AVA 1740s (အခန်း ၁၁)

(Unicode)

AVA 1740s

                  အခန်း(၁၁)    

                                    ...............................................

၁၇၃၄ သြဂုတ်လ ၁၉ ရက်။

ကိုးသိန်းသခင်ထံမှ တဆင့် ပြန်ကြားစာ ဟံသာဝတီသို့ ရောက်ရှိလာခဲ့သည်။

နန်းတွင်းသုံးကုန်စည်တင်သွင်းမှုအတွက် အခွန်တော်တဝက်လျော့ကောက်ခံရန် အင်းဝနန်းတော်ရှိ အကောက်ဝန်၊ ဗြဲတိုက်ဝန်တို့ထံမှ သန်လျင်မြို့ရှိ အခွန်ဝန် ဦးကို ထံ သို့ ပေးသည့် အမိန့်စာချွန်ပါ တစ်ပါးတည်း ပါလာခဲ့သည်။

ထိုအခါမှ လွီဇာသည် အင်းဝနန်းတွင်းအတွက် အထူးကုန်စည်များတင်သွင်းမည့် ကုန်သည်တစ်ဦး ဖြစ်ကြောင်း ဟံသာဝတီနှင့် သံလျင်ရှိ အုပ်ချုပ်ရေးအရာရှိများအသိုင်းအဝိုင်းတွင် လူသိများသွားတော့သည်။

လွီဇာနှင့် ပြင်သစ်သင်္ဘောကျင်းကိုယ်စားလှယ်တို့အကြား အရက်ဝယ်ယူမှု စာချုပ် ချုပ်ဆိုပြီးနောက် စရံငွေ ဂင်ဇာငွေ တစ်သိန်း ပေးခဲ့ရသည်။

မုတ်သုန်ကာလဖြစ်သဖြင့် ဥရောပမှ သင်္ဘောများ ဝင်ထွက်မှု နည်းသဖြင့် လွီဇာမှာလိုက်သော ကုန်ပစ္စည်းများမှာ မိုးကုန်ပြီး စက်တင်ဘာလလယ်လောက်တွင်မှ သံလျင်ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်သည်။

လွီဇာ သည် ပြင်သစ်ကိုယ်စားလှယ်ထံမှ ရရှိထားသော ဘရန်ဒီ၊ ကောညက်များနှင့်အတူ ဝါတွင်းကာလမကုန်မီ အင်းဝသို့ ပြန်လာရန် ကိုးသိန်းသခင်က ညွှန်ကြားလိုက်သည်။

သီတင်းကျွတ်ပွဲတော်နှင့်အတူ အင်းဝ၏ နန်းတော်သစ်ကြီးဖြစ်သော အောင်နန်းကျော်ဘုံနန်းတော်သစ် ကြီး၏ နန်းတော်ဥကင်ဖွင့်ပွဲကို ကျင်းပမည်ဖြစ်သည်။

ထိုပွဲတွင် လွီဇာ တင်သွင်းသော ယမကာများကို ရှင်ဘုရင်နှင့်တကွ နန်းတွင်းအရာရှိများအား တည့်ခင်းမည်ဖြစ်ပြီး လွီဇာကိုယ်တိုင် ရှင်ဘုရင်ရှေ့တော်သို့ ဝင်ရမည်ဖြစ်သည်။

လွီဇာ၏ အင်းဝသို့ အပြန်ခရီးတွင် ဆင်ဝန်ဦးအောင်လှ၏ ကတော် ဒေါ်အုံ နှင့် ဖာသာဂါလစ်ဇီယာတို့ အတူ လိုက်ပါခဲ့ကြသည်။

ဆင်ဝန်ဦးအောင်လှကတော်ဒေါ်အုံ သည်  အင်းဝတွင်ကျန်ရစ်သော နေအိမ်မှ ပစ္စည်းများကို သိမ်းဆည်းရန်နှင့် အင်းဝတွင်ကျန်ရစ်သော အစေခံများကို သွားရောက်ခေါ်ယူရန်ဖြစ်သည်။

