Vincent Van Gogh (ဗင်းဆင့်ဗန်ဂိုး)အကြောင်း
Vincent Van Gogh (ဗင်းဆင့်ဗန်ဂိုး)အကြောင်း
Vincent Van Goghဆိုတာ သူသေဆုံးပြီးနောက်မှာ တဟုန်ထိုး ကျော်ကြားခဲ့တဲ့ ဒတ်ချ်လူမျိုး ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ "Starry Night"၊ "Sunflowers"ဆိုတဲ့ ပန်းချီကားတွေကြောင့် လူသိများပါတယ်။
Vincent Van Goghဟာ ၁၈၅၃ခုနှစ်၊ မတ်လ၊ ၃၀ရက်နေ့မှာ နယ်သာလန်နိုင်ငံက ဇွန်းဒါ့ထ်ဆိုတဲ့ ရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။ Vincent Van Goghရဲ့ ဖခင် Theodorus Van Goghဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး မိခင် Anna Cornelia Carbentusကတော့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဦးဆုံးသားလေးဟာ အသေလေး မွေးဖွားခဲ့ပြီး သူ့နာမည်ဟာလည်း Vincentပါပဲ။ ထိုကလေးလေး မွေးပြီး တစ်နှစ်အတိအကြာမှာ Vincent Van Goghကို မွေးဖွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Vincentဟာ နာမည်တူ မွေးနေ့တူတဲ့ အစ်ကိုအစား အစားထိုးကလေးတစ်ယောက်အနေနှင့် ရှင်သန်ရသလို ဖြစ်ခဲ့တာကြောင့် စိတ်ဒဏ်ရာရခဲ့ပါတယ်။
Vincent Van Goghဟာ မွေးချင်းခြောက်ယောက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ သူ့မှာ Theoနဲ့ Corလို့ ခေါ်တဲ့ ညီနှစ်ယောက်နှင့် Anna၊ Elizabethနဲ့ Willemienလို့ ခေါ်တဲ့ ညီမသုံးယောက်ရှိပါတယ်။သူ့ညီ Theo Van Goghဟာ ပန်းချီကုန်သည်တစ်ဦးဖြစ်ပြီး Vincentကို အမြဲထောက်ပံ့ပေးနေသူလည်း ဖြစ်ပါတယ်။
၁၈၆၉ခုနှစ်မှာ Vincent အသက် ၁၅နှစ် အရွယ်ရောက်တော့ သူ့မိဘတွေမှာ ငွေကြေးအခက်အခဲရှိတဲ့တွက်ကြောင့် ကျောင်းထွက်လိုက်ရပြီး ဟိတ်မြို့မှာရှိတဲ့ သူ့ဦးလေး Cornelsရဲ့ ပန်းချီရောင်းဝယ်ရေးမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ထိုချိန်မှာ Vincentဟာ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်နှင့် ဒတ်ချ်လို ကောင်းကောင်း ပြောတတ်နေပါပြီ။
၁၈၇၃ခုနှစ် ဇွန်လမှာ လန်ဒန်က Goupil Galleryကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ထိုချိန်မှာ Vincentဟာ အင်္ဂလိပ်ယဥ်ကျေးမှုကို သဘောကျသွားပြီး အားလပ်ချိန်တိုင်းမှာ ပန်းချီပြခန်းတွေကို သွားလေ့ရှိပါတယ်။ သူဟာ စာရေးဆရာကြီး Charles Dickensနှင့် George Eliotတို့ရဲ့ ပရိသတ်ဖြစ်လာခဲ့ပါတယ်။
