ပျော်ရွှင်မှုခလုတ် ဘယ်မှာရှိသလဲ - Where is the Switch for Happiness ?

 ပျော်ရွှင်မှုခလုတ် ဘယ်မှာရှိသလဲ တရားတော် - Where is the Switch for Happiness ?


ပျော်ရွှင်မှုကို လူတိုင်း လိုက်ရှာကြတယ်။ မနက် အိပ်ရာထလာပြီးတော့ ငါစိတ်ဆင်းရဲအောင် ဘယ်လိုလုပ်ရမှာတုန်းလို့ တွေးတဲ့သူ တစ်ယောက်မှ မရှိဘူး။ အိပ်ရာကနေ နိုးလာပြီးရင် စိတ်ပျော်ရွှင်အောင် စိတ်မညစ်အောင် စိတ်ချမ်းသာအောင် ဘယ်လို လုပ်ရမှာတုန်းလို တွေးတဲ့သူပဲ ရှိတယ်။ ဒါ့ကြောင့် ချမ်းသာမှုနောက်ကို လူတိုင်း လိုက်ကြတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း “နိဗ္ဗာနံ ပရမံ သုခံ - နိဗ္ဗာန်ဟာ အမြင့်ဆုံးချမ်းသာမှု၊ စိတ်ချမ်းသာမှု” ဆိုပြီးတော့ happiness - စိတ်ချမ်းသာမှု အကြောင်း ဟောကြားတော်မူတယ်။ ဒါ့ကြောင့် happiness - စိတ်ချမ်းသာမှုဆိုတာ လောကီနယ်ပယ်ထဲမှာရော လောကုတ္တရာဓမ္မနယ်ပယ်ထဲမှာရော အများက ရည်မှန်းချက် ပန်းတိုင်အနေနဲ့ ယူဆထားတဲ့အရာ ဖြစ်ပါတယ်။

ဒါပေမယ့် ပျော်ရွှင်မှုကို ဒီလိုရှာရင်းရှာရင်းနဲ့ပဲ ဘဝ နေဝင်ဆည်းဆာအချိန် ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ နေဝင်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း မနည်းပါဘူး။ အသက် ၁၀-နှစ်ကျော်တုန်းက ပျော်ရွှင်မှုကို အသက် ၂၀-ကျော်လောက်မှာ ရှိလိမ့်မယ် ထင်ခဲ့တယ်။ အသက်၂၀-ကျော် လူတွေကို ကြည့်ပြီးတော့ အားကျတယ်။ ကိုယ်တိုင် အသက် ၂၀-ကျော် ရောက်လာတဲ့အခါကျတော့ စိတ်ညစ်စရာ စိတ်ဖိစီးမှု - stress တွေပဲ တွေ့ရတဲ့အခါကျတော့ စိတ်ပျော်ရွှင်မှု အသက်၂၀-ကျော်မှာ မရှိသေးပါလား၊   တစ်ခါထပ်ရွှေ့ပြန်ရော အသက် ၃၀-ကျော်မှာလားပေါ့။ ဒီလိုနဲ့ ရွှေ့ရွေ့လာလိုက်တာ တချို့ဆို အငြိမ်းစားယူပြီးရင်တော့ လုပ်ချင်တာတွေ လုပ်နိုင်လိမ့်မယ်။ ပျော်ရွှင်မှု ရမယ်ပေါ့။ ဒီလိုနဲ့ အငြိမ်းစားယူတဲ့ အသက်အရွယ် ရောက်သွားကြတယ်။ အငြိမ်းစားယူပြီးတော့ . . . အငြိမ်းစားယူပြီးတဲ့အခါကျတော့လည်း အလုပ်ထဲမှာ မဟုတ်တော့ ရာထူးဌာနန္တရ ရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဆိုရင် ကိုယ်လေးစားရမယ့် ပုဂ္ဂိုလ်, ဆရာခေါ်ရမယ့်ပုဂ္ဂိုလ် ဆရာလို့လာခေါ်မယ့် ပုဂ္ဂိုလ်တွေနဲ့ ဝိုင်းနေတာ၊ မရှိတော့တဲ့အခါကျတော့ စိတ်ထဲမှာ ကိုယ့်ဟာကိုယ် သိပ်ပြီးတော့ တန်ဖိုးမရှိသလို ခံစားရပြီးတော့ ပျော်ရွှင်မှု မတွေ့ပြန်ဘူး။ retirement တော့ သွားပြီ၊ pensionတော့ သွားပြီ။ ဒါပေမဲ့ စိတ်ပျော်ရွှင်မှု မတွေ့နိုင်သေးဘူး။

ဒါကြောင့် ပျော်ရွှင်မှုရဲ့ခလုတ် ဘယ်မှာတုန်း ? ဒါလေးကို မေးတာနော်။ ဒီနေ့ ဒါကို အဖြေပေးဖို့ မဟုတ်ပါဘူး။ သတိတရားပေါ် အခြေခံပြီးတော့ ဒီမေးခွန်းလေး စိတ်ထဲမှာထား ထားတယ်ဆိုရင် ပျော်ရွှင်မှုနဲ့ နီးစပ်သွားနိုင်တယ်လို့ ဘုန်းကြီးက ယူဆလို့ “ပျော်ရွှင်မှုခလုတ် ဘယ်မှာရှိတုန်း ?" ဒီလို မေးတာပါ။

ဒါဖြင့် ဒီလိုမမေးဘဲနဲ့ "စိတ်ညစ်မှုရဲ့ခလုတ် ဘယ်မှာရှိတုန်း Where is the Switch for Misery ?”

