AVA 1740s ( အခန်း ၂၂)

AVA 1740s

                                            အခန်း(၂၂)    

                                ...............................................

အမှောင်ယံထဲတွင် ဇီးကွက်တစ်ကောင်၏ အော်မြည်သံက စူးစူးရှရှ။

“ဒီည ဒီမှာပဲ အိပ်သွားပါလား..လွီဇာ”

ရေချိုးပြီးပြန်တက်လာသော လွီဇာကို လောင်းရှည်မင်းသမီးကြီးက ပြောလိုက်၏။

“ကျွန်မ အဝတ်အစားတွေ ပြန်ပေးပါ”

“အဲ့ဒီအဝတ်အစားတွေက ထောင်ထဲမှာ ဝတ်လာတာ စုတ်ပြတ်နေပြီလေကွယ်..အသစ်ပေးပါ့မယ်”

“ကျွန်မအဝတ်အစားတွေပဲ ကျွန်မ ပြန်ဝတ်ပါ့မယ်”

လောင်းရှည်မင်းသမီးကြီးက ဖွာလက်စ ဆေးပေါ့လိပ်ကို ခရုခွံပြာခံခွက်ထဲ ထိုးခြေလိုက်သည်။

ထို့နောက် လွီဇာ၏ အနားသို့ ထလာ၏။

လွီဇာက လောင်းရှည်မင်သမီးကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

ထို့နောက် မဲ့ပြုံးပြုံးလိုက်၏။

“မနက်ဖြန် ငတွန်နဲ့ ငချစ်မြ ကို ထောင်က ထုတ်ပေးမှာပါ..သူတို့ အရင်လိုပဲ ကိုးသိန်းသခင်ရဲ့ တပ်မှာ အမှုပြန်ထမ်းလိမ့်မယ်... သဘက်ခါကျရင် မင်း.....နန်းတွင်းကို ဝင်ရမယ်..အဲ့ဒီကျရင်တော့ ထောင်ထဲမှာ ဝတ်ခဲ့တဲ့ အစုတ်တွေမဝတ်ခဲ့ပါနဲ့..ရော့..ဒီမှာ မင်းသိမ်းခိုင်းထားတဲ့ ပစ္စည်းတွေ”

ထောင်ကျစဥ် လွီဇာ၏ အိမ်မှာ လောင်းရှည်မင်းသမီးသိမ်းပေးထားခဲ့သော ရွှေ၊ငွေ နှင့် လက်ဝတ်ရတနာများကို ယွမ်းဗူးလေးဖြင့် ပေးလိုက်သည်။

လွီဇာက ယွန်းဗူးကို ယူကာ လှေကားပေါ်မှ ဆင်းလိုက်၏။

“ခဏနေဦး...ဒီအချိန်ကြီး မင်းတစ်ယောက်တည်း မပြန်ပါနဲ့..ငါ..လှည်းနဲ့ လိုက်ပို့ခိုင်းလိုက်မယ်..ဟဲ့ မိသြတို့ ငသစ် ကို နှိုးကွယ်...လှည်းပြင်ပြီး သူ့ကို လိုက်ပို့ဖို့”

သို့သော် လွီဇာ မရှိတော့ပါ။

လွီဇာကား ထွက်သွားပြီဖြစ်သည်။

တိတ်ဆိတ်လမ်းပေါ်မှာ..........သူမ တစ်ကိုယ်တည်း။

အင်းဝမြို့ကြီးသည် အမှောင်ထုကို မက္မက္သက်သက်ထွေးပွေ့ထား၏။

ဟိုးအဝေး နန်းတော်ထိပ်မှ မှန်ကင်းများသည်ပင် ထိုအမှောင်ခိုးများထဲ လင်းလက်ခြင်းငှာ မစွမ်းသာခဲ့။

လွီဇာက အင်းဝလမ်းမပေါ်သို့ နာကြည်းရွံရှာစွာဖြင့် တံတွေးတစ်ချက် ထွေးလိုက်တော့သည်။

.................................................................................

ပေါ်တူဂီအမျိုးသမီးတို့၏ ရိုးရာဝတ်စုံဂါဝန်ဖြူဖြူက မြေကြီးပေါ်တွင် ပုံကျနေသည်။

ဆည်းဆာ၏ နီညိုသွေးနေရောင်က လွီဇာ၏ မျက်နှာကို ခပ်ရှရှကျလာ၏။

“ဟေး.တစ်ယောက်..သူ့မျက်နှာရှေ့မှာ ထီးလာမိုးပေးကြကွယ်”

အပျိုတော်တစ်ယောက်က ထီးနီတစ်လက်ဖြင့် နေရောင်ကို လာကွယ်ပေးလိုက်၏။

လွီဇာသည် မဟာဓမ္မရာဇာဓိပတိ၏ ယာယီနန်းတွင် ပန်းပုသရုပ်ပြ လာထိုင်ပေးနေသည်မှာ သုံးရက်ပင်ရှိခဲ့ပြီဖြစ်သည်။

မဟာဓမ္မရာဇာဓိပတိ ၏ နူးညံသောလက်ဖဝါးများပင် တူနှင့် ဆောက်ကို ကိုင်လွန်းသဖြင့် သွေးခြေဥနေပေပြီ။

ယနေ့သည် ပန်းပုရုပ်၏ အဆုံးသတ်။

မဟာဓမ္မရာဇာဓိပတိသည် ပြီးစီးသွားပြီဖြစ်သော သူ့ပန်းပုရုပ်ကို တစိမ့်စိမ့်ကြည့်နေသည်။

