AVA 1740s ( အခန်း ၂၄)
AVA 1740s
အခန်း(၂၄)
...............................................
“ရှင်က ဘုရင့်သားလား”
နာလဲက မင်းသားဆန်ဂျေး၏ မျက်နှာကို ကြည့်ကာ တအံတသြမေးလိုက်၏။
ဆန်ဂျေးက ပြုံးနေသည်။
“ကျွန်မ မတ္တရာက ကျွန်မရွာကို ပြန်မယ်”
ဆန်ဂျေးက ခေါင်းခါလိုက်သည်။
“မင်း မပြန်ရဘူး...ငါတို့ ဒီမှာ ရောက်နေတဲ့သတင်းက အင်းဝကို ဘယ်နည်းနဲ့မှ ပေါက်ကြားလို့မရဘူး”
“ဘာရှင့်....ဘာဆိုင်လို့လဲ”
“ငါတို့ က မဏိပူရတပ်တွေ အင်းဝကို ချီလာမယ့် လမ်းကြောင်းကို ထောက်လှမ်းဖို့ လာခဲ့တာလေ...ဒီကျွန်းပေါ်မှာ ငါတို့ခိုနေတာသိရင်..တို့ စစ်ဗျူဟာတွေ အကုန် ကမောက်ကမဖြစ်ကုန်မယ်”
“ရှင်တို့က ကျွန်မကို ဖမ်းထားတာလား”
“ခဏထိန်းသိမ်းထားတာပါ....မကြာခင် ငါတို့လည်း ခမည်းတော်ရဲ့တပ်နဲ့ သွားပေါင်းမှာပါ..အဲ့ဒီကျ မင်းကို ပြန်လွှတ်ပေးပါ့မယ်..စိတ်ချပါ..ဒီကာလမှ မင်းကျန်းမာလာတဲ့အထိ ငါကုပေးမှာပါ..ငါက ကောင်းကောင်းဆေးကုတတ်ပါတယ်”
“ဘယ်တတ်နိုင်မလဲ..ရှင်တို့ လက်ခုပ်ထဲက ရေဖြစ်နေပြီပဲ”
“ကဲ..မင်းအတွက် ငါ ဆန်ပြုတ်လိုက်ခိုင်းထားတယ်..ခဏနေ လာပို့လိမ့်မယ်..အနားယူလိုက်ပါဦး”
မင်းသားဆန်ဂျေးက တဲပေါ်မှ ဆင်းသွား၏။
ခပ်လှမ်းလှမ်းတွင် မီးပုံတစ်ခုနှင့်အတူ ဓါးလှံကိုင်ထားသော လူအချို့ကို နားလဲ တွေ့လိုက်ရသည်။
ခဏအကြာတွင် ကသည်းစစ်သည်တစ်ဦးက မြေခွက်ဖြင့် ထည့်ထားသော ဆန်ပြုတ်တစ်ပန်းကန်လာပို့ပေးသည်။
ညနေခင်းကတည်းက ပြေးလွှားလာရသဖြင့် နားလဲမှာ ဆာလောင်နေသည်။
ထို့ကြောင့် ဆန်ပြုတ်ကို ခပ်မြန်မြန်မော့သောက်ပစ်လိုက်၏။
အရှေ့ဘက်ကွင်းပြင်ဆီမှ ကသည်းစကားပြောသံများ တချက်တချက်ကြားရသည်။
နားလဲ က မျက်စိများကို ခဏမှိတ်ထားလိုက်သည်။
စကားသံများ လုံးဝနီးပါးတိတ်ဆိတ်သွားပြီဖြစ်သည်။ အရှေ့ဘက်ကွင်းပြင်မှ မီးပုံမှာလည်း ခပ်မှိန်မှိန်သာ ရှိတော့၏။
နားလဲက တဲ၏ ပြတင်းဝမှ အခြေအနေကို အကဲခတ်လိုက်သည်။
သူမရှိနေသည့် တဲပတ်လည်တွင် နောက်ထပ် တဲတန်းရှည်ကြီးတစ်ခုနှင့် ခြေတံရှည်တဲတစ်လုံးကို တွေ့ရသည်။
နားလဲက သူ့ဘေးနားမှ စောင်ကို ဆွဲဖြဲလိုက်သည်။ ထို့နောက် ဆန်ပြုတ်လာပို့ထားသော မြေခွက်ကို စောင်နှင့် ကျစ်နေအောင် လုံးချည်လိုက်၏။
နားလဲအတွက် လက်နက်တစ်ခု ရခဲ့ပြီ။
စောင်ကျစ်စကို လက်တွင် ဆုပ်ကိုင်ကာ တဲပေါ်မှ ဆင်းလိုက်၏။ ဘေးဘီဝဲယာမှ မှောင်မဲနေသည်။
လပြည့်ကျော်စမို့ လရောင်ပျပျအောက်တွင် မြင်ကွင်းက ခပ်ရေးရေး။
သူရောက်နေသည်မှာ မြစ်လယ်မြေနုကျွန်းမို့ မည်သည့်ဘက်သို့ ပြေးပြေးရေပြင်ရှိရာ ရောက်မည်ကို နားလဲ သိသည်။
သို့သော် မည်သည့်နေရာတွင်လှေများ ထားမည်ကို နားလဲမသိ။
