MARTIN LUTHER (1483 – 1546)

 


မာတင်လူသာ (၁၄၈၃ - ၁၅၄၆)

MARTIN LUTHER (1483 – 1546)

မာတင်လူသာ (Martin Luther)က ရောမ ကက်သလစ် ကျောင်းတော်ကို စတင် အာခံတဲ့အတွက် ပရိုတက်စတင့်တော်လှန်ရေး (Protestant Revolution) ပေါ်ပေါက် လာရပါတယ်။ သူ့ကို ဂျာမနီနိုင်ငံ အိုင်စဲဗဲန် (Eisleben) မြို့မှာ ၁၄၈၃ က မွေးဖွားခဲ့ပါတယ်။ တက္ကသိုလ် ပညာ ကောင်းကောင်းရခဲ့ပြီး ခေတ္တခဏလောက် (ဖခင်ရဲ့ တိုက်တွန်းချက် ကြောင့်) ဥပဒေပညာ သင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဥပဒေပညာကို ကုန်အောင်မသင်ပဲ သြဂတ်စတိနိယန် (Augustinian) ရဟန်းဘောင်ကို ကူးပြောင်းဝင်ရောက်ခဲ့ပြီး ၁၅၁၂မှာ ဂန္တန္ဓရပါရဂူဘွဲ့ (Doctor of Theology) ကို ဝတ်တင်ဘာ့ခ် (Wittenberg) တက္ကသိုလ်က ရခဲ့ပြီး မကြာမီ အဲဒီတက္ကသိုလ်ပညာ အသိုင်းအဝိုင်း (faculty) ကို ရောက်သွားပါတယ်။

Ninety-five Theses

တဖြည်းဖြည်း ကျောင်းတော်အပေါ်မှာ မကျေနပ် ချက်တွေ ပွားများလာတယ်။ ရောမကို ၁၅၁၀ ပြည့်နှစ်မှာ ရောက်သွားတဲ့အခါ ရောမဘုန်းကြီး (Roman Clergy) တွေ လူဝတ်ကြောင်နဲ့မခြား ပေါ့ပျက် ဆိုးသွမ်းနေတာတွေ တွေ့ရှိတဲ့အခါ အင်မတန် တုန်လှုပ်ချောက်ချားသွားတယ်။ ဒါပေမဲ့ ကျောင်းတော်လုပ်ပုံတွေကို စတင် ကန့်ကွက် ရမယ်လို့ နှိုးဆော်တဲ့ အကြောင်း ကတော့ ကျောင်းတော်က ခွင့်လွှတ်လွှာ (indulgence)တွေ ရောင်းတဲ့ကိစ္စဖြစ်ပါတယ်။ (ခွင့်လွှတ်လွှာ ဆိုတာက အပြစ်ရှိပေမယ့် ဒဏ်က ကင်းလွတ်စေသတည်းလို့ ကျောင်းတော်က ရွေးနုတ်ပေးတယ်။ ဒဏ်ကျရင်လည်း စတိလောက် အချိန်တိုတိုပဲ ခံရအောင် ပြောပေးမယ် ဆိုတဲ့ သဘောဖြစ်တယ်။) လူသာက ၃၁ အောက်တိုဘာ ၁၅၁၇ မှာ နာမည်ကျော် စွဲချက် ကိုးဆယ့်ငါးချက် (Ninety-five Theses) ရေးပြီး ဝတ်တင်ဘာ့ခ် ကျောင်းတော်တံခါးမှာ သွားပြီး ချိတ်ဆွဲခဲ့တယ်။ ကျောင်းတော်ရဲ့ သိမ်ဖျင်းယုတ်ညံ့တဲ့ အမူအကျင့်တွေကို အထွေထွေ စာရင်းလုပ်ပြီး အပြင်းအထန် ရှုတ်ချတဲ့အပြင် ခွင့်လွှတ်လွှာ ရောင်းချတာကို အတိအကျ ဖော်ထုတ် တိုက်ခိုက် ပါတယ်။

