AVA 1740s ( အခန်း ၂၀)

AVA 1740s

                                     အခန်း(၂၀)                                                                               

                         ........................................

“ဒုတ်”

“ဟေး..ကောင်လေး..လက်စလက်နကတော့ ပြင်းသားဟ”

ဇရပ်ဆီမှ ပါးကွက်သားတို့ ၏ အော်ဟစ်ရယ်မောသံများ။

ငလှေးက ပေါက်တူးရိုးပေါ်သို့ ဝါးရင်းတုတ်ဖြင့် ခုတ်ချလိုက်ခြင်းသာ။

နာလဲ၏ လက်နှင့်ခြေတို့တွင် ချည်ထားသော ကြိုးများကို ငလှေးက အမြန် ဖြည်ပေးလိုက်သည်။

“ပြေးတော့..အင်းဝမြို့ထဲ ဘယ်တော့မှ ပြန်မလာနဲ့တော့..ခင်ဗျားမသေတာသိရင် ကျုပ်‌ေသရလိမ့်မယ်”

“ရှင်က လူကောင်းပါ...ငလှေး..လွီဇာကို တတ်နိုင်သမျှ ကူညီပေးပါ”

ငလှေးက မြန်မြန်သွားရန်သာ လက်ပြလိုက်သည်။

နားလဲက သုသာန်အမှောင်ထုထဲသို့ ခြေသံလုံလုံဖြင့် ဝင်ရောက်ပျောက်ကွယ်သွား၏။

ငလှေးသည် အလောင်းကောင်များရှိရာ ကျင်းဝတွင် မတ်တပ်ရပ်လိုက်သည်။

ထို့နောက် ပေါက်တူးကို ကိုင်ကာ ကျင်းနှုတ်ခမ်းမှ မြေကြီးများကို ခပ်မြန်မြန် ယက်ချလိုက်၏။

အလောင်းကောင်များပေါ်သို့ မြေကြီးများ တအိအိကျသွားသည့်အခါ သွေးညှီနံ့များက တွင်းနှုတ်ခမ်းအထိ လှိုက်ထစေသည်။

.....................................................................................................

ခြေဖမိုးပေါ်သို့ စံပယ်ပန်းအဆီများ တအိအိကျလာသည့်အခါ ပန်းရနံ့က ခန်းဆောင်တစ်ခုလုံးကို လှိုက်ထစေသည်။

အသက်(၁၉)နှစ်ခန့်သာရှိဦးမည့် ခြေသည်းလက်သည်းလှီးတာဝန်ကျသူ နန်းတွင်းသူလေးက မဟာဓမ္မရာဇာဓိပတိ၏ ခြေချောင်းများကို ဆီဖြင့် သေချာသုတ်လိမ်းက နှိပ်နယ်ပေးနေ၏။

ထို့နောက် ဓားငယ်ကလေးဖြင့် ခြေသည်များကို ညင်သာစွာ လှီးဖြတ်တိပပေးနေသည်။

တချိန်တည်းတွင်ပင် ဆတ္တာသည်ငခင်လှက ရှင်ဘုရင်၏ ဖားလျားချထားသော ဆံရှည်များကို ညီညာစေရန် ဓားဖြင့် ကျွမ်းကျင်စွာဖြတ်တောက်ပေးနေ၏။

ဆတ္တာသည်နှင့် နန်းတွင်းသူလေးတို့ နှစ်ဦးလုံး၏ နောက်တွင် ဗိုလ်မှူးဒေဝသီဟ ဦးဆောင်သည့် လေးဆယ်တော်အဖွဲ့က ဓါးလွတ်များကို အဆင့်သင့် ကိုင်မိုးထားကြသည်။

ရှင်ဘုရင်နှင့်အနီးကပ်ဆုံးတွင် ရှိနေကြသည် ဆတ္တာသည်နှင့် နန်းတွင်းသူလေးတို့သည် သူတို့လက်ထဲမှ ဓါးငယ်များဖြင့် ရှင်ဘုရင်အား တစုံတရာအန္တရာယ်ပေးမည်ဆိုပါက လေးဆယ်တော်အဖွဲ့၏ ဓါးများက သူတို့၏ ဂုတ်ပိုးပေါ်သို့ တိခနဲ ပြတ်အောင် ခုတ်ချပစ်မည်ဖြစ်၏။

ထိုအချိန်တွင် မလှမ်းမကမ်းတွင်ရှိနေသော စာတော်ဖတ် ငမြတ်စံ က ရတုပိုဒ်စုံတစ်ခုကို အသံနေအသံထားနှင့် ရွတ်ဖတ်ပြနေ၏။

ခဏအကြာတွင် ဆံသခြင်းနှင့် ခြေသည်းလက်သည်းလှီးခြင်းများ ပြီးဆုံးသွားသည်။

ဆတ္တာသည်နှင့် ခြေသည်းလက်သည်းလှီးနန်းတွင်းသူလေးတို့ ထွက်ခွာသွားသည့်နောက်တွင် လင်ဇင်းမိဖုရားက ဘုရင်၏ ခြေတော်ရင်းတွင် ဦးခိုက်ရောက်ရှိလာ၏။

