Kleptomania အကြောင်း
Kleptomaniaအကြောင်း
Kleptomania ဆိုတာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ၊ လိုအင်ဆန္ဒကြောင့် မဟုတ်ဘဲ ပစ္စည်းတစ်ခုခုကို ခိုးယူတတ်တဲ့ ရှားပါးစိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ Kleptomania ဖြစ်နေတဲ့လူများဟာ ခိုးယူလိုက်တဲ့ ပစ္စည်းတွေကို မိမိလိုအပ်လို့ မဟုတ်ဘဲ၊ တန်ဖိုးကြီးလို့ မဟုတ်ဘဲ စိတ်အခြေအနေကြောင့် ထိန်းချုပ်လို့မရဘဲ ခိုးယူကြတာမျိုး ဖြစ်ပါတယ်။
Kleptomania ဖြစ်နေတဲ့လူများဟာ
-မိမိ မလိုအပ်တဲ့ ပစ္စည်းများကို ခိုးယူလိုစိတ်အား မထိန်းချုပ်နိုင်ခြင်း၊
-ခိုးယူခါနီးတွင် ခိုးယူလိုချင်စိတ်အားထက်သန်လာခြင်း၊ စိတ်လှုပ်ရှားလာခြင်း၊
-ခိုးယူနေစဥ်အချိန်တွင် စိတ်ပျော်ရွှင်မှု၊ စိတ်သက်သာမှုနှင့် စိတ်ကျေနပ်မှုတို့ကို ခံစားရခြင်း၊
-ခိုးယူပြီးနောက် မိမိကိုယ်ကို အပြစ်ရှိတယ်ဟု ခံစားရခြင်း၊ နောင်တရခြင်း၊ မိမိကိုယ်ကို မုန်းတီးခြင်း၊ ရှက်ကြောက်ခြင်း၊ အဖမ်းခံရမှာကို ကြောက်ရွံ့ခြင်း စသည့် ဖြစ်စဥ်ကို အစဥ်လိုက်ခံစားရတတ်ပြီး ထိုဖြစ်စဥ်ဟာ သံသရာလည်နေတတ်ပါတယ်။
Kleptomania ဖြစ်နေတဲ့လူများရဲ့ ခိုးယူလိုစိတ်ဟာ အစီအစဥ်မရှိဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်တာမျိုး ဖြစ်ပါတယ်။ သူတို့ဟာ စတိုးဆိုင်၊ စူပါမားကတ်တို့လို လူအများရှိတဲ့နေရာများမှာ ခိုးယူတတ်ကြသလို သူငယ်ချင်းများ၊ အသိမိတ်ဆွေများထံမှလည်း ခိုးယူတတ်ကြပါတယ်။ Kleptomania ဖြစ်နေကြသူများဟာ ကိုယ်တိုင် ဝယ်ယူဖို့ တတ်နိုင်တဲ့ ပစ္စည်းများကိုလည်း ခိုးယူတတ်ကြပါတယ်။ ခိုးယူပြီးနောက် သိမ်းထားတာ၊ တခြားလူကို လှူလိုက်တာ၊ လက်ဆောင်ပေးလိုက်တာမျိုးတွေလည်း လုပ်တတ်သလို ခိုးယူလာတဲ့နေရာမှာ ခိုးလာတဲ့ ပစ္စည်းကို သွားပြန်ထားတတ်ကြပါသေးတယ်။
Kleptomania ဖြစ်စေသော တိကျတဲ့ အကြောင်းရင်းကို မတွေ့ရှိကြသေးပေမယ့် သုတေသနပညာရှင်များကတော့ Kleptomania နှင့် ဆက်နွယ်နေနိုင်တဲ့ အကြောင်းရင်းများကို ဆွေးနွေးထားကြပါတယ်။
-ဦးနှောက်ထဲမှာ စိတ်အခြေအနေနှင့် စိတ်ခံစားချက်ကို ကောင်းစွာ ထိန်းညှိပေးနိုင်တဲ့ Serotonin နည်းပါးမှုကြောင့် Kleptomania ဖြစ်စေနိုင်ပါတယ်။ Serotonin နည်းပါးခြင်းဟာ ထိန်းချုပ်လို့ မရတဲ့အပြုအမူတွေကို ဦးတည်စေပြီး ခိုးယူလိုစိတ်အား မထိန်းချုပ်နိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
-ခိုးယူခြင်းဟာ ဦးနှောက်ထဲက Dopamine ကို တိုးစေပါတယ်။ Dopamine ဟာ စိတ်ပျော်ရွှင်စေတဲ့ ခံစားချက်ကို ဖြစ်စေတဲ့အတွက်ကြောင့် ဦးနှောက်က ခိုးယူဖို့ကို ထပ်ကာ ထပ်ကာ လုပ်ဖို့ တောင်းဆိုတတ်တာကြောင့် Kleptomania ဖြစ်ပေါ်တတ်ပါတယ်။
