AVA 1740s (အခန်း ၂၁)
AVA 1740s
အခန်း(၂၁)
...............................................
အင်းဝမှ ပေးပို့လာသော စာကို ကိုင်လျက် ကိုးသိန်းသခင် ငိုင်သွားသည်။
ကသည်းတပ်များ ပြန်လည်ဆုတ်ခွာသွားကြသဖြင့် စစ်အရေးမှာ တရန်အေးသွားသည်မှာ မကြာသေး။
ဝန်ကြီးဦးပု နှင့်တကွ နန်းတော်ထိပ်တန်းအရာရှိလေးဦး ကို တပတ်အတွင်း ကွပ်မျက်လိုက်ကြပြီဖြစ်သည်။
အမှုအခင်းအဖြစ် သေချာစစ်ဆေးခြင်းမရှိပဲ ဘုရင့်အမိန့်တစ်ခုတည်းဖြင့် ကွပ်မျက်ပစ်လိုက်ခြင်းပင်။
ကွပ်မျက်ခံရသူများမှာ အင်းဝနေပြည်တော်၏ အထူးအားကိုးရသော ဝန်ကြီးမူးမတ်များဖြစ်ကြသည်။ အပျော်အပါးနှင့် အနုပညာတွင်သာ မွေ့လျော်သော မဟာဓမ္မရာဇာဓိပတိရှင်ဘုရင်လေး၏ လစ်ဟင်းနေသော နိုင်ငံအုပ်ချုပ်ရေး၊ စစ်ရေးများတွင် ထိုအမတ်များက ဖြည့်စွက်တာဝန်ယူပေးနေကြသူများဖြစ်သည်။
နန်းရင်းဝန်ကြီးဦးပုသည် အင်အားလျော့နေသောနိုင်ငံအခြေအနေနှင့် ဘေးပတ်ချာလည်မှ ပုန်ကန်လာနိုင်သည့် လက်အောက်ခံမြို့ပြများ အခြေအနေကို ကြိုတင်ရိပ်စားမိခဲ့သည်။
လက်လွှတ်ခဲ့ရသည်မှာ မကြာသေးသော ဇင်းမယ်နှင့် လက်အောက်ခံဟံသာဝတီတို့ အင်းဝကို ပူးပေါင်းတိုက်ခိုက်ကြမည့်အရေးကို စိုးရိမ်ပူပန်ခဲ့သည်။
အင်းဝ၏ အမြဲတမ်းစစ်တပ်အင်အားမှာ ရန်သူပတ်လည်ဝိုင်းတိုက်ခိုက်လာသည့်အခါ ခုခံနိုင်လောက်သည်အထိ တောင့်တင်းခြင်းမရှိ။ ပေါ်တူဂီသေနတ်ကိုင်တပ်များ၊ လက်ရွေးကြီး၊ လက်ရွေးငယ်မြင်းတပ်များသာ အမြဲတမ်းစစ်တပ်အဖြစ်ရှိသည်။
ကျန်ေသာ စစ်သားများမှာ အရေးပေါ်သည့်အခါမှ ထောင်ပြုမြို့၊ ရာပြုမြို့ သတ်မှတ်ထားသည့် မြို့ရွာများရှိ ရပ်သားများကို စစ်သားအဖြစ် ဆင့်ခေါ်တာဝန်ထမ်းဆောင်စေခြင်းဖြစ်သည်။
ထို့ကြောင့် ဦးပုသည် လေ့ကျင့်သားပြည့်ဝသော စစ်တပ်တစ်ခု ရှိနေရန် ရဲတစ်ထောင် နောင်တစ်ရာစီမံကိန်းဖြင့် ကျန်းမာသန်စွမ်းသောလူငယ်များကို စုစည်းကာ စစ်ရေးလေ့ကျင့်ပေးနေခဲ့သည်။
သို့သော် ဦးပုတွင် အားနည်းချက်ရှိခဲ့သည်။
သူသည် မဟာဓမ္မရာဇာအဓိပတိမင်းကို တာဝန်ခံကာ နန်းတင်ခဲ့သူဖြစ်သည်။ နန်းတက်စတွင် ဆယ်ကျော်သက်အရွယ်သာရှိသေးသော ရှင်ဘုရင်လေးသည် အုပ်ချုပ်ရေး၊ စစ်ရေးတို့ကို စိတ်မဝင်စားခဲ့။
အရာရာ ဦးပု သဘောအဖြစ်သာ လွှဲပေးထားခဲ့သည်။
ထို့ကြောင့် ဦးပုသည် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခဲ့သည်။ ရှင်ဘုရင်လေးကို ကာကွယ်စောင့်ရှောက်ရင်း သူ၏ အာဏာစက်ကျယ်ပြန့်လာသည်။
စစ်ရေးလေ့ကျင့်သည့်ကိစ္စများတွင် ရှင်ဘုရင်ထံ အသေးစိတ်အသိမပေးဖြစ်ခဲ့။
မဟာဓမ္မာရာဇာဓိပတိသည် နန်းတက်ပြီး တနှစ်ကျော်အကြာတွင် သူ၏ ငယ်ဆရာ ရွှေဖြိုး ကို ဦးပုနှင့် တန်းတူဝန်ကြီးရာထူးတစ်ခု တီထွင်ပေးခဲ့သည်။
ဝန်ကြီးရွှေဖြိုး သည် အရပ်သားဘဝမှ ဝန်ကြီးဖြစ်လာသည့်အခါ ဝါရင့်အမတ်ကြီး ဦးပုကို ခြေရာတိုင်းလာတော့သည်။