လင်းစင်းမိဖုရားသည် လာအို ခေါ် လင်စင်းပြည်မှ ဆက်သလာသည့် မိဖုရားဖြစ်ပြီး အသားဖြူဖြူ၊ ခန္ဓာကိုယ်ပါးလှပ်လှပ်ဖြင့် လှပသူဖြစ်သည်။

၁၇၃၆ ဖေဖော်ဝါရီလတွင် မဟာဓမ္မရာဇာဓိပတိသည် မြို့တွင်းရွှေနန်းစံနန်းတော်မှ မြို့ပြင် အောင်နန်းကျော်ဘုံနန်းတော်သို့ လာရောက်စံနေရာတွင် လင်စင်းမိဖုရားတစ်ပါးကိုသာ ခေါ်လာခဲ့သည်။

ထို့ကြောင့် လင်းစင်းမိဖုရားကို ရှင်ဘုရင်က မိဖုရားခေါင်ကြီးထက် ပိုမိုချစ်မြတ်နိုးသည်ဟုလည်း နန်းတွင်းတွင် ပြောစမှတ်ရှိကြ၏။

ဘုရင်က မျက်ရိပ်ပြလိုက်သဖြင့် လေးဆယ်တော်သားဓါးမိုးအဖွဲ့များရော၊ စာတော်ဖတ်ငမြတ်စံ ပါ ဆောင်တော်အပြင်သို့ ထွက်သွားကြ၏။

ရှင်ဘုရင်သည် သလွန်ပေါ်တွင် မှီအုံးကို ယူကာ မှောက်ခုံမှောက်လိုက်သည်။

လင်စင်းမိဖုရားက ရှင်ဘုရင်၏ သလွန်ဘေးတွင်ထိုင်ကာ အဝတ်အစားအားလုံးကို ချွတ်ပေးလိုက်သည်။

ထို့နောက် အိန္ဒိယနိုင်ငံမှလာသော နှင်းဆီပန်းရနံ့အဆီ ကို တစ်ကိုယ်လုံးနေရာ အနှံ့သို့ သုတ်လိမ်းပေးသည်။

ဆီလိမ်းပြီးလျှင် ကတိုးမှုန့်၊ ပန်းပေါင်းမှုန့်များဖြင့် ခန္ဓာကိုယ်အနှံ့ထပ်မံ လိမ်းပေးပြန်သည်။

ထို့နောက် ဘုရင်အတွက် သီးသန့်ယူလာသော အဝတ်အစားအသစ်ကို ဝတ်ဆင်ပေး၏။

နာရီဝက်ခန့်အကြာတွင် ရှင်ဘုရင်သည် မျက်နှာတော်သစ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

မျက်နှာတော်သစ်ရေကို မင်းညီမင်းသားများနှင့် မူးမတ်များက အလှည်ကျဆက်ကြရ၏။

လင်စင်မင်းသမီးက အခန်းတွင်းမှ ချက်ချင်းထွက်သွားရမည်ဖြစ်သော်လည်း မသွားသေးပဲ ရှင်ဘုရင်၏ ခြေဖမိုးကို ထပ်မံဦးခိုက်လိုက်ပြန်သည်။

မဟာဓမ္မရာဇာဓိပတိက ညင်သာစွာ ပြုံးလိုက်၏။

“မောင်ဘုရားကို...ဘာများ လျှောက်စရာရှိလို့လဲ...ခင်ခင်”

“မောင်ဘုရားဟာ မေတ္တာဂရုဏာကြီးမားပြီး သာသနာပြုမင်းတစ်ပါး၊ ဘုရားဆုပန်မင်းတစ်ပါးမို့...ဇီဝိတဒါန လျှောက်ထားချင်ပါတယ်..ဘုရား”

“အိမ်း...လျှောက်စေဗျာ..ဘယ်သူများလဲ”

“စစ်ကိုင်းရှင်ဖြူရှင်လှဘုရားပျောက်မှုကိစ္စကို ဗြဲတိုက်တော်က စီရင်ကြရမှာပါ..ဘုရား... အဲ့ဒီအမှုမှာ မဏိပူရသားများနှင့် တိုင်ပင်လုပ်ဆောင်တဲ့အထဲ မိထွေးတော်ပုပ္ပါးမိဖုရား ဟာ ပါဝင်ခဲ့ပါတယ်”

“အိမ်း..မောင်ဘုရား..သိပြီးသားလေကွဲ့”

