AVA 1740s (S2) အခန်း ၃

AVA 1740s (Season 2)

                                                                       အခန်း(၃)

                                                             ...............................................

“မွန်စီယာမီလပ်....မွန်စီယာမီလပ်”

ယမကာနှင့် ရမ္မက်တို့၏ ယစ်မူးမှုဖြင့် ခေတ္တအိပ်ပျော်သွားခဲ့သော မီလပ် နိုးလာသည်။

“အင်း..လွီဇာ..ဘာဖြစ်လို့လဲ”

“မိုးတိတ်သွားပြီ..ရှင်ပြန်ဖို့ သင့်ပြီ..မီလပ်”

လွီဇာက မီလပ်ဝတ်လာသည့် အင်္ကျီနှင့် ဘောင်းဘီကို ကမ်းပေးသည်။

“ကျွန်တော် ပြန်ရမှာလား..လွီဇာ”

“ရှင်က ဧည့်သည်လေ..ပြန်ရမှာပေါ့”

“ဟင်..ခင်ဗျားနဲ့ ကျွန်တော်က ချစ်သူတွေဖြစ်သွားပြီလေ..လွီဇာ..ဒါ ကျွန်တော့်ချစ်သူအိမ်ပဲကိုး”

လွီဇာက မီလပ်ကို ခပ်တင်းတင်းကြည့်လိုက်၏။

“ရှင့်ကို ကျွန်မက ချစ်တယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ”

“ဟာ...ပါးစပ်က မပြောပေမယ့်လည်း..ဟိုဟာတော့..”

“တော်တော့..မီလပ်..ချစ်ခြင်းတရား နဲ့ သွေးသားဆန္ဒက သက်သက်ဆီဆိုတာ ရှင်မသိချင်ယောင်ဆောင်နေတာလား”

မီလပ်က ခေါင်းကို ခါရမ်းလိုက်ပြီး အင်္ကျီနှင့် ဘောင်းဘီကို ပြန်ဝတ်လိုက်သည်။

လွီဇာက ပြတင်းပေါက်ဝရှိ ကုလားထိုင်တွင် ထိုင်ပြီး အပြင်ဘက် အမှောင်ထုကို ငေးနေ၏။

မီလပ်က လွီဇာ၏ အနားသို့ လာရပ်သည်။

“သွားဆိုလည်း ကျွန်တော်သွားပါ့မယ်..ဒီညကိုတော့ကျွန်တော့်တသက် မမေ့ဘူး..လွီဇာ”

“ပွန်ဒီချယ်ရီဆိပ်ကမ်း ကို ရောက်ရင်... ရှင်မေ့သွားမှာပါ..ကျွန်မကတော့ အခုကတည်းက မေ့လိုက်ပြီ..ကဲ..သွားတော့..ကျွန်မအိမ်က အစေခံတွေ နိုးလာရင် မကောင်းဘူး”

“ကျွန်တော်သွားပြီနော်”

“ခြံတံခါးကို ခပ်ဟဟပဲ စေ့ခဲ့ပါ”

 

မီလပ်က အိမ်အောက်သို့ ဆင်းသွားပြီး အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

လွီဇာက ပြတင်းတံခါးဝမှ တဆင့် အပြင်ဘက် အမှောင်ထုကို ငေးနေသည်။

တံစက်မြိတ်တွင် လက်ကျန် မိုးရေစက်ကလေးတို့ တွဲလဲခိုလျက်။

လွီဇာ ပါးပြင်ပေါ်တွင်လည်း မျက်ရည်စက်တချို့။

“မောင်ကြီးငတွန်ရယ်”

..................................................................................

ဉီးအောင်လှ ၏ မျက်နှာက ခပ်တင်းတင်း။

ဉီးအောင်လှ အိမ်တွင် ရောက်နေသော လက်ျာဗိုလ်နှင့် လွီဇာက အခြေအနေကို အကဲခတ်နေသည်။

ဉီးအောင်လှနောက်တွင် မိဖုရားခေါင်ကြီးသီရိသုမာလာစကြဒေဝီဘွဲ့ခံ ဂမုန်းပါလာသည်။

ဂမုန်း၏ မျက်နှာကလည်း မသာမယာဖြင့်။

ဉီးအောင်လှက ကတ္တီပါခင်းထူထူခင်းထားသည့် သလွန်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

“ဂမုန်း..အနောက်ဘက်အိမ်ကိုသွားပြီး..အောင်မြ ကို ပါ ဒီကို လွှတ်လိုက်”

ဂမုန်းက အိမ်အနောက်ဘက်သို့ ဝင်သွားသည်။

“ဘာတွေဖြစ်လာတာလဲ...အမတ်ချုပ်ကြီး”

“မင်းတို့ ရတဲ့ သတင်းမှန်တယ်..လွီဇာ..ကျုပ် နန်းတွင်းဝင်တဲ့အချိန်မှာ ဟိုအင်္ဂလိပ်ကောင်ကို ရေဝန်ခန့်တဲ့ အမိန့်က အတည်ဖြစ်နေပြီ..အဲ့ဒီ ဂျိုနသန်စမစ် ဆိုတဲ့ကောင် က ဒီမနက် ဂျက်ဆီလွန် (သလင်းကြေ၊ ဖူးခက်) က ဝင်လာတဲ့ သင်္ဘောတွေကိုတောင် အခွန်ကောက်နေပြီ”

“ရှင်ဘုရင်လေးနဲ့ရော တွေ့ခဲ့ရဲ့လား”

“တွေ့ခဲ့တယ်..ကျုပ်ကို ဝင်တွေ့ခွင့်မပေးဘူး..ရသေ့မြို့ဘက်မှာ သမင်လိုက်မယ်ဆိုပြီး ကျုပ်ရောက်တာနဲ့ ထွက်သွားတာပဲ...ကျုပ်ပခုံးနဲ့ တင်ပေးခဲ့လို့ ဒင်း ရှင်ဘုရင်ဖြစ်နေတာကို..တောက်”

ထိုအချိန်တွင် ဉီးအောင်လှ၏ ညီ ဉီးအောင်မြ ဝင်လာသည်။

ဉီးအောင်မြသည် အယုဒ္ဓယတွင် ရဟန်းဝတ်ဖြင့် နှစ်ရှည်နေထိုင်ခဲ့သူဖြစ်၏။

ဟံသာဝတီတွင် သမိန်ထော နန်းတက်ပြီးမကြာမီပင်..ဉီးအောင်လှက ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီရှိ လက်ဖွဲ့၊ အင်းအိုင်၊ ဆေးဝါး၊ တိုက်ခိုက်ရေးအတတ်ပညာများကို လေ့လာလိုက်စားကြသော တောနေရဟန်းအများစု (ရှင်ယောင်စု) မှာ ဉီးအောင်မြ နှင့် ပတ်သက်ကြသည်။

ဉီးအောင်မြက အကိုဖြစ်သူ ကို လက်အုပ်ချီလျက် ဝင်လာသည်။

“အောင်မြ..မင်းဆီမှာ ဓါးခုတ်၊လှံထိုး ကျွမ်းကျင်တတ်ကျွမ်းတဲ့ သန်သန်မာမာ ရှင်ယောင်တွေစုရင် ဘယ်လောက်ရနိုင်မလဲ”

“သုံးကျိပ်ကျော်လောက်တော့ ရနိုင်ပါတယ်”

“အမတ်ချုပ်ကြီး...ဘာလုပ်မလို့လဲရှင့်”

“ဘာလုပ်ရမလဲ...လုပ်ချင်တာလျှောက်လုပ်နေတဲ့ သာလှကို လုပ်ကြံမှဖြစ်တော့မယ်..ဒင်းက နန်းတော်နဲ့ မတန်ဘူး”

လွီဇာက ခေါင်းကို ခါရမ်းလိုက်သည်။

“စိတ်အေးအေးထားပါ..အမတ်ချုပ်ကြီး...အခု အင်းဝက ကျွန်မတို့ ဆီ အချိန်မရွေးစစ်ချီလာနိုင်တယ်..အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး”

“အဲ့ဒါကြောင့်ပြောနေတာလေ..လွီဇာ...ပြင်သစ်ဆီကရမယ့် လက်နက်တွေ ကိစ္စ ပျက်သွားခဲ့ရင်..အင်းဝ ကို ကျုပ်တို့ ဘယ်လိုရင်ဆိုင်ကြမှာလဲ..အင်းဝ က လက်နက်အင်အားကို ကျုပ်တို့ ရေရှည်မှာ မယှဉ်နိုင်ဘူး ”

