AVA 1740s (အခန်း ၁၇)
AVA 1740s
အခန်း(၁၇)
...............................................
မင်းသမီးကြီးသည် အခြွေအရံများနှင့် မြို့ဝန်ရုံးအတွင်းမှ ထွက်ခွာသွားသည်။
အနောက်မှ လွီဇာ နှင့် ရှင်မိငယ်တို့က လိုက်လာကြသည်။
“သူ့ကို မြို့ဝန်မလာမချင်း...ဒီခြံဝန်းထဲပဲ ထားစေနော်.”
အစောင့်များက လက်အုပ်ချီလျက် နာခံကြသည်။
“မမလွီဇာရယ်..ဘယ်လိုများ ဖြစ်ကုန်ကြတာလဲ...မင်းသမီးကြီးအမှုထမ်းတွေက မိငယ်အိမ်ရောက်လာတော့ မိငယ်မှာ လန့်လိုက်တာ...ဒီကိစ္စ မောင်ကြီးအောင်ဇေယျသိရင်လည်း စိတ်ကောင်းမယ်မဟုတ်ဘူး”
“မိငယ်ရယ်..ဒီလိုပါပဲ...ဘဝက အမြဲတမ်းအဆင်ပြေနေတော့လည်း ပျင်းစရာကြီးလေနော့”
“အင်းပါ...မင်းသမီးကြီးကတော့ မိငယ်ကို မမတို့အတွက် ပေးသင့်တာတွေပေးသွားတယ်..စိတ်ချပါ..မမလွီဇာက မိငယ်အပေါ် ကျေးဇူးရှိတာပဲ..မိငယ် ဝတ္တရားမပျက်စေရပါဘူး..မိငယ် မမလွီဇာတို့အတွက် သွားဝယ်စရာရှိတာဝယ်လိုက်ဦးမယ်..နေ့လည်မှ ထောင်ကို လာခဲ့မယ်နော်”
လွီဇာက ပြုံးပြလိုက်သည်။
မိငယ် ကျောခိုင်းသွားချိန်တွင် လွီဇာက လှမ်းခေါ်လိုက်သည်။
“မိငယ်”
“ရှင်”
“လေးယောက်စာနော်”
“ဟုတ်ကဲ့”
မြို့ဝန်အမှုထမ်းတစ်ဦးက လွီဇာ၏ လက်ပြန်ကြိုးကို စောင့်ဆွဲလိုက်သည်။
ထို့နောက် ပါးကွက်သားငလှေးထိုင်နေသော ကွပ်ပျစ်ဆီသို့ ဆွဲခေါ်သွား၏။
“မြို့ဝန်မင်းဘုရား မလာမချင်း..မင်းတို့ ဒီကွပ်ပျစ်မှာ ထိုင်စောင့်ကြ”
ငလှေးဘေးတွင် လွီဇာက ဝင်ထိုင်လိုက်၏။
ငလှေးက ဓါးကို ဘေးချကာ ဆေးတံထဲသို့ ဆေးမှုန့်များထည့်နေသည်။
“ခုန မိန်းမကြီးက ခင်ဗျားအသိလား”
ငလှေး၏ မေးခွန်းကို လွီဇာက ခေါင်းညိတ်ပြလိုက်သည်။
“နန်းတွင်းသူထင်တယ်နော်”
“ဟုတ်တယ်...လောင်းရှည်မင်းသမီးဆိုတာ သူပဲ”
ငလှေးက လွီဇာကို အထင်ကြီးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထို့နောက် ဆေးတံကို မီးညှိ့ပြီး တစ်ရှိုက်ဖွာလိုက်သည်။
“သြော်..သူတို့များကျ..ရွှေနားတောင်းကြီးတွေ..နော်ဇာကုံးကြီးတွေကလည်း ဟီးလို့..ကျုပ်တို့မှာတော့ ရွှေနားတောင်းသေးသေးလေးအတွက် ဒီလို လူရာမဝင်တဲ့ ဘဝကြီးထဲ ရောက်ခဲ့ရတယ်”
ငလှေးစကားကို လွီဇာ စိတ်ဝင်စားသွားသည်။
“မင်းကြည့်ရတာ ပါးကွက်သားဖြစ်တာ မကြာသေးဘူးထင်တယ်..ဘယ်လိုများဖြစ်ရတာလဲ”
ငလှေးက သူ့ပါးမှ နွားခိုးဆိုသည့် စာတမ်းကို လက်ဖြင့် စမ်းလိုက်သည်။
“ကျုပ် မယ်ဖူး နဲ့ အိမ်ထောင်ကျတာ တစ်နှစ်ပဲရှိသေးတယ်...သူက ရွှေနားတောင်းလေး ပန်ချင်သတဲ့လေ.. စကားစပ်မိလို့သာ ပြောရှာတာပါ..ကျုပ်ကိုတော့ မပူဆာရှာပါဘူး..ပူဆာလည်း ကျုပ်လို ငါးဖမ်းပိုက်ကွန်ကို အခစားယက်ရတဲ့သူက ဘယ်ဝယ်ပေးနိုင်ပါ့မလဲဗျာ...ရွှေ မပြောနဲ့...ငွေစင် တောင် သေချာမမြင်ဖူးခဲ့ပါဘူး”
“အဲ့ဒါနဲ့..”
