AVA 1740s (အခန်း ၁၀)

(Unicode)

AVA 1740s

                  အခန်း(၁၀)    

                                    ...............................................

“သားတော်...ဒီည ညဉ့်ညီလာခံ မတက်ရဘူးလား”

သုတ္တိမာလာမိဖုရားက သူမ၏ ဆောင်နန်း‌ရှေ့ဥယျာဥ်တွင် လာထိုင်နေသော မင်းသားသျှမ်သျှားကို မေးလိုက်သည်။

သျှမ်သျှားက ပြန်မဖြေပဲ ‌ခပ်လှမ်းလှမ်းတွင် မြင်ရသည့် ကန်ကလာနန်းတော် မုခ်ဦးကို သာ ငေးကြည့်နေသည်။

“ဘုရင်ကြီးနဲ့ မင်း စကားများကြပြန်ပြီလား”

“ညညီလာခံကို သား..မတက်ရတော့ဘူး..ဆန်ဂျေးကိုပဲ ခမည်းတော်က ခေါ်တော့တယ်”

သုတ္တိမာလာမိဖုရား၏ မျက်နှာက ရုတ်တရက် တင်းမာသွားသည်။

“ညညီလာခံဆိုတာ ဥပရာဇာတစ်ယောက်ရဲ့ နေရာလေ....ဆန်ဂျေးက ဘာလို့”

“မတက်ရလည်း ကိစ္စမရှိပါဘူး.အမေရာ..ညညီလာခံမှာ တိုင်းပြည်အရေးထက် ဟိုဟိန္ဒူပုဏ္ဏားတွေ ပြောသမျှ ကိစ္စတွေကိုပဲ အဓိကထား ဆွေးနွေးနေတာ..သားလည်း မတက်ချင်တာ ကြာပါပြီ”

“ဒါပေမယ့်..မင်းက အိမ်ရှေ့ဥပရာဇာလေ...ဘုရင်ကြီး ရဲ့ နေရာဆက်ခံမယ့်သူမဟုတ်လား”

သျှန်သျှားက မိခင်ကို ပြုံးပြလိုက်သည်။

“ဒါက ခမည်းတော်ရဲ့ သဘောပါ..အမေရာ...သူ့လက်ထဲမှာ အာဏာရှိတာပဲ...သူပေးချင်တဲ့သူကို ပေးသွားမှာပါ”

“အင်း...မင်းကလည်း ပြောရခက်တယ်....ဘုရင်ကြီးသဘောကျ ဟိန္ဒူမင်းသားတွေပုံစံ ဝတ်စားပါ ဆိုတာလေးတောင်...လိုက်မှမနာတာ”

“အမေ...ကျွန်တော်တို့က မဏိပူရသားတွေလေ..ကသည်းတွေလေ..ဘာရမင်တွေမဟုတ်ဘူး..တမီလ်တွေမဟုတ်ဘူး.. ကသည်းတွေက မှ ကသည်းတွေလို မဝတ်စားရင် ဘယ်သူက ကသည်းအဝတ်အစားကို လေးစားမှာလဲ”

ထိုအချိန်တွင် နန်းဆောင်အတွင်းမှ ကလေးငယ်တစ်ဦး၏ ငိုသံထွက်လာသည်။

“မိဖုရားကြီးဘုရား....မင်းသမီးလေး နိုးနေပါပြီ”

သုတ္တိမာလာမိဖုရား သည် သမီးအငယ်လေး သျှတ္တရမာလာခေါ် သျှန်သီ ကို မွေးထားသည်မှာ တစ်နှစ်ပင် ရှိသေးသည်။

သားတော်ကြီး သျှန်သျှား နှင့် သမီးတော်လေး သျှန်သီ တို့မှာ အသက် ၁၈ နှစ် ကွာခြား၏။

“အမေ...”

သျှန်သျှားက သူ့အနားမှ ထထွက်သွားရန် ပြင်နေသော မိခင်၏ လက်ကို ဆွဲလိုက်သည်။

“ဟော့ဒီကန်ကလာနန်းတော်ကြီးထဲမှာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်....အမေ နဲ့ ညီမလေးကို ကျွန်တော်ကာကွယ်သွားပါ့မယ်”

သုတ္တိမာလာမိဖုရားက သားဖြစ်သူ၏ ဦးခေါင်းကို လက်ဖြင့် ဖွကာ ထွက်ခွာသွားသည်။

နောက်တနေ့ နံနက်မှ စတင်ပြီး မင်းသားဆန်ဂျေးခူရာလက်ပ သည် နန်းတော်မှ ထွက်ခွာသွားသည်။

အင်းဝအား  စစ်ချီရန်အတွက် မဏိပူရအတွင်း စစ်သားများစုဆောင်းရေးနှင့် တပ်များ စနစ်တကျ ပြန်လည်ဖွဲ့စည်းရေးကို တာဝန်ယူလိုက်ပြီဖြစ်သည်။

အခြားမင်းသားငယ်များ၊ စစ်သူကြီးများသည်လည်း ရိက္ခာစုဆောင်းရေးနှင့် လက်နက်သများသွန်းလုပ်ရေးကိစ္စများကို စတင်ပြင်ကြလေပြီ။

အိမ်ရှေ့ဥပရာဇာဆနာဟန်ဘွဲ့ခံ မင်းသား သျှန်သျှား ကိုမူ ဘုရင်ဂါရစ်နာဝဇ် က မည်သည့်တာဝန်မှ မပေးပဲ ဥပေက္ခာပြုထားခဲ့သည်။

..............................................................................................................

ဆန်ဂျေးခူရာလက်ပ။

အာသံသွေးပါသော မိဖုရားမှ မွေးဖွားခဲ့သည်။

အသားညိုညို၊ မုတ်ဆိတ်မွှေးထူထူ၊ ရင်အုပ်ကျယ်ကျယ်ဖြင့်။

ဘုရင်ဂါရစ်နာဝဇ်၏ သားများအနက် အကြီးဆုံးဖြစ်သော်လည်း အာသံသွေးနှောနေသဖြင့် အိမ်‌ရှေ့ဥပရာဇာအဖြစ် ခန့်အပ်ခြင်းမခံခဲ့ရ။

ဆန်ဂျေး သည် ဗြဟ္မဏဘာသာကို သက်ဝင်ယုံကြည်လှသည်မဟုတ်သော်လည်း ဖခင်အလိုကျ နေထိုင်သူဖြစ်သည်။

အိမ်ရှေ့မင်းသားသျှမ်သျှားကဲ့သို့ဖခင်ရှင်ဘုရင်နှင့် ဆန့်ကျင်သည့်အလုပ်ကိုမလုပ်။ ဖခင်မင်းကြီး အလိုကျ ဟိန္ဒူမင်းသားများပုံစံအတိုင်း ဝတ်စားဆင်ယင်ခဲ့သည်။

စစ်ရေးစစ်ရာဘက်တွင် အားသန်သူတစ်ဦးဖြစ်သည့်အတွက် ဂါရဇ်နာဝပ်က သူ၏ စစ်ဘုရင်အိပ်မက်အတွက် မင်းသားဆန်ဂျေးကို အားကိုးအားထားပြုနေခဲ့သည်။

အင်းဝ သို့ စစ်ချီမည့်အရေးတွင် ဆန်ဂျေးမှာ တက်ကြွနေ၏။

ဘုရင်နာဝဇ် ၏ ညညီလာခံသို့ မင်းသားသျှန်သျှားတက်ခွင့်မရပဲ သူ့ကို တက်ခွင့်ပြုလိုက်ခြင်းဖြင့် မဏိပူရထီးမွေနန်းမွေသည် ဆန်ဂျေးဘက်သို့လည်း ယိမ်းလာခဲ့ပြီဖြစ်ကြောင်း ကန်ကလာနန်းတွင်း တစ်ခုလုံးက လက်ခံလာကြသည်။

နန်းတော်တွင် ဟိန္ဒူအယူဝါဒဘက်တော်သားများက မင်းသားဆန်ဂျေးကို ခေါင်းဆောင်တင်လာကြပြီး မဏိပူအမျိုးသားဝါဒီများကမူ မင်းသားသျှမ်သျှားနှင့်အတူ ရပ်တည်ကြသည်။

မဏိပူရအမတ်အများစုမှာလည်း တိုင်းတပါးမှလာသော ဗြဟ္မဏဘုန်းတော်ကြီးများ၏ နန်းတွင်းသြဇာကို လျော့ချလိုသည့်အတွက် အိမ်ရှေ့စံ သျှမ်သျှားကိုသာ တိတ်တဆိတ်လိုလားနေကြ၏။

ဘုရင်ဂါရစ်နာဝဇ်သည် သူ၏ နန်းတွင်းအရှုပ်အထွေးကို သူကိုယ်တိုင်ဖန်တီးခဲ့သည်။

သို့သော်ငြား အင်းဝသို့ စစ်ချီရေးကိုသာ အားသန်နေသဖြင့် ထိုအခြေအနေများကို အာရုံမစိုက်နိုင်ခဲ့။

မိုးရာသီ ကုန်ဆုံးသည်နှင့် အင်းဝသို့ ချီတက်ရေးသည်သာ သူ့အတွက် အရေးအကြီးဆုံးရည်မှန်းချက် ဖြစ်နေခဲ့တော့သည်။

....................................................................................................

