AVA 1740s အခန်း(၁၆)

(Unicode) 


AVA 1740s

အခန်း(၁၆)
...............................................
တဖက်ခန်းရှိ အကျဥ်းသာများ၏ ဘုရားရှိခိုးပါဠိရွတ်ဖတ်သံများကြောင့် လွီဇာ နိုးထလာသည်။
ဆေးတံဆေးခိုးအနံ့များ၊ ပုတ်သိုးနေပြီဖြစ်သည့် ကွမ်းတံတွေးနံ့များ၊ အစားအသောက်နံ့များ၊ ကြွက်သေတို့ထံမှ ကျန်ရစ်သည့်သွေးနံ့တို့ လှိုက်လှိုက်ထနေကြသည်။
တဖက်ကမ်းမှ အကျဥ်းသားများ၏ ညီညီညာညာရွတ်ဖတ်သံက တဖြည်းဖြည်း တိတ်ဆိတ်သွား၏။
နားလဲက ခပ်ရေးရေးသာမြင်ရသည့် အလင်းရောင်ကို ငေးကြည့်နေသည်။
“နိုးပြီလား”
“အင်း”
“ခဏနေ လူစစ်ပြီးရင် အပြင်ထွက်ခွင့်ခဏရမယ်..အဲ့ဒီကျရင် ချီးပါ သေးပေါက်ကိစ္စ အကုန် အပြီးလုပ်ရတယ်..မဟုတ်ရင်တော့ ဒီထဲပဲ ပါချနေရရင်.အကုန်နံစော်ကုန်မယ်..အဲ့ဒါလေးတစ်ခုတော့ အကျင့်လုပ်ထားစေချင်တယ် လွီဇာ”
နာလဲ က လွီဇာ့ကို အကျဉ်းထောင်၏ အမူအကျင့်တစ်ခုကို စတင်သင်ကြားပေးတော့သည်။
ခဏအကြာတွင် အဖေကြီးတုတ် နှင့် အဖွဲ့ဝင်လာကြသည်။
အဖေကြီးတုတ်သည် အစိမ်းခံတွင် အနက်ပွင့်များပါသော တန်ဖိုးကြီး ပန်းဆိုင်းအင်္ကျီ နှင့် ဗလာပုဆိုးအသစ်ကို ဝတ်ဆင်ထားသည်။
သူ၏ နက်ကြုတ်သောအသားအရည် ပိန်ပိန်ချောင်ချောင်ခန္ဓာကိုယ်နှင့် မည်သို့မျှ မလိုက်ဖက်။
“ညက ကောင်းကောင်းမှ အိပ်ပျော်ကြပါရဲ့လား...ဟိုဗရင်ဂျီမ အသစ်ကလေးရော..နေလို့ထိုင်လို့ ကောင်းပါစ”
အဖေကြီးတုတ်၏ လေသံက တမင်တကာ ပျော့ပြောင်းအောင်လုပ်ယူထားသည့်နှယ် လွီဇာ ခံစားမိလိုက်သည်။
လွီဇာက မည်သို့မျှ ပြန်မဖြေသဖြင့် အဖေကြီးတုတ်နှင့် ပါးကွက်သားများမှာ အခြားအခန်းများဆီသို့ လှည့်လည်ကာ လူစစ်ဆေးကြသည်။
“ဒီနေ့...ခွေးအိုကြီး ဝတ်ကောင်းစားလှတွေ ဝတ်ထားပုံထောက်တော့ ဒီကြေးတိုက်ကို နန်းတွင်းက တစ်ယောက်ယောက်တော့ လာမယ်ထင်ရဲ့”
နာလဲ က လွီဇာကြားရယုံ ခပ်တိုးတိုးပြောလိုက်သည်။
“ဝါးတန်းကို သေချာဖြုတ်...သူ့ကို မနာစေနဲ့”
ဟိုးတစ်ဖက်ခန်းဆီမှ အသံများ ကြားရ၏။
“မင်းတို့ တွဲစရာမလိုဘူး....ငါ့ဟာငါ မတ်တတ်ရပ်မယ်”
ငတွန်၏ အသံခပ်မာမာကို ကြားလိုက်ရချိန်မှ လွီဇာမှာ သက်ပြင်းချနိုင်တော့သည်။
ခဏအကြာတွင် အခန်းရှေ့မှ ငတွန်နှင့် ချစ်မြ ကို ဆွဲခေါ်ထုတ်သွားကြ၏။
ငတွန်က လွီဇာ့ ရှိရာသို့ တစ်ချက် ငဲ့ကြည့်ကာ ခေါင်းညိတ်ပြသည်။
ပုဆိုးကို ခပ်တိုတိုဝတ်ထားသဖြင့် ခြေသလုံးညှိ့သကျည်းမှ သွေးများ တတောက်တောက်စီးကျ နေသည်ကို လွီဇာ မြင်လိုက်ရ၏။
ယမန်နေ့ညနေ က ငတွန်အား ဝါးလုံးလျှိုချည်နှောင်ရာတွင်.ပါးကွက်သားများက..ညှိ့သကျည်းများကို တင်းပုတ်နှင့် ဖိလှိမ့်ထားကြခြင်းဖြစ်သည်။
သူတို့အဖေကြီးတုတ် အား မလေးမစားလုပ်မှုကြောင့် ငတွန်ကို ဒဏ်ပေးခဲ့ကြခြင်းပင်။
ချစ်မြ က လွီဇာ့ကို စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်နေသည်။
လွီဇာက ငတွန့်ထံမှ အကြည့်ကိုလွှဲပြီး ချစ်မြကို ပြုံးပြလိုက်၏။
ချစ်မြ အပြုံးက ခပ်ယဲ့ယဲ့။
သူတို့ ထွက်ခွာသွားကြပြီဖြစ်သည်။
မည်သည့်နေရာသို ခေါ်ဆောင်သွားသည်ကို မသိ။
“သူတို့ကို သတ်များ သတ်ပစ်ကြမှာလားဟင်”
နားလဲ က ခေါင်းခါလိုက်သည်။
“စီရင်မယ်ဆို ညနေပဲ စီရင်တယ်...ဟိုခွေးအိုကြီး ခေါင်းမှာ ခေါင်ရမ်းပန်း ပန်မလာသ၍ အသက်အတွက် စိတ်မပူရပါဘူး..မင်းလူတွေကို တရားရုံးခေါ်သွားတာဖြစ်လိမ့်မယ်”
ထိုအခါမှ လွီဇာ သက်ပြင်းချနိုင်တော့သည်။
ငတွန်နှင့် ချစ်မြကို ခေါ်ထုတ်သွားပြီးနောက် ပါးကွက်သားများပြန်ဝင်လာကြပြီး အကျဥ်းသားအားလုံးကို ထိပ်တုံး၊ သံကြိုးများမှ ဖြုတ်ပေးသည်။
ထို့နောက် အားလုံးတန်းစီကာ ထောင်အဆောက်အဦ အပြင်ဘက်ဆီသို့ ခေါ်ထုတ်သွား၏။
နာလဲ က လွီဇာကို ရေတွင်းရှိရာ ဦးဆောင်ခေါ်သွားသည်။ ရေတွင်းကား သစ်သားပြားများဖြင့် ပိတ်ထားပြီး ရေခပ်ရန် ရေတစ်ပုံးစာ အပေါက်လေးသာ ရှိသည်။
“ငတ်ပြတ်တဲ့ဒဏ်၊ နှိပ်စက်တဲ့ဒဏ်မခံစားနိုင်တဲ့ တချို့အကျဥ်းသားတွေက ဒီထဲ ခုန်ချလွန်းလို့လေ..ပျဥ်ပြားပိတ်ထားရတာ”
နာလဲက ပြောပြောဆိုဆိုဖြင့် ရေတစ်ပုံးခတ်လိုက်သည်။ ထို့နောက် ရေတွင်းပတ်လည်တွင် ချထားသော အုန်းမုတ်ခွက်ဖြင့် မျက်နှာသစ်လိုက်သည်။
“ဟိုခြုံတွေနောက်မှာ ချီးပါ၊သေးပေါက် လုပ်လို့ရတယ်”
ပြောပြောဆိုဆိုဖြင့် နာလဲ က ခြုံထဲသို့ ထမီကို မကာ ဝင်သွားတော့၏။
လွီဇာက နာလဲ ကျန်ခဲ့သည့် အုန်းမုတ်ခွက်ဖြင့် ရေတခွက်ခပ်ကာ မျက်နှာကို ဖြန်းလိုက်သည်။
ခဏအကြာတွင် မောင်းတီးသံတချက်ကြားပြီး အားလုံး ထောင်ထဲသို့ ပြန်ဝင်ကြရသည်။
အခန်းအသီးသီးထဲသို့ ဝင်ဝင်ချင်းတွင် သူတို့အား ထိပ်တုံးခတ်ခြင်း၊ သံကြိုးခတ်ခြင်းများ လာမလုပ်ကြသေး။
လွီဇာက သံခြေကျင်းဒဏ်ကြောင့် နာကြင်နေသော ခြေထောက်များကို နှိပ်နယ်နေသည်။
“အခုထိ ခြေကျင်းလာမခတ်ကြသေးပုံထောက်ရင်တော့..ဒီနေ့ အလှူရှင်တွေ လာတယ်ထင်တယ်”
နာလဲ ၏ အသံက မျှော်လင့်ချက်အပြည့်ဖြင့်။
အင်းဝအကျဥ်းထောင်များတွင် အကျဥ်းသားတစ်ဦးချင်းစီအတွက် ဘုရင်က လစဥ် စပါးနှစ်တောင်းနှင့် ငပိတစ်ဆယ်သား ရိက္ခာအဖြစ် ချပေးထားသည်။
သို့သော် ထိုရိက္ခာများမှာ အဖေကြီးတုတ် ထံတွင်သာ ဂိတ်ဆုံးသွားခဲ့သည်။
ထို့ကြောင့် အကျဥ်းသားများမှာ အပြင်မှ ဆွေမျိုးမိတ်ဆွေများ ပို့ဆောင်ပေးသည့် အစားအသောက်များကိုသာ အားထားကြရသည်။
