ပြည်ထောင်စုစိတ်ဓာတ်

ယခုခေတ်အခါသမယ၌ လမ်း၊ တံတား၊ အဆောက်အဦးဖွင့်ပွဲများ နှင့် ယုတ်စွအဆုံး ဘာမဟုတ်သည့် သာမန်ကိစ္စကလေးများပြုလုပ်ဆောင်ရွက်ကြရာ၌ပင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးစုံတို့၏ ဝတ်စုံများကို ဝတ်ဆင်စေလျက် တခမ်းတနား ပါဝင်ဆင်နွှဲစေ၏။ တိုင်းရင်းသား ပေါင်းစုံတို့၏အကများဖြင့်လည်း အခမ်းအနားများကို သရုပ်ဖေါ်အမွှန်းတင်ကြသည်ကိုလည်းများစွာတွေ့မြင်နေရ၏။

တိုင်းရင်းသားလူမျိုးများကို အလေးပေး အရေးပေးသည့် သဘောပေလော၊ သို့မဟုတ် လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စု၏ အဓိပ္ပါယ်ကို သရုပ်ဖေါ်ပြသခြင်းပေလော၊ သို့တည်းမဟုတ် ရောင်စုံအဝတ်တန်ဆာများဖြင့် ဤတို့၏ အခမ်းအနားများကို ပိုမို၍လှပတင့်တယ် ကျက်သရေရှိစေရန် အခမ်းအနား၏ အဆောင်အယောင် သဘောထား၍ ပြုမူဆောင်ရွက်ခြင်းပေလော၊ ဤအချင်းအရာသဘောထားများကို ပြုသူများသာ သိကြပေလိမ့်မည်။

တိုင်းရင်းသားလူမျိုးများကို အရေးပေးသည့် အလေးအနက်ထားသည့် သဘောဆိုပါက ကောင်းလေစွ။ ထိုထက်မှာမူ တိုင်းရင်းသားလူမျိုး အရေးကိုအပေါ်ယံရွှေမှုံ့ကြဲအဆောင်အယောင်သဘောမျှဖေါ်ပြနေခြင်းထက် တိုင်းရင်းသား လူမျိုးများ၏အရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံဖြင့် ဖြေရှင်းလျက် အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြမည်ဆိုပါမူ ပို၍ ကောင်းလေစွဟူ၍ ဆင်ခြင်တွေးတောမိပေသည်။

ဤအပြင် ပြည်ထောင်စုစိတ်ဓာတ်ဟူသော ဝေါဟာရဆိုင်ရာ အပြောအဆို၊ အရေးအသား၊ အသုံးအနှုံးများသည်လည်း ယခင်ခေတ်အခါ  များမှာထက် ပိုမိုတွင်ကျယ်လာ၏။ ရွှေရည်စိမ် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများကို ပျားရည်နှင့် ဝမ်းချခြင်းပေလော၊ သို့မဟုတ် အများယောင်၍ ယောင်ရ၊ အမောင် တောင်မှန်း မြောက်မှန်း မသိပါ ဆိုသကဲ့သို့ မိမိကိုယ်၌က ပြည်ထောင်စု၏အခြေခံသဘောနှင့် ပြည်ထောင်စု မူများကို ခံယူသိမြင်ခြင်းမရှိပါဘဲလျက် အများကပြောဆိုသုံးနှုံးခြင်းကြောင့် သာ ပြောဆိုသုံးနှုန်းကြခြင်းပေလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုကို တည်ထောင်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟူ၍ ခံယူချက်ဖြင့်ပင် ပြောဆိုသုံးနှုန်းနေခြင်းပေလော။ ဤ အချင်းအရာသဘောထားများကိုလည်း ပြုသူများသာသိကြပေလိမ့်မည်။

ရွှေရည်စိမ်ပြည်ထောင်စုစိတ်ဓာတ်များကို ဖယ်ရှားပြီး ဗိုလ်ချုပ် အောင်ဆန်းချမှတ်ခဲ့သော ပြည်ထောင်စုမူ၊ ပြည်ထောင်စုစိတ်ဓာတ်ကိုသိမြင် ခံယူလျက် ပြောဆိုသုံးနှုန်းပါမူ ကောင်းလေစွ။ ထိုထက်မှာမူ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစုပြဿနာကို ဖြေရှင်းကာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြ ပါမူကား အတိုင်းထက်အလွန် ကောင်းလေစွဟူ၍ တွေးမြင်ခံစားမိပေသည်။

လမ်းစဉ်ပါတီခေတ်၌ တောင်သူလယ်သမား ဉီးကြီးများဆိုသော ဝေါဟာရသည်တွင်ကျယ်စွာ အသုံးပြုခြင်းခံခဲ့ရသည်။ သို့ရာတွင် တောင်သူ လယ်သမားများ၏ ဘဝမှာမူ အထူးအခွင့်အရေးများ ဗလာနတ္ထိ၊ ယခင်ခေတ် များမှာထက်ပင် ခါးသီးသောခံစားချက်များကို ခံစားခဲ့ကြရ၏။

ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာတွင်လည်း ဤသို့မဖြစ်ရန်လိုသည်။ မည်သည့် ပြဿနာကိုမဆို အပေါ်ယံ အပြောသက်သက်ဖြင့်မှုမပီးပေ။ ရွှေရည်စိမ်စိတ်ဓာတ်နှင့်သဘောထားများကို ဖယ်ရှားပြီး ပြဿနာကို အခြေခံကျကျ ရှုမြင်သုံးသပ်ရန်လိုသည်။ လောက၌ ဖြစ်ပျက်တတ်သော သဘာဝနိယာမတရားများသည် လူတို့၏ဆန္ဒနှင့် ကင်းလွတ်၏။ ထို့ကြောင့် ပြဿနာတရပ်ကိုရှုမြင်သုံးသပ်ရာတွင်လည်း ဆန္ဒစွဲ၊ လူမျိုးစွဲများကင်းရှင်းရန် လိုပေသည်။ ထို့အပြင် ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်၍ ရလာသော အခြေခံသဘောတရားများကို အသိအမှတ်ပြု လက်ခံရန်လို၏။ ဤအပြင် ပြေလည်စွာဖြေရှင်းမှသာပြီးမြောက်နိုင်ပေမည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုးများပြဿနာကိုလည်း ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ရမည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြုရမည်။ လူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အလေးနက်ထား လက်ခံမည်။ ဤအခြေခံသဘောတရားများပါသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ဖြေရှင်းမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်ရရှိ နိုင်ပေမည်။