လွီဇာသည် သံလျင်တွင် ပြင်သစ်သင်္ဘောကျင်းကိုယ်စားလှယ်ဖြင့် အရက်တင်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

ပြင်သစ်နိုင်ငံ ၊ နော်မန်ဒီဒေသထုတ် ကယ်ဗာဒေါ့ဘရန်ဒီများ၊ ကောညက်အရက်များ စုစုပေါင်း (၂၅)စည်၊ အင်္ဂလန်လစ်ဗားပူးဆိပ်ကမ်းမှ ဘီယာစည် (၅၀) တို့ကို တင်သွင်းရန် ပဏာမသ‌ဘောတူညီခဲ့၏။

သို့သော် ဆိပ်ကမ်းအခွန်ကျသင့်ငွေကိုမူ လွီဇာဘက်မှ ကျခံရမည်ဖြစ်သည်။

ထိုကိစ္စကို အင်းဝနန်းတော်ရှိ ကိုးသိန်းသခင်ထံ ဆက်သားဖြင့် စေလွှတ်အကြောင်းကြားရန် လွီဇာသည် ဟံသာဝတီသို့ ပြန်ရမည်ဖြစ်သည်။

ကိုးသိန်းသခင်ထံမှ ပြန်ကြားစာမလာသေးခင်ကာလတွင် ဟံသာဝတီတွင်ပင် လွီဇာ နေရဦးမည်။

ဖာသာဂါလီဇီယာက ဟံသာဝတီမြို့တွင် ဘုရင်ဂျီဘုရားကျောင်းငယ်တစ်ခု ဆောက်လုပ်ရေးအတွက် မြို့ဝန်ဦးသာအောင် ထံ တင်သွင်းသောစာကို ဘုန်းကြီးငယ်ဖြစ်သော ဖာသာနာရေနီ နှင့်အတူ ထည့်ပေးလိုက်သည်။

ဟံသာဝတီသို့ ‌ရေကြောင်းမှ အပြန်ခရီးတွင် လွီဇာနှင့်အတူ ဖာသာနာရေနီ ပါ ပြန်ပါလာခဲ့တော့၏။

အောက်မားဝန် ဦးအောင်လှ အား ဟံသာဝတီ၏ ဆင်ဝန်အဖြစ် အင်းဝဘုရင်မှ ခန့်အပ်သည့် အခမ်းအနားသို့ တက်ရန် လက်ျာဗိုလ်သည်လည်း ဟံသာဝတီသို့ ပြန်ပါလာခဲ့သည်။

ဟံသာဝတီမှ မွန်ကုန်သည်တစ်ဦးပိုင် လောင်းလှေကြီးဖြင့် သန်လျင်မှ ဟံသာဝတီသို့ ရေကြောင်း အတိုင်း ပြန်လာခဲ့ကြသည်။

လက်ျာဗိုလ်သည် လှေဦးတွင် ထိုင်လျက် ကြေးဝါဆေးတံကို ဖွာကာ ပဲခူးမြစ်ကို ငေးရင်းလိုက်ပါလာ၏။

ဖာသာနာရေနီ သည် လက်ျာဗိုလ်၏ မနီးမဝေး သို့ လမ်းလျှောက်လာသည်။

လွီဇာမှာ လှေဝမ်းအတွင်းထိုင်ကာ လှေသူကြီး၏ ပဲ့ထိန်းပုံကို စိတ်ဝင်တစားကြည့်နေသည်။

“ခင်ကြီးကို ကြည့်ရတာ ဗရင်ဂျီဘုန်းကြီးသာလုပ်နေတာ...အသက်က..ငယ်သေးပုံပဲ”

လက်ျာဗိုလ်က စကားစသည်။

“ကျွန်တော့် အသက် (၂၂)နှစ်ပါ”

“သြော်..ဒါဆို ကျုပ်ထက် ကိုးနှစ်လောက်တောင် ငယ်တာပ”

နာရေနီက ဆေးတံကို လက်တစ်ဖက်ကကိုင်ရင်း ခပ်ပြုံးပြုံးစကားပြောနေသည့် လက်ျာဗိုလ်ကို ငေးနေသည်။

“ကျုပ်တို့ ဗုဒ္ဓဘာသာမှာတော့ အရွယ်ရောက်ရင် ရှင်ဝတ်ရတယ်...ရှင်လူထွက်ပြီးမှ လူ့ဘောင်ကို ဝင်ပေါ့.. ခင်ကြီးနာရေနီ ကရော..အခု ရဟန်းပြုပြီးရင် လူဘောင်ကိုပြန်မဝင်တော့ဘူးလား”

ဖာသာနာရေနီက သက်ပြင်းချလိုက်သည်။

“ကျွန်တော် ခရစ်ယာန်ဘုန်းကြီးဘဝပဲ ပျော်ပါပြီ...အီတလီမှာ သာမန်လူတစ်ယောက်အနေနဲ့ ဆက်နေရင် သူတို့အရှက်ရပြီး ကိုယ့်ကိုကိုယ်သတ်သေကြမယ်လို့ ကျွန်တော့်မိဘတွေက ပြောတယ်”

နာရေနီစကားကို လက်ျာဗိုလ် က စိတ်ဝင်စားသွားသည်။

“ဘာဖြစ်လို့လဲဗျ”

“ကျွန်တော်က ယောက်ျားတွေကိုပဲ ကြိုက်တဲ့လူတစ်ယောက်ပါ..မီလန်မြို့က ကျွန်တော်တို့ အသိုင်းအဝိုင်းမှာတော့ လိင်တူဆက်ဆံသူတွေဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့သူတွေပဲ..ဒါကြောင့် ကျွန်တော့်ရဲ့ မှားနေတဲ့စိတ်ကို ဘုရားထံ အပ်နှံတဲ့အနေနဲ့ သာသနာပြုအလုပ်ကို ရွေးချယ်ခဲ့တာ”

“မှားနေတဲ့ စိတ်တဲ့လား”

လက်ျာဗိုလ်က ဗရင်ဂျီဘုန်းကြီးဝတ်စုံဝတ်ထားသော လူငယ်ကို ကရုဏာသက်စွာ ကြည့်လိုက်သည်။

“ကျုပ်တို့ ဆီမှာဆို နပုန်းပဏ္ဍုက်လို့ ခေါ်တာပေါ့...ဒါပေမယ့်..ကျုပ်တို့ဘာသာတရားအရတော့ အရင်ဘဝက ဝဋ်ကြွေးကို ပေးဆပ်နေရသူတွေလို့ပဲ သဘောထားပြီး ထူးထူးထွေထွေ အပြစ်တစ်ခုလုပ်နေတယ်လို့တော့ သဘောမထားကြပါဘူး...အင်းဝနန်းတွင်းက မိန်းမစိုးအစုမှာလည်း သင်းကွပ်ထားတဲ့ ပဏ္ဍုက်တွေ ရှိတာပါပဲ...အင်းလေ ...ဒါနဲ့..ဒီလိုမျိုး ကိုယ်ဖြစ်ချင်တာကို ချိုးနှိမ်နေရတဲ့ဘဝမှာရော ခင်ဗျား ပျော်ရဲ့လား”

“ကျွန်တော်က မှားနေတဲ့လူပါ..လုလင်ကြီး..ဒီတော့ ကျွန်တော့်မှားနေတဲ့ စိတ်ကို ချိုးနှိမ်ရမယ်လေ...ကျွန်တော့်မှာ ပျော်ခွင့်မရှိဘူး.ဟော့ဒီ သူစိမ်းတွေမြေမှာ ဘုရားသခင်ရဲ့ အလုပ်တွေ လုပ်ရင်း ကျွန်တော်ပျော်အောင်နေပါတယ်”

“မှားနေတဲ့လူတဲ့လား...အင်း...ဘာပဲဖြစ်ဖြစ်...ခင်ကြီးအနေနဲ့ ဒီမှာ နေသမျှ ကာလပတ်လုံး အကူအညီလိုရင် ကျုပ်ကိုပြောပါ...သန်လျင်နဲ့ ဟံသာဝတီဟာ နီးနီးလေးပါ...ကျုပ် တတ်နိုင်တာ အားလုံး ကူညီပေးပါမယ်..”

“လုလင်ကြီးကို မြင်မြင်ချင်း...ကိုယ့်မိတ်ဆွေခင်ပွန်း တစ်ယောက်လို့ ကျွန်‌တော်ခံစားရပါတယ်..ကျေးဇူးအများကြီး ပေးပါတယ်”

လက်ျားဗိုလ်က ဘုန်းကြီးငယ်နာရေနီ၏ အဆီအငေါမတည့်သော ဘာသာစကားကြောင့် ပြုံးယောင်ယောင်ပြုလိုက်ပြီး ဆေးတံကိုသာ ဆက်လက်ဖွာရှိုက်နေတော့၏။

ကက်သလစ်ဘုန်းတော်ကြီးဝတ်ရုံသည် လေတွင် တလူလူလွင့်နေ၏။

တိုက်ခတ်လာသော မြစ်ပြင်လေနှင့်အတူ သူတို့၏ စကားသံများကို လွီဇာ အတိုင်းသားကြားနေရသည်။

...............................................................................................................

အောက်မားဝန်ဦးအောင်လှ အား ဆင်ဝန်အဖြစ် အဆောင်အယောင်များ ချီးမြှင့်ပွဲ။

ဟံသာဝတီအောက်မားဆင်စခန်းနှင့် မနီးမဝေးတွင် ဆင်ဝန်အသစ်နေထိုင်ရန် ကျွန်းအိမ်တစ်လုံးကို အလျင်အမြန်ဆောက်လုပ်နေကြပြီဖြစ်သည်။

တည်ဆောက်ဆဲ ဆင်ဝန်အိမ်အနီး ယာယီအိမ်တော်ရှေ့တွင် ပွဲလန်းအခင်းများ ဆင်ယင်ထားသည်။

အင်းဝဘုရင်၏ ဦးလေးတော်သူ မြို့ဝန်မင်းဦးသာအောင် ကိုယ်တိုင် ဆင်ဝန်ရာထူး အဆောင်အယောင်များအား ဦးအောင်လှကို ချီးမြှင့်မည်ဖြစ်သည်။

သန်လျင်၊ ပြင်သစ်သင်္ဘောကျင်းကိုယ်စားလှယ်မှ နမူနာအားဖြင့် လက်ဆောင်ပါးလိုက်သည့် ဘရန်ဒီများ၊ ကော့ညက်အရက်များကို ဦးအောင်လှ၏ ဧည့်ခံကျွေးမွေး‌ရေးအတွက် ပေးအပ်လိုက်သည်။

မင်းမှုဆိုင်ရာဝန်ခန့်အပ်ပွဲအစီအစဥ်များ ပြီးဆုံးသည့်နောက် ယိုးဒယားသဘင်သည်များ၊ မွန်သဘင်သည်များ၏ တူရိယာသံများ ထွက်လာပြီဖြစ်သည်။