အုပ်ချုပ်ရေး၊ စစ်ရေးများတွင် ဦးပု၏ သြဇာသက်ရောက်မှုများကို မနာလိုဖြစ်လာသည်။
ထို့ကြောင့် ဦးပုကို ဖြုတ်ချရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ ဦးပုသည် စစ်ရေးလေကျင့်ရာတွင် ဆင်ကိုအစွယ်ချွန်သည့်သတင်းကို ဦးရွှေဖြိုး ရသွားခြင်းသည့် ဦးပု၏ ပျက်စီးခြင်းဖြစ်ခဲ့ရတော့၏။
ဝန်ကြီးဦးပုနှင့်အဖွဲ့ကို ဖမ်းဆီးလိုက်သည့်သတင်းကြောင့် ဦးပု၏ ကျေးဇူးနှင့်မကင်းခဲ့သည့် စစ်ဘက်၊ အရပ်ဘက်အုပ်စုများကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြသည်။
ဦးပုနှင့် ဆက်စပ်ခဲ့သူ မင်းမှုထမ်း၊ ကုန်သည်များအားလုံးကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ကြ၏။
အင်းဝမြို့သည် လူဖမ်းပွဲများ ခြိမ့်ခြိမ့်သဲဖြစ်ပေါ်လာသည်။
ဦးရွှေဖြိုး သည် ပြိုင်ဘက်ကင်း နန်းရင်းဝန်ကြီး ဖြစ်လာ၏။
ရုတ်ရုတ်သဲသဲအခြေအနေများကို အမြန်တည်ငြိမ်စေရန် ဦးပုနှင့် သြဇာရှိဝန်ကြီးဝန်ထောက်(၄)ဦးကို အမြန်ဆုံးစီရင်ရန် ဦးရွှေဖြိုးက ဘုရင့်ထံ လျှောက်တင်ခဲ့သည်။
တစ်ပတ်ခန့်အကြာတွင်ပင် ဝန်ကြီးသီရိဇေယျနော်ရထားဘွဲ့ခံ ဦးပု၊ ရွှေတိုက်ဝန် နန္ဒသူရိယ၊ အသည်ဝန်နေမျိုးစည်သူ၊ အတွင်းဝန်ကျော်ထင်နန္ဒမိတ်၊ သက်တော်ရှည်နေမျိုးစည်သူ တို့ကို ကွပ်မျက်ပစ်လိုက်ကြသည်။
ဝန်ကြီးဦးပုနှင့် ဆက်နွယ်ခဲ့ကြသော နန်းတွင်းနှင့် ဌာနဆိုင်ရာအရာရှိများအားလုံးမှာ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဖမ်းဆီးအကျဥ်းချခြင်းခံခဲ့ရသည်။
မြို့ဝန်များပါ ဖမ်းဆီးခံခဲ့ရသဖြင့် အင်းဝ၏ တရားစီရင်ရေးမှာ ရုတ်တရက် ရပ်တံ့သွားသည်။
ထိုသို့ ရပ်တံ့သွားခြင်းကြောင့် သေဒဏ်ချမှတ်ခြင်းများလည်း ခေတ္တရပ်တံ့သွား၏။
ကိုးသိန်းသခင်သည် ထိုသတင်းကြားကြားခြင်းဖြင့် အင်းဝသို့ ပြန်လာခဲ့သည်။
အင်းဝက ထူးထူးခြားခြား ငြိမ်သက်နေသည်။
လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် ကွပ်မျက်မှု ၊ ဖမ်းဆီးမှုသတင်းများနှင့် လမ်းမကြီးများပေါ်တွင် ဖြန့်ကျက်နေရာယူထားသည့် နန်းတွင်းတပ်များ က အင်းဝလူထုကို ခြောက်လှန့်ထားဆဲ။
အင်းဝရှိ အကျဥ်းထောင် လေးခုတွင်လည်း အကျဥ်းသားများဖြင့် ပြည့်နှက်နေသည်။
ကွပ်မျက်ခံရသူဝန်ကြီးများ၏ မိသားစုများ၊ ဆွေမျိုးများကို ဝန်ကြီးဦးရွှေဖြိုးအမိန့်ဖြင့် ဖမ်းဆီးအကျဥ်းချလိုက်ပြီး ကျန်ရစ်သော စည်းစိမ်ဥစ္စာများကို ဘုရင့်ဘဏ္ဍာအဖြစ်သိမ်းဆည်းကြသည်။
ဦးရွှေဖြိုး၏ အချို့နောက်လိုက်များမှာ ဦးပုနှင့် ပတ်သက်ခဲ့သည့် စီးပွားရေးသမားများ၊ နန်းတွင်းအရာရှိများကို ဖမ်းဆီးကာ သူတို့၏ ပိုင်ဆိုင်မှုများကို လုယက်နေကြသည်။
ကိုးသိန်းသခင်သည် ထိုဖြစ်ပျက်နေသော အခြေအနေများကို တပတ်ခန့် လေ့လာခဲ့သည်။
ထို့နောက် ကြင်ယာတော်လောင်းရှည်မင်းသမီးနှင့်အတူ ရှင်ဘုရင်ထံ အခစားဝင်ရန် ထွက်လာခဲ့၏။