“အင်း..ကျွန်မတွေးမိတာတစ်ခုလောက် ပြောပါရစေ... အခုချိန်မှာ အင်းဝကို ယှဉ်ဖို့ရာမှာ ခေတ်မှီလက်နက်တွေထက် ပိုကောင်းတဲ့လက်နက်ကတော့ သမိန်ထော ကိုယ်တိုင်ပဲ”

“ဘာ...မင်းပြောတာ..ငါနားမလည်ဘူး..လွီဇာ”

“အင်းဝသားတွေ စိတ်ထဲမှာ ဟံသာဝတီရဲ့ ပလ္လင်ပေါ်မှာ ထိုင်နေတာက ညောင်ရမ်းမင်းဆက်ရဲ့ သွေးသား မင်းသားတစ်ပါးပါပဲဆိုတဲ့အတွေးမျိုး ဝင်နေတာက အကောင်းဆုံးစိတ်ဓာတ်လက်နက်ပဲ.. မဟာဓမ္မရာဇာဓိပတိကို မကြိုက်ကြတဲ့ အင်းဝတပ်တွင်းက အင်အားစုတွေကိုပါ ဟံသာဝတီဘက် စိတ်ယိုင်စေမယ်....အဲ့ဒီအချက်ကိုလည်း သတိထားသင့်တယ်”

ဉီးအောင်လှ တွေဝေသွားသည်။

“လွီဇာ ပြောတာကို ကျွန်တော်လည်း သဘောတူတယ်...ဉီးရီးတော်”

လက်ျာဗိုလ်က ပါ ဝင်လျှောက်တင်လိုက်သည်။

“အောင်မြ..မင်းသဘောကရော”

“ကျွန်တော့်သဘောက အကိုကြီးသဘောပါပဲ..အကိုကြီးဆုံးဖြတ်သမျှ ကျွန်တော်လုပ်ပေးမှာပါ”

ဉီးအောင်လှက ကွမ်းအစ်ကို ယူကာ ကွမ်းတယာကို စိတ်ရှည်လက်ရှည်ယာနေသည်။

အခန်းက တိတ်ဆိတ်နေ၏။

ခပ်လှမ်းလှမ်းတံခါးဝတွင် ဂမုန်းက အခြေအနေကို ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေသည်။

“အင်း..လွီဇာ ပြောတာကို ကျုပ်လက်ခံတယ်..ဒါပေမယ့်..ပြင်သစ်တွေနဲ့ မဟာမိတ်ဆက်ဆံရေးကိစ္စကို ဘယ်လို လုပ်ကြမလဲ”

“အဲ့ဒါက ကျွန်မ တာဝန်ယူပေးပါ့မယ်...ရှင်ဘုရင်နဲ့အင်္ဂလိပ်တွေကြားမှာလည်း တစ်ခုခု အပေးအယူတော့ ရှိမှာပါပဲ....ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်နဲ့ ပြင်သစ် ရန်ဘက်နှစ်ယောက်ကြား အားပြိုင်မှုကနေ ဟံသာဝတီရဲ့အကျိုးစီးပွားအတွက် အမြတ်ထွက်အောင် လုပ်ရမှာပဲ...ကျွန်မတို့...စိတ်တော့ ရှည်ကြရမယ်”

“ဟုတ်ပြီလေ..လွီဇာ...ဒီလောက်ဆို ကျုပ် ဘာလုပ်ရမယ်ဆိုတာ နားလည်ပြီ..လက်ျာဗိုလ်က ရှင်ဘုရင်လေးရဲ့ အခြေအနေကို အနီးကပ်နေပြီး သေချာစောင့်ကြည့်ထားပေးပါ..အင်္ဂလိပ်ကောင် စမစ်နဲ့ တွေ့တာပဲဖြစ်ဖြစ်..သဝဏ်ပါးတာပဲဖြစ်ဖြစ် အမြဲသိနေအောင်လုပ်ထားပေးပါ..အခုကိစ္စဆို ပြင်သစ်တွေ ပြောမှ ကျုပ်တို့သိရတာ..အတော်တောင်နောက်ကျသွားပြီ..အခု သူ တောလိုက်ထွက်သွားတာ ကိုယ်ရံတပ်က ဘယ်သူပါသွားလဲ”

“ဈေးငယ်ဗိုလ် နဲ့ အဖွဲ့ပါသွားပါတယ်”

“အိမ်း...မင့် လက်အောက်ငယ်သားတွေကိုလည်း ဘုရင်နဲ့ပတ်သက်လို့ ဘာဖြစ်ဖြစ် မင်းကို သတင်းပို့ဖို့ ပြောထားဉီး”

“မှန်ပါ”

“ကဲ..ဒါဆို အစည်းအဝေးပြီးပြီ..သွားကြတော့”

ဉီးအောင်လှက အခန်းတွင်းသို့ ပြန်ဝင်သွားသည်။

လွီဇာက အခန်းတွင်းမှ ပြန်အထွက်တွင် သူမ၏ လက်ကို တစုံတစ်ယောက်က ဖမ်းဆွဲခြင်း ခံလိုက်ရသည်။

“ဟင်..မိဖုရားခေါင်ကြီးဘုရား”

ဂမုန်းမျက်လုံးများက မို့အစ်နေ၏။

“ဂမုန်းတို့ အရင်လိုပဲ ပြောဆိုဆက်ဆံကြရအောင်လား..မမရယ်”

“အင်း..ဂမုန်းသဘောပါ...ဒါနဲ့ဘယ်လိုဖြစ်တာလဲ....ခုန တို့ပြောနေတာတွေကို နားထောင်နေတာလား”

ဂမုန်းက ခေါင်းညိတ်ပြသည်။

“ကဲ..ငါ့ညီမလေး...မင့် မောင်သာလှ ကို မင့်အဖက ဘာမှ မလုပ်တော့ပါဘူး..ဘာမှစိတ်မပူနဲ့တော့နော်.. အဲ့ဒါကို ငိုနေတာလား”

“ဉယျာဉ်ထဲသွားပြီး စကားပြောကြမလား..မမလွီဇာ”

“အင်း..ပြောလေ”

လွီဇာ နှင့် ဂမုန်းတို့ သည် ဉီးအောင်လှသီးသန့်ပြုလုပ်ထားသော အနောက်ဘက် ဉယျာဉ်ထဲသို့ ဆင်းလာကြသည်။

သစ်ခွပင်များဝေဝေဆာဆာလှနေသောတစ်နေရာမှ‌ ကျောက်ခုံလေးတွင် သူတို့ ထိုင်လိုက်ကြ၏။

ဂမုန်းက လွီဇာ ၏ ပခုံးပေါ် ခေါင်းတင်ကာ အိခနဲ ငိုချလိုက်တော့သည်။

“ဘာဖြစ်တာလဲ..ဂမုန်း..ဘာဖြစ်တာလဲ...မငိုနဲ့တော့လေ...ခုနက ဂမုန်းအဖက ဘုရင်လေးကို စိတ်ဆိုးလို့ ပြောတာပါ..တကယ်မလုပ်ကြံပါဘူး.မငိုနဲ့တော့”

“အဲ့ဒါကြောင့် ငိုတာမဟုတ်ပါဘူး..မမလွီဇာရယ်”

“ဘာဖြစ်လို့လဲ..ဂမုန်းမှာ ဘာစိတ်ညစ်စရာများရှိလို့လဲ..ကလေးရယ်..ကိုယ်က မိဖုရားခေါင်ကြီးဖြစ်ပြီး ကိုယ်ချစ်တဲ့သူနဲ့လည်း အတူ နန်းတော်ပေါ်နေနေရတာပဲ...ဘာများ ဖြစ်ရတာလဲ”

“ဂမုန်း မပျော်ဘူး..မမ”

“ဘာဖြစ်လို့လဲ..ပြောပါ..မမကို ပြော”

“မောင်ကြီးကို ဘုန်းကြီးကျောင်းသား သာလှ ဘဝပဲ ဖြစ်စေချင်တယ်..ဂမုန်းလည်း ဆင်ဝန်ရဲ့ သမီး ဂမုန်းပဲ ဖြစ်ချင်တော့တယ်”

“အော်..ဂမုန်းရယ်...မင်းစည်းစိမ်ဆိုတာကို ဟော့ဒီတလောကလုံးက လူတွေက မက်မောနေကြတာ.. မပူမပင်မကြောင့်မကျနေရတဲ့ဘဝကို ဘာလို့များ မပျော်တာလဲ”