“မှန်ပါ..မိထွေးတော်ပုပ္ပါးမိဖုရားဟာ ဟိုးအရင် ကွယ်လွန်သူ မဏိပူရစော်ဘွားက ချစ်ကြည်ရေးအတွက် ဆက်သထားတဲ့ မိဖုရားတစ်ပါးပါ..တနည်းအားဖြင့် သံတမန်ကြီးလည်းဖြစ်ပါတယ်..ယခု မဏိပူရစော်ဘွားငယ်ဂါရစ်နာဝဇ် ရဲ့ သစ္စာမဲ့မှုမှာ မိထွေးတော်ပါဝင်ခဲ့တယ်ဆိုပေမယ့်....အစွန်အဖျားအနားအသားသာ ဖြစ်ပါတယ်....တကယ်လို့များ မိထွေးတော်ကို ကွပ်မျက်မယ်ဆိုရင် အခြားသောလက်အောက်ခံ တိုင်းနိုင်ငံများမှ သူတို့ဆက်သထားသည့် သမီးကညာများအတွက်ပါ ရတက်မအေးဖြစ်ကြပါလိမ့်မယ်”

“အင်း..မောင်ဘုရားက နန်းတော်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ပဲ နေစေ့ချင်တာပါ...သတ်တာ ဖြတ်တာတွေကို နားနဲ့မျှ မကြားချင်ပါဘူး...မိထွေးတော်ဟာ မောင်ဘုရားကို ငယ်ငယ်ကတည်း အထိန်းအကျောင်းရှိခဲ့သလို..မောင်ဘုရားလည်း သူ့ကို အားကိုးအားထားသမှုရှိပါတယ်..သူ့အသက်ကိုတော့ မောင်ဘုရား မစီရင်ပါဘူးကွဲ့”

“မှန်ပါ...နောက်ကျန်ပါသေးတဲ့..ဘုရား”

“ဘယ်သူများတုန်းဟဲ့”

“ဒီအရေးအခင်းမှာ ဘာမှ မသိပါပဲ ပါဝင်မိတဲ့ နန်းတွင်းကုန်သည်တော်ကြီး လွီဇာဒီမဲလိုး ပါဘုရား”

ထိုအချိန်တွင် မဟာဓမ္မရာဇာဓိပတိ၏ မျက်နှာမှာ ရုတ်တရက်တင်းမာသွားသည်။

“အာကာရွှေတောင်ကို သတ်တဲ့အထဲက တစ်ယောက်မဟုတ်လား...သင်းကိုတော့ တရားရုံးက စစ်ကြောသဖြင့် အပြစ်ရှိသည်ဆိုလျှင် သွားမြဲလမ်းသွားပါစေ..ငါခွင့်မလွှတ်”

“မှန်ပါ...အာကာရွှေတောင်သတ်မှုမဟုတ်ပါ...ရှင်ဖြူရှင်လှဘုရားကိစ္စတွင် လွီဇာ သည် အစွန်အဖျားသာဖြစ်သဖြင့် ချမ်းသာပေးရန်သာဖြစ်ပါတယ်..ဘုရား”

မဟာဓမ္မရာဇာဓိပတိက မည်သည့်စကားမှ မဆိုတော့ပဲ သလွန်ပေါ်မှ ထကာ ခန်းဆောင်ပြင်ပသို့ ထွက်သွား၏။

...................................................................................

စစ်ကိုင်းရှင်ဖြူရှင်လှဘုရားခိုးမှုတွင် ပါဝင်သော ကုမာရဗြဟ္မဏမဟေပုဏ္ဏား၊ ရာဇပရောဟိတ်ပုဏ္ဏား၊ ကိုယ်ရံရွာစားပုဏ္ဏားငစံဖြူ၊ ပုဏ္ဏားငနီတိ နှင့် မင်းသားမောင်လှ တို့ကို နန်းတော်အမိန့်ဖြင့် ဧရာဝတီမြစ်ညာတွင် ကွပ်မျက်ပစ်လိုက်ကြသည်။

မင်းသားငလှကို လက်ခံထားသည့် သီရိဇေယျကျော်ထင်ကျောင်းတိုက်ဆရာတော် ဦးတေဇောဒီပ ကို တောင်တွင်းကြီးသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။

လွီဇာဒီမဲလိုးကို မူ ထိုအမှုမှ ဖယ်ထုတ်ပေးခဲ့ပြီး ဗြဲတိုက်တော်သို့ပင် ခေါ်မစစ်ဆေးခဲ့။

သို့သော် အာကာရွှေတောင်လူသတ်မှုအတွက်မူ ငတွန်၊ ချစ်မြ နှင့် လွီဇာတို့ကို မြို့ဝန်ရုံးမှ သေဒဏ်ချမှတ်ခဲ့သည်။

....................................................................................................

