AVA 1740s (အခန်း ၂၃)
AVA 1740s
အခန်း(၂၃)
...............................................
လွီဇာ၏ ခေါ်သံကြောင့်...ငတွန်က မြင်းကို ဇက်ကြိုးဆွဲက ရပ်လိုက်၏။
လွီဇာက ငတွန် ရှိရာသို့ လျှောက်သွားသည်။
“ကျုပ်ကို ခွင့်လွှတ်ပါ...လွီဇာ”
ငတွန်၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည်။ အသက်ရှုသံများ မြန်နေသည်။
“မောင်ကြီး ကို ကျွန်မက ဘာမခွင့်လွှတ်စရာရှိလဲရှင်..မောင်ကြီး ကို ဘယ်တော့မှ အပြစ်မမြင်ပါဘူး”
“ကျုပ်....ရှင်မိငယ် နဲ့ တွေ့ပြီးခဲ့ပြီ”
ငတွန့်အသံက ဟိုးအဝေးကြီးဆီမှ ပျံ့လွင့်လာသလို လွီဇာ ခံစားလိုက်ရ၏။
ငတွန်က မြင်းပေါ်မှ ခုန်ဆင်းလာပြီ လွီဇာရှေ့တွင် ရပ်လိုက်သည်။
“ကျုပ် မှာ အာဏာမရှိဘူး။ ပစ္စည်းဥစ္စာမရှိဘူး။ ကျုပ်က တပါးကျွန်။ ဒီလိုဘဝမှာ မင်းလို လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ကို ကျုပ် ချစ်ခွင့်မပန်ရဲခဲ့ဘူး။ မင်းကတော့ ကျုပ်အတွက်နဲ့ ဒီမင်းစိုးရာဇာတွေဆီမှာ စတေးခဲ့တယ်။ ကျုပ် အရမ်းရှက်တယ်..လွီဇာ။ ကျုပ်ကို ခွင့်လွှတ်ပါ..ကျုပ်ကို ခွင့်လွှတ်ပါ..ကျုပ်ကို..ကျုပ်”
ငတွန်၏ အသံက တိမ်ဝင်သွားသည်။
လွီဇာက ကြွက်သားအမြောင်းများထနေသော ငတွန်၏ လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
“ရှင် ဝမ်းမနည်းရဘူးနော်..မောင်ကြီး...ကျွန်မအတွက် ဝမ်းမနည်းရဘူး...”
ငတွန်က အံကို တင်းတင်းကြိတ်ပြီး လွီဇာ၏ မျက်နှာကို ငေးကြည့်နေသည်။
“ကျုပ် ခင်ဗျားကို လက်ထက်မယ်..လွီဇာ”
ငတွန်၏ လက်တစ်ဖက်က လွီဇာ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
လွီဇာက ခေါင်းခါလိုက်၏။
“ကျွန်မက အပျိုမဟုတ်တော့ဘူးနော်”
“ဒါပေမယ့်..ခင်ဗျားက လွီဇာလေ”
လွီဇာက ပြုံးလိုက်သည်။
“မဖြစ်နိုင်ဘူး..မောင်ကြီး..ကျွန်မ မှာ လုပ်စရာတွေအများကြီးရှိသေးတယ်...အဲ့ဒါတွေပြီးရင်လည်း ကျွန်မ ဒီမြေက ထွက်သွားတော့မှာ....ကျွန်မ ဟော့ဒီ အင်းဝမြို့ကြီးကို မုန်းတယ်”
“ကျုပ် ဘာလုပ်ပေးရမလဲ..ဒီမြို့ကို မီးတိုက်ပေးရမလား”
“ဟင်အင်း...ကျွန်မကိုချစ်ရင်.ရှင် ဒီမြို့ကနေ ထွက်သွားပေးပါ....ဒီမြို့ကလူတွေဟာ အရာရာပျက်စီးနေကြပြီ..အဲ့ဒီအထဲ ကျွန်မရဲ့ ငတွန်ကို မပါစေချင်ဘူး....ကျွန်မလည်း ဟံသာဝတီကို ထွက်သွားတော့မယ်..ပြီးရင် ကျွန်မဘိုးဘွားတွေရဲ့ ဇာတိမြေ ပေါ်တူဂီကို ကျွန်မရအောင်ပြန်တော့မယ်..ကျွန်မကို ချစ်ရင် ဒီမြို့မှာ ရှင်မနေပါနဲ့တော့..ကံမကုန်ရင် ကျွန်မတို့ ပြန်ဆုံကြမယ်”
ငတွန်က စကားတစ်ခွန်းမှ မပြောပဲ လွီဇာ၏ မျက်ဝန်းနက်နက်လေးများကို ငေးနေသည်။
ထို့နောက် မြင်းပေါ်သို့ လွှားခနဲ ခုန်တက်ကာ ထွက်ခွာသွားတော့၏။
လွီဇာကား ငတွန်၏ ကျောပြင်ကို ငေးလျက်။
ဘုရားကျောင်းတံခါးဝတွင် ရပ်နေသော ပက်ဒရို က သူတို့နှစ်ဦး ကို ကြည့်ကာ ပြုံးလိုက်သည်။
...............................................................................................................................
