State Capacity and democracy transition in past 30 years
နိုင်ငံတော်စွမ်းဆောင်ရည်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်တဲ့ သဘောတရားပိုင်းစာပေတွေကတော့ အများအပြားရှိပြီးသားပါပဲ။ ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲစည်းမျဉ်းဥပဒေ၊ ပါတီတွေအကြောင်း၊ ဥပဒေပြုရေးအကြောင်း စသဖြင့် ဒီမိုကရေစီအင်စတီကျူးရှင်းတွေနဲ့ ပတ်သက်တာတွေ၊ လစ်ဘရယ်ဝါဒတည်ဆောက်ရေးမှာ အဟန့်အတားဖြစ်စေနိုင်တဲ့ အခြေခံဥပဒေတွေနဲ့ ဥပဒေပုဒ်ထီးပုဒ်မတွေအထိ ဆွေးနွေးချက်တွေရှိပါတယ်။ သီအိုရီအရဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဟာ တရားဝင်မှုရှိရမှာဖြစ်ပြီး အာဏာကို ကိန့်သတ်ထိန်းညှိဖို့ အရင်ဆုံး ရည်ရွယ်ပြီး တည်ဆောက်ပေးရပါမယ်။ နောက်ပြီး မက်စ်ဝေဘာရဲ့ နာမည်ကျော်အယူအဆဖြစ်တဲ့ ‘နိုင်ငံဆိုတာ ၎င်းကိုသတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်း တရားဝင်အင်အားတစ်ရပ်ကို အသုံးပြုခွင့်ရှိခြင်း’ (a state deploying a monopoly of legitimate coercion throughout a given territory) ဆိုတဲ့အမြင်ပေါ်မှာ ဦးတည်ထားရပါမယ်။
သို့သော် အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ အမေရိကန်နိုင်ငံခြားရေးမူဝါဒဟာ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်း မစတင်နိုင်ခင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း လုပ်ဖို့ လိုအပ်တာကို ရင်ဆိုင်ရပါတယ်။ ခက်တာက ခေတ်သစ်နိုင်ငံရေးသိပ္ပံမှာ နိုင်ငံတည်ဆောက်ရေးအယူအဆနဲ့ပတ်သက်ပြီး လက်တွေ့အသုံးပြုနိုင်လောက်အောင် များများစားစား ရှင်းပြထားတဲ့စာပေ မရှိပါဘူး။ ၂၀၀၀ ပြည့်နှစ်အလွန် အစောပိုင်းမှာ လစ်ဘရယ်ဒီမိုကရေစီကို တင်းပြည့်ကျပ်ပြည့် အောင်မြင်စွာ ကူးပြောင်းသွားနိုင်ပြီလို့ ယူဆထားတဲ့ ဟန်ဂေရီနဲ့ ပိုလန်တို့တောင် အခု နောက်ကြောင်းပြန်နေသမို့ အီရတ်နဲ့ အာဖဂန်နစ္စတန်ကို သူတို့ထက်သာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်တည်ဆောက်နိုင်ပါ့မလဲ။
ဒီနောက်တော့ အမေရိကန်နိုင်ငံခြားရေးမူဝါဒဟာ အရင်ကထက်ပိုပြီး အစစ သတိထားလာတယ်။ အာဏာရှင်ကို ဖြုတ်ချပြီး နောက်တစ်နေ့ ဖြစ်လာမယ့်အရာတွေအပေါ် ပြင်ပပါဝါရဲ့ လုပ်နိုင်စွမ်းရည်အတွက် သတိပိုထားလာတယ်။ နောက်ဆုံးဥပမာက ၂၀၁၁ လစ်ဗျားကို နေတိုးအဖွဲ့အနေနဲ့ ဝင်ရောက်စွက်ဖက်မှုပါ။ သမ္မတ အိုဘားမားက ဆီးရီးယားမှာ စစ်ရေးလုပ်ဆောင်မှု