ပြည်ထောင်စုဟူသည် ပြည်ထောင်များကို ပေါင်းစည်းထားခြင်းဖြစ်၏။ လူမျိုးအသီးသီးတို့ မှီတင်းနေထိုင်ရာများကို စုပေါင်းထားခြင်းလည်း မည်၏။ ပေါင်းစည်းကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုံရန်သူကို စုပေါင်း ကာကွယ်ရန်နှင့် ဘုံအကျိုးစီးပွါးကို တည်ဆောက်ကြရန်ဖြစ်၏။

ရှေးပဝေသဏီခေတ်၌လူသားတို့သည်မိသားစု၊ ဆွေမျိုးစု၊ သွေးတူ များအဖြစ်သာစုဖွဲ့နေထိုင်ခဲ့ကြသည်။ အန္တရာယ်များနှင့် ရန်သူများကိုလည်း မိမိတို့အင်အားဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့်သာ များသောအားဖြင့်ဖြေရှင်း ခဲ့ကြဟန်ရှိသည်။ သို့ရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ဆွေမျိုးစု၊ သွေးတူစု များ၏ ပိုင်ဆိုင်မှု (ကျွဲ၊ နွား၊ သိုး၊ တိရိစြွာန်များနှင့် စိုက်ပျိုး မြေယာများ) ကို ပိုင်ဆိုင်လာသောအခါ မြေယာလုစစ်ပွဲများ၊ အုပ်စုစစ်ပွဲများ ဖြစ်ပွါးလာ၏။ ဤသို့ဖြင့် ကြီးနိုင် ငယ်ညှ ဉ်းသဘော၊ အုပ်စုကြီးများက အုပ်စုငယ်များကို အနိုင်ပြုတိုက်ခိုက်လုယက်သိမ်းပိုက်မှုများ ရှိလာခဲ့၏။ မိမိအုပ်စုကို ရန်ပြုမည့် ရန်သူများရှိလာ၏။ စိန်ခေါ်မှုများ ရှိလာ၏။ ဤသို့ဖြင့် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစုများအချင်းချင်း ပေါင်းဖွဲ့သည့်အစုအဖွဲ့များ ပေါ်ထွန်းလာ၏။ ဤသည်မှာ ယနေ့ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်စွာ ကျင့်သုံးနေကြသော ပြည်ထောင်စုများ၏ အခြေခံသဘောပင်ဖြစ်ပေသည်။

လူသားတို့သည် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု အသိုင်းဝိုင်းမျိုးစုံမှ တဖြည်းဖြည်း နိုင်ငံတော်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဘာသာစကား၊ ဓလေ့ ထုံးတမ်းယဉ်ကျေးမှု၊ ဆွေမျိုးတော်စပ်မှုအရ ဖွဲ့စည်းနေထိုင်ခဲ့ရာမှ တခုတည်း သော အာဏာပိုင်မှု (အကြီးအကဲ)အောက်တွင်နေလိုခြင်းကြောင့် မျိုးတူစုများ စုဖွဲ့လာကြသည်။ လူ့ယ ဉ်ကျေးမှုစတင်လာခြင်းနှင့် စိုက်ပျိုးရေးစနစ် ပိုမိုထွန်းကားလာခြင်းကြောင့်လည်း ဆွေမျိုးစုများ ပိုမိုစုစည်းလာကြသည်။ အုပ်စုတစုနှင့်တစုအကြား ရန်လိုမှု၊ စိန်ခေါ်မှုများနှင့် နယ်မြေလုစစ်ပွဲများကြောင့် အင်အားကြီးသောအုပ်စုက အင်အားငယ်သောအုပ်စုအပေါ် လွှမ်းမိုး တိုက်ခိုက်သိမ်းပိုက်မှုများရှိလာသည်။ ဤကဲ့သို့သော စုဖွဲ့မှုများမှအုပ်ချုပ်ရေးယန္တယားနှင့် နိုင်ငံတော်များ ပေါ်ပေါက်လာခဲ့ပေသည်။

မူလနိုင်ငံတော်များသည် ဒီမိုကရေစီကျသော၊ လူထုအားဖြင့်ရွေး ချယ်သည့် လူထုကိုတိုက်ရိုက်ကိုယ်စားပြုသော နိုင်ငံတော်များသာ ဖြစ်ခဲ့ ကြ၏။ သို့ရာတွင် ပစ္စည်း ဉစ္စာနှင့် ဓနအင်အားကို ရှာဖွေစုဆောင်းရာတွင် ထွန်ယက် စိုက်ပျိုးလုပ်ကိုင်၍ ရှာဖွေသည်ထက် လုယက်တိုက်ခိုက် သိမ်းပိုက် ခြင်းအားဖြင့် ပိုမိုရရှိနိုင်သည့်သဘောကို မြင်လာသောအခါ လုယက်သိမ်းပိုက် သည့် စစ်ပွဲများမှသည် ပဒေသရာဇ်အင်ပါယာများ ထူထောင်ခဲ့ကြသည်။