ဆင်ဝန်အသစ် ဦးအောင်လှသည် အင်းဝဘုရင်မှ ပို့ပေးလိုက်သည့် ကတ္တီပါနားကွပ်ဘောင်းဖြူကို ခေါင်းတွင်  ဆောင်းထားသည်။

ရွှေချည်ပါဝတ်လုံအင်္ကျီ နှင့် ငွေပုဆိုး ၊ စလွယ်တို့ကို ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ရွှင်ပြနေသည်။

ရိုးသားစွာနေတတ်သော ဝန်ကတော်ပင်လျှင် အင်းဝ၏ နောက်ဆုံးပေါ် ဖက်ရှင်ဖြစ်သည့် ခါသာအင်္ကျီကို ဇာယှက်ကာ ဝတ်ဆင်ထား၏။

ဂမုန်းနှင့် သီရိတို့မှာ လည်း ဝတ်ကောင်းစားလှများဖြင့် အလှများ ပြင်ဆင်ထားကြသည်။

သီရိမှ ပြေးလွှားဆော့ကစားထားသဖြင့် ချွေးသံများ ရွှဲနစ်နေတော့သည်။

ဟံသာဝတီမြို့ဝန်ဦးသာအောင် မှာ အသက်(၅၀)အရွယ် ၊ ကျောက်ပေါက်မာသဲ့သဲ့ဖြင့် ဖော်ရွှေသော ရုပ်ရှည်မျိုးရှိသည်။

သူ၏ နောက်တွင် ခစားလိုက်ပါသူများထဲမှ အနီးကပ်ဆုံးပါနေသူတစ်ဦးကို လွီဇာ မှတ်မိလိုက်သည်။ သန်လျင်ရှိ ပြင်သစ်ကိုယ်စားလှယ်ရုံးတွင် လွီဇာတွေ့ခဲ့ဖူးသည့် ပုဂ္ဂိုလ်ဖြစ်သည်။

ဟံသာဝတီမြို့ဝန် ဦးသာအောင် ၊ သန်လျင်မြို့ဝန်ဦးရာ၊ သန်လျင်နှင့် ဟံသာဝတီမှ ရေဝန်များ၊ အခွန်မှူးများသည် ဦးအောင်လှနှင့် အတူထိုင်ကာ ဘရန်ဒီ သောက်ကြသည်။

သံလျင်နှင့် ဟံသာဝတီမှ ပြင်သစ် ၊ ဒတ်ချ်၊ အင်္ဂလိပ်၊ အာမေးနီးယန်း၊ တရုတ်၊ အာရပ် စသော လူမျိုးစုံကုန်သည်များကလည်း အခမ်းအနားသို့ လက်ဆောင်များနှင့် တကွ တက်ရောက်ကြသည်။

ယခင်က ဟံသာဝတီမြို့ဝန်ပြီးလျှင် ရာထူးအကြီးဆုံးမှာ ရွှေခွန်မှူးဖြစ်သော်လည်း ယခုအခါ ဆင်ဝန် ရာထူးဖြစ်လာပြီဖြစ်သည်။

ဆင်ဝန်ရာထူးသည် အင်းဝနန်းတော်နှင့် တိုက်ရိုက်အဆက်အဆံရှိနေသောကြောင့် ကုန်သည်များက ဦးအောင်လှကို လက်ဆောင်ပဏ္ဏာများဖြင့် လာ‌ရောက်မိတ်ဆက်ကြ၏။

“ပျင်းနေပြီလား...လွီဇာ”

သဘင်မဏ္ဏပ်အပြင်ဘက် မြတ်လေးရုံရှေ့ ကွပ်ပျစ်တွင် ထိုင်နေသော လွီဇာ ၏ ဘေးသို့ လက်ျာဗိုလ် ရောက်လာသည်။

“အင်း..မပျင်းပါဘူး..ဟံသာဝတီနဲ့ သန်လျင်က ကိုယ်သိသင့်တယ်ထင်တဲ့လူတွေကို လိုက်မှတ်သားနေတာပါ”

“အော်..အင်း..မသိတဲ့လူရှိရင် ကျုပ် ပြောပြပေးမယ်လေ”

လွီဇာက မြို့ဝန်ဦးသာအောင် ၏ နဘေးတွင် ပါလာသော အရပ်ပုပု၊ မျက်နှာဖြူဖတ်ဖြူလျော်နှင့် သူကို လက်ညှိးထိုးပြလိုက်သည်။

“သြော်..အဲ့ဒါ မြို့ဝန်ရဲ့ ယောက်ဖ..ငမင်းအောင် တဲ့.....ယောက်ဖဆိုပေမယ့် မြို့ဝန်ရဲ့ တတိယမယားရဲ့ မောင်ပါ....အရင်က ရွှေတိဂုံဘုရားကျွန်အသီးမျိုးနွယ်ကပဲ..သူ့အစ်မကို မြို့ဝန်က ကောက်တော့ သူတို့ တစ်မျိုးလုံးကို ရွေးနုတ်ထားတာ”

“သူက ဟံသာဝတီမှာ အရေးပါလား”

“အင်း...ဘယ်နှယ့်ပြောရမလဲ....သူ့ကို အင်းဝဘုရင်က ခန့်ထားတာတော့မဟုတ်ဘူး.. မြင်စုခေါင်း ဦးတာ ဆုံးပါးသွားလို့ မြို့ဝန်အမိန့်နဲ့ ခန့်ထားတာ...မြို့ဝန်ယောက်ဖဆိုတော့ သိတဲ့အတိုင်းပဲ.တခါတခါ ကျုပ်လုပ်နေတဲ့ မြို့လုံခြုံရေးကိစ္စတွေကိုတောင် သူက ဝင်စွက်ဖက်သေးတာ..လောဘကလည်း ကြီးတယ်...ဒီမှာ လာတဲ့ နိုင်ငံခြားသားကုန်သည်မှန်သမျှ မြို့ဝန်ဆီ ဝင်ချင်ရင် သူ့ လာဘ်ထိုးရတာချည်းပဲ”

“သူက ပြင်သစ်လို့လည်း တတ်တယ်နော်”

“ဟင်...ခင်ဗျားက ဘယ်လိုသိတာလဲ”

“သူ့ကို သန်လျင်က ပြင်သစ်သင်္ဘောကျင်းကိုယ်စားလှယ်ရုံးခန်းမှာ ကျွန်မတွေ့ခဲ့တယ်”

“ဟုတ်လား....ဒီလူက ဒီလိုပဲနိုင်ငံခြားသားတွေဆီ ဝင်ထွက်ပြီး လာဘ်ဘယ်လို ယူရမလဲ ကြံဖန်နေတာ”

“မဟုတ်ဘူး..ထင်တယ်..ကျွန်မလည်း ပြင်သစ်စကားတတ်တယ်..ကျွန်မ နားလည်သလောက်တော့..သူ ပြင်သစ်ကိုယ်စားလှယ်ဆီက အကူအညီတောင်းနေတာ”

လက်ျာဗိုလ်၏ ခန္ဓာကိုယ်က မတ်သွားသည်။

“ဘာ အကူအညီတောင်းနေတာလဲ”

“သေနတ်အလက်နှစ်ရာနဲ့ သင်္ဘောနှစ်စင်း”

“ဟာ..အင်းဝ ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ညွှန်ကြားလွှာထွက်တာမရှိတာ သေချာတယ်.. စစ်မှုရေးရာဆို ကျုပ်တို့ မြို့စောင့်တပ်ကို မဖြစ်မနေ အသိပေးရမှာပဲ..အင်း..တစ်ခုခုတော့ တစ်ခုခုပဲ...ခင်ဗျား ဒီကိစ္စ..ဘယ်သူ့ကို ပြောပြပြီးပြီလဲ...အင်းဝကို သတင်းပေးလိုက်ပြီလား”

“ဟင်အင်း..ဘယ်သူ့ကိုမှ မပြောရသေးဘူး...ဦးအောင်လှ က ဟံသာဝတီမှာ အကြီးအကဲတစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်တော့မှာ..သူ့ကိုရော ပြောပြလိုက်ရမလား”

“အင်း..သူ့ကို ကျုပ်ပြောလိုက်ပါ့မယ်..ဒါပေမယ်..ဒီကိစ္စကို ခင်ဗျား ဟံသာဝတီမှာ ရှိနေသမျှ ကာလပတ်လုံး ဘယ်သူ့ကိုမှ မပေါက်ကြားမိပါစေနဲ့ဦး .. ဘာကြောင့်လဲဆိုတော့... မြို့ဝန်ဦးသာအောင် ဟာ အင်းဝရွှေနန်းရှင်ရဲ့ ဆွေမျိုးရင်းချာ...တခုခု တိမ်းချော်သွားရင် ကျုပ်တို့ အသက်ပါ ပေးသွားရလိမ့်မယ်.. အထူးသဖြင့် ခင်ဗျား ဆီက ဒီသတင်းထွက်တာ သိသွားရင် ခင်ဗျား ဟံသာဝတီက အင်းဝကို ပြန်တဲ့လမ်းမှာ ဒုက္ခများလိမ့်မယ်”

“ကျွန်မ ဒီကိစ္စကို ဘယ်တုန်းကမှ မသိခဲ့ မကြားရဘူးလို့ မှတ်ထားလိုက်ပါပြီ”

ပွဲခံမဏ္ဏပ်အတွင်းမှ ဟံသာဝတီမြို့ဝန်နှင့် အဖွဲ့ထွက်လာသဖြင့် ရှေ့တွင် စောင့်နေသော ဝေါယာဥ်ထမ်းများက အသင့်နေရာယူလိုက်ကြသည်။

မြို့ဝန်၏ ယောက်ဖ ငမင်းအောင်က စကားတွေ ဖောင်ဖွဲ့ပြောလာ၏။

“ခင်ဗျား မြင်ခဲ့တာ ဒီလူ သေချာတယ်နော်”

“အင်း..ရုပ်ရော..အသံရော ဒီလူမှ ဒီလူပဲ..ကျွန်မ မှတ်မိတယ်”

“ဒါဆိုရင်တော့...မကြာခင်မှာ တခုခုဖြစ်လာတော့မယ်ထင်ရဲ့”

လက်ျာဗိုလ်၏ အသံက ခပ်တိုးတိုး။

.....................................................................................