အင်းဝ ၏ ဧရာဝတီမြစ်ကမ်းဘေး ဆင်းရဲသားရပ်ကွက်သည် ရှုပ်ထွေးဆူညံလွန်းလှသည်။
လူခေါ်နေသော ကူးတို့သမားများ၊ ခဝါသည်တို့၏ အဝတ်များကို ထုရိုက်သံ၊ ငါးဖမ်းပိုက်ရောင်းဝယ်နေကြသူများ အကြားမှ လွီဇာတစ်ယောက် တိုးဝှေ့လာခဲ့ရ၏။
ပုဆိုးတထည်ကို အဝတ်လျှော်တုတ်ဖြင့် ထုနေသည့် အဘွားအိုတစ်ဦးဆီသို့ လွီဇာ ဦးတည်လိုက်သည်။
“တို့အရီး....ငါးဖမ်းပိုက်ဖာတဲ့ မယ်ဖူး တို့ အိမ်က ဘယ်နားလဲ”
“မယ်ဖူး....မယ်ဖူး...ဟို..နွားခိုးမှုနဲ့ ဖမ်းခံရတဲ့ငလှေး မိန်းမထင်ရဲ့”
“ဟုတ်တယ်..အရီး”
“မိန်းကလေးက သူ့ဆီ ဘာသွားလုပ်မလို့လဲ”
“သူ့ယောက်ျားက လူကြုံအမှာပါးခိုင်းလိုက်လို့ပါ”
အဘွားအိုက လွီဇာ၏ ဝတ်စားလာပုံကို သေချာအကဲခတ်လိုက်သည်။
“မိန်းကလေးက ဗရင်ဂျီမျိုးကောင်းရိုးကောင်းထဲကပဲ ထင်ရဲ့..နန်းတွင်းသူလားတောင်ထင်ရပ”
“ကျွန်မ သာမန်ကုန်သည်ပါ..အရီး”
“အင်း..ဟိုးက မြင်နေရတဲ့ တဲက...မယ်ဖူးတဲပေါ့.. သိပ်အရေးမကြီးရင်လည်း အခု မသွားပါနဲ့ဦးလား..အချိန်ခဏလေးစောင့်ပေါ့”
“ဘာဖြစ်လို့လဲ..အရီးရဲ့”
အဘွားအိုက သက်ပြင်းချလိုက်သည်။
“သူ့အိမ်ရှေ့မှာ ဂဠုန်လက်သည်းပင် စိုက်လိုက်တာ ကြာပြီ..မိန်းကလေး”
“ရှင်”
“ခုနပဲ...လယ်ကိုင်းဝန်ရုံးက မင်းစေလုလင်ဆိုလား...သူ့တဲဆီ ဝင်သွားတယ်”
“ဒါဆို...သူ..သူ”
“ဟုတ်တယ်လင်သား က မင်းဒဏ်သင့်ပြီးမကြာဘူး...စစ်ဆေးစရာရှိတယ်ဆိုပြီး မြို့စာရေးတွေလာလိုက်၊ မြို့ဝန်အမှုထမ်းတွေက လာလိုက်ပဲ..မိန်းကလေးတစ်ယောက်တည်းဆိုတော့ မင်းမှုထမ်းများကိုလည်း ကြောက်ရရှာတာကိုး..သူတို့ အလိုကို လိုက်ရတယ်ထင်ပ.အရီးတို့လည်း မျက်စိရှေ့မြင်နေကြားနေရပေမယ့်..ဘာမှမတတ်နိုင်ဘူး..ကိုယ်တွေက မင်းမှုမင်းစေမြင်ရင် ဘုရားထူးရတဲ့ အတန်းအစားမဟုတ်လားကွဲ့. ...လင်သားမရှိတဲ့ဘဝမှာ သူဘယ်လိုရပ်တည်နိုင်မတဲ့လဲ..မိန်းကလေးက ငယ်ကလည်းငယ်သေး..ဘာမှလည်းမလုပ်တတ်မကိုင်တတ်.. သူ့ဇာတိရွာတွေဘာတွေမှာလည်း ဆွေမျိုးက မရှိဘူးထင်ရဲ့.. ဒီတော့ ဟိုလူတွေ သူတို့အလိုပြည့်ပြီးရင် ပေးသွားတဲ့ ငွေစကြေးစလေးနဲ့ ရပ်တည်နေရတယ်ထင်ပ......ဒါနဲ..သူလည်း ဒီဘဝရောက်တာပါပဲ”
လွီဇာက သူ့လက်ထဲမှ ရွှေတုံးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
မလှမ်းမကမ်းဆီမှ တဖက်ယက် တဲကလေးကို စူးစူးစိုက်စိုက်ကြည့်နေ၏။
