုနဲ့ ဆွဲငင်မှုဥပဒေ (Laws of motion and gravitation)ကို ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။
သမိုင်းနည်းအရ ပြောရရင် အာကာသ စက်လုံးတွေရဲ့ လှည့်ပတ်ခြင်းအကြောင်းဟာ ခေတ်နက္ခတ္တဗေဒရဲ့ အစဖြစ်ပါတယ်။ ဒါထက်ပိုပြီး အရေးပါတာက ခေတ်သိပ္ပံရဲ့အစ ဖြစ်ပါတယ်။
[caption id="" align="alignnone" width="1045"] ကော်ပါနီးကပ်စ်အထိန်းအမှတ်ရုပ်ထု[/caption]ဒေါက်တာသန်းထွန်း၏ ကျော်စွာ ၁၀၀ မှ
Comments
Post a Comment