ရှောင်ရှားသင့်တယ်ဆိုတဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး အသွင်ကူးပြောင်းရေးစာပေမှာ ဒီမိုကရေစီအင်စတီကျူးရှင်းများ တည်ဆောက်ရေးကို အထူးပြုရာကနေ ‘နိုင်ငံစွမ်းဆောင်ရည်’ (State Capacity) ပြဿနာဆီ ရွေ့သွားပါတယ်။ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့ဟာ နိုင်ငံချည့်နဲ့အားနည်းမှု (State Weakness) အဆိုးဆုံးအခြေအနေကို ပြသပါတယ်။ အစိုးရအဖွဲ့တည်ငြိမ်မှုရှိတဲ့ အချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ နိုင်ငံ့စွမ်းဆောင်ရည် အားနည်းပြီး အဂတိလိုက်စားမှုအဆင့်က မြင့်မားနေပါတယ်။ ဥပမာ ရုရှားမှာ ထိပ်ဆုံးအာဏာရှိသူတွေရဲ့ အဂတိလိုက်စားမှုက မြင့်မားနေပြီး၊ အဂတိလိုက်စားမှုက နိုင်ငံ့အာဏာအတွက် အခြေခံအုတ်မြစ်ဖြစ်နေတယ်။ ဘရာဇီးနဲ့ မက္ကစီကိုမှာလည်း အဂတိလိုက်စားမှုနဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ ပူးတွဲရှင်သန်နေပြီး ရွေးကောက်ခံခေါင်းဆောင်တွေဟာ အကျင့်ပျက်မှုနဲ့ မကြာခဏ တရားစွဲခံရပါတယ်။ အကျိုးဆက်က အဲဒီ လက်တင်အမေရိက နှစ်နိုင်ငံမှာ ပေါ်ပြူလစ်ခေါင်းဆောင်တွေ အာဏာရလာပြီး၊ ဘရာဇီးမှာ လက်ယာပေါ်ပြူလစ်၊ မက္ကစီကိုမှာ လက်ဝဲပေါ်ပြူလစ် ဖြစ်ပါတယ်။
လတ်တလောမှာ မြင့်တက်လာနေတဲ့ ပေါ်ပြူလာဝါဒက အရင်မျိုးဆက်တစ်ဆက်ကျော်ကနေ စတင်ခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ဆန်းစစ် မေးခွန်းထုတ်ဖို့ ဖြစ်လာတယ်။ ပြန်ကြည့်ရင် နိုင်ငံရေးသိပ္ပံပညာရှင်တွေက ‘ကြံ့ခိုင်တဲ့ဒီမိုကရေစီ’ (Consolidated Democracy) ကို ပါမောက္ခဟန်တင်တန်ရဲ့ ‘နှစ်ကြိမ်အာဏာလွှဲအပ်မှု’ စမ်းသပ်ချက်နဲ့ တိုင်းတာကြတယ်။ ရွေးကောက်ပွဲကျင်းပပြီးလို့ အနိုင်ရသူလက်ထဲ အာဏာကို ငြိမ်းချမ်းစွာ နှစ်ကြိမ်တိတိ လွှဲအပ်ပေးနိုင်ခဲ့ရင် ဒီမိုကရေစီဟာ ကြံ့ခိုင်မှုရှိပြီး စိတ်ချရပြီလို့ လက်ခံထားကြတယ်။ သို့သော် မကြာခင်က ဒီမိုကရေစီဘိုးအေ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် ကြံ့ခိုင်မှုအကောင်းဆုံးရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာကိုပဲ ပေါ်ပြူလစ်ဝါဒီတွေ အမျိုးသားရေးဝါဒီတွေ တက်လာတော့ ‘မည်သည့်ဒီမိုကရေစီမဆို နောက်ပြန်လျှောမကျနိုင်တာ မရှိ’ ဆိုတဲ့ အယူအဆထွက်လာပါတော့တယ်။
(ရဲမြင့်ကျော်၏ ‘နှစ် ၃၀ အတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ’ ဆောင်းပါးမှ ထုတ်နုတ်တင်ပြပါသည်။)
Clicked 💫
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeletedone
ReplyDelete