ပလတ်စတစ်အမျိုးအစားများ
ပလတ်စတစ် ဆိုတာလူတိုင်းနဲ့ မစိမ်းတဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပလတ်စတစ်ဆိုတဲ့ အရာနဲ့ မထိတွေ့ရတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ နေ့စဉ်သောက်နေတဲ့ ရေသန့်ဘူးခွံကစလို့ မိုးရွာရင်ဝတ်တဲ့ မိုးကာကအဆုံး ပလတ်စတစ်နဲ့ပြုလုပ်ထားတာကို တွေ့နိုင်ပါတယ်။ အဆိုပါ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ မြှားသုံးချောင်းနဲ့ နံပါတ်ပါတဲ့ သင်္ကေတလေးတွေကို သတိထားမိကြမယ်ထင်ပါတယ်။ အဲ့ဒီ့သင်္ကေတလေးတွေက ဘာကိုဆိုလိုတာလဲ၊ သူတို့ကဘာကိုဖော်ပြတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။
အဲ့ဒီ့သင်္ကေတများကို Mobius Loop လို့ခေါ်ပြီး Recycle (ပြန်လည်ပြောင်းလဲအသုံးပြုခြင်း) လုပ်လို့ရတယ် ဆိုတာကို ဖော်ပြတာပါ။ Mobius Loop တွေမှာ မြှားသုံးချောင်းသာမဟုတ်ဘဲ နံပါတ်နဲ့ စာလုံးအချို့လည်းပါတာ ကို တွေ့ရမှာပါ။ အဲ့ဒီ့အရာတွေဟာ ပလတ်စတစ်အမျိုးအားကိုဖော်ပြတာဖြစ်ပြီး အမျိုးအစားတစ်ခုချင်းဆီက အရည်အသွေးမတူဘဲ Recycle လုပ်နိုင်တဲ့ ဂုဏ်သတ္တိများလဲကွဲပြားပါတယ်။ ထို့အပြင် အချို့ပလတ်စတစ်များ က အစားအသောက်ထုပ်ပိုးရာမှာသုံးနိုင်ပြီး အချို့ကတော့ ဓာတုဗေဒပစ္စည်းများအလွယ်တကူစိမ့်ထွက်နိုင်တာ ကြောင့်အသုံးပြုလို့မရပါဘူး။
ယေဘူယျအားဖြင့် ပလတ်စတစ်အမျိုးအားကို (၇) မျိုးခွဲခြားထားပါတယ်။ အဲ့တာတွေကတော့ -
PETE/ PET #1

ဒီပလတ်စတစ်အမျိုးအစားဟာ Polyethylene Terephthalate လို့ခေါ်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ သူက တော့ အသုံးအများဆုံး ပလတ်စတစ်အမျိုးအစားဖြစ်ပါတယ်။ စျေးနှုန်းသက်သာပြီး Recycle ပြုလုပ်ဖို့လည်းလွယ်ကူပါတယ်။ Polyethylene Terephthalate အမျိုးအစားတွေကိုတော့ အချိုရည်ဘူးခွံတွေ၊ ရေသန့်ဘူးခွံတွေ မှာအများဆုံးအသုံးပြုပါတယ်။
ဒီပလတ်စတစ်အမျိုးအစားဟာ ပါဝင်တဲ့ ဓာတုပစ္စည်းစိမ့်ထွက်နိုင်ခြေလည်းနည်းပါးတာကြောင့် အစားအသောက် ထုပ်ပိုးရာမှာလည်းအတိုင်းအတာတစ်ခုထိစိတ်ချရမှုရှိပါတယ်။ သူတို့ကို Recycle ပြန်လုပ်မယ်ဆိုရင် အရည်ကြိုပြီး ဘူးခွံအသစ်ပြုလုပ်ခြင်း၊ စျေးဝယ်အိတ်ပြုလုပ်ခြင်း၊ သစ်သားအစားထို့း Plastic Lumber ပြုလုပ်ခြင်း အစရှိသည်တို့မှာပြန်လည်အသုံးပြုလို့ရပါတယ်။
HDPE #2