ဒီလိုလည်း မေးလို့မရဘူးလားဆိုရင်၊ မေးလို့ ရတာပေါ့။ Happy မဖြစ်ဘူး၊ ပျော်ရွှင်မှု မဖြစ်ဘူးဆိုရင် အဲဒီအချိန်မှာ ဘာဖြစ်နေတာတုန်း၊ စိတ်ညစ်နေတာ၊ miserable ဖြစ်နေတာပေါ့။ ဒါဖြင့် လူတော်တော်များများ အဲဒီ စိတ်ညစ်မှုရဲ့ ခလုတ်ကို ပိတ်ချင်တာ ဘယ်နေရာသွားပိတ်ရမလဲ မသိဘူး။ ပျော်ရွှင်မှုရဲ့ခလုတ်ကို ဖွင့်ချင်တာ ဘယ်နေရာ သွားဖွင့်ရမလဲ မသိဘူး ဖြစ်နေတတ်တယ်။

တစ်ခါတစ်ခါကျတော့ စိတ်ညစ်ညစ်နဲ့ နာမည်ကြီး စားသောက်ဆိုင်တွေ ရောက်သွားတယ်။ စားသောက်ဆိုင်မှာများ ပျော်ရွှင်မှုခလုတ် ရှိမလားဆိုပြီးတော့ အဲဒီကို ရောက်သွားပြီး ပိုက်ဆံတွေ အများကြီးသုံး အစားအသောက်တွေ စားသောက်။ ပြီးတော့လည်း ပျော်ရွှင်မှုခလုတ်မတွေ့တဲ့သူတွေ အများကြီး ရှိတယ်။ ဈေးကြီးကြီး လက်ပတ်နာရီနဲ့ လက်ဝတ်ရတနာ၊ အဝတ်အစားတွေ၊ အိမ်ကောင်းကောင်း၊ ဈေးကြီးကြီးကားတွေထဲမှာ ပျော်ရွှင်မှုခလုတ်များ ရှိသလားထင်ပြီးတော့ အဲဒီနောက်ကို လိုက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။ တချို့ကျတော့ အခု အများပြောနေတဲ့ မူးယစ်ဆေးဝါးတို့၊ ယာဘ (Yaba) တို့၊ အဲဒီ ဆေးပြားတွေမှာ၊ ပျော်ရွှင်မှုခလုတ်ကို ဆေးပြားတွေမှာ ရှိလိုရှိငြား သွားနှိပ်တဲ့သူတွေလည်း မနည်းဘူး။ တချို့ကျတော့ အင်မတန်မှဈေးကြီးပြီး ပြင်းထန်တဲ့ အရက်သေစာတွေထဲမှာများ ဘီယာပုလင်းတွေထဲမှာများ Happiness ရှိမလား လိုက်ရှာတာလေ။ ပျော်ရွှင်မှုရဲ့ခလုတ်ကို။ တချို့ကျတော့လည်း အင်မတန်ဈေးကြီးတဲ့ Holiday ဟောလီးဒေးတွေ၊   အင်မတန် ဈေးကြီးတဲ့ Shopping center တွေ Shopping trip တွေထဲမှာ ရှိမယ်ထင်တယ် ဆိုပြီးတော့ သွားကြတယ်၊ ဈေးဝယ်ကြတယ်၊ Shopping သွားကြတယ်။

ဈေးကြီးတယ်ဆိုတဲ့နေရာမှာ အင်္ဂလန်မှာဆိုရင် အပြင်မှာ ၂၅-ပြားနဲ့ ဝယ်နိုင်တဲ့ဖိုင်တွဲတစ်ခု Nights Bridge တို့ Harrods တို့မှာ သုံး၊ လေးပေါင်နဲ့ ဝယ်ရတယ်။အဆပေါင်း ၁၀-ဆလောက် ပိုပေးပြီးတော့ ဝယ်ရတယ်။ အဲဒီလို Harrods ဆိုတဲ့ ပလတ်စတစ်ထုပ်ရဲ့ brand လေးမှာ happines များ ရှိမလား။ တကယ်နာမည်ကြီးတဲ့ brand တွေ ပိုက်ဆံဈေးကြီးပေးပြီးတော့ လိုက်ရှာတာပဲ။ တွေ့ရင်လည်း တစ်ခဏတာပဲ တွေ့တယ်။ လှည့်စားတတ်တဲ့ ပျော်ရွှင်မှုကိုပဲ သွားတွေ့တယ်။ မှန်ကန်တဲ့ ပျော်ရွှင်မှု တည်မြဲတဲ့ ပျော်ရွှင်မှုကို မတွေ့ဘူး။

လန်ဒန်မြို့က Oxford Street မှာ ဆိုင်ပေါင်း ၃၀၀-ကျော်ရှိတယ်။ အလကားများ ပေးသလား ထင်ရတယ်။ ဖြတ်သွားပြီးတော့ ဆိုင်ထဲကြည့်လိုက်ရင် ဆိုင်တိုင်းမှာ လူတွေတန်းစီနေတာပဲ။ ဘုန်းကြီးတို့ Oxford မြို့နားမှာ Bicester Village ဆိုတာ ရှိတယ်။ ဘုန်းကြီးတို့ကျောင်းကနေ မိနစ်-၂၀ လောက် မောင်းရတယ်။ အဲဒီမှာ outlet ဆိုတဲ့ shopping center ဈေးဆိုင်တွေ စုထားတာ တစ်နေရာရှိတယ်။ အကုန်လုံး Brand Name တွေ ချည်းပဲ။ အဲဒီ Brand တွေကို ဈေးလျှော့ပြီးတော့ အထူးရောင်းတဲ့နေရာတဲ့။ အဲဒါကို outlet လို့ခေါ်တယ်တဲ့။ ဈေးချပြီးတော့ ရောင်းတဲ့နေရာတောင်မှ အင်မတန်ဈေးကြီးပါတယ်။ အဲဒါ ပျော်ရွှင်မှုရှာတဲ့ ပုဂ္ဂိုလ်တွေကတော့ နိုင်ငံအရပ်ရပ်ကနေပြီးတော့ အဲဒီကို လာကြတယ်။

