AVA 1740s (အခန်း ၁၈)
AVA 1740s
အခန်း(၁၈)
........................................
ကန်း (ခေါ်) ဘူးသီးခြောက်ပုလွေသံ ဆွဲဆွဲငင်ငင် က အုတ်ဖိုတောင်ခြေရွာကလေးဆီမှ ပျံ့လွင့်လာသည်။
လွန်ခဲ့သောရက်ကမှ မတ္တရာ၊ အုတ်ဖိုဒေသရှိ ကွေ့ ခေါ် လားဟူစီ မျိုးနွယ်စု ကျေးရွာများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် ပြီးစီးခဲ့ခြင်းဖြစ်သည်။
၁၆၂၉ ခုနှစ်တွင် သာလွန်မင်းသည် ပုန်ကန်သူမိုးနဲစော်ဘွားအား လက်ခံထားသည့် ကျိုင်းတုံသို့ ချီတက်ခဲ့သည်။
အပြန်ခရီးတွင် မုဆိုးအလုပ်တွင် ကျွမ်းကျင်သော လားဟူစီ ခေါ် ကွေ့ လူမျိုး နှစ်ထောင်ခန့်ကို မတ္တရာ၊အုတ်ဖိုတောင်ခြေတွင် အခြေချရန် ခေါ်ဆောင်လာခဲ့သည်။
မတ္တရာတွင် မူလရှိနှင့်ပြီးသော မွန်ရွာများနှင့် အတူ ကွေ့ရွာများ တည်ထောင်နေထိုင်စေ ခဲ့သည်။
ရာစုနှစ်တစ်စုကြာခဲ့ပြီးနောက် ၁၇၃၅ ခုနှစ်အရောက်တွင်တော့ မတ္တရာနယ်ရှိ ကွေ့လူမျိုးများမှာ အင်အားများပြားလာခဲ့ကြသည်။
ကွေ့ရွာပေါင်း (၁၈)ရွာအထိ ရှိလာခဲ့၏။
ထိုအနီးတဝိုက်ရွာကလေးများတွင် ဟိုမှ သည် ထွက်ပေါ်နေသော ကန်းပုလွေသံများကား အခြားမဟုတ်။
စုပေါင်းနှစ်သစ်ကူးပွဲတွင် ဆုံတွေ့ခဲ့ကြသည့် ကွေ့ လူငယ် သမီးရည်းစားများအကြား လွမ်းခြင်း၊ ဆွေးခြင်းကို အချက်ပေးသည့် သင်္ကေတတစ်ခု။
ကန်းပုလွေသည် ဘူးသီးခြောက်ကို တူရိယာအိမ်အဖြစ် ထားရှိပြီး တစ်ပေမှ နှစ်ပေခွဲအထိ ရှည်လျားသော ဝါးပြွန်(၄)ခု မှ (၁၄)ခုအထိ တပ်ဆင်နိုင်သည့် တူရိယာဖြစ်သည်။
လားဟူမျိုးနွယ်စုတို့၏ ရိုးရာတူရိယာလည်းဖြစ်သည်။
ကန်းပုလွေကြီးများကို စျေးနေ့များ၊ ရိုးရာပွဲတော်များတွင် နက်ပြာရောင်ဝတ်စုံဝတ် ကွေ့လူမျိုး ပုလွေသမားများက တီးမှုတ်တတ်ကြသည်။
ကွေ့ကာလသားအများစုမှာမူ ကန်းပုလွေငယ်ကို သမီးရည်းစား အချစ်ရေးရာကိစ္စများတွင် စကားဝှက်အဖြစ် အသုံးပြုရန် တီးမှုတ်ကြသည်။
အသက်(၂၀)နှစ်အရွယ် ကွေ့လားဟူမလေး နားလဲ သည် ရွာဦးနတ်စင် ရှေ့တွင် မတ်တပ်ရပ်ကာ ပျားဖယောင်တိုင်လေးတိုင်ကို ထွန်းညှိ့နေသည်။