လွီဇာက ညောင်းလွန်းသဖြင့် ခန္ဓာကိုယ်ကို အနေအထားပြင်လိုက်၏။

ဥယျာဥ်တော်ကား တဖြည်းဖြည်းမှောင်လာခဲ့ပြီ။

မိဖုရားကြီး၏ အဆောင်တော်ထံမှ စောင်းနှင့် ညှင်းသံသဲ့သဲ့ ထွက်လာ၏။

လေနုအေးတစ်ချက် ဖြတ်ခနဲအတိုက်တွင် မဟာဓမ္မရာဇာဓိပတိသည် လွီဇာ ဆီသို့ လှမ်းကြည့်လိုက်၏။

“ကိုယ့်တော် လက်ရာကို တချက်လာကြည့်စမ်း..အမိငယ်.မယ်မင်းနဲ့ တူရဲ့လားလို့”

လွီဇာ က ရှင်ဘုရင်လေးနှင့် ပန်းပုရုပ်ရှိရာသို့ လျှောက်သွားသည်။

ရှင်ဘုရင်သည် အနုပညာတွင် တဖက်ကမ်းခပ်သူဖြစ်ကြောင်း လွီဇာ သိလိုက်ရသည်။

လွီဇာက က သူ၏ ပုံတူ ပန်းပုရုပ်ကို ဒူးတုပ်လျက် စိုက်ကြည့်နေ၏။

“ဘယ့်နှယ့်လဲ..လက်ရာမြောက်ရဲ့လားဟေ့”

“မှန်ပါ...လက်ရာမြောက်ကြောင်းပါ..ဘုန်းတော်ကြီးဘုရား”

“ဟေ့..အပျိုတော်တွေ..မိဖုရားကြီးကို ခေါ်ခဲ့..နင်တို့များလဲ လာခဲ့ကြ..ဒီမယ် ကိုယ့်တော်လက်ရာကို လာရှုစားကြစမ်း..မယ်မင်းက ဒီပန်းပုရုပ်ဘေးမှာ အဲ့ဒီပုံစံအတိုင်း ပြန်ထိုင်လိုက်...သူတို့ကို ပြရမယ်”

လွီဇာမှာ ပုံတူ ပန်းပုရုပ်ဘေးတွင် ထိုဟန်အတိုင်း ပြန်ထိုင်လိုက်ရပြန်သည်။

မိဖုရားခေါင်ကြီး မဟာဇနိန္ဒာဓိပတိဒေဝီ နှင့် အပျိုတော်တသိုက်က ဘုရင်၏ အနောက်ဘက်တွင် ဝိုင်းနေကြ၏။

“ခေါင်ခေါင်ရေ..ကြည့်စမ်းပါကွယ်..မောင်ဘုရားလက်ရာ..မတူလား..မလှလားကွဲ့”
“နတ်သိကြားတွေ လာပြီး ဖန်ဆင်းလိုက်သလိုပါပဲ...မောင်ဘုရား”

“ဟဲ့..အပျိုတော်မတွေ..တူရဲ့လားဟဲ့..လှရဲ့လား ဖြေကြစမ်း”

“အရှင့်လက်ရာက မူလ ဗရင်ဂျီမထက်တောင် ပိုအသက်ဝင်နေပါသေးတယ်...ဘုရား..လှပေ့ လှပေ့”

အပျိုတော်များက ဝိုင်းဝန်းအော်ကြသည်။ ဘုရင်က သဘောတကျဖြင့် ပြုံးပျော်နေ၏။

လွီဇာ ကား သက်ရှိရုပ်ထုဘဝ ဖြင့် ထိုင်နေရဆဲ။

“ကဲ..ခေါင်ခေါင်..ဗရင်ဂျီမငယ်လည်း ပင်ပန်းလှပြီ...သူ့ခမြာ မလှုပ်မယှက်ထိုင်လာရတာ.သူ့ကို ဆုတော်တွေချပြီး ပြန်လွှတ်လိုက်ပါတော့..မောင်ဘုရားလည်း နားမှရတော့မယ်..ဘရန်ဒီနဲ့ ပွဲတော်အသင့်ပြင်ထားပေရော့”

မဟာဓမ္မရာဇာဓိပတိသည် သူမကို အနုပညာဖန်တီးစရာတစ်ခုအဖြစ်သာ သဘောထားခဲ့၏။

ထိုအခါမှ လွီဇာသည် စိတ်ကို လျော့ချလိုက်တော့သည်။

..................................................................................................................

“တချိန်လုံး ခင်ဗျားကို ကျုပ်စိတ်နေပူခဲ့တာ”

လွီဇာ အိမ်ထဲသို့ လှမ်းဝင်ဝင်ချင်းပင် အမှောင်ထဲမှ အသံတစ်ခု ကြားလိုက်ရသည်။

အိမ်ပေါ်ထပ်ဆီမှ လွီဇာ၏ အစေခံတချို့ထွန်းထားသော ကညင်ဆီမီးရောင်အောက်တွင် ယောင်ထုံးခွေခွေများကို မြင်ကတည်းက လွီဇာ ရင်တို့ ဒိတ်ခနဲ ခုန်ခဲ့ပြီးသားဖြစ်၏။

သို့သော် လွီဇာ၏ မျက်နှာကား ခပ်တင်းတင်း။

“ကျွန်မ အဆင်ပြေပါတယ်..မောင်ကြီး”

ငတွန်က လွီဇာ၏ ရှေ့တည့်တည့်တွင် မတ်တပ်လာရပ်သည်။

အကျဥ်းထောင်တွင်း ဒဏ်များကြောင့် မျက်နှာမှာ အနည်းငယ်ချောင်ကျနေ၏။

“ရှင် ဘယ်နေ့က လွတ်တာလဲ”

“လေးရက်ရှိပြီ..လွီဇာ..ခင်ဗျားကို နန်းတော်ထဲ ခေါ်ထားတယ်လို့ လောင်းရှည်သခင်မက ပြောတယ်...ကျုပ် နေ့တိုင်း ခင်ဗျားအိမ်မှာ လာစောင့်နေခဲ့တာ”