Reformation Day around the world in 2021 | Office Holidays

စွဲချက်ကိုးဆယ့်ငါးချက် မိတ္တူတစ်စောင် ရေးကူးပြီး မိန့်(Mainz) သာသနာပိုင်ချုပ် ဆီကိုပို့တယ်။ နောက်ဒီစွဲချက်တွေကို ပုံနှိပ်ပြီး နယ်တွင်း အနှံ့အပြား ပေးဝေ ပါသေးတယ်။ လူသာရဲ့ ကျောင်းတော်ကို ကန့်ကွက်ချက်ဟာ တဖြည်းဖြည်း ကြီးကျယ်လာပြီး ရဟန်းမင်းရဲ့ Pope သြဇာကိုမခံလို့ အတိအလင်းပြောတဲ့ အထိ ဖြစ်လာပါတယ်။ ကျောင်းတော်ရဲ့ ကောင်စီချုပ် (General Church Council) တွေကိုပါ မလေးစားနိုင်တော့ပါ။ သမ္မာကျမ်းစာ တစ်ခုတည်းကိုသာ ရှေ့ဆောင်လမ်းပြသုံးမယ်၊ ရိုးရိုးအတွေးနဲ့ ဟုတ်မဟုတ် ဆုံးဖြတ်မယ်လို့ ပြောတဲ့အထိ ဖြစ်လာတယ်။

ကျောင်းတော်က ဘယ်နည်းနဲ့မှ ဒါမျိုးကို ကျေကျေနပ်နပ် လက်သင့်ခံမှာမဟုတ်ပါ။ လူသာကို ကျောင်းတော် အရာရှိတွေက ရှေ့မှောက်ကို လာရမယ်လို့ ဆင့်ခေါ်ပြီး အကြိမ်ကြိမ် စစ်ဆေးကြားနာပြီး အယူကိုစွန့် (recant) ဖို့ အမိန့်ချတယ်။ နောက်ဆုံး မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြီး ဝမ်းလွှတ်တော် (Diet of Worms)က ၁၅၂၁ မှာ ဥပဒေချိုးဖောက်သူ (outlaw) လို့ ဆုံးဖြတ်ပြီး သူရေးသမျှကို ဖျက်ဆီးရမယ်လို့ ကြေညာ ပါတယ်။

ဒီလိုအရေးယူခံရပြီဆိုရင် လူသာကို ကားစင် တင်ပြီး မီးလောင်တိုက်သွင်းဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျာမန်လူမျိုး အများကြီးက သူ့ကို ထောက်ခံတယ်။ နယ်ရှင်ပယ်ရှင် တန်ခိုးကြီး မင်းသားကြီးတချို့လည်း သူ့ဘက်သားတွေ ဖြစ်နေတယ်။ လူသာဟာ တစ်နှစ်လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ သူ့ကို ဂျာမနီမှာ အားပေးသူများလို့ ကြီးကျယ်တဲ့ အပြစ်ဒဏ် မပေးရဲပါ။

Reformation Day Resources | Emmanuel Community Church

ပြုပြင်ရေးအတွေးအခေါ်များ

လူသာကလည်း စာရေးတဲ့နေရာမှာ သိပ်သွက် တယ်။ သူရေးသမျှဟာ လူအများ လိုက်နာအောင် ဆွဲဆောင်နိုင်တယ်။ သြဇာ ရှိတယ်။ သူရေးတဲ့ ကျမ်းတွေထဲမှာ အရေးအပါဆုံး ကတော့ သမ္မာကျမ်းကို ဂျာမန်ဘာသာ ပြန်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းကြောင့် စာတတ်သူတိုင်း ကျမ်းစာတွေကို ကျောင်းတော် (Church) နဲ့ ဘုန်းကြီး (Priests) မပါဘဲ ဖတ်နိုင်ပါတယ်။ လူသာရဲ့ ဘာသာပြန်ဟာ ဂျာမန်ဘာသာစကားနဲ့စာပေကို အများကြီး ကျေးဇူးပြုနိုင်တဲ့ ကျမ်းဖြစ်လာပါတယ်။ လူသာရဲ့ ကျမ်းဂန် အယူအဆကို အခုလို အတိုကလေး ရှင်းရုံနဲ့ ဘယ်လိုမှ နားမလည်နိုင်ပါ။