လက်ကိုင်အိတ် ဆာဝါ လေးတစ်ခု ပေါင်စတာလင် ထောင်ချီပေးပြီးတော့ ဝယ်တဲ့သူတွေရှိတယ်။ ဒါနဲ့ အဲဒီ handbag လေး လွယ်ပြီးတော့ အပြင်သွားတယ်ဆိုပါစို့။ အခမ်းအနား သွားတယ်၊ တရားလာနာတယ်၊ မင်္ဂလာဆောင်သွားတယ်၊ မွေးနေ့ပွဲတွေ သွားတယ်၊ အလှူသွားတယ်။ ဒါလေးနဲ့တော့ စိတ်ထဲမှာ ပျော်ရွှင်မှုက မပြည့်စုံသေးဘူး။ ဘာလို့ မပြည့်စုံသေးတာလဲ ဆိုတော့ ဒီလောက်ဈေးကြီးတဲ့ Brand New လက်ကိုင်အိတ်ကို ဘယ်သူကြည့်ပြီးတော့ ငါ့ကို complement ပေးမှာ ချီးမွမ်းမှာတုန်း မသိစိတ်က စောင့်နေသေးတယ်။ ဒါဆိုရင် ခလုတ်က ဒီလက်ကိုင်အိတ်မှာ မရှိဘူးပေါ့။ ဘယ်မှာရှိတယ်လို့ ကိုယ်ကထင်သွားတုန်းဆိုတော့ အရမ်းလှတယ်လို့ ချီးမွမ်းမယ့် တခြားသူဆီမှာ ရှိနေတယ်။ လာပြီးတော့ complement ပေးတဲ့သူ ချီးမွမ်းတဲ့သူက "ဒီအိတ်ကကောင်းလိုက်တာ၊ လှလိုက်တာ၊   ဈေးကြီးလိုက်တာ ၊ ဘယ်မှာဝယ်တုန်း" လို့ ဒီလိုလာပြီးတော့ မေးတယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ချက်ချင်း ချမ်းသာသွားတယ်၊ ပျော်ရွှင်သွားတယ်၊  ဒါဖြင့် ခလုတ်က တကယ်တမ်း ဘယ်မှာရှိတာတုန်း။ ဒီလက်ကိုင်အိတ်မှာ ရှိတာလား? ဒါမှမဟုတ် ဒီ လက်ဆွဲအိတ်ကိုလာပြီးတော့ ချီးမွမ်းတဲ့သူဆီမှာ ရှိတာလား ? ဘယ်မှာရှိတာတုန်း ? Where is the switch for Happiness ? အဲဒီခလုတ်ကို ရှာနေတာ။

လူတစ်ယောက်က ကိုယ့်ရဲ့လက်ဆွဲအိတ်ကို ဈေးကြီးလိုက်တာ၊ လှလိုက်တာ၊ ကောင်းလိုက်တာ၊ ဒီလိုသုံးနိုင်တာ ကံကောင်းတယ်။ ဒီလိုလာပြီးတော့ မချီးမွမ်းဘဲနဲ့ ဒီလိုလက်ဆွဲအိတ်မျိုး ကျွန်မလည်း သုံးဖူးပါတယ်လို့ အဲဒီလိုလာပြောလိုက်ရင် ကိုယ့်ရဲ့စိတ်ထဲမှာ စိတ်ချမ်းသာမှုက လျော့သွားတယ်။ တစ်ခါတစ်ခါ လျော့ရုံတင်မကဘူး၊   စိတ်ညစ်သွားတယ်၊ တချို့ဆို စိတ်ဆိုးတယ်။ ကိုယ့်ကိုလာပြီးတော့ ပြိုင်တယ်လို့ ခံစားရလို့။ ဒါဖြင့် စိတ်ညစ်မှုခလုတ်က ဒီလွယ်အိတ်မှာ ရှိတာလား။ လွယ်အိတ်ကို အကြောင်းပြုပြီးတော့ စိတ်ညစ်မှုရဲ့ခလုတ် ဖြစ်ပေါ်လာတာလား။ ဒါမှမဟုတ် လက်ဆွဲအိတ်ကို အကောင်းမမြင်ဘဲ မချီးမွမ်းဘဲ တန်ဖိုးမထားဘဲ သတိလက်လွတ် နမော်နမဲ့လာပြီးတော့ ဝေဖန်တဲ့ ပုဂ္ဂိုလ်ဆီမှာ စိတ်ညစ်မှုခလုတ် ရှိတာလား။ ဒီလိုလာပြီးတော့ မေးနိုင်တယ်။

ဒါ့ကြောင့် စိတ္တဗေဒပညာရှင်ကြီးတစ်ယောက်က ဘာပြောသလဲ ဆိုတော့ လူသားရဲ့ နှလုံးသားထဲမှာ မြေခွေး-wolf  ၂-ကောင်ရှိတယ်။ တစ်ကောင်ကအဖြူ၊ တစ်ကောင်က အနက်။ ဒီမြေခွေးနှစ်ကောင် အဖြူနဲ့အနက် ဘယ်တစ်ကောင်ကို အစာကျွေးမတုန်း။ အစာကျွေးပြီးတော့ ဘယ်တစ်ကောင်ကို အားကောင်းအောင်လုပ်မှာတုန်း။ ကိုယ့်မှာ ရွေးချယ်စရာ နည်းလမ်း ရှိပါတယ်။ Which wolf you are going to feed? The black one or the white one?

ဒီအတိုင်း အလိုလို နေရင်းနဲ့ စိတ်ညစ်အောင် တွေးတတ်တဲ့ အကျင့်တွေလည်း ရှိတယ်။ အနက်ရောင်မြေခွေးကို အစာကျွေးနေတယ်ပေါ့။ တချို့ကျတော့လည်းပဲ ဒုက္ခရောက်နေတဲ့အချိန်တောင်မှ စိတ်ထားတတ်အောင် ကြိုးစားပြီးတော့ စိတ်ချမ်းသာအောင် လုပ်တတ်တဲ့သူတွေလည်း ရှိတယ်။ အပြင်က ဘယ်လိုပဲဖြစ်နေဖြစ်နေ အတွင်းက စိတ်ချမ်းသာအောင် လုပ်တတ်တဲ့သူတွေ စိတ်ထားတတ်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ မြေခွေးအဖြူကိုပဲ ရွေးပြီးအစာကျွေးတယ်။ အဲဒီလို စိတ်သဘော ထားတတ်တယ်ဆိုရင် အဲဒီ positive emotion က သူတို့ရဲ့ ဦးနှောက်ကို positive ဖြစ်အောင် သွားပြောင်းလဲပေးတယ်တဲ့။