မီပုံဖိုထားသည့် နဘေး မလှမ်းမကမ်းတွင် လူသွားလမ်းတစ်ခုကို တွေ့ရသည်။
သေချာပြီ။ မြစ်ဆိပ်ဆီသွားရာလမ်း။
အမဲလိုက်ကျွမ်းကျင်သည့် ကွေ့တို့၏ မျိုးဆက်သွေးများ နားလဲထံတွင် ရုန်းကြွလာသည်။
နားလဲက ခန္ဓာကိုယ်ကိုင်းလျင် ခြေကိုရှပ်ကာ တဲအနောက်ဘက်ရှိ ကိုင်းတောများထံ တိုးဝင်လိုက်သည်။
ကိုင်းတောမှ ဖြတ်ထွက်လျှင် မီးပုံဘေးနားမှ လမ်းဆီသို့ ရောက်မည်။ ထိုလမ်းမှတဆင့် မြစ်ဆိပ်သို့ရောက်မည်။
လှေကို ယူပြီး နားလဲ ခရီးဆက်မည်။
ကိုင်းတောကို အသံမကြားအောင် သတိထားရင်း နားလဲ ခပ်ဖြည်းဖြည်းတိုးလာခဲ့သည်။
တချက်တချက် ကိုင်းတောထဲမှ တောကြောင်တို့၏ မျက်လုံးစိမ်းစိမ်းများကို နားလဲမြင်ရ၏။
ကွင်းပြင်ဆီမှ ချောင်းဟန့်သံ တစ်ချက်ကြားသဖြင့် ခေတ္တရပ်နေလိုက်သည်။
ထို့နောက် ခေါင်းဝပ်ခါးချိုး အနေအထားဖြင့် ရှေ့သို့ ထပ်တိုးသွား၏။
ရုတ်တရက် ဟန်ချက်ပျက်ပြီး ကျင်းတခုထဲသို့ ကျွံကျသွားသည်။
ထိုစဥ် လက်တစ်ဖက်က နားလဲ၏ ညာဘက်လက်မောင်းကို လှမ်းစောင့်ဆွဲခံလိုက်ရသည်။
တွင်းထဲသို့ မကျပဲ အရှိန်ဖြင့် မြေပေါ်ပုံကျသွား၏။
နားလဲက သတိလွတ်မသွား။
လက်ထဲမှ မြေခွက်ထည့်ထားသော စောင်စဖြင့် အားကုန်ရိုက်ချလိုက်သည်။
“ခွပ်” ခနဲ။
“အား”
နားလဲက နောက်တချက်ရိုက်ဖို့ပြင်လိုက်သည်။
“မင်း..ကို ငါကယ်လိုက်တာ..အောက်ကျင်းထဲမှာ ဝါးချွန်တွေရှိတယ်ကွ”
မင်းသားဆန်ဂျေး၏ အသံဝဲဝဲကို နားလဲ မှတ်မိလိုက်သည်။
ခဏအကြာတွင် မီးတုတ်များဖြင့် ကသည်းစစ်သည်များ သူတို့အနားသို့ ရောက်လာကြသည်။
မီးရောင်ထိန်ထိန်တွင် နားလဲက သူပြုတ်ကျလုဖြစ်သည့် တွင်းထဲသို့ ငုံ့ကြည့်လိုက်၏။
တွင်းအောက်တွင် ချွန်မြနေသည့် ဝါးများ။
ပြုတ်ကျသည်နှင့် ရှင်စရာအကြောင်းမရှိ။
နားလဲ နောက်ပြန်လှည့်လိုက်သည့်အခါ လှံရှည်နှစ်စင်းက သူ့လည်မြိုကို လာထောက်ထားတော့သည်။
ကသည်းစစ်သည်များ။
သူတို့နောက်မှ မင်းသား ဆန်ဂျေး ကို ကြည့်လိုက်သည့်အခါ နဖူးတွင် သွေးများ တစက်စက်ကျနေ၏။
ဆန်ဂျေးက သူ့လူများကို ကသည်းဘာသာဖြင့် ပြောလိုက်သည်။
နားလဲကို ထောက်ထားသည့် လှံများကို ပြန်ရုတ်လိုက်ကြ၏။
“ဒီစခန်းပတ်ချာလည်မှာ ထောင်ချောက်တွေ၊ သုတ်ကိုင်းတွေရှိတယ်ဆိုတာ ငါမင်းကို သတိပေးဖို့ မေ့သွားတယ်....ငါ့အပြစ်ပါ”
ဆန်ဂျေးက သွေးစများကို လက်ဖြင့်အုပ်ရင်းက နားလဲကို ပြုံးကာ ပြောလိုက်သည်။
“ကဲ..ရှေ့ဆက်သွားလို့ ထောင်ချောက်တွေကိုကျော်ပြီးရင်လည်း မင်း မြစ်ထဲကို ရေကူးသွားမှရမယ်..လှေတွေကို ငါတို့ လုံခြုံရာမှာ သိမ်းထားပြီးပြီ..မင်းသိပ်...သွားချင်သပဆိုလည်းသွား..ငါ့စစ်သည်တွေကိုလည်း ငါပြောထားတယ်..သွားတော့”