“ကျွန်မ အခုအိမ်ပြန်ရောက်ပြီပဲ..ရှင်ပြန်ပါတော့”

“ဟာဗျာ..အခုမှ ကျွန်တော်တို့ တွေ့ရတာလေ.....စကားလေးဘာလေး ဧည့်ထောက်ခံပါဦးလား”

“ကျွန်မ ပင်ပန်းလာတယ်.....နားမှဖြစ်မယ်”

“လွီဇာရယ်...... ကျုပ်.....ကျုပ်..ခင်ဗျားကို ပြောစရာတွေ အများကြီးရှိပါတယ်..အဲ့ဒါတွေ..ပြောဖို့”

လွီဇာက ငတွန့်ကို တွန်းဖယ်ကာ အိမ်ဝိုင်းထဲသို့ ဝင်လိုက်သည်။

“ကျွန်မတို့ကြားမှာ ဘာပြောစရာမှ မရှိဘူးထင်တယ်..မောင်ကြီး...မကြာခင် ကျွန်မလည်း ဟံသာဝတီကို အပြီးသွားရတော့မှာ”

လွီဇာက ကျောခိုင်းလျက်မှ ပြောလိုက်သည်။

ငတွန် ထံမှ အသံထွက်မလာ။

“ကျုပ်ကြောင့်...လွီဇာ အကျဥ်းချခံရတာ..ကျုပ်တောင်းပန်ပါတယ်..ကျုပ်ကို စိတ်မဆိုးပါနဲ့ လွီဇာ”

“ရှင့်ကြောင့်..ဟုတ်လား..ကျွန်မကြောင့်သာ ရှင် ဒီလိုဖြစ်တာပါ...မောင်ကြီး...ကျွန်မနဲ့ ပတ်သက်နေသမျှ ကျွန်မကို ကာကွယ်နေသမျှ...ရှင် ဒုက္ခတွေ တွေ့နေဦးမှာပဲ...ရှင် ပြန်ပါတော့..ကျွန်မတို့ နောက်လည်း ပတ်သတ်စရာမရှိဘူးထင်တယ်”

“လွီဇာ”

လွီဇာ က ငတွန့်ကို လှည့်မကြည့်။

“ရှင် ပြန်ပါတော့”

သက်ပြင်းချသံသဲ့သဲ့ လွီဇာ ကြားရသည်။ ထို့နောက် ခြေသံခပ်ဖွဖွတစ်စုံ။

သူ့ လမ်းလျှောက်သည့်အခါ ယောင်ခွေခွေလေးများက ပုခုံးကြွက်သားပေါ် တအိအိကျနေပေလိမ့်မည်။

လှည့်မကြည့်သော်လည်း ထိုမြင်ကွင်းကို လွီဇာ မြင်ယောင်ပါသည်။

......................................................................................................................

“မမလွီဇာ....မမလွီဇာ..ဘာတွေဖြစ်လာတာလဲ..ဘာဖြစ်တာလဲဟင်”

စစ်ကိုင်းရှိ ရှင်မိငယ်၏ ဆိုင်ကလေးအနောက်ဘက်တွင် ဖြစ်သည်။

လွီဇာက မိငယ်ကို ဖက်ကာ အိခနဲ ငိုချလိုက်သည်။

မည်သည့်စကားမျှ မပြောပဲ အချိန်အတန်ကြာ ရှိုက်ကြီးတငင်ငင် ငိုနေ၏။

“မမ...ဘာဖြစ်လို့လဲဟင်..ဘာဖြစ်လို့လဲ..ဒီမှာ မိငယ်တို့ကဖြင့် မမ လွတ်လာလို့ ပျော်နေတာ”

“ငါ အင်းဝကို မုန်းတယ်..မိငယ်...အင်းဝက လူတွေကို.မုန်းတယ်”

မိငယ်က ပုဝါတစ်ပိုင်းကိုယူကာ မျက်ရည်သုတ်ရန် ကမ်းပေး၏။

“ငါ သူတို့တွေ ရှေ့မှာ မျက်ရည်မကျချင်ဘူး...မိငယ်..ငါ ဘယ်သူ့ရှေ့မှာမှ မျက်ရည်မကျချင်ဘူး.အထူးသဖြင့် ယောက်ျားတွေ ရှေ့မှာပေါ့....ဒါကြောင့်....ဒီကို လာခဲ့တာ..မိငယ်”

“မမလွီဇာ ဘာတွေဖြစ်ခဲ့တာလဲ....ကျွန်မကို ပြောပြလို့ရပါတယ်..စိတ်ထဲပေါ့သွားအောင် ပြောပြလိုက်ပါ”

“ငါ့ကို ကိုးသိန်းသခင်က ထောင်ကလွှတ်ပေးတာ..ရိုးရိုးမဟုတ်ဘူး...”

“................................................................”

“မမရယ်....”

မိငယ် က လွီဇာ့စကားမျးကို နားထောင်ပြီး မျက်ရည်များပင် ဝိုင်းလာသည်။

ထိုအချိန်တွင် ဆိုင်အရှေ့ဆီက မြင်းခွာသံကြားရ၏။

“မောင်ကြီးအောင်ဇေယျ မြင်းခွာသံပဲ”

မိငယ်က မတ်တပ်ရပ်ကာ အပြင်သို့ ထွက်လိုက်သည်။

လွီဇာက မျက်ရည်များကို သုတ်လိုက်ပြီး မိငယ်နောက်မှ လိုက်လာ၏။

“မောင်ကြီး...လာနေကျ ရက်လည်း မဟုတ်ပါလားတော့..ဘယ့်နှယ့်”

အောင်ဇေယျမျက်နှာက သုန်မှုန်နေသည်။

“ဘာလဲ...မမခင်ယွန်းစံ နဲ့ ရန်ဖြစ်လာကြပြီမဟုတ်လား”