“မမလွီဇာ မသိချင်ယောင်ဆောင်နေတာလားဟင်..အခု ဂမုန်းတို့ ဘယ်မှာ ပျော်ရလို့လဲ..အခုပဲ ဂမုန်းအဖက ဂမုန်းလင်ယောက်ျားကို သတ်ဖို့ စီစဉ်တာ ကြားလိုက်ရသေးတာကို”

လွီဇာ ခေတ္တတိတ်ဆိတ်သွားသည်။

“ပြီးတော့....မောင်ကြီးသာလှက အရင်လို မဟုတ်တော့ဘူး”

“အင်းလေ..ဂမုန်းရဲ့ သူက ရှင်ဘုရင်ဖြစ်သွားပြီပဲ”

“မဟုတ်ဘူး..ဂမုန်းအပေါ် အရင်လို မဟုတ်တော့ဘူး..ပြီးတော့..သူ့စိတ်ထဲမှာလည်း ဂမုန်းနဲ့ အဖတို့အပေါ် တခုခု စိတ်ခုနေတယ်လို့ ဂမုန်းထင်တယ်...အနီးကပ်ဆုံးနေရတဲ့ ဂမုန်းအပေါ်ကိုပဲ သူက မဲတော့တာ..ပြီးရင်တော့ ပြန်ချော့ပါတယ်..ဒါပေမယ့်..ဂမုန်း မပျော်တော့ဘူး..မမလွီဇာ”

“ကဲ..ငါ့ညီမလေး...ဘာမှ စိတ်ထဲမထားနဲ့...သူတို့က တိုင်းပြည်အရေးကို တာဝန်ယူထားကြသူတွေမဟုတ်လား...စိတ်ရှုပ်ထွေးကြတာရှိမှာပေါ့”

“ဂမုန်းက သူ့ကို ချစ်ပါတယ်..ဂမုန်းအရမ်းချစ်ပါတယ်..ဒါ့ကြောင့်လည်း သည်းခံတာပေါ့”

“အင်း...ပျော်အောင်နေပါ..ဂမုန်းရယ်”

“ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တယ်ဆိုတာကို အရမ်းပျော်ဖို့ ကောင်းမယ်လို့ အရင်က ဂမုန်း မျှော်လင့်ထားခဲ့ဖူးတယ်.. မမလွီဇာရော...ချစ်တဲ့သူ ရှိလားဟင်”

ဂမုန်း၏ အမေးကြောင့် လွီဇာ ၏ ခန္ဓာကိုယ်လေး မတ်ခနဲဖြစ်သွားသည်။

“ရှိတာပေါ့...အင်း..ရှိခဲ့တာပေါ့..ဂမုန်းရယ်”

“မမရော..သူနဲ့ လက်ထပ်ဖို့ စိတ်ကူးဖူးလားဟင်”

လွီဇာ ပြန်မဖြေဖြစ်။

သစ်ခွပန်းရောင်စုံလေးများ ကြားတွင် သူတို့ တဒင်္ဂတိတ်ဆိတ်သွားကြ၏။

..................................................................................................................

သစ်ခွပန်းရောင်စုံလေးများကြားတွင် သူတို့ ဆူညံပျော်ရွှင်နေကြသည်။

ကန်းပုလွေသံများ၊ ရိုးရာတူရိယာများတီးခတ်သံများကြား စကားပြောသံ၊ ရယ်မောသံများ။

ဝါးဖြင့် ပြုလုပ်ကြသော စားပွဲရှည်ကြီးများပေါ်တွင် ကြက်ဝက်များဖြင့်ပြုလုပ်ထားသော ကွေ့ရိုးရာ ဟွန်တောင်ထီးဟင်းထုပ်များကို အာရှဖခေါ် သစ်ရွက်ရှည်များဖြင့် ထုပ်ပိုး ခင်းကျင်းထားသည်။

တိုးတက်မှုဓာတ်ရည်ဟုခေါ်သော သစ်သီးယမကာများကိုလည်း အိုးကြီးများဖြင့် ချထား၏။

အုတ်ဖိုတောင်ခြေပတ်လည်ရှိ စုစည်းထားကြသော ကွေ့ရွာများအတွက် အရေးပါဆုံးပွဲတစ်ခု ကျင်းပနေခြင်းဖြစ်သည်။

အခြားမဟုတ်။

ကွေ့တို့၏ အုပ်ချုပ်ရေးအရာရှိဖြစ်ခဲ့သည့် အင်းဝသား ဗိုလ်မင်း သူရိန်စော နှင့် ကွေ့လူမျိုးတို့၏ ခေါင်းဆောင် ဂုဏ္ဏအိမ်၏ ညီမဖြစ်သူ နားလဲ တို့၏ ထိမ်းမြားမင်္ဂလာပွဲပင်။

ဘာသာရေးခေါင်းဆောင်သာဗို များ စီတန်းဝင်လာချိန်တွင် ဆူညံနေသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားသည်။

သာဗိုများ၏ နောက်တွင် ကွေ့ခေါင်းဆောင် ဂုဏ္ဏအိမ်  ဝင်လာသည်။

ဂုဏ္ဏအိမ်သည် ခေါင်းပေါင်းအဖြူကို ပေါင်းထား၏။ ထူးထူးခြားခြားကွေ့ရိုးရာဝတ်စုံကိုလည်း အဖြူရောင်အပေါ်အောက်ဆင်မြန်းထားသည်။ လည်ပင်းတွင်လည်း ပုတီးကြီးတစ်ခုကို ဆွဲထား၏။

ဂုဏ္ဏအိမ်၏ ဘေးတွင် လက်ရုန်းခေါင်းဆောင်များဖြစ်သော ငကက် ၊ ငနက် တို့ ညီနောင်။

ဝါးခုံတန်းများအဆုံး အသင့်ပြင်ထားသော နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။

ခဏအကြာတွင် နားလဲက ဂုဏ္ဏအိမ်၏ နဘေးတွင် နေရာယူလိုက်၏။

ကွေ့ရိုးရာခေါင်းဆောင်းပေါ်မှ တွဲလျားကျနေသော အမြိတ်စလေးများအထက်မှ ငွေပြားလေးများက တဖိတ်ဖိတ်လက်နေသည်။

နားလဲက မျက်လွှာကို ချထား၏။

မင်္ဂလာအခမ်းအနားကျင်းပပေးရသော သာဗို က ရိုးရာဂါထာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်သည်။

ဂါထာဆုံးသည်နှင့် ကာလသားခေါင်းဆောင် က ကန်း ဘူးသီးခြောက်ပုလွေကြီးကို အချက်ပေးမှုတ်လိုက်၏။

ဗိုလ်မင်းသူရိန်စောသည် အင်းဝမြင်းခေါင်းအရာရှိတို့၏ ပွဲတက်ဝတ်စုံဖြစ်သော ဖဲအင်္ကျီအနီရောင်၊ တမာခက် သုံးခက်ပါ ပန်းဆိုးခေါင်းပေါင်း၊ ငွေနားဒေါင်းတို့ဖြင့် ခန့်ညားနေ၏။

သူရိန်စော၏ လက်ထဲတွင် ဝါးဖာလေးတစ်ခုကို ကိုင်လာသည်။

နားလဲ၏ ရှေ့တည့်တည့်ခုံတွင် သူရိန်စောက ထိုင်လိုက်၏။

ထို့နောက် ဝါးဖာကို ထဲမှ သစ်ရွက်ဖြင့် ထုတ်ထားသည့် ထမင်းနှင့် တောဝက်သားနှစ်တုံးအနက် ထမင်းနှင့်အသားတစ်တုံးကို ဖာအဖုံးတွင်ထည့်လိုက်သည်။

ထို့နောက် နားလဲထံသို့ ထမင်းနှင့် အသားတုံးတစ်တုံးကို ခွံလိုက်သည်။

နားလဲက လက်ဖြင့်ခံကာအလိုက်သင့် စားလိုက်၏။

ကွေ့ရိုးရာအရ လင်ယောက်ျားက မယားဖြစ်သူကို တသက်လုံး လုပ်ကိုင်ကျွေးမွေးတော့မည်ဟူသည် ကတိ သည် ပြီးမြောက်ပြီဖြစ်သည်။

သတို့သမီးက ဖာအတွင်းကျန်ရှိသော အသားတစ်တုံးနှင့် ထမင်းကို သူရိန်စောထံ ပြန်လည်ခွံ့ကျွေးလိုက်သည်။

လင်ယောက်ျားရှာဖွေလူဆောင်လာသည့် အစားအစာကို မျှဝေစားသုံးကြမည်ဟူသည့် သစ္စာသည် တည်ခဲ့ပြီဖြစ်သည်။