ဆွေ့မြေ့ဖွယ်ပုလွေသံနှင့်အတူ ပျားဖယောင်တိုင်များမှ ထွက်လာသည့် မီးခိုးငွေ့များကို နားလဲက သေသေချာချာစိုက်ကြည့်နေ၏။
နတ်စင်၏ အရှေ့ဘက်ကွက်လပ်တွင် ကွေ့ရွာ (၁၈)ရွာမှ သိုဘိုခေါ် နတ်ဆရာများ၊ သူကြီးများ က ငုတ်တုတ်ထိုင်နေကြသည်။
ကွေ့တို့၏ ယုံကြည်မှုအရ ခရီးသွားလာခြင်း၊ နာဖျားခြင်း၊ ထိခိုက်ရှနာဖြစ်ခြင်းမှ အစ အခြားသောကိစ္စများတွင် အဆိုးအကောင်းအနာဂတ်ကို သိလိုပါက ပျားဖယောင်နှင့် သစ်ခေါက်မှုန့်ကို ထွန်းညှိ့ကာ ထွက်လာသော အငွေ့၏ ပုံသဏ္ဍာန်အလိုက် အနာဂတ်ကို နမိတ်ကောက် ဟောကိန်းထုတ်တတ်ကြသည်။
နာလဲသည် အသက်(၁၄)နှစ်အရွယ်ကတည်းက ပျားဖယောင်းနိမိတ်များကို မှန်ကန်အောင် ဟောပြောနိုင်ခဲ့သည်။
ထို့ကြောင့် ကွေ့ရွာ(၁၈)ရွာလုံးက သိုဘိုနတ်ဆရာများကိုယ်တိုင်က နာလဲ အား သာလာမာ ခေါ် နတ်ဆရာမ အဖြစ် အသိအမှတ်ပြုထားရ၏။
နားလဲ သည် အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ ဗာဒံသီးသဏ္ဏာန်မျက်ဝန်းလေးများဖြင့် တိဘက်အနွယ်တို့၏ အလှကို အပြည့်အဝ ပိုင်ဆိုင်သူလေးဖြစ်သည်။
ကွေ့ရိုးရာခေါင်းပေါင်း၏ အမြိတ်စလေးများနှင့်အတူ လှပဖြောင့်ဆင်းသည့် ဆံနွယ်နက်နက်များကလည်း သူမ၏ စွဲဆောင်မှုတစ်ခုဖြစ်သည်။
သိုဘိုနတ်ဆရာများထဲမှ အသက်အကြီးဆုံးဖြစ်သည့် အဘိုးကျဘို သည် နားလဲ အနီးသို့ လျှောက်လာသည်။
“ဘာ တွေ့လဲ...သာလာမာ..သူတို့ နင့်အဖြေကို စောင့်နေကြတာ”
နားလဲက အဘိုးအိုကျဘို ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူကြီးများ၊နတ်ဆရာများဘက်သို့ လှည့်ထိုင်လိုက်၏။
“သူတို့ အင်းဝကနေ ဘေးကင်းစွာနဲ့ ပြန်လာကြပါပြီ...ဒီနေ့ နေမဝင်ခင်ကို ရွာကို ပြန်ရောက်ပါလိမ့်မယ်..ဒါပေမယ့်..သူတို့နောက်ကနေ..စစ်ပွဲတစ်ခု ပါလာလိမ့်မယ်.. မကြာခင်..မကြာခင်”
သိုဘိုနတ်ဆရာများရော၊ သူကြီးများပါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
“နောင်..နောင်..နောင်”
ထိုအချိန်တွင် ရွာပြင်တံခါးထံမှ အချက်ပေး မောင်းသံကို ကြားလိုက်ကြရသည်။
“သူတို့ လာကြပြီထင်တယ်”
ခဏအကြာတွင် မြင်းနှစ်စီး က နတ်စင်ရှိရာကုန်းမြင့်ပေါ်သို့ တက်လာသည်။