“ငါသားကွ...အာကာရွှေတောင်ကို သတ်တာ ငါ့သား..ဒါမှ ယောက်ျားကောင်း...ချစ်မြ နင် ယောက်ျားကောင်းဖြစ်ပြီ..နင်ယောက်ျားကောင်းပဲဟေ့”

ဒေါ်ဇံကုလား ၏ အသံက ကျယ်သွားသဖြင့် နဘေးတွင်ရှိသော ချစ်ညို က လက်မောင်းကို ကိုင်ကာ သတိပေးလိုက်သည်။

သားဖြစ်သူ သေဒဏ်ချခံရသဖြင့် ဂုဏ်ယူဝမ်းသာနေသော မိခင်ကို ကျန်အကျဥ်းသားများက တအံတသြကြည့်နေကြသည်။

တသက်လုံးတွင် မိခင်ဖြစ်သူ၏ ချီးမွမ်းဂုဏ်ပြုခြင်းကို ယခုတစ်ခါသာ ခံရသော ချစ်မြ မှာ ဝမ်းသာရမလို၊ ဝမ်းနည်းရမလို။

“မင်းအဖေနဲ့ ချစ်ဝကတော့ ရွှေကြာပင်ဆရာတော်ဆီ သွားလျှောက်နေတယ်..ဘုရင့်ဆီကနေ မင်းအသက်ကို ဆရာတော် က အလှူခံပေးနိုင်ဖို့..ငါ့သား ဘာမှ မပူနဲ့..ကြားကဲ့လား”

“ကျလည်း ကျတယ်ဟေ့...ဘုန်းကြီးအားကိုးနဲ့ သွေးရဲကြတဲ့လူတွေ”

ငတွန်ကတော့ ထိပ်တုံးထဲတွင် ပက်လက်လှန်လှဲကာ ဆေးတံကို ဖွာနေရင်းမှ လှမ်းပြောလိုက်သည်။

ချစ်ညိုက အချုပ်ခန်းအပြင်မှ နေပြီး ငတွန်ကို စိုက်ကြည့်လိုက်၏။

“ဘယ့်နှယ့်တုန်း....ကိုရင်ချစ်ညိုကြီးကရော....ဘုန်းကြီးသင်္ကန်းခြုံပြီး စစ်ထွက်ဦးမှာလား”

“မင်းနှမ..ငါယိုး....မင်းကို ငါ့လက်နဲ့သတ်ချင်တာ..ဟိတ်ကောင်”

“သတ်ချင်ရင်တော့ ပါးကွက်သားလုပ်လိုက်လေဗျာ....ငတွန်ဆိုတဲ့ကောင်ကလည်း လွယ်လွယ်တော့မသေဘူးဗျ...သေရင်လည်း အဖော်အပေါင်းတွေ ခေါ်ချသွားမှာ..ဟဟ”

ဒေါ်ဇံကုလားက ငတွန့်ကို တချက်ကြည့်လိုက်သည်။

“ချစ်ညို...ဒီအကောင်တော့ ဒီတစ်ခေါက် မှာ မသေလည်း မင်းသေအောင် သတ်ပေးကွယ်.. အမေ သိပ်ကြည့်မရတော့ဘူး”

“ဟုတ်ကဲ့ပါ..အမေ”

ထို့နောက် ဒေါ်ဇံကုလားက လွီဇာ ရှိရာအခန်းဘက်သို့ လျှောက်လာသည်။

“သမီး”

လွီဇာက ဒေါ်ဇံကုလားကို ပြုံးပြလိုက်၏။

“အရီးပြောပါတယ်....ချစ်မြ ဟာ သမီးနဲ့ကျမှ ယောက်ျားကောင်းပီသမှာလို့”

လွီဇာက ပြုံးသား ပြုံးနေလိုက်သည်။

“အင်း..သေရမယ်ဆိုတာ သိနေတာတောင် ပြုံးနေနိုင်သေးတယ်...ဒီလိုမိန်းမမျိုးမှ ငါချွေးမ မတော်နိုင်ရင်တော့လား...သမီးကိုလည်း အရီးတို့ ကယ်နိုင်အောင်ကြိုးစားမှာပါ”

ဒေါ်ဇံကုလားက ကောက်ညှင်းထုတ်နှစ်ထုတ် လွီဇာထံ ပေးပြီးနောက် ထောင်အပြင်သို့ ထွက်ခွာသွားသည်။

ထို့သို့ ထောင်တွင်း လာရောက်ခွင့်ရရန်အတွက် ဒေါ်ဇံကုလားသည် အဖေကြီးတုတ်အား ငွေစင် ငါးဆယ်ကျပ်ပေးခဲ့ရသည်။ ငွေ ငါးဆယ်မှာ အင်းဝတွင် မြင်းကောင်းတစ်စီး ဝယ်နိုင်သည့် ပမာဏပင်။

အကျဥ်းထောင်သည် ပြန်လည်တိတ်ဆိတ်သွား၏။

လွီဇာတို့သုံးဦးမှာ နောက်ထပ် သေဒဏ်ခုနှစ်ဦး ရှိသည်အထိ မှောင်မဲပုတ်ဟောင်နေသော အေးစက်စက်အကျဥ်းခန်းထဲတွင် စောင့်ဆိုင်းနေရဦးမည်ဖြစ်သည်။

လွီဇာက ပေါ်တူဂီဓမ္မတေးသီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ညည်းလိုက်၏။

“တော်တော်သွေးအေးတဲ့ မိန်းမပဲ”

မီးတုတ်များတွင် ကညင်ဆီလိုက်ဖြည့်နေသော ငလှေး က သီချင်းညည်းနေသော လွီဇာကို ကြည့်ကာ တကိုယ်တည်း မှတ်ချက်ချလိုက်သည်။

.......................................................................