“အဲ့ဒါနဲ့...ကျုပ်လည်း မြို့သူကြီးအိမ်က နွားကို သွားခိုးမိတယ်..သူ့ကိုလှစေချင်တာကိုးဗျာ.. သူ့နား နှစ်ဖက်မှာ ရွှေစလေး ရှိစေချင်တာကိုး...ဝိုင်းရိုက်လိုက်ကြတာ..သေမတတ်ပဲ..နွားအဖိုးအခ လျော်စရာလည်းမရှိတော့ သေဒဏ်ကျမှာကလည်း ကြောက်...ဒါနဲ့ ဒီပါးကွက်သားဘဝ ရွေးရတော့တာပဲ”
“ဒါဆို မင်းရဲ့ မယ်ဖူး က ရွှေနားတောင်းလေး မပန်လိုက်ရဘူးပေါ့”
ငလှေးက တိတ်ဆိတ်သွားသည်။
လွီဇာ က ဘာမှ ဆက်မပြောပဲ..ရှေ့သို့သာ ငေးနေ၏။
ထိုအချိန်တွင် ကိုယ်ရံတော်တပ်သားများပါသော ဝေါယာဥ်တစ်စီးက မြို့ဝန်ရုံး ဝန်းအတွင်းသို့ ဝင်လာသည်။
“မြို့ဝန်မင်းကြွလာပြီ..ဒူးတုတ်..ဒူးတုတ်”
ငလှေးရော၊ လွီဇာပါ ကွပ်ပျစ်ပေါ်မှ ဆင်းကာ ဒူးတုတ်လိုက်ကြ၏။
မြို့ဝန်မင်းက ကွပ်ပျစ်နားတွင် ဝေါကို ရပ်ခိုင်းလိုက်သည်။
“ဟေ့..သူ့ကို တရားရုံးဇရပ်ရှေ့မှာ ထိုင်ခိုင်းထား....ငါ့ ခဏနေ လာခဲ့မယ်”
အစောင့်များက လွီဇာ နှင့် ငလှေးကို တရားရုံဆီသွားရန် ပြောလိုက်ကြသည်။
လေးတိုင်စင်တွင် ကြမ်းခင်းထားသော တရားရုံးဇရပ်တွင် မြို့စာရေးက အမှုများကို စစ်ဆေးဆဲဖြစ်သည်။
ငလှေးနှင့်အတူ ပြန်ဝင်လာသော လွီဇာကို အဖေကြီးတုတ် က တချက်ငဲ့ကြည့်သည်။
ထို့နောက် ဇရပ်ရှေ့ မြေပြင်တွင် ထိုင်စောင့်ရန် အချက်ပြလိုက်၏။
လွီဇာ သည် ဇရပ်ရှေ့မြေတလင်းတွင်ထိုင်လိုက်သည်။
ဇရပ်ပေါ်တွင် လူတစ်ယောက်ကို လက်ပြန်ကြိုးတုပ်ထားပြီး ထိုလက်ပြန်ကြိုးကို စက်သီးဖြင့် ဆွဲတင်ထားသည်။
ထိုသူ၏ ခြေထောက်မှာ ဇရပ်ကြမ်းပြင်နှင့် ထိရုံအနေအထားသာရှိသည်။
လက်မောင်းနှစ်ဖက်မှာ ခန္ဓာကိုယ်၏ အလေးချိန်က ဆွဲထားခံရသဖြင့် တဗျစ်ဗျစ် အသံများပင် ထွက်နေသည်။
ဇရပ်အောက်တွင်ထိုင်နေကြသော လွီဇာအပါအဝင် အကျဥ်းသားများမှာ ထိုမြင်ကွင်းကို မျက်နှာလွှဲလိုက်ကြ၏။
မြို့စာရေးမှာမူ သာမန်လုပ်ရိုးလုပ်စဥ်တွေ့နေကျ မြင်ကွင်းအလား အေးစက်စက်မျက်နှာပေးဖြင့်။
“မောင်မင်း.... လှေသူကြီးဆီက ယူခဲ့တဲ့ ဂင်ဇာတစ်ပိဿာကို ဘယ်မှာဝှက်သလဲ..ပြောတော့မလား”
လက်မောင်းနှစ်ဖက်ဆီမှ နာကြင်ခြင်းကို မခံစားနိုင်တော့သည့် ထိုသူ၏ လေသံက မပီမသ။
“ကျယ်ကျယ်ပြောစမ်း”
“.............................”