ဒီပုံထဲကလိုသင်္ကတမျိုးကိုတော့ High Density Polyethylene လို့ခေါ်တဲ့ ပလတ်စတစ်အမျိုးအစားတွေမှာတွေ့ရမှာပဲဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ပလတ်စတစ်အမျိုးအစားနဲ့ အတူတူပဲဖြစ်ပြီး ကွာခြားချက်ကတော့ ပိုကျစ် ပိုထူသွားတာပဲဖြစ်ပါတယ်။ သူတို့ကိုတော့ ကျွန်တော်တို့တွေ့ဖူးနေကျ နွားနို့ဘူးအဖြူ၊ ခေါင်းလျှော်ရည်ဘူး အစရှိတာတွေပြုလုပ်ရ မှာအသုံံးများပါတယ်။
ဒီပလတ်စတစ်အမျိုးအစားလည်း စနစ်တကျစွန့်ပစ်မယ်ဆိုရင် Recycle ပြန်လည်ပြုလုပ်နိုင်ပါတယ်။ သူ့ကိုတော့ ဆပ်ပြာမှုန့်ဘူးခွံ၊ ဘောပင်၊ ရေပိုက်၊ ပလတ်စတစ်ခြံစည်းရိုးများ ပြုလုပ်ရာမှာပြန်လည်အ သုးပြုနိုင်ပါတယ်။
PVC or V #3
ဒီပလတ်စတစ်အမျိုးအစားဟာလည်း ကျွန်တော်တို့ကြားဖူးနေကြအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ သူ့နာမည်ကတော့ Polyvinyl Chloride ပဲဖြစ်ပါတယ်။ သူက စျေးသက်သာတယ်။ ပုံစံအမျိုးမျိုး၊ အထူအပါးအမျိုးမျိုး၊ အရောင်အမျိုးမျိုးအလွယ်တကူလုပ်လို့ရတယ်။ အဲ့ဒါကြောင့်လည်း စီးပွားရေးအရတွက်ခြေကိုက်ပြီး အသုံးများတဲ့ ပလတ်စတစ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ သူကို မိုးကာများ၊ ရေပိုက်များ ကစလို့ သွေးထည့်တဲ့ သွေးအိတ်များအထိပါ ပြုလုပ်သုံးစွဲကြပါတယ်။
ဒီပလတ်စတစ်အမျိုးအစားကို ပြုလုပ်ရာမှာ Dioxin လို့ခေါ်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများထွက်ပါ တယ်။ မီးရှို့တဲ့အခါမှလည်း Dioxin ထွက်တာကြောင့် Recycle ပြုလုပ်တာရှားပါတယ်။ သူတို့ဟာအကြမ်းခံပြီး တာရှည်ခံတာကြောင့် မိမိဘာသာကြာရှည်သုံးစွဲခြင်း၊ အသုံးမလိုတော့တဲ့အခါ တခြားသူတွေကိုလက်ဆင့်ကမ်းပေးခြင်းကဲ့သို့ Reuse လုပ်ခြင်း ဟာအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါ တယ်။ PVC ပလတ်စတစ်အမျိုးအစားဟာ ဓာတုပစ္စည်းစိမ့်ထွက်နိုင်ခြေလည်းများတာကြောင့် အစားအစာထုပ်ပိုးမှုအတွက် စိတ်ချရတဲ့အမျိုးအစားမဟုတ်ပါဘူး။ ပြီးတော့မီးရှို့ ဖျက်စီးခြင်းကိုလည်း လုံးဝမပြုလုပ်သင့်ပါဘူး။
LDPE #4
LDPE ရဲ့အရှည်ကောက်က Low Density Polyethylene ပဲဖြစ်ပါတယ်။ သူက အထက်မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့ #1 / #2 ပလတ်စတစ်အမျိုးအစားတွေနဲ့အတူတူပဲဖြစ်ပါတယ်။ မတူတဲ့အချက်ကတော့ သိပ်သည်းဆပိုပြီးနည်းတာပဲ ဖြစ်ပါတယ်။ သိပ်သည်းဆနည်းတာနဲ့အညီ သူက ပျော့ပြောင်းတယ်၊ အလွယ်တကူ ကွေးကောက်နိုင်ပါတယ်။ သူ့ကိုတော့ ကြွပ်ကြွပ်အိတ်၊ အစားအသောက် ထုပ်ပိုးသည့်အိတ်၊ သွားတိုက်ဆေးဘူးခွံ အစရှိတာတွေပြုလုပ်ရာမှာအသုံးပြုပါတယ်။