၁၇၃၆ ခုနှစ်၊ မတ်လ။

ဂါရစ်နာဝဇ်ဦးဆောင်သော မဏိပူရကသည်းတို့သည် အင်းဝ နှင့် မဏိပူရနယ်စပ် မှ ချင်းတွင်းမြစ်အတိုင်း ဆင်းလာကြသည်။

မဟာဓမ္မရာဇာဓိပတိ က ဗိုလ်မှူးမင်းရဲသီဟ ဦးဆောင်သော အင်အား(၁၀၀၀)ရှိ မြင်းတပ်ကို စေလွှတ်တိုက်ခိုက်စေသည်။

မင်းရဲသီဟတပ်များ ကွမ်းအုံတွင် စခန်းချနေစဥ် ကသည်းတပ်များ ဝင်ရောက်တိုက်ခိုက်သဖြင့် တပ်ပျက်သွားသည်။

မင်းရဲသီဟ တိုက်ပွဲတွင် ကျဆုံး၏။ ရန်သူကို အထင်သေးခဲ့သော အင်းဝဘုရင်သည် ထိုသတင်းကိုကြားသည့်အခါ တုန်လှုပ်သွား၏။

ကသည်းတို့ကား မြေဒူးအထိ ချီတက်လာနေကြပြီဖြစ်သည်။

မဟာဓမ္မရာဇာဓိပတိသည် စစ်ရေးအတွက် အရေးပေါ် ညီလာခံ ခေါ်ယူသည်။

ထိုညီလာခံတွင် ဝန်ကြီးဦးပု နှင့် ဝန်ကြီးဦးဖြိုး တို့ အခြေအတင်ဖြစ်ကြသည်။

ဦးဖြိုးက ဝန်ကြီးဦးပု စုဆောင်းထားသော ရဲတစ်ထောင်နောင်တစ်ရာ စီမံကိန်းမှ လူငယ်လူရွယ်များကို ကသည်းအရေးတွင် အင်အားဖြည့်ရန် ဘုရင်အား လျှောက်ထားသည်။

ဝန်ကြီးဦးပုက ထိုစီမံကိန်းမှာ ကသည်းတို့အားရင်ဆိုင်ရန် မဟုတ်ပဲ...အင်းဝတပ်တော်များမှ ကသည်းရန်ကို တိုက်နေချိန်တွင် ဟံသာဝတီ၊ ဇင်းမယ် အစရှိသော လက်အောက်ခံနိုင်ငံများ ပုန်ကန်မှုပြုလာပါက ကာကွယ်ရန်ဖြစ်ကြောင်း ပြန်လည်လျှောက်တင်သည်။

နောက်ဆုံးတွင် စဥ့်ကိုင်တွင် တပ်စခန်းချနေသော ကိုးသိန်းသခင်၏ တပ်များကို ပို့ကာ ကသည်းတပ်များကို ခံတိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကသည်းတပ်များမှာ အခုအခံမရှိ ချီတက်နေရာမှ  အင်းဝတို့၏ စစ်ပရိယာယ်ကို သင်္ကာမကင်းဖြစ်လာသည်။

ထို့ပြင် ပူပြင်းသောအညာဒေသ၏ နွေရာသီနှင့်အတူ ဝမ်းရောဂါကိုလည်း မဏိပူရတပ်များ ခံစားကြရသည်။

ထို့ကြောင့် မြေဒူးမြို့အရောက်တွင် အင်းဝသို့ ဆက်လက်မချီတက်တော့ပဲ မြေဒူးရှိ ပသီများ၊ ပေါ်တူဂီလူမျိုးများ တစ်ထောင်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ကာ သောင်သွပ်သို့ ပြန်လည် ဆုတ်ခွာသွားကြ၏။

ဝန်ကြီးဦးပု မှာ ကသည်းများ နောက်တကြိမ်ချီတက်လာမည့်အရေးကို တွက်ဆမိလိုက်သည်။

ထို့ကြောင့် နောက်တချိန် ညီလာခံတွင် သူ၏ ရဲတစ်ထောင်နောင်တစ်ရာစီမံကိန်းဝင် တပ်များ ကသည်းစစ်ကို ထိုးစစ်ဖြင့် ပြန်တိုက်နိုင်ရန် အားစိုက်ကြိုးစားလျက်ရှိသည်။