နပိုလီယံ၏ အင်ပါယာကိုအကြောင်းပြုပြီး အမျိုးသားရေးစိတ်နှင့် အမျိုးသားနိုင်ငံကိုကာကွယ်ရန်စိတ်များ ပြင်းပြလာခဲ့ကြသည်။ နပိုလီယံ သည်  ဉရောပ၌ အင်္ဂလန်မှလွဲပြီး ကျန်ပဒေသရာဇ်နိုင်ငံများကို သိမ်းပိုက်ခဲ့ သည်။ ထိုနိုင်ငံများတွင် အမျိုးသားဘုရင်များကို ဖယ်ရှားပြီး နပိုလီယံ၏ ဆွေတော်မျိုးတော်များကို ဘုရင်များအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံများစွာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်လူမျိုး ဘုရင်များကို တမ်းတလာကြ၏။ အမျိုး၊ ဘာသာ၊ သာသနာနှင့် မိမိနိုင်ငံကိုထူ ထောင်လိုသော ကာကွယ်လိုသော စိတ်များပေါ်ပေါက်ကာ တော်လှန်ပုန်ကန်ခဲ့ကြသည်။ ထိုကဲ့သို့ တော်လှန်ပုန်ကန်မှုများကြောင့် နပိုလီယံ၏ အင်ပါယာ ပြိုကွဲရပြီး အမျိုးသားနိုင်ငံများပေါ်ပေါက်လာ၏။

စက်မှုတော်လှန်ရေးနောက်ပိုင်း၌ နယ်ချဲ့စနစ်ပေါ်ပေါက်လာရာ ထို နယ်ချဲ့စနစ်မှမွေးဖွားပေးလိုက်သော ကိုလိုနီဝါဒနှင့် ကိုလိုနီနိုင်ငံများ ပေါ် ပေါက်လာခဲ့၏။ ယင်းကိုလိုနီနိုင်ငံများတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တည်းဟူသောအမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေး ဝါဒသည်လည်း ပီပြင်စွာပေါ်ပေါက်လာခဲ့ပေသည်။ အမျိုးသားနှင့်နိုင်ငံတော်၊ နိုင်ငံတော်နှင့် အမျိုးသား၊ အပြန်အလှန်ဆက်စပ်နေသည့် အမျိုးသားနိုင်ငံတော် သဘောတရားများ၊ လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသား နိုင်ငံထူထောင်ခွင့် စသည့် အမျိုးသားဝါဒသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင် ထင်ရှားစွာပေါ်ပေါက်လာခဲ့ပေသည်။ (အမေရိကန်သမ္မတ ဝုဒ်ရိုးဝီလ်ဆင်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆိုဗီယက်ယူနီယံ၏ခေါင်းဆောင်လီနင်၏ ကိုယ်ပိုင် ပြဌာန်းခွင့် သဘောတရားများ)

ပထမကမ္ဘာစစ်ကြီးအပြီး ပေါ်ပေါက်လာသော နိုင်ငံတော်များသည် များသောအားဖြင့် လူမျိုးတမျိုးတည်းဖြင့်ဖွဲ့စည်းသော နိုင်ငံတော်များထက် လူမျိုးအများအပြားကို စုပေါင်းပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်များသာ ဖြစ်ကြပေရာ ပြည်ထောင်စု သဘောတရားများသည်လည်း ပေါ်ထွန်းလာခဲ့ ပေသည်။ (ဆွစ်ဇာလန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုတို့သည် ပြည်ထောင်စုသဘောတရား အမျိုးမျိုးကိုပေါ်လွင်စေ သည်။)

မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ် ဉီးဖြစ်သော (၁ဝ၄၄)ခုနှစ်မှ စ၍ နန်းတက်သည့် အနော်ရထာမင်းသည် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇ်လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့၏။ သို့ရာတွင် အနော် ရထာ၏ နိုင်ငံတော် မပေါ်ထွန်းမှီ မြန်မာနိုင်ငံ၏ နယ်မြေဒေသအတွင်းတွင် ပျူလူမျိုးတို့၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာနိုင်ငံတော်များ၊ မွန်တို့၏ သုဝဏ္ဏဘူမိနိုင်ငံတော်၊ ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ နိုင်ငံတော်များ၊ ရှမ်းတို့၏ နန်ရှောင် နိုင်ငံတော်စသည့်နိုင်ငံများသည် အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်ဝဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်ကို တွေ့ရပေမည်။

ပျူလူမျိုးတို့သည် တိဘက်တိုဘားမင်းအုပ်စုဝင်များဖြစ်ကြပြီး တိဘက်ကုန်းမြင့်မှ ဆင်းသက်လာသည်။ မြန်မာပြည် ဒေသသို့ ရောက်သော အခါ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည်။ မွန်လူမျိုးတို့သည် မွန်ခမာ အနွယ်ဝင်များဖြစ်ကြပြီး သုဝဏ္ဏဘူမိ နှင့် ဟံသာဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။ ရခိုင်လူမျိုးများသည် ရခိုင်ဒေသသို့ ရှေး ဉီးရောက်နှင့်လာကြသော ကမ်းယံလူမျိုး၊ သက်လူမျိုးများ နှင့် နောက်ပိုင်းမှ ဝင်ရောက်လာသော အာရီယံလူမျိုးများရောနှော နေထိုင် ခဲ့ကြပြီး ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြတ်၊ မြောက်ဉီး နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ ရှမ်းလူမျိုးတို့သည် ဆီနိုထိုင်း အနွယ်များဖြစ်ကြပြီး နန်ချောင်နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် စော်ဘွားနယ်များဖြင့် အုပ်စိုးနေထိုင်ခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် တိဘက်မြန်မာ အနွယ်များဖြစ်ကြပြီး ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ အမရပူရ၊ မန္တလေးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသည်။