“ဟေ့....ဂုဏ္ဏအိမ်ငယ်”

အခမ်းအနားကျင်းပနေရာ ဂုဏ္ဏအိမ်၏ ခြံဝန်းရှေ့မှ အသံ။

ဓားလှံလက်နက်များ ကိုင်ဆောင်လာကြသော လူတစ်အုပ်။ဂုဏ္ဏအိမ်က ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

ငကက် ငနက်တို့ က လက်ထဲမှ ဓားလွတ်များဖြင့် ဂုဏ္ဏအိမ် ရှေ့တွင် ကာရပ်လိုက်ကြ၏။

အခမ်းအနားအတွင်းမှ ကွေ့လူမျိုးများမှာ ရုတ်တရတ်မို့ အံဩသင့်နေကြသည်။

လူအုပ်၏ ခေါင်းဆောင်ဖြစ်သူက အသက်ခပ်ကြီးကြီး၊ မွန်ဆံပင်ပုံစံဖြင့်။

“ကျုပ်...မတ္တရာအအုပ်အချုပ်..သွေးသောက်ကြီး ထော်ကန်ပဲ”

“ငါတို့ မင်္ဂလာပွဲကျင်းပနေတာပါ..နင်တို့ကို မဖိတ်ထားပါဘူး..ဘာကိစ္စရှိလို့လဲ”

ဂုဏ္ဏအိမ်က တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။

“ကျုပ်သိတယ်”

“ဒါဆိုလည်း သူများ မင်္ဂလာယူနေတဲ့အချိန်မရိုင်းစိုင်းနဲ့လေ..ဘာဖြစ်လို့လာတာလဲ”

“တချိန်လုံး တောထဲမှာ ခိုနေတဲ့ ခင်ဗျားတို့ ကွေ့တွေကို ဒီအချိန်လာဖမ်းမှ ဖြစ်မှာမို့ လာရတာပဲ..ခင်ဗျားတို့ လက်နက်ချလိုက်ပါ..ကျုပ်တို့ မတ္တရာမွန်အစုက လူအင်အား သုံးရာနဲ့ ခင်ဗျားတို့ ရွာကို ဝိုင်းထားပြီးပြီ”

“နင်တို့ ဘာကိစ္စ ငါတို့ကို ရန်လာရှာတာလဲ..နင်တို့နဲ့ ငါတို့ ရန်ဘက်မဟုတ်”

“ရန်ဘက်မဟုတ်ပေမယ့်..ခင်ဗျားတို့ကွေ့တွေက စစ်မှုထမ်း၊ အခွန်အတုတ်အားလုံးကို မပေးမဆက်နေနေတယ်..အဲ့ဒီဒဏ်ကို မဆီမဆိုင် ကျုပ်တို့ မတ္တရာမွန်ရွာတွေက ခံနေရတယ်..ခင်ဗျားတို့ အစား ကျုပ်တို့ ဆီက လူအင်အားရော၊ အခွန်ပါ တိုးကောက်ခံနေရတယ်ရော...ခင်ဗျားတို့ သူပုန်တွေကို အင်းဝမင်းလက်ကို အပ်မှ ကျုပ်တို့ သက်သာမယ်”

ဂုဏ္ဏအိမ်က ရယ်လိုက်သည်။

“ကွေ့တွေကို ဖမ်းလိုက်တော့ရော..အင်းဝမင်းက ခင်ဗျားတို့ကို စစ်မှုထမ်း၊ အခွန်ထမ်း လျော့ပေးမယ်လို့ ထင်နေလား..သွေးသောက်ကြီး”

သူရိန်စောက ထော်ကန်ထံသို့ လျှောက်သွားသည်။

“ဗိုလ်မင်းသူရိန်စော..ခင်ဗျားကပါ သူပုန်တွေနဲ့ အလိုတူအလိုပါပေါ့လေ”

“ကျုပ်တို့က ဘဝတူတွေပါ..ထော်ကန်..ဒီမတ္တရာတဝိုက်က မွန်တွေရော၊ ကွေ့တွေရောက အင်းဝနန်းတော်အတွက်..အခွန်တွေလည်းပေးရ..စစ်ဆိုလည်း လိုက်တိုက်ပေးရတယ်..အခုလည်း အင်းဝဘုရင်အတွက် အချင်းချင်းသတ်ဖြတ်ပေးကြဉီးမယ်.. ကျုပ်တို့ချင်းဘယ်လိုသတ်သတ်..နန်းတော်ကတော့ ပွဲလန်းမပျက်ပါဘူးဗျ...သူတို့ ကတ္တပါ ရွှေခင်းအတွက် ကျုပ်တို့အချင်းချင်း အသက်နဲ့ ရင်းကြတော့မှာလား”

သူရိန်စော စကားကြောင့် ထော်ကန် တွေဝေသွားသည်။

“အပိုတွေပြောမနေနဲ့..ဗိုလ်မင်း..ကျုပ်တို့ ခင်ဗျားတို့ တအုပ်လုံးကို ဝိုင်းထားပြီးသွားပြီ”

“သေချာလို့လား...အကြပ်ကြီးရဲ့”

ထိုအချိန်တွင် ဂုဏ္ဏအိမ်၏ အနောက်ဘက်မှ လူနှစ်ဦးထွက်လာသည်။

ထော်ကန်က တအံတသြရေရွတ်လိုက်၏။

“ဘယ်ကျော်”

အကြပ်ကြီးထော်ကန်လက်အောက်မှ အကြပ်ဘယ်ကျော် သည် လက်နှစ်ဖက်ကို မြှောက်လျက်။

ဘယ်ကျော်သည် ရွာကို ဝိုင်းထားသည့် မတ္တရာမွန်တပ်၏ ခေါင်းဆောင်အဖြစ် ထားခဲ့သူ။

ဘယ်ကျော်၏ နောက်တွင် နားလဲ။

မင်္ဂလာပွဲဝတ်စုံအပြည့်အစုံဖြင့်လက်ထဲတွင်  မြှားတံတပ်ထားသော ဒူးလေးတစ်လက်။

ဘယ်ကျော်၏ ကျောကုန်းကို ဒူးလေးဖြင့် တည့်တည့်မတ်မတ်ချိန်ထားလိုက်သည်။

“ကျွန်မတို့က လူအင်အားလေး သုံးလေးဆယ်နဲ့ ရွာထဲ ပြန်ဝင်လာပြီး မင်္ဂလာပွဲ လာလုပ်မယ်လို့ ရှင်တို့ ထင်နေတာလား...သွေးသောက်ကြီး”


ခက်ဇော်

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၃)

                                                             ...............................................

“မြန္စီယာမီလပ္....မြန္စီယာမီလပ္”

ယမကာႏွင့္ ရမၼက္တို႔၏ ယစ္မူးမႈျဖင့္ ေခတၱအိပ္ေပ်ာ္သြားခဲ့ေသာ မီလပ္ ႏိုးလာသည္။

“အင္း..လြီဇာ..ဘာျဖစ္လို႔လဲ”

“မိုးတိတ္သြားၿပီ..ရွင္ျပန္ဖို႔ သင့္ၿပီ..မီလပ္”

လြီဇာက မီလပ္ဝတ္လာသည့္ အက်ႌႏွင့္ ေဘာင္းဘီကို ကမ္းေပးသည္။

“ကြၽန္ေတာ္ ျပန္ရမွာလား..လြီဇာ”

“ရွင္က ဧည့္သည္ေလ..ျပန္ရမွာေပါ့”

“ဟင္..ခင္ဗ်ားနဲ႔ ကြၽန္ေတာ္က ခ်စ္သူေတြျဖစ္သြားၿပီေလ..လြီဇာ..ဒါ ကြၽန္ေတာ့္ခ်စ္သူအိမ္ပဲကိုး”

လြီဇာက မီလပ္ကို ခပ္တင္းတင္းၾကည့္လိုက္၏။

“ရွင့္ကို ကြၽန္မက ခ်စ္တယ္လို႔ ဘယ္တုန္းက ေျပာဖူးလို႔လဲ”

“ဟာ...ပါးစပ္က မေျပာေပမယ့္လည္း..ဟိုဟာေတာ့..”