မဟာဓမ္မရာဇာဓိပတိသည် ထီးနန်းလုယူရန်ကြံစည်ခံရခြင်းသည် ဇာတာတော်မသန့်ရှင်သဖြင့်ဟု ယူဆသဖြင့် ကိန်းခန်းကြေရန် ဆင်တဲအရပ်တွင် ကျော်အောင်စံနန်းယာယီနန်းကို တည်ကာ သွားရောက် နေထိုင်သည်။
ဆင်တဲ ယာယီနန်းမှာ ခမ်းနားလှသည်။
ယာယီနန်းဟုဆိုသော်ငြား ကျယ်ဝန်းလှပြီး နန်းတော်ကြီးတစ်ခု၏ အဆင်အယင်များအတိုင်းပင်။
ကိုးသိန်းသခင်က ယာယီနန်းတော်သို့ ဝင်ရာလမ်းတစ်လျှောက် တူးမြောင်းများကို နိုင်ငံရပ်ခြားဖြစ် ပန်းပင်များ၊ ပန်းပုပန်းခက်များ ဘေးပတ်လည်မှ အလှဆင်ထားသည်ကို ငေးရင်း သက်ပြင်းချလိုက်သည်။
“အတော်အကုန်အကျခံထားတာပဲ”
လောင်းရှည်မင်းသမီးက ခပ်တိုးတိုးပြောသည်။
မကြာမီ ယာယီနန်းရှေ့ သို့ ရောက်ရှိလာကြသည်။
မိန်းမစိုးချုပ်က ခရီးဦးကြိုပြုကာ မိဖုရားခေါင်ကြီး မဟာဇနိန္ဒာဓိပတိဒေဝီ ထံ ခေါ်ဆောင်သွား၏။
မိဖုရားခေါင်ကြီးသည် သစ်ခွပန်းပင်များကို အပျိုတော်များနှင့်အတူ ရေလောင်းနေသည်။
“ဘထွေးတော်..ဘယ်တုန်းကများ ပြန်ရောက်ပါသလဲ..အရီးတော်မင်းသမီးရော..ကျန်းမာပါစ”
“မှန်ပါ..လွန်ခဲ့သည့်တပတ်ကတည်းက အင်းဝကို ရောက်ပါတယ်...ဘုန်းတော်ကြောင့် နေကောင်းကျန်းမာကြပါတယ်...အင်းဝမှာ စီစဥ်စရာလေးတွေရှိနေသေးလို့ ချက်ချင်း အခစားမဝင်နိုင်ခဲ့တာပါ...ကိုယ်တော်မြတ် ဘယ်မှာများ စံစားနေပါသလဲ”
“မောင်ဘုရားက အနောက်ဥယျာဥ်ထဲမှာ ပန်းပုထုနေပါတယ်...ဝင်သွားကြပါလေ”
ကိုးသိန်းသခင်နှင့် ကြင်ယာတော်မှာ မိန်းမစိုးချုပ်နှင့်အတူ အနောက်ဘက်ဥယျာဥ်ဆီသို့ ဝင်ခဲ့ကြသည်။
ရှင်ဘုရင်လေးသည် သိုရင်းအင်္ကျီအဖြူခပ်ပါးပါးကို ဝတ်ထားကာ ချွေးများရွှဲနစ်နေ၏။
လက်ထဲတွင်လည်း ဆောက်နှင့် တူကို ကိုင်ထားကာ အမျိုးသမီးတစ်ဦး၏ ရုပ်လုံးပုံကြမ်းထုထားသော သစ်သားတုံးတွင် အာရုံစိုက်နေ၏။
ကိုးသိန်းသခင်နှင့် လောင်းရှည်မင်းသမီးက အနီးအနားမြေပြင်တွင်ပင် ဒူးတုတ်ရှိခိုးဦးချလိုက်ကြသည်။
ရှင်ဘုရင်ကား ပန်းပုထဲတွင်သာ အာရုံဝင်စားနေ၏။
ဆယ်မိနစ်ခန့်အကြာတွင် ထုလက်စ ပန်းပုကို ရပ်လိုက်ကာ တစ်စုံတစ်ရာကို တွေးနေသည်။
ထိုအခိုက် ဘုရင်မွေးထားသည့် လှပသော ကြက်တူရွေးငှက်ကြီးက ပန်းပုရုပ်ပေါ်တွင် ရုတ်တရက် လာနားလိုက်သည်။
“ဆာနေပြီလား..သားတော်ရဲ့..ဟေ့..မိပုံတို့ ဒီမှာ ငါ့သား အစာစားဖို့လာပြီ..ပြင်ကြဆင်ကြစမ်း”
ဘုရင်က နန်းဆောင်အတွင်း လှည့်ပြီး အော်ပြောသည့်အခါမှ ကိုးသိန်းသခင်တို့ စုံတွဲကို သတိထားမိသွားသည်။
“ဘထွေးတော်..ဘယ်အချိန်ကတည်းကများ အနားမှာ ခစားနေတာလဲ..မြေကြီးထဲမှာ မကောင်းပါဘူး...ဟဲ့..မိပုံတို့ နင်တို့ တယ်အလိုက်မသိကြဘူး..ဘထွေးတော်တို့ ခစားနေတာ ငါ့မပြောကြဘူး..ကတ္တီပါအခင်းတွေ ယူခဲ့ကြကွယ်..ခပ်ထူထူလေး”
ထိုအခါမှ အပျိုတော်လေးများက ကတ္တီပါအခင်းများယူလာကာ ကိုးသိန်းသခင်တို့အား ခင်းပေးကြသည်။
“ဘထွေးတော်နဲ့ အရီးတော် ဘယ်ကတည်းကများ အနားခစားနေကြပါလိမ့်..ကိုယ်တော်လည်း သတိမထားမိလိုက်ဘူး...ရောက်နေလည်း လျှောက်ထားကြတာမဟုတ်ဘူး”