ဆွေမျိုးမိတ်ဆွေမရှိသည့် အကျဥ်းသားများ၊ နန်းတွင်းကို ထိခိုက်စေသည့်ပြစ်မှုကျူးလွန်သည့်အတွက် မည်သူမျှလာရောက္မတွေ့ဆုံရဲသည့် အကျဥ်းသားများမှာမူ ပြင်ပမှာ လာရောက်လှူဒါန်းကျွေးမွေးသည့် စေတနာရှင်များကို အားကိုးကြရသည်။
အဖိတ် ၊ ဥပုသ်နေ့များ၊ လပြည့်၊လကွယ်နေ့များတွင် ပြင်ပမှ အလှူရှင်များက ထမင်းများကို တောင်းဖြင့်ထည့်ကာ ငါးပိများ၊ ဟင်းများဖြင့် လာရောက်ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။
မကြာမီ ထောင်ရှေ့မှ စကားပြောသံများ ကြားရ၏။
“နင်ကတော့ ကံကောင်းတာပဲ..ရောက်ရောက်ချင်းနေပဲ..အလှူရှင်နဲ့ တိုးတယ်”
နာလဲက လွီဇာ့ကို ပြုံးပြီး ပြောလိုက်သည်။
ထိုစဥ် ထောင်တံခါးမကြီး ရုတ်တရက်ပွင့်သွား၏။
အလင်းရောင်က ဖြာခနဲ ကျလာသည်။
ကတ္တီပါခြုံပုဝါ၊ ဖဲကတ္တီပါထမီ နှင့် သားနားစွာဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထောင်လျှောက်လမ်းအတိုင်းဝင်လာသည်ကို တွေ့လိုက်ရသည်။
သူ့ဘေးတွင် ထောင်မှူးအဖေကြီးတုတ်က ကုပ်ချောင်းချောင်းဖြင့် ရိုကျိုးစွာ လိုက်ပါလာ၏။
နောက်တွင် ထမင်းတောင်းထမ်းလာသော လူတစ်ယောက်နှင့် အမျိုးသမီးအချွေအရံနှစ်ဦး ပါလာသည်။
ပါးကွက်သားတစ်ဦးက ငှက်ပျောရွက်များကို ယူလာပြီး အကျဥ်းထောင်အခန်းများရှေ့တွင် လူအရေအတွက်အတိုင်းလိုက်ချလိုက်သည်။
လွီဇာတို့ အခန်းရှေ့တွင်လည်း ငှက်ပျောရွက်နှစ်ရွက်လာချသည်။
“ငါတို့ လွတ်လွတ်လပ်လပ် အလှူလုပ်လို့ ရနိုင်မလား”
အမျိုးသမီးက ဘေးနားတွင်ပါလာသော အဖေကြီးတုတ်ကို လေသံမာမာဖြင့် မေးလိုက်သည်။
“ဒါတော့...မမဖုရား”
“သယ်...နင်လို သဘောက် က ငါ့စကား ငြင်းရဲတယ်ပ”
အမျိုးသမီးအသံက တင်းမာလှသည်။
အဖေကြီးတုတ်မှာ လက်အုပ်ကို ချီ ခေါင်းကိုငုံ့လျက် ခန္ဓာကိုယ်က ပိုကြုံ့ဝင်သွား၏။
အမျိုးသမီး၏ ဘေးတွင်ပါသော အခြွေအရံတစ်ဦးက ငွေစင်တုံးတစ်တုံးကို ကမ်းပေးလိုက်သည်။
“လက်မခံဝံ့ပါဘူး...မမဖုရား”
“ဟဲ့..ငါယူဆို ယူလိုက်စမ်း”
အဖေကြီးတုတ် က ငွေစင်တုံးကို ကမန်းကတမ်း ပုဆိုးခါးပုံစထဲ ထိုးထည့်လိုက်သည်။
“ခွင့်လွှတ်တော်မူပါ..မမဖုရား..ကျွန်တော်မျိုး မှားသွားပါတယ်..အပြစ်မယူပါနဲ့”
အဖေကြီးတုတ်က လေပျော့ကလေးဖြင့် ပြောကာ လက်အုပ်ချီလျက် အပြင်သို့ ပြန်ထွက်သွားသည်။
ထမင်းတောင်းထမ်းလာသော လူက ငှက်ပျောရွက်များပေါ်တွင် ထမင်းများ လိုက်ပုံပေးသည်။ နောက်တစ်ဦးက ယွန်းအစ်ထဲမှ ငါးပိချက် နှင့် ကြက်ဥပြုတ်တစ်လုံးစီ လိုက်ပုံပေး၏။
မမဖုရား ဟု အဖေကြီးတုတ် ခေါ်သော အမျိုးသမီးက လွီဇာတို့ အခန်းရှေ့တွင် ရပ်လိုက်သည်။
“လွီဇာ”
လွီဇာက အမျိုးသမီး၏ မျက်နှာကို သေချာကြည့်လိုက်သည်။ သို့သော် ထောင်တံခါးဝမှ နေရောင်စူးစူးကြောင့် မည်သူမှန်းမသဲကွဲ။
“ငါ လောင်းရှည်မြို့စားမင်းသမီး ပဲ....ညည်း ငါ့အိမ်နောက် အစေခံတဲမှာ တည လာအိပ်တုန်းက ငါ ညည်းကိုတွေ့ဖူးတယ်”
လွီဇာက ၏ မျက်နှာဝင်းလက်သွားသည်။
လောင်းရှည်မြို့စားမင်းသမီး ဒေါ်မင်းအုံ သည် ကိုးသိန်းသခင်မင်းခေါင် ၏ ကတော်ဖြစ်သည်။ တနင်္ဂနွေမင်း၏ အဖေတူ အမေကွဲ အစ်မတော်ဖြစ်ပြီး ကိုးသိန်းသခင်ထက် ဆယ်နှစ်မျှ ကြီးသည်။
လက်ရှိဘုရင် မဟာဓမ္မရာဇာဓိပတိ၏ ကြီးတော် တော်စပ်သဖြင့် သြဇာကြီးမားသည်။
လွီဇာသည် ကိုးသိန်းသခင်မင်းခေါင် ထံ ဝင်ထွက်နေသော်လည်း လောင်းရှည်မြို့စားမင်းသမီးကြီး ဒေါ်မင်းအုံ ကို တခါမျှပင် မဆုံဖူးခဲ့။
ကိုးသိန်းသခင်က လွီဇာကို သူ၏ ငါးခေါင်ဆက်အိမ်၏ ဧည့်ခန်းတွင်သာ တွေ့ဆုံသည်က များ၏။ မင်းသမီးကြီးမှာမူ အိမ်တော်၏ ထိပ်ဆုံးသီးသန့်ဆောင်တွင် ရံရွှေတော်များနှင့် နေထိုင်သည်။
“မောင်တော် က နင်တို့ သတင်းကို ကြားကြားချင်း ငါ့ကို လွှတ်လိုက်တာပဲ....နင်တို့ကို သီးသန့်တွေ့ချင်တယ် ပြောရင်..ရွှေနန်းတော်ဆီ သတင်းက ရောက်သွားမှာ..ဒီတော့ အလှူလုပ်တဲ့ ပုံစံနဲ့ ငါဝင်လာတာ”
“ဟုတ်ကဲ့ပါ..မမဖုရား..ကျွန်တော်မျိုးမ ထက် .... ကျွန်တော်မျိုးမကို ကူညီကြတဲ့ ဟိုနှစ်ယောက်ကိုသာ ကယ်နုတ်ပေးပါလို့ ကိုးသိန်းသခင်ကို လျှောက်တင်ပေးပါ”
လွီဇာက လက်အုပ်ချီကာ ဒူးတုပ်ရင်းပြောလိုက်၏။
“နင်တို့ သတ်လိုက်တာ ရွှေနန်းရှင်ရဲ့ လက်စွဲတော် နန်းမတော်ဝန် အာကာရွှေတောင်လေ..ပြီးတော့ ပုပ္ပါးမင်းသမီးကိစ္စရောကို ဝန်ကြီးကိုပုက စွဲချက်တင်ထားသေးတယ်...ငါတို့ ကယ်ဖို့က မလွယ်ဘူး.. အင်း..ဒါပေမယ့်..နင့်တစ်ယောက်ကိုတော့ အသက်ဘေးက ရအောင်ကယ်ထုတ်ပေးဖို့ မောင်တော်က ကြိုးစားနေတယ်.. ဗြဲတိုက်တော်အရာရှိတွေဆီ သူကိုယ်တိုင် ဝင်မယ်လို့ သတင်းပါးလိုက်တယ်...ရွှေနန်းရှင် က အတော်စိတ်မချမ်းမမြေ့ဖြစ်နေတယ်...ဒီကာလကြားထဲ စစ်ရေးက ရှုပ်ထွေးနေတော့...နင်တို့ အမှုကိုအလျင်အမြန် မစီရင်နိုင်အောင် သူ ကြိုးစားပေးလိမ့်မယ်ပ”
သူတို့နှစ်ဦးအခြေအနေကို ထောင့်တစ်နေရာတွင်ထိုင်နေသော နာလဲ က နားစွင့်နေသည်။
“ကဲ...ငါရော..ငါ့အိမ်တော်ကလူတွေရော နင်တို့ ဆီ အမြဲဝင်ထွက်နေလို့မရဘူး...ဒီတော့..နောက်ရက်တွေ နင်တို့ စားသောက်ဖို့ကိစ္စ အရပ်သားထဲက ဘယ်သူ့ကို အကူအညီတောင်းရင် ရနိုင်မလဲ..ကုန်ကျစရိတ် ငါပေးပါ့မယ်”
လွီဇာက အတန်ငယ်စဥ်းစားနေသည်။
“မြန်မြန်ပြော..နင်တို့ ဗရင်ဂျီဘုရားကျောင်းကို သွားပြောပေးရမလား”
“သူတို့က ဗရင်ဂျီတွေဆိုတော့ ကျွန်တော်မျိုးမကြောင့် နန်းတော်ကပိုပြီး သင်္ကာမကင်းဖြစ်နေပါ့မယ်..”