မိငယ်က ရေတခွက်ကို ကမ်းပေးရင် ချစ်စဖွယ်ပြုံးကာ စကားဆိုလိုက်၏။

အောင်ဇေယျက မိငယ်၏ ခေါင်းကလေးကို သူ့လက်ဖြင့် ပွတ်သတ်လိုက်ပြီး ကွပ်ပျစ်တွင် ဝင်ထိုင်သည်။

“သြော်..မမလွီဇာ..ခင်ဗျား ထောင်က လွတ်လာပြီပေါ့”

လွီဇာက ခေါင်းညိတ်ပြလိုက်သည်။

“အင်း..ကျွန်တော်တို့က စိတ်ပူနေတာ...ခေတ်ကာလကလည်း သိတဲ့အတိုင်း...နိုင်ငံရေးက တနေ့တခြား ရှုပ်ထွေးလာတာကိုး”

“ကဲ..ပြောပါဦး..မောင်ကြီးရဲ့....ဘာတွေများ စိတ်ဆိုးစိတ်ကောက်ဖြစ်ကြပြန်ပြီလဲ”

အောင်ဇေယျ၏ နဖူးပေါ်မှ ကျလာသော ချွေးစက်များကို မိငယ်က သုတ်ပေးရင်းက မေးလိုက်၏။

“ဟိုနေ့က ပိုးခါးစည်းကြိုး ကိစ္စပေါ့”

“ရှင်..မိငယ် ယူထားလိုက်တဲ့ဟာလား”

“ဟုတ်တယ်...မိငယ်..အဲ့ဒါ သူလည်း ပိုးကြိုးမှာလိုက်တာ....မောင်ကြီးက သူ့မှာလည်း ပိုးကြိုးတွေက အများကြီးရှိတာ..မိငယ်ကိုက တခါမှ အဲ့ဒါမျိုး မဝယ်ပေးဖူးတော့..မိငယ်ကလည်း လိုချင်တယ်ဆိုလို့ ပေးခဲ့တာပါ”

မိငယ်က အခန်းထဲသို့ ဝင်သွားသည်။ ထို့နောက် ပိုးကြိုးလေးကို ယူကာ ထွက်လာ၏။

“ဒါဆိုလည်း ပြန်ပေးလိုက်ပါ...မောင်ကြီးရယ်...မိငယ်ကြောင့် ရန်ဖြစ်ကြပြီ”

“နေပါစေ..မိငယ်..တို့ချင်းက ပြန်အဆင်ပြေမှာပါ..လောလောဆယ်သာ သူက အိမ်မှာ မောင်ကြီးကို ရွဲ့ပြီး မောင်ကြီးမကြိုက်တဲ့...ပဲကြီးနှပ်ကြီး နေ့တိုင်းချက်နေတာ.. မောင်ကြီးလည်း သူစိတ်ဆိုးမှာဆိုးလို့ ကြိတ်မှိတ်စားပေးပါသေးတယ်..အခုဟာက သုံးလေးရက်ဆိုတော့...မခံစားနိုင်တော့ဘူး”

“ဖြစ်ရမယ်..မောင်ကြီးရယ်.ကဲ..ဘာစားချင်းလဲပြော..ဒီမှာ မမလွီဇာလည်း ရောက်တုန်း..စစ်ကိုင်းစျေးထဲမှာ ရေဘဲတွေပေါနေတာနဲ့...ချက်ကျွေးမလားလို့”

“အံမယ်လေး..မရွှေငယ်..ဟိုတစ်ယောက်က ပဲကြီးနှပ်တွေချည်းကျွေး...ညည်းက ရေဘဲကျွေးပြီး ကျုပ်ကို ချီးပန်းသေအောင်လုပ်ကြမလို့လားဗျ..တခြားဟာချက်စမ်းပါကွဲ့”

အောင်ဇေယျနှင့် မိငယ်တို့ကို ကြည့်ပြီးမှပင် လွီဇာ၏ အပူများ လျော့ဆင်းသွားတော့သည်။

“မမလွီဇာ..အင်းဝ အခြေအနေဘယ်လိုတုန်းဗျ....နိုင်ငံရေးကလည်း တနေ့တခြားရှုပ်ထွေးလာနေတယ်...ခင်ဗျားတို့ကို ချုပ်ထားတဲ့ ထောင်က ထောင်မှူးလည်း ထောင်ပြန်ချခံရတယ်ဆို”

လွီဇာက အောင်ဇေယျ အမေးကို ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်..‌အောင်ဇေယျ..အင်းဝဟာ အုပ်ချုပ်သူမင်းကအစ ပြည်သူအဆုံး တာဝန်ဝတ္တရားတွေ စာရိတ္တတွေ ကျင့်ဝတ်တွေ ယုတ်လျော့ပျောက်ဆုံးနေကြပြီ.... မကြာခင်မှာ အင်းဝမြို့ကြီးဟာ ပျက်စီးသွားလိမ့်မယ်.. အဲ့ဒီအတွက် နင်တို့လို နယ်ဘက်ကျေးဘက်က သြဇာရှိသူတွေက ပြင်ဆင်ထားရတော့မယ်...ငါလည်း အင်းဝက ထွက်သွားတော့မယ်”

လွီဇာစကားကြောင့် အောင်ဇေယျ၏ မျက်နှာက ရုတ်တရက်တည်သွားသည်။

“ကျုပ်အစောကြီးကတည်းက ပြင်ဆင်ဖို့ စဥ်းစားထားပြီးသားပါ”

...................................................................................................................................