[caption id="" align="alignnone" width="1000"]Luther Bible - Wikipedia လူသာရေးတဲ့ Bible[/caption]

သူ့သော့ချက်ကတော့ ‘ယုံကြည်ချက် တစ်ခုတည်းနဲ့ အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်’ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီတွေးတောချက်ကို လူသာက စိန့်ပေါလ် ရေးတဲ့ စာတွေ ထဲမှာ တွေ့ရှိတယ်။ ဒါကို ဆုပ်ကိုင်ထားတယ်။ လူသာက လူ့သဘာဝဟာ ပင်ကိုကပဲ အပြစ်နဲ့ ညစ်နွမ်းနေလို့ ကောင်းတဲ့ အလုပ်တစ်ခုတည်းနဲ့ ငရဲမှ ကင်းလွတ်တော့လို့ မကယ်နိုင်။ လွတ်မြောက်ခြင်း (Salvation)ကို ယုံကြည်မှုကရမယ်။ ထာဝရဘုရား (God selling indulgences) သာလျှင် ကယ်တင် နိုင်တယ်။ ဒီလိုဆိုရင် ကျောင်းတော်က ကင်းလွတ်ခွင့် ရောင်းနေဖို့ မသင့်၊ အကျိုးမရှိ။

အမှန်ကိုပြောရင် ခရစ်သာသနာဝင် တစ်ဦးနဲ့ ထာဝရဘုရားကြားမှာ ကျောင်းတော်ဟာ မရှိမဖြစ်၊ ကြားကနေရမယ်လို့ အစဉ်အလာ ယူဆတာဟာ မှားတယ်။ လူသာရဲ့အယူကို လိုက်ရင် ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ဖြစ်ပျက်ခြင်း မူလ အကြောင်းအရာ (raison detre) ဟာ တစ်ခါတည်း ပျက်စီးတိမ်ကော သွားမယ်။ ကျောင်းတော် မရှိလျှင် ဖြစ်တယ်လို့ ပြောတဲ့အပြင် ကျောင်းတော်ရဲ့ ယုံကြည် ဆောင်ရွက်ချက် များစွာကို အတိအကျ ဖော်ပြပြီး ဆက်လက် မလုပ်သင့်ကြောင်း ပြောဆိုတယ်။ ဥပမာ - အပြစ်က စင်ကြယ်သွားအောင် ပြုပြင်ပေးတဲ့ နေရာရယ်လို့ နေရာသီးခြားရှိ။ ဘုန်းကြီး (ကလာဂျီ clergy) တွေ အိမ်ထောင် မပြုရလို့ တားဆီးတာတွေကို မပြုရလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း အရင်က သီလရှင်နန်း (non) လူထွက်တစ်ယောက်ကို လက်ထပ်ပြီး ကလေး ခြောက်ယောက် ရပါတယ်။ လူသာဟာ သူ့ဇာတိမြို့ ဖြစ်တဲ့ အိုင်စဲဗဲန်မှာပဲ ၁၅၄၆ မှာ ကွယ်လွန် သွားပါတယ်။

Martin Luther's Early Years: Did You Know? | Christian History

မာတင်လူသာဟာ အမှန်ကတော့ ပေါ်ပေါက် လာတဲ့ ကန့်ကွက်သူ (protestant) အမည်ခံ တွေးခေါ်ပညာရှင် တစ်ယောက် မဟုတ်ပါ။ သူ့ထက် နှစ်တစ်ရာစောပြီး ကျောင်းတော်ကို ဝေဖန်သူ ယန်ဟာ့စ် (Jan Hus) ဟာ ဘိုးဟေးမီးယား (Bohemia) မှာ ပေါ်ခဲ့တယ်။ တစ်ဆယ့်လေး ရာစုနှစ်တုန်းက အင်္ဂလန်မှာ ပညာရှင် ဂျွန်ဝိကလစ် (John Wycliffe) ဟာ ကျောင်းတော်ကို ဝေဖန်ဖူးတယ်။ တစ်ဆယ့်နှစ် ရာစုနှစ်က ပြင်သစ် အမျိုးသား ပီတာဝါလ်ဒို (Peter Waldo) ကို အစောဆုံး ကန့်ကွက်သူလို့ အမှန်တကယ် ခေါ်ရမှာပါ။