“ကဲ..ဒါဆိုလည်း ဘယ်သူရှိမလဲ..နင်တို့ဆီ စားစရာလာပို့ပေးဖို့”
“စစ်ကိုင်း၊ ကောင်းမှုတော်ဘုရားနား က သွားဆေးဆိုး အစုအထုံးဆိုင် က ရှင်မိငယ်ကို အကျိုးအကြောင်းပြောပြရင်တော့ ရမှာပါ...သူက ကျွန်တော်မျိုးမ မိတ်ဆွေပါ”
“အင်း...ဟုတ်ပြီ...ငါ စီမံလိုက်မယ်...ရော့..ဒါကိုယူပြီး သေချာဝှက်ထား...နင်အရေးပေါ်လာရင်..ဒီထဲမှာ သုံးရအောင်”
မင်းသမီးကြီးက လွီဇာလက်ထဲသို့ တစ်စုံတစ်ခုကို ထိုးထည့်ပေးလိုက်သည်။
လွီဇာက အသာငုံ့ကြည့်လိုက်ရာ လက်သန်းအရွယ် ရွှေတုံးငယ်လေးတစ်တုံး။
“ကဲ..အချိန်အကြာကြီး မရဘူး...ဘာမှာစရာရှိသေးလဲ”
“ကျွန်မအိမ်မှာ မမင်းသာတို့ ညီအစ်မ ရှိလိမ့်မယ်...သူတို့ဆီသွားပေးပါ...ကျွန်မ စုထားတဲ့ ရွှေတွေနဲ့ ရွက်နီငွေတွေရှိပါတယ်..အဲ့ဒါကို မမဖုရားသိမ်းထားပေးပါ...မတော် အမှုအခင်းဖြစ်လာရင် နန်းတော်က လာသိမ်းမှာစိုးလို့”
“အိမ်း..စိတ်ချ..သူငယ်မ...ဒါဆို ငါသွားတော့မယ်..အဆင်ပြေအောင်နေကွယ်”
လောင်းရှည်စားမင်းသမီးက စကားစဖြတ်ကာ ပြန်ထွက်သွားသည်။
နာလဲက လွီဇာအနားသို့ အပြေးအလွှားရောက်လာ၏။
“သူ..ဘာပေးသွားတာလဲ..လွီဇာ”
လွီဇာက နာလဲ ကို ကြောင်ကြည့်နေသည်။
“မြန်မြန်လုပ်..ခဏနေ ဟိုခွေးကောင်တွေ ဝင်လာပြီး ငါတို့အားလုံးကိုရော အခန်းတွေကိုပါ ရှာကြတော့မယ်.... အလှူရှင်လာပြီးရင် သူတို့လုပ်နေကျပဲ..ဖွက်စရာရှိတာဖွက်ရမယ်”
“ဒါပေးသွားတာ”
လွီဇာက လက်ထဲမှ ရွှေတုံးလေးကို နာလဲ အား ပြလိုက်သည်။
“အမြန်ဝှက်မှ ရမယ်...လွီဇာ”
“ဘယ်မှာ ဝှက်ရမလဲ..ကျွန်မ မသိဘူး”
“ပေး..ငါ နင့်ကိုယ်ထဲမှာ ဝှက်ပေးမယ်”
လွီဇာက နာလဲ လက်ထဲသို့ ရွှေတုံးလေးကို ပေးလိုက်သည်။
“ဟိုဘက်လှည့်..ဖင်ကိုနည်းနည်းကြွထား”
“ဘာလဲ..ဘာလုပ်မလို့လဲ”
“ဟာ..မြန်မြန်လုပ်ဟ..”
လွီဇာက တဖက်သို့ လှည့်ပေးလိုက်သည်။
နာလဲက ရွှေတုံးလေးပေါ်သို့ တံတွေးထွေးချလိုက်သည်။
ထို့နောက် လွီဇာ၏ ထမီစထဲသို့ သူ့လက်ကို လျှိုကာ ထိုးထည့်လိုက်တော့၏။
“အိုး..အမေ့..”
လွီဇာ မှာ တွန့်ခနဲ။
...........................
နာလဲပြောသည့်အတိုင်းပင် ခဏအကြာတွင် ပါးကွက်သားများ တန်းစီပြီး ဝင်ရောက်လာသည်။
အကျဥ်းသားများအား တစ်ယောက်မကျန် ရှာဖွေကြ၏။
ထူးထူးခြားခြား အဖေကြီးတုတ်၏ မယားငယ်ဆိုသော အမျိုးသမီးတစ်ဦးပါ ပါလာပြီး..လွီဇာ နှင့် နာလဲ တို့၏ အဝတ်အစားများနှင့် ခန္ဓာကိုယ်အနှံ့ကို ရှာဖွေလေသည်။
သို့သော် မည်သည့်အရာမှ ရှာမတွေ့။
ရွှေတုံးကလေးမှာ လွီဇာ၏ မွေးရာပါ ကတ္တီပါရွှေတိုက်‌ေတာ်ထဲ လုံခြုံစွာရှိနေခဲ့ပြီ မဟုတ်လား။
........................................................................................................................................
မွန်းတည့်ချိန်မို့..အကျဥ်းထောင်ထဲတွင် အပူရှိန်က တညီးညီး။
ငတွန်နှင့် ချစ်မြ တို့အား ပါးကွက်သား နှစ်ဦးစီမှ ချိုင်းမှ မ ကာ တရွတ်တိုက် ဆွဲခေါ်လာ၏။
ငတွန်က မျက်စိမှိတ်ကာ အံကို ခပ်တင်းတင်းကြိတ်ပြီး ခေါင်းကို မော့ထားသည်။ ချစ်မြ မှာ မူ သတိလစ်လျက်။
လွီဇာ ကား သူတို့နှစ်ဦးဖြစ်လာပုံကို ကြည့်ကာ အသက်ရှုသံများ မြန်ဆန်လာသည်။
“သူတို့ ဝါးညှပ်ဒဏ်ခံလာရတာပါ”
နာလဲက လွီဇာ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ဝါးညှပ်ဆိုတာ ဘယ်လိုဟာလဲ”
“နင် မြို့ဝန်တရားရုံးရောက်ရင်တွေ့လိမ့်မယ်....လူတစ်ယောက်ကို ခွေးခြေခုံမှာထိုင်..ဒူးအထက်ကို ကြိုးတုတ်ထားတယ်...ပြီးတော့ ပေါင်ကြားထဲကို ဝါးတစ်လုံးစီ လျှိုပြီး ပါးကွက်သားတွေက ဝါးကို ချဲ့လိုက် ကြုံ့လိုက် လှန်လိုက် ဖိချလိုက် လုပ်တာ..... အသဲခိုက်အောင်နာတယ်..တချို့ဆို ပေါင်ရိုးတွေပါ ကျိုးတယ်”
“ရှင်ရော..အဲ့ဒီလို ခံစားဖူးလား”
“ငါ့ ခြေထောက်တစ်ဖက် လမ်းလျှောက်ရင် နိမ့်နေတာ နင်သတိမထားမိဘူးလား..အဲ့ဒီဒဏ်တွေပေါ့”
နာလဲက သူ၏ ဗလာထမီကို မကာ ပေါင်ရင်းရှိ အညိုအမဲဒဏ်ရာဟောင်းများကို လှည့်ပြလိုက်သည်။
ထိုအခါမှ လွီဇာက နာလဲ၏ ခြေထောက်များကို အကဲခတ်ကြည့်မိသည်။
ညာဘက်ခြေထောက်သံခြေကျင်းခတ်ထားသည့် နေရာအနောက်ဖက်တွင် အနာများက မြင်မကောင်း။
ပြည်တရွှဲရွှဲဖြင့်။
ထိုညက လွီဇာ အိပ်မပျော်။
အနာများ ကိုက်ခဲနေသဖြင့် တအီးအီးညည်းနေသည့် နာလဲ၏ အသံကိုကြားနေရသည်။
ဟိုတဖက်ခန်းမှ ငတွန်နှင့် ချစ်မြ အတွက်လည်း သူစိတ်မကောင်း။
သူမကြောင့်...သူတို့ ဒီနေရာရောက်လာကြသည်မဟုတ်လား။
.........................................................................................
“ညည်းကို ပြစ်မှုနှစ်ခုနဲ့ စွဲချက်တင်ထားတယ်....နန်းမတော်ဝန်အာကာရွှေတောင်ကိုသတ်မှုနဲ့ ရှင်ဖြူရှင်လှဘုရားပျောက်ဆုံးမှုမှာ ပုပ္ပါးမိဖုရားနဲ့ ပူးပေါင်းကြံစည်မှုတွေ..ဒီနေ့ အာကာရွှေတောင် သတ်မှုအတွက် မြို့ဝန်ရုံးမှာ အစစ်ခံရမယ်”
အဖေကြီးမောင်တုတ်၏ လေသံက အနိမ့်အမြင့်မရှိ တသမတ်တည်း။
အသက်(၂၀)ခန့်သာရှိမည်ဖြစ်ပြီး ပါးတွင် နွားခိုး ဟုရေးထားသည့် ပါးကွက်သားလေးက လွီဇာ၏ သံခြေကျင်းများအား ဖြုတ်ပေးနေသည်။
ထောင်ဝန်းပြင်ပတံခါးသို့ ထွက်ခါနီးတွင် လက်ပြန်ကြိုးတုတ်လိုက်သည်။ တန်းစီနေသော အကျဥ်းသား ရှစ်ဦးခန့်နောက်တွင် လွီဇာ တန်းစီရသည်။
ကြိုးရှည်တစ်ချောင်းကို လျော့ကွင်းပြုလုပ်ပြီး သူတို့လည်ပင်းတွင် လိုက်စွပ်ချလိုက်သည်။