“ေတာ္ေတာ့..မီလပ္..ခ်စ္ျခင္းတရား နဲ႔ ေသြးသားဆႏၵက သက္သက္ဆီဆိုတာ ရွင္မသိခ်င္ေယာင္ေဆာင္ေနတာလား”

မီလပ္က ေခါင္းကို ခါရမ္းလိုက္ၿပီး အက်ႌႏွင့္ ေဘာင္းဘီကို ျပန္ဝတ္လိုက္သည္။

လြီဇာက ျပတင္းေပါက္ဝရွိ ကုလားထိုင္တြင္ ထိုင္ၿပီး အျပင္ဘက္ အေမွာင္ထုကို ေငးေန၏။

မီလပ္က လြီဇာ၏ အနားသို႔ လာရပ္သည္။

“သြားဆိုလည္း ကြၽန္ေတာ္သြားပါ့မယ္..ဒီညကိုေတာ့ကြၽန္ေတာ့္တသက္ မေမ့ဘူး..လြီဇာ”

“ပြန္ဒီခ်ယ္ရီဆိပ္ကမ္း ကို ေရာက္ရင္... ရွင္ေမ့သြားမွာပါ..ကြၽန္မကေတာ့ အခုကတည္းက ေမ့လိုက္ၿပီ..ကဲ..သြားေတာ့..ကြၽန္မအိမ္က အေစခံေတြ ႏိုးလာရင္ မေကာင္းဘူး”

“ကြၽန္ေတာ္သြားၿပီေနာ္”

“ၿခံတံခါးကို ခပ္ဟဟပဲ ေစ့ခဲ့ပါ”

 

မီလပ္က အိမ္ေအာက္သို႔ ဆင္းသြားၿပီး အေမွာင္ထုထဲ ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။

လြီဇာက ျပတင္းတံခါးဝမွ တဆင့္ အျပင္ဘက္ အေမွာင္ထုကို ေငးေနသည္။

တံစက္ၿမိတ္တြင္ လက္က်န္ မိုးေရစက္ကေလးတို႔ တြဲလဲခိုလ်က္။

လြီဇာ ပါးျပင္ေပၚတြင္လည္း မ်က္ရည္စက္တခ်ိဳ႕။

“ေမာင္ႀကီးငတြန္ရယ္”

..................................................................................

ဉီးေအာင္လွ ၏ မ်က္ႏွာက ခပ္တင္းတင္း။

ဉီးေအာင္လွ အိမ္တြင္ ေရာက္ေနေသာ လက္်ာဗိုလ္ႏွင့္ လြီဇာက အေျခအေနကို အကဲခတ္ေနသည္။

ဉီးေအာင္လွေနာက္တြင္ မိဖုရားေခါင္ႀကီးသီရိသုမာလာစၾကေဒဝီဘြဲ႕ခံ ဂမုန္းပါလာသည္။

ဂမုန္း၏ မ်က္ႏွာကလည္း မသာမယာျဖင့္။

ဉီးေအာင္လွက ကတၱီပါခင္းထူထူခင္းထားသည့္ သလြန္ေပၚတြင္ ဝင္ထိုင္လိုက္သည္။

“ဂမုန္း..အေနာက္ဘက္အိမ္ကိုသြားၿပီး..ေအာင္ျမ ကို ပါ ဒီကို လႊတ္လိုက္”

ဂမုန္းက အိမ္အေနာက္ဘက္သို႔ ဝင္သြားသည္။

“ဘာေတြျဖစ္လာတာလဲ...အမတ္ခ်ဳပ္ႀကီး”

“မင္းတို႔ ရတဲ့ သတင္းမွန္တယ္..လြီဇာ..က်ဳပ္ နန္းတြင္းဝင္တဲ့အခ်ိန္မွာ ဟိုအဂၤလိပ္ေကာင္ကို ေရဝန္ခန႔္တဲ့ အမိန႔္က အတည္ျဖစ္ေနၿပီ..အဲ့ဒီ ဂ်ိဳနသန္စမစ္ ဆိုတဲ့ေကာင္ က ဒီမနက္ ဂ်က္ဆီလြန္ (သလင္းေၾက၊ ဖူးခက္) က ဝင္လာတဲ့ သေဘၤာေတြကိုေတာင္ အခြန္ေကာက္ေနၿပီ”

“ရွင္ဘုရင္ေလးနဲ႔ေရာ ေတြ႕ခဲ့ရဲ႕လား”

“ေတြ႕ခဲ့တယ္..က်ဳပ္ကို ဝင္ေတြ႕ခြင့္မေပးဘူး..ရေသ့ၿမိဳ႕ဘက္မွာ သမင္လိုက္မယ္ဆိုၿပီး က်ဳပ္ေရာက္တာနဲ႔ ထြက္သြားတာပဲ...က်ဳပ္ပခုံးနဲ႔ တင္ေပးခဲ့လို႔ ဒင္း ရွင္ဘုရင္ျဖစ္ေနတာကို..ေတာက္”

ထိုအခ်ိန္တြင္ ဉီးေအာင္လွ၏ ညီ ဉီးေအာင္ျမ ဝင္လာသည္။

ဉီးေအာင္ျမသည္ အယုဒၶယတြင္ ရဟန္းဝတ္ျဖင့္ ႏွစ္ရွည္ေနထိုင္ခဲ့သူျဖစ္၏။

ဟံသာဝတီတြင္ သမိန္ေထာ နန္းတက္ၿပီးမၾကာမီပင္..ဉီးေအာင္လွက ေခၚယူခဲ့ျခင္းျဖစ္သည္။

ဟံသာဝတီရွိ လက္ဖြဲ႕၊ အင္းအိုင္၊ ေဆးဝါး၊ တိုက္ခိုက္ေရးအတတ္ပညာမ်ားကို ေလ့လာလိုက္စားၾကေသာ ေတာေနရဟန္းအမ်ားစု (ရွင္ေယာင္စု) မွာ ဉီးေအာင္ျမ ႏွင့္ ပတ္သက္ၾကသည္။

ဉီးေအာင္ျမက အကိုျဖစ္သူ ကို လက္အုပ္ခ်ီလ်က္ ဝင္လာသည္။

“ေအာင္ျမ..မင္းဆီမွာ ဓါးခုတ္၊လွံထိုး ကြၽမ္းက်င္တတ္ကြၽမ္းတဲ့ သန္သန္မာမာ ရွင္ေယာင္ေတြစုရင္ ဘယ္ေလာက္ရႏိုင္မလဲ”

“သုံးက်ိပ္ေက်ာ္ေလာက္ေတာ့ ရႏိုင္ပါတယ္”

“အမတ္ခ်ဳပ္ႀကီး...ဘာလုပ္မလို႔လဲရွင့္”

“ဘာလုပ္ရမလဲ...လုပ္ခ်င္တာေလွ်ာက္လုပ္ေနတဲ့ သာလွကို လုပ္ႀကံမွျဖစ္ေတာ့မယ္..ဒင္းက နန္းေတာ္နဲ႔ မတန္ဘူး”

လြီဇာက ေခါင္းကို ခါရမ္းလိုက္သည္။

“စိတ္ေအးေအးထားပါ..အမတ္ခ်ဳပ္ႀကီး...အခု အင္းဝက ကြၽန္မတို႔ ဆီ အခ်ိန္မေ႐ြးစစ္ခ်ီလာႏိုင္တယ္..အဲ့ဒီလိုလုပ္လို႔မျဖစ္ဘူး”

“အဲ့ဒါေၾကာင့္ေျပာေနတာေလ..လြီဇာ...ျပင္သစ္ဆီကရမယ့္ လက္နက္ေတြ ကိစၥ ပ်က္သြားခဲ့ရင္..အင္းဝ ကို က်ဳပ္တို႔ ဘယ္လိုရင္ဆိုင္ၾကမွာလဲ..အင္းဝ က လက္နက္အင္အားကို က်ဳပ္တို႔ ေရရွည္မွာ မယွဥ္ႏိုင္ဘူး ”

“အင္း..ကြၽန္မေတြးမိတာတစ္ခုေလာက္ ေျပာပါရေစ... အခုခ်ိန္မွာ အင္းဝကို ယွဥ္ဖို႔ရာမွာ ေခတ္မွီလက္နက္ေတြထက္ ပိုေကာင္းတဲ့လက္နက္ကေတာ့ သမိန္ေထာ ကိုယ္တိုင္ပဲ”

“ဘာ...မင္းေျပာတာ..ငါနားမလည္ဘူး..လြီဇာ”