အိမ်ရှေ့ရှိ သစ်သားစင်ပေါ်မှ စုတ်ပြဲနေသည့် ငါးဖမ်းပိုက်အဟောင်းလေးက လေတွင် တလူလူလွင့်နေသည်။
“နွားခိုး” ဆိုသည့် ငလှေး၏ ပါးပြင်မှစာသားကြီးကို လွီဇာ ဖြတ်ခနဲ သတိရလိုက်မိသည်။
“အရီး...အရီးလက်ထဲက တုတ် ခဏငှားပါလား”
အဘွားအိုက လွီဇာကို တအံတသြကြည့်ကာ...သူ့လက်ထဲမှ အဝတ်များကိုထုဖွတ်သည့် သစ်သားတုတ်ကို ပေးလိုက်သည်။
လွီဇာက တစ်ဖက်မှ ရွှေတုံးကလေးကို ဆုပ်ရင်း..တစ်ဖက်မှ အဝတ်လျှောက်တုတ်ကို ကိုင်ကာ တဲကလေးဆီသို့ ထွက်သွား၏။
တဲကလေးတွင် တံခါးမရှိပေ။
အဝင်အဝတွင် တကျွန်းပုဆိုးအဖြူကို ကာရံထားသည်။
လွီဇာက ပုဆိုးကို စောင့်ဆွဲကာ ဖြတ်လိုက်၏။
ရုတ်တရက်ဝင်လာသော လွီဇာကြောင့် လုပ်ငန်းစရန်ပြင်ဆင်နေသော ပုဂ္ဂိုလ်မှာ ကုန်းကုန်းကွကွဖြစ်သွားသည်။
သူ့လက်ထဲတွင်လည်း မယ်ဖူး၏ ဗလာထမီအနွမ်းကလေးကို ကိုင်လျက်။
မယ်ဖူး၏ အရှေ့အလယ်ပိုင်းတခွင်သည် မုတ်သုန်သစ်တောတစ်ခုလို နက်စိုနေ၏။
လွီဇာက တကျွန်းပုဆိုးကို မယ်ဖူးထံ ပစ်ပေးလိုက်၏။
“ဘာလုပ်တာလဲ..အဲ့ဒါ ငါ့ပုဆိုး”
မင်းစေလုလင်က အော်ကာ လွီဇာရှေ့သို့ ရောက်လာသည်။
“ခွပ်..ခွပ်..ခွပ်”
လွီဇာ၏ တုတ်ချက်များက မင်းစေလုလင်၏ ခေါင်းပေါ်သို့ ဆက်တိုက်ကျလာသည်။
သွေးများ ဖျာခနဲကျလာ၏။
“အ..အား..ဘာလုပ်တာလဲ..ဘာလုပ်တာလဲ”
မယ်ဖူးက စုတ်ပြတ်နေသော ဝါးနံရံလေး ဘေးတွင် ကပ်ကာ မင်းစေလုလင်၏ ပုဆိုးဖြင့် သူမ၏ အရှက်ကို လုံအောင်ဖုံးနေသည်။
လွီဇာက မယ်ဖူးလက်ထဲသို့ ရွှေတုံးကလေးကို သွားထည့်လိုက်သည်။
ထို့နောက် ညည်းညူနေသော မင်းစေလုလင် ၏ သျှောင်ကို ဘယ်ဘက်လက်ဖြင့် ဆွဲကာ ခေါင်းကို ဆက်ကာ ဆက်ကာ ရိုက်နေတော့သည်။
“သခင်မ..တော်ပါတော့..တော်ပါတော့”
မယ်ဖူးက ကြောက်လန့်တကြားဖြင့် အော်သည်။ မင်းစေလုလင်ကလည်း သခင်မဟူသော အသံကို ကြားသဖြင့် လန့်ဖြန်သွား၏။
သူ့လက်ထဲတွင်ရှိသော မယ်ဖူး၏ ထမီတပတ်နွမ်းလေးကို ခါးတွင်ပတ်ကာ တဲအပြင်သို့ ပြေးထွက်သွားတော့သည်။
သွေးများရွှဲလျက်၊ ထမီကို ခါးတွင်ပတ်ကာ ပြေးလာသော မင်းစေလုလင်ကို ခဝါသည်အဘွားက တအံတသြငေးကြည့်နေသည်။
“သခင်မ..ကျွန်မကို ခွင့်လွှတ်ပါ..သခင်မ ယောက်ျားမှန်းမသိလို့ပါ..ဘုရား..ပြီးတော့..သူတို့က သူတို့ဟာသူတို့ ရောက်လာကြတာပါ..ကျွန်မလည်း ကြောက်လွန်းလို့ပါ”
မယ်ဖူးက လက်အုပ်လေးချီကာ အကြောက်အကန်ရှိခိုးတောင်းပန်သေည်။