နားလဲက နောက်ဘက်သို့ လှည့်လိုက်သည်။ သို့သော် ခြေထောက်နေရာမှ ဆစ်ခနဲ။
မြေကြီးပေါ်ပြုတ်ကျခဲ့သည့် ဒဏ်က အနာဖြစ်နေသော ခြေချင်းဝတ်ကို ထပ်မံထိခိုက်သွားခြင်းပင်။
နားလဲ မြေကြီးပေါ် လဲကျသွားသည်။
“သိပ်စိတ်ကြီးတဲ့ မိန်းကလေးပဲ..ကဲ.ပြေးချင်သပဆိုလည်း မင်းခြေထောက်တွေ အကောင်းဖြစ်မှ ပြေးတော့....လာ”
ဆန်ဂျေးက နားလဲကို စွေ့ခနဲ ပွေ့ချီလိုက်၏။
သွေးစက်တစ်စက်က ဆန်ဂျေး၏နဖူးမှ နားလဲ၏ မျက်နှာပေါ်သို့ ပြုတ်ကျလာ၏။
နားလဲက သွေးထွက်နေသော ဆန်ဂျေး၏ နဖူးကို လရောင်အောက်တွင် မော့ကြည့်လိုက်သည်။
“ရှင် သွေးတွေထွက်နေတယ်..ဆေးထည့်လိုက်ဦး”
“ငါက အရေးမကြီးပါဘူး.....မင်းခြေထောက်က အခု ချက်ချင်းဆေးစည်းမှဖြစ်တော့မှာ..ပုတ်တော့မယ့်အနာတွေကလည်းရှိသေးတယ်... မင်းရုပ်လေးနဲ့ ခြေထောက်တစ်ချောင်းဖြတ်လိုက်ရရင် မင်းကို ယူတဲ့လင်က နှမြောနေမှာပဲ”
နားလဲက ရယ်ချင်လာသဖြင့် ဆန်ဂျေး၏ ရင်ဘတ်ဆီသို့ မျက်နှာကို ကွယ်ကာ ပြုံးလိုက်သည်။
ပူအိုက်သော ရာသီဖြစ်သဖြင့် ခန္ဓာကိုယ်ဗလာပိုင်းအပေါ်ကျင်းထားသော ဆန်ဂျေး၏ ရင်ဘတ်မှ အမွှေးအမျှင်ထူထူများကို နားလဲ၏ ပါးပြင်တစ်ဖက်ဖြင့် ထိတွေ့မိသွား၏။
............................................................................................................
ရနံ့တစ်ခုက နားလဲ နှာခေါင်းထဲ ဝင်လာသည်။
ကြက်ကင်ရနံ့။
အင်းဝအကျဉ်းထောင်တွင်ရောက်ကတည်းက လပေါင်းများစွာ ကွာဝေးခဲ့ရသည့် ကြက်ကင်ရနံ့။
နားလဲ ရုတ်ခနဲ ကုန်းထလိုက်သည်။
သူ့ရှေ့တွင် ဆန်ဂျေး၏ အပြုံးချိုချို။
ဆန်ဂျေးက မေးငေါ့ပြလိုက်သည်။
နားလဲရှေ့ ငှက်ပျောရွက်ပေါ်တွင် ထမင်းဖြူဖြူနှင့် ကြက်ကင်တစ်ကောင်။
“မင်း အားရှိစာတွေ စားရမယ်....ဟုတ်ပြီလား”
“ကြက်ကြော်က တကောင်လုံးလား”
“ဟုတ်တယ်..ငါတို့အားလုံးက သက်သက်လွတ်စားတာ..မနက်စောစော ငါ့လူတွေကို တောကြက်တစ်ကောင်ရှာခိုင်းပြီး မင်းအတွက် ကင်ထားပေးတာ”
နားလဲ ဟန်မဆောင်တော့။
ကြက်ကင်ကို အငမ်းမရဖဲ့လိုက်သည်။
“ငါတို့က ဒီမှာ ပုန်းနေရာတာဆိုတော့ ထမင်းချက်ရုံကလွဲပြီးကျန်တာ မီးမဖိုပဲ ဖြစ်သလို စားကြတာ..ကြက်ကိုလည်း ဖြစ်သလို ရွှံ့နဲ့မံပြီးကင်ထားတာမို့ ..သိပ်တော့ အရသာမရှိဘူးထင်တယ်”
နားလဲက ကြက်ပေါင်တစ်ဖဲ့ကို မြို့ချလိုက်သည်။
“ကိစ္စမရှိပါဘူး..ကျွန်မ က အင်းဝထောင်ထဲမှာလည်း ကြွက်တွေတောင် အစိမ်းစားခဲ့ရတာ”
“ဟင်”
ဆန်ဂျေး က နားလဲကို တအံတသြကြည့်လိုက်သည်။
“အလကားစတာပါရှင်.အဲ့ဒီလောက်လည်း ကျွန်မကို မလန့်သွားပါနဲ့..ကြွက်တွေဖမ်းပေးပြီး ထောင်စောင့်တွေဆီက ကောက်ညှင်းထုတ်နဲ့လဲစားရတာပါ..ခစ်ခစ်.”