“အင္းဝသားေတြ စိတ္ထဲမွာ ဟံသာဝတီရဲ႕ ပလႅင္ေပၚမွာ ထိုင္ေနတာက ေညာင္ရမ္းမင္းဆက္ရဲ႕ ေသြးသား မင္းသားတစ္ပါးပါပဲဆိုတဲ့အေတြးမ်ိဳး ဝင္ေနတာက အေကာင္းဆုံးစိတ္ဓာတ္လက္နက္ပဲ.. မဟာဓမၼရာဇာဓိပတိကို မႀကိဳက္ၾကတဲ့ အင္းဝတပ္တြင္းက အင္အားစုေတြကိုပါ ဟံသာဝတီဘက္ စိတ္ယိုင္ေစမယ္....အဲ့ဒီအခ်က္ကိုလည္း သတိထားသင့္တယ္”

ဉီးေအာင္လွ ေတြေဝသြားသည္။

“လြီဇာ ေျပာတာကို ကြၽန္ေတာ္လည္း သေဘာတူတယ္...ဉီးရီးေတာ္”

လက္်ာဗိုလ္က ပါ ဝင္ေလွ်ာက္တင္လိုက္သည္။

“ေအာင္ျမ..မင္းသေဘာကေရာ”

“ကြၽန္ေတာ့္သေဘာက အကိုႀကီးသေဘာပါပဲ..အကိုႀကီးဆုံးျဖတ္သမွ် ကြၽန္ေတာ္လုပ္ေပးမွာပါ”

ဉီးေအာင္လွက ကြမ္းအစ္ကို ယူကာ ကြမ္းတယာကို စိတ္ရွည္လက္ရွည္ယာေနသည္။

အခန္းက တိတ္ဆိတ္ေန၏။

ခပ္လွမ္းလွမ္းတံခါးဝတြင္ ဂမုန္းက အေျခအေနကို ရင္တထိတ္ထိတ္ျဖင့္ နားစြင့္ေနသည္။

“အင္း..လြီဇာ ေျပာတာကို က်ဳပ္လက္ခံတယ္..ဒါေပမယ့္..ျပင္သစ္ေတြနဲ႔ မဟာမိတ္ဆက္ဆံေရးကိစၥကို ဘယ္လို လုပ္ၾကမလဲ”

“အဲ့ဒါက ကြၽန္မ တာဝန္ယူေပးပါ့မယ္...ရွင္ဘုရင္နဲ႔အဂၤလိပ္ေတြၾကားမွာလည္း တစ္ခုခု အေပးအယူေတာ့ ရွိမွာပါပဲ....ဘာပဲျဖစ္ျဖစ္ အဂၤလိပ္နဲ႔ ျပင္သစ္ ရန္ဘက္ႏွစ္ေယာက္ၾကား အားၿပိဳင္မႈကေန ဟံသာဝတီရဲ႕အက်ိဳးစီးပြားအတြက္ အျမတ္ထြက္ေအာင္ လုပ္ရမွာပဲ...ကြၽန္မတို႔...စိတ္ေတာ့ ရွည္ၾကရမယ္”

“ဟုတ္ၿပီေလ..လြီဇာ...ဒီေလာက္ဆို က်ဳပ္ ဘာလုပ္ရမယ္ဆိုတာ နားလည္ၿပီ..လက္်ာဗိုလ္က ရွင္ဘုရင္ေလးရဲ႕ အေျခအေနကို အနီးကပ္ေနၿပီး ေသခ်ာေစာင့္ၾကည့္ထားေပးပါ..အဂၤလိပ္ေကာင္ စမစ္နဲ႔ ေတြ႕တာပဲျဖစ္ျဖစ္..သဝဏ္ပါးတာပဲျဖစ္ျဖစ္ အၿမဲသိေနေအာင္လုပ္ထားေပးပါ..အခုကိစၥဆို ျပင္သစ္ေတြ ေျပာမွ က်ဳပ္တို႔သိရတာ..အေတာ္ေတာင္ေနာက္က်သြားၿပီ..အခု သူ ေတာလိုက္ထြက္သြားတာ ကိုယ္ရံတပ္က ဘယ္သူပါသြားလဲ”

“ေဈးငယ္ဗိုလ္ နဲ႔ အဖြဲ႕ပါသြားပါတယ္”

“အိမ္း...မင့္ လက္ေအာက္ငယ္သားေတြကိုလည္း ဘုရင္နဲ႔ပတ္သက္လို႔ ဘာျဖစ္ျဖစ္ မင္းကို သတင္းပို႔ဖို႔ ေျပာထားဉီး”

“မွန္ပါ”

“ကဲ..ဒါဆို အစည္းအေဝးၿပီးၿပီ..သြားၾကေတာ့”

ဉီးေအာင္လွက အခန္းတြင္းသို႔ ျပန္ဝင္သြားသည္။

လြီဇာက အခန္းတြင္းမွ ျပန္အထြက္တြင္ သူမ၏ လက္ကို တစုံတစ္ေယာက္က ဖမ္းဆြဲျခင္း ခံလိုက္ရသည္။

“ဟင္..မိဖုရားေခါင္ႀကီးဘုရား”

ဂမုန္းမ်က္လုံးမ်ားက မို႔အစ္ေန၏။

“ဂမုန္းတို႔ အရင္လိုပဲ ေျပာဆိုဆက္ဆံၾကရေအာင္လား..မမရယ္”

“အင္း..ဂမုန္းသေဘာပါ...ဒါနဲ႔ဘယ္လိုျဖစ္တာလဲ....ခုန တို႔ေျပာေနတာေတြကို နားေထာင္ေနတာလား”

ဂမုန္းက ေခါင္းညိတ္ျပသည္။

“ကဲ..ငါ့ညီမေလး...မင့္ ေမာင္သာလွ ကို မင့္အဖက ဘာမွ မလုပ္ေတာ့ပါဘူး..ဘာမွစိတ္မပူနဲ႔ေတာ့ေနာ္.. အဲ့ဒါကို ငိုေနတာလား”

“ဉယ်ာဥ္ထဲသြားၿပီး စကားေျပာၾကမလား..မမလြီဇာ”

“အင္း..ေျပာေလ”

လြီဇာ ႏွင့္ ဂမုန္းတို႔ သည္ ဉီးေအာင္လွသီးသန႔္ျပဳလုပ္ထားေသာ အေနာက္ဘက္ ဉယ်ာဥ္ထဲသို႔ ဆင္းလာၾကသည္။

သစ္ခြပင္မ်ားေဝေဝဆာဆာလွေနေသာတစ္ေနရာမွ‌ ေက်ာက္ခုံေလးတြင္ သူတို႔ ထိုင္လိုက္ၾက၏။

ဂမုန္းက လြီဇာ ၏ ပခုံးေပၚ ေခါင္းတင္ကာ အိခနဲ ငိုခ်လိုက္ေတာ့သည္။

“ဘာျဖစ္တာလဲ..ဂမုန္း..ဘာျဖစ္တာလဲ...မငိုနဲ႔ေတာ့ေလ...ခုနက ဂမုန္းအဖက ဘုရင္ေလးကို စိတ္ဆိုးလို႔ ေျပာတာပါ..တကယ္မလုပ္ႀကံပါဘူး.မငိုနဲ႔ေတာ့”

“အဲ့ဒါေၾကာင့္ ငိုတာမဟုတ္ပါဘူး..မမလြီဇာရယ္”

“ဘာျဖစ္လို႔လဲ..ဂမုန္းမွာ ဘာစိတ္ညစ္စရာမ်ားရွိလို႔လဲ..ကေလးရယ္..ကိုယ္က မိဖုရားေခါင္ႀကီးျဖစ္ၿပီး ကိုယ္ခ်စ္တဲ့သူနဲ႔လည္း အတူ နန္းေတာ္ေပၚေနေနရတာပဲ...ဘာမ်ား ျဖစ္ရတာလဲ”

“ဂမုန္း မေပ်ာ္ဘူး..မမ”

“ဘာျဖစ္လို႔လဲ..ေျပာပါ..မမကို ေျပာ”

“ေမာင္ႀကီးကို ဘုန္းႀကီးေက်ာင္းသား သာလွ ဘဝပဲ ျဖစ္ေစခ်င္တယ္..ဂမုန္းလည္း ဆင္ဝန္ရဲ႕ သမီး ဂမုန္းပဲ ျဖစ္ခ်င္ေတာ့တယ္”

“ေအာ္..ဂမုန္းရယ္...မင္းစည္းစိမ္ဆိုတာကို ေဟာ့ဒီတေလာကလုံးက လူေတြက မက္ေမာေနၾကတာ.. မပူမပင္မေၾကာင့္မက်ေနရတဲ့ဘဝကို ဘာလို႔မ်ား မေပ်ာ္တာလဲ”