မြို့စာရေးက လိပ်ကျောက်မြီးကြာပွတ်ကို ကိုင်လျက် မတ်တပ်ရပ်လိုက်သည်။
ထိုသူ၏ နားသို့ ကပ်သွား၏။
“ပြော..ဘယ်မှာထားထားလဲ”
တရားခံက ခပ်တိုးတိုးပြောလိုက်သည်။
မြို့စာရေးက သူ၏ကျောက်ရုပ်မျက်နှာကြီးဖြင့် ဘေးဘီကို အကဲခတ်လိုက်၏။
ထို့နောက် နေရာတွင် ပြန်ထိုင်ကာ အချက်ပြလိုက်သည်။
အစောင့်တစ်ချို့က ရာဇဝတ်သားကို စက်သီးကြိုးမှ ဖြုတ်ချပေးလိုက်၏။
“စီရင်မယ်”
မြို့စာရေးသည် ထန်းရွက်ဖူးပေါ်တွင် ကညစ်ဖြင့် စီရင်ချက်ကို ရေးသည်။
ညောင်ရမ်းခေတ် နန်းတွင်းရုံးတွင်းဆိုင်ရာကိစ္စများတွင် ပေရွက်ကို မသုံးကြ။ ပေပင်သည် တစ်သီးသီးပြီး အညွန့်တုံးသွားတတ်သဖြင့် နန်းတွင်းရုံးတွင်းမင်းမှုကိစ္စတွင် ပေကိုသုံးလျှင် မင်းဆက်တဆက်ဖြင့် ပြတ်တတ်သည်ဟု အယူရှိကြသည်။
ထို့ကြောင့် ပေရွက်အစား အဆက်ဆက်သီးပွင့်သည့် ထန်းရွက်ဖူးကို သုံးကြသည်။
မြို့စာရေး က ရေးပြီးသား ထန်ရွက်ဖူးကို ကိုင်ကာ ဖတ်လိုက်သည်။
“ငါ့သရောက်ရွာသား ငမင်း၊ ငဝင်း ညီအကိုနှစ်ဦးသည် ညောင်ဦးနေ လှေသူကြီး ငစုံမှတ်၏ လှေဖြင့် အင်းဝဆိပ်သို့ ကုန်ကူးလိုက်ခဲ့ရာ လမ်းခရီးတွင် ငမင်း၊ ငဝင်း ညီအကိုနှင့် လှေသူကြီး ငစုံမှတ်၊ တက်ကိုင် ငမွန်ငယ် တို့အချင်းများကြပြီး ငမင်း၊ငဝင်းညီအစ်ကိုမှ လှေသူကြီးငစုံမှတ်ကို လှော်တက်ဖြင့် ရိုက်သတ်ကြကြောင်း ရွှေနန်းရှင်ဖဝါးအောက် အမှုတော်ထမ်းများ ထံ ထွက်ဆိုခဲ့ပြီးဖြစ်သည်။ ငဝင်း မှာ တက်ကိုင်ငမွန်ငယ်နှင့် အပြန်အလှန်သတ်ပုတ်ပြီး ရေထဲကျကာ သေဆုံးသွားခဲ့သည်။
ငမင်း သည် လှေသူကြီး ဂင်ဇာငွေတစ်ပိဿာအား ယူကာ လှေပေါ်မှ ထွက်ပြေးခဲ့၏။
ငမင်း သူ သူသတ်မှု၊ သူခိုးမှုတို့ကို လွန်ကျူးခဲ့သည်ဖြစ်သဖြင့် ကိုင်းစားဓမ္မသတ်အရ သူသတ်တို့၏ သွားမြဲလမ်းသို့ သွားစေလေ့”
ငမင်းအား သေဒဏ်ချမှတ်လိုက်ခြင်းပင်။
အမိန့် ဆုံးသည်နှင့် ငမင်းမှာ ဆောက်တည်ရာမရအော်ဟစ်တော့သည်။