“မကြာခင်မှာ တခုခုဖြစ်လာတော့မှာ သေချာတယ်..မောင်ကြီး”

ရှင်မိငယ်၏ အသံက ခပ်တိုးတိုး။

အောင်ဇေယျက ရှင်မိငယ်ပြောစကားများကို အာရုံစိုက် နားထောင်နေသည်။

“ရထားတဲ့ သတင်းက သေရော သေချာရဲ့ လား..မိငယ်”

“သေချာပါတယ်....မိငယ် ဆီမှာ သွားဆေးလာဆိုးတဲ့တစ်ယောက်က ပုဏ္ဏား စံဖြူ ရဲ့ အငယ်အနှောင်းပဲ... အခု မဏိပူရနဲ့ အဆက်အသွယ်ရှိတဲ့ စစ်ကိုင်းက ပုဏ္ဏားတော်တော်များများကြားမှာ ဒီသတင်းက ပျံ့နေတာ...မိုးကုန်ရင် မဏိပူရက ကသည်းစစ်တပ်ကြီး အင်းဝကို ချီလာလိမ့်မယ်.. ကသည်းမင်းသား က သူလျှိုလွှတ်လိုက်တဲ့ ဗြဟ္မဏပုဏ္ဏားတွေတောင် စစ်ကိုင်းကို ရောက်နေကြပြီတဲ့”

“အင်းဝ ဘက်ဆီကရော ဘာသတင်းကြားသေးလဲ”

“ဘုရင်က မတ္တရာဘက်မှာ ဥယျာဥ်တော်အသစ်တစ်ခု ဆောက်ဖို့ လူသန် လူရွယ်တွေကို ဆင့်ဆိုနေတယ်တဲ့...”

“အင်း..ရွှေနန်းရှင် ကတော့ ဒီလို သတင်းတွေကို နည်းနည်းမှတောင် ကြားမိရဲ့လားမသိ....ခက်တာပဲ”

အောင်ဇေယျသည် ရှင်မိငယ်ကို မွန်းစံသာထံမှ ကျွန်အဖြစ်နှင့် ပြန်လည်ဝယ်ယူလာခဲ့သည်။

ထို့နောက် သူ့ဦးရီးပိုင်ဆိုင်သော စစ်ကိုင်းရှိ အိမ်ဝိုင်းလွတ်တွင်ထားကာ သွားဆေးဆိုးလုပ်ငန်းတစ်ခု ထူထောင်ပေးထားခဲ့၏။

သို့သော်ငြား အောင်ဇေယျ နှင့် ရှင်မိငယ်တို့၏ ဆက်ဆံရေးမှာ အဖြူထည်သက်သက်သာရှိနေမြဲပင်။

မုဆိုးဖို နှင့် အင်းဝမှာ ဝေးကွာလှသဖြင့် အမြဲတမ်းမရောက်နိုင်သော အောင်ဇေယျသည် တလတကြိမ်ခန့် စစ်ကိုင်းသို့ တက်လာပြီး ရှင်မိငယ်ထံ ဝင်ရောက်ကာ အင်းဝ နှင့် စစ်ကိုင်းမှ သတင်းစကားများကို စနည်းနာလေ့ရှိသည်။

ရှင်မိငယ်၏ သွားဆေးဆိုးလုပ်ငန်းမှာ ငွေကြေးရွှင်ကြသော အရာရှိအရာခံသားသမီးအများစု လာရောက်ကြရာဖြစ်သဖြင့် သတင်းများ စုံလင်လှ၏။

ယခုလည်း ရှင်မိငယ်၏ အိမ်ဝိုင်းသို့ စနည်းနာရန် ရောက်လာခြင်းဖြစ်သည်။

“ဒါနဲ့ မောင်ကြီး..ညနေလည်း ဆောင်းပါပေါ့..မုဆိုးဖို ပြန်ရင် မှီနိုင်ပါ့မလား”

“အင်း..ဒီညတော့ စစ်ကိုင်းထဲက ဘုန်းကြီးကျောင်းတစ်ခုခုဆီ တည်းရမှာပေါ့”

“အရင်ကဆို မောင်ကြီးက မုဆိုးဖိုအပြန်နောက်ကျရင် ဒီအိမ်ဝိုင်းမှာ တည်းနေကျမဟုတ်လား..အခု မိငယ်ရှိနေတော့ တခြားမှာ သွားတည်းမယ်ပေါ့”

အောင်ဇေယျက ခေါင်းညိတ်ပြလိုက်၏။

ရှင်မိငယ်၏ ဆံတောက်ဖားဖားကြီး နှစ်ဖက်ကြားမှ မျက်ဝန်းများက အရည်လဲ့နေသည်။

“မုဆိုးဖိုက အစ်မခင်ယွန်းစံ ရော နေကောင်းရဲ့လား...ကလေးရော ကျန်းမာရဲ့လား..မောင်ကြီး”

“မာမာချာချာပါပဲ”

“မောင်ကြီး...က မိငယ်ကို..နိုင်ငံရေးသတင်းတွေသက်သက် စနည်းနာဖို့ပဲ မွန်းစံသာဆီက ရွေးနုတ်ခဲ့တာပေါ့နော်”

“အင်း..အဲ့လိုလည်း မဟုတ်ပါဘူး..မိငယ်ရဲ့”

“အင်းပါ...မိငယ်က ကျွန်ပဲ.ကျွန်ဆိုတာ သခင် ထားရနေ..သခင် ခိုင်းတဲ့ တာဝန်ကျေပွန်ရတာပေါ့”

အောင်ဇေယျက မိငယ်ကို စိုက်ကြည့်လိုက်သည်။

ညနေ၏ ပန်းဆီသွေးနေခြည်သည် ဆံတောက်ဖားဖား၊ ပါးကွက်ကြားနှင့် ရှင်မိငယ်၏ မျက်နှာလေးပေါ် တွင် ပျောက်တိပျောက်ကြား။

နှုတ်ခမ်းစူပုံ့ပုံ့လေးများ က အရှေ့သို့ ချွန်မြနေသည်။

“မိငယ်...ထမင်ဟင်း..နှစ်ယောက်စာရှိရဲ့လား”

ရှင်မိငယ်က အောင်ဇေယျ ကို အလန့်တကြားမော့ကြည့်လိုက်သည်။

“မောင်ကြီး...ညနေစာကို ရှင်မိငယ်နဲ့ လက်စုံစားမယ်”

“ရှင်”

ရှင်မိငယ် ၏ ချွန်မြနေသော နှုတ်ခမ်းဖူးလေးမှာ အာမေဋိတ်သံ ဖြင့် ခပ်ဟဟဖြစ်သွား၏။

အောင်ဇေယျအား စိုက်ကြည့်နေသည့် မျက်ဝန်းညိုညိုကြီးများတွင်လည်း အရည်များ လဲ့လာတော့သည်။

ညောင်ရမ်းခေတ် အင်းဝကျွန်ဥပဒေတစ်ခုဖြစ်သော ကိုင်းစာမနု၏ မဟာရာဇသတ်ကြီးအရ “အကြင်ယောက်ျားသည် ကျွန်မိန်းမကို ချစ်မြတ်နိုး၍ ထမင်းလက်စုံစားချေလျှင် ထိုစားသောအခါမှ စပြီး မယားအရာမြောက်ထိုက်လေ” ဟု သတ်မှတ်ထားသည်။

ယခု အောင်ဇေယျက ထမင်းလက်စုံစားရန် ပြောလာချေပြီ။

“အခင်းမွှေ့ယာရော..ထူထူရှိရဲ့လား..မိငယ်”

အောင်ဇေယျ၏ အသံ ကြောင့် အပျိုစစ်စစ် ရှင်မိငယ် ရင်ကလေး ဒိတ်ခနဲ ခုန်သွားရတော့သည်။

ခက်ဇော်


(Zawgyi)

AVA 1740s

                  အခန္း(၁၀)    

                                    ...............................................

“သားေတာ္...ဒီည ညဥ့္ညီလာခံ မတက္ရဘူးလား”

သုတၱိမာလာမိဖုရားက သူမ၏ ေဆာင္နန္း‌ေရွ႕ဥယ်ာဥ္တြင္ လာထိုင္ေနေသာ မင္းသားသွ်မ္သွ်ားကို ေမးလိုက္သည္။

သွ်မ္သွ်ားက ျပန္မေျဖပဲ ‌ခပ္လွမ္းလွမ္းတြင္ ျမင္ရသည့္ ကန္ကလာနန္းေတာ္ မုခ္ဦးကို သာ ေငးၾကည့္ေနသည္။

“ဘုရင္ႀကီးနဲ႔ မင္း စကားမ်ားၾကျပန္ၿပီလား”

“ညညီလာခံကို သား..မတက္ရေတာ့ဘူး..ဆန္ေဂ်းကိုပဲ ခမည္းေတာ္က ေခၚေတာ့တယ္”

သုတၱိမာလာမိဖုရား၏ မ်က္ႏွာက ႐ုတ္တရက္ တင္းမာသြားသည္။

“ညညီလာခံဆိုတာ ဥပရာဇာတစ္ေယာက္ရဲ႕ ေနရာေလ....ဆန္ေဂ်းက ဘာလို႔”

“မတက္ရလည္း ကိစၥမရွိပါဘူး.အေမရာ..ညညီလာခံမွာ တိုင္းျပည္အေရးထက္ ဟိုဟိႏၵဴပုဏၰားေတြ ေျပာသမွ် ကိစၥေတြကိုပဲ အဓိကထား ေဆြးေႏြးေနတာ..သားလည္း မတက္ခ်င္တာ ၾကာပါၿပီ”

“ဒါေပမယ့္..မင္းက အိမ္ေရွ႕ဥပရာဇာေလ...ဘုရင္ႀကီး ရဲ႕ ေနရာဆက္ခံမယ့္သူမဟုတ္လား”