-ဦးနှောက်ရဲ့ Opioid System ဟာ လူတွေအား ဘာလုပ်ရမလဲဆိုတဲ့ တိုက်တွန်းမှုတွေကို ထိန်းညှိပေးပါတယ်။ ထိုSystemဟာ ကောင်းစွာ မထိန်းညှိနိုင်တော့တဲ့အခါမှာ ခိုးယူဖို့ တိုက်တွန်းမှုကို မတွန်းလှန်နိုင်တော့တာကြောင့် Kleptomania ဖြစ်တတ်ပါတယ်။
Kleptomania ဟာ ဆယ်ကျော်သက်အရွယ်မှာ အများဆုံး စဖြစ်လေ့ရှိကြပါတယ်။တချို့သော လူတွေမှာတော့ နှစ်ဆယ်ကျော်အရွယ်နောက်ပိုင်းမှ စဖြစ်ကြပါတယ်။ Kleptomania ဖြစ်ကြသူများ၏ သုံးပုံနှစ်ပုံဟာ အမျိုးသမီးများ ဖြစ်ကြပါတယ်။ မိသားစုဝင်ထဲမှာ Kleptomania ဖြစ်ဖူးသူ ရှိလျှင် မိမိကိုယ်တိုင်မှာလည်း Kleptomania ဖြစ်နိုင်ခြေ များပါတယ်။ ထို့ပြင် တခြားသော စိတ်ရောဂါတစ်ခုခုကို ခံစားနေရတဲ့လူမှာ Kleptomania ဖြစ်နိုင်နှုန်း ပိုများပါတယ်။
Kleptomania ရဲ့နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် ခိုးမှုဖြင့် အဖမ်းခံရနိုင်ခြင်း၊ လူမှုပတ်ဝန်းကျင်မှာ မိမိရဲ့ပုံရိပ် ပျက်စီးနိုင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကြွစိတ်ကျရောဂါ ဖြစ်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ အရက်နှင့် မူးယစ်ဆေးများသောက်သုံးလာခြင်း၊ မိမိကိုယ်ကို သတ်သေဖို့အထိ တွေးတောလာနိုင်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
Kleptomania ဖြစ်နေကြသူများဟာ အဖမ်းခံကြရမှာစိုးလို့ သူတို့ ခိုးခဲ့ဖူးတာကို စိတ်ရောဂါကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရမှာကို ကြောက်ကြပြီး ကုထုံးများကို ခံယူဖို့ ငြင်းဆန်တတ်ကြပါတယ်။
Kleptomania ဟာ ကိုယ့်ဘာသာ ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ ကုသမှုကို မခံယူဘူးဆိုရင် Kleptomania ဟာ ဘဝတစ်လျှောက်လုံး ဖြစ်ပေါ်နေမှာပါ။ Kleptomania ကို ကုသတဲ့နေရာမှာ ဆေးဝါး သို့မဟုတ် Psychotherapy သို့မဟုတ် နှစ်မျိုးစလုံးကို အသုံးပြုလေ့ရှိကြပါတယ်။ စိတ်ရောဂါကု ဆရာဝန်များဟာ Kleptomania ကို ကုသဖို့တွက် စွဲလမ်းမှု (Addiction) များကို ကုသတဲ့ဆေး သို့မဟုတ် စိတ်ကျရောဂါကုဆေးဝါးများကို သောက်သုံးခိုင်းလေ့ ရှိပါတယ်။ Kleptomania ကို Psychotherapy နှင့်ကုသမယ်ဆိုရင်တော့ Cognitive Behavioral Therapy မျိုးနှင့် ကုသလေ့ရှိပါတယ်။
Thanks.
ReplyDeleteအသိတစ်ယောက်ရဲ့ အမေကအဲလိုပဲ ပိုက်ဆံမတတ်နိုင်တာမဟုတ်ဘဲ သက်သက်ကိုခိုးတာ သူ့မိတ်ဆွေတွေကြားမှာလည်းပြောစရာကိုဖြစ်လို့ ဒါပေမယ့်တကယ်ခိုးချင်လို့မဟုတ်ဘဲ စိတ်မထိန်းနိုင်လို့ခိုးတယ်ဆိုတာတော့ နားလည်ပေးထားကြတယ်
ReplyDeleteသနားစရာပဲ
Deleteသူ့မိသားစုကို
ဆေးကုဖို့တိုက်တွန်းပေးပေါ့
Interesting.
ReplyDeleteDone
ReplyDelete