လွီဇာ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွား၏။
“မမကို မကြောက်ပါနဲ့...မမ.. ညည်းကို ကယ်ဖို့လာတာပါ..မယ်ဖူး”
လွီဇာက မယ်ဖူးအနီးသို့ သွားကာ သူမရင်ခွင်ထဲသို့ ဆွဲသွင်းထားလိုက်၏။
“သခင်မ က သူ့ မယားမဟုတ်ဘူးလား”
လွီဇာက တံထွေးကို ထွီခနဲ နေအောင် ထွေးလိုက်သည်။
“မဟုတ်ဘူး..မမက ညည်းဆီ လာတာ...”
“ရှင်..ကျွန်မဆီ”
ထိုအခါမှ မယ်ဖူးက သူ့လက်ထဲမှ ရွှေတုံးလေးကို သတိထားမိသွားသည်။
လွီဇာထံသို့ ပြန်ထိုးပေး၏။
“အဲ့ဒါ..မမဟာ မဟုတ်ဘူး....မယ်ဖူး ပစ္စည်း”
“ရှင်”
“ဟုတ်တယ်...ငလှေးက မယ်ဖူးအတွက် လက်ဆောင်ပါးလိုက်တာ”
“ကိုရင်လှေး..က.....ကျွန်မအတွက်...”
လွီဇာက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
“သူ..သူ့ကို သခင်မတွေ့ခဲ့လား..တွေ့ခဲ့လားဟင်..သူအသက်ရှင်နေပါသေးတယ်နော်.. သူနေကောင်းတယ်မဟုတ်လား”
လွီဇာက မယ်ဖူး၏ ရှုပ်ပွနေသော ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်။
“သူ မသေပါဘူး..သူနေကောင်းပါတယ်”
မယ်ဖူးက စိတ်လှုပ်ရှားလွန်းသဖြင့် တကိုယ်လုံးတုန်ရီနေသည်။
“မင်း နားတောင်းလုပ်ဖို့အတွက်တဲ့..ဒီရွှေစလေးကို သူ ပေးလိုက်တာ”
မယ်ဖူးက မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင်ငင် ကိုချလိုက်သည်။
“ကျွန်မ ဒါတွေ မလိုချင်ပါဘူး...သူ့ကိုပဲ လိုချင်တာပါ..သခင်မ..ကျွန်မ သူ့ကို ရွှေနားတောင်းပန်ချင်တယ်လို့ ပြောခဲ့မိတာ..မှားပါတယ်...ကျွန်မ ကိုရင်လှေးကို ပဲ ပြန်လိုချင်တာပါ.. ကိုရင်လှေးမရှိတော့ သူတို့ ကျွန်မကို..အီး..ဟီး..ဟီး”
လွီဇာက မယ်ဖူးကို ကြည့်ကာ မျက်ရည်များပင် ဝိုင်းလာသည်။ သို့သော် အံကိုတင်းတင်းကြိတ်ထား၏။
“သူ့ကို တွေ့ဖို့တော့ မလွယ်ဘူး...ညီမလေး...သူက အခု အကျဥ်းထောင်မှာ အာဏာပါးကွက်သားဖြစ်နေပြီ”
“ကျွန်မ သူ့ကို သွားတွေ့လို့ရလားဟင်...တွေ့လို့ရလား”
“မတွေ့ချင်ပါနဲ့...သူ့ကို တွေ့ရင် မင်းထိခိုက် ခံစားရလိမ့်မယ်”
“ကျွန်မ ဘာဆက်လုပ်ရမလဲ...ကိုရင်လှေး မရှိရင် ကျွန်မဆီ သူတို့ လာနေကြဦးမှာ...ကျွန်မလည်း ဒီမြို့ကြီးမှာ အားကိုးရာလူမရှိဘူး..သခင်မ”
“မင်း ဒီမှာ ဆက်နေလို့ မရဘူး...ငါနဲ့ လိုက်ခဲ့မလား”
“ရှင်..သခင်မနဲ့”