အားကောင်းမောင်းသန်စစ်သည်တစ်ထောင်နှင့် သူတို့အား အုပ်ချုပ်ကွပ်ကဲသည့် နောင်တော်တပ်မှူးတစ်ရာ ကို ဦးပုက ဆင်တပ်များဖြင့်ပါ အထူးလေ့ကျင့်ပေးနေသည်။

ကသည်းများပြန်လည်ဆုတ်ခွာပြီးနောက် အင်းဝမှာ အခြေအနေ တစစ တည်ငြိမ်လာပြီဖြစ်သည်။

အင်းဝအနောက်တံခါးလက်မရွံထောင်တွင်လည်း သေဒဏ်ချခံရသူမှာ ငါးယောက်အထိ ရှိလာပြီဖြစ်သည်။

လွီဇာ၊ ငတွန်၊ ချစ်မြ တို့၏ နောက်ဆုံးနေ့ရက်ကလည်း တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်။

...............................................................................................................

မတ်လ။

နေ့ခင်းဘက်က ပြင်းထန်ထားသော အပူရှိန်က မကုန်သေး။

စစ်ကိုင်းအနောက်ဘက်လွင်ပြင်တွင်ရှိသော ရဲတစ်ထောင် နောင်တရာစီမံကိန်းမှ ဆင်တပ်ဖြင့် စစ်ရေးလေ့ကျင့်နေသည့်စခန်းကွင်းမှာ ငြိမ်သက်နေသည်။

တချက်တချက် ကင်းသမားများ၏ သီချင်းညည်းသံမျာသာ ကြားရသည်။

ထိုအချိန်တွင်  လေ့ကျင့်ရေးကွင်းပြင်ပမှာ မြင်းခွာသံများထွက်ပေါ်လာ၏။

“ရပ်..ဘယ်သူလဲ”

“အင်းဝရွှေနန်းတော်က ရဟိုင်းမြင်းမှူး ဗလကျော်သူဟေ့..ရွှေနန်းရှင် အမိန့်တော်နဲ့ လာကြတာ”

ကင်းသမားမှာ စခန်းရှေ့တွင်ရောက်နေသည့် ရာဂဏန်းမျှပါသော တပ်ကြီးကို တအံတသြဖြစ်နေသည်။

ရဟိုင်းမြင်းမှူးဗလကျော်သူ ခေါ် ပေါ်တူဂီစစ်ဗိုလ် ပက်ဒရိုဒီဆေးဗား နှင့်အတူ ပေါ်တူဂီ၊ ပသီသေနတ်ကိုင်စစ်သည်များ၊ လက်ရွေးကြီးမြင်းတပ်မှ လွှားကိုင်၊ အဲမောင်းကိုင်စစ်သည်များသည် လေ့ကျင့်ရေးကွင်းကြီးကို လေးဖက်လေးတန် ဖြန့်ကျက် ဝိုင်းရံလိုက်ကြ၏။

ဝန်ကြီးဦးပု၏ ဦးလေးတော်စပ်သူ စခန်းတာဝန်ခံ သက်တော်ရှည်နေမျိုးစည်သူ က ယာယီတဲနန်းထဲမှ တုန်တုန်ချိချိဖြင့် ထွက်လာသည်။

သက်တော်ရှည်နေမျိုးစည်သူသည် တိုက်ဆင်များကို လေ့ကျင့်ပေးရာနှင့် သေနင်္ဂဗျူဟာအရာတွင် တဖက်ကမ်းခတ် ကျွမ်းကျင်သူဖြစ်သည်။

စနေမင်းလက်ထက်ကတည်းက နန်းတော်တိုက်ဆင်များဖြင့် စစ်ပွဲချီရာတွင် ဦးဆောင်ခဲ့သူဖြစ်၏။

“ဘိုးဘိုး..ကျွန်တော်မျိုးတို့ ရွှေနန်းသခင် အမိန့်စာနဲ့ တကွ စစ်ဆေးရန်လာတယ်... နှောက်ယှက်ဟန်တားသူ သူပုန်မှတ်ရန်”

ရဟိုင်းမြင်းမှူးက နန်းတော်ချိတ်တံဆိပ်နှိပ်ထားသည့်ထန်းဖူးရွက်ကို မြင်းပေါ်မှ ပြလိုက်သည်။

နေမျိုးစည်သူက ဘုရင့်ချိတ်တံဆိပ်တော်ကို မြင်သဖြင့် ဒူးတုပ်ကာ လက်အုပ်ချီလိုက်သည်။

“ဝန်ကြီးဦးပု စီးတဲ့ ဆင်တော်ငရန်ပယ် ဘယ်နားမှာလဲ...ဘိုးဘိုး.စစ်ဆေးစရာရှိတယ်”