ထိုတခစ်ခစ်ရယ်သံလေးများကြားတွင် မင်းသားဆန်ဂျေးခူရာလက်ပ တစ်ယောက် မဏိပူရရှိ ကန်ကလာနန်းတော်ကြီးကိုပင် တဒင်္ဂမေ့လျော့သွားရသည်။
....................................................................................................................
လွီဇာက လှည်းယာဥ်ပေါင်းမိုးကိုကာထားသည့် တင်းတိမ်စ ကို လှပ်လိုက်၏။
“ဘာဖြစ်လို့ ရပ်လိုက်ကြတာလဲ”
“ရှေ့မှ....ဟံသာဝတီက ဆင်ဖမ်းထွက်လာတဲ့ အောက်မားဆင်သင်းနဲ့ တိုးနေလို့...သူတို့ကို အရင်သွားခိုင်းပြီး.ခဏရပ်ပေးမှရမယ်”
မြင်းပေါ်မှ အကြပ်ကြီးက ဖြေသည်။
“ဟံသာဝတီကဆိုတော့....ဦးအောင်လှ တို့များလား”
လွီဇာက လှည်းပေါ်မှ ဆင်းလိုက်သည်။
တောလမ်းက ခပ်ကျဥ်းကျဥ်း။
ဆင်များက ထိုလမ်းကျဥ်းအတိုင်း တန်းစီပြီလာနေ၏။
ဒုတိယမြောက်ဆင်ပေါ်တွင် ဦးအောင်လှ နှင့် သမီးငယ် ဂမုန်းတို့ကို တွေ့လိုက်ရသည်။
“ဟေး..ဂမုန်း”
“ဟယ်..မမလွီဇာ”
ဦးအောင်လှနှင့် ဂမုန်းက ဆင်ပေါ်မှ ဆင်းလာသည်။
“လုံမ လာမယ်ဆိုတာ ဟံသာဝတီမြို့ဝန်ရုံးက ပြောလို့တော့သိတယ်..ဒီလောက်မြန်လိမ့်မယ်မထင်တာ”
“ဒါနဲ့ ဆင်ဝန်မင်းတို့က ဘယ်သွားကြမလို့လဲ”
“သမီးတို့ ဒီအဝိုင်းရွာဘက်မှာ စွယ်စုံကြီးတစ်ကောင်ပေါ်တယ်ဆိုလို့ အောက်မားသင်းတွေနဲ့ လာကျော့တာ..မမ”
နှစ်နှစ်တာကာလအတွင်း ဂမုန်းကား အပျိုဖော်ပင် ဝင်စပြုနေခဲ့ပြီဖြစ်သည်။
ဇင်းမယ် တိုင် အနွယ်တို့၏ အလှသွေးက ဂမုန်း၏ ကိုယ်ပေါ်တွင် အဖူးအငုံတို့ဖြင့် အရောင်ခြယ်နေကြပြီကို လွီဇာ သတိထားမိလိုက်၏။
“မမ ဆင်ကျော့တာ ကြည့်ချင်ရင်..ဂမုန်းတို့နဲ့ ဒီမှာနေခဲ့ပါလား”
“ဖြစ်ပါ့မလာ..ဂမုန်းရဲ့”
ဦးအောင်လှက ဆေးလိပ်တစ်လိပ်ကို လွီဇာထံ ကမ်းပေးသည်။
လွီဇာက ယူလိုက်ပြီး ဘေးနားတွင်ရပ်နေသော မယ်ဖူးကို ပေးလိုက်၏။
“ဒီမှာ အတွေ့အကြုံရအောင် တို့နဲ့ နေခဲ့ပါလား..လုံမ..တရက်နှစ်ရက်ပါပဲ”
“ကျွန်မမှာ ကိုးသိန်းသခင်ထည့်ပေးလိုက်တဲ့ တပ်စိတ်လည်းပါသေးလို့ပါ”
“အော်ကွယ်...ရှေ့မှာ ဟံသာဝတီကရောက်နေပြီပဲ...သူတို့ကိုပြန်သာလွှတ်လိုက်..ဒီမှာ ကျုပ်လူတွေမှ တပုံကြီး..စိတ်ချရပါတယ်”
“ဖြစ်ပါ့မလား..ဆင်ဝန်မင်းရဲ့”
“ဖြစ်ပါတယ်..ကျုပ်ပြောလိုက်ပါ့မယ်...ဟံသာဝတီမှာလည်း လုံမလာနေမယ်ဆိုလို့ အိမ်ရာစီစဥ်ပေးဖို့ မြို့ဝန်ဆီကို ကိုးသိန်းသခင်က အကြောင်းကြားထားတယ်တဲ့...တခြားတွေးမနေပါနဲ့..ကျုပ်အိမ်နားမှာ မြေအလွတ်ရှိနေတာပဲ..အဲ့ဒီမှာဆောက်လိုက်ပေါ့..မတိုင်ခင် ကျုပ်အိမ်မှာ လုံမတို့ ခဏနေလည်း ရတာပ”
“ဟုတ်ပါတယ်...မမ..ဆင်ကျော့တာက မြင်ရခဲတယ်နော်...ဒီမှာနေလိုက်”
“အင်း..ပစ္စည်းတွေက လှည်းနဲ့အပြည့်ပါလာတာကျ ဘယ်လိုလုပ်ရမလဲ..ဆင်ဝန်မင်း”
“အိုကွယ်..ကျုပ် ဆင်တွေ အစီး(၃၀)တောင်ပါတာကော...ပူစရာလား”
“အင်း..ဒါဆိုလည်း ဒီမှာ တညအိပ်ရမယ့်အတူတူတော့...သူတို့ကို ကျွန်မ ပြန်လွှတ်လိုက်ပါ့မယ်”
“အေး..ကိုးသိန်းသခင်အတွက် ဝက်မာန်စွယ်ကောင်းကောင်း ကျုပ်ရထားတာပါ...ဒီလူကြုံနဲ့ ပြန်ထည့်ပေးလိုက်တာပေါ့”
“ဒီမမက ဘယ်သူလဲဟင်..”