ဦးနှောက်က ရုပ်ပိုင်း၊ positive emotion က စိတ်ပိုင်း နာမ်ပိုင်း။ ဒီနေရာမှာ mind & body relationship ကို ပြောနေတာနော်။ လူ့ခန္ဓာကိုယ်ပေါ်မှာ ရုပ်နဲ့စိတ်နဲ့ ဒီနှစ်ခု ဘယ်လို ဆက်နွယ်ပြီးတော့ အလုပ်လုပ်တယ်ဆိုတာလေးကို ပြောပြနေတာ။ အဲဒီတော့ အကောင်းဘက်က တွေးပါ။  positive emotion ကpositive thinking ရှိတဲ့ ပုဂ္ဂိုလ်ဟာ သူတို့ရဲ့ ဦးနှောက်ကလည်းပဲ positive ဖြစ်သွားတယ်တဲ့။ သူတို့ရဲ့ ဦးနှောက်က relax ဖြစ်တယ်၊ သက်တောင့်သက်သာ နေတတ်တယ်တဲ့။ negative တွေးတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ နေရာတိုင်းမှာ အဆိုးမြင်တတ်တဲ့ ပုဂ္ဂိုလ်။ နည်းနည်းလေးဖြစ်တဲ့ အဆင်မပြေမှုကို ချဲ့ ပြီးတော့ တွေးတတ်တဲ့ negative emotion negative thinking အကျင့်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သူတို့ရဲ့  ဦးနှောက်က tense တင်းနေပြီးတော့ နေရာအလွတ် သိပ်မရှိဘူး။ spacious မဖြစ်ဘူး ခေါ်တယ်။ အမြဲတမ်း ကျဉ်းကြပ်နေတယ်။ လူတွေပြောကြတယ်လေ စိတ်ထဲမှာ ကျဉ်းကြပ်လိုက်တာလို့၊  ဒါလေးနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ကျဉ်းကြပ်လိုက်တာ၊  ကျဉ်းကြပ်တယ်လို့ ပြောလိုက်ရင် emotion က negative ဖြစ်သွားပြီးတော့ လိုအပ်တာထက် မိမိမှာရှိတဲ့စိတ်ရဲ့ energy ရုပ်ခန္ဓာကိုယ်ရဲ့ energy ကို အသုံးပြုနေတဲ့အခါကျတော့ emergency အရေးပေါ် အင်အားတွေ မလိုအပ်ဘဲ ထုတ်ထုတ် အသုံးပြုနေတယ် ခေါ်တာပေါ့။

ဦးနှောက်ထဲမှာ ဆဲလ်တွေ neuron တွေက ဘီလီလျံနဲ့ ချီပြီးတော့ ရှိတာကိုး။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဆဲလ်တစ်ခု neuron တစ်ခုက သူ့ဟာသူ သီးသန့် အလုပ်မလုပ်ဘူး။ အနည်းဆုံး neuron ၅-ထောင်လောက်နဲ့ အလုပ်လုပ်တယ်။ ဒါ neurologist တွေ ဦးနှောက်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ သိပ္ပံ ပညာရှင်ကြီးတွေ ဆရာကြီးတွေ ပြောပြတာ။

အဲဒီတော့ positive emotion ရှိတဲ့ပုဂ္ဂိုလ်၊ သူ့ရဲ့ ဦးနှောက်တွေ positive ဖြစ်သွားတယ်ဆိုရင် ဦးနှောက်ထဲက positive ဖြစ်တဲ့ neuron က positive ဖြစ်တဲ့ တခြား neuron တွေနဲ့ပဲ ပေါင်းတယ်တဲ့။ အဲဒါကိုသူတို့က wiring ခေါ်တာပေါ့။ ဒီဘက်က neuron က ဟိုဘက်က neuron နဲ့သွားပြီးတော့ ဆက်စပ်တယ်။ neuron ပေါင်း ငါးထောင်နဲ့ ဆက်စပ်တယ်ဆိုရင် အဲဒါကို wiring ခေါ်တယ်။ head wiring ခေါ်တာပေါ့။ အဘိဓမ္မာအရ ဦးနှောက်ထဲမှာ ကလာပ်စည်းတွေ ဖွဲ့တယ်ပေါ့။ head wiring လုပ်ရာမှာ neuron ပေါင်း ငါးထောင်စုပေါင်းပြီးတော့မှ သူတို့က အလုပ်လုပ်တာ။ အဲဒီ အလုပ်လုပ်တဲ့ဟာကိုတော့ သူတို့က firing ခေါ်တာ၊  ပစ်တယ်ပေါ့။ လက်နက်ပစ်တယ်ပေါ့။ အဲဒီပစ်တဲ့နေရာမှာ positive အင်အားတွေ ပစ်တယ်ဆိုရင် တစ်ကိုယ်လုံးမှာရှိတဲ့ nerve system တွေ အာရုံကြောတွေကို သူတို့က positive ဖြစ်တဲ့အမိန့်တွေပဲ ပေးတာတဲ့။ ဒါ့ကြောင့် တစ်ကိုယ်လုံးလည်းပဲ relax ဖြစ်တယ်။ သက်တောင့်သက်သာရှိတယ်။ အဲဒီအချိန်မှာ ဆုံးဖြတ်စရာရှိရင်လည်း အကြောင်းနဲ့ အကျိုးနဲ့ အေးအေးဆေးဆေး ဆုံးဖြတ်တတ်တယ်တဲ့။

အဲဒီလို မဟုတ်ဘဲနဲ့ လူတစ်ယောက်က စိတ်ဖိစီးမှုဖြစ်တယ်။ စိတ်ညစ်တယ်ဆိုရင် အဲဒီစိတ်ညစ်တဲ့စိတ်ခံစားမှု အီမိုးရှင်းက သူ့ရဲ့ဦးနှောက်ဆီကို negative information ပေးတယ်။ negative သတင်းပဲ ပို့ပေးတယ်။ စိတ်ညစ်စရာ သတင်းပဲ သွားပေးတယ်။ အဲဒီစိတ်ညစ်စရာသတင်းကို ဦးနောက်ကလည်းပဲ တစ်ခါထပ်ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးကို သတင်းပို့ ဖြန့်ချီတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ဘာဖြစ်သွားတုန်း။ တစ်ကိုယ်လုံး တင်းသွားတယ်။ တင်းတယ်ဆိုရင် အတွင်းမှာရှိနေတဲ့ အင်္ဂါတွေက သွေးအင်အား၊ oxygen အင်အား ပိုပြီးတော့ အသုံးပြုရတာနော်။ ဒါ့ကြောင့် အမြန်ကြီးပြေးတဲ့လူလို ခဏလေးနဲ့ ပင်ပန်းသွားနိုင်တယ်။