 ဖာသာဂါလစ်ဇီယာမှာ ဟံသာဝတီတွင် ဗရင်ဂျီဘုရားကျောင်းသစ်တစ်ခု ဖွင့်လှစ်နိုင်ရေးကိစ္စ ဟံသာဝတီမြို့ဝန်နှင့် မပြီးပြတ်သဖြင့် အင်းဝဘုရင်၏ နန်းတော်ဥကင်ဖွင့်ပွဲတွင် ဂါရဝပြုဝင်ရောက်ကာ ကိုယ်တိုင်လျှောက်ထားမည်ဖြစ်သည်။

...................................................................................................................

အင်းဝသို့ ရေလမ်းမှ ပြန်လာသော လွီဇာ နှင့်အဖွဲ့မှာ စက်တင်ဘာ ၁ ရက်နေ့တွင် အင်းဝသို့ ဆိုက်ရောက်သည်။

မိုးကြီးခြင်းကြောင့် ဧရာဝတီမြစ်ရေများလျှံတက်ကာ အင်းဝနန်းမြို့တွင်း၌ပင် ရေက ဒူးခေါင်းခန့် ရှိနေသည်။

လွီဇာသည် အင်းဝသို့ရောက်ရောက်ခြင်းပင် ကိုးသိန်းသခင်၏ အိမ်တော်သို့ အခစားဝင်ရသည်။

ယမကာများနှင့် လက်‌ဆောင်ပစ္စည်းများတင်လာသော လှည်းတစ်စီးတိုက်ကို ကိုးသိန်းသခင်က အိမ်လသာဆောင်မှ ထွက်ကြည့်နေသည်။

“ခရီးက ပန်းလာတာဆိုတော့ နားနားနေနေ ပြန်နေပါဦး..မနက်ဖြန်ကျမှ ကိုယ်တော့် မေးစရာရှိတာ ခေါ်မေးမယ်”

ကိုးသိန်းသခင်က လှမ်းပြောလိုက်သသည်။

လွီဇာက အောက်ဘက်မှ လက်အုပ်ချီလျက်..

“အဆင်သင့်လိုက်လေ..ဘုရား..ပစ္စည်းတွေကိုတော့ အိမ်တော်ဝန်းထဲမှာပဲ ထားခဲ့ပါရစေ.ကျွန်တော်မ ဧည့်သည့် ဘုရင်ဂျီဘုန်းတော်ကြီးလည်း ပါလာတာမို့ သူတည်းခိုဖို့ရာ အင်းဝဘုရင်ဂျီကျောင်းကို လိုက်ပို့ရပါဦးမယ်..ခွင့်ပြုပါဦး”

“ငတွန်..ဟဲ့...ငတွန်...နောက်က လှည်းယာဥ်ထုတ်ချေကွယ်...ရေတွေက လည်း ကြီးနေတော့ လှည်းနဲ့ လိုက်ပို့လိုက်”

ထိုအခါမှ အိမ်အနောက်ဘက်တွင် ရပ်နေသော ငတွန်က ထွက်လာသည်။

ခါးတောင်းကို မြှောက်နေအောင် ကျိုက်ထားသဖြင့် ပေါင်မှ မင်သေ့ထိုးကွင်းများက ကြွရွနေ၏။

လွီဇာက ငတွန့်ကို ပြုံးပြလိုက်သည်။

ငတွန့်က နှုတ်ခမ်းကို တချက်သာတွန့်ပြပြီး မျက်နှာလွှဲသွား၏။

ထို့နောက် ရေစပ်စပ်ထဲတွင် နွားနှစ်ကောင်ကို ဆွဲကာ လှည်းတွင် တပ်လိုက်သည်။

“ဘုရင်ဂျီဘုန်းကြီးပါသေးတယ်ဆို..ခေါ်လိုက်လေ”