နေမျိုးစည်သူ က ဆင်တင်းကုပ်များရှိရာသို့ ဦးဆောင်ပြီး သွားသည်။

ဆင်ထိန်းများ အစောင့်များ အိပ်မှုံစုံမွှားဖြင့် ထလာကြ၏။

ဆင်တော်ငရန်ပယ်ကြီး ရှိရာ တဲတွင်းသို့ ရဟိုင်းမြင်းမှူးပက်ဒရို နှင့်အဖွဲ့ က မီးတုတ်များဖြင့် ဝင်ရောက်လာကြသည်။

ဆင်ကြီးငရန်ပယ်၏ အစွယ်နှစ်ဖက်ကို ရဟိုင်းမြင်းမှူးက သေချာစွာ ကြည့်ရှုကြ၏။

ထို့နောက် ရဟိုင်းမြင်းမှူးက ခေါင်းညိတ်ပြလိုက်သည်။

ပါလာသော စစ်သည်များက နေမျိုးစည်သူကို ဓါးများဖြင့် ရွယ်ကာ ဖမ်းဆီးလိုက်ကြသည်။

“ဒီ ဆင်ကို အစွယ်ချွန်တာ ဘယ်သူ့အမိန့်လဲ”

“ဝန်ကြီးမောင်ပုအမိန့်ပါကွယ်တို့”

“ရှင်ဘုရင်မှအပ မည်သူမျှ ဆင်ကို အစွယ်ချွန်စီးခွင့်မရှိဘူးမဟုတ်လား”

“ဝန်ကြီးက လေ့ကျင့်ရေးအတွက်မို့ ချွန်စီးတာပါ..လိုအပ်လို့လုပ်ကြတာချည်းပါ”

“တော်လောက်ပြီလေ..ဘိုးဘိုးရဲ့...ကဲ..သူ့ကို နှောင်ကြိုးတည်း..ဒီထဲ က ရှိသမျှလူထံက လက်နက်တွေသိမ်း..တဲတွေ၊ အဆောင်တွေထဲ မသင်္ကာစရာ ပေစာများရှိရင် တခုမကျန်သိမ်းယူဟေ့”

ထိုည၌ အင်းဝနေပြည်တော်၏ အရေးအကြီးဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝန်ကြီးဦးပုသည် ရဲတစ်ထောင်နောင်တစ်ရာစီမံကိန်းကို အကြောင်းပြုလျက် အင်းဝနန်းတော်ကို ပုန်ကန်နန်းလုရန် ကြံစည်နေကြောင်း ဝန်ကြီးရွှေဖြိုးက မဟာဓမ္မရာဇာဓိပတိထံ လျှောက်တင်ခဲ့သည်။

သက်သေအဖြစ် ဦးပုသည် သူစီးသည့် ဆင်အား အစွယ်ချွန်ထားပြီး ဖြစ်ကြောင်းလည်း အထောက်တော်များထံမှ သတင်းကို လျှောက်ခဲ့သည်။

ထိုသတင်းအရ မဟာဓမ္မရာဇာဓိပတိက ဝန်ကြီးဦးပု၏ ရဲတစ်ထောင်နောင်တစ်ရာလေ့ကျင့်ရေးဆင်စခန်းကို ရဟိုင်းမြင်းမှူးနှင့် ပေါ်တူဂီသေနတ်ကိုင်တပ်အား သွားရောက်စစ်ဆေးစေခြင်းဖြစ်သည်။

ဆင်အစွယ်ချွန်သည့် ကိစ္စပေါ်ပေါက်သွားသဖြင့် ဝန်ကြီးဦးပုသည် နန်းတော်ကို ပုန်ကန်မည်ဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

ထိုညတွင်ပင် ဝန်ကြီးဦးပု အပါအဝင် ဦးပု၏ ဘက်တော်သားများဟု ကျော်ကြားသော အသည်ဝန်သီရိဇေယျကျော်ထင်၊ ရွှေတိုက်ဝန်နန္ဒသူရိယ၊ အတွင်းဝန်ကျော်ထင်နန္ဒမိတ်၊ သက်တော်ရှည်နေမျိုးစည်သူတို့ကို ဖမ်းဆီးလိုက်ကြသည်။

သူတို့နှင့် ပတ်သက်ဆက်နွယ်သူများအားလုံးကို လည်း ဖမ်းဆီးထိန်းသိမ်းလိုက်ကြ၏။

နောက်တနေ့ နံနက်ခင်းတွင် အင်းဝအနောက်ထောင်သို့ လက်ရွေးငယ်မြင်းတပ်မှူး ဦးဆောင်သည့် တပ်များရောက်ရှိလာကြသည်။

ပါးကွက်သားများမှာ ထောင်ပြင်ကွက်လပ်တွင် ဒူးတုတ်ကာ ခစားကြရ၏။

အဖေကြီးတုတ် သည် ရေချိုးနေစဥ်ဖြစ်သဖြင့် ကမန်းကတန်းထကာ တပ်မှူးထံ ဒူးထောက်ခစားလိုက်၏။