မြန်မာပဒေသရာဇ်ခေတ်သည် အေဒီ (၁ဝ၄၄)ခုနှစ်၊ အနော်ရထာ နန်းတက်သောနှစ်မှ သီပေါမင်းနန်းကျသော သက္ကရာဇ် (၁၈၈၅) ခုနှစ်ထိ ရှည် ကြာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာမည့် သမိုင်းကြောင်း ကို လေ့လာမည်ဆိုပါက ထိုသမိုင်းကြောင်းဖြစ်ပေါ်ရာပထဝီအနေအထားကို လည်း အနည်းငယ် သိမြင်ထားရန်လိုပေသည်။ ပထဝီအနေအထား များသည် ထိုတိုင်းပြည်၏ ရာဇဝင်သမိုင်းကြောင်းကို စီမံဖန်တီးရာတွင် အဓိကအချက်တချက်အနေဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည်အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်စွန်း၌တည်ရှိသည်။ အရှေ့ဘက် တွင် တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံတောင်ဘက်တွင် မုတ္တမကွေ့နှင့် ဘင်္ဂလား ပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မဏိပူရနယ်၊ အာသံနယ်နှင့် မြင့်မောက်သောတောင်တန်းကြီးများ၊ မြောက်ဘက်တွင် တိဘက်နိုင်ငံများ ရှိခဲ့ကြပေသည်။

ရှေးမြန်မာမင်းတို့၏ လက်ထက်တန်ခိုးကြီးသော မင်းများသာလျှင် ဤမျှ ကျယ်ပြန့်သောဒေသနှင့် ၄င်းထက်ပိုသော ဒေသများကို သိမ်းပိုက် ပိုင်ဆိုင်ခဲ့ကြပြီး ကျန်အချိန်များမှာတစိတ်တဒေသကိုသာပိုင်ဆိုင်ကာ ထီးပြိုင်နန်းပြိုင် တိုင်းငယ်ပြည်ငယ်ကလေးများအဖြစ်သာ တွေ့မြင်ကြရပေသည်။

မြန်မာနိုင်ငံကို အကြမ်းအားဖြင့် သုံးသပ်ရလျှင် ပင်လယ်ကမ်းခြေ ဘက်တွင် ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြပ်၊ မြောက် ဉီး။ မွန်တို့၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ(ပဲခူး)။ အလယ်ပိုင်း၌ သရေခေတ္တရာ (ပြည်)နှင့် ၄င်း၏ အရှေ့ဘက်၌ ကေတုမတီ (တောင်ငူ)၄င်း၏ မြောက်ဘက်၌ ပုဂံ၊ အင်းဝ၊ စစ်ကိုင်းစသည်တို့၏ တည်ရာဖြစ်သောဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း၊ ထိုမှ မြောက်နှင့်အရှေ့ဘက်တို့တွင် ရှမ်းပြည်များတည်ရှိ ခဲ့ကြပေသည်။

စစ်ကိုင်း၊ အင်းဝ၊ ပုဂံပြည်ကြီး၏တည်ရာ ဧရာဝတီမြစ် အနောက် ဘက်ကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ကို တမ္ပဒီပတိုင်း ဟူ၍ခေါ်ပြီး မြန်မာတို့၏ဒေသဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ ပဲခူး၊ ဟံသာဝတီ၊ မုတ္တမ၊ တနင်္သာရီ စသည်တို့ကား မွန်လူမျိုးတို့၏ ဒေသဖြစ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ မြေပုံကို ကြည့်လျှင် ရခိုင်ပြည်ကိုချန်လှပ်ထားသော မြန်မာနိုင်ငံကို တောင်နံရံတံတိုင်းကြီးဝိုင်းရံလျက် ရှိသည်ကို တွေ့ရပေလိမ့် မည်။ နောက်ဘက်တွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင် ရိုးမတောင်တို့ ပါဝင်သော တောင်တန်းမြင့်ကြီးသည် ကျော်ဖြတ်ရန်ခဲယ ဉ်းလှ၏။ ၄င်းတောင်တန်းနံရံကြီးကို ဖြတ်ကျော်၍ ဝင်ရောက်ရန် ခရီးလမ်းများမှာ စင်စစ်အားဖြင့် မြစ်ငယ်များစီးဆင်းနေသော တောင်ကြားများသာ ဖြစ်ကြ၏။ ဗြဟ္မပုတ္တရမြစ်ရှိရာ ဟူးကောင်းတောင်ကြားလမ်း၊ မဏိပူရမြစ်စဉ်အတိုင်း မဏိပူရလမ်း၊ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြား လမ်း၊ အရှေ့ဘက်တွင် တာပင်မြစ်ကြောင်းလမ်း (ဗန်းမော်) ကသာမှ ရွှေလီ မြစ်ကြောင်းလမ်း၊ မြစ်ငယ်ကြောင်းအတိုင်း ကွမ်းလုံကူးတို့ဆိပ်လမ်း၊ တောင်ဘက်တွင် ဂျိုင်းမြစ်ကိုလျှောက်၍ ကော့ကရိတ်လမ်း၊ မော်လòမိင်အရှေ့ဘက် တောင်ကုန်းများမှာ မမြင့်လှ၍ ကျော်ဖြတ်ရန်လွယ်ကူသည်။ ဤလမ်းများ သည် မြန်မာတို့က နိုင်ငံခြားသို့ စစ်ချီရာလမ်းနှင့် နိုင်ငံခြားသားတို့ မြန်မာ နိုင်ငံသို့ ဝင်ရောက်ရာလမ်းများဖြစ်ကြသည်။