သွ်န္သွ်ားက မိခင္ကို ၿပဳံးျပလိုက္သည္။

“ဒါက ခမည္းေတာ္ရဲ႕ သေဘာပါ..အေမရာ...သူ႔လက္ထဲမွာ အာဏာရွိတာပဲ...သူေပးခ်င္တဲ့သူကို ေပးသြားမွာပါ”

“အင္း...မင္းကလည္း ေျပာရခက္တယ္....ဘုရင္ႀကီးသေဘာက် ဟိႏၵဴမင္းသားေတြပုံစံ ဝတ္စားပါ ဆိုတာေလးေတာင္...လိုက္မွမနာတာ”

“အေမ...ကြၽန္ေတာ္တို႔က မဏိပူရသားေတြေလ..ကသည္းေတြေလ..ဘာရမင္ေတြမဟုတ္ဘူး..တမီလ္ေတြမဟုတ္ဘူး.. ကသည္းေတြက မွ ကသည္းေတြလို မဝတ္စားရင္ ဘယ္သူက ကသည္းအဝတ္အစားကို ေလးစားမွာလဲ”

ထိုအခ်ိန္တြင္ နန္းေဆာင္အတြင္းမွ ကေလးငယ္တစ္ဦး၏ ငိုသံထြက္လာသည္။

“မိဖုရားႀကီးဘုရား....မင္းသမီးေလး ႏိုးေနပါၿပီ”

သုတၱိမာလာမိဖုရား သည္ သမီးအငယ္ေလး သွ်တၱရမာလာေခၚ သွ်န္သီ ကို ေမြးထားသည္မွာ တစ္ႏွစ္ပင္ ရွိေသးသည္။

သားေတာ္ႀကီး သွ်န္သွ်ား ႏွင့္ သမီးေတာ္ေလး သွ်န္သီ တို႔မွာ အသက္ ၁၈ ႏွစ္ ကြာျခား၏။

“အေမ...”

သွ်န္သွ်ားက သူ႔အနားမွ ထထြက္သြားရန္ ျပင္ေနေသာ မိခင္၏ လက္ကို ဆြဲလိုက္သည္။

“ေဟာ့ဒီကန္ကလာနန္းေတာ္ႀကီးထဲမွာ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္....အေမ နဲ႔ ညီမေလးကို ကြၽန္ေတာ္ကာကြယ္သြားပါ့မယ္”

သုတၱိမာလာမိဖုရားက သားျဖစ္သူ၏ ဦးေခါင္းကို လက္ျဖင့္ ဖြကာ ထြက္ခြာသြားသည္။

ေနာက္တေန႔ နံနက္မွ စတင္ၿပီး မင္းသားဆန္ေဂ်းခူရာလက္ပ သည္ နန္းေတာ္မွ ထြက္ခြာသြားသည္။

အင္းဝအား  စစ္ခ်ီရန္အတြက္ မဏိပူရအတြင္း စစ္သားမ်ားစုေဆာင္းေရးႏွင့္ တပ္မ်ား စနစ္တက် ျပန္လည္ဖြဲ႕စည္းေရးကို တာဝန္ယူလိုက္ၿပီျဖစ္သည္။

အျခားမင္းသားငယ္မ်ား၊ စစ္သူႀကီးမ်ားသည္လည္း ရိကၡာစုေဆာင္းေရးႏွင့္ လက္နက္သမ်ားသြန္းလုပ္ေရးကိစၥမ်ားကို စတင္ျပင္ၾကေလၿပီ။

အိမ္ေရွ႕ဥပရာဇာဆနာဟန္ဘြဲ႕ခံ မင္းသား သွ်န္သွ်ား ကိုမူ ဘုရင္ဂါရစ္နာဝဇ္ က မည္သည့္တာဝန္မွ မေပးပဲ ဥေပကၡာျပဳထားခဲ့သည္။

..............................................................................................................

ဆန္ေဂ်းခူရာလက္ပ။

အာသံေသြးပါေသာ မိဖုရားမွ ေမြးဖြားခဲ့သည္။

အသားညိဳညိဳ၊ မုတ္ဆိတ္ေမႊးထူထူ၊ ရင္အုပ္က်ယ္က်ယ္ျဖင့္။

ဘုရင္ဂါရစ္နာဝဇ္၏ သားမ်ားအနက္ အႀကီးဆုံးျဖစ္ေသာ္လည္း အာသံေသြးေႏွာေနသျဖင့္ အိမ္‌ေရွ႕ဥပရာဇာအျဖစ္ ခန႔္အပ္ျခင္းမခံခဲ့ရ။

ဆန္ေဂ်း သည္ ျဗဟၼဏဘာသာကို သက္ဝင္ယုံၾကည္လွသည္မဟုတ္ေသာ္လည္း ဖခင္အလိုက် ေနထိုင္သူျဖစ္သည္။

အိမ္ေရွ႕မင္းသားသွ်မ္သွ်ားကဲ့သို႔ဖခင္ရွင္ဘုရင္ႏွင့္ ဆန႔္က်င္သည့္အလုပ္ကိုမလုပ္။ ဖခင္မင္းႀကီး အလိုက် ဟိႏၵဴမင္းသားမ်ားပုံစံအတိုင္း ဝတ္စားဆင္ယင္ခဲ့သည္။

စစ္ေရးစစ္ရာဘက္တြင္ အားသန္သူတစ္ဦးျဖစ္သည့္အတြက္ ဂါရဇ္နာဝပ္က သူ၏ စစ္ဘုရင္အိပ္မက္အတြက္ မင္းသားဆန္ေဂ်းကို အားကိုးအားထားျပဳေနခဲ့သည္။

အင္းဝ သို႔ စစ္ခ်ီမည့္အေရးတြင္ ဆန္ေဂ်းမွာ တက္ႂကြေန၏။

ဘုရင္နာဝဇ္ ၏ ညညီလာခံသို႔ မင္းသားသွ်န္သွ်ားတက္ခြင့္မရပဲ သူ႔ကို တက္ခြင့္ျပဳလိုက္ျခင္းျဖင့္ မဏိပူရထီးေမြနန္းေမြသည္ ဆန္ေဂ်းဘက္သို႔လည္း ယိမ္းလာခဲ့ၿပီျဖစ္ေၾကာင္း ကန္ကလာနန္းတြင္း တစ္ခုလုံးက လက္ခံလာၾကသည္။

နန္းေတာ္တြင္ ဟိႏၵဴအယူဝါဒဘက္ေတာ္သားမ်ားက မင္းသားဆန္ေဂ်းကို ေခါင္းေဆာင္တင္လာၾကၿပီး မဏိပူအမ်ိဳးသားဝါဒီမ်ားကမူ မင္းသားသွ်မ္သွ်ားႏွင့္အတူ ရပ္တည္ၾကသည္။

မဏိပူရအမတ္အမ်ားစုမွာလည္း တိုင္းတပါးမွလာေသာ ျဗဟၼဏဘုန္းေတာ္ႀကီးမ်ား၏ နန္းတြင္းၾသဇာကို ေလ်ာ့ခ်လိုသည့္အတြက္ အိမ္ေရွ႕စံ သွ်မ္သွ်ားကိုသာ တိတ္တဆိတ္လိုလားေနၾက၏။

ဘုရင္ဂါရစ္နာဝဇ္သည္ သူ၏ နန္းတြင္းအရႈပ္အေထြးကို သူကိုယ္တိုင္ဖန္တီးခဲ့သည္။

သို႔ေသာ္ျငား အင္းဝသို႔ စစ္ခ်ီေရးကိုသာ အားသန္ေနသျဖင့္ ထိုအေျခအေနမ်ားကို အာ႐ုံမစိုက္ႏိုင္ခဲ့။

မိုးရာသီ ကုန္ဆုံးသည္ႏွင့္ အင္းဝသို႔ ခ်ီတက္ေရးသည္သာ သူ႔အတြက္ အေရးအႀကီးဆုံးရည္မွန္းခ်က္ ျဖစ္ေနခဲ့ေတာ့သည္။

....................................................................................................

လြီဇာသည္ သံလ်င္တြင္ ျပင္သစ္သေဘၤာက်င္းကိုယ္စားလွယ္ျဖင့္ အရက္တင္သြင္းရန္ ေဆြးေႏြးခဲ့ၾကသည္။

ျပင္သစ္ႏိုင္ငံ ၊ ေနာ္မန္ဒီေဒသထုတ္ ကယ္ဗာေဒါ့ဘရန္ဒီမ်ား၊ ေကာညက္အရက္မ်ား စုစုေပါင္း (၂၅)စည္၊ အဂၤလန္လစ္ဗားပူးဆိပ္ကမ္းမွ ဘီယာစည္ (၅၀) တို႔ကို တင္သြင္းရန္ ပဏာမသ‌ေဘာတူညီခဲ့၏။

သို႔ေသာ္ ဆိပ္ကမ္းအခြန္က်သင့္ေငြကိုမူ လြီဇာဘက္မွ က်ခံရမည္ျဖစ္သည္။

ထိုကိစၥကို အင္းဝနန္းေတာ္ရွိ ကိုးသိန္းသခင္ထံ ဆက္သားျဖင့္ ေစလႊတ္အေၾကာင္းၾကားရန္ လြီဇာသည္ ဟံသာဝတီသို႔ ျပန္ရမည္ျဖစ္သည္။

ကိုးသိန္းသခင္ထံမွ ျပန္ၾကားစာမလာေသးခင္ကာလတြင္ ဟံသာဝတီတြင္ပင္ လြီဇာ ေနရဦးမည္။

ဖာသာဂါလီဇီယာက ဟံသာဝတီၿမိဳ႕တြင္ ဘုရင္ဂ်ီဘုရားေက်ာင္းငယ္တစ္ခု ေဆာက္လုပ္ေရးအတြက္ ၿမိဳ႕ဝန္ဦးသာေအာင္ ထံ တင္သြင္းေသာစာကို ဘုန္းႀကီးငယ္ျဖစ္ေသာ ဖာသာနာေရနီ ႏွင့္အတူ ထည့္ေပးလိုက္သည္။