ဒါပေမယ့် အဲဒီလို ရှေးက ပြောဆိုလှုပ်ရှား ခဲ့တာတွေက မကျယ်ပြန့်၊ ဒေသအလိုက် ကွက်ကွက်ကလေးပဲ ရှိခဲ့တယ်။ ၁၅၁၇ ရောက်တဲ့ အခါမှာတော့ ကက်သလစ် ကျောင်းတော်ကို မကျေနပ်သူတွေက နေရာအနှံ့ဆိုသလို အများအပြား ရှိနေပြီဖြစ်လို့ လူသာ ပြောလိုက်တဲ့ စကားတွေက သံကြိုးကွင်းဆက်လို အနှံ့အပြား အကွာအဝေး မီးထတောက်အောင် မီးတို့ ပေးသလိုဖြစ်ပြီး ဥရောပအနှံ့ ပျံ့သွားပါတယ်။

ဒါကြောင့် လူသာကိုပဲ ပြုပြင်ရေးကို အစပြုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ခေါ်သင့်ခေါ်ထိုက် ပါတယ်။

 အကျိူးဆက်များ

ပြုပြင်ရေး (Reformation) ရဲ့အဆက်၊ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ ကန့်ကွက်ဂိုဏ်း (Protestant Sect) တွေ အများကြီး ပေါ်ပေါက် လာပါတယ်။ အမှန်တကယ်က ကန့်ကွက်ဝါဒ (Protestantism) ဟာ ပင်မဖြစ်တဲ့ ခရစ်ဝါဒရဲ့ အကိုင်းအခက်တစ်ခု ဖြစ်တယ်။ ဒါပေမယ့် အကိုင်းအခက်တွေ အင်မတန်များတယ်လို့ မပြောနိုင်ပါ။ အဲဒါအပြင် ဗုဒ္ဓသာသနာကို ယုံကြည်တဲ့လူထက် ကန့်ကွက်ဝါဒကို လက်ခံသူက ပိုများတယ်။ တကယ် ကတော့ အခြားအယူဝါဒအများစုထက် ပိုပြီးများပါတယ်။

ပြုပြင်ရေးရဲ့ ဒုတိယ အရေးပါတဲ့ အကျိုးဆက်က ဥရောပမှာ သာသနာရေးစစ်ပွဲတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပါတယ်။ (နမူနာပြောရရင် ၁၆၁၈က ၁၆၄၈ ထိ ဂျာမနီမှာ ပေါ်ပေါက်ခဲ့တဲ့) နှစ်သုံးဆယ်စစ် (Thirty Years War) ဟာ အင်မတန် ရိုင်းစိုင်းရက်စက်တဲ့ သတ်ဖြတ်ပွဲကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ တကယ် တိုက်ခိုက်တဲ့ စစ်တွေ အပြင် ကက်သလစ်နဲ့ ပရိုတက်စတင့် နိုင်ငံရေးမှာ ပြိုင်ဆိုင် ကြတာတွေပဲ ဥရောပမှာ နောက်ထပ် နှစ်ပေါင်း ရာနဲ့ချီပြီး အချိန်အကြာကြီး ဖြစ်ပွားနေပါတယ်။