ပင်ပန်းတဲ့ ပုဂ္ဂိုလ်က ဘေးကအလှအပတွေ မမြင်နိုင်တော့ဘူး။ နားကနေပြီးတော့ ကြားရတဲ့ အကြင်နာသံတွေ၊  စေတနာအကောင်းတွေ မကြားရတော့ဘူး။ ကြားရင်လည်းပဲ negative ဘက်ကိုပဲ ဆွဲယူပြီးတော့ တွေးတတ်တယ်။ ဘာသာပြန်တတ်တယ်။ အဲဒီလို လုပ်တတ်တယ်။ ဒါကြောင့်မို့လို့ အရေးကြီးတဲ့ positive emotion ရှိဖို့ လိုအပ်တယ်။ ဒီ positive emotion က ဦးနှောက်ကို positive ဖြစ်အောင် လုပ်ပေးတယ်။ positive ဖြစ်တဲ့အပိုင်းကို သူက အလုပ်လုပ်စေတယ်။ negative ဖြစ်တဲ့အပိုင်းကို အလုပ်မလုပ်စေဘူး။ negative ဖြစ်တဲ့အပိုင်းကို  သူက active သွားပြီးတော့ မလုပ်ဘူး။ အီမိုးရှင်းက positive ဖြစ်လို့ ဦးနှောက်ကလည်းပဲ positive ဖြစ်တယ်။ ဦးနှောက်က positive ဖြစ်လို့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အာရုံကြောတွေ nervous system တွေ positive ဖြစ်တယ်ဆိုရင် အဲဒီ positive ဖြစ်တဲ့ ရုပ်တရားတွေဟာ စိတ်ကို တစ်ခါ positive ပြန်ပြီး ဖြစ်စေတယ်တဲ့။ အပြန်အလှန် ကျေးဇူးပြုကြတာပေါ့။ တစ်ခါစဉ်းစားကြည့်လေ- လူတစ်ယောက် အရမ်းပင်ပန်းတယ်ဆိုရင် စိတ်ရှည်ဖို့ မလွယ်နိုင်ဘူး။ လူ့ခန္ဓာကိုယ် အရမ်းပင်ပန်းနေတဲ့အခါကျတော့ ခန္ဓာကိုယ်ကနေပြီးတော့ အင်အားတွေ အများကြီး သုံးထားတယ်။ ရုပ်အင်အား မလုံလောက်ရင် စိတ်ကတော်တော်နဲ့ positive မဖြစ်နိုင်ဘူး။ တကယ် တရားရှိတဲ့ ပုဂ္ဂိုလ်ကျမှ ဖြစ်တယ်။ မဟုတ်ရင် ခန္ဓာကိုယ်ပင်ပန်းတဲ့အခါ မကျန်းမာတဲ့အခါ စိတ်ညစ်တတ်တယ်။

ကလေးတွေကြည့်- သဘာဝအတိုင်းနေတတ်တဲ့ ကလေးတွေ။ သူတို့ပင်ပန်းပြီဆိုရင် ကလေးတွေ ငိုတတ်တယ်။ သူတို့ ဦးနှောက်ပိုင်းဆိုင်ရာရော nerve တွေရော၊   ဆဲလ်တွေရော အဲဒီအချိန်မှာ negative ဖြစ်သွားပြီ။ shut down လုပ်လိုက်တဲ့အချိန် မိဘက ဘာပဲပြောပြော၊ အမေက ကစားစရာအရုပ် ဘယ်လိုပဲပေးပေး၊ ဘယ်လိုပဲ သီချင်းဆိုဆို၊ ကလေးက အဲဒါတွေကို လက်မခံနိုင်တော့ဘူး။ receive မလုပ်နိုင်တော့ဘူး။ ခန္ဓာကိုယ်က ပင်ပန်းတာကိုး။ ခန္ဓာကိုယ်က ပင်ပန်းတဲ့အတွက် ကလေးက moody ဖြစ်တယ်။ စိတ်ကိုသွားပြီးထိခိုက်တယ်။ ကလေးက moody ဖြစ်တယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကလည်းပဲ positive ဖြစ်တဲ့ neuron တွေ မထုတ်နိုင်ဘူး ထင်တယ်။ အလုပ်မလုပ်နိုင်ဘူး။အလုပ်မလုပ်စေနိုင်ဘူး။ ဒါ့ကြောင့်မို့လို့ စိတ်နဲ့ရုပ်နဲ့ နှစ်ခုလုံး ဒီလိုတွဲပြီး ဖြစ်ပြီဆိုရင် နောက်တစ်ခုကလည်း positive ဖြစ်တဲ့ neuron တွေ မထုတ်နိုင်ဘူး။ နောက်တစ်ခုကလည်း negative ဖြစ်ပြီဆိုရင် အခြားတစ်ခုကပါ negative ဖြစ်တယ်။ ဒီအတိုင်းပါပဲတစ်ခုက positive ဖြစ်ပြီဆိုရင် နောက်တစ်ခုကလည်း positive ဖြစ်ဖို့ အခွင့်အလမ်း ပိုများတယ်။