ရှေ့ဆုံးရှိ မြင်းကို စီးလာသူက မတ္တရာကွေ့တို့အား အုပ်ချုပ်ရန် အင်းဝမှ ခန့်အပ်ထားသည့် အရာရှိ ဗိုလ်မင်းသူရိန်စော။
ဗိုလ်မင်းသူရိန်စောသည် အင်းဝသား ဗမာတစ်ဦးဖြစ်သော်လည်း ကွေ့လူများတို့နှင့် တသားတည်းဖြစ်နေသည့် အရာရှိတစ်ဦးဖြစ်သည်။
လူလွတ်တစ်ဦးလည်းဖြစ်သဖြင့် မတ္တရာအခြေချပြီး ကွေ့ရွာများသို့ လှည့်လည်နေသူဖြစ်သည်။
ဗိုလ်မင်းသူရိန်စော၏ နောက်တွင် အုန်းခွံရောင်မြင်းကိုစီးလျက်ပါလာသူက နားလဲ၏ အကိုကြီး ဂုဏ္ဏအိမ်။
ဂုဏ္ဏအိမ်သည် ဗိုလ်မင်းသူရိန်စော၏ လက်ထောက်တစ်ယောက်ဖြစ်ပြီး ငယ်စဥ်ကတည်းက လက်ဝှေ့၊ သိုင်း နှင့် စစ်ထိုးစစ်တက်ပညာများကို ပုပ္ပါးဘက်မှ ပွဲကျောင်းများအထိ သွားရောက်သင်ကြားခဲ့သူဖြစ်သည်။
သူရိန်စောနှင့် ဂုဏ္ဏအိမ်က နတ်စင်ရှိရာသို့ လျှောက်လာသည်။
နတ်စင်ရှေ့ထိုင်နေသူများမှာမူ နာလဲ၏ နိမိတ်ဖတ်မှုမှာ မှန်ကန်နေသဖြင့် မျက်နှာပျက်နေကြ၏။
ဗိုလ်မင်းသူရိန်စောနှင့် ဂုဏ္ဏအိမ်က မြင်းများကို သစ်ပင်တွင်ချည်လိုက်ကြပြီး နတ်စင်ရှေ့သို့ လျှောက်လာကြသည်။
ရွာလူကြီးများက ဗိုလ်မင်း၏ မျက်နှာကို အကဲခတ်နေကြ၏။
“အဆင်ပြေခဲ့ရဲ့လား..ဗိုလ်မင်း..နန်းတော်ကြီးက လက်ခံလိုက်လား”
အဘိုးအိုကျဘို ၏ အသံက မျှော်လင့်ချက်အပြည့်ဖြင့်။
သူရိန်စောက နတ်စင်ရှေ့တွင် တင်ပ္ပလင်ခွေထိုင်လိုက်သည်။
“အသည်ဝန်က ကျုပ်တို့ အသနားခံစာကို ပယ်ချလိုက်တယ်”
“ဟာ.”
“ဟူး”
ရွာသူကြီးများ ၊ သိုဘိုနတ်ဆရာများဆီမှ စိတ်ပျက်အားလျော့သည့် သက်ပြင်းသံများ ထွက်လာကြသည်။
သူတို့အားလုံး၏ မျက်နှာတွင် ပူလောင်မှုများက ထပ်ဟင်နေ၏။
လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကတည်းက အင်းဝဘုရင်သည် ကွေ့လူမျိုးများကို မတ္တရာဒေသတွင် တောင်ယာလုပ်ကိုင်စားသောက်အခြေချစေခဲ့သည်။
အစပိုင်းတွင် ဘုရင်ကိုယ်တိုင် စစ်ချီရာတွင် ရိက္ခာအတွက် အမဲလိုက်ပေးရန် ကွေ့လူမျိုး များက တာဝန်ထမ်းဆောင်ကြရ၏။
ဘုရင့်အစုများတွင် ပါဝင်လျှင် ဘုရင့်အမှုထမ်းဖြစ်သဖြင့် အခွန်ကင်းလွတ်ခွင့်ရှိပြီး နန်းတော်မှ ချီးမြင့်သည့် ရိက္ခာ၊ငွေကြေးနှင့် လယ်ယာမြေများကို လုပ်ကိုင်ခွင့်ရရှိသည်။