ဂမုန်းက လွီဇာဘေးတွင် ရပ်နေသော မယ်ဖူးကို လက်ညိုးထိုးလိုက်သည်။
“အဲ့ဒါ မမ ညီမလေ..မယ်ဖူးတဲ့”
“သူရော..ဟံသာဝတီမှာ နေမှာလား”
“အင်းပေါ့”
“ဟယ်..ပျော်စရာကြီး....ဒီည ဂမုန်းကို အင်းဝမြို့တော်မှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာ ပြောပြရမယ်နော်..အိမ်ရောက်ရင်...မမ မပြောခင် သီရိကို ဂမုန်းက ဆရာလုပ်မလို့”
“ဟဲ့ကောင်မလေး...ကိုယ့်အမကို အမတော်လို့ ခေါ်ပြောရမယ်လို့.. ငါ ပြောထားတယ်လေ..ဘယ့်နှယ့် သီရိလဲ..ငါ လုပ်လိုက်ရ”
ဆင်ဝန်ဦးအောင်လှက ငေါက်လိုက်သဖြင့် ဂမုန်းမှာ လျှာလေးထုတ်ကာ ဇက်ပုသွား၏။
...................................................................................................................................
အင်းဝနန်းတော်မှ တောတောင်အနှံ့သို့ စေလွှတ်ထားသော အောက်မားအသင်း၊ ဆင်အထောက်တော်များသည် လက္ခဏာကောင်းသည့် ဆင်သတင်းကို ရလျှင် အဆင့်ဆင့်သတင်းပို့ရသည်။
နန်းတော်မှ ပို့သည့်သတင်းပေါ်မူတည်ကာ ဆင်လက္ခဏာဖတ်၊ ဆင်ကျမ်းတတ်သော ဆင်ပညာရှင်နှင့် ပုံတူဆွဲပန်းချီဆရာအား စေလွှတ်သည်။
ဆင်ပညာရှင်နှင့် ပန်းချီဆရာတို့သည် ဆင်အထောက်တော်နှင့်အတူ ဆင်သွားလာတတ်သည့် တောကြီးမျက်မှန်းထဲ သစ်ပင်ပေါ်တွင် လင့်စင်ထိုးကာ ရိက္ခာအပြည့်အစုံဖြင့်နေကြရသည်။
ပစ်မှတ်ထားသော ဆင်ကြီးဖြတ်သွားသည့်အခါ ပန်းချီဆရာက ဆင်၏ပုံတူကို ရသ၍ ပုံကြမ်းခြစ်သည်။
ဆင်ပညာရှင်က ဆင်၏ ကြန်အင်လက္ခဏာကို ဖြစ်သော နှာမောင်း၊ အမြီး၊ အသွေးအရောင်တို့ကို အချက်ပေါင်း (၃၁၅)ချက်ဖြင့် စစ်ဆေးရ၏။
ဆင်သည် ထိုအချက်များဖြင့် ကိုက်ညီပြီး ဆင်ကောင်းဖြစ်လျှင် ပန်းချီပုံနှင့်တကွ နန်းတော်သို့ ပြန်တင်ရသည်။
နန်းတော်တွင် ဆင်ဝန်များ၊ အောက်မားဝန်းများက အဆင့်ဆင့်စစ်ဆေးရသည်။ ထို့နောက် ဘုရင်ထံ တင်လျှောက်ပြီး ဘုရင်က ဖမ်းမိန့်ပေးသည့်အခါ အောက်မားအသင်းများ က ဆင်ဖမ်းရန် ထွက်ခွာရသည်။
အစွယ်မပေါက်သည့်ဟိုင်းဆင်၊ အစွယ်တစ်ချောင်းသာပေါက်သည့် လက်ယာတည်၊ လက်ဝဲတည်ဆင်နှင့် စွယ်စုံဆင်တို့ ရှိသည့်အနက် ယခုဟံသာဝတီအနီးတွေ့သည့်ဆင်မှာ စွယ်စုံဆင်ဖြစ်သည်။
စွယ်စုံဆင်မှာ ဘုရင်စီးနင်းမည့် တိုက်ဆင်မျိုးဖြစ်သောကြောင့် အင်းဝနန်းတော်မှ ဟံသာဝတီဆင်ဝန်ဦးအောင်လှကိုယ်တိုင် အောက်မားသင်းကို ကြီးကြပ်ပြီး ဆင့်ကျော့စေခြင်းဖြစ်သည်။