လွီဇာအပါအဝင် အကျဥ်းသားကိုးဦးမှာ လည်ပင်းတွင် ကြိုးကွင်းများဖြင့် တဆက်တည်းဖြစ်သွား၏။
ထို့နောက် သူတို့အားလုံးကို အကျဥ်းထောင်အနီးရှိ မြို့ဝန်၏ တရားရုံးဇရပ်သို့ ပါးကွက်သားများက ဓါးထမ်းလိုက်ပါကာ ခေါ်ဆောင်သွားတော့သည်။
တရားရုံးဇရပ်သည် အကျဥ်းထောင်နှင့် ကပ်လျက်လမ်းမကြီးမှ ငါးမိနစ်ခန့်လမ်းလျှောက်ရသည့် နေရာတွင် ရှိသည်။
လည်ပင်းတွင် ကြိုးကွင်းများဖြင့် ညစ်ပတ်စုတ်ပြတ်ခါ အရိုးပေါ်အရေတင်နေသည့် အကျဥ်းသားများ တန်းစီလမ်းလျှောက်သွားသည်ကို ထိုအနီးတွင် သွားလာလှုပ်ရှားနေသည့် အင်းဝမြို့သားများက ဘာမျှ မထူးဆန်းသကဲ့သို့။
ဇရပ်ရှေ့မြေကြီးပေါ်တွင် သူတို့အားလုံး ငုတ်တုတ်ထိုင်လိုက်ကြရသည်။
အမှုစစ်ဆေးမည့် မြို့စာရေးမှာ ကြေးကွမ်းအစ်ကြီးထဲမှ ကွမ်းကို စိမ်ပြေနပြေယာနေ၏။
ထို့နောက် ဇရပ်ရှေ့တွင် ငုတ်တုတ်ထိုင်နေကြသော အကျဥ်းသားများကို တချက်ကြည့်လိုက်သည်။
လွီဇာ ကို သေချာစူးစိုက်ကြည့်၏။
အဖေကြီးတုတ်သည် ပေစာရွက်တစ်ခုကို မြို့စာရေးထံ ထိုးပေးလိုက်သည်။
မြို့စာရေးက ပေစာကို သေချာဖတ်သည်။ ထို့နောက် ပေစာထဲကပါသောအမည်များကို ခေါ်တော့သည်။
အမည်ပါသူ အကျဥ်းသားက... “ဘုရား” ထူးကြရသည်။
“လွီဇာဒီမဲလိုး” ဆိုသည့် နေရာအရောက်တွင် မြို့စာရေးက ဆက်မခေါ်ပဲ ရပ်ထားလိုက်၏။
“သူ့ကို ကြိုးဖြုတ်ပေးလိုက်...သူ့အမှုကို မြို့ဝန်မင်းဘုရား လာမှ စစ်မှာ..လောလောဆယ်...သူ့ကို မြို့ဝန်ရုံးထဲ မှာ ခဏသွားထားရမယ်လို့ မြို့ဝန်မင်းက အမိန့်ရှိတယ်”
အဖေကြီးတုတ်က မျက်မှောင်ကြုံ့လိုက်သည်။
“မြို့ဝန်မင်းအမိန့်ပဲ...ဦးတုတ်..ခင်ဗျားလူတစ်ယောက်နဲ့အတူ ရုံးထဲမှာ သူ့ကို ပို့ထားလိုက်”
အဖေကြီးတုတ်က အကျဥ်းသားများရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
ထို့နောက် လက်ထဲတွင် ကိုင်ထားသည့် လိပ်ကျောက်မြီးကို ရွှမ်းခနဲ နေအောင် လေထဲတွင် ရိုက်လိုက်၏။
“ငလှေး...ဗရင်ဂျီမကို လည်ပင်းကြိုးဖြုတ်စမ်း...မြို့ဝန်ရုံးရှေ့ မင်းသေချာစောင့်ကြပ်ပြီး ထိုင်ခိုင်းထား..ဓါးလွတ်ကို အသင့်ဖြစ်ပါစေ”
ငလှေး မှာ အချုပ်ခန်းထဲတွင် လွီဇာအား သံကြိုးလာဖြည့်ပေးသည့် အသက်(၂၀)အရွယ်ပါးကွက်သားလေး ဖြစ်သည်။
ဓါးလွတ်ကိုင်ထားသည့် ငလှေးက လွီဇာအား မြို့ဝန်ရုံးထဲသို့ ခေါ်ဆောင်သွား၏။
ရုံးခန်းရှေ့သို့‌ရောက်သောအခါ လှံကိုင်စစ်သားနှစ်ဦးက ငလှေး၏ ပါးမှ စာတမ်းကိုကြည့်ကာ တားလိုက်သည်။
“ဟေ့..သူခိုး...ဒီထဲ မင်းဝင်ခွင့်မရှိဘူး....အကျဥ်းသားကို ငါတို့ တာဝန်ထား”
ငလှေးမှာ မြို့ဝန်ရုံးရှေ့ မန်းကျည်းပင်ကွပ်ပျစ်ပေါ်တွင် ထိုင်လျက်ကျန်ရစ်သည်။
မြို့ဝန်ရုံးခန်းထဲသို့ ဝင်လိုက်သောအခါ သလွန်ပေါ်တွင်ထိုင်ကာ ဆေးပေါ့လိပ်ဖွာနေသည့် လောင်းရှည်မင်းသမီးကြီး ကို တွေ့လိုက်ရသည်။
လောင်းရှည်မင်းသမီး၏ နဘေးတွင် ဒူးတုတ်ခစားနေသူက ရှင်မိငယ်။
လွီဇာက လောင်းရှည်မင်းသမီးကြီး ကို လက်အုပ်ချီဒူးတုပ်လိုက်သည်။
“မင်း အမှာပါးတာ သူမဟုတ်လား”
ရှင်မိငယ်က လွီဇာကို ဖျော့တော့သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
“မှန်ပါ..မမဖုရား”
“မင်းတို့ ထောင်ထဲရှိတဲ့ကာလတစ်လျှောက် စားရေးသောက်‌‌ရေးကို သူကလေးက တာဝန်ယူပို့ပေးလိမ့်မယ်...သူက စစ်ကိုင်းက လာရတာဆိုတော့ နှစ်ရက်တစ်ခါပဲ လာလိမ့်မယ်.. ဒီကြားထဲ အထားအသိုခံတဲ့ ကောက်ညှင်းထုတ်လို ရိက္ခာမျိုး ပေးထားခဲ့မှာပေါ့”
“သင့်တော်ပါတယ်..မမဖုရား”
“အရေးကြီးတာ ငါပြောမယ်....ခဏနေ မြို့ဝန်ကိုယ်တိုင် ညည်းအမှုကို စစ်လိမ့်မယ်...အာကာရွှေတောင်သတ်မှုမှာ ညည်းနဲ့ မသက်ဆိုင်ဘူး..သူတို့အညှိးနဲ့ သူတို့သတ်တာပါလို့ ငတွန်နဲ့ ချစ်မြက ဝန်ခံသွားတယ်... သေနတ်ကိုင်မြင်းစုနဲ့ အတွင်းဝန်ကျော်ထင်နန္ဒမိတ် က လည်း သတ်တဲ့ထဲ ညည်းမပါဘူးလို့ သက်သေထွက်ကြလိမ့်မယ်..ဒီတော့ ကျွန်တော်မျိုးမ မသတ်ပါဘူး ဆိုတဲ့ စကားတစ်ခွန်းက လွဲပြီး ညည်းဘာမှ မလျှောက်နဲ့..ညည်းကို သူတို့ နှိပ်စက်ညှင်းပန်းတာမျိုး မလုပ်ဖို့ ကိုးသိန်းသခင်က မြို့ဝန်ကို ခေါ်ပြောထားပြီးပြီ..ညည်းပြောရမှာ...ကျွန်တော်မျိုးမသတ်တဲ့အထဲ မပါပါဘူး ဆိုတာပဲ..မှတ်ကဲ့လား”
“မှတ်သားထားပါတယ်..မမဖုရား”
“မပြီးသေးဘူး..ဒီအမှုပြီးရင် ပုပ္ပါးမိဖုရားနဲ့ ကသည်းအရေးကိစ္စရှင်းရဦးမယ်...အဲ့ဒါကို ဗြဲတိုက်တော်မှာ ဝန်ကြီးတွေ ကိုယ်တိုင်စစ်ဆေးလိမ့်မယ်... စစ်ကိုင်းက ပုဏ္ဏားဘုရားကျောင်းမှာ ပုပ္ပါးမိဖုရားရယ်၊ ကသည်းမင်းသား ဆန်ဂျေးခူရာလက်ပရယ်၊ မင်းသားမောင်လှရယ် ၊ ပုဏ္ဏားတွေရယ် စည်းဝေးကြတဲ့ ကိစ္စကို အဓိကစစ်လိမ့်မယ်...ပုပ္ပါးမိဖုရားကိုလည်း အခု နန်းတွင်းကြေးတိုက်တော်မှာ ထားတယ်...အဲ့ဒီကိစ္စကို မောင်တော်ကိုးသိန်းသခင် လက်လှမ်းမမီတော့ဘူး...ဒီတော့..ငါကိုယ်တိုင် တူမတော် မိဖုရားခေါင်ကြီးအဆောင်ကို ဝင်တွေ့ပေးပါ့မယ်... ညည်းဟာ ငါတို့ရဲ့ စီးပွားရေးတွေမှာ အများကြီး အရေးပါခဲ့တဲ့သူမို့ရော...ညည်းကို ငါ့ညီမလေးလို သနားမိတာကြောင့်ဆိုတာမှတ်ပါ”
“ကျေးဇူးကြီးပါတယ်...မမဖုရား”
“ကဲ..ဟုတ်ပြီ...ငါ ပြန်ကြွတော့မယ်...မြို့ဝန်မလာမချင်း ညည်းကို ဒီမြို့ဝန်ရုံးဝန်းထဲမှာပဲ ထားပေးဖို့ ငါပြောထားခဲ့တယ်...ဟိုသူငယ်မက နေ့လည်ကျရင် ညည်းအတွက် ထမင်းလာပို့လိမ့်မယ်”
လောင်းရှည်မင်းသမီးကြီး က သလွန်မှ ထလိုက်သည်။