စနေမင်းနန်းတက်လာပြီးနောက် လူဦးရေများပြားလာသော ကွေ့များကို ဘုရင့်အစုထဲမှ ထုတ်ပယ်ကာ အသည်စာရင်းတွင် ထည့်လိုက်သည်။
ကွေ့တို့သည် အသည်စာရင်းတွင် ပါဝင်သွားသဖြင့် တောင်ယာလုပ်ကိုင်စားသောက်ကြရသည်။
ထို့ပြင် အခွန်ကင်းလွတ်ခွင့်မရှိပဲ မင်းတိုင်း(၁၂)မှု ကို ထမ်းဆောင်ကြရတော့သည်။
မင်းတိုင်းဆယ့်နှစ်မှု ဆိုသည်မှာ ဘုရင်လှေတပ်၊ဆင်တပ်များတွင်သုံးရန် လျှော်ကြိုး။
မြို့ရွာခံတပ်များဆောက်သည့် အင်္ဂတေများတွင်သုံးရန် တမာစေး၊ ကျွဲကော်၊ တင်လဲရည်၊ဥသျှစ်သီး။
နန်းတွင်းရှိ မှို့ယာ၊ခေါင်းအုံးများတွင်အသုံပြုရန် လဲ့မှို၊ ဘုရင့်တပ်တော်အတွက် အမြှောက်ဆံ၊ သေနတ်ကျည်ယမ်းဖော်စပ်ရန် မုရိုးစစ်မီးသွေး။
လွှတ်တော်၊ ရုံးတော်များတွင် စာရေးရာတွင်အသုံးပြုမည့် ထန်းဖူးစည်း။
ဘုရင့်ဆင်တပ်မှ ဆင်များအတွက် ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် မန်းကျည်းမှည့်။
နန်းတွင်းအဆောက်အဦးများ၊ ဘုရင်လှေတော်များတွင် အသုံးပြုရန် ရေနံ၊ ပွဲညက် တို့ဖြစ်ကြသည်။
ထိုဆယ့်နှစ်မှုမင်းတိုင်းကို အခွန်တော်အဖြစ် အသည်စာရင်းပေါက်သူများက ဆက်သွင်းရသည်။
ကွေ့များမှာ အပူပိုင်းမြေပြန့်ဒေသတွင် တောင်ယာကို ခက်ခဲစွာလုပ်ကိုင်စားသောက်ရသော်လည်း အသည်စာရင်းပေါက်သွားသဖြင့် လွတ်လပ်စွာနေခွင့်ရသည်။
အသည်များမှာ မင်းမှုထမ်းရန်မလိုပဲ အင်းဝရှိ အသည်ဝန်နှင့်သာ အခွန်တော်ကိစ္စထိတွေ့ဆက်ဆံကြရသည်။
သို့သော် ၁၇၃၃ ခုနှစ် မဟာဓမ္မရာဇာဓိပတိ နန်းတက်ပြီးနောက်ပိုင်းတွင် အခြေအနေက ပြောင်းလဲလာသည်။
မဟာဓမ္မရာဇာဓိပတိသည် အင်းဝမြို့တွင်း၊ မြို့ပြင် နန်းတော်သုံးခုနှင့် ဥယျာဥ်တော်များ၊ အခြားမြို့များတွင်လည်း အပန်းဖြေယာယီစံနန်းများ၊ ဥယျာဥ်များတည်ဆောက်သည်။
ထိုတည်ဆောက်ရေးအတွက် မတ္တရာ၊အုတ်ဖိုရှိ ကွေ့ရွာများ၊ မွန်ရွာများမှ အားကောင်းမောင်းသန်ယောက်ျားများကို ဆင့်ဆိုသည်။
ယောက်ျားများမှာ တစ်နှစ်ပတ်လုံး ဘုရင်၏ တည်ဆောက်ရေးတွင် လုပ်အားသွားပေးကြရသည်။