အိမ်ရှေ့တံခါးဝတွင် ရပ်နေသော ဖာသာဂါလစ်ဇီယာကို လွီဇာက လှမ်းခေါ်လိုက်သည်။

လှည်းပေါ်သို့ လွီဇာက မနည်းတက်နေချိန်တွင် ငတွန်က တချက်မှ လှည့်မကြည်ပဲ..ရှေ့မှ နွားများကိုသာ စိုက်ကြည့်နေ၏။

ဖာလာဂါလီဇီယာက ကူပေးမှသာ လွီဇာ လှည်းပေါ်‌‌ရောက်သွားသည်။

“အင်းဝလည်း မိုးတွင်းဆို ရေကြီးတာပဲ”

ဖာသာဂါလစ်ဇီယာက လှည်းပေါ်တွင် တိတ်ဆိတ်နေကြသော အခြေအနေကို ဖြိုခွင်းလိုက်သည်။

“အင်း..ဟုတ်တယ်..ဒါနဲ့...ရေကြီးတာ ကြာပြီလားဟင်..မောင်ကြီးငတွန်”

လွီဇာက မခေါ်စဖူး မောင်ကြီးငတွန်ဟု ခေါ်လိုက်သဖြင့် ငတွန်မှာ ဆတ်ခနဲဖြစ်သွားသည်။

သို့သော်... “အင်း” တစ်လုံး သာ ပြန်ဖြေသည်။

“ရှင်ဘာဖြစ်နေတာလဲ....ကျွန်မကို တစ်ခါမှ မသိခဲ့ဖူးသူတစ်ယောက်လို နေနေပါလား”

လွီဇာက ငတွန်၏ ကျောကုန်းကို ပုတ်ကာ ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး..လွီဇာ... ဒါနဲ့..အခု..ဗရင်ဂျီတန်းက ဘုရားကျောင်းကို သွားမှာမို့လား”

“ဟုတ်တယ်..ဒီက ဖာသာက ဖာသာမန်းဒက်ဇ်သူငယ်ချင်းလေ...သူ အဲ့ဒီမှာ တည်းမှာ”

“ဟူး”

ငတွန်၏ သက်ပြင်းချသံက ကျယ်လောင်လှသည်။

“ဘာဖြစ်နေတာလဲ...ရှင် တစ်ခုခုဖြစ်နေတယ်”

“ခင်ကြီးမင်းဒန် မရှိတော့ဘူး..လွီဇာ”

“ဟင်..ဘာ..ဖာသာမန်းဒက်ဇ် ဘာဖြစ်တယ်”

“ဟုတ်တယ်..မင်းမရှိတဲ့အချိန်မှာ သူ အသတ်ခံလိုက်ရတယ်”
“ဘာ..ဘယ်သူ သတ်တာလဲ”

“အဲ့ဒီညက ဘုရားရှိခိုးကျောင်းကို ဓါးပြဝင်တိုက်တယ်..ဘုရားကျောင်းထဲမှာ ခင်ကြီးမင်းဒန် နဲ့အတူ ခင်ကြီးဂိုးမက်စ်လည်း ရှိနေတယ်..အဲ့ဒီမှာ ခင်ကြီးမင်းဒန်ကို သူတို့ သတ်သွားကြတယ်”

“ဘယ်တုန်းက ဖြစ်တာလဲ”

“ခင်ဗျား..ဟံသာဝတီကို သွားပြီး နှစ်ရက်အကြာပဲ”

“ဒါဖြင့် ကျွန်မကို ဘာလို့ အကြောင်းမကြားကြတာလဲ”

“မင်း..စိတ်ပူပြီး အင်းဝကို ပြန်လာဖို့လုပ်ရင်...လုပ်လက်စ အလုပ်တွေ ပျက်သွားမှာစိုးလို့ .. ကိုးသိန်းသခင်က အကြောင်းမကြားခိုင်းတာ”

“အဲ့ဒီ ဓါးပြတွေကို မိလား”