အနီးအနားရှိ အစောင့်များက ငမင်း၏ ကျောကုန်းအား ကြာပွတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကာ ပါးကွက်သားတို့လက်သို့ ပြန်အပ်လိုက်၏။
“ကျုပ်တုန်းကလည်း အဲ့ဒီလိုပဲပေါ့ဗျာ”
ဘေးနားမှ ပါးကွက်သားငလှေး က လွီဇာကြားရုံ လေသံဖြင့် ပြောလိုက်သည်။
ငမင်းအမှုပြီးသည့်နောက် စက်သီးကြိုးများ၊ ခွေးခြေခုံများကို အမှုထမ်းများက နေရာတကျ ပြင်ဆင်နေသည်။
ထို့နောက် ဝက်ဝံသားရေဖြင့် လုပ်သော အခင်းထူကြီးတစ်ခုကို ယူလာကာ မြို့စာရင်း၏ အနောက်ဘက် တဆင့်ပိုမြင့်သော နေရာတွင် ခင်းလိုက်ကြ၏။
ကြေးကွမ်းအစ်၊ ကြေးဆေးတံများကို အစေခံတစ်ချို့က ယူလာကာ အသင့်ထားလိုက်ကြသည်။
မြို့ဝန်မင်း ကြွလာပြီဖြစ်သည်။
“ဗရင်ဂျီမငယ် မယ်လွီဇာ ကို သွင်းလေ”
အဖေကြီးတုတ်က လွီဇာ ကို ချိုင်းမှ ဆွဲထူကာ ထခိုင်းလိုက်သည်။
အဖေကြီးတုတ်နှင့် ငလှေးတို့ က တစ်ဖက်တစ်ချက်စီမှ ခြံရံကာ လွီဇာကို ဇရပ်ပေါ်တွင် ဒူးတုတ်ခိုင်းလိုက်၏။
မြို့ဝန်မင်းသည် ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ကာ သူ့အတွက်ခင်းပေးထားသည့် ဝက်ဝံသားရည်ပေါ်တွင် ထိုင်လိုက်သည်။
ကျောက်ပေါက်မာအပြည့်ပါးကြီးမှာ ကွမ်းများကို အပြည့်ငုံထားသဖြင့် ဖောင်းကားနေ၏။
ကျေးကျွန်တစ်ဦးက ထွေးခံခွက်ကို မြို့ဝန်မင်းထံ ထိုးပေးလိုက်သည်။
မြို့ဝန်က ကွမ်းသွေးများထွေးလိုက်၏။
“လွီဇာမငယ်..ရုံးတော်ရှေ့မှောက်ရောက်ပလား”
“မှန်ပါ..ကျွန်တော်မျိုးမပါ”
“ယမန်နေ့ကတော့ ညည်း နှင့်အတူ ပါရှိသော ရာဇဝတ်သားများကို စစ်ကြောပြီးခဲ့ပြီ။
ငါမေးတာကို မှန်ရာဖြေမည်ဟု ကျမ်းသစ္စာကျိန်မည်လော”
“ကျိန်ပါမည်..ဘုရား”
“ကျိန်စာဆူး ဟု ခံရဲသလော”
“ခံရဲပါတယ်..ဘုရား”
မြို့ဝန်က မြို့စာရေးကို အချက်ပြလိုက်သည်။
မြို့စာရေးက ကျမ်းစာထုတ်ကို ကိုင်ကာ လွီဇာလက်ထဲ ထည့်လိုက်သည်။
မြို့စာရေးတိုင်ပေးသည့်အတိုင်း လွီဇာက ကျမ်းကြိမ်ရ၏။