ထို့ကြောင့် ယခင်က လင်စုံမယားဖက် ဒိုးတူဘောင်ဖက်လုပ်ကြသည့် တောင်ယာများတွင် ယောက်ျားသားများမရှိတော့ပဲ အမျိုးသမီးများသာ လုပ်ကိုင်ကြရတော့၏။
၁၇၃၄ ခုနှစ်တွင် မူ အခြေအနေက ပိုမိုဆိုးရွာလာသည်။
မဟာဓမ္မရာဇာဓိပတိသည် အင်းဝမြို့တော်တွင် ဆယ့်နှစ်ရာသီပတ်လုံး ပွဲလန်းသဘင်များကို အကြီးအကျယ်ကျင်းပပြုလုပ်သည်။
တန်ခူးလတွင် ရေဖြန်းသဘင်နှင့် နှစ်သစ်ကန်တော့ဆက်သဘင်၊ ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်၊ နယုန်လတွင် စာမေးသဘင်၊ ဝါဆိုလတွင် ရှင်လောင်းတော်သဘင်၊ ဝါခေါင်လတွင်စာရေးတန်သဘင်၊ တော်သလင်းလတွင် လှေသဘင်၊ သတင်းကျွတ်လတွင် ဆီမီးမြင်းမိုရ်ပွဲနှင့် ဝါကျွတ်လက်ဆောင်ကန်တော့သဘင်၊ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်းသဘင်၊ ကြာသင်္ကန်းပွဲတော်၊ တန်ဆောက်တိုင်နက္ခတ်သဘင်၊ နတ်တော်လတွင် ဆင်ပွဲသဘင်၊ မြင်းဖမ်းသဘင်၊ ပြာသိုလတွင် မြင်းခင်းစစ်ရေးပြသဘင်၊ တပို့တွဲတွင် ယာဂုနှင့် မီးပုံပွဲသဘင်၊ တပေါင်းလတွင် ဘုရားစေတီများ၏ပွဲသဘင်များကို ကျင်းပသည်။
အချို့မှာ ဘာသာရေးပွဲ၊ စစ်ရေးပွဲသဘက်များဖြစ်သော်လည်း မဟာဓမ္မရာဇာဓိပတိသည် အငြိမ့်၊ မျက်လှည့်များ၊ အရောင်းစျေးတန်းများ၊ စတုဒိသာမဏ္ဏပ်များထိုးကာ အလှူကြီးများ ပေးလေ့ရှိသည်။
ထို့သို့ ပွဲလန်းခံရာတွင် ချက်ပြုတ်ရေး၊ လက်မှုသဘင်ဆင်ယင်ရေးတို့တွင် အမျိုးသမီးအလုပ်ကြမ်းသမားများလိုအပ်လာသည့်အခါတွင်လည်း ကွေ့ရွာများမှာ အမျိုးသမီးငယ်များကို ဆင့်ဆိုပြန်သည်။
သန်မာငယ်ရွယ်သော ကွေ့အမျိုးသမီးများမှာ တောင်ယာလုပ်ငန်းကို ရပ်တန့်ကာ အင်းဝသို့ မင်းမှုကူ သွားကြရပြန်၏။
ထိုအခြေအနေတွင် အသည်ဝန်ကလည်း သက်ဆိုင်ရာ မင်းတိုင်းဆယ့်နှစ်မှုအခွန် ပေးသွင်းရန် ကောက်ခံလာသည့်အခါ ကွေ့တို့မှာ ကြပ်တည်းကုန်ကြသည်။
ထို့ကြောင့် မတတ်သာသည့်အဆုံးတွင် ကွေ့ရွာသူကြီးများနှင့် ဘာသာရေးခေါင်းဆောင် သိုဘိုများ ဦးဆောင်ကာ ကွေ့အအုပ်အချုပ်ဖြစ်သောဗိုလ်မင်းသူရိန်စော ထံ တင်ပြကြသည်။
ဗိုလ်မင်းသူရိန်စောသည် ကွေ့တို့နှင့်အတူ တသားတည်းနေထိုင်ခဲ့သူဖြစ်သဖြင့် ကွေ့တို့၏ အခက်အခဲကို နားလည်သည်။