“ကိုယ်တော်က ပန်းပုရုပ်ထဲ စျာန်ဝင်စားနေတာ ပျက်ပြယ်မှာစိုးသဖြင့် ဒီအတိုင်းစောင့်နေတာပါ..ဘုရား”
“ကဲ..ကဲ..ဘထွေးတော်ဆီကလည်း စစ်မြေပြင်အခြေအနေလေးတွေ သိချင်သေးတယ်...အရီးတော်..ဟိုမှာ ခေါင်ခေါင်က သစ်ခွပန်းတွေ နဲ့ အလုပ်ရှုပ်နေတယ်...အရီးတော်လည်း သစ်ခွစိတ်ဝင်စားရင် ခေါင်ခေါင်ဆီ သွားချေလေ”
“မှန်ပါ..ခဏနေသွားပါ့မယ်..ကိုယ်တော်...ကျွန်တော်မျိုးမ တို့ လင်မယား အရှင့်ထံမှ အသနားခံစရာကိစ္စရပ်ရှိလို့ပါ”
“အိမ်း...ဘထွေးတော်တို့ အရီးတော်တို့ဆိုတာ ငါကိုယ်တော်ရဲ့ ခမည်းတော်၊ မယ်တော်တွေလို သဘောထားတာပဲကိုး...လျှောက်စေဗျား”
ကိုးသိန်းသခင်က လက်အုပ်ချီကာ မော်ကြည့်လိုက်၏။
“မှန်ပါ.... လွှတ်တော်၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ကိုပု နဲ့ ဆက်သွယ်ရာမှာ နန်းမတော်ဝန်အာကာရွှေတောင်လည်း ပါဝင်တယ်လို့ စုံစမ်းသိထားရပါတယ်..ဘုရား”
“အိမ်းလေကွယ်..ဒင်းက စောစောသေသွားပြီပဲ..သူ့တရားသူစီရင်သွားတာပ”
“အာကာရွှေတောင်ဟာ သေဆုံးသွားပေမယ့် ရာဇဝတ်သားပင်မဟုတ်လား..ဘုရား..သူရှိနေလျင်လည်း အခု အစီရင်ခံရတဲ့အထဲ ပါသွားမယ် ထင်ပါတယ်..ဘုရား”
မဟာဓမ္မရာဇာဓိပတိက ပြုံးလိုက်သည်။
“အင်း..ဘထွေးတော်တို့ လင်မယားက ဟိုဗရင်ဂျီမလေးကို အတော့်ကို သံယောဇဥ်ရှိကြပုံပဲ”
ကိုးသိန်းသခင်မင်းခေါင်ရော၊ လောင်းရှည်မင်းသမီးပါ တိတ်ဆိတ်နေကြသည်။
သူတို့အိမ်တော်၏ စီးပွားရေးအတွက် အရေးပါလှသော လွီဇာကို သူတို့ လက်လွတ်အဆုံးရှုံးမခံနိုင်ကြ။
“အင်းလေ...လင်ဇင်းမိဖုရားလည်း တစ်ခါဒီလိုလျှောက်တင်ဖူးပါတယ်....ဒါပေမယ့်ကွယ်.. သူက နန်းတွင်း ဝန်ထောက်တစ်ယောက်ကို သတ်ခဲ့တာမဟုတ်လား”
“မှန်ပါ..နန်းတော်ကို ပုန်ကန်မည့်သူတစ်ယောက်ကိုသတ်ခဲ့တာလည်းဖြစ်ပါတယ်..ပြီးတော့ မြို့ဝန်ရုံး စစ်ဆေးချက်များအရ သူက လူသတ်မှုမှာ တိုက်ရိုက်ပါဝင်တာ မတွေ့ရပါဘူး..”
“အင်း..ဒီကိစ္စ က အရင်ကတော့ ကိုပုလက်အောက်က မြို့ဝန်တွေ လက်ထဲ လွှဲခဲ့တာပ..အခုတော့ ကိုရွှေဖြိုး ကို အလုံးစုံအပ်ထားခဲ့တာ...ရှင်ဘုရင်ဆိုတာ နေရာတကာ ဝင်မစွတ်ကောင်းဘူး..မဟုတ်လား..ဘထွေးတော်”
“ထားရင်လည်းနေ..သတ်ရင်လည်း သေရပါ့မယ်....နောက်ဆုံးတကြိမ်တော့ ကိုယ်တော် ချင့်ချိန်နိုင်ဖို့ရာ လျှောက်တင်ပါရစေ....လွီဇာမငယ် ဟာ ဟံသာဝတီ သန်လျင်ဘက် နိုင်ငံခြားသားတွေနဲ့အပေါက်အရောက်အတော်ရှိနေပါပြီ..ထို့ပြင် ဟံသာဝတီမှာပါ သူ့ရဲ့ အခြေအနေတရပ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်..ဒါတွေအားလုံးဟာ ကျွန်တော်မျိုးရဲ့ အစီအမံတွေပါပဲ.. ဟံသာဝတီရဲ့ အခြေအနေဟာ ပုံသေမှတ်လို့မရပါဘူး..ဒီတော့ ဟံသာဝတီမှာ အထောက်တော်အရပ်ရပ်များ ထားရှိတဲ့အခါ လွီဇာမငယ်ကဲ့သို့ ကုန်သည်များဟာ စစ်ရေးသတင်းများအတွက် အရေးပါပါတယ်....