ဟံသာဝတီသို႔ ‌ေရေၾကာင္းမွ အျပန္ခရီးတြင္ လြီဇာႏွင့္အတူ ဖာသာနာေရနီ ပါ ျပန္ပါလာခဲ့ေတာ့၏။

ေအာက္မားဝန္ ဦးေအာင္လွ အား ဟံသာဝတီ၏ ဆင္ဝန္အျဖစ္ အင္းဝဘုရင္မွ ခန႔္အပ္သည့္ အခမ္းအနားသို႔ တက္ရန္ လက္်ာဗိုလ္သည္လည္း ဟံသာဝတီသို႔ ျပန္ပါလာခဲ့သည္။

ဟံသာဝတီမွ မြန္ကုန္သည္တစ္ဦးပိုင္ ေလာင္းေလွႀကီးျဖင့္ သန္လ်င္မွ ဟံသာဝတီသို႔ ေရေၾကာင္း အတိုင္း ျပန္လာခဲ့ၾကသည္။

လက္်ာဗိုလ္သည္ ေလွဦးတြင္ ထိုင္လ်က္ ေၾကးဝါေဆးတံကို ဖြာကာ ပဲခူးျမစ္ကို ေငးရင္းလိုက္ပါလာ၏။

ဖာသာနာေရနီ သည္ လက္်ာဗိုလ္၏ မနီးမေဝး သို႔ လမ္းေလွ်ာက္လာသည္။

လြီဇာမွာ ေလွဝမ္းအတြင္းထိုင္ကာ ေလွသူႀကီး၏ ပဲ့ထိန္းပုံကို စိတ္ဝင္တစားၾကည့္ေနသည္။

“ခင္ႀကီးကို ၾကည့္ရတာ ဗရင္ဂ်ီဘုန္းႀကီးသာလုပ္ေနတာ...အသက္က..ငယ္ေသးပုံပဲ”

လက္်ာဗိုလ္က စကားစသည္။

“ကြၽန္ေတာ့္ အသက္ (၂၂)ႏွစ္ပါ”

“ေၾသာ္..ဒါဆို က်ဳပ္ထက္ ကိုးႏွစ္ေလာက္ေတာင္ ငယ္တာပ”

နာေရနီက ေဆးတံကို လက္တစ္ဖက္ကကိုင္ရင္း ခပ္ၿပဳံးၿပဳံးစကားေျပာေနသည့္ လက္်ာဗိုလ္ကို ေငးေနသည္။

“က်ဳပ္တို႔ ဗုဒၶဘာသာမွာေတာ့ အ႐ြယ္ေရာက္ရင္ ရွင္ဝတ္ရတယ္...ရွင္လူထြက္ၿပီးမွ လူ႔ေဘာင္ကို ဝင္ေပါ့.. ခင္ႀကီးနာေရနီ ကေရာ..အခု ရဟန္းျပဳၿပီးရင္ လူေဘာင္ကိုျပန္မဝင္ေတာ့ဘူးလား”

ဖာသာနာေရနီက သက္ျပင္းခ်လိုက္သည္။

“ကြၽန္ေတာ္ ခရစ္ယာန္ဘုန္းႀကီးဘဝပဲ ေပ်ာ္ပါၿပီ...အီတလီမွာ သာမန္လူတစ္ေယာက္အေနနဲ႔ ဆက္ေနရင္ သူတို႔အရွက္ရၿပီး ကိုယ့္ကိုကိုယ္သတ္ေသၾကမယ္လို႔ ကြၽန္ေတာ့္မိဘေတြက ေျပာတယ္”

နာေရနီစကားကို လက္်ာဗိုလ္ က စိတ္ဝင္စားသြားသည္။

“ဘာျဖစ္လို႔လဲဗ်”

“ကြၽန္ေတာ္က ေယာက္်ားေတြကိုပဲ ႀကိဳက္တဲ့လူတစ္ေယာက္ပါ..မီလန္ၿမိဳ႕က ကြၽန္ေတာ္တို႔ အသိုင္းအဝိုင္းမွာေတာ့ လိင္တူဆက္ဆံသူေတြဟာ ဘုရားသခင္ကို ဆန႔္က်င္တဲ့သူေတြပဲ..ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ မွားေနတဲ့စိတ္ကို ဘုရားထံ အပ္ႏွံတဲ့အေနနဲ႔ သာသနာျပဳအလုပ္ကို ေ႐ြးခ်ယ္ခဲ့တာ”

“မွားေနတဲ့ စိတ္တဲ့လား”

လက္်ာဗိုလ္က ဗရင္ဂ်ီဘုန္းႀကီးဝတ္စုံဝတ္ထားေသာ လူငယ္ကို က႐ုဏာသက္စြာ ၾကည့္လိုက္သည္။

“က်ဳပ္တို႔ ဆီမွာဆို နပုန္းပ႑ဳက္လို႔ ေခၚတာေပါ့...ဒါေပမယ့္..က်ဳပ္တို႔ဘာသာတရားအရေတာ့ အရင္ဘဝက ဝဋ္ေႂကြးကို ေပးဆပ္ေနရသူေတြလို႔ပဲ သေဘာထားၿပီး ထူးထူးေထြေထြ အျပစ္တစ္ခုလုပ္ေနတယ္လို႔ေတာ့ သေဘာမထားၾကပါဘူး...အင္းဝနန္းတြင္းက မိန္းမစိုးအစုမွာလည္း သင္းကြပ္ထားတဲ့ ပ႑ဳက္ေတြ ရွိတာပါပဲ...အင္းေလ ...ဒါနဲ႔..ဒီလိုမ်ိဳး ကိုယ္ျဖစ္ခ်င္တာကို ခ်ိဳးႏွိမ္ေနရတဲ့ဘဝမွာေရာ ခင္ဗ်ား ေပ်ာ္ရဲ႕လား”

“ကြၽန္ေတာ္က မွားေနတဲ့လူပါ..လုလင္ႀကီး..ဒီေတာ့ ကြၽန္ေတာ့္မွားေနတဲ့ စိတ္ကို ခ်ိဳးႏွိမ္ရမယ္ေလ...ကြၽန္ေတာ့္မွာ ေပ်ာ္ခြင့္မရွိဘူး.ေဟာ့ဒီ သူစိမ္းေတြေျမမွာ ဘုရားသခင္ရဲ႕ အလုပ္ေတြ လုပ္ရင္း ကြၽန္ေတာ္ေပ်ာ္ေအာင္ေနပါတယ္”

“မွားေနတဲ့လူတဲ့လား...အင္း...ဘာပဲျဖစ္ျဖစ္...ခင္ႀကီးအေနနဲ႔ ဒီမွာ ေနသမွ် ကာလပတ္လုံး အကူအညီလိုရင္ က်ဳပ္ကိုေျပာပါ...သန္လ်င္နဲ႔ ဟံသာဝတီဟာ နီးနီးေလးပါ...က်ဳပ္ တတ္ႏိုင္တာ အားလုံး ကူညီေပးပါမယ္..”

“လုလင္ႀကီးကို ျမင္ျမင္ခ်င္း...ကိုယ့္မိတ္ေဆြခင္ပြန္း တစ္ေယာက္လို႔ ကြၽန္‌ေတာ္ခံစားရပါတယ္..ေက်းဇူးအမ်ားႀကီး ေပးပါတယ္”

လက္်ားဗိုလ္က ဘုန္းႀကီးငယ္နာေရနီ၏ အဆီအေငါမတည့္ေသာ ဘာသာစကားေၾကာင့္ ၿပဳံးေယာင္ေယာင္ျပဳလိုက္ၿပီး ေဆးတံကိုသာ ဆက္လက္ဖြာရႈိက္ေနေတာ့၏။

ကက္သလစ္ဘုန္းေတာ္ႀကီးဝတ္႐ုံသည္ ေလတြင္ တလူလူလြင့္ေန၏။

တိုက္ခတ္လာေသာ ျမစ္ျပင္ေလႏွင့္အတူ သူတို႔၏ စကားသံမ်ားကို လြီဇာ အတိုင္းသားၾကားေနရသည္။

...............................................................................................................

ေအာက္မားဝန္ဦးေအာင္လွ အား ဆင္ဝန္အျဖစ္ အေဆာင္အေယာင္မ်ား ခ်ီးျမႇင့္ပြဲ။

ဟံသာဝတီေအာက္မားဆင္စခန္းႏွင့္ မနီးမေဝးတြင္ ဆင္ဝန္အသစ္ေနထိုင္ရန္ ကြၽန္းအိမ္တစ္လုံးကို အလ်င္အျမန္ေဆာက္လုပ္ေနၾကၿပီျဖစ္သည္။

တည္ေဆာက္ဆဲ ဆင္ဝန္အိမ္အနီး ယာယီအိမ္ေတာ္ေရွ႕တြင္ ပြဲလန္းအခင္းမ်ား ဆင္ယင္ထားသည္။

အင္းဝဘုရင္၏ ဦးေလးေတာ္သူ ၿမိဳ႕ဝန္မင္းဦးသာေအာင္ ကိုယ္တိုင္ ဆင္ဝန္ရာထူး အေဆာင္အေယာင္မ်ားအား ဦးေအာင္လွကို ခ်ီးျမႇင့္မည္ျဖစ္သည္။

သန္လ်င္၊ ျပင္သစ္သေဘၤာက်င္းကိုယ္စားလွယ္မွ နမူနာအားျဖင့္ လက္ေဆာင္ပါးလိုက္သည့္ ဘရန္ဒီမ်ား၊ ေကာ့ညက္အရက္မ်ားကို ဦးေအာင္လွ၏ ဧည့္ခံေကြၽးေမြး‌ေရးအတြက္ ေပးအပ္လိုက္သည္။

မင္းမႈဆိုင္ရာဝန္ခန႔္အပ္ပြဲအစီအစဥ္မ်ား ၿပီးဆုံးသည့္ေနာက္ ယိုးဒယားသဘင္သည္မ်ား၊ မြန္သဘင္သည္မ်ား၏ တူရိယာသံမ်ား ထြက္လာၿပီျဖစ္သည္။

ဆင္ဝန္အသစ္ ဦးေအာင္လွသည္ အင္းဝဘုရင္မွ ပို႔ေပးလိုက္သည့္ ကတၱီပါနားကြပ္ေဘာင္းျဖဴကို ေခါင္းတြင္  ေဆာင္းထားသည္။