ခက်ဇော်



(Zawgyi)

AVA 1740s အခန္း(၁၆) ............................................... တဖက္ခန္းရွိ အက်ဥ္းသာမ်ား၏ ဘုရားရွိခိုးပါဠိ႐ြတ္ဖတ္သံမ်ားေၾကာင့္ လြီဇာ ႏိုးထလာသည္။ ေဆးတံေဆးခိုးအနံ႔မ်ား၊ ပုတ္သိုးေနၿပီျဖစ္သည့္ ကြမ္းတံေတြးနံ႔မ်ား၊ အစားအေသာက္နံ႔မ်ား၊ ႂကြက္ေသတို႔ထံမွ က်န္ရစ္သည့္ေသြးနံ႔တို႔ လႈိက္လႈိက္ထေနၾကသည္။ တဖက္ကမ္းမွ အက်ဥ္းသားမ်ား၏ ညီညီညာညာ႐ြတ္ဖတ္သံက တျဖည္းျဖည္း တိတ္ဆိတ္သြား၏။ နားလဲက ခပ္ေရးေရးသာျမင္ရသည့္ အလင္းေရာင္ကို ေငးၾကည့္ေနသည္။ “ႏိုးၿပီလား” “အင္း” “ခဏေန လူစစ္ၿပီးရင္ အျပင္ထြက္ခြင့္ခဏရမယ္..အဲ့ဒီက်ရင္ ခ်ီးပါ ေသးေပါက္ကိစၥ အကုန္ အၿပီးလုပ္ရတယ္..မဟုတ္ရင္ေတာ့ ဒီထဲပဲ ပါခ်ေနရရင္.အကုန္နံေစာ္ကုန္မယ္..အဲ့ဒါေလးတစ္ခုေတာ့ အက်င့္လုပ္ထားေစခ်င္တယ္ လြီဇာ” နာလဲ က လြီဇာ့ကို အက်ဥ္းေထာင္၏ အမူအက်င့္တစ္ခုကို စတင္သင္ၾကားေပးေတာ့သည္။ ခဏအၾကာတြင္ အေဖႀကီးတုတ္ ႏွင့္ အဖြဲ႕ဝင္လာၾကသည္။ အေဖႀကီးတုတ္သည္ အစိမ္းခံတြင္ အနက္ပြင့္မ်ားပါေသာ တန္ဖိုးႀကီး ပန္းဆိုင္းအက်ႌ ႏွင့္ ဗလာပုဆိုးအသစ္ကို ဝတ္ဆင္ထားသည္။ သူ၏ နက္ၾကဳတ္ေသာအသားအရည္ ပိန္ပိန္ေခ်ာင္ေခ်ာင္ခႏၶာကိုယ္ႏွင့္ မည္သို႔မွ် မလိုက္ဖက္။ “ညက ေကာင္းေကာင္းမွ အိပ္ေပ်ာ္ၾကပါရဲ႕လား...ဟိုဗရင္ဂ်ီမ အသစ္ကေလးေရာ..ေနလို႔ထိုင္လို႔ ေကာင္းပါစ” အေဖႀကီးတုတ္၏ ေလသံက တမင္တကာ ေပ်ာ့ေျပာင္းေအာင္လုပ္ယူထားသည့္ႏွယ္ လြီဇာ ခံစားမိလိုက္သည္။ လြီဇာက မည္သို႔မွ် ျပန္မေျဖသျဖင့္ အေဖႀကီးတုတ္ႏွင့္ ပါးကြက္သားမ်ားမွာ အျခားအခန္းမ်ားဆီသို႔ လွည့္လည္ကာ လူစစ္ေဆးၾကသည္။ “ဒီေန႔...ေခြးအိုႀကီး ဝတ္ေကာင္းစားလွေတြ ဝတ္ထားပုံေထာက္ေတာ့ ဒီေၾကးတိုက္ကို နန္းတြင္းက တစ္ေယာက္ေယာက္ေတာ့ လာမယ္ထင္ရဲ႕” နာလဲ က လြီဇာၾကားရယုံ ခပ္တိုးတိုးေျပာလိုက္သည္။ “ဝါးတန္းကို ေသခ်ာျဖဳတ္...သူ႔ကို မနာေစနဲ႔” ဟိုးတစ္ဖက္ခန္းဆီမွ အသံမ်ား ၾကားရ၏။ “မင္းတို႔ တြဲစရာမလိုဘူး....ငါ့ဟာငါ မတ္တတ္ရပ္မယ္” ငတြန္၏ အသံခပ္မာမာကို ၾကားလိုက္ရခ်ိန္မွ လြီဇာမွာ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ခဏအၾကာတြင္ အခန္းေရွ႕မွ ငတြန္ႏွင့္ ခ်စ္ျမ ကို ဆြဲေခၚထုတ္သြားၾက၏။ ငတြန္က လြီဇာ့ ရွိရာသို႔ တစ္ခ်က္ ငဲ့ၾကည့္ကာ ေခါင္းညိတ္ျပသည္။ ပုဆိုးကို ခပ္တိုတိုဝတ္ထားသျဖင့္ ေျခသလုံးညႇိ႔သက်ည္းမွ ေသြးမ်ား တေတာက္ေတာက္စီးက် ေနသည္ကို လြီဇာ ျမင္လိုက္ရ၏။ ယမန္ေန႔ညေန က ငတြန္အား ဝါးလုံးလွ်ိဳခ်ည္ေႏွာင္ရာတြင္.ပါးကြက္သားမ်ားက..ညႇိ႔သက်ည္းမ်ားကို တင္းပုတ္ႏွင့္ ဖိလွိမ့္ထားၾကျခင္းျဖစ္သည္။ သူတို႔အေဖႀကီးတုတ္ အား မေလးမစားလုပ္မႈေၾကာင့္ ငတြန္ကို ဒဏ္ေပးခဲ့ၾကျခင္းပင္။ ခ်စ္ျမ က လြီဇာ့ကို စိုးရိမ္ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။ လြီဇာက ငတြန႔္ထံမွ အၾကည့္ကိုလႊဲၿပီး ခ်စ္ျမကို ၿပဳံးျပလိုက္၏။ ခ်စ္ျမ အၿပဳံးက ခပ္ယဲ့ယဲ့။ သူတို႔ ထြက္ခြာသြားၾကၿပီျဖစ္သည္။ မည္သည့္ေနရာသို ေခၚေဆာင္သြားသည္ကို မသိ။ “သူတို႔ကို သတ္မ်ား သတ္ပစ္ၾကမွာလားဟင္” နားလဲ က ေခါင္းခါလိုက္သည္။ “စီရင္မယ္ဆို ညေနပဲ စီရင္တယ္...ဟိုေခြးအိုႀကီး ေခါင္းမွာ ေခါင္ရမ္းပန္း ပန္မလာသ၍ အသက္အတြက္ စိတ္မပူရပါဘူး..မင္းလူေတြကို တရား႐ုံးေခၚသြားတာျဖစ္လိမ့္မယ္” ထိုအခါမွ လြီဇာ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ငတြန္ႏွင့္ ခ်စ္ျမကို ေခၚထုတ္သြားၿပီးေနာက္ ပါးကြက္သားမ်ားျပန္ဝင္လာၾကၿပီး အက်ဥ္းသားအားလုံးကို ထိပ္တုံး၊ သံႀကိဳးမ်ားမွ ျဖဳတ္ေပးသည္။ ထို႔ေနာက္ အားလုံးတန္းစီကာ ေထာင္အေဆာက္အဦ အျပင္ဘက္ဆီသို႔ ေခၚထုတ္သြား၏။ နာလဲ က လြီဇာကို ေရတြင္းရွိရာ ဦးေဆာင္ေခၚသြားသည္။ ေရတြင္းကား သစ္သားျပားမ်ားျဖင့္ ပိတ္ထားၿပီး ေရခပ္ရန္ ေရတစ္ပုံးစာ အေပါက္ေလးသာ ရွိသည္။ “ငတ္ျပတ္တဲ့ဒဏ္၊ ႏွိပ္စက္တဲ့ဒဏ္မခံစားႏိုင္တဲ့ တခ်ိဳ႕အက်ဥ္းသားေတြက ဒီထဲ ခုန္ခ်လြန္းလို႔ေလ..ပ်ဥ္ျပားပိတ္ထားရတာ” နာလဲက ေျပာေျပာဆိုဆိုျဖင့္ ေရတစ္ပုံးခတ္လိုက္သည္။ ထို႔ေနာက္ ေရတြင္းပတ္လည္တြင္ ခ်ထားေသာ အုန္းမုတ္ခြက္ျဖင့္ မ်က္ႏွာသစ္လိုက္သည္။ “ဟိုၿခဳံေတြေနာက္မွာ ခ်ီးပါ၊ေသးေပါက္ လုပ္လို႔ရတယ္” ေျပာေျပာဆိုဆိုျဖင့္ နာလဲ က ၿခဳံထဲသို႔ ထမီကို မကာ ဝင္သြားေတာ့၏။ လြီဇာက နာလဲ က်န္ခဲ့သည့္ အုန္းမုတ္ခြက္ျဖင့္ ေရတခြက္ခပ္ကာ မ်က္ႏွာကို ျဖန္းလိုက္သည္။ ခဏအၾကာတြင္ ေမာင္းတီးသံတခ်က္ၾကားၿပီး အားလုံး ေထာင္ထဲသို႔ ျပန္ဝင္ၾကရသည္။ အခန္းအသီးသီးထဲသို႔ ဝင္ဝင္ခ်င္းတြင္ သူတို႔အား ထိပ္တုံးခတ္ျခင္း၊ သံႀကိဳးခတ္ျခင္းမ်ား လာမလုပ္ၾကေသး။ လြီဇာက သံေျခက်င္းဒဏ္ေၾကာင့္ နာၾကင္ေနေသာ ေျခေထာက္မ်ားကို ႏွိပ္နယ္ေနသည္။ “အခုထိ ေျခက်င္းလာမခတ္ၾကေသးပုံေထာက္ရင္ေတာ့..