“ငါ ဘာ သခင်မ မှ မဟုတ်ဘူး..မယ်ဖူး....ငါ့ကို အဲ့ဒီလိုချည်းမခေါ်နဲ့...ငါ့နာမည်လွီဇာ..ငါက ဗရင်ဂျီလူမျိုး၊ သာမန်ကုန်သည်တစ်ယောက်ပဲ....နောက်နှစ်ရက်နေရင် ဟံသာဝတီကို ငါသွားတော့မှာ..မင်း ငါ နဲ့ လိုက်ခဲ့မလား”
“ကျွန်မ မမ ဆီမှာ အစေခံ အဖြစ်နဲ့ လိုက်ခဲ့ပါ့မယ်...မမခိုင်းတာ အကုန်လုပ်ပါ့မယ်”
“မဟုတ်ဘူး..မင်းက အစေခံမဟုတ်ဘူး... ငါ့ညီမလေးပဲ..မယ်ဖူး..လာ..သွားစို့..ခဏနေ ဟိုအကောင်တွေ ပြန်ရောက်လာနေကြမယ်”
တဲအိမ်ကလေးထဲမှ သူတို့ ထွက်လာကြသည်။
လွီဇာနှင့် အတူ ယောက်ျားဝတ်ပုဆိုးကြီး ဝတ်လာသော မယ်ဖူးကို ခဝါသည်အဘွားအိုက မျက်စိတစ်ဆုံး လိုက်ငေးနေသည်။
..................................................................................................................................
လွီဇာ၏ အိမ်ရှေ့တွင် လှည်းငါးစီး အဆင်သင့်ဖြစ်နေပေပြီ။
ကိုးသိန်းသခင်က သူ၏တပ်မှ တပ်စိတ်တစ်စိတ်နှင့် ရိက္ခာအပြည့်အစုံကို လွီဇာ၏ လုံခြုံရေးအတွက် ထည့်ပေးလိုက်မည်ဖြစ်သည်။
မကြာသေးမီးကပင် အချုပ်အနှောင်မှလွတ်လာပြီး နန်းတွင်းတွင် ပြန်လည်နေထိုင်ခွင့်ရသည့် ပုပ္ပါးမိဖုရားကြီး နီလာခမ်း ကလည်း လွီဇာ၏ အဝတ်အထည်များနှင့် ပစ္စည်းများထည့်ရန် ပူတာ ဟု ခေါ်သည့် ပန်းနွယ်ပန်းခတ်များထွင်းထားသည့် ကျွန်းသေတ္တာကြီးများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
အလံတလူလူ ၊ လက်နက်ကိုယ်စီဖြင့် ရောက်နေကြသော အင်းဝရဲမက်များကို မယ်ဖူးက တအံတသြဖြင့် ကြည့်နေသည်။
ရှင်မိငယ် သည် ပြောင်းဖူးတောင်းကြီးမနိုင်မနင်းဖြင့် ရောက်လာ၏။
“မမလွီဇာတို့..လမ်းမှာစားဖို့..ရှမ်းပြောင်းဖူးတွေ...တညလုံးပြုတ်လာပေးတာ”
“မမသွားတော့မယ်...မိငယ်...ဒီမြို့ကြီးမှာ သေချာဂရုစိုက်နေထိုင်ပါ”
လွီဇာအသံက တိုးလျလျ။ မျက်လုံးများက လမ်းတစ်ဖက်ဆီသို့ တချက်တချက် ငေးမောနေသည်။
ရှင်မိငယ်က လွီဇာလက်ထဲသို့.. အင်းချပ်ဖြင့် လိပ်ထားသည့် အဝါရောင်ပိုးကြိုးကလေးကို ပေးလိုက်သည်။
“ဒါက ဘာလဲ မိငယ်”
“ကိုတွန် က မမလွီဇာအတွက်ပေးသွားခဲ့တာ...သူ့အမြဲတမ်း လက်မောင်းမှာပတ်တဲ့ အဆောင်လေးတဲ့..သေနတ်မီးပေါက်ပြီးတယ်..အန္တရာယ်ကင်းဘေးရှင်းတယ်တဲ့”
“ဘယ်တုန်းက တွေ့တာလဲ...မိငယ်..သူရော..သူရော...အခုဘယ်မှာလဲဟင်”