Europe's apocalypse: the Thirty Years' War - HistoryExtra

ပြုပြင်ရေးဟာ အနောက်ဥရောပမှာ ဉာဏ်ပညာ ထွန်းကားလာခြင်းကို ပေါ်ပေါက်စေတဲ့ အကြောင်းအချက် ထဲမှာ အရေးပါပြီး ထက်မြက်တဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ ရောမကက်သလစ်ကျောင်းတော်အမည်နဲ့ ၁၅၁၇ မတိုင်မီက အများ အသိမှတ်ပြုပြီး ခိုင်ခန့် တည်မြဲတဲ့ ကျောင်းတော်ဆိုလို့ ဒီတစ်ခုပဲရှိပြီး အဲဒီကျောင်းတော်က ဖဲ့ထွက်သူပေါ်ကို မိစ္ဆာဒိဋ္ဌိ (heretics) လို့ သတ်မှတ် လိုက်တယ်။ ဒီအခြေအနေ အတိုင်းဆိုရင် လွတ်လပ်စွာ တွေးခေါ်လို့ မဖြစ်၊ ဒါမျိုးကို အားမပေး အခွင့်မပြု ဆိုသလို အဟန့်အတား ဖြစ်နေတယ်။ ပြုပြင်ရေး ပြီးချိန်ကစပြီး နိုင်ငံပေါင်း များစွာမှာပဲ ယုံကြည်မှုမှာ လွတ်လပ်စွာ တွေးခေါ်ရမယ်ဆိုတဲ့ အခြေခံ သဘောကို လက်ခံလာကြပြီး တခြား အကြောင်းအရာတွေမှာပဲ အနှောင့်အယှက်မရှိ၊ အန္တရာယ် ကင်းတယ်လို့ တွေးခေါ်လာကြတယ်။

သတိပြုသင့်တဲ့ တခြားအကြောင်းအချက် တစ်ခု ရှိပါသေးတယ်။ ဒီကျော်စွာ တစ်ရာစာရင်းမှာ အများစုက ဂရိတ်ဗြိတိန်က ပုဂ္ဂိုလ်တွေဖြစ်ပြီး ဂျာမနီက ဒုတိယ လိုက်ပါတယ်။ အဲဒါအပြင် ဒီစာရင်းပါလူတွေ အများစုက မြောက်ဥရောပနဲ့ အမေရိကမှာရှိတဲ့ ပရိုတက်စတင့် နိုင်ငံတွေက လူတွေပဲ များနေတယ်။ အဲဒါအပြင် (ဂုတန်ဗတ်) နဲ့ သျှာလမိန်တို့ နှစ်ဦးပဲ ၁၅၁၇ မတိုင်မီက ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရက် မတိုင်ခင်က ဆိုရင် ဒီကျော်စွာ စာရင်းထဲမှာ တခြားကမ္ဘာက လူတွေပဲ ပါဝင်ခဲ့တယ်။ အခု ပရိုတက်စတင့်နိုင်ငံတွေက လူတွေဟာ လူ့ဓလေ့ သမိုင်းမှာ ဘာမျှ ထွန်းထွန်းပေါက်ပေါက် လုပ်ခဲ့ဖူးပုံ မပေါ်ပါ။ အဲဒီတော့ ထင်ရှားလာတဲ့ အချက်က ပရိုတက်စတင့် ဝါဒခေါ်တဲ့ ပြုပြင်ရေးဟာ အရင်အနှစ် ၄၅၀ အတွင်းက အင်မတန် ထင်ရှားတဲ့လူတွေ အများကြီး ပေါ်လာအောင် စေ့ဆော် ပေးခဲ့တယ်လို့ တစ်နည်းတစ်လမ်း ပြောရမလို ဖြစ်နေပါတယ်။ ဒီဒေသတွေမှာ ဉာဏ်ကို လွတ်လပ်ကျယ်ပြန့်စွာ တွေးနိုင်ခွင့် ရှိလို့ဆိုတဲ့အချက်ဟာ အင်မတန် အရေးပါတဲ့ အခြင်းအရာ တစ်ခု ဖြစ်လာပါတယ်။

လူသာဟာ အလုံးစုံမှန်သူလား

လူသာကို အပြစ်ကင်းစင်သူလို့ မပြောနိုင်ပါ။ သူကိုယ်တိုင်က သာသနာရေးမှာ အရာ ရောက်သူ၊ အာဏာပိုင်တွေကို တော်လှန် ပုန်ကန်ခဲ့ပေမယ့် သာသနာရေး ဆွေးနွေးရာမှာ သူနဲ့ သဘောမတူတဲ့ လူတွေကို နည်းနည်းမှ သည်းခံပြောဆိုလေ့ မရှိသူဖြစ်ပါတယ်။ သူ့ရဲ့ သည်မခံစိတ်ကို အတုယူပြီး ဂျာမနီမှာ သာသနာရေး စစ်တိုက်ကြတဲ့အခါ သိပ်ပြင်းထန် ရက်စက်ကြတယ်လို့ ပြောရင် ဖြစ်နိုင်တယ်။