ထို့ကြောင့် မင်းတိုင်း(၁၂)မှု အခွန်ဆောင်ခွင့်ကို တဝက်ခန့် ဖြေလျော့ပေးရန် ကွေး(၁၈)ရွာရှိ သူကြီးတို့ လက်မှတ်ထိုးထားကြသော အသနားခံစာကို ယူဆောင်ကာ အင်းဝရှိ အသည်ဝန်ထံ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အသည်ဝန်ကလည်း နန်းတွင်းမှ မင်းမှုဆင့်ဆိုခြင်းသည် သက်ဆိုင်ရာဝန်ကြီးများနှင့်သာ ဆိုင်ပြီး သူနှင့် မသက်ဆိုင်ကြောင်း၊ သူ၏ တာဝန်မှာ အသည်သားများထံမှ အခွန်များကို နန်းတော်သို့ အချိန်မှီဆက်သွင်းရန်သာဖြစ်သဖြင့် အခွန်ဖြေလျော့ပေးရန် မဖြစ်နိုင်ကြောင်းပြောကာ စာကို ပယ်ချခဲ့သည်။
သူရိန်စောနှင့် ဂုဏ္ဏအိမ်တို့ အင်းဝသို့ သွားသည်မှာ နှစ်ပတ်ကျော်ကြာမြင့်နေသည်ဖြစ်သဖြင့် သူတို့၏ ဘေးအန္တရာယ်အတွက် သူကြီးများ၊ သိုဘိုများက နားလဲ့ထံ ပျားဖယောင်းနိမိတ်လာကြည့်ခိုင်းကြခြင်းဖြစ်သည်။
ယခုတော့ သူတို့အားလုံးတိတ်ဆိတ်နေကြသည်။
“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
နားလဲ ၏ အသံကြောင့် သူရိန်စော သတိဝင်လာ၏။
သူကြီးများထံမှ ခပ်တိုးတိုး စကားပြောသံများ ပြန်ထွက်လာသည်။
“နန်းတော်က ကျွန်မ တို့ ကွေ့တွေကို သူတို့အလုပ်တွေလုပ်ပေးဖို့ ဆင့်ဆိုတယ်။ တဖက်ကလည်း အခွန်တောင်းတယ်။ အဲ့ဒီထဲက တစ်ခုကို ကျွန်မတို့ ပြတ်ပြတ်သားသား ငြင်းရလိမ့်မယ်”
နားလဲ ၏ စကားကြောင့် အကိုဖြစ်သူ ဂုဏ္ဏအိမ်မှာ အလန့်တကြားဖြစ်သွားသည်။
ဂုဏ္ဏအိမ်တင်မက ရှေ့တွင်ထိုင်နေကြသော သူကြီးများ၊ သိုဘိုများကလည်း သူရိန်စော၏ မျက်နှာကို ကြည့်လိုက်ကြ၏။
အင်းဝဘုရင့်အမှုထမ်းတစ်ဦး၏ရှေ့တွင် ဘုရင့်အမိန့်ကို ငြင်းပယ်ရန် ဆော်သြသူမှာ သေဒဏ်ထိုက်ကြောင်း ဂုဏ္ဏအိမ် သိထားသည်။
“နားလဲ..နင်ဘာတွေပြောနေတာလဲ...လူကြီးတွေ ပြောကြလိမ့်မယ်..ငြိမ်ငြိမ်နေစမ်း”
ဂုဏ္ဏအိမ်က ညီမဖြစ်သူကို မျက်နှာထားတင်းတင်းဖြင့် ဟောက်လိုက်သည်။
“ပြောရမယ်..ကျားလဲ...ဒီလိုမှမဟုတ်ရင် တို့က တစ်နှစ်လုံးတောင်ယာလည်း ကောင်းကောင်းမလုပ်ရဘူး၊ ဒီရှင်ဘုရင်ရဲ့ အပျော်အပါးကိစ္စတွေပဲ လိုက်လုပ်ပေးနေရတယ်။ ငါတို့ ရှိစုမဲ့စုလေးတွေကိုလည်း အခွန်ကဆောင်ရမယ်ဆို... ငါတို့ကလေးတွေ ငတ်သေကုန်မှာပေါ့..နင်စဥ်းစားလေ”