နောက်တစ်ခုက...အာကာရွှေတောင်သတ်မှုတွင် ပါဝင်တဲ့ ငတွန်၊ ငချစ်မြ တို့ဟာလည်း ကျွန်တော်မျိုးရဲ့ စဥ့်ကိုင်တပ်မှာ အမှုတော်ထမ်းနေကြသူတွေပါ.... အင်းဝကို ကျွန်တော်မျိုးအမိန့်နဲ့ စျေးဝယ်လာရင်း သူတို့နဲ့ ရင်းနှီးသူ လွီဇာ အတွက် ကာကွယ်ရင်း မတော်တဆ ကျူးလွန်မိခဲ့ကြတာပါ..ငတွန်ဟာ စစ်သည်ကောင်းတစ်ယောက်ပါ...တချိန် သစ္စာတော်ခံသူရဲကောင်းတစ်ဦးဖြစ်လာနိုင်ပါတယ်...ငချစ်မြ ဟာလည်း ခင်ဦးမြင်းစီး သူရဲသူခက်အနွယ်တော်ပါ...ယခုလိုအချိန်မှာ ပတ်ချာလည်က မြို့စား၊ ရွာစား၊ မြင်းစီးသူကြီးတွေ ကို စည်းရုံးထားနိုင်မှ တော်ကာကျမယ်လို့ အရဲစွန့်လျှောက်ပါရစေ..ဘုရား”
“အင်း...ဒီဗရင်ဂျီမကလည်း နန်းတွင်းရော..နန်းပြင်ရော...သူ့လူအဘက်သားတွေ များနေပါလား..ဟုတ်မှလည်းလုပ်ဦး....ဘထွေးတော်”
“မှန်ပါ..ကျွန်တော်မျိုး ရဲ့ သစ္စာကို စောင့်သိတဲ့ ကျွန်မငယ်ပါပဲ.စိုးရိမ်စရာမရှိပါ..တကယ်လို့များ...နေပြည်တော်မှာ မထားချင်ရင်တောင်မှ..ကုန်သည်တော်အဖြစ်နဲ့ ဟံသာဝတီသို့နယ်နှင်ဒဏ်ပေးယောင်ပြပြီး အင်းဝရဲ့ အထောက်တော်အဖြစ် ထားရှိအသုံးချထားနိုင်ပါတယ်”
ဘုရင်က ကိုးသိန်းသခင် ၏ လျှောက်တင်စကားအဆုံးတွင် ခေါင်းကိုညိတ်လိုက်သည်။
“နေဦး...ဟော့...ပန်းပုရုပ်ကို ကြည့်စမ်းကြပါဦး..ဘထွေးတော်နဲ့ အရီးတော်”
သစ်သားရုပ်ထုမှာ အမျိုးသမီးတစ်ဦးဟန်ပေါ်နေသော်လည်း ရေရောရာရာမရှိသေး။
“မှန်ပါ...ရှေးပညာရှင်တို့၏ အနုသုခမ အသွင်ပေါ်လွင်လျက်ပါ”
“အိမ်း...ကိုယ်တော်ထုနေတာ သုံးလေးရက်ရှိပြီ..စိတ်တိုင်းကိုမကျဘူး....ကိုယ်တော်က လူမျိုးခြားချောချောလှလှ တောင့်တောင့်တင်းတင်းအမျိုးသမီးတစ်ဦးရဲ့ အလှကို ထုလုပ်ချင်တာကွဲ့.. တို့များ နန်းတွင်းသူထဲတော့ မြင်မိတာ..ခုန ဗရင်ဂျီမပဲ..သူ့ကို စတွေ့ကတည်းက သူ့ဟန်ပန်ကို ပန်းချီ ပန်းပု အဖြစ် ဖန်တီးလိုစိတ် ကိုယ်တော့်မှာ ဖြစ်မိတယ်”
ကိုးသိန်းသခင် နှင့် လောင်းရှည်မင်းသမီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
“မှန်ပါ”
“အာကာရွှေတောင်သတ်မှုကို ဘထွေးတော် စိတ်တိုင်းကျ စီရင်ဖို့....လွှဲအပ်လိုက်မယ်..ညနေ ကိုပု အင်း ကိုရွှေဖြိုး အခစားဝင်တဲ့အခါကျ.... စာရေးတော်များနဲ့ တခါတည်းရေးပြီး ဘထွေးတော်ဆီ လွှဲပေးပါ့မယ်.. ကျုပ် ပန်းပုရုပ်လေး လှလှပပဖြစ်စေဖို့လည်း ဘထွေးတော်က စီစဥ်ပေးပါဦး..ကဲ..အရီးတော်ရော ကျေနပ်ရဲ့လား”
“မှန်ပါ....သနားတော်မူသည့်အတွက် ခြေတော်မျက်ကို ဦးခိုက်ပါတယ်..အရှင်”
“ကဲ..ဒါဆိုလည်း အရီးတော်က ခေါင်ခေါင်ဆီ သွားအဖော်ပြုလိုက်ပါဦး..ကျုပ်နဲ့ ဘထွေးတော်..နိုင်ငံအရေး စစ်အရေး ဆွေးနွေးစရာတွေရှိတယ်ပ”
...................................................................................................................................................