အရှင်သာရိပုတ္တရာ အရှင်မြတ် ဟောထားတာက ရုပ်နဲ့ စိတ်နဲ့ straw ကောက်ရိုးတံလေး ၂-ခုလိုပဲတဲ့။ ၂-ခုစလုံး တစ်ခုနဲ့တစ်ခု မှီပြီးတော့ ထောင်ထားတဲ့အခါကျမှ ရပ်တည်နိုင်တယ်။ စိတ်ရော ခန္ဓာကိုယ်ရော ၂-ခုစလုံး ပျော်ရွှင်မှုကိုပေးစေတယ်။ ၂-ခုစလုံး positive ဖြစ်တဲ့အခါကျမှ ပျော်ရွှင်မှုဖြစ်မှာပေါ့။ တချို့ကတော့ ပျော်ရွှင်မှုလိုက်ရှာရင်းနဲ့ ဒီလောက် ပြင်းထန်တဲ့ အရက်သွားသောက်တယ်။ ဒီလောက် ဆဲလ်တွေကို ဒုက္ခပေးတတ်တဲ့ ယာဘတွေ၊ မူးယစ်ဆေးဝါးတွေ သွားသုံးတယ်။ negative emotion ဖြစ်စေတဲ့ အတင်းပြောတာတွေ လုပ်တယ်။ အတင်းပြောတတ်တဲ့အကျင့်တွေ မွေးတယ်။ အဲဒီလမ်းကို လိုက်မယ်ဆိုရင် ပျော်ရွှင်မှုခလုတ်လား ထင်ပြီးတော့ နှိပ်လိုက်တာ စိတ်ညစ်မှုခလုတ် သွားနှိပ်မိပြီးသားဖြစ်နေတယ်။ ဒါ့ကြောင့် ပျော်ရွှင်မှုခလုတ်လား၊ စိတ်ညစ်မှုခလုတ်လား သိအောင်လုပ်ဖို့ သိပ်အရေးကြီးပါတယ်။
ဓမ္မပဒပါဠိတော်ထဲမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိထားတုန်းဆိုတော့ စိတ်က အရာရာကို ဦးဆောင်ပါတယ်တဲ့။ စိတ်က အရာရာကိုဖန်တီးတယ်။ ဥပမာ - ဒီကနေ့ မိုးရွာတယ်။ မိုးရွာတဲ့နေ့ negative ဖြစ်လား။ စိတ်ရဲ့အထင်ပေါ်မှာ မူတည်ပါတယ်။ မိုးရွာတာကို ကခုန်ပြီးတော့ မိုးကို ကြိုဆိုတဲ့ ပုဂ္ဂိုလ်တွ အများကြီးရှိတယ်။ မိုးရွာလို့ စိတ်ညစ်တဲ့သူတွေလည်း ရှိတယ်။ ဆိုလိုတာက မိုးအပေါ်မှာ မူမတည်ဘူး။ စိတ်အပေါ်မှာ မူတည်တယ်။ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဌာ မနောမယာ”တဲ့။

ပျော်ရွှင်မှုခလုတ်လေးတွေ အများကြီး ရှိချင်ရှိမယ်။ ဥပမာ - စား ဝတ် နေ ရေး ကျန်းမာရေးဆိုတဲ့ အရေးကြီးတဲ့အရာ ၄-ခုကို ဘဝရဲ့မရှိမဖြစ် လိုအပ်ချက်လို့ မြတ်စွာဘုရားက ပြောထားတယ်။ စားစရာမပြည့်စုံဘူးဆိုရင် စိတ်ညစ်ဖို့များတယ်။ ဝတ်စရာအပြည့်အစုံမရှိဘူးဆိုရင် စိတ်ညစ်ဖို့များတယ်။

နေထိုင်စရာ အပြည့်အစုံမရှိဘူးဆိုရင် စိတ်ညစ်စရာများတယ်။ ကျန်းမာရေးအတွက် နေမကောင်းတဲ့အခါ ကိုယ့်ဟာကိုယ် ပြုစုဖို့အတွက် အကူအညီ မရနိုင်ဘူးဆိုရင် ဒါကလည်းပဲ စိတ်ညစ်စရာတွေဖြစ်တယ်။ ဒါ့ကြောင့် ဒါတွေဟာ စိတ်ချမ်းသာမှုအတွက် ရုပ်ဝတ္ထုပစ္စည်း အခြေခံတွေ။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် စိတ်ချမ်းသာမှု ခလုတ်တွေပဲ။ စာစကား ကတော့ အထောက်အပံ့ ရုပ်ဝတ္ထု ပစ္စည်းလေးပါး ခေါ်တယ်။
မြတ်စွာဘုရား အမိန့်ရှိသေးတယ်။ မင်္ဂလသုတ်ထဲမှာ “အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ - လူမိုက်ကို မပေါင်းနဲ့၊   ပညာရှိကိုပေါင်း” လူမိုက်ပေါင်းမိရင် စိတ်ညစ်စရာ ခလုတ်သွားနှိပ်မိတာနဲ့ အတူတူပဲ။ ပညာရှိပေါင်းပါ ဆိုတော့ ပညာရှိပေါင်းမိရင် ရေရှည်မှာ စိတ်ချမ်းသာစရာခလုတ် နှိပ်မိတာပဲ။ အဲဒီလိုခလုတ်တွေ အများကြီး မြတ်စွာဘုရားက ဟောထားတယ်။ မှန်ကန်တဲ့အရပ် ပတိရူပဒေသဝါသ ဆိုတာ ပါသေးတယ်။ လူလည်း မှန်ရမယ်။ နေရာလည်း မှန်ရမယ်။ ဒါပေမဲ့ အဲဒီခလုတ်တွေ အားလုံးကိုခြုံလိုက်ရင် main ခလုတ်က ဘယ်မှာရှိတုန်း။ စိတ်ထဲမှာ ရှိတယ်တဲ့။ မနောပုဗ္ဗင်္ဂမာ စိတ်မထားတတ်ဘူးဆိုရင် ဘာပဲလုပ်လုပ် လိုက်လာတဲ့အကျိုးတွေဟာ negative ဖြစ်တယ်၊ ဆိုးကျိုးဖြစ်တယ်။ ဘာနဲ့တူတုန်းဆိုတော့ “စတ္တံ ဝ ဝဟတော ပဒံ” နွားလှည်းဘီးက နွားရဲ့နောက်ကို အမြဲတမ်း လိုက်သလိုပဲ Negative emotion နဲ့ Negative Attitude ရဲ့နောက်ကိုလည်းပဲ စိတ်ညစ်မှုက အမြဲတမ်း လိုက်နေတယ်။