အောက်မားသင်း တသင်းတွင် ဆင်မပေါင်း (၂၅)မှ (၃၀)အထိ ပါဝင်သည်။
ထိုဆင်မများထဲမှ ဆင်ရိုင်းကြီးကြိုက်နှစ်သက်လောက်သည့် ဆင်မသွယ်လျလျလေးကို ရွေးချယ်ရသည်။
လေ့ကျင့်ထားပြီးဖြစ်သော ဆင်သွယ်လျကလေးသည် ဆင်ရိုင်းကြီး စားကျက်ရှိရာနေရာနှင့် မနီးမဝေးတွင် ကိုယ်ယောင်သွားပြသည်။
ဆင်ရိုင်းကြီး က ကြိုက်သည့်ဟန် မပြလျှင် နောက်ရက်တွင် ဆင်လုံးကြီးပေါက်လှမ တစ်ကောင်ကို ထပ်မံ စေလွှတ်ရသည်။
ဆင်ရိုင်းကြီး ကြိုက်ဟန်ပြသည့်ဆင်မ ဆိုလျှင် တဖြည်းဖြည်းနှင့် ဆင်ရိုင်းကြီးအနီးသို့ ရစ်သီပေးရ၏။
ရက်အတန်ကြာသောအခါ ဆင်ရိုင်းကြီးက ဆင်မလေးကို ရန်မူဟန်မပြလျှင် ဆင်မလေးက တဖြည်းဖြည်းကပ်သွားသည်။
ထို့နောက် ဆင်ရိုင်းကြီးအနားတွင် ဆင်မလေးက အတူတူအစာရှာစားသည်။
ဆင်ရိုင်းကြီးက ဆင်မလေးကို သံယောဇဥ်ရှိလာ၏။
အစပိုင်းတွင် ဆင်ရိုင်းကြီးသွားရာသို့ ဆင်မလေးက တကောက်ကောက်လိုက်သည်။
နောက်ပိုင်းတွင် ဆင်မလေးသွားရာသို့ ဆင်ရိုင်းကြီးက လိုက်ရသည့် အနေအထားဖြစ်လာ၏။
သံယောဇဥ်ကစားပွဲတွင် ဆင်ရိုင်းကြီးမှာ ခံစစ်အနေအထားသို့ မသိမသာကျရောက်လာတော့၏။
ထိုအခြေအနေတွင် အနီးအနားတွင် ချောင်းမြောင်းလေ့လာနေကြသော အောက်မားဆင်သမားတို့မှာ လက်ခမောင်းခတ်ကြပြီဖြစ်သည်။
ဆင်မလေးသည် တဖြည်းဖြည်းနှင့် ဆင်ရိုင်းကြီးကို တောနက်ထဲမှ တဆင့် အနီးအနားရွာများမှ ဆင်ကျုံးရှိရာသို့ခေါ်ဆောင်လာရသည်။
မြို့ကြီးသူ ဆင်မလေး၏ မာယာဖြင့်လှမ်းသည့် ခြေလှမ်းများတွင် တောတွင်းသားဆင်ရိုင်းကြီးမှာ တအိအိ ပြိုကျနေရပြီဖြစ်၏။
ဆင်မလေးသည် ဆင်ကျုံးရှိရာသို့ တဖြည်းဖြည်းဝင်သွားသည်။
ဆင်ကျုံးမှာ ကြီးမားသောသစ်သားလုံးကြီးများဖြင့် သုံးထပ်ကာရံထားသည်။
သံယောဇဥ်ရနံ့ စွတ်ဖြန်းထားသည့် ပရိယာယ်တို့သည် ထို နှလုံးသားအရိုင်းကြီးကို သစ်သားတံတိုင်းထဲ သွေးဆောင်ခဲ့လေပြီ။
ဆင်မလေးသည် ဆင်ကျုံးအလယ်တွင်ရှိသော ဆင်ပိုင်နတ်တစ်ပါးဖြစ်သော ဥတေနနတ်စင်ရှေ့သို့ ဦးတည်သွားသည်။
ဆင်ရိုင်းကြီးက တစိုက်မတ်မတ်လိုက်၏။ ထိုအချိန်တွင် ဆင်ကျုံးအဝင်ပေါက်များအား သစ်သားမောင်းတုံးကြီးများဖြင့် ပိတ်ချလိုက်ပြီဖြစ်သည်။
ဆင်မလေး၏ ဖဝါးတော်အကြွကိုသာ ဘဝမှတ်နေသော ဆင်ရိုင်းကြီးမှာ ထိုအခြေအနေကို သတိမထားအား။
နတ်စင်ကို ပတ်နေသည့် ဆင်မလေးနောက်ကသာလိုက်လာသည်။