မြန်မာနိုင်ငံနှင့် ရခိုင်ပြည်တို့သည် ရခိုင်ရိုးမတောင်တန်းကြီး၏ အတားအဆီးကြောင့် စစ်မက်ရေးရာများကို ကာဆီးထားသကဲ့သို့ ရှိသည်။ ထို့ကြောင့်ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သောအကြိမ်ပေါင်း အလွန်နည်း သည်။ အနော်ရထာမင်းလက်ထက်တွင်တကြိမ်၊ အလောင်းစည်သူ လက်ထက်တွင် တကြိမ်၊ အင်းဝမင်းခေါင်လက်ထက်နှင့် တပင်ရွှေထီးတို့ လက်ထက်တွင် တကြိမ်စီ တိုက်ခိုက်ပြီး ရခိုင်ဘုရင်မင်းရာဇာကြီးလက်ထက် တွင် မြန်မာပြည်ဘက်သို့ တကြိမ်သာလာရောက်တိုက်ခိုက်သည်ကိုတွေ့ရ ပေသည်။ အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်ကျမှသာ မြန်မာတို့ သည် ရခိုင်ပြည်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အင်းဝ (မြန်မာ) နှင့် ဟံသာဝတီ(မွန်)တို့အကြားတွင် သွားလာရ လွယ်ကူသော ဧရာဝတီမြစ်ကြောင်းရှိခြင်းကြောင့် အကြိမ်များစွာ စစ်မက်ဖြစ်ပွါးကြသည်ကိုတွေ့ရပေသည်။ (အနှစ် ၄ဝ စစ်)။ ပြည်နှင့်တောင်ငူတို့ သည်ဟံသာဝတီနှင့် အင်းဝတို့အကြားတွင်ရှိသော်လည်း ပြည်မှာ ဧရာဝတီ မြစ်ကြောင်းလမ်းတွင်ကျပြီး တောင်ငူမှာမူ ပဲခူးရိုးမတောင် တန်းဖြင့် ပိုင်းခြား ကာကွယ်ထားသကဲ့သို့ရှိသည်။ ဟံသာဝတီနှင့် အင်းဝတို့ အပြန် အလှန် စစ်ပြုကြရာတွင်လည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရေကြောင်းချီသည်က များ ပေသည်။ ထို့ကြောင့် သရေခေတ္တရာ(ပြည်)သည် ရှေးအခါက လွတ်လပ်ခဲ့သော်လည်း နောင်တွင် မြန်မာလူမျိုးနှင့် မွန်လူမျိုးတို့၏ လက်အောက်တွင် တလှည့်စီကျရောက်ခဲ့ရပေသည်။ ကေတုမတီ (တောင်ငူ) မှာကား စစ်မက် ဘေးမှလွတ်ကင်းခဲ့ပေသည်။ ထို့ကြောင့် တဖြည်းဖြည်းအင်အားတောင့်တင်း လာပြီးလျှင် နောင်တွင် အင်းဝနှင့်ပဲခူး(ဟံသာဝတီ)တို့စစ်ပန်းလာသောအခါ ထိုပြည်နှစ်ပြည်လုံးကိုပင် သိမ်းယူနိုင်ခဲ့ပေသည်။

ရှမ်းပြည်ကား မြန်မာပြည်နှင့် တရုတ်တို့၏ ကြားတွင်ရှိ၍တခါတရံ သီးခြားလွတ်လပ်နေပြီး ရံဖန်ရံခါတွင် မြန်မာတို့၏ လက်အောက်ခံ ဖြစ်ကာ တခါတရံ တရုတ်တို့၏ လက်အောက်ခံလည်းဖြစ်ခဲ့သည်။ ထားဝယ်၊ တနင်္သာရီ၊ မုတ္တမတို့မှာလည်း ပဲခူး(မွန်)နှင့် ယိုးဒယားတို့အကြားတွင်ရှိပြီး မွန်တို့၏ လက်အောက်ခံဖြစ်ပြီး ရံဖန်ရံခါတွင် ယိုးဒယားလက်အောက်သို့ ကျရောက်ခဲ့ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းကို ရေးသားဖေါ်ပြရာတွင် မြန်မာလူမျိုးတမျိုးတည်း၏သမိုင်းကိုဖေါ်ပြခြင်းထက်အခြားလူမျိုးများ၏ သမိုင်းအပါအဝင် ပြည်ထောင်စုသမိုင်းကိုသာ ဖေါ်ပြသင့်ပေသည်။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်သမိုင်းကို ရေးသားဖေါ်ပြရာ၌ မွန်လူမျိုးများ၏ သမိုင်းနှင့် မွန်နိုင်ငံတော်များအကြောင်းကိုလည်းကောင်း၊ မွန် မင်းဆက်ကို လည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များအကြောင်း ကိုလည်းကောင်း၊ ရှမ်းလူမျိုးတို့၏သမိုင်းနှင့် ရှမ်းနိုင်ငံတော်အကြောင်းကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ထိုနည်းတူစွာ ရခိုင်လူမျိုးတို့၏သမိုင်းနှင့်ထင်ရှားသော နိုင်ငံတော်များကိုလည်းကောင်း၊ ထင်ရှား သောဘုရင်များအကြောင်းကိုလည်းကောင်း ဖေါ်ပြမှု၊ သင်ကြားမှုနည်းပါး ခြင်းကြောင့် သိရှိသူအလွန်ပင်နည်းပေသည်။ အချို့မှာ ဉက္ကလာပမင်း၊ ရှင် စောပုဘုရင်မနှင့် ဓမ္မစေတီမင်းစသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ ဒါယကာများဖြစ်ကြသော ဘုရင်များကိုပင် မွန်ဘုရင် ဟူ၍လည်းကောင်း၊ သီဟသူ၊ အုန်းဘောင်ခုံမှိုင်းစသည့်မင်းများကိုလည်း ရှမ်းမင်းများဟူ၍လည်းကောင်း သိကြသူနည်းပေသည်။ ထိုနည်းတူစွာရခိုင်မင်းဆက်မှ ထင်ရှားသောမင်းများဖြစ်ကြသည့် စန္ဒာသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းရာဇာကြီး စသည့်မင်းများအကြောင်းကိုကား သိရှိသူ အလွန်နည်းပါးလှပေသည်။ ဤသို့ဖြစ်ရသည်မှာ သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့် ဖေါ်ပြခြင်းထက် မြန်မာသမိုင်းကိုသာ ဖေါ်ပြနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ ကြောင့် သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့်သာဖေါ်ပြသင့်ပေသည်။ လူမျိုးတို့၏ သမိုင်းဟူသည် မေ့ပျောက် ချန်ထားသင့်သော အကြောင်း အရာများမဟုတ်ပေ။