နောက်တစ်ခုက စိတ်မထားတတ်တာကို "အယောနိသော မနသိကာရ” ခေါ်တယ်။ unskillful mind ခေါ်တာပေါ့။ စိတ်က skill မဖြစ်ဘူး။ အလုပ်လုပ်တဲ့နေရာမှာ ကျွမ်းကျင်မှု မရှိဘူး။ ကောင်းတဲ့ဟာကိုလည်းပဲ အကောင်းလို့ မမြင်တတ်ဘူး။ အကောင်းမှန်း မမြင်တတ်ဘူး။ မကောင်းတဲ့ဟာ ဆိုရင်တော့ ပြောမနေနဲ့။မကောင်းတဲ့ဟာကို ပိုပြီးတော့ မကောင်းအောင် ချဲ့တတ်တယ်။ မကောင်းတဲ့ဟာကို ကောင်းအောင်ပြင် ပြီးတော့ မကြည့်တတ်ဘူး။ အဲဒါကို unskillful outlook, unskill attitude - အယောနိသော မနသိကာရ" ခေါ်တယ်။ မသင့်လျော်၊ ကြောင်းကျိုးဆင်ခြင်မှုမှာ မကျွမ်းကျင်တဲ့ အကျင့်ပေါ့။ "အယောနိသော မနသိကာရ"က စိတ်ညစ်စရာ၊  စိတ်ဒုက္ခ အားလုံးရဲ့အခြေခံပါပဲ။

နေရာတိုင်းမှာ စိတ်ချမ်းသာအောင်ကြည့်တတ် စိတ်ထားတတ်တာကိုတော့ “ယောနိသော မနသိကာရ"လို့ ခေါ်တယ်။ ကောင်းတာတွေ ရှိတယ်ဆိုရင် အဲဒီကောင်းတာတွေကို မြင်တယ်။ ဒီနေ့ ဓမ္မဒေါင်းလုဒ် မိသားစကနေ ပြီးတော့ စင်္ကာပူမှာ ကျေးဇူးပြုပြီး အကျိုးဆောင်ပေးတဲ့ အတွက်ကြောင့်မို့လို့ အင်တာနက်ပေါ်မှာ တစ်ခါတည်း တရားနာတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ရန်ကုန်မြို့က ဇမ္ဗူသီရိဓမ္မာရုံကြီးမှာ တရားနာရတဲ့ဓမ္မပရိသတ်တွေလည်း ရှိတယ်။ ဒါတွေကိုကြည့်ပြီးတော့ စိတ်ထဲမှာ ပီတိဖြစ်တယ်၊ အနုမောဒနာဖြစ်တယ်။ ရန်ကုန်ဇမ္ဗူသီရိ ဓမ္မာရုံထဲမှာလည်း ဆရာတော်မကြွနိုင်ပေမဲ့ စင်္ကာပူကနေပြီးတော့ တရားဟောပေးမယ်ဆိုတော့ စိတ်မပျက် အားမလျော့ဘဲ ဓမ္မာရုံပြည့်အောင် တရားနာပရိသတ်တွေလည်းပဲ ကြိုးကြိုးစားစား လာကြတယ်။ အဲဒါကိုကြည့်ပြီးတော့ စိတ်ထဲမှာ ပီတိဖြစ်နေတာ။ တရားနာပရိသတ် မပင်ပန်းဘူး မညောင်းဘူး ဆိုရင် ဘုန်းကြီးတော့ ဆက်ပြီးတော့ ဟောချင်တယ်။ အားနာလို့ တအောင့်နေဆို ပြီးတော့မယ်။

ဒီတရားပွဲ မဖျက်ရအောင် ဒီလို ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးတဲ့ တရားအလှူရှင်၊ နောက်ပြီးတော့ မော်လမြိုင်  တောင်ပေါ်ကျောင်း ဆရာတော် အရှင်ဝိစိတ္တာဘိပါလ ဦးဆောင်တဲ့ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ(ရန်ကုန်) ရဲ့ သံဃာတော်တွေနဲ့ ဝေယျာဝစ္စ ပုဂ္ဂိုလ်တွေ၊ အမျိုးသားစာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ ဆရာ၊   ဆရာမကြီးတွေ၊ ဒကာတွေ ဒကာမတွေ၊ အဲဒါကိုကြည့်ပြီးတော့ ဘုန်းကြီးက စိတ်ထဲမှာ မုဒိတာဖြစ်တယ်၊ ပီတိဖြစ်တယ်၊ ခြေထောက်နာလို့ နာမှန်းတောင် သတိမထားမိဘူး။ အဲဒီတော့ “ယောနိသော မနသိကာရံ " ဒါထားတတ်တယ်ဆိုရင် ကောင်းတာတွေပဲ မြင်တယ်။ မကောင်းတာရှိနေရင်လည်း အဲဒီမကောင်းတာ ထပ်ပြီးတော့ ပွားမလာအောင် multiply မဖြစ်အောင် ထားတတ်တဲ့ အကျင့်လေး လုပ်ထားရမယ်။ အဲဒီလိုအကျင့်လေး ရှိထားရင် အဲဒါကိုပဲ "ယောနိသော မနသိကာရ" လို့ခေါ်ပါတယ်။ မှန်မှန်ကန်ကန် positive ဖြစ်အောင် နှလုံးသွင်းတတ်တယ်တဲ့။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မိန့်တော်မူတယ်။ ယောနိသော မနသိကာရ Positive Attitude မရှိဘူးဆိုရင် ဘာကုသိုလ်မှ မဖြစ်နိုင်ပါဘူးတဲ့။ အကောင်းမှန်သမျှ ယောနိသော မနသိကာရကို အခြေခံတယ်။ ဒါကြောင့် ယောနိသော မနသိကာရ ရှိတယ်ဆိုရင် စိတ်ချမ်းသာမှုက ဘာနဲ့ တူသလဲ ဆိုတော့ ကိုယ့်ရဲ့အရိပ်နဲ့တူတယ်တဲ့။ ဘယ်ပဲသွားသွား ဒီအရိပ်က ကိုယ်နဲ့ အမြဲတမ်း မခွဲမခွာ ရှိတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် စိတ်ချမ်းသာမှု ကိုယ်နဲ့ အမြဲတမ်းရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်မှာ စိတ်ချမ်းသာမှုရဲ့ခလုတ် ရရှိထားလို့။