ဒီေန႔ အလႉရွင္ေတြ လာတယ္ထင္တယ္” နာလဲ ၏ အသံက ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္။ အင္းဝအက်ဥ္းေထာင္မ်ားတြင္ အက်ဥ္းသားတစ္ဦးခ်င္းစီအတြက္ ဘုရင္က လစဥ္ စပါးႏွစ္ေတာင္းႏွင့္ ငပိတစ္ဆယ္သား ရိကၡာအျဖစ္ ခ်ေပးထားသည္။ သို႔ေသာ္ ထိုရိကၡာမ်ားမွာ အေဖႀကီးတုတ္ ထံတြင္သာ ဂိတ္ဆုံးသြားခဲ့သည္။ ထို႔ေၾကာင့္ အက်ဥ္းသားမ်ားမွာ အျပင္မွ ေဆြမ်ိဳးမိတ္ေဆြမ်ား ပို႔ေဆာင္ေပးသည့္ အစားအေသာက္မ်ားကိုသာ အားထားၾကရသည္။ ေဆြမ်ိဳးမိတ္ေဆြမရွိသည့္ အက်ဥ္းသားမ်ား၊ နန္းတြင္းကို ထိခိုက္ေစသည့္ျပစ္မႈက်ဴးလြန္သည့္အတြက္ မည္သူမွ်လာေရာကၼေတြ႕ဆုံရဲသည့္ အက်ဥ္းသားမ်ားမွာမူ ျပင္ပမွာ လာေရာက္လႉဒါန္းေကြၽးေမြးသည့္ ေစတနာရွင္မ်ားကို အားကိုးၾကရသည္။ အဖိတ္ ၊ ဥပုသ္ေန႔မ်ား၊ လျပည့္၊လကြယ္ေန႔မ်ားတြင္ ျပင္ပမွ အလႉရွင္မ်ားက ထမင္းမ်ားကို ေတာင္းျဖင့္ထည့္ကာ ငါးပိမ်ား၊ ဟင္းမ်ားျဖင့္ လာေရာက္ေကြၽးေမြးလႉဒါန္းေလ့ရွိၾကသည္။ မၾကာမီ ေထာင္ေရွ႕မွ စကားေျပာသံမ်ား ၾကားရ၏။ “နင္ကေတာ့ ကံေကာင္းတာပဲ..ေရာက္ေရာက္ခ်င္းေနပဲ..အလႉရွင္နဲ႔ တိုးတယ္” နာလဲက လြီဇာ့ကို ၿပဳံးၿပီး ေျပာလိုက္သည္။ ထိုစဥ္ ေထာင္တံခါးမႀကီး ႐ုတ္တရက္ပြင့္သြား၏။ အလင္းေရာင္က ျဖာခနဲ က်လာသည္။ ကတၱီပါၿခဳံပုဝါ၊ ဖဲကတၱီပါထမီ ႏွင့္ သားနားစြာဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ဦး ေထာင္ေလွ်ာက္လမ္းအတိုင္းဝင္လာသည္ကို ေတြ႕လိုက္ရသည္။ သူ႔ေဘးတြင္ ေထာင္မႉးအေဖႀကီးတုတ္က ကုပ္ေခ်ာင္းေခ်ာင္းျဖင့္ ႐ိုက်ိဳးစြာ လိုက္ပါလာ၏။ ေနာက္တြင္ ထမင္းေတာင္းထမ္းလာေသာ လူတစ္ေယာက္ႏွင့္ အမ်ိဳးသမီးအေခြၽအရံႏွစ္ဦး ပါလာသည္။ ပါးကြက္သားတစ္ဦးက ငွက္ေပ်ာ႐ြက္မ်ားကို ယူလာၿပီး အက်ဥ္းေထာင္အခန္းမ်ားေရွ႕တြင္ လူအေရအတြက္အတိုင္းလိုက္ခ်လိုက္သည္။ လြီဇာတို႔ အခန္းေရွ႕တြင္လည္း ငွက္ေပ်ာ႐ြက္ႏွစ္႐ြက္လာခ်သည္။ “ငါတို႔ လြတ္လြတ္လပ္လပ္ အလႉလုပ္လို႔ ရႏိုင္မလား” အမ်ိဳးသမီးက ေဘးနားတြင္ပါလာေသာ အေဖႀကီးတုတ္ကို ေလသံမာမာျဖင့္ ေမးလိုက္သည္။ “ဒါေတာ့...မမဖုရား” “သယ္...နင္လို သေဘာက္ က ငါ့စကား ျငင္းရဲတယ္ပ” အမ်ိဳးသမီးအသံက တင္းမာလွသည္။ အေဖႀကီးတုတ္မွာ လက္အုပ္ကို ခ်ီ ေခါင္းကိုငုံ႔လ်က္ ခႏၶာကိုယ္က ပိုႀကဳံ႕ဝင္သြား၏။ အမ်ိဳးသမီး၏ ေဘးတြင္ပါေသာ အေႁခြအရံတစ္ဦးက ေငြစင္တုံးတစ္တုံးကို ကမ္းေပးလိုက္သည္။ “လက္မခံဝံ့ပါဘူး...မမဖုရား” “ဟဲ့..ငါယူဆို ယူလိုက္စမ္း” အေဖႀကီးတုတ္ က ေငြစင္တုံးကို ကမန္းကတမ္း ပုဆိုးခါးပုံစထဲ ထိုးထည့္လိုက္သည္။ “ခြင့္လႊတ္ေတာ္မူပါ..မမဖုရား..ကြၽန္ေတာ္မ်ိဳး မွားသြားပါတယ္..အျပစ္မယူပါနဲ႔” အေဖႀကီးတုတ္က ေလေပ်ာ့ကေလးျဖင့္ ေျပာကာ လက္အုပ္ခ်ီလ်က္ အျပင္သို႔ ျပန္ထြက္သြားသည္။ ထမင္းေတာင္းထမ္းလာေသာ လူက ငွက္ေပ်ာ႐ြက္မ်ားေပၚတြင္ ထမင္းမ်ား လိုက္ပုံေပးသည္။ ေနာက္တစ္ဦးက ယြန္းအစ္ထဲမွ ငါးပိခ်က္ ႏွင့္ ၾကက္ဥျပဳတ္တစ္လုံးစီ လိုက္ပုံေပး၏။ မမဖုရား ဟု အေဖႀကီးတုတ္ ေခၚေသာ အမ်ိဳးသမီးက လြီဇာတို႔ အခန္းေရွ႕တြင္ ရပ္လိုက္သည္။ “လြီဇာ” လြီဇာက အမ်ိဳးသမီး၏ မ်က္ႏွာကို ေသခ်ာၾကည့္လိုက္သည္။ သို႔ေသာ္ ေထာင္တံခါးဝမွ ေနေရာင္စူးစူးေၾကာင့္ မည္သူမွန္းမသဲကြဲ။ “ငါ ေလာင္းရွည္ၿမိဳ႕စားမင္းသမီး ပဲ....ညည္း ငါ့အိမ္ေနာက္ အေစခံတဲမွာ တည လာအိပ္တုန္းက ငါ ညည္းကိုေတြ႕ဖူးတယ္” လြီဇာက ၏ မ်က္ႏွာဝင္းလက္သြားသည္။ ေလာင္းရွည္ၿမိဳ႕စားမင္းသမီး ေဒၚမင္းအုံ သည္ ကိုးသိန္းသခင္မင္းေခါင္ ၏ ကေတာ္ျဖစ္သည္။ တနဂၤေႏြမင္း၏ အေဖတူ အေမကြဲ အစ္မေတာ္ျဖစ္ၿပီး ကိုးသိန္းသခင္ထက္ ဆယ္ႏွစ္မွ် ႀကီးသည္။ လက္ရွိဘုရင္ မဟာဓမၼရာဇာဓိပတိ၏ ႀကီးေတာ္ ေတာ္စပ္သျဖင့္ ၾသဇာႀကီးမားသည္။ လြီဇာသည္ ကိုးသိန္းသခင္မင္းေခါင္ ထံ ဝင္ထြက္ေနေသာ္လည္း ေလာင္းရွည္ၿမိဳ႕စားမင္းသမီးႀကီး ေဒၚမင္းအုံ ကို တခါမွ်ပင္ မဆုံဖူးခဲ့။ ကိုးသိန္းသခင္က လြီဇာကို သူ၏ ငါးေခါင္ဆက္အိမ္၏ ဧည့္ခန္းတြင္သာ ေတြ႕ဆုံသည္က မ်ား၏။ မင္းသမီးႀကီးမွာမူ အိမ္ေတာ္၏ ထိပ္ဆုံးသီးသန႔္ေဆာင္တြင္ ရံေ႐ႊေတာ္မ်ားႏွင့္ ေနထိုင္သည္။ “ေမာင္ေတာ္ က နင္တို႔ သတင္းကို ၾကားၾကားခ်င္း ငါ့ကို လႊတ္လိုက္တာပဲ....နင္တို႔ကို သီးသန႔္ေတြ႕ခ်င္တယ္ ေျပာရင္..ေ႐ႊနန္းေတာ္ဆီ သတင္းက ေရာက္သြားမွာ..ဒီေတာ့ အလႉလုပ္တဲ့ ပုံစံနဲ႔ ငါဝင္လာတာ” “ဟုတ္ကဲ့ပါ..မမဖုရား..ကြၽန္ေတာ္မ်ိဳးမ ထက္ .... ကြၽန္ေတာ္မ်ိဳးမကို ကူညီၾကတဲ့ ဟိုႏွစ္ေယာက္ကိုသာ ကယ္ႏုတ္ေပးပါလို႔ ကိုးသိန္းသခင္ကို ေလွ်ာက္တင္ေပးပါ” လြီဇာက လက္အုပ္ခ်ီကာ ဒူးတုပ္ရင္းေျပာလိုက္၏။ “နင္တို႔ သတ္လိုက္တာ ေ႐ႊနန္းရွင္ရဲ႕ လက္စြဲေတာ္ နန္းမေတာ္ဝန္ အာကာေ႐ႊေတာင္ေလ..ၿပီးေတာ့ ပုပၸါးမင္းသမီးကိစၥေရာကို ဝန္ႀကီးကိုပုက စြဲခ်က္တင္ထားေသးတယ္...ငါတို႔ ကယ္ဖို႔က မလြယ္ဘူး.. အင္း..ဒါေပမယ့္..နင့္တစ္ေယာက္ကိုေတာ့ အသက္ေဘးက ရေအာင္ကယ္ထုတ္ေပးဖို႔ ေမာင္ေတာ္က ႀကိဳးစားေနတယ္.. ၿဗဲတိုက္ေတာ္အရာရွိေတြဆီ သူကိုယ္တိုင္ ဝင္မယ္လို႔ သတင္းပါးလိုက္တယ္...ေ႐ႊနန္းရွင္ က အေတာ္စိတ္မခ်မ္းမေျမ့ျဖစ္ေနတယ္...ဒီကာလၾကားထဲ စစ္ေရးက ရႈပ္ေထြးေနေတာ့...နင္တို႔ အမႈကိုအလ်င္အျမန္ မစီရင္ႏိုင္ေအာင္ သူ ႀကိဳးစားေပးလိမ့္မယ္ပ” သူတို႔ႏွစ္ဦးအေျခအေနကို ေထာင့္တစ္ေနရာတြင္ထိုင္ေနေသာ နာလဲ က နားစြင့္ေနသည္။ “ကဲ...ငါေရာ..ငါ့အိမ္ေတာ္ကလူေတြေရာ နင္တို႔ ဆီ အၿမဲဝင္ထြက္ေနလို႔မရဘူး...ဒီေတာ့..ေနာက္ရက္ေတြ နင္တို႔ စားေသာက္ဖို႔ကိစၥ အရပ္သားထဲက ဘယ္သူ႔ကို အကူအညီေတာင္းရင္ ရႏိုင္မလဲ..ကုန္က်စရိတ္ ငါေပးပါ့မယ္” လြီဇာက အတန္ငယ္စဥ္းစားေနသည္။ “ျမန္ျမန္ေျပာ..နင္တို႔ ဗရင္ဂ်ီဘုရားေက်ာင္းကို သြားေျပာေပးရမလား” “သူတို႔က ဗရင္ဂ်ီေတြဆိုေတာ့ ကြၽန္ေတာ္မ်ိဳးမေၾကာင့္ နန္းေတာ္ကပိုၿပီး သကၤာမကင္းျဖစ္ေနပါ့မယ္..” “ကဲ..