၁၇၃၆ ခုနှစ်တွင် "ဂန္ဓမာနတောင်ကြော်ညာလွှင့်ဖြူး သာထွန်းဦးဘုရားရှင်" ဟု အမည်ပေးထားသော စေတီတော်သို့ မဟာဓမ္မရာဇာဓိပတိဘုရင် ဘုရားဖူးထွက်တော်မူသည်။

မဟာဓမ္မရာဇာဓိပတိသည် နန်စံကာလ သုံးနှစ်အတွင်း ဘုရားစေတီများတည်ခြင်း၊ ဘုရားဖူးထွက်ခြင်း၊ ဥယျာဥ်များ၊ နန်းတော်အသစ်များ ဆောက်လုပ်ခြင်းတို့ဖြင့် အချိန်ကုန်နေသည်။

ဆရာတော်များအား ထူးခြားဆန်းပြားသော ဘွဲ့ထူးဂုဏ်ထူးများပေးကာ အထူးချီးမြှင့်မြှောက်စားသည်။

ရွှေဒေါက်ချာဆောင်း၊ ရွှေယပ်တောင်ရ ဆရာတော်များပေါ်ပေါက်လာသည်။

အထိမ်းအမှတ်ပွဲသဘင် တစ်ခါကျင်းပလျှင် ပျော်ပွဲရွှင်ပွဲများကို သုံးရက်ကြာထည့်သွင်းသည်။ မြို့တော်နေ ဆင်းရဲသားများအား မစိုးရိမ် နှင့် မတောင့်တ ဟု အမည်ပေးထားသည့် နန်းတွင်းစပါးကျီတော်မှ စားနပ်ရိက္ခာများ စတုဒိသာပေးဝေသည်။

ထိုသို့ကြည့်လျှင် အင်းဝမြို့ကြီးသည် သာသနာကို ချီးမြှင့်မြှောက်စားပြီး ပျော်ရွှင်စရာအလွန်ကောင်းသော နတ်ဘုံနတ်နန်းကြီးတမျှ။

သို့သော်ငြား။

မဟာဓမ္မရာဇာဓိပတိသည် လောကီဘက်အားသန်သော ဆရာတော်များကို အထူးကိုးကွယ်သည်။

ထိုဆရာတော်များအား နန်းတော်သို့ အမြဲမပြတ်ပင့်ဖိတ်သည်။

အချို့ဆရာတော်များမှာ နန်းတွင်းတွင် သေရည်နုကို သောက်သုံးသည်အထိဖြစ်လာသဖြင့် အခြားပြင်ပရှိ ကျမ်းတတ်ဆရာတော်များနှင့် သေနုသောက်သုံးသင့်၊ မသင့် ပြဿနာကြီး ပေါက်ပေါက်ခဲ့သည်။

သို့သော် အမှန်တကယ် ဝိနည်းလိုက်နာပြီး ကျမ်းတတ်သည့် စစ်ကိုင်းရှင်သုဇာတာတို့ကဲ့သို့သော ဆရာတော်ကြီးများမှာ သေရည်မသောက်အပ်ဆိုသည့်ဘက်မှ ရပ်တည်ခဲ့ကြသော်လည်း နန်းတွင်းနှင့် ခပ်ကင်းကင်းနေသဖြင့် သြဇာအာဏာမရှိကြ။ ထို့ကြောင့် သေရည်သောက်အပ်မသောက်အပ်ပြဿနာကို အပြီးသတ် ဖြေရှင်းနိုင်ခြင်းမရှိခဲ့။

မကြာမီ စစ်ကိုင်း ဝပ်ချက်အရပ်တွင် ဝရဇောတအမည်ရှိ ဆရာတော်က သောတပန်ဂိုဏ်းကို ထူထောင်ခဲ့သည်။

ဆရာတော်၏ တရားကို နာရုံမျှဖြင့် သောတပန်၊ အနာဂါမ်ဖြစ်ပြီဟုဟောကြေားသဖြင့် လူအများ သွားရောက်နာယူကြသည်။

သောတပန်အရက်သမား၊ သောတပန်ကြာခို၊ သောတပန်သားသတ်သမားများစွာ ပေါ်ထွက်လာခဲ့သည်။

ထိုအခြေအနေကိုလည်း မဟာဓမ္မရာဇာဓိပတိမှာ အာဏာစက်ဖြင့် ဖြေရှင်းခဲ့ရသည်။

ရှင်ဘုရင်မှာ အင်းဝအနီးမြို့များတွင် သူတည်ဆောက်ထားသော ဥယျာဥ် နှင့် ယာယီနန်းများကို ကုန်းလမ်း၊ ရေလမ်းဖြင့် မကြာခဏခရီးထွက်သည်။

ထိုသို့ခရီးထွက်တိုင်း မိဖုရား၊ မင်းညီမင်းသား၊ နန်းတွင်းသူနန်းတွင်းသားများ ရာဂဏန်းအထိ လိုက်ပါတတ်ကြသည်။

လမ်းတွင် စိုက်ပျိုးထားသော အခင်းများမှ သီးနှံများကို ရှင်ဘုရင်နှင့် ပါရှိလာသူတို့အား စိတ်ကြိုက် ခူးဆွတ်ခွင့်ပေးထားသည်။

အခင်းရှင်များကို ရှင်ဘုရင်က ရွှေငွေများ ဆုချပေးသည်။

စိုက်ခင်းများမှာ အသီးအပွင့်များ အချိန်မလင့်ခင် ခူးဆွတ်ယူခံရသဖြင့် ထွက်သင့်သလောက်မထွက်ပဲ အပျက်အစီးအဆုံးအရှုံးများခဲ့ရသည်။

အုပ်ချုပ်ရေးဘက်တွင် မဟာဓမ္မရာဇာဓိပတိသည် အမိန့်တော်ပြန်တမ်း တစ်‌စောင်သာ ထုတ်ပြန်ခဲ့သည်။