ကျားလဲ ဆိုသည်မှာ ဂုဏ္ဏအိမ်၏ အိမ်အမည်ဖြစ်ပြီး အကိုကြီးများကို မှည့်ခေါ်လေ့ရှိကြသည်။ နားလဲမှာ ညီမအငယ်ဆုံးများကို မှည့်ခေါ်လေ့ရှိသည့် အမည်လည်းဖြစ်သည်။
“နင်တော့...သူပုန်ဆိုပြီး သတ်ခံရလိမ့်မယ်..စကားကို ကြည့်ပြော”
ဂုဏ္ဏအိမ်က သူရိန်စောကို အကဲခတ်ရင်း..နားလဲကို လက်ညိုးထိုးကာသတိပေးလိုက်၏။
“နားလဲပြောတာ..မှန်တယ်..ဂုဏ္ဏအိမ်”
ဗိုလ်မင်းသူရိန်စော စကားကြောင့် ဂုဏ္ဏအိမ်မှာ တအံ့တသြဖြစ်သွားသည်။
“ဒါပေမယ့်....သူပြောတာ လိုနေသေးတယ်....နန်းတော်က အမိန့်ကို ငြင်းဆိုမယ်ဆို..တစ်ခုတည်း ငြင်းလည်း..သူပုန်ပဲ..နှစ်ခုငြင်းလည်း သူပုန်ပဲ..ဒီတော့ ကွေ့တွေအနေနဲ့ ငြင်းမယ်ဆို နှစ်ခုလုံးကို ငြင်းပါ..မငြင်းဘူးဆိုလည်း နှစ်ခုလုံးကို မငြင်းပါနဲ့”
ရှေ့မှ အကြီးအကဲများ ပွက်လောရိုက်ကုန်ကြသည်။
ဗိုလ်မင်းသူရိန်စောက မတ်တပ်ထရပ်လိုက်သည်။
“ကျုပ်ပြောမယ်...ခင်ဗျားတို့ ကျုပ်ကို အားနာနေကြတာသိတယ်..ကျုပ်က အင်းဝမင်းမှုထမ်း ဗမာတစ်ယောက်..မင်းမှုထမ်းဆိုတာ မင်းကို သစ္စာရှိရတာမှန်တယ်..သူ့ဆန်စားလို့ ရဲရတာ မှန်တယ်..ဒါပေမယ့်.... ကျုပ်စားတဲ့ဆန်က ဘုရင့်က လယ်ထွန်ကျွေးတာမဟုတ်ဘူး...အခွန်ထမ်းတွေလယ်သမားတွေ က ဘုရင့်ဆီ အခွန်ဆက်တယ်..အဲ့ဒီက ရတဲ့ဟာကို ဘုရင်က သုံးဖြုန်းပျော်ပါးပြီး ပိုမှ ကျုပ်တို့မင်းမှုထမ်းတွေကို ရိက္ခာအဖြစ်ပေးတယ်...ဒီတော့..ကျုပ်စားတဲ့ဆန် က ဘုရင့်ဆန်မဟုတ်ဘူး..ခင်ဗျားတို့ ခင်ဗျားတို့ရဲ့ ဆန်ပဲ..ဒီတော့ ကျုပ်က ခင်ဗျားတို့ ဆန်ကို စားပြီး ခင်ဗျားတို့အတွက်ပဲ ရဲ မယ်.......ဟုတ်ပြီလား”
ရုတ်တရက် အားလုံး တိတ်ဆိတ်သွားကြသည်။
“ဟော့ဒီ နားလဲဆိုတဲ့ မိန်းကလေးကတောင် မတရားတဲ့အမိန့်ကို ဖီဆန်ဖို့ ပြောလာခဲ့ပြီ..ကျုပ်လို ဘုရင့်စစ်မှုထမ်းတစ်ယောက်ကလည်း သူပုန်ထဖို့ ထုတ်ပြောပြီးပြီ.. ခင်ဗျားတို့က ဘာဖြစ်နေကြတာလဲ..ခင်ဗျားတို့ ကွေ့တွေမှာ ဘုရင့် ခိုင်းတာလုပ်ပြီး ငတ်သေမလား..တိုက်ပြီးသေမလား..ဒီနှစ်လမ်းပဲ ရှိတော့တယ်”