“သူ...အင်းဝက ထွက်သွားပြီ..မမလွီဇာ....ပွဲကျောင်းတုန်းက သူ့ဆရာဖြစ်ခဲ့တဲ့ ဘုန်းကြီးနဲ့အတူ ရှမ်းပြည်ဘက်ကို အတူလိုက်သွားပြီ”
လွီဇာက လှည်းယာဥ်၏ ပွတ်လုံးတိုင်ကို ကိုင်လျက် ငိုင်သွား၏။
“သူက ဟော့ဒီအင်းဝရဲ့ ရှားရှားပါးပါးယောက်ျားကောင်းတွေထဲက တစ်ယောက်ပါ”
လွီဇာက ငတွန်ပေးခဲ့သည့် အဆောင်လက်ဖွဲ့ကြိုးကလေးကို သူမလက်မောင်းတွင် ပတ်ချည်ရန် ပြင်လိုက်သည်။
ဘေးနားတွင်ထိုင်နေသော မယ်ဖူးက ကူညီချည်နှောင်ပေးလိုက်၏။
“အဆင့်သင့်ဖြစ်ရင် ထွက်ကြမယ်ဟေ့”
ရှေးဆုံး မြင်းပေါ်ရှိ အကြပ်ကြီး၏ အသံက ဟိန်းထွက်လာသည်။
လွီဇာသည် အင်းဝမြို့ကြီးကို တချက်မျှ ငေးပြီးသည့်နောက် လှည်းယာဥ်ပေါင်းမိုးမှ တင်းတိမ်စကို ချလိုက်တော့သည်။
.......................................................................................................................
တိမ်လိုလို မြူလိုလို မီးခိုအငွေ့များ။
မွှေးရနံ့ ပြင်းရှရှ တစ်ခုကိုလည်း ခံစားရသည်။
“ငါ သေသွားပြီလား....ဒါ တမလွန်လား”
နားလဲက အသိစိတ်တို့ကို ထိမ်းချုပ်လိုက်သည်။
ထို့နောက် မျက်လုံးကို ဖြည်းဖြည်းချင်း အားယူဖွင့်ကြည့်လိုက်၏။
မျက်လုံးရှေ့တွင် မီးခိုးတန်းမျှင်မျှင်များ။
သူ အသက်ကို အားပြင်းပြင်းရှုသွင်းလိုက်သည်။
“အဟွတ်..အဟွတ်...အဟွတ်”
အခိုးအငွေ့များကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးသွား၏။
“မင်း သတိရလာပြီလား”
ဗမာစကားသံ ဝဲဝဲတစ်ခု။
နားလဲ က အသံလာရာဆီသို့ ကြည့်လိုက်သည်။
သူ့ဘေးတွင် ထိုင်နေသော လူတစ်ယောက်။
ကတုံးပြောင်ပြောင်က စိမ်းနေသည်။ ပါးပြင်ပေါ်မှ မုတ်ဆိတ်၊ကြင်စွယ်တို့ကလည်း လောလောလတ်လတ်ရိပ်ထားသည့်အလား စိမ်းလဲ့နေ၏။
တောက်ပြောင်စူးရှသည့် ထိုလူအစိမ်းကြီး၏ မျက်ဝန်းများက နားလဲကို စိုက်ကြည့်နေသည်။
နားလဲက ရုတ်တရက် ထိုသူ၏ မျက်နှာကို ခြေထောက်ဖြင့် ကန်ထည့်လိုက်၏။
ထင်မှတ်မထားသောကန်ချက်ဖြစ်သဖြင့် နောက်သို့ ယိုင်လဲကျသွားသည်။
နားလဲက အားဖြင့် ကုန်းထလိုက်သည်။
သို့သော်....သူ့ခြေထောက်ဆီမှ နာကြင်သည့်ဒဏ်ကြောင့် ဟန်ချက်ပျက်ကာ လဲကျသွား၏။
“သခင်လေး...သခင်လေး..ဘာဖြစ်တာလဲ”
ဓါးရှည်များ ကိုင်ထားသည့် အရပ်မြင့်မြင့်လူကြီးနှစ်ဦးက တဲပေါ်သို့ ခုန်တက်လာပြီး နားလဲကို ဓါးများဖြင့် ရွယ်လိုက်ကြသည်။