သူဟာ သူ့အိမ်ပိုင်ရှင်ရဲ့သမီး Eugenie Loyerကို ချစ်ကျွမ်းဝင်ခဲ့ပြီး ချစ်ရေးဆိုလို့ အငြင်းခံရတဲ့ခါမှာတော့ စိတ်ထိခိုက်ခဲ့ရပါတယ်။ ထို့နောက် အလုပ်ကလူတွေနှင့် အဆင်မပြေတော့ဘဲ နှုတ်ထွက်ခဲ့ရပါတယ်။
မက်သဒစ် ယောက်ျားလေးကျောင်းမှာ ဆရာဝင်လုပ်ပြီး ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။ သူဟာ သင်းအုပ်ဆရာတစ်ယောက်ရဲ့ သားဖြစ်သော်ငြား ထိုအချိန်မတိုင်ခင်ကထိ ဘာသာရေးကို လေးလေးနက်နက်မလုပ်ခဲ့ပါဘူး။
ထို့နောက် သင်းအုပ်ဆရာတစ်ယောက်ဖြစ်ဖို့ ရည်မှန်းပြီး အမ်စတာဒမ်မြို့က School of Theologyမှာ ဝင်ခွင့်ဖြေဖို့ ပြင်ဆင်ခဲ့ပါတယ်။ တစ်နှစ်ကြာ ကြိုးစားလေ့လာပြီးနောက်မှာ လက်တင်ဘာသာဟာ "သနားစရာလူတွေရဲ့ သေဆုံးနေသောဘာသာ"လို့ သတ်မှတ်ပြီး ဝင်ခွင့်ဖြေဖို့ကို ငြင်းဆိုခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်က ကျောက်မီးတွင်းတူးတဲ့နေရာမှာ အလုပ်ထပ်ရပါတယ်။ထိုချိန်မှစ ပန်းချီတွေ စဆွဲတယ်။ သို့သော် အဲ့ကလူတွေက သူ့ရဲ့ နေထိုင်မှုပုံစံကို လက်မခံနိုင်တဲ့ချိန်မှာ အလုပ်ထပ်ပြောင်းဖို့ ဖြစ်လာခဲ့ပါတယ်။
၁၈၈၀ခုနှစ်၊ ဆောင်းဦးမှာတော့ ဘရပ်ဆဲလ်မြို့ကို ပြောင်းရွှေ့ပြီး ပန်းချီဆရာလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ Vincentမှာ ပန်းချီနှင့် ပတ်သက်ပြီး သေချာစွာ လေ့ကျင့်သင်ကြားခဲ့ရခြင်းတွေ မရှိပေမယ့် သူ့ညီTheoက သူ့ကို ငွေကြေးအားဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်။ သူဟာ ပန်းချီပညာရပ်ကို ကိုယ်ကိုတိုင် စာအုပ်တွေကနေ လေ့လာခဲ့ပါတယ်။
Vincentရဲ့ ပန်းချီတွေဟာ Vincentကို စိတ်ငြိမ်အောင် အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ၁၈၈၅ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံး အပြောင်မြောက်ဆုံးလက်ရာဖြစ်တဲ့ "Potato Eaters"ကို ဆွဲခဲ့ပါတယ်။ ၁၈၈၆ မတ်လမှာတော့ Vincentဟာ သူ့ညီရှိတဲ့ ပဲရစ်မြို့ကို လိုက်သွားခဲ့ပါတယ်။ သူဟာ ပန်းချီဆွဲတဲ့အချိန်မှာ ပိုက်ဆံချွေတာတဲ့အနေနှင့် မော်ဒယ်မငှားဘဲ သူ့ပန်းချီဆရာသူငယ်ချင်းနှင့် သူက တစ်ယောက်တစ်လှည့်စီ မော်ဒယ်လုပ်ကြပါတယ်။