ထိုသို့လှည့်နေရာမှ တနေရာအရောက်တွင် ဆင်မလေးသည့် လျင်မြန်သောအဟုန်ဖြင့် နတ်စင်အနောက်ဖက် အပေါက်ထဲသို့ တိုးလျှိုးပျောက်ကွယ်သွား၏။
ရုတ်တရက် နဘေးနားမှ ဆင်မလေးပျောက်ရှသွားပြီဆိုမှ ဆင်ရိုင်းကြီး၏ အသိတို့ ဝင်လာသည်။
တွေ့ရနိုးမျော်ခိုးကာ ငံ့လင်သည်။
နောက်ဆုံးတွင် ဒေါသအိုးတို့ ပေါက်ကွဲစွာဖြင့် အနီးအနားရှိ သစ်လုံးတိုင်ကြီးများကို သူ၏ ခေါင်းဖြင့် ပြေးဆောင့်သည်။
အစွယ်ဖြင့် ထိုးသည်။
သွေးချင်းချင်းနီခဲ့ပြီ။
သံယောဇဥ် ဆင်မလေးက ခြေရာဖျောက်သွားခဲ့ပါသည်။
ထိုအချိန်မှစပြီး ဆင်ရိုင်းကြီးမှာ ကျုံးထဲတွင် တစ်ကောင်တည်းကျန်ရစ်၏။
အစာမရှိ။ ရေမရှိ။ ချစ်သူမရှိ။ မရှိခြင်းများစွာဖြင့် အထီးကျန်ရတော့သည်။
စိတ်ဓာတ်တို့ ကျဆင်းလာသည်။ အာဟာရမရှိသဖြင့် ခွန်အားတို့နည်းလာသည်။
ရက်အတန်ကြာခဲ့ပြီ။
ထိုအချိန်တွင် ပုဆိုးအနီ၊ ခေါင်းပေါင်းအနီဖြင့် ကွမ်းများကို ရဲနေအောင်စားထားသော လူဖလံလေးတစ်ဦးသည် ဆင်ကျုံးထဲသို့ ဝင်လာတော့သည်။
မြေပေါ်တွင် ဝပ်လဲကျနေသော ဆင်ကြီးမှာ အားယူ၍ ထလိုက်သည်။ သို့သော် မရ။
တောတွင်းတွင် ရှိခဲ့ဖူးသော သူ၏ ခွန်အားများ၊ သန်မာမှုများမှာ ယုတ်လျော့ခဲ့ပြီ။
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ သူ အားနည်းနေခဲ့ပြီ။
ထိုအချိန်တွင် လူဖလံလေးက သူ့ဦးကင်းကို လှံရှည်ဖြင့် ဆောင့်ထိုးသည်။ ထို့နောက် သူ့မျက်နှာကို ကွမ်းသွေးဖြင့်ထွေးသည်။
သူ အားယူပြီးထသည်။ တိုက်ခိုက်ရန် ကြိုးစားသည်။
သို့သ်ော အရင်လို လျင်မြန်မှုမျိုး မရတော့။
လူဖလံလေးက သူမောသွားသည့်အခါ ငှက်ပျောသီးတစ်ဖီး ပစ်ပေးသည်။
သူ အငမ်းမရထစားသည်။ အစာဝသည်နှင့် ရန်မူရန် ထသည်။
နောက်ထပ်လှံချက်က သူ့ နားရွက်နောက်ကို လာထိသည်။ သွေးချင်းချင်းရဲသွား၏။
လူဖလံလေးက သူ့ကို ရေခွက်ဖြင့် ပါးစပ်ထဲ ပက်ထည့်ပေးသည်။ ရေမသောက်ရတာကြာသည့် သူ့အာခေါင်များ စိုစွတ်သွား၏။
ရက်ကြာလာသည့်အခါ ဆင်မလေးကို သူမေ့သွားခဲ့ပြီ။ သူ့ဘဝရပ်တည်ရေးအတွက် ခေါင်းပေါင်းအနီပေါင်းထားသည့် ထိုလူဖလံလေး နှင့် သူ အပေးအယူလုပ်ရတော့သည်။
ဆာလောင်မွတ်သိပ်မှုက သူ၏ မာန်မာနတို့ကို အနိုင်ယူသွားခဲ့ပြီ။
သူ့ခြေတစ်လုံးစာပင်မရှိသော လူသည် သူ့ကျောပေါ်သို့ အခန့်သားတက်ထိုင်သည်။
ထိုလူသား အသံပေးလျှင် သူ ဝပ်ဆင်းပေးရသည်။
...............................................................................