တိုင်းပြည် အုပ်ချုပ်ရေး၊စီးပွားရေးနှင့် စစ်ရေးကို အချက်ကျကျ ထိန်းသိမ်းထားနိုင်ခဲ့သော ဝန်ကြီးဦးပု၊ အသည်ဝန်နှင့် ရွှေတိုက်ဝန်တို့မှာ ဝန်ကြီးဦးရွှေဖြိုးကြောင့် ကွပ်မျက်ခံခဲ့ရပြီဖြစ်သည်။

တိုင်းရေးပြည်မှုတွင် မကျွမ်းကျင်သည့် ဦးရွှေဖြိုးကို ဘုရင်နောင် ဟူသော ဘွဲ့ကိုပေးကာ ရွှေထီးဆောင်းစေခဲ့သည်။

ဦးရွှေဖြိုးတင် မဟုတ် နန်းတော်တွင် ပတ်မတီးကောင်းသည့်ဆိုင်သမားများ၊ ထမင်းဟင်းချက်သည့် စားတော်ကဲများ၊ ဘုရင့်ထံ ပန်းချီ၊ပန်းပုကောင်းများဆက်သနိုင်သူ သာမန်မြို့စားအဆင့် အချို့ကိုပင် ရွှေထီးဆောင်းခွင့်ပေးခဲ့သည်။

စစ်ရေးတွင်လည်း ဦးပု စတင်ခဲ့သည် ရဲတစ်ထောင်၊ နောင်တစ်ရာစီမံကိန်းကို ဖျက်သိမ်းလိုက်သည်။ အနီးအနားတွင် ခစားကြသော လူများကို မင်းရဲ၊ မင်းစစ်၊ မင်းနောင် ၊ ဓမ္မရာဇာ၊ ဘုရင်ထွေး၊  ဘုရင့်နောင်၊ ဘုရင်ငယ် စသည့် ဘွဲ့အဆန်းများ တီထွင်ပေးခဲ့သည်။

ဝေါပလာ၊ ကျိုင်းရွှေချက်၊ ထီးနီရွှေညောင်ဆွဲ စသည့် မင်းညီမင်းသားအဆောင်အယောင်များကို အချို့အရပ်သားများအား ပေးအပ်သည်။

ရှင်ဘုရင်အနေဖြင့် သူခိုး ဓါးပြသာသာလူများကို ဘွဲ့၊အဆောင်အယောင်များ ရက်ရက်ရောရောပေးအပ်ကာ သူ၏ ထီးနန်းတည်မြဲရေးအတွက် စည်းရုံးသည့်နည်းကို အသုံးပြုခဲ့သည်။

ထို့ကြောင့် အချို့မှာ သူတို့၏ မြို့ရွာများတွင် ရွှေထီးဆောင်း၊ ဝေါယာဥ်စီးကာ ဓါးပြတိုက်ထွက်ကြသည်အထိ အတင့်ရဲကြသည်။

စီးပွားရေးတွင်လည်း ရှင်ဘုရင်မှာ တိုင်းပြည်ဝင်ငွေနှင့် မမျှသော အပျော်အပါး၊အလှူအတန်းများ ဆက်တိုက်လုပ်နေသဖြင့် နန်းတော်ရွှေတိုက်တွင် ဝင်ငွေလိုအပ်ချက်များလာသည်။

ထို့ကြောင့် နိုင်ငံခြားကုန်သွယ်မှု၊ ပြည်တွင်းကုန်သွယ်မှုများတွင် အခွန်များကို တိုးမြှင့်ကောက်ခံကြသည်။

ကုန်သည်အများစုမှာ တရားဝင်အခွန်ဆောင်သည့်လမ်းကို မရွေးကြတော့ပဲ သက်ဆိုင်ရာအရာရှိများအား လာဘ်ပေးကာ အခွန်ရှောင်သည့်နည်းကို ကျင့်သုံးလာကြသည်။

နောက်ဆုံးတွင် နန်းတော်၏ အခွန်ဘဏ္ဍာဖြည့်ဆည်းပေးမှုမှာ ပြည်သူ၏ ပုခုံးပေါ်သို့ ကျလာတော့သည်။

အခွန်အတုတ်ကြီးလေးမှုကြောင့် ကုန်စျေးနှုန်းက တရိပ်ရိပ်တက်လာသည်။ ပြည်သူများ ဆင်းရဲကြပ်တည်းကြသည်။

သူခိုး၊ ဓါးပြများ ပေါများလာသည်။

ဘာသာရေးခေါင်းဆောင်များကိုယ်တိုင် ရှင်ဘုရင်နှင့်ပေါင်းကာ ပျက်စီးယို့ယွင်းနေကြသဖြင့် ဘာသာတရားအပေါ် အလေးနက်ပြုမှုနည်းလာ၏။

မြေရှင်ဘုန်းကြီးများ၊ အတိုးပေးစားသည့်ဘုန်းကြီးများ ပေါ်ပေါက်လာသည်။

ကုန်သည်များအရောင်းအဝယ်ကိစ္စများပြုလုပ်ရာတွင် ဘုန်းကြီးများက ပွဲစားအဖြစ်ပါဝင်လာကြပြီး ပွဲဖြစ်လျှင် ဘုန်းကြီးကျောင်းတွင် အရက်နှင့် ဝက်သားများကို တည့်ခင်းကာပျော်ပါးစားသောက်သည်အထိဖြစ်လာသည်။

ရှင်ယောင်ဟု ခေါ်သော သင်္ကန်းဝတ်များဦးဆောင်သည့် ဓါးပြများ၊ လူမိုက်ဂိုဏ်းများပင် ပေါ်ပေါက်လာတော့သည်။

အချို့ ဓါးပြများမှာ မြို့ရွာ၏ အာဏာပိုင်များ၊ လက်နက်ကိုင်စစ်သားများပါ ဖြစ်နေသဖြင့် ပြည်သူမှာ ကူရာကယ်ရာမဲ့လာတော့၏။