Vincentဟာ သူ့ဘဝမှာ ဆီဆေးပန်းချီကားပေါင်း ၈၆၀နှင့် ရေဆေး၊ ခဲခြစ်ပန်းချီကားပေါင်း ၁၃၀၀ ကျော်၊ စုစုပေါင်း ပန်းချီကားများ၂၁၀၀ ကျော်ကို ရေးဆွဲခဲ့ပါတယ်။ ယခုဆိုရင် သူ့ရဲ့ ပန်းချီကားတွေဟာ ကမ္ဘာမှာ ဈေးအကြီးဆုံး ဖြစ်နေပါပြီ။ သူဆွဲခဲ့တဲ့ "Irises"ပန်းချီကားဟာ $53.9 millionထိ စံချိန်ချိုးခဲ့ပြီး "Portrait of Dr.Gachet"ပန်းချီကားဟာ $82.5millionတို့နှင့် ရောင်းချခဲ့ရပါတယ်။ သူမဆုံးခင် တစ်နှစ်အလိုမှာ ဆွဲခဲ့တဲ့ "Starry Night"ပန်းချီကားကို ယခုချိန်မှာ နယူးယောက်မြို့က Museum of Modern Artမှာ ပြသထားပါတယ်။ "Sunflowers"အမည်ရှိတဲ့ စီးရီးလိုက် ပန်းချီကားငါးခုကိုတော့ လန်ဒန်မြို့၊ အမ်စတာဒမ်မြို့၊ တိုကျိုမြို့၊ မြူးနစ်ချ်မြို့၊ ဖီလာဒဲလ်ဖီးယားမြို့တို့က ပြတိုက်တွေမှာ တစ်ကားစီ ထားရှိပြသထားပါတယ်။ Vincentရဲ့ ကိုယ့်ပုံကို ပြန်ဆွဲထားတဲ့ ပန်းချီကားများကတော့ ဝါရှင်တန်ဒီစီ၊ ပဲရစ်၊ နယူးယောက်၊ အမ်စတာဒမ်တို့အပါအဝင် ကမ္ဘာအနှံ့က ပြတိုက်တွေမှာ ပြသထားပါတယ်။
၁၈၈၈ခုနှစ် ဒီဇင်ဘာလမှာ သူဟာ နေမကောင်းဖြစ်နေပြီးတော့ စိတ်ကျန်းမာရေးအခြေအနေဟာလည်း ဆိုးရွားနေခဲ့ပါတယ်။ထိုချိန်မှာ သင်တုန်းဓားနှင့် သူ့နားတစ်ဖက်ကို ဖြတ်ခဲ့ပြီး ရေချယ်လို့ ခေါ်တဲ့ ပြည့်တန်ဆာမလေးတစ်ဦးကို ပေးခဲ့ပါတယ်။ သူ့နားကို သေချာ ထိန်းသိမ်းပေးထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒီလိုနှင့် Vincentကို ဆေးရုံတင်လိုက်ရပြီး သူ့ညီTheoဟာ ခရစ်စမတ်နေ့မှာ သူ့ဆီလိုက်လာခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်၊ ဇန်နဝါရီလမှာ ဆေးရုံမှဆင်းနိုင်ခဲ့ပေမယ့် စိတ်ကျန်းမာရေးအခြေအနေ ဆိုးရွားတာကြောင့် ဆေးရုံထပ်တင်လိုက်ရပါတယ်။ ထို့ကြောင့် သူဟာ နေ့ဘက်မှာဆိုရင် အဝါရောင်အိမ်လေးတစ်လုံးမှာ ပန်းချီဆွဲပြီး ညဘက်ဆို ဆေးရုံမှာ သွားအိပ်ရပါတယ်။
သူမသေခင် နှစ်နှစ်အတွင်း စိတ်ကျန်းမာရေးဆေးရုံမှာ နေထိုင်ခဲ့ပြီး ထိုအနီးအနားက ရှုခင်းတွေကို ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကြီးပန်းချီကားအများစုဟာ ထိုရှုခင်းတွေကို ရေးဆွဲထားတာတွေပဲ ဖြစ်ပါတယ်။ သူဟာ သူ့ညီTheoဆီကို "Starry Night"၊ "Irises"ပန်းချီကားများအပါအဝင် ပန်းချီကားပေါင်း ခြောက်ကားကို ရောင်းချဖို့ ပေးပို့ခဲ့ပါတယ်။ ထိုခြောက်ကားထဲကမှ "The Red Vineyards"ဆိုတဲ့ ပန်းချီကားကို 400 francsနှင့် ရောင်းချလို့ ရခဲ့ပါတယ်။ ထိုပန်းချီကားဟာ Vincent အသက်ရှင်နေစဥ်ကာလမှာ ရောင်းထွက်ခဲ့တဲ့ တစ်ခုတည်းသော ပန်းချီကားလည်း ဖြစ်ပါတယ်။