သူတို့ကို Recycle ပြန်လုပ်လို့ရပေမယ့် ခက်ခဲပါတယ်။ အကြောင်းအရင်းတွေကတော့ ပုံစံမမှန်ခြင်း (အမျိုးမျိုးရှိနိုင်ခြင်း)၊ အလွန်ပေါ့ပါးခြင်း၊ ကပ်ငြိနေတဲ့အညစ်အကြေးများကိုဖယ်ရှားရန်ခက်ခဲခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။ Recycle လုပ်လျှင် အမှိုက်ပုံးများတွင်စွပ်၍သုံးရသည့်အမှိုက်အိတ် များပြုလုပ်ခြင်း၊ သစ်သားအစားထိုး Plastic Lumber ပြုလုပ်ခြင်းအစရှိသည်တို့မှာ အသုံးပြုပါတယ်။
PP #5
ဒီသင်္ကကိုတော့ ကျွန်တော်တို့ online ကမာလာရှမ်းကောဝယ်စားရင်ပဲဖြစ်ဖြစ် တခြား မုန့်တစ်ခုခုဝယ်စားရင်ပဲဖြစ်ဖြစ် အသုံးပြုတဲ့ ပလတ်စတစ်ဘူးအကြည်ရောင်တွေမှာ တွေ့ဖူးကြမယ်လို့ထင်ပါတယ်။ သူ့ကိုတော့ Polypropylene လို့ခေါ်ပါတယ်။ သူကတော့လွယ်လွယ်နဲ့ အရည်မပျော်နိုင်ပဲ အရည်ပူများကိုအတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိပါတယ်။ သူ့ကို ဒိန်ချည်ဘူး၊ ဆေးဘူး၊ ပိုက် စတာတွေပြုလုပ်ရာမှာလည်းအသုံးပြုပါတယ်။ အဓိကအားသာချက်က အပူဒဏ်၊ အက်ဆစ်ဒဏ် နဲ့ ဆီဒဏ်တွေကို ခံနိုင်တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် အက်ဆစ်ဓာတ်ပါတဲ့ အချည်ရည် ထည့်ချင်တာပဲဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက်ဆီထည့်ချင်တာပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ အပူဒဏ်ခံနိုင်တာကြောင့် အချို့ဆို Microwave မှာတောင်ထည့်ပြီးသုံးလို့ရပါတယ်။
သူတို့ကို Recycle ပြန်လုပ်မယ်ဆိုရင်တော့ အချက်ပြမီးသီး၊ ဘတ္တရီကြိုး၊ ပလတ်စတစ်တံမြက်စည်း အစရှိတာတွေပြုလုပ်ရာမှာ သုံးနိုင်ပါတယ်။ ဒီပလတ်စတစ်အမျိုးအစားကို စားသောက်ကုန်ထုပ်ပိုးရာ မှာအများဆုံးအသုံးပြုပြီး လက်ရှိထိတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိသာတဲ့ ဆိုးကျိုးမရှိပါဘူး။
PS #6
Polystyrene ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ “ဖော့” လို့လူသိများပါတယ်။ သူတို့ကို တစ်ခါသုံး ရေခွက်၊ တစ်ခါသုံးပန်းကန်ပြား နှင့် မြန်မာနိုင်ငံသားတွေနဲ့ အလွန်ရင်းနှီးတဲ့ ဖော့ဘူးတွေမှာအသုံးပြု ပါတယ်။
ဒီပလတ်စတစ်အမျိုးအစားမှာ ပါဝင်တဲ့ Styrene ဆိုတဲ့ ဓာတုပစ္စည်းဟာ အလွယ်တကူအစားအစာတွေ ထဲစိမ့်ဝင်နိုင်ပြီး အပူလုံးဝ(လုံးဝ) ထိလို့မရပါဘူး။ သူက အဆိပ်အတောက်ဖြစ်ပြီး ကင်ဆာဖြစ်ပွားစေ နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Polystyrene နဲ့ပြုလုပ်ထားတဲ့ ဖော့ဘူးများကို အတော်များများသုံးစွဲကြပြီး အချို့ဆို ပူနွေးတဲ့ အစားအသောကများထုပ်ပိုးရာမှာ အသုံးပြုနေကြတာ ကိုတွေ့ရပါတယ်။ အဲ့ဒါဟာ အလွန်အန္တရာယ်များတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ပလတ်စတစ်အမျိုးအစားကို Recycle ပြုလုပ်တဲ့လုပ်ငန်းစဉ်ဟာခက်ခဲပါတယ်။ ပြုလုပ်မယ်ဆိုရင် တော့ ကြက်ဥဘူးခွံ၊ ပေတံ အစရှိတာတွေပြုလုပ်ရာမှာအသုံးပြုပါတယ်။