ထိုအချိန်တွင် မြို့ဝန်မင်းမှာ ကြေးဆေးတံထဲသို့ ဆေးထည့်ကာ ဖွာရှိုက်နေသည်။
“ကဲ....ဟုတ်ပြီ...ပြီးခဲ့သည့် ပြာသိုလဆန်း (၁၃)ရက်၊ နေ့ဗဟိုရ်နှစ်ချက်တီးအချိန်က လွီဇာဒီမဲလိုး ခေါ်သည့် ညည်းသည် တကောင်းစျေးအနီး နန်းမတော်ဝန်အာကာရွှေတောင် အား သတ်ဖြတ်သည့်နေရာတွင်ရှိပါသလော”
“ရှိနေပါသည်..ဘုရား”
“ဘယ်လိုကြောင့် ထိုနေရာရောက်နေပါသလဲ”
“ကျွန်တော်မ၏ အိမ်တွင် ငချစ်မြ နှင့်အတူ စကားပြောဆိုနေစဥ် ထိုသူများက ဓါးသေနတ်များဖြင့် လာရောက်ဝန်းရံသဖြင့် ကြောက်လန့်ထွက်ပြေးရင်းရောက်သွားတာပါ”
“လက်ရွေးငယ်မြင်းတပ်မှ သွေးသောက်ငယ် ငတွန်ကို သိပါ၏လော”
“သိပါသည်”
“ငတွန်နှင့် ညည်း ဘယ်လိုပတ်သက်မှုရှိကြသလဲ”
“မိတ်ဆွေတွေပါ”
“ငတွန်က နန်းမတော်ဝန်ကြီးအာကာရွှေတောင်ကို လှံဖြင့် ထိုးသတ်သည်ကို မြင်ပါသလား”
“ကျွန်တော်မမှာ မြင်းပေါ်မှ ပြုတ်ကျသည့်ဒဏ်ရာဖြင့် နာကြင်နေသဖြင့် မမြင်လိုက်ပါ”
မြို့ဝန်က ပြုံးလိုက်သည်။
“ဒါဆို အာကာရွှေတောင်ကို လှံဖြင့် ထိုးသည်မှာ ညည်းပေလော”
“ကျွန်တော်မျိုးမ မလုပ်ဝံ့ပါ”
“ဒါဆို ဘယ်သူသတ်တာတုန်း..ငချစ်မြလား”
“ငချစ်မြလည်း ကျွန်တော်မျိုးမနှင့်အတူ မြင်းပေါ်မှ ကျကာ လဲနေပါသည်”
“ဒါဆို အာကာရွှေတောင်ကိုသတ်သည်မှာ ငတွန်တစ်ယောက်သာရှိပေတာပေါ့”
“ကျွန်တော်မျိုးမ မသိပါဘုရား”
“အာကာရွှေတောင်ကို သင်တို့ သုံးဦး ဝိုင်းသတ်လိုက်တာလို့ အနီးအနားက ရဲမက်များက ထွက်ဆိုထားကြတယ်..ဘယ်လိုလုပ်မလဲ”
“သူတို့ မျက်လုံးတွေကို ကျမ်းစူးကြပါလိမ့်မယ်...ကျွန်တော်မ မသတ်ပါ”
မြို့ဝန်က ခေါင်းညိတ်လိုက်သည်။
“ရပြီ....သင်တို့ သုံးဦး ကို လာမည့် ပြာသိုလဆုတ် ဆယ်ရက်မှာ စီရင်ချက်ချမယ်..ဟေ့..ငတုတ်..ရပြီကွယ့်”
အဖေကြီးတုတ်က လွီဇာကို ခေါ်ကာ ဇရပ်အောက်သို့ ပြန်လာထိုင်ခိုင်းလိုက်တော့သည်။
.....................................................................................................