ထိုနည်းတူစွာ သမိုင်းကိုဖေါ်ပြရာ၌လည်း ဖြစ်ရပ်မှန်များအတိုင်း ရေးသားဖေါ်ပြရန်လို၏။ ဤသို့ ဖေါ်ပြခြင်းသည် ပဒေသရာဇ်ခေတ်တွင်ဖြစ်ခဲ့ သည်များကို အကြောင်းပြု လူမျိုးအချင်းချင်း အမုန်းပွါးရန် မဟုတ်ပေ။ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို သုံးသပ်ပြီး သင်ခန်းစာယူကာ အနာဂတ် နိုင်ငံတော်တည်ဆောက်ကြရန်သာဖြစ်၏။ (အတိတ်ကာလက ဂျပန်လူမျိုး များသည် ဖက်ဆစ်စနစ်ဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့ခြင်းကြောင့် ယနေ့ခေတ် ဂျပန်လူမျိုးများအား မုန်းတီးမှုများမထားသင့်ပေ၊ သို့ရာတွင် စစ်ဝါဒီ ဖက်ဆစ်တို့၏ သဘောကိုမူ သုံးသပ် ဆင်ခြင်အပ်ပေသည်)။ ရှည်ကြာများ မြောင်လှသောသမိုင်းကြောင်းသည် လူမျိုးတမျိုး၏ရှေ ့ခရီးအတွက် အင်အားတရပ်လည်းဖြစ်ပေသည်။

မြန်မာတို့သည်အနော်ရထာမင်းလက်ထက်မှစ၍ ရှမ်းတို့ကို သိမ်း သွင်းနိုင်ခြင်း၊ မဏိပူရနှင့်အာသံနယ်များကို သိမ်းပိုက်နိုင်ခြင်း၊ လင်းဇင်း၊ ဇင်းမယ်နှင့် ယိုးဒယားကို အောင်နိုင်ခြင်း၊ မွန်မြန်မာ အနှစ် (၄ဝ)စစ်ပွဲကို အပြီးသတ်အောင်မြင်ခြင်း တရုတ်တို့၏ကျူးကျော်မှုများကိုတွန်းလှန်နိုင်ခြင်း၊ ရခိုင်ပြည်ကိုသိမ်းယူနိုင်ခြင်း (ဘိုးတော်ဘုရားလက်ထက်) ပန်းဝါစစ်ပွဲကို အောင်နိုင်ခြင်းစသည်တို့ကြောင့် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်များ ထက်သန်ခဲ့ကြသည်။ မွန်လူမျိုး၊ ရခိုင်လူမျိုးတို့မှာမူ ပဒေသရာဇ်နိုင်ငံတော်များပျောက်ပြီး ဇာတိသွေးဇာတိမာန်များ ညှိုးနွမ်းခဲ့ကြရပေသည်။

သို့ရာတွင် မြန်မာတို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရှုံးနိမ့် ခြင်း၊ ဗြိတိသျှတို့၏ နိုင်လိုမင်းထက်ပြုမူမှုကိုခံရခြင်း၊ ဒုတိယအင်္ဂလိပ်မြန်မာ စစ်ပွဲနှင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ပြီး ထီးနန်းပါ ပျောက်ရသောအခါ အမျိုးသားဇာတိမာန်များ ညှိုးကျခဲ့ရပြန်သည်။ သူ့ကျွန်မခံလိုသောမြန်မာတို့၏ တော်လှန်ရေးသည်လည်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ လက်နက်အင်အား၊ လူအင်အား မမျှခြင်းကြောင့် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး (၁ဝ)နှစ်ခန့် အကြာတွင် ကျရှုံးကာ အားမတန်မာန်လျှော့၍ မီးခဲပြာဖုံးကြိမ်မီး အုံးဘဝသို့ရောက်ရပြီး အင်္ဂလိပ်တို့၏အုပ်ချုပ်မှု အောက်တွင် ငြိမ်ဝပ်ပိပြား ခဲ့ရပေသည်။ အချို့မှာမှု အင်္ဂလိပ်တို့ကိုပင် အထင်ကြီးကာ အင်္ဂလိပ်တို့ပေးသော ရာထူးဌာနများ၌ နှစ်ခြိုက်ပျော်ပိုက်လျက်ရှိကြပေသည်။ ပြည်သူအများမှာကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို တမ်းတ၍ မင်းလောင်းနှင့် တန်ခိုးရှင်များကိုသာ မျှော်လျက်ရှိကြပေသည်။

မြန်မာတို့၏ ညှိုးနွမ်းခဲ့သော ဇာတိမာန်သည် မီးခဲပြာဖုံးဘဝမှ ရုရှား-ဂျပန်စစ်ပွဲကိုအကြောင်းပြု၍လည်းကောင်း၊ ပထမ ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍လည်းကောင်း ပြန်လည်နိုးကြားလာခဲ့ပေသည်။ ဤသို့ဖြင့် ဝိုင်အမ်ဘီအေအသင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းကြီးမှ ချမှတ်လိုက် သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်းဟူသော ဝံသာနုရက္ခိတ တရားများပေါ်ထွန်းလာခဲ့ပေသည်။ ထိုတရားများသည် ဉီး ဉတ္တမ၏ကြောက် သွေးပါရင် ဇာဂနာနှင့် နှုတ်ပစ်၊ ခရက်တောက်ထွက်သွားစသည့် ရဲရဲ တောက် ဟောပြောစည်းရုံးမှုများကြောင့် အမျိုးသားရေးစိတ်ဓာတ်များနိုး ကြားလာခဲ့ပေသည်။ (၁၉၂ဝ)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာမူ အမျိုးသားရေးစိတ်ဓာတ်ကို တရှိန်ထိုးတွန်းတင်ပေးသကဲ့သို့ရှိပေသည်။ ဒို့ဗမာအစည်း အရုံးခေတ်သို့ရောက်သောအခါ ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့ စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြည်ကိုချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့စကားကို လေးစားပါဟူသော အမျိုးသားရေးဝါဒသည် ငွါးငွါးစွင့်စွင့် ပေါ် ထွက်လာခဲ့ပေသည်။