“မမလြီဇာ မသိခ်င္ေယာင္ေဆာင္ေနတာလားဟင္..အခု ဂမုန္းတို႔ ဘယ္မွာ ေပ်ာ္ရလို႔လဲ..အခုပဲ ဂမုန္းအဖက ဂမုန္းလင္ေယာက္်ားကို သတ္ဖို႔ စီစဥ္တာ ၾကားလိုက္ရေသးတာကို”

လြီဇာ ေခတၱတိတ္ဆိတ္သြားသည္။

“ၿပီးေတာ့....ေမာင္ႀကီးသာလွက အရင္လို မဟုတ္ေတာ့ဘူး”

“အင္းေလ..ဂမုန္းရဲ႕ သူက ရွင္ဘုရင္ျဖစ္သြားၿပီပဲ”

“မဟုတ္ဘူး..ဂမုန္းအေပၚ အရင္လို မဟုတ္ေတာ့ဘူး..ၿပီးေတာ့..သူ႔စိတ္ထဲမွာလည္း ဂမုန္းနဲ႔ အဖတို႔အေပၚ တခုခု စိတ္ခုေနတယ္လို႔ ဂမုန္းထင္တယ္...အနီးကပ္ဆုံးေနရတဲ့ ဂမုန္းအေပၚကိုပဲ သူက မဲေတာ့တာ..ၿပီးရင္ေတာ့ ျပန္ေခ်ာ့ပါတယ္..ဒါေပမယ့္..ဂမုန္း မေပ်ာ္ေတာ့ဘူး..မမလြီဇာ”

“ကဲ..ငါ့ညီမေလး...ဘာမွ စိတ္ထဲမထားနဲ႔...သူတို႔က တိုင္းျပည္အေရးကို တာဝန္ယူထားၾကသူေတြမဟုတ္လား...စိတ္ရႈပ္ေထြးၾကတာရွိမွာေပါ့”

“ဂမုန္းက သူ႔ကို ခ်စ္ပါတယ္..ဂမုန္းအရမ္းခ်စ္ပါတယ္..ဒါ့ေၾကာင့္လည္း သည္းခံတာေပါ့”

“အင္း...ေပ်ာ္ေအာင္ေနပါ..ဂမုန္းရယ္”

“ကိုယ္ခ်စ္တဲ့သူနဲ႔ လက္ထပ္တယ္ဆိုတာကို အရမ္းေပ်ာ္ဖို႔ ေကာင္းမယ္လို႔ အရင္က ဂမုန္း ေမွ်ာ္လင့္ထားခဲ့ဖူးတယ္.. မမလြီဇာေရာ...ခ်စ္တဲ့သူ ရွိလားဟင္”

ဂမုန္း၏ အေမးေၾကာင့္ လြီဇာ ၏ ခႏၶာကိုယ္ေလး မတ္ခနဲျဖစ္သြားသည္။

“ရွိတာေပါ့...အင္း..ရွိခဲ့တာေပါ့..ဂမုန္းရယ္”

“မမေရာ..သူနဲ႔ လက္ထပ္ဖို႔ စိတ္ကူးဖူးလားဟင္”

လြီဇာ ျပန္မေျဖျဖစ္။

သစ္ခြပန္းေရာင္စုံေလးမ်ား ၾကားတြင္ သူတို႔ တဒဂၤတိတ္ဆိတ္သြားၾက၏။

..................................................................................................................

သစ္ခြပန္းေရာင္စုံေလးမ်ားၾကားတြင္ သူတို႔ ဆူညံေပ်ာ္႐ႊင္ေနၾကသည္။

ကန္းပုေလြသံမ်ား၊ ႐ိုးရာတူရိယာမ်ားတီးခတ္သံမ်ားၾကား စကားေျပာသံ၊ ရယ္ေမာသံမ်ား။

ဝါးျဖင့္ ျပဳလုပ္ၾကေသာ စားပြဲရွည္ႀကီးမ်ားေပၚတြင္ ၾကက္ဝက္မ်ားျဖင့္ျပဳလုပ္ထားေသာ ေကြ႕႐ိုးရာ ဟြန္ေတာင္ထီးဟင္းထုပ္မ်ားကို အာရွဖေခၚ သစ္႐ြက္ရွည္မ်ားျဖင့္ ထုပ္ပိုး ခင္းက်င္းထားသည္။

တိုးတက္မႈဓာတ္ရည္ဟုေခၚေသာ သစ္သီးယမကာမ်ားကိုလည္း အိုးႀကီးမ်ားျဖင့္ ခ်ထား၏။

အုတ္ဖိုေတာင္ေျခပတ္လည္ရွိ စုစည္းထားၾကေသာ ေကြ႕႐ြာမ်ားအတြက္ အေရးပါဆုံးပြဲတစ္ခု က်င္းပေနျခင္းျဖစ္သည္။

အျခားမဟုတ္။

ေကြ႕တို႔၏ အုပ္ခ်ဳပ္ေရးအရာရွိျဖစ္ခဲ့သည့္ အင္းဝသား ဗိုလ္မင္း သူရိန္ေစာ ႏွင့္ ေကြ႕လူမ်ိဳးတို႔၏ ေခါင္းေဆာင္ ဂုဏၰအိမ္၏ ညီမျဖစ္သူ နားလဲ တို႔၏ ထိမ္းျမားမဂၤလာပြဲပင္။

ဘာသာေရးေခါင္းေဆာင္သာဗို မ်ား စီတန္းဝင္လာခ်ိန္တြင္ ဆူညံေနေသာ လူအုပ္ႀကီးမွာ တိတ္ဆိတ္သြားသည္။

သာဗိုမ်ား၏ ေနာက္တြင္ ေကြ႕ေခါင္းေဆာင္ ဂုဏၰအိမ္  ဝင္လာသည္။

ဂုဏၰအိမ္သည္ ေခါင္းေပါင္းအျဖဴကို ေပါင္းထား၏။ ထူးထူးျခားျခားေကြ႕႐ိုးရာဝတ္စုံကိုလည္း အျဖဴေရာင္အေပၚေအာက္ဆင္ျမန္းထားသည္။ လည္ပင္းတြင္လည္း ပုတီးႀကီးတစ္ခုကို ဆြဲထား၏။

ဂုဏၰအိမ္၏ ေဘးတြင္ လက္႐ုန္းေခါင္းေဆာင္မ်ားျဖစ္ေသာ ငကက္ ၊ ငနက္ တို႔ ညီေနာင္။

ဝါးခုံတန္းမ်ားအဆုံး အသင့္ျပင္ထားေသာ ေနရာအသီးသီးတြင္ ဝင္ထိုင္လိုက္ၾကသည္။

ခဏအၾကာတြင္ နားလဲက ဂုဏၰအိမ္၏ နေဘးတြင္ ေနရာယူလိုက္၏။

ေကြ႕႐ိုးရာေခါင္းေဆာင္းေပၚမွ တြဲလ်ားက်ေနေသာ အၿမိတ္စေလးမ်ားအထက္မွ ေငြျပားေလးမ်ားက တဖိတ္ဖိတ္လက္ေနသည္။

နားလဲက မ်က္လႊာကို ခ်ထား၏။

မဂၤလာအခမ္းအနားက်င္းပေပးရေသာ သာဗို က ႐ိုးရာဂါထာတစ္ပုဒ္ကို ႐ြတ္ဖတ္လိုက္သည္။

ဂါထာဆုံးသည္ႏွင့္ ကာလသားေခါင္းေဆာင္ က ကန္း ဘူးသီးေျခာက္ပုေလြႀကီးကို အခ်က္ေပးမႈတ္လိုက္၏။

ဗိုလ္မင္းသူရိန္ေစာသည္ အင္းဝျမင္းေခါင္းအရာရွိတို႔၏ ပြဲတက္ဝတ္စုံျဖစ္ေသာ ဖဲအက်ႌအနီေရာင္၊ တမာခက္ သုံးခက္ပါ ပန္းဆိုးေခါင္းေပါင္း၊ ေငြနားေဒါင္းတို႔ျဖင့္ ခန႔္ညားေန၏။

သူရိန္ေစာ၏ လက္ထဲတြင္ ဝါးဖာေလးတစ္ခုကို ကိုင္လာသည္။

နားလဲ၏ ေရွ႕တည့္တည့္ခုံတြင္ သူရိန္ေစာက ထိုင္လိုက္၏။

ထို႔ေနာက္ ဝါးဖာကို ထဲမွ သစ္႐ြက္ျဖင့္ ထုတ္ထားသည့္ ထမင္းႏွင့္ ေတာဝက္သားႏွစ္တုံးအနက္ ထမင္းႏွင့္အသားတစ္တုံးကို ဖာအဖုံးတြင္ထည့္လိုက္သည္။