ဒီစိတ်ချမ်းသာမှုရဲ့ ခလုတ်ကို စကားတစ်လုံးထဲနဲ့ မှတ်မိအောင် ပြောမယ်ဆိုရင် Positive emotion ပေါ့။ Positive ဖြစ်တဲ့ စိတ်ခံစားမှု၊ Positive ဖြစ်တဲ့စိတ်ထားတတ်မှု၊ “ယောနိသော- မနသိကာရ" ပါတာလေးပဲ။
“ယောနိသောမနသိကာရ" ရှိတယ်ဆိုရင်တော့ စိတ်ချမ်းသာမှုရဲ့ခလုတ် မိမိရဲ့လက်ထဲမှာ ရှိပါပြီတဲ့။ မိမိဝယ်ထားတဲ့ လက်ကိုင်အိတ် ဘယ်သူကလာပြီးတော့ ချီးမွမ်းတာ မချီးမွမ်းတာ ကိစ္စမရှိဘူး။ ဒီနေ့ဝတ်ဆင်လာတဲ့ အဝတ်အစား ဘယ်သူက လာပြီးတော့ ချီးမွမ်းတာ မချီးမွမ်းတာ ကိစ္စမရှိတော့ဘူး။ complement ပေးတာ မပေးတာ ကိစ္စမရှိဘူး။

ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ရဲ့ လက်ထဲမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုခလုတ်ကို အပ်နှံ မထားလို့။ ကိုယ့်ရဲ့ပျော်ရွှင်မှုခလုတ်က ကိုယ့်ရဲ့လက်ထဲမှာ ရှိနေလို့။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် "ယောနိသော မနသိကာရ " ဆိုတဲ့ "Positive Thinking, Positive Emotion"  ရှိလို့။
ဒီနေ့တရား အကျဉ်းချုပ်မယ်ဆိုရင် စိတ်ချမ်းသာအောင် စိတ်ထားတတ်တဲ့ ပုဂ္ဂိုလ်ဟာ သူတို့ရဲ့ ဦးနှောက်ကလည်း အကောင်းဘက်ကို ပြောင်းလဲသွားတယ်။ စိတ္တဇရုပ်ဆိုတာ ရှိတယ်။ စိတ်ကဖြစ်စေတဲ့ရုပ်။ စိတ်ကိုအားကိုးပြီးတော့ စိတ်ကို မှီတည်ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ရုပ် ရှိတယ်။ စိတ်က ကုသိုလ်စိတ်ဆိုရင် ဒီရုပ်ကလည်းပဲ ပျော်ရွှင်တဲ့ရုပ် ဖြစ်သွားတယ်တဲ့။

ရုပ်တရား ကိုယ်တိုင်ကတော့ ကုသိုလ်-အကုသိုလ် မဟုတ်ဘူး။ ကုသိုလ်လည်း မဟုတ်ဘူး။ အကုသိုလ်လည်း မဟုတ်ဘူး။ ကုသိုလ် အကုသိုလ်ရဲ့ ဩဇာသက်ရောက်မှုပဲ သူ့အပေါ်မှာ ရှိတယ်။ အဲဒါကိုပဲ စိတ္တဇရုပ်လို့ ခေါ်တယ်။

ဒါကိုပဲ ခုခေတ် အနောက်တိုင်း ဦးနှောက်ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေက သုတေသနလုပ်ထားတယ်။ စိတ်က Positive ဖြစ်တယ်ဆိုရင် ဦးနှောက်က Positive ဖြစ်တယ်။

စိတ်က နာမ်တရား ဦးနှောက်က ရုပ်တရား။ Positive ဖြစ်တဲ့နာမ်တရားက ရုပ်တရားကို positive ဖြစ်စေတယ်။ နောက်ပိုင်း အချိန်များများရတဲ့အခါကျမှ ဒါကို ပဋ္ဌာန်းတရားတော်နဲ့ ဆက်ပြီးဟောမယ်။ ဒါကို အာရမ္မဏပစ္စည်းတို့ ပကတူပ-နိဿယပစ္စည်းတို့နဲ့ ဆက်ပြီးတော့ဟောလို့ ရတယ်။ ဒီနေ့တော့ အခြေခံအနေနဲ့ ဘာပြောချင်တုန်းဆိုတော့ စိတ်က positive ဖြစ်တယ်ဆိုရင် ရုပ်ကလည်း Positive ဖြစ်သွားတယ်။ ရုပ်က Positive ဖြစ်သွားရင် စိတ်ကို တစ်ခါပြန်ပြီးတော့ Positive ဖြစ်စေတယ်။ စိတ်ကချမ်းသာရင် ရုပ်ကို ချမ်းသာစေတယ်။ ရုပ်က ချမ်းသာရင် စိတ်ကိုပြန်ပြီးတော့ ချမ်းသာစေတယ်။ တစ်ခုနဲ့တစ်ခု အကြောင်းနဲ့အကျိုး အဲဒီလို ဆက်စပ်နေတယ်။

ဒါကြောင့်မို့လို့ ဒီအထဲမှာ အရေးကြီးတဲ့ ပျော်ရွှင်ခြင်းရဲ့ Main ခလုတ် "ယောနိသော မနသိကာရ - အရာရာတိုင်းကိုအကောင်းနဲ့ မြင်တတ်ပါစေ၊ ကြည့်တတ်ပါစေ ဆိုတဲ့ မြတ်စွာဘုရားရဲ့တရားတော်အတိုင်း အဲဒီ "ယောနိသော မနသိကာရ"ဟာ ပျော်ရွှင်မှုရဲ့ခလုတ်ဖြစ်ပါတယ်။ အဲဒီခလုတ် မိမိရဲ့သန္တာန်မှာ မရှိသေးဘူးဆိုရင် ရှိအောင် ရယူထားပါ။ ရှိအောင်လုပ်ထားပါ။ မရှိသေးဘူးဆိုရင် ခလုတ်ရှိတဲ့သူတွေဆီမှာပဲ ကိုယ်က သွားအားကိုးပြီးတော့ သူတို့နှာခေါင်းနဲ့ ကိုယ်က အသက်ရှူရတတ်တယ်။  သူများနှာခေါင်းနဲ့ အသက်ရှူရတာ ဘယ်ဝမှာတုန်း။

Oxford ဆရာတေ်

Comments

  1. So many thanks admin🙏🙏🙏

    ReplyDelete
  2. Oxford sayardaw?
    ပါမောက္ခချုပ်ဆရာတော်လား?
    Confirm ပေးပါဦး

    ReplyDelete
  3. တရားတော်တွေလဲ ဖတ်ပေးမယ်နေတင်ပေးပါဦး။ ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  4. Such enlightenment to my mindset Sayadaw
    Stay wealthy

    ReplyDelete

Post a Comment