ဗမာ့ထွက်ရပ်ဂိုဏ်းခေတ်သို့ရောက်သောအခါ နယ်ချဲ ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးစသည့် အမျိုးသားရေးဝါဒဖြင့် အမျိုးသားလွတ်မြောက်ရေးလက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြပေသည်။ (၁၉၄၆-၄၇) ခုနှစ်များဖြစ်သော လွတ်လပ်ရေး အကြိုကာလသို့ ရောက်သောအခါ မြန်မာတို့၏ အမျိုးသားရေးဝါဒသည် အလှည့်အပြောင်း တခုသို့ ရောက်လာပြီး အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုသဘောတရား များကို ပေါင်းစပ်ကာ ပြည်ထောင်စုစိတ်ဓာတ်တည်းဟူသော အမျိုးသားများ ပေါင်းစည်းရေးဝါဒ (သဘောတရား) သည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ ဖြစ်ပေါ်ရန် စေ့ဆော်သည့် နိုင်ငံရေးအခြေအနေများလည်း ရှိခဲ့ပေသည်။

ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို မြန်မာဒေသ၊ ရခိုင်ဒေသ၊ မွန် ဒေသများကိုပေါင်းလျက် မြန်မာပြည်မဟူ၍ အုပ်ချုပ်ပြီး ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသများကိုမူ တောင်တန်းအထူးဒေသများအဖြစ် သီးခြားခွဲ၍ အုပ်ချုပ်ခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ အမျိုးသားများ၏နိုင်ငံရေးအရနိုးကြားမှု ကမ္ဘာ့နိုင်ငံတကာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလူပ်ရှားမှုအရှိန်အဟုန် ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရမည့်အခြေအနေ ရောက်ရှိသောအခါ ဗြိတိသျှအစိုးရသည် ရှမ်းပြည်နှင့် တောင်တန်းနယ်များကို ချန်ထားလိုသောသဘောထားများရှိခဲ့ကြပေသည်။ ထိုသဘောထားများ ကို (၁၉၄၅)ခု မေလ (၁၇) ရက်နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် အထင်အရှားတွေ့ရပေသည်။

ယင်း စက္ကူဖြူစာတမ်းတွင် -

ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများကိုမူ မြန်မာပြည်မနှင့် အဆိုပါဒေသများ တလုံးတစည်းတည်း ပူးပေါင်းရန် တောင်တန်းဒေသများ ကဆန္ဒမရှိသရွေ ့ ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည်ဟု ဖေါ်ပြထားသည်။

ဤအချက်အရမြန်မာပြည်မကိုလွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများကို ချန်ထားမည့် ဗြိတိသျှအစိုးရ၏ သဘောထားမှာ ထင်ရှားပေသည်။ ထို့ကြောင့် ပြည်မနှင့်တောင်တန်းဒေသများသည် လွတ်လပ်ရေးယူရာတွင် ပူးပေါင်းရေး/မပူးပေါင်းရေးသည်ပြဿနာတရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် တောင်တန်းဒေသများအနာဂတ် ရေးသည်လည်း မြန်မာ့လွတ်လပ်ရေးóကးပမ်းမှုတွင် ပြဿနာတရပ် ဖြစ်လာ တော့သည်။ တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင်လည်း လူ ဉီးရေအားဖြင့် အတော်အသင့်များပြီး နယ်မြေအားဖြင့် ကျယ်ဝန်းသော ရှမ်းပြည်နှင့် ပူးပေါင်းရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာရပေသည်။

တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင် ဖဆပလ၏ သဘော ထားကို(၁၉၄၅)ခုသြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသောနေသူရိန်အစည်း အဝေးကြီး၌ ကြေညာခဲ့သည့် ကြေညာချက်တွင် အောက်ပါအတိုင်း တွေ့ရပေသည် -

ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်ပြီး အားလုံး၏သဘောနှင့် ညီညွတ်စွာထူထောင်သော နိုင်ငံတည်ထောင်ရန်။ ဤသို့တည်ထောင်ရာ၌ပါဝင်သော လူမျိုး အသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သောအခွင့်အရေးပေး ထားရန်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ -

၁) ဗမာများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသကဲ့သို့ တခြားတိုင်းရင်း သားများလည်းရရမည်ဆိုသည့်သဘောမှဗမာများနှင့် အခြားတိုင်း ရင်းသားများ တန်းတူအခွင့်အရေး ရရမည်။

၂) လွတ်လပ်လာမည့်မြန်မာနိုင်ငံကိုလည်း တိုင်းရင်းသားအားလုံး၏ သဘော ဆန္ဒနှင့်အညီသာ ဖွဲ့စည်းတည်ထောင်သွားမည် ဆိုသည့် သဘောထားများကို တွေ့ရသည်။

(၁၉၄၅) ခု နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ် ပစ္စယံ၌ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံကြီးတွင်တင်သွင်းသည့် အဆိုအမှတ်(၆) တိုင်းရင်းသား လူနည်းစုအရေးအဆိုနှင့် အဆို အမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးအဆိုများတွင်လည်း အထက်ပါသဘောထားများကို အထင်အရှားတွေ့ရပေသည်။