စာရိတ္တပိုင်းတွင်လည်း သူ့လင် ကိုယ့်မယား စည်းမခြားသည့်ကိစ္စများ၊ လိင်မှုရေးရာဖောက်ပြန်သည့်ကိစ္စများ များပြားလာသည်။

ထို့ပြင် မြို့တော်လမ်းမပေါ်တွင် ဂဠုန်လက်သည်းပင် စိုက်ထားသည့် အိမ်များလည်း တဖြည်းဖြည်းများပြားလာသည်။

ဂဠုန်လက်သည်းပင်ဆိုသည်မှာ ပြည့်တန်ဆာရှိသည်ဆိုသော အထိမ်းအမှတ်ပင်ဖြစ်သည်။

ပြည့်တန်ဆာများ ကိုယ်အင်္ဂါသန့်စင်ဆေးကြောရာတွင် ရောဂါကင်းရန် ထိုဂဠုန်လက်သည်းပင်ပြုတ်ရည်ကို အသုံးပြုကြခြင်းကြောင့်ဖြစ်သည်။

အင်းဝ၏ ဆင်းရဲချို့တဲ့ရှာသော အမျိုးကောင်းသမီးငယ်အချို့မှာ ဂဠုန်လက်သည်းပင် အရိပ်အောက်သို့ ရောက်ရရှာတော့၏။

......................................................................................................................

ဗရင်ဂျီဘုရားရှိခိုကျောင်းမှာ တိတ်ဆိတ်နေသည်။

ဖာသာဂိုးမက်စ် သည် သူ့ရှေ့တွင် ဒူးထောက်နေသာ လွီဇာနှင့် လွီဇာရှေ့မှ သော့တွဲကို ကြည့်ကာ ငိုင်နေ၏။

“မင်းတကယ်ပဲ အင်းဝက ထွက်သွားတော့မှာလား..လွီဇာ”

“ဟုတ်တယ်..ဖာသာ..ဖာသာမန်းဒက်ဇ်လည်း ဆုံးသွားခဲ့ပြီဆိုတော့.အင်းဝမှာ ကျွန်မတွယ်တာစရာလည်း များများစားစားမရှိတော့ဘူးလေ”

“ငါတို့တွေ ရှိသေးတယ်လေ....လွီဇာ..ဟော့ဒီအင်းဝမှာတင်မဟုတ်ဘူး.ဟိုး ဒီပရင်း၊ ရေဦးဘက်ရွာတလျှောက်မှာ မင်းတို့ ဒီမဲလိုးအနွယ်တွေလည်း အများကြီးရှိသေးတာပဲ”

“ကျွန်မထောင်ထဲမှာရှိနေချိန် မဏိပူရတပ်တွေက ကျွန်မတို့ လူမျိုးတွေအများကြီးကို ဖမ်းခေါ်သွားတယ်ဆိုတာ သိတယ်..ဖာသာ..သူတို့ ဘာလို့ ဖမ်းခေါ်သွားကြလဲ..ဖာသာ သိလား”

ဖာသာဂိုးမက်စ်က ဖြည်းညှင်းစွာခေါင်းညိတ်လိုက်သည်။

“ဘာရှိရမလဲ..တို့ပေါ်တူဂီတွေက အင်းဝဘုရင်အတွက် သေနတ်ကိုင်ပြီး စစ်တိုက်ပေးရတယ်လေ... ကသည်းတွေကလည်း သူတို့ကို စစ်တိုက်ခိုင်းဖို့ပဲပေါ့”

“အဲ့ဒါပဲ..ဖာသာ....အဲ့ဒါ အဓိပ္ပါယ်ရှိတယ်လို့ ဖာသာထင်လား...ကျွန်မတို့ လူမျိုး တွေရှိတဲ့ တိုင်းပြည်အတွက် ကျွန်မတို့ စစ်တိုက်ပေးရတာက အဓိပ္ပါယ်ရှိတယ်လေ..အခုက ..နှစ်ပေါင်းများစွာ ကျွန်မတို့ဟာ ဒီမြေက လူတွေရဲ့ စစ်ပွဲထဲက အသုံးချခံ စစ်သားရုပ်လေးတွေ ဖြစ်နေကြတာ”

“ဒါ...ငါတို့ မြေပဲလေ..လွီဇာ..ငါတို့အားလုံးဟာ ဒီမြေမှာ မွေးကြတာ...အင်းဝဟာ ငါတို့ နိုင်ငံတော်ပဲလေ”

အနောက်ဘက်မှ ပေါ်ထွက်လာသည့် အသံကြောင့် လွီဇာ လှည့်ကြည့်လိုက်သည်။

ပက်ဒရိုဒီဆေးဗား (သို့မဟုတ်) အင်းဝဘုရင် ၏ ရဟိုင်းမြင်းတပ်မှ ဗိုလ်မှူး ဘယကျော်သူ ။

“နင်ကတော့ နန်းတွင်းဗိုလ်မှူးဖြစ်နေပြီကိုး...နင့်စည်းစိမ်..နင့်ရာထူးအတွက် အင်းဝရဲ့ သစ္စာကို နင်ခံတာ မဆန်းပါဘူး”

လွီဇာက ခပ်သွက်သွက်ပြန်ချေပလိုက်သည်။

ပက်ဒရိုက အားရပါရးပြုံးလိုက်သဖြင့် သူ့ပါးပေါ်မှာ ဓါးဒဏ်ရာအမာရွတ်ကြီးမှ ပိုမိုကြွတက်လာတော့သည်။

“နင်က ငယ်ငယ်က အတိုင်းပါပဲ..လွီဇာ...နင့်သတင်းတွေ ငါကြားပါတယ်...နန်းတော်ကို တော်တော်မွှေနှောက်နိုင်တာပဲ”

ပက်ဒရိုသည် လွီဇာ နှင့် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ အင်းဝပေါ်တူဂီရပ်ကွက်တွင် အတူတကွကြီးပြင်းလာကြသူများ။