ထို႔ေနာက္ နားလဲထံသို႔ ထမင္းႏွင့္ အသားတုံးတစ္တုံးကို ခြံလိုက္သည္။

နားလဲက လက္ျဖင့္ခံကာအလိုက္သင့္ စားလိုက္၏။

ေကြ႕႐ိုးရာအရ လင္ေယာက္်ားက မယားျဖစ္သူကို တသက္လုံး လုပ္ကိုင္ေကြၽးေမြးေတာ့မည္ဟူသည္ ကတိ သည္ ၿပီးေျမာက္ၿပီျဖစ္သည္။

သတို႔သမီးက ဖာအတြင္းက်န္ရွိေသာ အသားတစ္တုံးႏွင့္ ထမင္းကို သူရိန္ေစာထံ ျပန္လည္ခြံ႕ေကြၽးလိုက္သည္။

လင္ေယာက္်ားရွာေဖြလူေဆာင္လာသည့္ အစားအစာကို မွ်ေဝစားသုံးၾကမည္ဟူသည့္ သစၥာသည္ တည္ခဲ့ၿပီျဖစ္သည္။

“ေဟ့....ဂုဏၰအိမ္ငယ္”

အခမ္းအနားက်င္းပေနရာ ဂုဏၰအိမ္၏ ၿခံဝန္းေရွ႕မွ အသံ။

ဓားလွံလက္နက္မ်ား ကိုင္ေဆာင္လာၾကေသာ လူတစ္အုပ္။ဂုဏၰအိမ္က ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္သည္။

ငကက္ ငနက္တို႔ က လက္ထဲမွ ဓားလြတ္မ်ားျဖင့္ ဂုဏၰအိမ္ ေရွ႕တြင္ ကာရပ္လိုက္ၾက၏။

အခမ္းအနားအတြင္းမွ ေကြ႕လူမ်ိဳးမ်ားမွာ ႐ုတ္တရတ္မို႔ အံဩသင့္ေနၾကသည္။

လူအုပ္၏ ေခါင္းေဆာင္ျဖစ္သူက အသက္ခပ္ႀကီးႀကီး၊ မြန္ဆံပင္ပုံစံျဖင့္။

“က်ဳပ္...မတၱရာအအုပ္အခ်ဳပ္..ေသြးေသာက္ႀကီး ေထာ္ကန္ပဲ”

“ငါတို႔ မဂၤလာပြဲက်င္းပေနတာပါ..နင္တို႔ကို မဖိတ္ထားပါဘူး..ဘာကိစၥရွိလို႔လဲ”

ဂုဏၰအိမ္က တည္တည္ၿငိမ္ၿငိမ္ပင္ေျပာလိုက္သည္။

“က်ဳပ္သိတယ္”

“ဒါဆိုလည္း သူမ်ား မဂၤလာယူေနတဲ့အခ်ိန္မ႐ိုင္းစိုင္းနဲ႔ေလ..ဘာျဖစ္လို႔လာတာလဲ”

“တခ်ိန္လုံး ေတာထဲမွာ ခိုေနတဲ့ ခင္ဗ်ားတို႔ ေကြ႕ေတြကို ဒီအခ်ိန္လာဖမ္းမွ ျဖစ္မွာမို႔ လာရတာပဲ..ခင္ဗ်ားတို႔ လက္နက္ခ်လိုက္ပါ..က်ဳပ္တို႔ မတၱရာမြန္အစုက လူအင္အား သုံးရာနဲ႔ ခင္ဗ်ားတို႔ ႐ြာကို ဝိုင္းထားၿပီးၿပီ”

“နင္တို႔ ဘာကိစၥ ငါတို႔ကို ရန္လာရွာတာလဲ..နင္တို႔နဲ႔ ငါတို႔ ရန္ဘက္မဟုတ္”

“ရန္ဘက္မဟုတ္ေပမယ့္..ခင္ဗ်ားတို႔ေကြ႕ေတြက စစ္မႈထမ္း၊ အခြန္အတုတ္အားလုံးကို မေပးမဆက္ေနေနတယ္..အဲ့ဒီဒဏ္ကို မဆီမဆိုင္ က်ဳပ္တို႔ မတၱရာမြန္႐ြာေတြက ခံေနရတယ္..ခင္ဗ်ားတို႔ အစား က်ဳပ္တို႔ ဆီက လူအင္အားေရာ၊ အခြန္ပါ တိုးေကာက္ခံေနရတယ္ေရာ...ခင္ဗ်ားတို႔ သူပုန္ေတြကို အင္းဝမင္းလက္ကို အပ္မွ က်ဳပ္တို႔ သက္သာမယ္”

ဂုဏၰအိမ္က ရယ္လိုက္သည္။

“ေကြ႕ေတြကို ဖမ္းလိုက္ေတာ့ေရာ..အင္းဝမင္းက ခင္ဗ်ားတို႔ကို စစ္မႈထမ္း၊ အခြန္ထမ္း ေလ်ာ့ေပးမယ္လို႔ ထင္ေနလား..ေသြးေသာက္ႀကီး”

သူရိန္ေစာက ေထာ္ကန္ထံသို႔ ေလွ်ာက္သြားသည္။

“ဗိုလ္မင္းသူရိန္ေစာ..ခင္ဗ်ားကပါ သူပုန္ေတြနဲ႔ အလိုတူအလိုပါေပါ့ေလ”

“က်ဳပ္တို႔က ဘဝတူေတြပါ..ေထာ္ကန္..ဒီမတၱရာတဝိုက္က မြန္ေတြေရာ၊ ေကြ႕ေတြေရာက အင္းဝနန္းေတာ္အတြက္..အခြန္ေတြလည္းေပးရ..စစ္ဆိုလည္း လိုက္တိုက္ေပးရတယ္..အခုလည္း အင္းဝဘုရင္အတြက္ အခ်င္းခ်င္းသတ္ျဖတ္ေပးၾကဉီးမယ္.. က်ဳပ္တို႔ခ်င္းဘယ္လိုသတ္သတ္..နန္းေတာ္ကေတာ့ ပြဲလန္းမပ်က္ပါဘူးဗ်...သူတို႔ ကတၱပါ ေ႐ႊခင္းအတြက္ က်ဳပ္တို႔အခ်င္းခ်င္း အသက္နဲ႔ ရင္းၾကေတာ့မွာလား”

သူရိန္ေစာ စကားေၾကာင့္ ေထာ္ကန္ ေတြေဝသြားသည္။

“အပိုေတြေျပာမေနနဲ႔..ဗိုလ္မင္း..က်ဳပ္တို႔ ခင္ဗ်ားတို႔ တအုပ္လုံးကို ဝိုင္းထားၿပီးသြားၿပီ”

“ေသခ်ာလို႔လား...အၾကပ္ႀကီးရဲ႕”

ထိုအခ်ိန္တြင္ ဂုဏၰအိမ္၏ အေနာက္ဘက္မွ လူႏွစ္ဦးထြက္လာသည္။

ေထာ္ကန္က တအံတၾသေရ႐ြတ္လိုက္၏။

“ဘယ္ေက်ာ္”

အၾကပ္ႀကီးေထာ္ကန္လက္ေအာက္မွ အၾကပ္ဘယ္ေက်ာ္ သည္ လက္ႏွစ္ဖက္ကို ေျမႇာက္လ်က္။

ဘယ္ေက်ာ္သည္ ႐ြာကို ဝိုင္းထားသည့္ မတၱရာမြန္တပ္၏ ေခါင္းေဆာင္အျဖစ္ ထားခဲ့သူ။

ဘယ္ေက်ာ္၏ ေနာက္တြင္ နားလဲ။

မဂၤလာပြဲဝတ္စုံအျပည့္အစုံျဖင့္လက္ထဲတြင္  ျမႇားတံတပ္ထားေသာ ဒူးေလးတစ္လက္။

ဘယ္ေက်ာ္၏ ေက်ာကုန္းကို ဒူးေလးျဖင့္ တည့္တည့္မတ္မတ္ခ်ိန္ထားလိုက္သည္။

“ကြၽန္မတို႔က လူအင္အားေလး သုံးေလးဆယ္နဲ႔ ႐ြာထဲ ျပန္ဝင္လာၿပီး မဂၤလာပြဲ လာလုပ္မယ္လို႔ ရွင္တို႔ ထင္ေနတာလား...ေသြးေသာက္ႀကီး”

 

 

ခက္ေဇာ္

အခန္း(၄) သဘက္ခါ

Comments

Post a Comment