“တိုက်မယ်...ဗိုလ်မင်း..တိုက်မယ်”
ဂုဏ္ဏအိမ်က လက်သီးကို ဆုပ်ကာ အော်လိုက်သည်။
“ကဲ..သူကြီးတွေသဘောကရော..ဘယ့်နှယ့်ရှိစ”
“ဗိုလ်မင်း ဦးဆောင်မယ်ဆို..ကျုပ်တို့ နောက်လိုက်ဖို့ အသင့်ပဲ..ကျုပ်တို့ ဗိုလ်မင်းကိုယုံတယ်”
“ကျုပ် ခေါင်းမဆောင်ပါဘူး..ဘာကြောင့်လဲဆိုတော့..... ပြီးတော့ ဒါဟာ ခင်ဗျားတို့ကွေ့တွေ လွတ်မြောက်ရေးပဲ..ခင်ဗျားတို့ လွတ်မြောက်ရေးကို.. ခင်ဗျားတို့ ကိုယ်တိုင် ဦးဆောင်ပြီး ခင်ဗျားတို့ကိုယ်တိုင် တိုက်မှ ရမယ်... နောက်တစ်ခုက သူပုန်ထတယ်ဆိုတာ....မနိုင်ရင်သေမယ်..မသေရင် နိုင်မယ်..ဒီနှစ်လမ်းကိုပဲ တွေးထားကြရမယ်”
ဗိုလ်မင်း သူရိန်စော က စကားဆုံးသည်နှင့် အဘိုးအိုကျဘို ဆီသို့ ကြည့်လိုက်သည်။
“ကဲ...ကျုပ်က ခင်ဗျားတို့ကို လိုအပ်တဲ့ စစ်ရေးဆိုင်ရာတွေ အကြံပေးကူညီမယ်..ခင်ဗျားတို့ ထဲက ခေါင်းဆောင်ကိုခင်ဗျားတို့ပဲ ရွေးကြပါ..အဘိုးကျဘို...ဘယ်လိုသဘောရပါသလဲ”
အဘိုးအိုကျဘို က သူ့လူများအား ကွေ့ဘာသာစကားဖြင့် ပြောလိုက်သည်။
သူကြီးအချို့က ကွေ့ဘာသာစကားဖြင့် ပြန်ပြောကြ၏။
“အခု သူကြီးတွေက သူတို့ရွာတွေကို ပြန်ပြီး ဒီကိစ္စ ရွာသူရွာသားတွေသဘောတူညီမှုယူကြလိမ့်မယ်.... သဘက်ခါက ယုန်ရက်ကျတယ်..အဲ့ဒီနေ့ကျ ဒီရွာမှာပဲ တို့ နတ်တင်ပွဲလုပ်ရင်း ရွာလူကြီးတွေ ပြန်ဆုံကြမယ်..ပြီးရင် တခါတည်း ခေါင်းဆောင်တင်မယ့်သူကိုပါ ရွေးမယ်”
သူရိန်စောက ခေါင်းညိတ်လိုက်သည်။လားဟူ ကွေ့လူမျိုးတို့မှာ တပတ်လျှင် နေ့ရက် ၁၂ ရက်ရှိပြီး ခွေး၊နွား၊မြွေ စသဖြင့် ရက်အမည်များကို သတ်မှတ်ထားသည်။
ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်၊ နဂါးရက်များမှာ နေ့တူးနေ့မြတ်များအဖြစ် သတ်မှတ်ကာ ထို့နေ့များတွင် အရေးကိစ္စများ ဆုံးဖြတ်လေ့ရှိကြ၏။
“ကောင်းပါပြီ....အဲ့ဒီနေ့ကျ အသေးစိတ်စီစဥ်စရာတွေကို ကျုပ်တို့ တိုင်ပင်ကြတာပေါ့”
ခက်ဇော်
Done 🤍
ReplyDeleteDoneပါဗျ
ReplyDeleteDone 💪
ReplyDeleteချီးထုပ် ဟံသာဝတီရောက်မင်း😪
ReplyDeleteThanks
ReplyDeletedone
ReplyDelete