ဘာပြုလို့လဲဆိုတော့ အင်္ဂလန် လိုနေရာမှာတော့ ဂျာမနီမှာလောက် ပြင်းထန်ရက်စက်ခြင်း မရှိပါ။ ပြီးတော့ လူသာဟာ ဆိမိတစ်ဆန့်ကျင်ရေး (Anti-Semitic) မှာလည်း ပြင်းထန် ရက်စက်တယ်။ အဲဒါကြောင့် နောင်အခါ နှစ်ဆယ် ရာစုနှစ်အတွင်း ဂျာမနီမှာ ဟစ်တလာခေတ် အတွက် လမ်းခင်းပေးသလို ရှိမယ် လို့လည်း တွေးထင်နိုင်ပါတယ်။

[caption id="" align="aligncenter" width="250"]Nazi Propaganda Depicting Martin Luther | Facing History and Ourselves မာတင်လူသာပုံနှင့် နာဇီဝါဒဖြန့် poster[/caption]

လူသာဟာ မကြာခဏ တရားရုံးတော်ရဲ့ အာဏာကို လေးစားဖို့ လိုကြောင်း အလေးအနက် ပြောလေ့ရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ကျောင်းတော် (Church) က အစိုးရအုပ်ချုပ်ရေး အာဏာကို လွှမ်းမိုးချယ်လှယ်ခဲ့တာကို ဦးတည် တိုက်ခိုက်လိုတဲ့ အတွက် ဖြစ်ဟန်တူပါတယ်။ ပြုပြင်ရေး (reformation) ဟာ ဓမ္မသဘော ငြင်းခုံတင်သက်သက် မဟုတ်ဘူး။ ဂျာမနီ အမျိုးသား သူပုန်တွေ ရောမ လွှမ်းမိုးနေတာကို တိုက်ဖျက်တဲ့ပွဲ လို့လည်း ယူဆရမှာဖြစ်တယ်။ အဲဒါကြောင့် လူသာကို ဂျာမနီက မင်းသားတွေ ကူညီ ရိုင်းပင်းကြတာဖြစ်တယ်။

လူသာရဲ့ မူလ ရည်ရွယ်ချက်ကို ထောက်ထား နေစရာမလိုဘဲ သူပြောသမျှဟာ ဂျာမနီ ပရိုတက်စတင့် တွေကို နိုင်ငံရေးရာမှာ အာဏာရှင်စနစ် (Absolution) ကို လက်ခံကျင့်သုံးပါလို့ ပြောသလို ဖြစ်နေပါတယ်။ တစ်နည်းပြောတော့ လူသာ ရေးသားခဲ့တာတွေဟာ ဟစ်တလာခေတ် ကို လမ်းခင်း ပေးသလို ဖြစ်လာပါတယ်။တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်ရာစုနှစ်တွေက ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငြင်းခုံကြတာနဲ့ ခေတ်အပြိုင်လူတွေအပေါ်မှာ ရေရှည် အကျိုးပြုတဲ့သိပ္ပံပညာ စတင်ထွန်းကား နေပြီဖြစ်လို့ ခေတ်ပြိုင်လူသာ (Luther) နဲ့ ကော်ပါးနိကပ်စ် ယှဉ်တဲ့အခါ လူသာဟာ တစ်ဦးချင်း အနေနဲ့ ပရိုတက်စတင့် ပြုပြင်ရေးမှာ တွင်ကျယ်ခဲ့ပေမယ့် သိပ္ပံတော်လှန်ရေးမှာ ကော်ပါးနိကပ်စ်က ပိုပြီးတွင်ကျယ်လို့ စာရင်းထဲမှာ ရှေ့ကို ရောက်သွားရပါတယ်။

ဒေါက်တာသန်းထွန်း၏ ကျော်စွာ ၁၀၀ မှ

Comments