လွီဇာ လွတ်မြောက်ပြီ။
ကိုးသိန်းသခင်၏ အိမ်တော်မှ ဝေါယာဥ်သည် အင်းဝအနောက်တံခါး လက်မရွံထောင်သို့ ရောက်ရှိလာသည်။
ထောင်ရှေ့တွင် ကြိုတင်စောင့်ဆိုင်းနေသော ကြေးတိုက်ဝန်၊ မြို့ဝန်အသစ် ဦးသာခို တို့ က ဝေါပေါ်မှ ဆင်းလာသည့် လောင်းရှည်မိဖုရားကို လက်အုပ်ချီ ခစားလိုက်ကြသည်။
“သူငယ်မရော”
“သံခြေကျင်းတွေ ဖြုတ်ပြီး အနောက်မှာ ကိုယ်လက်သန့်ရှင်းရေးလုပ်နေပါတယ်”
“အင်း..သွားခေါ်ခဲ့တော့”
ခဏအကြာတွင် လွီဇာ ထွက်လာသည်။ ဝေါယာဥ်ရှေ့တွင် ပျပ်ဝပ်ခစားလိုက်၏။
လနှင့်ချီကာ မလဲလှယ်ခဲ့ရသည့် အဝတ်အစားများက ချေးညော်အထပ်ထပ်။
နေရောင်နည်းသော အကျဥ်းခန်းတွင် နေခဲ့ရသဖြင့် အသားအရည်မှာ ဖြူလျော်လျော်ပိုဖြစ်နေပြီး အာဟာရမပြည့်ဝခြင်းအဖြစ် နှုတ်ခမ်းတို့မှာ ကွဲအက်နေသည်။
“ကဲ..ဝေါပေါ်တက်....မောင်တော် ညည်းကိုတွေ့ဖို့ အိမ်တော်မှာ စောင့်နေတယ်”
လွီဇာမှာ ထိုအခါမှ သူမလွတ်မြောက်ပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
“ကျွန်မ ခြေလျင်ပဲ နောက်ကလိုက်ခဲ့ပါ့မယ်....မမဖုရား”
“နင့် ခြေထောက်တွေက သံခြေကျင်းနဲ့ နေလာရတာ....လာပါ....ဝေါပေါ်တက်ပါ”
မဟာဆီမဟာသွေးအပြည့်ပါသော တော်ဝင်မင်းသမီးကြီးတစ်ဦးက အကျဥ်းထောင်မှထွက်လာ သူကို ဝေါယာဥ်အတူစီးခွင့်ပေးသည်ဆိုသဖြင့် ကြေးတိုက်ဝန်နှင့် မြို့ဝန်တို့မှာ အံသြနေကြသည်။
အနီးအနားတွင် ခစားနေသော ယာယီထောင်မှူးအသစ် ငလှေး သည်ပင် လွီဇာကို အငေးသားကြည့်နေ၏။
“ကျွန်မ သူ့ကို စကားခဏပြောပါရစေ”
လွီဇာက ငလှေးကို လက်ညိုးထိုးပြပြီး လောင်းရှည်မင်းသမီးကြီးထံ ခွင့်တောင်းလိုက်သည်။
လောင်းရှည်မင်းသမီးက ခေါင်းညိတ်ပြလိုက်၏။
ငလှေးက ရှေ့သို့ ဒူးထောက်လျက်က တိုးလာသည်။
လွီဇာက ငလှေးရှေ့တွင် ငုတ်တုပ်ထိုင်လိုက်သည်။
“ငလှေး....ရှင့်ကို ကျွန်မကျေးဇူးတင်ပါတယ်..ကျွန်မ ကူညီနိုင်တာရှိရင် ကူညီပေးပါ့မယ်လို့ ကတိပြုပါတယ်”
ငလှေးက လွီဇာကို အားပါးတရ ပြုံးပြလိုက်သည်။
“မမလေးကျေးဇူးလည်း ကျွန်တော့်မှာရှိပါတယ်..ဇင်းမယ်တံခါးကထွက်ရင် ဧရာဝတီမြစ်ဆိပ်က တံငါတန်းရှိပါတယ်..အဲ့ဒီမှာ ငါးဖမ်းပိုက်ယက်တဲ့ တဲတွေရောက်ရင် မယ်ဖူးတို့ တဲ ဘယ်နားလဲ မေးပါ..ကျွန်တော့်အိမ်သား မယ်ဖူး ရှိပါလိမ့်မယ်..သူ့ကို ဒီအိတ်ကလေး ပေးပေးပါ.ကျွန်တော်က ရာဇဝတ်သားမို့ အဲ့ဒီဘက်တွေ ခြေချခွင့်မရှိပါဘူး”
လွီဇာက ငလှေးလက်ထဲမှ ပုဆိုးကြမ်းစဖြင့် လုပ်ထားသည့် အိတ်ရှုံ့လေးကို ယူလိုက်သည်။
“စိတ်ချပါ..ငလှေး...မောင်ကြီးငတွန်နဲ့ ချစ်မြ ကိုလည်း ကျွန်မ စိတ်ချမယ်”
“စိတ်ချပါ..မမလေး”
လွီဇာက ဝေါယာဥ်ပေါ်လှမ်းတက်လိုက်သည်။
လောင်းရှည်မင်းသမီးကြီးက လွီဇာကို ခြေစွန်းခေါင်းဆုံး ကြည့်လိုက်၏။
“အင်း..တပတ်လောက် သေချာပြုပြင်အားမွေးလိုက်ရင်တော့အရင်က အလှတွေ ပြန်ရလာမှာပါ”
...............................................................................................................
