Tourette Syndromeအကြောင်း

 


Tourette Syndromeအကြောင်း

Tourette Syndromeဆိုတာ လှုပ်ရှားမှု သို့မဟုတ် အသံတွေကို ကိုယ်တိုင် ထိန်းချုပ်လို့မရဘဲ ထပ်ကာထပ်ကာ ပြုလုပ်မိနေတတ်တဲ့ disorderတစ်မျိုး ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အကြောဆွဲရောဂါလို့ ခေါ်ကြပါတယ်။ Tourette Syndromeရဲ့ အဓိက လက္ခဏာကတော့ Ticsပဲ ဖြစ်ပါတယ်။

Ticsဆိုတာ Tourette syndromeရှိသူတွေ ထပ်ကာထပ်ကာ လုပ်မိတဲ့ လှုပ်ရှားမှုတွေနှင့် အသံတွေပဲ ဖြစ်ပါတယ်။ Ticsရှိတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ Ticsကို မလုပ်မိကြဖို့ ထိန်းချုပ်လို့ မရသလို ဆက်မလုပ်မိဖို့ ရပ်တန့်လို့လည်း မရပါဘူး။
တစ်ခါတလေ ticsကို မလုပ်မိအောင် ရပ်လိုက်လို့ ရပေမဲ့ တော်တော် ခက်ခဲပြီး အချိန်ခဏသာ ဖြစ်နိုင်ပါတယ်။ ထို့နောက် ticsကို ပြန်လုပ်မိနေတတ်ပါတယ်။
Ticsဟာ ကြို့ထိုးတာမျိုးနှင့် ဆင်တူပါတယ်။ ကိုယ်တိုင်က ကြို့မထိုးချင်ပေမဲ့ ခန္ဓာကိုယ်က ခဏခဏ ကြို့ထိုးနေတာမျိုး ဖြစ်ပြီး ထိန်းချုပ်လို့မရ၊ ရပ်တန့်လို့မရ ဖြစ်နေတတ်တာမျိုးပါ။

Ticsအမျိုးအစား (၂)မျိုး

၁။ Motor Tics
Motor ticsဟာ ထပ်ကာထပ်ကာ ပြုလုပ်မိတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဥပမာ- မျက်တောင်ခဏခဏခတ်ခြင်း၊ ပခုံးခဏခဏတွန့်ခြင်း၊ လက်ချောင်းများကို ခါနေခြင်း၊ မျက်လုံးကို ထောင့်စွန်းဘက် ပင့်ခြင်း၊ ခုန်ပေါက်နေခြင်း၊ အရာဝတ္ထု သို့မဟုတ် လူများကို လိုက်ထိနေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Tourettes and other tic disorders

၂။ Vocal Tics
Vocal ticsကတော့ ထပ်ကာထပ်ကာ ပြုလုပ်မိတဲ့ အသံတွေ ဖြစ်ပါတယ်။ ဥပမာ-စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ခုကို ထပ်ကာထပ်ကာပြောနေခြင်း၊ ချောင်းဆိုးသံလုပ်ခြင်း၊ လေချွန်ခြင်း၊ တိရိစ္ဆာန်အကောင်လေးတွေ ညည်းသလို လုပ်ခြင်း၊ လည်ချောင်းရှင်းတဲ့အသံပြုလုပ်ခြင်း စတာတွေပဲဖြစ်ပါတယ်။

Ticsဟာ Simple ticsနှင့် Complex ticsဆိုပြီး ပုံစံနှစ်မျိုး ထပ်ကွဲသွားပါတယ်။ Simple ticsဟာ တစ်ခုတည်းကို ထပ်ကာထပ်ကာ လုပ်တာမျိုးဖြစ်ပြီး Complex ticsက ticsတွေ သုံးလေးခုကို တစ်ခါတည်း သို့မဟုတ် ဆက်တိုက်လုပ်နေတာမျိုး ဖြစ်ပါတယ်။

What is Tourette's syndrome? - Wales Online

Tourette Syndromeရဲ့ အဓိက လက္ခဏာဖြစ်တဲ့ ticsတွေဟာ အသက်နှစ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း စပေါ်တတ်ပါတယ်။ ပျမ်းမျှအားဖြင့် ခြောက်နှစ်ဝန်းကျင်မှာ လက္ခဏာစပေါ်တတ်ပါတယ်။ ပထမဆုံး ဖြစ်လေ့ရှိတတ်တဲ့ လက္ခဏာကတော့ ဦးခေါင်း သို့မဟုတ် လည်ပင်းဧရိယာမှာ အကြောဆွဲတာမျိုးပဲဖြစ်ပါတယ်။ Ticsတွေဟာ စိတ်ဖိစီးတဲ့ချိန်နှင့် စိတ်လှုပ်ရှားတဲ့ချိန်တွေမှာ ပိုဆိုးရွားလာနိုင်ပါတယ်။ စိတ်ငြိမ်နေတဲ့ချိန်နှင့် တစ်ခုခုကို အာရုံစူးစိုက်နေတဲ့ချိန်မှာတော့ Ticsဖြစ်တာ လျော့နည်းသွားပါတယ်။