လွီဇာပြန်ရောက်သည့်အခါ ထောင်ဝတွင် တောင်းတစ်ထောင်းကိုချလျက် စောင့်နေသည့် မိငယ်ကို တွေ့ရသည်။
လွီဇာတို့ အချုပ်ခန်းထဲသို့ ရောက်ပြီး ခြေကျင်းခတ်ခံပြီးသည်နှင့် နာလဲက လွီဇာအနားကပ်လာသည်။
ထို့နောက် လွီဇာရုံးထုတ်ထွက်စဥ် သိမ်းဆည်းခိုင်းခဲ့သော ရွှေတုံးကို လက်ထဲ အသာထည့်ပေးလိုက်၏။
“ဒီနေ့....သေဒဏ်ဘယ်နှစ်ယောက်ပါလဲ...လွီဇာ”
“ကြားတာတော့ လှေသူကြီးကို သတ်တဲ့ ဟိုဘက်အခန်းက တစ်ယောက်ပဲ..ကျန်တာတွေက စီရင်ချက် မချသေးဘူး”
နာလဲ က ဘာမှ ဆက်မမေးတော့ပဲ..ကျောက်တုံးနဘေးတွင် သွားထိုင်နေသည်။
“မမလှီဇာ”
မိငယ်က အခန်းရှေ့တွင် တောင်းကို ချကာ ထိုင်လိုက်သည်။
မိငယ်၏ ပါးပြင်မှ သွေးကြောကလေးများပေါ်တွင် ချွေးလုံးလေးများ စို့ဥနေ၏။
“စောင့်နေရတာ ကြာပြီလား..မိငယ်”
“ကြာတာပေါ့..မမရယ်..ဒီထဲ ရောက်ဖို့ကို..တောင်းလိုက်ကြတဲ့ငွေ..အံမယ်လေး”
မိငယ်က အင်ဖက်ဖြင့် ထုတ်ထားသော ထမင်းထုတ်များကို ထုတ်လိုက်သည်။
“ဒီနှစ်ထုတ်က ဟိုဘက်ခန်းက မောင်ကြီးငတွန် နဲ့ ချစ်မြ ကို ပေးလိုက်..မိငယ်”
မိငယ်က ထမင်းထုတ်နှစ်ထုတ်ကို လွီဇာတို့ရှိရာသို့ တွန်းပို့လိုက်သည်။
ထို့နောက် တောင်းထဲတွင် ပါလာသော ကောက်ညှင်းထုတ်များကိုလည်း တွန်းပေးလိုက်၏။
“မိငယ်က စစ်ကိုင်းကလာရတာဆိုတော့ တစ်ရက်ခြားပဲ လာနိုင်မယ်...မလာနိုင်တဲ့ရက်မှာ ကောက်ညှင်းထုတ်တွေ စားလို့ရအောင် စီစဥ်ပေးခဲ့မယ်..ဟိုဘက်ခန်းက လူတွေကိုလည်း ပေးခဲ့မယ်နော်”
“အင်း..မိငယ်..ကျေးဇူးတင်ပါတယ်”
“ရပါတယ်..မမလွီဇာ...မမအတွက် အဆင်ပြေအောင် မိငယ် အားလုံး လုပ်ပေးခဲ့တယ်နော်”
မိငယ်က တောင်းကို ခေါင်းပေါ်ပြန်တင်ပြီး နှုတ်ဆက်ကာ ပြန်သွား၏။
“နာလဲ..ထမင်းစားကြရအောင်လေ”
“ငါ မစားချင်သေးဘူး..လွီဇာ”
“မနက်ကတည်းက ဘာမှ မစားရသေးဘူးမဟုတ်လား..ကြွက်တွေလည်း ဖမ်းမနေနဲ့တော့...နောက်ရက်တွေမှာလည်း ရှင့်အတွက် ကျွန်မ ပိုမှာထားတယ်”
ထိုအချိန်တွင် ပါးကွက်သားတစ်ဦးက အခန်းတွင်းသို့ ဝင်လာသည်။
နာလဲ က ကမန်းကတန်း မတ်တပ်ထရပ်လိုက်၏။