အဆိုအမှတ်(၆)တွင် -

လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်း သားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူတဲ့နည်းနဲ့ လွတ်လပ်စွာတည် ထောင်ရန် ကျနော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသား လူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးခွင့်ပေး ပါမည်။ ကျနော်တို့နှင့် ခွဲလိုတဲ့ အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုပါသည်။ လူမှန်လျှင် အခွင့်ရေးတူရှိရမည်ကို သဘောပေါက်ပြီးသားဖြစ်သော (၄၆) ခုနှစ် မြန်မာတို့အပေါ်၌ လူနည်းစုကို ချုပ်ချယ်လိမ့်မည်ဟု သံသယရှိဖွယ် မဟုတ်တော့ပါ။

အဆိုအမှတ်(၇)တွင်-

မြန်မာတို့နှင့် ခွဲရေးတွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ပဲ မြန်မာ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ် အချင်းချင်းသာ လွတ် လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်။

ရှမ်းတို့၏ သဘောထားများကိုလည်းအောက်ပါအတိုင်း တွေ့ရပေ မည် -

ရှမ်းစော်ဘွားအချို့က ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးရယူပြီး ဗြိတိသျှဓနသဟာယနယ်အတွင်း ပါဝင်လိုကြသည်။ စော်ဘွားအချို့ကမူ ရှမ်းပြည်ကိုမြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နှင့်မလေးနိုင်ငံများကဲ့သို့ပေးရန် တောင်းဆိုလိုကြသည်။ (ရပလ) ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ကြီး အဖွဲ့ဝင်များကမူ ဗမာပြည်နှင့်ပေါင်း၍ လွတ်လပ်ရေးကို ရယူလိုကြသည်။ သို့ရာတွင် -

၁) ပြည်ထောင်စုမူအရ ပေါင်းရမည်။

၂) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။

၃) ရှမ်းပြည်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်။

၄) ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးရမည်။

မည်သို့ပင်ရှိစေဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင် များသည်ပင်လုံတွင်တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာပြည်နှင့်ပေါင်း၍ လွတ် လပ်ရေးကိုယူမှသာ ရှမ်းပြည်နှင့် ကချင်၊ ချင်း အစရှိသော တိုင်းရင်းသား တို့သည် လွတ်လပ်ရေးကို အလျင်အမြန်ရမည်ဟူသော အဆုံးအဖြတ်ပေါ် မူတည်၍ ပူးပေါင်းကြရန်သဘောတူခဲ့ကြသည်။ ဤသို့ဖြင့် ပင်လုံသဘောတူ စာချုပ် ပေါ်ပေါက်လာခဲ့ရပေသည်။

ပင်လုံစာချုပ်သည် ရိုးရိုးရှင်းရှင်း စာချုပ်တခုမျှသာဖြစ်သည်။ ပြည် ထောင်စုဖွဲ့စည်းရေးဆိုင်ရာမူများကို ဖေါ်ပြထားခြင်း မရှိပေ။ သို့ရာတွင်ပင်လုံ စာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးချက်များ၊ တိုင်းရင်းသားခေါင်းဆောင်များ ၏ တင်ပြချက်များ၊ အပြန်အလှန် နားလည်သဘောပေါက်ပြီးသဘောတူ ညီချက်များနှင့် ကတိကဝတ်များအနေဖြင့်သာ တည်ရှိပေသည်။ ဤအချက်များမှာ ပင်လုံစိတ်ဓာတ်ခေါ် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ခဲ့ကြသော ပြည် ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တန်းတူခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီကျခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်း၊ လူနည်းစုလူမျိုးစုများ၏ အခွင့်အရေးကို အလေးအနက်ထားခြင်းများလည်း ဖြစ်ပေသည်။ တနည်း အားဖြင့် နယ်ချဲ့ဆန်ကျင်ရေး၊ အမျိုးသားများအားလုံး လွတ်မြောက်ရေး တည်းဟူသော ဘုံအကျိုးစီးပွါးအတွက် အကျိုးတူ၊ သဘောတူပူးပေါင်းခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်၏ အဓိကမျှော်မှန်းချက် ဖြစ်ပေတော့သည်။

 ဉီးအေးသာအောင်

Comments

  1. ဖတ်လို့​ကောင်းလိုက်တာ

    ReplyDelete
  2. ဖတ်ရတာအဓိပ္ပါယ်ရှိချက်

    ReplyDelete
  3. တန်ဖိုးရှိတဲ့ စာတွေဖတ်ရလို့ကျေးဇူးပါ နေ့စဥ်ကလစ်နေပါတယ်

    ReplyDelete
  4. ကျေးဇူးအများကြီးတင်ပါတယ် 😊

    ReplyDelete
  5. တိုင်းရင်းသား အားလုံးပျော်ရွှင်အေးချမ်းပါစေ

    ReplyDelete
  6. ​ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. စာ​ကောင်း​လေး​တွေများများတင်​ပေးပါ

    ReplyDelete
  8. တိုင်းရင်းသားများတန်းတူအခွင့်အ​ရေးရပါ​စေ

    ReplyDelete
  9. စိတ်မကောင်းစရာ အရင်ကတည်းက အကောင်အထည်ဖော်နိုင်ခဲ့ရင် ခုချိန်ဆို...

    ReplyDelete
  10. အချက်အလက်တွေအသေးစိတ်ပါတော့ ဗဟုသုတတော်တော်ရပါတယ်

    ReplyDelete
  11. ဗဟုသုတရလို့ကျေးဇူးနော့

    ReplyDelete
  12. "ပြည် ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တန်းတူခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီကျခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်း၊ လူနည်းစုလူမျိုးစုများ၏ အခွင့်အရေးကို အလေးအနက်ထားခြင်းများလည်း ဖြစ်ပေသည်။"

    ReplyDelete

Post a Comment