Ticsတွေဟာ လူတစ်ယောက်တည်းမှာကိုတင် ပုံစံအမျိုးမျိုး ဖြစ်နေတတ်ပါတယ်။ Ticsတွေဟာ ဖြစ်လိုက်၊ ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နှင့် သံသရာလည်နေတတ်ပါတယ်။ Tourette syndromeဖြစ်တဲ့လူအများစုမှာတော့ အရွယ်ရောက်လာတဲ့အခါမှာ Ticsတွေဟာ လျော့နည်းသွားပါတယ်။ တစ်ခါတလေ လုံးဝပျောက်သွားတာမျိုးလည်း ရှိပြီး တချို့သော အနည်းစုဖြစ်စဥ်မှာတော့ အရွယ်ရောက်လာတဲ့အခါ အခြေအနေပိုဆိုးတာမျိုးလည်း ရှိပါတယ်။

Tourette Syndromeကို စစ်ဆေးနိုင်တဲ့ testတစ်ခုမှ မရှိပါဘူး။ လူတစ်ယောက်မှာ motor ticsနှင့် vocal ticsတို့ကို အနည်းဆုံးတစ်နှစ်ကြာ တွေ့ရှိရတယ်ဆိုရင်တော့ Tourette syndromeလို့ သတ်မှတ်ကြပါတယ်။

Tourette Syndromeကို လုံးဝပျောက်သွားအောင် ကုသလို့မရနိုင်ပေမယ့် သက်သာအောင် ပြုလုပ်ပေးနိုင်တဲ့ ကုသမှုတွေတော့ ရှိပါတယ်။ သို့သော် Tourette syndromeရှိသူတွေဟာ မိမိကိုယ်ကို သို့မဟုတ် တခြားလူများကို အနာတရဖြစ်ပေါ်အောင် ပြုလုပ်တဲ့အခါ၊ လူမှုဘဝကို ဆိုးကျိုးသက်ရောက်မှုရှိတဲ့အခါနှင့် စိတ်ဖိစီးတဲ့အခါတွေမှာသာ ကုသမှုတွေကို ခံယူဖို့ လိုအပ်ပါတယ်။

ကုသမှုပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

-ဆေးသောက်သုံးခြင်း
Ticsတွေဟာ ပြင်းထန်ပြီး နေ့စဥ်လူနေမှုဘဝကို ဆိုးကျိုးသက်ရောက်စေမှသာ ဆေးများကို သောက်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Tourette syndromeတွက် ဆေးတွေဟာ ဆိုးကျိုးသက်ရောက်မှုများစွာ ရှိပြီး သောက်သုံးသူတိုင်းတွက် အလုပ်မဖြစ်လို့ပဲ ဖြစ်ပါတယ်။

-Behavioral therapy
စိတ်ပညာရှင်နှင့် ကျွမ်းကျင်သော ကုထုံးဆရာဝန်များနှင့် တိုင်ပင်ပြီး Behavioral therapy ကို ခံယူလို့ရပါတယ်။ Behavioral therapy မှာ habit-reversal trainingလိုမျိုးတွေ ပါဝင်ပါတယ်။ Tourette syndromeဖြစ်နေတဲ့လူဟာ ခေါင်းကို ဘယ်ဘက်စောင်းပြီး ခါတော့မယ့်ပုံပေါ်လာပြီဆိုရင် ညာဘက်ကိုစောင်းပြီး ခါခိုင်းကာ ticsကို ပြယ်သွားအောင်လုပ်တဲ့ ကုထုံးမျိုး ဖြစ်ပါတယ်။

-Psychotherapy
Tourette syndromeဖြစ်နေသူများမှာမှ ADHD(attention deficit hyperactivity disorder)ရှိသူတွေ၊ စိတ်ဓာတ်ကျသူများနှင့် ကြောက်ရွံ့မှုကို ခံစားနေရသူတွေကိုတော့ Psychotherapyကို ခံယူရလေ့ရှိပါတယ်။

Tourette syndromeဖြစ်စေတဲ့ တိကျသေချာသော အကြောင်းရင်းကိုတော့ မတွေ့ရှိကြသေးပါဘူး။ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တယ်လို့ သုတေသနပညာရှင်များကတော့ ပြောကြပါတယ်။ ကလေး ၁၆၂ယောက်မှာ တစ်ယောက်နှုန်း Tourette syndromeဖြစ်လေ့ရှိပြီး လူမျိုး၊ ယဥ်ကျေးမှု၊ စီးပွားရေးနောက်ခံမျိုးစုံက ကလေးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ယောက်ျားလေးတွေမှာ Tourette syndrome ဖြစ်နှုန်းက မိန်းကလေးများထက် သုံးဆမှ ငါးဆအထိ ပိုများပါတယ်။

အဆိုတော် Billie Eilish၊ ဘောလုံးသမား David Beckham၊ သရုပ်ဆောင်နှင့် လူရွှင်တော် Dan Aykroyd၊ တေးရေးဆရာ Wolfgang Amadeus Mozart၊ သရုပ်ဆောင်နှင့် ဒါရိုက်တာ Dash Mihok စသူတွေဟာ Tourette Syndromeရှိတဲ့ အောင်မြင်ကျော်ကြားသူတချို့ပဲ ဖြစ်ပါတယ်။

Comments