လူစိမ်းက နားလဲ နားမလည်နိုင်သည့် ဘာသာစကားဖြင့် သူ့လူနှစ်ဦးကို ပြောပြပြီး မောင်းထုတ်လိုက်သည်။
“မင်း..ခြေထောက်က အနာက တော်တော်အခြေအနေဆိုးတယ်...ဒါပေမယ့်..နောက်နှစ်ရက်နေရင် ပျောက်သွားမှာပါ...ငါတို့ ရိုးရာဆေးပညာက စွမ်းပါတယ်”
ထိုသူက လဲကျနေသည့် နားလဲကို လက်မောင်းမှ မထူကာ အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။
“ရှင်ဘယ်သူလဲ”
လူအစိမ်းက ပြုံးလိုက်၏။
“မင်း ဘယ်သူလဲ ငါက အရင်မေးရမှာ.... မင်းက ငါတို့ ခိုနေတဲ့ ကျွန်းပေါ်ကို လှေတစ်စီးနဲ့ ရောက်လာတာလေ”
“ဒါက ဘယ်နေရာလဲ...ကျွန်မရောက်နေတာ ဘယ်နေရာလဲ”
“ဧရာဝတီမြစ်ထဲက မြေနုကျွန်းတစ်ခုပဲ....တဖက်ကမ်းကူးသွားရင်..မင်းကွန်းပဲ”
“ကျွန်မ လှေရော”
“မင်းလှေ ငါတို့ သိမ်းထားပေးပါတယ်”
“မင်းက အင်းဝက လာတာလား”
နားလဲက လူစိမ်းကို မသင်္ကာသကဲ့သို့ ကြည့်လိုက်သည်။
ငလှေး၏ ကူညီမှုကြောင့် နားလဲသည် သင်းချိုင်းမှ ခြေဦးတည်ရာ ပြေးလာခဲ့သည်။ ညမှောင်မှောင်တွင် ကင်းလှည့်စစ်သားများကို ရှောင်ရှားကာ အင်းဝမြစ်ဆိပ်သို့ ရောက်သွား၏။
အင်းဝမြစ်ဆိပ်တွင် ကြိုးချည်ထားသော တံငါလှေတစင်းကို အဆင့်သင့်တွေ့ရသည်။
နားလဲ သည် ဧရာဝတီမြစ်ကြောင်းအတိုင်း မယာဘင်အထိ ဆန်တက်ပြီးမှ မ မတ္တရာ၊အုတ်ဖိုတောင်ခြေသို့ ခြေလျင်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။
ငယ်စဥ်က အကိုဖြစ်သူ ဂုဏ္ဏအိမ်၏ ပွဲကျောင်းများသို့ လိုက်သွားရင် ဧရာဝတီမြစ်ကမ်းဘေးတွင် လှေလှော်သည့်အတတ်ကို နားလဲ အနည်းငယ်ရင်းနှီးခဲ့သည်။
ထို့ကြောင် မှောင်ထဲမဲမဲတွင် ရေဆန်ကို လှော်တက်တစ်ချောင်းဖြင့် သူတက်ခဲ့တော့၏။
နှစ်ရက်တိတိ အစားမစားပဲ ရေဆန်ကို ဖြတ်ပြီးသည့်နောက်။
ထိုညတွင် သူ၏ ခြေထောက်မှ အနာများ တဆစ်ဆစ်ကိုက်ခဲလာသည်။
အာဟာရပျက်သည့်ဒဏ်နှင့် အနာရှိန်တို့ ရောကာ သူမ ခေါင်းများ တဆစ်ဆစ်ကိုက်လာ၏။
နောက်ဆုံးတွင် မှောင်မဲနေသည့် မြစ်ပြင်အလယ်မှာ ကျွန်းတကျွန်းသို့ သူမ၏ လှေကို ဆိုက်ကပ်လိုက်ပြီးနောက် သတိလစ်သွားခဲ့ခြင်းပင်။
“ဟေ့..မေးနေတယ်လေ..မင်း အင်းဝကလာတာလားလို့”
“ရှင်က..အင်းဝဘုရင်စစ်တပ်ကလား”
“ဟား..ငါတို့ပုံစံတွေကို ကြည့်ပါဦး..အင်းဝသား ပုံစံပေါက်နေလို့လား”
“ရှင်တို့ ဘယ်သူတွေလဲ”