ေ႐ႊခ်ည္ပါဝတ္လုံအက်ႌ ႏွင့္ ေငြပုဆိုး ၊ စလြယ္တို႔ကို ဝတ္စုံျပည့္ဝတ္ဆင္ထားၿပီး ႐ႊင္ျပေနသည္။

႐ိုးသားစြာေနတတ္ေသာ ဝန္ကေတာ္ပင္လွ်င္ အင္းဝ၏ ေနာက္ဆုံးေပၚ ဖက္ရွင္ျဖစ္သည့္ ခါသာအက်ႌကို ဇာယွက္ကာ ဝတ္ဆင္ထား၏။

ဂမုန္းႏွင့္ သီရိတို႔မွာ လည္း ဝတ္ေကာင္းစားလွမ်ားျဖင့္ အလွမ်ား ျပင္ဆင္ထားၾကသည္။

သီရိမွ ေျပးလႊားေဆာ့ကစားထားသျဖင့္ ေခြၽးသံမ်ား ႐ႊဲနစ္ေနေတာ့သည္။

ဟံသာဝတီၿမိဳ႕ဝန္ဦးသာေအာင္ မွာ အသက္(၅၀)အ႐ြယ္ ၊ ေက်ာက္ေပါက္မာသဲ့သဲ့ျဖင့္ ေဖာ္ေ႐ႊေသာ ႐ုပ္ရွည္မ်ိဳးရွိသည္။

သူ၏ ေနာက္တြင္ ခစားလိုက္ပါသူမ်ားထဲမွ အနီးကပ္ဆုံးပါေနသူတစ္ဦးကို လြီဇာ မွတ္မိလိုက္သည္။ သန္လ်င္ရွိ ျပင္သစ္ကိုယ္စားလွယ္႐ုံးတြင္ လြီဇာေတြ႕ခဲ့ဖူးသည့္ ပုဂၢိဳလ္ျဖစ္သည္။

ဟံသာဝတီၿမိဳ႕ဝန္ ဦးသာေအာင္ ၊ သန္လ်င္ၿမိဳ႕ဝန္ဦးရာ၊ သန္လ်င္ႏွင့္ ဟံသာဝတီမွ ေရဝန္မ်ား၊ အခြန္မႉးမ်ားသည္ ဦးေအာင္လွႏွင့္ အတူထိုင္ကာ ဘရန္ဒီ ေသာက္ၾကသည္။

သံလ်င္ႏွင့္ ဟံသာဝတီမွ ျပင္သစ္ ၊ ဒတ္ခ်္၊ အဂၤလိပ္၊ အာေမးနီးယန္း၊ တ႐ုတ္၊ အာရပ္ စေသာ လူမ်ိဳးစုံကုန္သည္မ်ားကလည္း အခမ္းအနားသို႔ လက္ေဆာင္မ်ားႏွင့္ တကြ တက္ေရာက္ၾကသည္။

ယခင္က ဟံသာဝတီၿမိဳ႕ဝန္ၿပီးလွ်င္ ရာထူးအႀကီးဆုံးမွာ ေ႐ႊခြန္မႉးျဖစ္ေသာ္လည္း ယခုအခါ ဆင္ဝန္ ရာထူးျဖစ္လာၿပီျဖစ္သည္။

ဆင္ဝန္ရာထူးသည္ အင္းဝနန္းေတာ္ႏွင့္ တိုက္႐ိုက္အဆက္အဆံရွိေနေသာေၾကာင့္ ကုန္သည္မ်ားက ဦးေအာင္လွကို လက္ေဆာင္ပဏၰာမ်ားျဖင့္ လာ‌ေရာက္မိတ္ဆက္ၾက၏။

“ပ်င္းေနၿပီလား...လြီဇာ”

သဘင္မဏၰပ္အျပင္ဘက္ ျမတ္ေလး႐ုံေရွ႕ ကြပ္ပ်စ္တြင္ ထိုင္ေနေသာ လြီဇာ ၏ ေဘးသို႔ လက္်ာဗိုလ္ ေရာက္လာသည္။

“အင္း..မပ်င္းပါဘူး..ဟံသာဝတီနဲ႔ သန္လ်င္က ကိုယ္သိသင့္တယ္ထင္တဲ့လူေတြကို လိုက္မွတ္သားေနတာပါ”

“ေအာ္..အင္း..မသိတဲ့လူရွိရင္ က်ဳပ္ ေျပာျပေပးမယ္ေလ”

လြီဇာက ၿမိဳ႕ဝန္ဦးသာေအာင္ ၏ နေဘးတြင္ ပါလာေသာ အရပ္ပုပု၊ မ်က္ႏွာျဖဴဖတ္ျဖဴေလ်ာ္ႏွင့္ သူကို လက္ညႇိးထိုးျပလိုက္သည္။

“ေၾသာ္..အဲ့ဒါ ၿမိဳ႕ဝန္ရဲ႕ ေယာက္ဖ..ငမင္းေအာင္ တဲ့.....ေယာက္ဖဆိုေပမယ့္ ၿမိဳ႕ဝန္ရဲ႕ တတိယမယားရဲ႕ ေမာင္ပါ....အရင္က ေ႐ႊတိဂုံဘုရားကြၽန္အသီးမ်ိဳးႏြယ္ကပဲ..သူ႔အစ္မကို ၿမိဳ႕ဝန္က ေကာက္ေတာ့ သူတို႔ တစ္မ်ိဳးလုံးကို ေ႐ြးႏုတ္ထားတာ”

“သူက ဟံသာဝတီမွာ အေရးပါလား”

“အင္း...ဘယ္ႏွယ့္ေျပာရမလဲ....သူ႔ကို အင္းဝဘုရင္က ခန႔္ထားတာေတာ့မဟုတ္ဘူး.. ျမင္စုေခါင္း ဦးတာ ဆုံးပါးသြားလို႔ ၿမိဳ႕ဝန္အမိန႔္နဲ႔ ခန႔္ထားတာ...ၿမိဳ႕ဝန္ေယာက္ဖဆိုေတာ့ သိတဲ့အတိုင္းပဲ.တခါတခါ က်ဳပ္လုပ္ေနတဲ့ ၿမိဳ႕လုံၿခဳံေရးကိစၥေတြကိုေတာင္ သူက ဝင္စြက္ဖက္ေသးတာ..ေလာဘကလည္း ႀကီးတယ္...ဒီမွာ လာတဲ့ ႏိုင္ငံျခားသားကုန္သည္မွန္သမွ် ၿမိဳ႕ဝန္ဆီ ဝင္ခ်င္ရင္ သူ႔ လာဘ္ထိုးရတာခ်ည္းပဲ”

“သူက ျပင္သစ္လို႔လည္း တတ္တယ္ေနာ္”

“ဟင္...ခင္ဗ်ားက ဘယ္လိုသိတာလဲ”

“သူ႔ကို သန္လ်င္က ျပင္သစ္သေဘၤာက်င္းကိုယ္စားလွယ္႐ုံးခန္းမွာ ကြၽန္မေတြ႕ခဲ့တယ္”

“ဟုတ္လား....ဒီလူက ဒီလိုပဲႏိုင္ငံျခားသားေတြဆီ ဝင္ထြက္ၿပီး လာဘ္ဘယ္လို ယူရမလဲ ႀကံဖန္ေနတာ”

“မဟုတ္ဘူး..ထင္တယ္..ကြၽန္မလည္း ျပင္သစ္စကားတတ္တယ္..ကြၽန္မ နားလည္သေလာက္ေတာ့..သူ ျပင္သစ္ကိုယ္စားလွယ္ဆီက အကူအညီေတာင္းေနတာ”

လက္်ာဗိုလ္၏ ခႏၶာကိုယ္က မတ္သြားသည္။

“ဘာ အကူအညီေတာင္းေနတာလဲ”

“ေသနတ္အလက္ႏွစ္ရာနဲ႔ သေဘၤာႏွစ္စင္း”

“ဟာ..အင္းဝ ကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွ ၫႊန္ၾကားလႊာထြက္တာမရွိတာ ေသခ်ာတယ္.. စစ္မႈေရးရာဆို က်ဳပ္တို႔ ၿမိဳ႕ေစာင့္တပ္ကို မျဖစ္မေန အသိေပးရမွာပဲ..အင္း..တစ္ခုခုေတာ့ တစ္ခုခုပဲ...ခင္ဗ်ား ဒီကိစၥ..ဘယ္သူ႔ကို ေျပာျပၿပီးၿပီလဲ...အင္းဝကို သတင္းေပးလိုက္ၿပီလား”

“ဟင္အင္း..ဘယ္သူ႔ကိုမွ မေျပာရေသးဘူး...ဦးေအာင္လွ က ဟံသာဝတီမွာ အႀကီးအကဲတစ္ေယာက္ အျဖစ္ တာဝန္ထမ္းေဆာင္ေတာ့မွာ..သူ႔ကိုေရာ ေျပာျပလိုက္ရမလား”

“အင္း..သူ႔ကို က်ဳပ္ေျပာလိုက္ပါ့မယ္..ဒါေပမယ္..ဒီကိစၥကို ခင္ဗ်ား ဟံသာဝတီမွာ ရွိေနသမွ် ကာလပတ္လုံး ဘယ္သူ႔ကိုမွ မေပါက္ၾကားမိပါေစနဲ႔ဦး .. ဘာေၾကာင့္လဲဆိုေတာ့... ၿမိဳ႕ဝန္ဦးသာေအာင္ ဟာ အင္းဝေ႐ႊနန္းရွင္ရဲ႕ ေဆြမ်ိဳးရင္းခ်ာ...တခုခု တိမ္းေခ်ာ္သြားရင္ က်ဳပ္တို႔ အသက္ပါ ေပးသြားရလိမ့္မယ္.. အထူးသျဖင့္ ခင္ဗ်ား ဆီက ဒီသတင္းထြက္တာ သိသြားရင္ ခင္ဗ်ား ဟံသာဝတီက အင္းဝကို ျပန္တဲ့လမ္းမွာ ဒုကၡမ်ားလိမ့္မယ္”

“ကြၽန္မ ဒီကိစၥကို ဘယ္တုန္းကမွ မသိခဲ့ မၾကားရဘူးလို႔ မွတ္ထားလိုက္ပါၿပီ”

ပြဲခံမဏၰပ္အတြင္းမွ ဟံသာဝတီၿမိဳ႕ဝန္ႏွင့္ အဖြဲ႕ထြက္လာသျဖင့္ ေရွ႕တြင္ ေစာင့္ေနေသာ ေဝါယာဥ္ထမ္းမ်ားက အသင့္ေနရာယူလိုက္ၾကသည္။

ၿမိဳ႕ဝန္၏ ေယာက္ဖ ငမင္းေအာင္က စကားေတြ ေဖာင္ဖြဲ႕ေျပာလာ၏။

“ခင္ဗ်ား ျမင္ခဲ့တာ ဒီလူ ေသခ်ာတယ္ေနာ္”

“အင္း..႐ုပ္ေရာ..အသံေရာ ဒီလူမွ ဒီလူပဲ..ကြၽန္မ မွတ္မိတယ္”

“ဒါဆိုရင္ေတာ့...မၾကာခင္မွာ တခုခုျဖစ္လာေတာ့မယ္ထင္ရဲ႕”

လက္်ာဗိုလ္၏ အသံက ခပ္တိုးတိုး။

.....................................................................................