ကြီးပြင်းလာသည့်အခါ အင်းဝမြင်းတပ်တွင် အမှုထမ်းရင်း ဘုရင်၏ အစီအစဥ်အရ အင်းဝနန်းတွင်းသူ တစ်ဦးနှင့်ပင် အိမ်ထောင်ပြုခဲ့ရသည်။

“ကိုယ်တစ်ယောက်ထဲ အဆင်ပြေနေရုံနဲ့တော့ တခြားဘဝတွေကို မျက်ကွယ်ပြုလို့မရဘူး..ပက်ဒရို... သန်မာပြီးသားသူတွေက ဝင်မရုန်းကန်ပေးရင်....ရုန်းကန်နေရတဲ့သူတွေ သန်မာလာတဲ့တစ်နေ့ကို ရောက်လာလိမ့်မယ်...အဲ့ဒီကျ နင့်ရဲ့ တာဝန်မဲ့မှုအတွက်...နင်အရှက်ရလိမ့်မယ်...ငါကတော့ ငါတတ်နိုင်သမျှ ရုန်းကန်ပြီး ငါ့လူမျိုးတွေကို ဒီဒုက္ခတွင်းထဲကနေ ငါတို့ ဇာတိမြေဆီ ရောက်အောင် ပြန်ခေါ်သွားမယ်”

“ဟား..လွီဇာရယ်..နင်..အားရင်..ဟိုး မူးမြစ်ကမ်းတစ်လျှောက်က ငါတို့လူမျိုး ဗရင်ဂျီ ရွာတွေကို သွားကြည့်စမ်း...ခဏလောက်စနည်းနာကြည့်စမ်းပါ..အားလုံးဟာ အင်းဝသားတွေ အင်းဝသူတွေဖြစ်နေကြပြီ...ဒီကယဥ်ကျေးမှုနဲ့ တသားတည်းဖြစ်နေကြပြီ..သူတို့က သူတို့မွေးခဲ့တဲ့ ဒီမြေ ဒီရေကို စွန့်ပြီး သူတို့တခါမှ မသိဘူး မရောက်ဘူးတဲ့..ဟိုးကမ္ဘာတဖက်ခြမ်းက ပေါ်တူဂီတွေဆီ သွားမယ်လို့ နင်ထင်နေတာလား.. နင်က နင့်အဘွားရဲ့ အိပ်ရာဝင်ပုံပြင်တွေကို တကယ်စိတ်ကူးယဥ်နေတာပဲ...လွီဇာ”

“ဒီမြေဒီရေမှာ ဒုက္ခရောက်တာထက်စာရင်...ငါတို့ ဘိုးဘွားတွေမြေမှာ ငါတို့ ဒုက္ခခံနိုင်တယ်...ပက်ဒရို....အင်းဝ ဟာ မကြာခင်မှာ ပျက်စီးတော့မှာ..ပက်ဒရို...နင်တို့အားလုံးလည်း ပျက်စီးနေကြပြီ...ကျမ်းစာထဲ သောဒုံမြို့ကြီးလို ပျက်စီးရတော့မှာ”

လွီဇာ၏ အသံက ကျယ်သွားသည်။

“အင်းဝ ဟာ ဘယ်တော့မှ မပျက်စီးဘူး..အင်အားကြီးမားတဲ့ ဒီမြေ ဒီထီးနန်းဟာ ဘယ်တော့မှ မပျက်စီးဘူး”

ဖာသာဂိုးမက်စ်က ပက်ဒရို၏ ပုခုံးများကို လာ‌ရောက်ဆုပ်ကိုင်လိုက်သည်။

“ကဲ....မင်းတို့နှစ်ယောက်လုံးက ဘုရားကျောင်းကို မရောက်တာကြာကြပြီ...လွီဇာလည်း မကြာခင် အင်းဝက ထွက်သွားတော့မှာ.... ငြင်းခုံမနေကြနဲ့တော့..ဘုရားအတွက် အချိန်ပေးလိုက်ကြဦး.. မင်းတို့နှစ်ယောက်လုံးအတွက် ငါဆုတောင်းပေးမယ်”

လွီဇာရော...ပက်ဒရိုပါ ဖာသာဂိုးမက်စ်ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

ခေတ္တအကြာတွင် ဖာသာဂိုးမက်စ်၏ ဆုတောင်းပေးသံက ဘုရားကျောင်းထဲ လှိုက်ပျံ့လာ၏။

“အာမင်”

လွီဇာ က ဖာသာဂိုးမက္စ် ထံသို့ သူ၏ အင်းဝအိမ်သော့ကို အပ်လိုက်သည်။

ထို့နောက် ပက်ဒရိုကို မနှုတ်ဆက်ပဲ ဘုရားကျောင်းထဲမှ ထွက်လာ၏။

ဘုရားကျောင်း၏ ခြံဝန်းအဝတွင် မတ်တပ်ရပ်နေသော တစ်စုံတစ်ယောက်ကို သူတွေ့လိုက်ရသည်။

သူ့ကို မြင်သည်နှင့် ထိုသူက လှစ်ခနဲ မြင်းပေါ် ခုန်တက်လိုက်၏။

“မောင်ကြီး..ငတွန်...မောင်ကြီးငတွန်......ခဏနေပါဦး”

 

ခက်ဇော်


(သန်မာသူတွေ တတ်နိုင်တဲ့ဘက်က ဝင်မရုန်းကန်ကြရင်.... ရုန်းကန်သူတွေ သန်မာလာတဲ့တနေ့....အောင်ပွဲခံတဲ့အခါ..အရှက်ရလိမ့်မယ်)

နံရံဆေးရေးဓာတ်ပုံများကို ဆရာကိုသန်းဇော်ထံမှ ကူးယူဖော်ပြပါသည်။

Comments

Post a Comment