“အခုလောလောဆယ် မင်းက ငါတို့လက်ထဲမှာ..မင်းဘယ်သူဆိုတာ သိမှ ငါတို့ က မင်ကို ဘာလုပ်မယ်ဆုံးဖြတ်နိုင်မှာ..မင်းဘယ်သူလဲ ငါတို့ကို ပြောပြပါ..ဒါမှ ငါတို့ဘယ်သူလဲဆိုတာ မင်းသိရမယ်..သေချာတာကတော့ ငါတို့ဟာ အင်းဝသားတွေမဟုတ်ဘူး”
နားလဲက ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်သည်။
ခေါင်းရင်းဘက်တွင်ရှိသော သျှီဗားလင်းကွန်းခေါ် ဟိန္ဒူဘာသာရေးအထိမ်းအမှတ်ကျောက်တုံးနှင့် လော်ပန်အမွှေးနံသာများကို မြင်လိုက်သည်။
“ကျွန်မ....အင်းဝထောင်ကနေ ထွက်ပြေးလာတာ”
“မင်း စကားပြောသံအရ မင်းက ဗမာတော့မဟုတ်ဘူး..ဘာလူမျိုးလဲ”
“မတ္တရာဘက်က လားဟူစီ လူမျိုး..ကွေ့လို့လည်း ကျွန်မတို့ကိုခေါ်တယ်”
“အင်း..မင်းပုံစံနုနုနယ်နယ်လေးနဲ့ အင်းဝဘုရင်ရဲ့ ထောင်ထဲ ဘယ်လိုများရောက်နေတာလဲ”
“ရှင်ဘုရင်ကို ပုန်ကန်မှုပေါ့ရှင်..ဒါကြောင့် ကျွန်မကို သေဒဏ်ပေးလိုက်တာ”
“သြော်..”
“ဘယ်လိုလဲ..ကျွန်မကို အပ်ပြီး..အင်းဝဘုရင်ဆီက ဆုတော်လာဘ်တော်တွေ ယူတော့မှာလား”
လူစိမ်းက ပြုံးလိုက်သည်။
“ငါတို့က မဏိပူရသားတွေ...မကြာခင် အင်းဝကို တိုက်တော့မယ့် ကသည်းတပ်ကြီးအတွက် ရှေ့ပြေးအဖြစ် ဒီကျွန်းမှာ လာခိုနေကြတာပဲ”
နားလဲမှာ လူစိမ်း၏ စကားကြောင့် စိတ်သက်သာရာရသွား၏။
“မင်းက အင်းဝသူလျှိုတော့ မဟုတ်ပါဘူးနော်”
နားလဲက သူ့ခြေထောက်ကို မေးငေါ့ပြလိုက်သည်။
“ဒီ ဒဏ်ရာတွေက ဘယ်သူပေးခဲ့တယ်ရှင်ထင်လဲ..အင်းဝထောင်က ပေးခဲ့တာ”
“အင်း.ခြေထောက်သာနာနေတာ..ခုန ကန်ချက်ကတော့ အတော်ပြင်းတာပဲ... မင်းတို့ နှုတ်ဆက်နည်းကလည်း အဆန်းသားနော်”
လူစိမ်း၏ ပြုံးစစပြောဟန်ကြောင့် နားလဲ အားတုံ့အားနာဖြစ်သွားရ၏။
“...မင်းနှုတ်ဆက်ပုံက ကြမ်းလွန်းတော့ ငါ့လူတွေတောင် ခုန ဓားစွဲပြီး တက်လာကြတာ...သူတို့က သူတို့အရှင့်သားကို လေသံမာမာနဲ့ ထိခံရရင်တောင် ဘယ်သူဖြစ်ဖြစ် သတ်ဖို့ဝန်မလေးဘူး..မင်းကံကောင်းသွားတယ်”
နားလဲက မျက်မှောင်ကြုံ့လိုက်သည်။
“အရှင့်သား..ဟုတ်လား..ရှင်က ဘယ်သူလဲ”
“ငါက မဏိပူရဘုရင် ဂါရစ်နာဝဇ်ရဲ့ သားတော်..ဆန်ဂျေးခူရာလက်ပ ပဲ”
ခက်ဇော်
Done 🤍
ReplyDelete🐬
ReplyDeleteDone 💪
ReplyDeleteကောင်မလေးမုန်းတဲ့ မြို့ကို မီးတိုက်ပေးမယ်ဆိုပဲ ချစ်တတ်လိုက်တာ မမလွီဇာနဲ့ငတွန်တို့ကို ပြန်ဆုံစေချင်တယ်😭
ReplyDeleteဖတ်ပြီးသားပါ။ လှူချင်လို့ ဝင်ဖတ်သွားပါတယ်။
ReplyDelete