အကျဥ်းထောင်မှလွတ်မြောက်ပြီးသည့်နောက် လွီဇာမှာ ကိုးသိန်းသခင်၏ အိမ်တော်တွင်ပင် ခန်းဆောင်တစ်ခုဖြင့် နေထိုင်ရသည်။
အိမ်တော်အစေခံမလေးများက လွီဇာ၏ တကိုယ်လုံးကို ရေ၊ နွားနို့၊ ပန်းပေါင်းအဆီတို့ဖြင့် အထပ်ထပ်သန့်ရှင်းစေသည်။
အစားအသောက်များ၊ အမွှေးအကြိုင်များဖြင့် လွီဇာ၏ ချွတ်ခြုံခဲ့ရသော အလှတရားများမှာ ပြန်လည်လင်းလက်လာကြသည်။
တပတ်ကျော်ကြာခဲ့ပြီ။
ညစာစားပြီးချိန်တွင် လောင်းရှည်မင်းသမီးကြီးသည် လွီဇာ၏ အခန်းသို့ ရောက်ရှိလာသည်။
သူမနှင့်အတူ ရွှေခြည်ထိုး ကတ္တီပါအင်္ကျီအနီရောင်နှင့် တန်ဖိုးကြီး ပိုးထမီ တစ်စုံပါလာ၏။
“ကဲ....သူငယ်မ..ဒီအဝတ်လဲချည်ကွဲ့”
လွီဇာက မင်းသမီးကြီးပေးသည့် အဝတ်အစားများကို ယူကာ လဲလှယ်ဝတ်ဆင်လိုက်သည်။
မင်းသမီးကြီးနှင့် ပါလာသော အမျိုးသမီးတစ်ဦးက သေချာဝတ်ဆင်ပေး၏။
ထို့နောက် ထိုအမျိုးသမီးကပင် လွီဇာ၏ မျက်နှာအား ဒတ်ချ်ကုန်သည်တို့ ရောင်းချသည့် အမွှေးနံသာ၊ မျက်နှာလိမ်းစရာတို့ဖြင့် ပြုပြင်အလှဆင်ပေးနေသည်။
“မင်းတို့ ဘာကြောင့် အကျဥ်းက လွှတ်ပေးလိုက်သလဲ သိလားကွဲ့”
“မသိပါဘူး..မမဖုရား”
“ငါတို့ လင်မယား ဘုရင့်ခြေရင်းသွားဝပ်တွားပြီး မနည်းတောင်းပန်ခဲ့ရတာပဲ”
“ကျေးဇူးတွေ ဆပ်မကုန်ပါဘူး..မမဖုရား”
“တခုတော့ရှိတယ်...ရွှေနန်းရှင် က ပန်းပုထုတာ ဝါသနာကြီးတယ်..မင်း သူ့ဆီမှာ ပန်းပုထုဖို့အတွက် ကိုယ်ဟန်ပြပေးရမယ်”
“ရှင်”
“ရိုးရိုးထိုင်ပေးရုံပါပဲ..ရွှေနန်းရှင်ကိုယ်တော်က မင်းအလှကို သတိပြုမိပုံပါပဲ..ကံကောင်းရင်တော့ မင်း ကိုယ်လုပ်တော်အဖြစ် ကောက်ခံရလောက်တယ်”
မင်းသမီးကြီးစကားကြောင့် လွီဇာမှာ မျက်လုံးကလေးပင် ပြူးသွားရသည်။
မင်းသမီးကြီးသည် လွီဇာ၏ အနောက်ဘက်တွင် မတ်တပ်လာရပ်ကာ ပုခုံးကို ကိုင်လိုက်သည်။
ကနုတ်ပန်းခက်တို့အတိပြီးသော ကြေးမုံမျက်နှာပြင်တွင် ရွှန်းရွှန်းစားစားလှပနေသည့် လွီဇာ၏ မျက်နှာကို သေချာစိုက်ကြည့်လိုက်ပြီး
“နားနဲ့မနာ..ဖဝါးနဲ့နာ..ငါ့ကို အမှန်လျှောက်တင်စမ်း..မင်းက အပျိုစင်အစစ်လားကွယ်”
“မှန်..မှန်ပါ့”
“အင်း..... မောင်တော်ကိုးသိန်းသခင်က မင်းကို သိမ်းပိုက်ဖို့ ကမ်းလှမ်းသေးဆိုကွယ်”
“မှန်ပါ..ကျွန်တော်မျိုးမ ငြင်းလိုက်ပါတယ်..မမဖုရား”
“ကျေးဇူးတင်ပါတယ်ကွယ်....မင်းငြင်းလိုက်လို့....မိန်းမဆိုတာတော့ကိုယ့်ခင်ပွန်းက ကိုယ့်အပြင် တခြားမိန်းမတစ်ယောက် ဆီ ပျော်မွေ့တာ ဘယ်ကြိုက်ကြပါ့မလဲ...သူ့မှာ နောက်ထပ် သိမ်းပိုက်ထားတဲ့ မယားငယ်က နှစ်ယောက်ရှိသေးတာရယ်....ဒါပေမယ့်..မင်းကိုတော့ သူက အတော်သဘောကျပုံပဲ..သံယောဇဥ်လည်းရှိပုံရပါတယ်”
လွီဇာမှာ စကားအသွားအလာကြောင့် မှန်ရှေ့တွင်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။
“ကျွန်တော်မျိုးမ..ကိုးသိန်းသခင်ကို လေးစားပါတယ်...သူ့ရဲ့ကျေးဇူးတွေကိုလည်း သိတတ်ပါတယ်..သို့ပေမယ့် သူ့ကို မယူနိုင်ပါဘူး..မမဖုရား..ကျွန်တော်မျိုးမမှာ လုပ်စရာအလုပ်တွေ အများကြီးကျန်နေပါသေးတယ်...ဒါကို လက်မခံလို့ ထောင်ထဲ ပြန်ပို့မယ်ဆိုလည်း..အခုညပဲ သွားပါ့မယ်..မမဖုရား”
လွီဇာအသံက အနည်းငယ်တင်းမာနေ၏။