ဆင်ဝန်ဦးအောင်လှက စကားဆုံးသည်နှင့် အနီးရှိ ကွမ်းအစ်ကို ယူကာ ကွမ်းတံတွေးကို လှမ်းထွေးလိုက်၏။
စိတ်ဝင်စားစွာနားထောင်နေကြသော အဝိုင်းကျောင်းထိုင်ဆရာတော်နှင့်ကျောင်းနေရဟန်းများ ၊ လွီဇာ နှင့် မယ်ဖူး တို့မှာ တခဏမျှ တိတ်ဆိတ်သွားကြသည်။
သူတို့အားလုံး၏ စိတ်ထဲဝယ် ဆင်ရိုင်းကြီး၏ ပုံစံကို မျက်လုံးထဲ မြင်ယောင်က ခံစားချက်ကိုယ်စီရှိနေကြသည်။
“ပြီးသွားရင် အဲ့ဒီဆင်ရိုင်းကြီးကို..ဆင်မလေးနဲ့ တွေ့ခွင့်ပေးသေးလား”
ဦးအောင်လှက ခေါင်းခါလိုက်သည်။
“အောက်မားဆင်မတွေဆိုတာ ဒီဆင်ရိုင်းကြီးကို ကျော့ပြီးရင်.နောက်ထပ် ဆင်တွေ့တဲ့ နေရာကို လှည့်သွားနေကြရတာပဲ”
လွီဇာ က ဘုန်းကြီးကျောင်းဝန်းအတွင်း သစ်ပင်ကြီးအောက်မှ အောက်မားဆင်မ နှစ်ကောင်ကို ငေးကြည့်လိုက်သည်။
အောက်မားဆင်အမပေါင်း (၃၀)ခန့်ပါသည့် ဆင်အုပ်ကြီးမှာ အဝိုင်းကျေးရွာ အနောက်ဘက် တောတန်းနှင့် မနီးမဝေးတွင် စခန်းချကြသည်။
ဆင်မများနှင့် ဆင်ဦးစီးတို့မှာ ရွာပြင်တွင်ပင် ယာယီတဲထိုးကာ နေထိုင်ကြမည်ဖြစ်သည်။
ဆင်ဝန်ဦးအောင်လှတို့ သားအဖ စီးသည့်ဆင်နှင့် လွီဇာတို့အားတင်လာသည့် ဆင်များကတော့ ရွာဦးဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်သည်။
“အဖ...ဒီမှာ ဗမာလေးတွေ့တယ်..ဗမာလေး..အဖ”
ထိုအချိန်တွင် ဂမုန်း၏ အော်လိုက်သံကြောင့် အားလုံး အလန့်တကြားဖြစ်သွားကြ၏။
ဂမုန်းက ဘုန်းကြီးကျောင်း၏ တိုင်လုံးကြီးများအနောက်မှ အော်လိုက်ခြင်းဖြစ်သည်။
ကျောင်းလက်ရန်းမှ တဆင့် အရိပ်လေးတစ်ခုက လှစ်ခနဲ ခုန်ချသွားသည်ကိုလည်းတွေ့လိုက်ရသည်။
“ဂမုန်းငယ်....ဒီမှာ ဆရာတော်တွေနဲ့ အဖ စကားပြောနေတယ်လေကွယ်... ဒါမျိုး မအော်မဟစ်ရဘူး မဟုတ်လား..လာလာ..ဒီနားလား”
ဂမုန်းက ဦးအောင်လှရှေ့သို့ ရောက်လာသည်။
“ထူးဆန်းလို့ပါ..အဖရ..အဖပြောတော့ ဒီရွာတွေက မွန်ကရင်တွေပဲရှိတာဆို...ဟိုမှာ ဗမာသျှောင်ထုံးနဲ့ ကောင်လေးသမီးတွေ့လိုက်လို့”
ဂမုန်းစကားကြောင့် ဆရာတော်မှာ မျက်စိမျက်နှာပျက်သွားသည်။
အင်းဝဥပဒေအရ ဗမာမဟုတ်သည့် အခြားလူမျိုးများမှာ သျှောင်ထားခွင့်မပြုထားချေ။
မွန်တို့မှာ မွန်ဆံဖြတ်ပုံစံအတိုင်း ဆံပင်ကို အတိုဖြတ်ကြရပြီး ကရင်တို့မှာ သျှောင်ကို နဖူးထိပ်တည့်တည့်တွင် ထုံးကြရသည်။
“ဒီရွာမှာ ဗမာတွေလည်း ရှိတာလား..ဘုရား”
“မရှိပါဘူး...ဒကာရဲ့...မရှိပါဘူး...ဒကာမလေးက ညဆိုတော့ ကရင်ကျောင်းသားလေးများကို အမြင်မှားတာနေပါ့မယ်”
“သမီး တကယ်မြင်လိုက်တာ...သူက အင်းဝသားတွေလိုပဲ သျှောင်ထုံးနဲ့..သမီးထက် အသက် နည်းနည်းပဲကြီးမယ်..အဖ ဆင်အကြောင်းပြောတာတွေကို သူတချိန်လုံး တိုင်လုံးကွယ်ပြီး ခိုးနားထောင်နေတာ..သမီးသူ့နောက်ကနေ အော်လိုက်မှ သူထွက်ပြေးသွားတာ”
ဦးအောင်လှက သူ့သမီးငယ်ကို သေချာအကဲခတ်သည်။
ထို့နောက် ဆရာတော်ကို မျက်မှောင်ကြုံ့ကြည့်လိုက်၏။
ကျောင်းထိုင်ဆရာတော်မှာ မျက်လွှာချသွားပြီးနောက် အခန်းထဲသို့ ကြွသွားတော့သည်။
ခက်ဇော်
ဉာဏ်ပညာဖြင့် တော်လှန်မယ်။ ချစ်ခြင်းတရားဖြင့် တည်ဆောက်မယ်။
(လက်ပုတော့ပြင်တဲ့ဆရာသမားက သူလည်းဖတ်ချင်တာမို့ဆိုပြီး အခုရေးတင်လို့ရရင် တင်ပေးဆိုပြီး အချိန်မှီ လာပြန်ပေးလို့ ချက်ချင်းဆော်ထည့်လိုက်ပါတယ်ဗျ)
Done🤍
ReplyDeleteDone🐬
ReplyDeleteDone 💪
ReplyDeleteဖတ်ပြီးသားပါ။ လှူချင်လို့ ဝင်ဖတ်သွားပါတယ်။
ReplyDeleteDone
ReplyDelete