သို့သော် ပါးကွက်သားက လွီဇာ ဘေးတွင် ငုတ်တုတ်ထိုင်ကာ သံခြေကျင်းများကို ကိုင်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“မင်းကို သံခြေကျင်းတစ်ဖက်ဖြုတ်ထားပေးဖို့..အဖေကြီးတုတ်ကို ဟိုကလေးမက ငွေစတွေပေးသွားတယ်..ဟဲ..ဟဲ..ကဲ ပြော..ဘယ်ဘက်ဖြုတ်စေချင်လား..ညာဘက်လား”
ပါးကွက်သား ပြုံးဖြဲဖြဲဖြင့်။
လွီဇာက ခြေထောက်ကို ရုန်းလိုက်သည်။
“ကျွန်မ မဖြုတ်ချင်ဘူး”
“ဟ..ဘာလဲဟ”
“ကျွန်မ အစား...သူ့ကို ခြေကျင်းတစ်ဖက်ဖြုတ်ပေးပါ..သူ့မှ အနာတွေနဲ့”
လွီဇာက နာလဲကို လက်ညှိးထိုးပြလိုက်၏။
နာလဲက လွီဇာကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။
“ဟင်အင်း...ငါ့အတွက် မလိုအပ်ဘူး..လွီဇာ..နင်က အရေးကြီးတယ်..ငါ့ခြေထောက်က အနာတွေက အရိုးအထိ လှိုက်စားချင် လှိုက်စားနေမှာ..မထူးတော့ဘူး”
“အဲ့ဒါကြောင့်..ကျွန်မပြောတာလေ..ရှင့် အနာက သံခြေကျင်းနဲ့ဆို ပိုဆိုးလာမှာ..ကျွန်မက ဘာမှဖြစ်သေးတာမဟုတ်ဘူး”
“ငါမဖြုတ်နိုင်ဘူး..နင့်အတွက် နင့်လူတွေက ငွေပေးသွားတာပဲ..နင်ပဲ သက်သာအောင်နေပါ.လွီဇာ”
“ရှင် ကျွန်မစကား နားထောင်ပါ...သွား..သူ့ကို ဖြုတ်ပေးလိုက်ပါ”
သူတို့နှစ်ဦးကြားတွင် ပါးကွက်သားမှာ ဘာလုပ်ရမည်မသိဖြစ်နေ၏။
“ကဲ..တစ်ယောက်တော့ပြောဗျာ..ခင်ဗျားတို့ဟာက ကြာတယ်..တော်ကြာ အဖေကြီးတုတ်စိတ်ပြောင်းသွားလိမ့်မယ်နော်”
နာလဲက လွီဇာ ကို သေချာစိုက်ကြည့်လိုက်သည်။
“လွီဇာ.........ငါက သေဒဏ်ကျထားတာ...မကြာခင်သေရတော့မှာ..ငါ့အတွက်ဘာမှ မထူးဘူး..နင်ပဲ ငါ့လို မသေခင် ဒဏ်ရာတွေမဖြစ်အောင်နေပါ..ငါတောင်းပန်ပါတယ်အေ...”
နာလဲ က အိခနဲ ငိုချလိုက်သည်။
လွီဇာမှ ဆွံအသွား၏။
“ဟုတ်တယ်ဟေ့....ဒီထောင်မှာက သေဒဏ်ဆယ်ယောက်ပြည့်မှ တစ်ခါ သုဿာန်ခေါ်သွားပြီးသတ်၊ ကျင်းထဲ စုပြီး မြုတ်တာ... ဒီနေ့သေဒဏ်သမားနဲ့ဆို ကိုးယောက်ရှိသွားပြီ..နောက်တစ်ယောက်ပြည့်တာနဲ့...ဒီကွေ့မ လည်း ကျင်းထဲသွားရမှာပဲ..ကောင်မလေး..နင့်အတွက်ပဲ နင်တွေး..သေလူအတွက်မတွေးနဲ့”
“ရှင့်ပါးစပ်ပိတ်ထား”
လွီဇာက ပါးကွက်သားကို အားကုန်အော်ငေါက်လိုက်သည်။
“ဟေ့..ဘာဖြစ်နေကြတာလဲ..ငရွှေကြီး...မင်းအမေယိုးထဲမှ ခြေကျင်းဖြုတ်တာ ကြာလှချည်..ငါ တံတောင်နဲ့ လာထောင်းလိုက်ရ”
အဖေကြီးတုတ်၏ အသံထွက်လာသဖြင့် ပါးကွက်သားမှာ လွီဇာ၏ ဘယ်ဘက်ခြေထောက်မှ ခြေကျင်းကို အမြန်ဖြုတ်ပေးကာ ထွက်သွားတော့သည်။