မင်းသမီးကြီးက ပြုံးလိုက်သည်။ ထို့နောက် လွီဇာ၏ ကုပ်ပိုးသား တင်းတင်းလေးများပေါ် သူ့လက်ကို ကိုင်ကာ ဖျစ်ညှစ်လိုက်၏။
“အင်း..ဟုတ်ပါရဲ့..မင်းရဲ့ အဲ့ဒီလို မာနဆူးတောင်တွေကားနေတဲ့ အလှကို သူတို့ ယောက်ျားတွေက စွဲလန်းကြတာပဲဖြစ်မယ် ..လွီဇာ....ဒီလိုပါ..ငါနဲ့ မောင်တော်ဟာ ဘိုးတော်တနင်္ဂနွေမင်းတရားက ပေးစားလို့ ယူခဲ့ကြရတာ..ငါက သူ့ထက် အများကြီးပါတယ်... သူ့ခမြာလည်း ငါ့ကို သစ္စာမပျက်ပါဘူး.. စစ်ရေးစစ်ရာမင်းမှုရေးရာမှာလည်း မပျက်ကွက်ရှာပါဘူး..သူ့မယားငယ်တွေယူထားလည်း ငါခွင့်လွှတ်ပါတယ်..ငါမဖြည့်ဆီးပေးနိုင်တော့တဲ့ သူ့သွေးသားကိစ္စကို ငါနားလည်ပေးတယ်...ဒါပေမယ့်..မင်းအပေါ်ကိုတော့ သူ အတော် စိတ်ရှိတယ်..ရှင်ဘုရင်ဆီ ရောက်သွားတဲ့အခါ မင်းက ဘာမဆိုဖြစ်သွားနိုင်တယ်တဲ့..သူနှမြောတသသံကို ငါကြားတယ်.... ငါသူ့ကို ချစ်တယ်..လွီဇာ...သူ့ကို စိတ်ချမ်းသာစေချင်တယ်”
“မမဖုရားမိန့်တာတွေ ကျွန်တော်မ နားမလည်ဘူး..ဘုရား..ရှင်းရှင်းလင်းလင်းမိန့်ပါ”
“ဘုရင့်ဆီ မဝင်ခင် မင်းရဲ့ အပျိုစင်ဘဝကို မောင်ဘုရားထဲ အပ်နှံခဲ့ပါ...ဒါ မင်းသူ့ကို ကျေးဇူးဆပ်ခြင်းပဲ”
“ရှင်”
“မင်းတင် မကဘူး...ဟိုးလက်မရွံထောင်ထဲက သူငယ်နှစ်ယောက်ရဲ့ အသက်ဘေးကိုလည်း မောင်တော်က ကယ်တင်ပေးနိုင်ပါတယ်..အခုသူ့မှာ အဲ့ဒီအခွင့်အာဏာရခဲ့ပြီ..ဒါတွေပြီးရင် မင်းကို ဟံသာဝတီမှာ သွားထားပေးမယ်..မင်းရဲ့ အင်းဝက စည်းစိမ်တွေကိုလည်း မပျောက်ပျက်အောင် ငါတို့ စောင့်ရှောက်ပေးမှာပါ”
လွီဇာမှာ ဆွံအ မှင်သက်နေသည်။
ကွမ်းများပလုပ်ပလောင်းဝါးနေသည့် ကိုးသိန်းသခင်၏ မျက်နှာကို မြင်ယောင်သည်။
“လွီဇာ့ ကို မထိကြနဲ့” ငတွန်၏ အသံ။ ငတွန်၏ ရင်ဘတ်ဆီမှ ရတတ်သည့် ထန်းရေနံ့နှင့် ချွေးနံ့များ။
မြင်းကို ဒုံးစိုင်းလိုက်တိုင်း တအိအိယိမ်းနွဲ့နေသည့် ငတွန်၏ သျှောင်တုံးခွေခွေလေးများ။
ချစ်မြ ၏ ရိုးသားသောအပြုံး။ တိုးလျှိုးသောအကြည့်များ။
လောင်းရှည်မင်းသမီးကြီး၏ မဟာဆန်ဆန်သော နဖူးကျယ်ကျယ်အောက်မှ သူမကို ကြည့်နေသည့် မျက်ခုံးတွန့်တွန့်များ။
“တညတည်းပါပဲ..လွီဇာ”
................................................................................................................................
ဆောင်တော်ကူးပန်းရနံ့သည် ည၏ အတွင်းသားထဲ လှိုက်လှိုက်လှဲလှဲ ဝင်လာသည်။
သို့သော် လွီဇာ၏ အနံ့ခံအာရုံတွင်တော့ ကွမ်း၊ ရှားစေး၊ ထုံး တို့နှင့် ချွေနံ့တို့ ရောပြွန်းထားသည့် ရနံ့များသာ တလှပ်လှပ်။
လွီဇာက သူမ၏ နှုတ်ခမ်းဖူးဖူးလေးများ ပတ်လည်တွင် ပေကျန်ရစ်သော ကွမ်းရှားဆေးအချို့ကို ဘေးနားမှ ဖဲအိပ်ရာခင်းစဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။
ထို့နောက်...သူ့မ၏ ခန္ဓာကိုယ်ပေါ်တွင် ဖိစီးငြိမ်သက်နေသာ နောက်ထပ်ကိုယ်ခန္ဓာကြီးတစ်ခုကို တွန်းဖယ်လိုက်၏။
"ကျွန်မ ကို ရေချိုးခွင့်ပေးပါတော့”
ခက်ဇော်
(ဟောင်းနွမ်းတဲ့အဆောက်အအုံတွေ ဖြိုဖျက်ပစ်ကြ၊ ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ကြ - သွေးမုန်တိုင်း)
Done🐬
ReplyDeleteDone 🤍
ReplyDeleteDone 💪
ReplyDeleteဖတ်ပြီးသားပါ။ လှူချင်လို့ ဝင်ဖတ်သွားပါတယ်။
ReplyDelete