ဒါဆိုလည္း ဘယ္သူရွိမလဲ..နင္တို႔ဆီ စားစရာလာပို႔ေပးဖို႔” “စစ္ကိုင္း၊ ေကာင္းမႈေတာ္ဘုရားနား က သြားေဆးဆိုး အစုအထုံးဆိုင္ က ရွင္မိငယ္ကို အက်ိဳးအေၾကာင္းေျပာျပရင္ေတာ့ ရမွာပါ...သူက ကြၽန္ေတာ္မ်ိဳးမ မိတ္ေဆြပါ” “အင္း...ဟုတ္ၿပီ...ငါ စီမံလိုက္မယ္...ေရာ့..ဒါကိုယူၿပီး ေသခ်ာဝွက္ထား...နင္အေရးေပၚလာရင္..ဒီထဲမွာ သုံးရေအာင္” မင္းသမီးႀကီးက လြီဇာလက္ထဲသို႔ တစ္စုံတစ္ခုကို ထိုးထည့္ေပးလိုက္သည္။ လြီဇာက အသာငုံ႔ၾကည့္လိုက္ရာ လက္သန္းအ႐ြယ္ ေ႐ႊတုံးငယ္ေလးတစ္တုံး။ “ကဲ..အခ်ိန္အၾကာႀကီး မရဘူး...ဘာမွာစရာရွိေသးလဲ” “ကြၽန္မအိမ္မွာ မမင္းသာတို႔ ညီအစ္မ ရွိလိမ့္မယ္...သူတို႔ဆီသြားေပးပါ...ကြၽန္မ စုထားတဲ့ ေ႐ႊေတြနဲ႔ ႐ြက္နီေငြေတြရွိပါတယ္..အဲ့ဒါကို မမဖုရားသိမ္းထားေပးပါ...မေတာ္ အမႈအခင္းျဖစ္လာရင္ နန္းေတာ္က လာသိမ္းမွာစိုးလို႔” “အိမ္း..စိတ္ခ်..သူငယ္မ...ဒါဆို ငါသြားေတာ့မယ္..အဆင္ေျပေအာင္ေနကြယ္” ေလာင္းရွည္စားမင္းသမီးက စကားစျဖတ္ကာ ျပန္ထြက္သြားသည္။ နာလဲက လြီဇာအနားသို႔ အေျပးအလႊားေရာက္လာ၏။ “သူ..ဘာေပးသြားတာလဲ..လြီဇာ” လြီဇာက နာလဲ ကို ေၾကာင္ၾကည့္ေနသည္။ “ျမန္ျမန္လုပ္..ခဏေန ဟိုေခြးေကာင္ေတြ ဝင္လာၿပီး ငါတို႔အားလုံးကိုေရာ အခန္းေတြကိုပါ ရွာၾကေတာ့မယ္.... အလႉရွင္လာၿပီးရင္ သူတို႔လုပ္ေနက်ပဲ..ဖြက္စရာရွိတာဖြက္ရမယ္” “ဒါေပးသြားတာ” လြီဇာက လက္ထဲမွ ေ႐ႊတုံးေလးကို နာလဲ အား ျပလိုက္သည္။ “အျမန္ဝွက္မွ ရမယ္...လြီဇာ” “ဘယ္မွာ ဝွက္ရမလဲ..ကြၽန္မ မသိဘူး” “ေပး..ငါ နင့္ကိုယ္ထဲမွာ ဝွက္ေပးမယ္” လြီဇာက နာလဲ လက္ထဲသို႔ ေ႐ႊတုံးေလးကို ေပးလိုက္သည္။ “ဟိုဘက္လွည့္..ဖင္ကိုနည္းနည္းႂကြထား” “ဘာလဲ..ဘာလုပ္မလို႔လဲ” “ဟာ..ျမန္ျမန္လုပ္ဟ..” လြီဇာက တဖက္သို႔ လွည့္ေပးလိုက္သည္။ နာလဲက ေ႐ႊတုံးေလးေပၚသို႔ တံေတြးေထြးခ်လိုက္သည္။ ထို႔ေနာက္ လြီဇာ၏ ထမီစထဲသို႔ သူ႔လက္ကို လွ်ိဳကာ ထိုးထည့္လိုက္ေတာ့၏။ “အိုး..အေမ့..” လြီဇာ မွာ တြန႔္ခနဲ။ ........................... နာလဲေျပာသည့္အတိုင္းပင္ ခဏအၾကာတြင္ ပါးကြက္သားမ်ား တန္းစီၿပီး ဝင္ေရာက္လာသည္။ အက်ဥ္းသားမ်ားအား တစ္ေယာက္မက်န္ ရွာေဖြၾက၏။ ထူးထူးျခားျခား အေဖႀကီးတုတ္၏ မယားငယ္ဆိုေသာ အမ်ိဳးသမီးတစ္ဦးပါ ပါလာၿပီး..လြီဇာ ႏွင့္ နာလဲ တို႔၏ အဝတ္အစားမ်ားႏွင့္ ခႏၶာကိုယ္အႏွံ႔ကို ရွာေဖြေလသည္။ သို႔ေသာ္ မည္သည့္အရာမွ ရွာမေတြ႕။ ေ႐ႊတုံးကေလးမွာ လြီဇာ၏ ေမြးရာပါ ကတၱီပါေ႐ႊတိုက္‌ေတာ္ထဲ လုံၿခဳံစြာရွိေနခဲ့ၿပီ မဟုတ္လား။ ........................................................................................................................................ မြန္းတည့္ခ်ိန္မို႔..အက်ဥ္းေထာင္ထဲတြင္ အပူရွိန္က တညီးညီး။ ငတြန္ႏွင့္ ခ်စ္ျမ တို႔အား ပါးကြက္သား ႏွစ္ဦးစီမွ ခ်ိဳင္းမွ မ ကာ တ႐ြတ္တိုက္ ဆြဲေခၚလာ၏။ ငတြန္က မ်က္စိမွိတ္ကာ အံကို ခပ္တင္းတင္းႀကိတ္ၿပီး ေခါင္းကို ေမာ့ထားသည္။ ခ်စ္ျမ မွာ မူ သတိလစ္လ်က္။ လြီဇာ ကား သူတို႔ႏွစ္ဦးျဖစ္လာပုံကို ၾကည့္ကာ အသက္ရႈသံမ်ား ျမန္ဆန္လာသည္။ “သူတို႔ ဝါးညႇပ္ဒဏ္ခံလာရတာပါ” နာလဲက လြီဇာ၏ ပုခုံးကို ပုတ္ကာ ေျပာလိုက္သည္။ “ဝါးညႇပ္ဆိုတာ ဘယ္လိုဟာလဲ” “နင္ ၿမိဳ႕ဝန္တရား႐ုံးေရာက္ရင္ေတြ႕လိမ့္မယ္....လူတစ္ေယာက္ကို ေခြးေျခခုံမွာထိုင္..ဒူးအထက္ကို ႀကိဳးတုတ္ထားတယ္...ၿပီးေတာ့ ေပါင္ၾကားထဲကို ဝါးတစ္လုံးစီ လွ်ိဳၿပီး ပါးကြက္သားေတြက ဝါးကို ခ်ဲ႕လိုက္ ႀကဳံ႕လိုက္ လွန္လိုက္ ဖိခ်လိုက္ လုပ္တာ..... အသဲခိုက္ေအာင္နာတယ္..တခ်ိဳ႕ဆို ေပါင္႐ိုးေတြပါ က်ိဳးတယ္” “ရွင္ေရာ..အဲ့ဒီလို ခံစားဖူးလား” “ငါ့ ေျခေထာက္တစ္ဖက္ လမ္းေလွ်ာက္ရင္ နိမ့္ေနတာ နင္သတိမထားမိဘူးလား..အဲ့ဒီဒဏ္ေတြေပါ့” နာလဲက သူ၏ ဗလာထမီကို မကာ ေပါင္ရင္းရွိ အညိဳအမဲဒဏ္ရာေဟာင္းမ်ားကို လွည့္ျပလိုက္သည္။ ထိုအခါမွ လြီဇာက နာလဲ၏ ေျခေထာက္မ်ားကို အကဲခတ္ၾကည့္မိသည္။ ညာဘက္ေျခေထာက္သံေျခက်င္းခတ္ထားသည့္ ေနရာအေနာက္ဖက္တြင္ အနာမ်ားက ျမင္မေကာင္း။ ျပည္တ႐ႊဲ႐ႊဲျဖင့္။ ထိုညက လြီဇာ အိပ္မေပ်ာ္။ အနာမ်ား ကိုက္ခဲေနသျဖင့္ တအီးအီးညည္းေနသည့္ နာလဲ၏ အသံကိုၾကားေနရသည္။ ဟိုတဖက္ခန္းမွ ငတြန္ႏွင့္ ခ်စ္ျမ အတြက္လည္း သူစိတ္မေကာင္း။ သူမေၾကာင့္...သူတို႔ ဒီေနရာေရာက္လာၾကသည္မဟုတ္လား။ ......................................................................................... “ညည္းကို ျပစ္မႈႏွစ္ခုနဲ႔ စြဲခ်က္တင္ထားတယ္....နန္းမေတာ္ဝန္အာကာေ႐ႊေတာင္ကိုသတ္မႈနဲ႔ ရွင္ျဖဴရွင္လွဘုရားေပ်ာက္ဆုံးမႈမွာ ပုပၸါးမိဖုရားနဲ႔ ပူးေပါင္းႀကံစည္မႈေတြ..