လွီဇာ၏ အသက်ရှုသံများ မြန်လာသည်။ နာလဲက ဒူးနှစ်လုံးကြားတွင် ခေါင်းကို တင်ကာ ရှိုက်နေသည်။
“ရှင်..သေဒဏ်ကျထားတယ်ဆိုတာ..ကျွန်မကို ဘာလို့ အစောကမပြောတာလဲ”
“ငါ့ကြောင့် နင့်ကို စိတ်ဓာတ်မကျစေချင်ဘူး...ငါ လုပ်သင့်တယ်ထင်တာတွေကို လုပ်ခဲ့ပြီးပြီ..ငါသေစရာရှိလည်းသေမယ်..ငါ့အတွက် ဘယ်သူမှ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရဘူး..ငါ့ကြောင့် ဘယ်သူမှ စိတ်အနှောင့်အယှက်မပေးချင်ဘူး”
“ဒါနဲ့များ..ရှင့်အကိုက ရှင့်ကို လာကယ်မယ်ဆို..ဘာကိုများ အရှုံးပေးချင်နေတာလဲ...မသေသေးမျှ ဘာမဆို ဖြစ်လာနိုင်သေးတယ်...ဘာမဆိုမျှော်လင့်နိုင်သေးတယ်..ရှင်ဘာလို့ သေရမှာလဲ....သူ လာကယ်မှာပေါ့”
“အဲ့ဒါ ငါ နင့်ကို လိမ်တာ..ပြီးတော့ ငါ့ကိုယ်ငါလည်း လိမ်လိုက်တာပါပဲဟာ....ငါတို့ဟာ တောင်ပေါ်ကနေ အင်းဝဘုရင်က အတင်းအကြပ်ခေါ်လာပြီး မြေပြန့်မှာ အတားအဆီးအဖြစ်နေခိုင်းခဲ့တဲ့ လူမျိုးစုလေးပါပဲ..တို့လူမျိုးစုလေးကို အုပ်ချုပ်ဖို့ အင်းဝဘုရင်က အရာရှိတစ်ယောက်ခန့်ထားတယ်..သူရိန်စောတဲ့..ငါ့အကိုက ဗိုလ်မင်း သူရိန်စော ရဲ့ လက်ထောက်ကျွန်တစ်ယောက်ပါပဲ.... သူတို့ဟာ အခု အင်းဝဘုရင်ကို အာခံဖို့ ကြိုးစားနေကြတာတော့ မှန်တယ်..ဒါပေမယ့်...ဟော့ဒီအင်းဝနန်းတော်ကြီးကို သိမ်းပြီး အကျဥ်းခန်းထဲက ငါ့ကို လာကယ်ထုတ်ဖို့ကတော့ ဘယ်လွယ်ဦးပါ့မလဲ...စိတ်ကူးသက်သက်ပါပဲ”
“ရှင်...က ဘာဖြစ်လို့ သေဒဏ်ကျတာလဲ”
နာလဲက လွီဇာရှေ့မှ ထမင်းထုတ်ကို ယူလိုက်သည်။
“ငါတို့ မတ္တရာမှာနေတဲ့ ကွေ့တွေ၊ မွန်တွေ
အတွက် ထမင်းတစ်လုတ် ဟာ ဘယ်လောက်ခက်ခဲလဲ...အင်းဝဘုရင်မသိဘူး...”
နာလဲက ထမင်းထုတ်ကို ဖြည်သကဲ့သို့ ...............သူ၏ အတိတ်ကိုလည်း လွီဇာထံ ဖြည်ထုတ်ပြရန်အသင့်ဖြစ်နေပေပြီ။
တဖက်အခန်းများမှ ထွက်လာသည့် ဆေးတံမီးခိုးများက အကျဥ်းထောင်၏ မွန်းကြပ်မှုများထဲ ထပ်မံနေရာယူလိုက်ကြသည်။
ခက်ဇော်
Done 🤍
ReplyDeleteDone 💪
ReplyDelete
ReplyDeleteGreat 👍❤️
Hi
ReplyDeleteနာလဲက သနားဖို့ကောင်းလိုက်တာ😓🐬
ReplyDeleteDone
ReplyDeleteDone
ReplyDelete