၁၈၉၀ခုနှစ်၊ မေလမှာ Theoဟာ Vincentအား ငွေရေးကြေးရေးကို စည်းကမ်းရှိရှိ သုံးဖို့ လိုအပ်လာပြီလို့ သတိပေးခဲ့တာကြောင့် Vincent ဟာ Theoက သူ့ပန်းချီကားတွေကို ကူရောင်းပေးဖို့ စိတ်မဝင်စားတော့ဘူးလို့ ထင်မှတ်ပြီး ဇူလိုင်လ ၂၇ရက်မှာ သူ့ရင်ဘတ်ကို သေနတ်နှင့် တေ့ပြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် မသေဆုံးဘဲ ဆေးရုံသို့ ရောက်သွားခဲ့ပါတယ်။ Theoဟာ Vincentကို စကားတွေ ပြောပေးဖြစ်ပြီး Vincentဟာ သူ့ကို အိမ်ခေါ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ ဇူလိုင် ၂၉မှာတော့ သူ့ညီလက်မောင်းလေးထဲမှာပဲ သေဆုံးသွားရှာပါတယ်။ သူသေဆုံးတဲ့ချိန်မှာ အသက် ၃၇နှစ်သာ ရှိပါသေးတယ်။
သူ့ညီ Theoဟာ ဆစ်ဖလစ်ရောဂါနှင့် သူ့အစ်ကို သေဆုံးမှုကြောင့်ပါ Vincentဆုံးပြီး ခြောက်လအကြာမှာ ဆုံးသွားခဲ့ပါတယ်။ သူ့မိန်းမ Johannaက Vincentရဲ့ပန်းချီတွေကို လူသိများအောင် လုပ်ချင်တဲ့ သူ့ခင်ပွန်းရဲ့ ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနှင့် Vincentရဲ့ ပန်းချီကားတွေကို သူတတ်နိုင်သလောက် စုဆောင်းခဲ့ပါတယ်။
၁၉၀၁ခုနှစ်၊ မတ်လ၊ ၁၇ရက်နေ့မှာ Vincentရဲ့ ပန်းချီကားပေါင်း ၇၁ကားကို ပဲရစ်မြို့က ပြပွဲတစ်ခုမှာ ပြသနိုင်ခဲ့ပြီး ထိုချိန်မှစ Vincentဟာ နာမည်ကျော်ကြားလာပါတော့တယ်။
၁၉၇၃ခုနှစ်မှာ Van Gogh Museumကို အမ်စတာဒမ်မြို့မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး Vincentရဲ့ ပန်းချီကားများနှင့် သူ့ညီကို ပေးပို့ခဲ့တဲ့စာလေးတွေ ထားရှိပြသထားပါတယ်။ "The Potato Eaters"၊ "The Bedroom"နှင့် "Sunflowers"အစရှိတဲ့ ပန်းချီကားများဟာ ထိုပြခန်းမှာ ပြသလျက်ရှိပါတယ်။

မှတ်သားစရာပါ ကျေးဇူးတင်ပါတယ်အခုလိုရေးသားပေးတာ
ReplyDeleteကြယ်တွေစုံပြီလား ဗင်းဆင့်အနားကို လာကြတယ် ဆိုက်ပရပ်စ်လမ်းဟာ အိပ်မက်လို ⭐⭐⭐
ReplyDeleteဗဟုသုတရပါတယ်
ReplyDeleteစာကောင်းပေမွန်လေးတွေ ရွေးချယ်ပြီး တင်ပေးတဲ့ မင်မင် ကိုလဲကျေးဇူးတင်ပါတယ်
Nice one and hope u guys write articles like this more.
ReplyDeleteတစ်နေ့လုံးအချိန်မရှိမအားပေမယ့် ဖတ်ချင်လွန်းလို့သတိတရလာစုဖတ်တာပါ:'3သဘောကျတယ်နော် ဒီchannel လေးကို။ Fighting to all MinMin🥰
ReplyDeleteဗဟုသုတတွေအများကြီးရပါတယ်
ReplyDeleteခုလို ရှာဖွေ ဘာသာပြန် ရေးသားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ
ReplyDeleteကျေးဇူးပါ
ReplyDeleteThanks
ReplyDeleteအရမ်းကောင်းပါတယ်
ReplyDeleteအားပေးနေပါတယ်
Thank you
ReplyDelete