ဒီေန႔ အာကာေ႐ႊေတာင္ သတ္မႈအတြက္ ၿမိဳ႕ဝန္႐ုံးမွာ အစစ္ခံရမယ္” အေဖႀကီးေမာင္တုတ္၏ ေလသံက အနိမ့္အျမင့္မရွိ တသမတ္တည္း။ အသက္(၂၀)ခန႔္သာရွိမည္ျဖစ္ၿပီး ပါးတြင္ ႏြားခိုး ဟုေရးထားသည့္ ပါးကြက္သားေလးက လြီဇာ၏ သံေျခက်င္းမ်ားအား ျဖဳတ္ေပးေနသည္။ ေထာင္ဝန္းျပင္ပတံခါးသို႔ ထြက္ခါနီးတြင္ လက္ျပန္ႀကိဳးတုတ္လိုက္သည္။ တန္းစီေနေသာ အက်ဥ္းသား ရွစ္ဦးခန္႔ေနာက္တြင္ လြီဇာ တန္းစီရသည္။ ႀကိဳးရွည္တစ္ေခ်ာင္းကို ေလ်ာ့ကြင္းျပဳလုပ္ၿပီး သူတို႔လည္ပင္းတြင္ လိုက္စြပ္ခ်လိုက္သည္။ လြီဇာအပါအဝင္ အက်ဥ္းသားကိုးဦးမွာ လည္ပင္းတြင္ ႀကိဳးကြင္းမ်ားျဖင့္ တဆက္တည္းျဖစ္သြား၏။ ထို႔ေနာက္ သူတို႔အားလုံးကို အက်ဥ္းေထာင္အနီးရွိ ၿမိဳ႕ဝန္၏ တရား႐ုံးဇရပ္သို႔ ပါးကြက္သားမ်ားက ဓါးထမ္းလိုက္ပါကာ ေခၚေဆာင္သြားေတာ့သည္။ တရား႐ုံးဇရပ္သည္ အက်ဥ္းေထာင္ႏွင့္ ကပ္လ်က္လမ္းမႀကီးမွ ငါးမိနစ္ခန႔္လမ္းေလွ်ာက္ရသည့္ ေနရာတြင္ ရွိသည္။ လည္ပင္းတြင္ ႀကိဳးကြင္းမ်ားျဖင့္ ညစ္ပတ္စုတ္ျပတ္ခါ အ႐ိုးေပၚအေရတင္ေနသည့္ အက်ဥ္းသားမ်ား တန္းစီလမ္းေလွ်ာက္သြားသည္ကို ထိုအနီးတြင္ သြားလာလႈပ္ရွားေနသည့္ အင္းဝၿမိဳ႕သားမ်ားက ဘာမွ် မထူးဆန္းသကဲ့သို႔။ ဇရပ္ေရွ႕ေျမႀကီးေပၚတြင္ သူတို႔အားလုံး ငုတ္တုတ္ထိုင္လိုက္ၾကရသည္။ အမႈစစ္ေဆးမည့္ ၿမိဳ႕စာေရးမွာ ေၾကးကြမ္းအစ္ႀကီးထဲမွ ကြမ္းကို စိမ္ေျပနေျပယာေန၏။ ထို႔ေနာက္ ဇရပ္ေရွ႕တြင္ ငုတ္တုတ္ထိုင္ေနၾကေသာ အက်ဥ္းသားမ်ားကို တခ်က္ၾကည့္လိုက္သည္။ လြီဇာ ကို ေသခ်ာစူးစိုက္ၾကည့္၏။ အေဖႀကီးတုတ္သည္ ေပစာ႐ြက္တစ္ခုကို ၿမိဳ႕စာေရးထံ ထိုးေပးလိုက္သည္။ ၿမိဳ႕စာေရးက ေပစာကို ေသခ်ာဖတ္သည္။ ထို႔ေနာက္ ေပစာထဲကပါေသာအမည္မ်ားကို ေခၚေတာ့သည္။ အမည္ပါသူ အက်ဥ္းသားက... “ဘုရား” ထူးၾကရသည္။ “လြီဇာဒီမဲလိုး” ဆိုသည့္ ေနရာအေရာက္တြင္ ၿမိဳ႕စာေရးက ဆက္မေခၚပဲ ရပ္ထားလိုက္၏။ “သူ႔ကို ႀကိဳးျဖဳတ္ေပးလိုက္...သူ႔အမႈကို ၿမိဳ႕ဝန္မင္းဘုရား လာမွ စစ္မွာ..ေလာေလာဆယ္...သူ႔ကို ၿမိဳ႕ဝန္႐ုံးထဲ မွာ ခဏသြားထားရမယ္လို႔ ၿမိဳ႕ဝန္မင္းက အမိန႔္ရွိတယ္” အေဖႀကီးတုတ္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ “ၿမိဳ႕ဝန္မင္းအမိန႔္ပဲ...ဦးတုတ္..ခင္ဗ်ားလူတစ္ေယာက္နဲ႔အတူ ႐ုံးထဲမွာ သူ႔ကို ပို႔ထားလိုက္” အေဖႀကီးတုတ္က အက်ဥ္းသားမ်ားေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။ ထို႔ေနာက္ လက္ထဲတြင္ ကိုင္ထားသည့္ လိပ္ေက်ာက္ၿမီးကို ႐ႊမ္းခနဲ ေနေအာင္ ေလထဲတြင္ ႐ိုက္လိုက္၏။ “ငေလွး...ဗရင္ဂ်ီမကို လည္ပင္းႀကိဳးျဖဳတ္စမ္း...ၿမိဳ႕ဝန္႐ုံးေရွ႕ မင္းေသခ်ာေစာင့္ၾကပ္ၿပီး ထိုင္ခိုင္းထား..ဓါးလြတ္ကို အသင့္ျဖစ္ပါေစ” ငေလွး မွာ အခ်ဳပ္ခန္းထဲတြင္ လြီဇာအား သံႀကိဳးလာျဖည့္ေပးသည့္ အသက္(၂၀)အ႐ြယ္ပါးကြက္သားေလး ျဖစ္သည္။ ဓါးလြတ္ကိုင္ထားသည့္ ငေလွးက လြီဇာအား ၿမိဳ႕ဝန္႐ုံးထဲသို႔ ေခၚေဆာင္သြား၏။ ႐ုံးခန္းေရွ႕သို႔‌ေရာက္ေသာအခါ လွံကိုင္စစ္သားႏွစ္ဦးက ငေလွး၏ ပါးမွ စာတမ္းကိုၾကည့္ကာ တားလိုက္သည္။ “ေဟ့..သူခိုး...ဒီထဲ မင္းဝင္ခြင့္မရွိဘူး....အက်ဥ္းသားကို ငါတို႔ တာဝန္ထား” ငေလွးမွာ ၿမိဳ႕ဝန္႐ုံးေရွ႕ မန္းက်ည္းပင္ကြပ္ပ်စ္ေပၚတြင္ ထိုင္လ်က္က်န္ရစ္သည္။ ၿမိဳ႕ဝန္႐ုံးခန္းထဲသို႔ ဝင္လိုက္ေသာအခါ သလြန္ေပၚတြင္ထိုင္ကာ ေဆးေပါ့လိပ္ဖြာေနသည့္ ေလာင္းရွည္မင္းသမီးႀကီး ကို ေတြ႕လိုက္ရသည္။ ေလာင္းရွည္မင္းသမီး၏ နေဘးတြင္ ဒူးတုတ္ခစားေနသူက ရွင္မိငယ္။ လြီဇာက ေလာင္းရွည္မင္းသမီးႀကီး ကို လက္အုပ္ခ်ီဒူးတုပ္လိုက္သည္။ “မင္း အမွာပါးတာ သူမဟုတ္လား” ရွင္မိငယ္က လြီဇာကို ေဖ်ာ့ေတာ့ေသာ အၿပဳံးျဖင့္ ၿပဳံးျပလိုက္သည္။ “မွန္ပါ..မမဖုရား” “မင္းတို႔ ေထာင္ထဲရွိတဲ့ကာလတစ္ေလွ်ာက္ စားေရးေသာက္‌‌ေရးကို သူကေလးက တာဝန္ယူပို႔ေပးလိမ့္မယ္...သူက စစ္ကိုင္းက လာရတာဆိုေတာ့ ႏွစ္ရက္တစ္ခါပဲ လာလိမ့္မယ္.. ဒီၾကားထဲ အထားအသိုခံတဲ့ ေကာက္ညႇင္းထုတ္လို ရိကၡာမ်ိဳး ေပးထားခဲ့မွာေပါ့” “သင့္ေတာ္ပါတယ္..မမဖုရား” “အေရးႀကီးတာ ငါေျပာမယ္....ခဏေန ၿမိဳ႕ဝန္ကိုယ္တိုင္ ညည္းအမႈကို စစ္လိမ့္မယ္...အာကာေ႐ႊေတာင္သတ္မႈမွာ ညည္းနဲ႔ မသက္ဆိုင္ဘူး..သူတို႔အညႇိးနဲ႔ သူတို႔သတ္တာပါလို႔ ငတြန္နဲ႔ ခ်စ္ျမက ဝန္ခံသြားတယ္... ေသနတ္ကိုင္ျမင္းစုနဲ႔ အတြင္းဝန္ေက်ာ္ထင္နႏၵမိတ္ က လည္း သတ္တဲ့ထဲ ညည္းမပါဘူးလို႔ သက္ေသထြက္ၾကလိမ့္မယ္..ဒီေတာ့ ကြၽန္ေတာ္မ်ိဳးမ မသတ္ပါဘူး ဆိုတဲ့ စကားတစ္ခြန္းက လြဲၿပီး ညည္းဘာမွ မေလွ်ာက္နဲ႔..ညည္းကို သူတို႔ ႏွိပ္စက္ညႇင္းပန္းတာမ်ိဳး မလုပ္ဖို႔ ကိုးသိန္းသခင္က ၿမိဳ႕ဝန္ကို ေခၚေျပာထားၿပီးၿပီ..ညည္းေျပာရမွာ...ကြၽန္ေတာ္မ်ိဳးမသတ္တဲ့အထဲ မပါပါဘူး ဆိုတာပဲ..မွတ္ကဲ့လား” “မွတ္သားထားပါတယ္..မမဖုရား” “မၿပီးေသးဘူး..ဒီအမႈၿပီးရင္ ပုပၸါးမိဖုရားနဲ႔ ကသည္းအေရးကိစၥရွင္းရဦးမယ္...အဲ့ဒါကို ၿဗဲတိုက္ေတာ္မွာ ဝန္ႀကီးေတြ ကိုယ္တိုင္စစ္ေဆးလိမ့္မယ္... စစ္ကိုင္းက ပုဏၰားဘုရားေက်ာင္းမွာ ပုပၸါးမိဖုရားရယ္၊ ကသည္းမင္းသား ဆန္ေဂ်းခူရာလက္ပရယ္၊ မင္းသားေမာင္လွရယ္ ၊ ပုဏၰားေတြရယ္ စည္းေဝးၾကတဲ့ ကိစၥကို အဓိကစစ္လိမ့္မယ္...ပုပၸါးမိဖုရားကိုလည္း အခု နန္းတြင္းေၾကးတိုက္ေတာ္မွာ ထားတယ္...အဲ့ဒီကိစၥကို ေမာင္ေတာ္ကိုးသိန္းသခင္ လက္လွမ္းမမီေတာ့ဘူး...ဒီေတာ့..ငါကိုယ္တိုင္ တူမေတာ္ မိဖုရားေခါင္ႀကီးအေဆာင္ကို ဝင္ေတြ႕ေပးပါ့မယ္... ညည္းဟာ ငါတို႔ရဲ႕ စီးပြားေရးေတြမွာ အမ်ားႀကီး အေရးပါခဲ့တဲ့သူမို႔ေရာ...ညည္းကို ငါ့ညီမေလးလို သနားမိတာေၾကာင့္ဆိုတာမွတ္ပါ” “ေက်းဇူးႀကီးပါတယ္...မမဖုရား” “ကဲ..ဟုတ္ၿပီ...ငါ ျပန္ႂကြေတာ့မယ္...ၿမိဳ႕ဝန္မလာမခ်င္း ညည္းကို ဒီၿမိဳ႕ဝန္႐ုံးဝန္းထဲမွာပဲ ထားေပးဖို႔ ငါေျပာထားခဲ့တယ္...ဟိုသူငယ္မက ေန႔လည္က်ရင္ ညည္းအတြက္ ထမင္းလာပို႔လိမ့္မယ္” ေလာင္းရွည္မင္းသမီးႀကီး က သလြန္မွ ထလိုက္သည္။


ခက္ေဇာ္

Comments

Post a Comment