တပ်မှူး၏ ဓါးပြားက အဖေကြီးတုတ်၏ ကျောပေါ်သို့ ဗြန်းခနဲ ကျသွားသည်။

“သင်းကို နှောင်ကြိုးတည်းစမ်းဟေ့”

“ကျွန်တော်မျိုး ဘာအပြစ်လုပ်မိလို့လဲ..ဘုရား..ကျွန်တော်မျိုး ဘာအပြစ်ရှိလို့လဲဘုရား”

“နင့်ကို ဒီထောင်မှူးရာထူး ဘယ်သူက ပေးထားသလဲ”

“ဝန်ကြီးဦးပု ပေးထားတာပါ..ဘုရား”

တပ်မှူးက အဖေကြီးတုတ်၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။

အဖေကြီးတုတ်၏ ပိန်ချောင်ချောင်ခန္ဓာကိုယ်မှာ မြေပေါ် ပုံလျက်သားကျသွား၏။

“နင့်အမေလင့်က ဝန်ကြီးမဟုတ်တော့ဘူး..သူပုန်ငပုဖြစ်သွားပြီ..နင်လည်း သူပုန်ငပုလူဆိုတာ စာရင်းအတိအကျရှိတယ်”

“ကျွန်တော်မျိုး ဘာမှ မသိကြောင်းပါ..ဘုရား”

အဖေကြီးတုတ်၏ အသံမှာ တုန်ရီနေ၏။

“‌ဟေ့..ပါးကွက်သားဟိုအကောင်လေး...နင်ဒီရှေ့တိုး ခစားစမ်း”

ငလှေးမှာ လက်အုပ်ချီလျက် တပ်မှူးရှေ့ တိုးသွားလိုက်၏။

“အံမယ်..ဘယ်သူများလဲမှတ်တယ်....နင် တို့ ကျောက်ဆည်က အရီးငုံးစိန်သား ငလှေးမဟုတ်လား”

“မှန်ပါ့..ဘုရား”

“ပါးမှာလည်း နွားခိုးတဲ့..အံမယ်လေး. မြို့ရွာဂုဏ်ဆောင်နေပါပေါ့လား..ငါ့လူရ”

ငလှေးက ခေါင်းသာငုံ့ထား၏။

“ဒီမယ်..နင်တို့ ထောင်ထဲ အကြမ်းတမ်းဆုံးအကျဥ်းသားတွေကို ဘယ်လိုထားသလဲ‌ဟေ့ ”

“ဝါးတန်းဆွဲထားပါတယ်..ဘုရား”

“အေး..ဒီအကောင်ကြီးက နင်တို့ ထောင်မှူးမဟုတ်တော့ဘူး..ရာဇဝတ်သားဖြစ်သွားပြီ.သူ့ ဝါးတန်းဆွဲထားစမ်း..ဟိတ်ကောင်တွေ..လာခေါ်ကြ”

ငလှေးမှာ  မြေပြင်တွင် လဲကျပြီး တုန်ရီနေသူ အဖေကြီးတုတ်ကို ကြည့်ကာ တွေဝေနေ၏။

“ငါတို့ နန်းတော်အမိန့်တိုက်ရိုက်နဲ့လာခဲ့တာပဲ...လောလောဆယ်...ငလှေး..မင်းက သူ့အစား ထောင်မှူး ခဏလုပ်နေချေ.... နောက္များမှ ထောင်မှူးအသစ်ကို ကြေးတိုက်ဝန်က လာရွေးချယ်ပေးလိမ်မ့ယ်..သွား ဒီကောင့်ကို လောလောဆယ် ချုပ်ထားကြတော့..ညနေမှ နန်းတွင်းကလာစစ်လိမ့်မယ်”

အကျဥ်းထောင်အတွင်းတွင်မူ အပြင်ထုတ်ချိန်နောက်ကျနေသဖြင့် အကျဥ်းသားများမှာ ပါးကွက်သားများအလာကို စောင့်နေကြ၏။

ထောင်တံခါး ပွင့်သွားပြီးသည့်နောက် ပါးကွက်သားများက လူတစ်ဦးအား ဖမ်းချုပ်ခေါ်လာသည်ကို အကျဥ်းသားများတွေ့လိုက်ကြသည်။

ပါးကွက်သားများလက်ထဲမှ လူကို အလင်းရောင်ဖျော့ဖျော့တွင် သေချာမြင်လိုက်ရသောအခါ အကျဥ်းသားအားလုံး အံြသသွားကြ၏။

ခဏအကြာတွင် တစ်ဖက်ခန်းဆီမှ ဝါးတန်းဆွဲသံနှင့်အတူ အဖေကြီးတုတ်၏ ညည်းညူသံကို အားလုံးကြားလိုက်ကြသည်။

သူတို့အတွက်တော့ ယခုတစ်ခေါက် ညည်းညူသံသည် နားဝင်ပီယံရှိလှပေပြီ။

ခက်ဇော်

Comments

Post a Comment