“မၾကာခင္မွာ တခုခုျဖစ္လာေတာ့မွာ ေသခ်ာတယ္..ေမာင္ႀကီး”

ရွင္မိငယ္၏ အသံက ခပ္တိုးတိုး။

ေအာင္ေဇယ်က ရွင္မိငယ္ေျပာစကားမ်ားကို အာ႐ုံစိုက္ နားေထာင္ေနသည္။

“ရထားတဲ့ သတင္းက ေသေရာ ေသခ်ာရဲ႕ လား..မိငယ္”

“ေသခ်ာပါတယ္....မိငယ္ ဆီမွာ သြားေဆးလာဆိုးတဲ့တစ္ေယာက္က ပုဏၰား စံျဖဴ ရဲ႕ အငယ္အေႏွာင္းပဲ... အခု မဏိပူရနဲ႔ အဆက္အသြယ္ရွိတဲ့ စစ္ကိုင္းက ပုဏၰားေတာ္ေတာ္မ်ားမ်ားၾကားမွာ ဒီသတင္းက ပ်ံ႕ေနတာ...မိုးကုန္ရင္ မဏိပူရက ကသည္းစစ္တပ္ႀကီး အင္းဝကို ခ်ီလာလိမ့္မယ္.. ကသည္းမင္းသား က သူလွ်ိဳလႊတ္လိုက္တဲ့ ျဗဟၼဏပုဏၰားေတြေတာင္ စစ္ကိုင္းကို ေရာက္ေနၾကၿပီတဲ့”

“အင္းဝ ဘက္ဆီကေရာ ဘာသတင္းၾကားေသးလဲ”

“ဘုရင္က မတၱရာဘက္မွာ ဥယ်ာဥ္ေတာ္အသစ္တစ္ခု ေဆာက္ဖို႔ လူသန္ လူ႐ြယ္ေတြကို ဆင့္ဆိုေနတယ္တဲ့...”

“အင္း..ေ႐ႊနန္းရွင္ ကေတာ့ ဒီလို သတင္းေတြကို နည္းနည္းမွေတာင္ ၾကားမိရဲ႕လားမသိ....ခက္တာပဲ”

ေအာင္ေဇယ်သည္ ရွင္မိငယ္ကို မြန္းစံသာထံမွ ကြၽန္အျဖစ္ႏွင့္ ျပန္လည္ဝယ္ယူလာခဲ့သည္။

ထို႔ေနာက္ သူ႔ဦးရီးပိုင္ဆိုင္ေသာ စစ္ကိုင္းရွိ အိမ္ဝိုင္းလြတ္တြင္ထားကာ သြားေဆးဆိုးလုပ္ငန္းတစ္ခု ထူေထာင္ေပးထားခဲ့၏။

သို႔ေသာ္ျငား ေအာင္ေဇယ် ႏွင့္ ရွင္မိငယ္တို႔၏ ဆက္ဆံေရးမွာ အျဖဴထည္သက္သက္သာရွိေနၿမဲပင္။

မုဆိုးဖို ႏွင့္ အင္းဝမွာ ေဝးကြာလွသျဖင့္ အၿမဲတမ္းမေရာက္ႏိုင္ေသာ ေအာင္ေဇယ်သည္ တလတႀကိမ္ခန႔္ စစ္ကိုင္းသို႔ တက္လာၿပီး ရွင္မိငယ္ထံ ဝင္ေရာက္ကာ အင္းဝ ႏွင့္ စစ္ကိုင္းမွ သတင္းစကားမ်ားကို စနည္းနာေလ့ရွိသည္။

ရွင္မိငယ္၏ သြားေဆးဆိုးလုပ္ငန္းမွာ ေငြေၾကး႐ႊင္ၾကေသာ အရာရွိအရာခံသားသမီးအမ်ားစု လာေရာက္ၾကရာျဖစ္သျဖင့္ သတင္းမ်ား စုံလင္လွ၏။

ယခုလည္း ရွင္မိငယ္၏ အိမ္ဝိုင္းသို႔ စနည္းနာရန္ ေရာက္လာျခင္းျဖစ္သည္။

“ဒါနဲ႔ ေမာင္ႀကီး..ညေနလည္း ေဆာင္းပါေပါ့..မုဆိုးဖို ျပန္ရင္ မွီႏိုင္ပါ့မလား”

“အင္း..ဒီညေတာ့ စစ္ကိုင္းထဲက ဘုန္းႀကီးေက်ာင္းတစ္ခုခုဆီ တည္းရမွာေပါ့”

“အရင္ကဆို ေမာင္ႀကီးက မုဆိုးဖိုအျပန္ေနာက္က်ရင္ ဒီအိမ္ဝိုင္းမွာ တည္းေနက်မဟုတ္လား..အခု မိငယ္ရွိေနေတာ့ တျခားမွာ သြားတည္းမယ္ေပါ့”

ေအာင္ေဇယ်က ေခါင္းညိတ္ျပလိုက္၏။

ရွင္မိငယ္၏ ဆံေတာက္ဖားဖားႀကီး ႏွစ္ဖက္ၾကားမွ မ်က္ဝန္းမ်ားက အရည္လဲ့ေနသည္။

“မုဆိုးဖိုက အစ္မခင္ယြန္းစံ ေရာ ေနေကာင္းရဲ႕လား...ကေလးေရာ က်န္းမာရဲ႕လား..ေမာင္ႀကီး”

“မာမာခ်ာခ်ာပါပဲ”

“ေမာင္ႀကီး...က မိငယ္ကို..ႏိုင္ငံေရးသတင္းေတြသက္သက္ စနည္းနာဖို႔ပဲ မြန္းစံသာဆီက ေ႐ြးႏုတ္ခဲ့တာေပါ့ေနာ္”

“အင္း..အဲ့လိုလည္း မဟုတ္ပါဘူး..မိငယ္ရဲ႕”

“အင္းပါ...မိငယ္က ကြၽန္ပဲ.ကြၽန္ဆိုတာ သခင္ ထားရေန..သခင္ ခိုင္းတဲ့ တာဝန္ေက်ပြန္ရတာေပါ့”

ေအာင္ေဇယ်က မိငယ္ကို စိုက္ၾကည့္လိုက္သည္။

ညေန၏ ပန္းဆီေသြးေနျခည္သည္ ဆံေတာက္ဖားဖား၊ ပါးကြက္ၾကားႏွင့္ ရွင္မိငယ္၏ မ်က္ႏွာေလးေပၚ တြင္ ေပ်ာက္တိေပ်ာက္ၾကား။

ႏႈတ္ခမ္းစူပုံ႔ပုံ႔ေလးမ်ား က အေရွ႕သို႔ ခြၽန္ျမေနသည္။

“မိငယ္...ထမင္ဟင္း..ႏွစ္ေယာက္စာရွိရဲ႕လား”

ရွင္မိငယ္က ေအာင္ေဇယ် ကို အလန႔္တၾကားေမာ့ၾကည့္လိုက္သည္။

“ေမာင္ႀကီး...ညေနစာကို ရွင္မိငယ္နဲ႔ လက္စုံစားမယ္”

“ရွင္”

ရွင္မိငယ္ ၏ ခြၽန္ျမေနေသာ ႏႈတ္ခမ္းဖူးေလးမွာ အာေမဋိတ္သံ ျဖင့္ ခပ္ဟဟျဖစ္သြား၏။

ေအာင္ေဇယ်အား စိုက္ၾကည့္ေနသည့္ မ်က္ဝန္းညိဳညိဳႀကီးမ်ားတြင္လည္း အရည္မ်ား လဲ့လာေတာ့သည္။

ေညာင္ရမ္းေခတ္ အင္းဝကြၽန္ဥပေဒတစ္ခုျဖစ္ေသာ ကိုင္းစာမႏု၏ မဟာရာဇသတ္ႀကီးအရ “အၾကင္ေယာက္်ားသည္ ကြၽန္မိန္းမကို ခ်စ္ျမတ္ႏိုး၍ ထမင္းလက္စုံစားေခ်လွ်င္ ထိုစားေသာအခါမွ စၿပီး မယားအရာေျမာက္ထိုက္ေလ” ဟု သတ္မွတ္ထားသည္။

ယခု ေအာင္ေဇယ်က ထမင္းလက္စုံစားရန္ ေျပာလာေခ်ၿပီ။

“အခင္းေမႊ႕ယာေရာ..ထူထူရွိရဲ႕လား..မိငယ္”

ေအာင္ေဇယ်၏ အသံ ေၾကာင့္ အပ်ိဳစစ္စစ္ ရွင္မိငယ္ ရင္ကေလး ဒိတ္ခနဲ ခုန္သြားရေတာ့သည္။





ခက္ေဇာ္

Comments

Post a Comment