အခြားပလတ်စတစ်အမျိုးအစားများ (Miscellaneous Plastic #7)
ဒီသင်္ကတကတော့ အထက်မှာဖော်ပြခဲ့တဲ့ ပလတ်စတစ်အမျိုးအစားတွေထဲမှာမပါဝင်တဲ့ ပလတ်စတစ် အမျိုးအစားအားလုံးအတွက်သုံးပါတယ်။ အဓီကနေနဲ့ Polycarbonate နဲ့ Polylactide အမျိုးအစား များပဲဖြစ်ပါတယ်။ သူတို့ကိုတော့ ကျည်ကာပစ္စည်း၊ နေကာမျက်မှန်၊ DVD ချပ်၊ ကွန်ပျူတာအစိတ်အပိုင်း စတာတွေပြုလုပ်ရာမှာ အသုံးပြုပါတယ်။
ဖော်ပြပါ သင်္ကတပါပလတ်စတစ်ပစ္စည်းအချို့ဟာ အစားအစာထည့်ဖို့ စိတ်ချရနိုင်ပေမယ့် အများစုကတော့ စိတ်မချရပါဘူး။ ဘာအမျိုးအစားဆိုတာ မသိနိုင်တဲ့ အတွက်သေချာပေါက်ပြောလို့ မရပါဘူး။ အန္တရာယ်များတဲ့ ဓာတုပစ္စည်းများ ပါဝင်နိုင်ပြီးအဲ့တာတွေက အစားအစားတွေထဲကို စိမ့်ဝင် နိုင်ပါတယ်။ Recycle ပြုလုပ်ရင်တော့ သစ်သားအစားထို့း Plastic Lumber များပြုလုပ်ရာမှာအသုံးပြု နိုင်ပါတယ်။
အခုလောက်ဆိုရင် ပလတ်စတစ်ပစ္စည်းတွေမှာပါတဲ့ သင်္ကတတွေအကြောင်းအလည်းတော်တော်သိ သွားလောက်ပြီထင်ပါတယ်။ ပလတ်စတစ်များကို အတတ်နိုင်ဆုံး Recycle လုပ်တာဟာ ကောင်းမွန်တဲ့ လုပ်ငန်းစဥ်တစ်ခုဆိုပေမယ့် အဲ့လို Recycle လုပ်ရာမှာ သုံးစွဲရမယ့် လောင်စာ၊ ထွက်လာမယ့် ဓာတုဓာတ်ငွေ့များလည်းရှိသေးတာကြောင့် သဘာဝပတ်ဝန်းကျင် နဲ့ လူသားများကို ထိခိုက်နေစေဆဲပဲဆိုတာကို သတိချပ်စေချင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Recycle လုပ်ရင်း Reuse (ထပ်ခါထပ်ခါအသုံးပြုခြင်း)၊ Refuse (မလိုအပ်တဲ့အခါ ငြင်းဆန်ခြင်း) တို့ကိုပါ ကျင့်သုံးရင်း ပလတ်စတစ်သုံးစွဲမှုကို အတူလျော့ချကြဖို့ နှိုးဆော်လိုက်ပါတယ်။













Very Useful and Interesting
ReplyDeleteThanks , this increased my knowledge of plastics.
ReplyDeleteInteresting
ReplyDeleteThank you for the precious content.
ReplyDeleteIn my household, we use PVC pipes to pump up the water from the well and drink that without boiling it. Is it safe to drink like that?
ReplyDeletegood.
ReplyDeleteThank you very much
ReplyDeleteThanks
ReplyDelete