“မမိဘူး.မြို့ဝန်ရုံးကိုတော့ တိုင်ထားတာပဲ....အင်း..ထူးဆန်းတာတခုက.. ဓါးပြတိုက်တယ်သာပြောတာ သူတို့ဘာမှ မယူသွားဘူး၊ သူတို့က ခင်ဗျား ဒီဘုရားကျောင်းထဲ မှာ ပုန်းနေသလား၊ ဘယ်ပျောက်နေလဲဆိုပြီး မေးကြသတဲ့..နောက်ဆုံး ဘာမှမသိဘူးလို့ပြောနေတဲ့ ခင်ကြီးမင်းဒန်ကို ဘုရားကျောင်းက မယ်တော်မာရီကျောက်ရုပ်ထုနဲ့ ခေါင်းကို ထု သတ်သွားတယ်...အဲ့ဒီအချိန် ဘုရားကျောင်းကို လူတွေရောက်လာလို့ ခင်ကြီးဂိုးမက်စ်ကတော့ အသတ်ခံရမယ့်ဘေးက လွတ်သွားလေရဲ့”

ငတွန်က နောက်သို့ လှည့်မကြည့်ပဲ စကားကို တရစပ်ပြောနေသည်။

ဖာသာဂါလစ်ဇီယာ မှာ ကြားလိုက်ရသည့်သတင်းစကားကြောင့် လွီဇာ၏ လက်ကို ဆုပ်ကိုင်ကာ အားပေးနေ၏။

လွီဇာထံမှ မည်သည့် တုန်ပြန့်မှုမှ ပြန်မလာ။ အသက် (၁၅)နှစ်အရွယ်တွင် မိဘများဆုံးပါးသွားပြီးကတည်းက ဖာသာမန်းဒက်ဇ် နှင့် ဘုရားကျောင်းမှ လွီဇာ၏ ဖခင်ထားခဲ့သော အမွေပစ္စည်းများကို စောင့်ရှောက်ပေးခဲ့ကြသည်။

ဖာသာမန်းဒက်ဇ်သည် လွီဇာ အား သမီးလိုပင် သဘောထားခဲ့၏။

ထို့ပြင် လွီဇာ၏ အဘွားဖြစ်သော မက်ဂ်ဒါလီနာ ယုံကြည်သကဲ့သို့ လွီဇာသည် ပေါ်တူဂီမျိုးဆက်များအား ပေါ်တူဂီမြေသို့ ပြန်ခေါ်သွားပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ဂိုအာရှိ ပေါ်တူဂီဘုရင်ခံနှင့် အဆက်အသွယ်ရရှိရန် လွီဇာ သံလျင်သို့ သွားသောခရီးတွင် ဖာသာဂါလစ်ဇီယာထံ စာရေးအကူအညီတောင်းလိုက်ခြင်းဖြစ်၏။

ငတွန်က လှည်းမောင်းနေရင်းမှ နောက်သို့ လှည့်လိုက်သည်။

“မင်း..အဆင်ပြေရဲ့လား..လွီဇာ”

“လော်တာဖုန်း....သူဘယ်မှာရှိမလဲ..ရှင်သိလား..ကိုတွန်”

နီးကပ်လာပြီဖြစ်သော ဗရင်ဂျီဘုရားကျောင်းထံမှ တနင်္ဂနွေနံနက် ဝတ်ပြုရန် ခေါင်းလောင်းသံ သဲ့သဲ့ ကြားလိုက်ရသည်။

.........................................................................................................................

အောက်တိုဘာလ။

မိုးလေကင်းလွတ်ခဲ့ပြီ။

အင်းဝမြို့လေးဖက်လေးတန်ရှိ ဘုရားစေတီများတွင် ဆီမီးမြင်းမိုရ်များ ထိန်ထိန်ညီးနေသည်။

နံနက်ခင်းက အောင်နန်းဘုံကျော်နန်းတော်ဥကင်ဖွင့်ပွဲသည် အောင်မြင်စွာပြီးဆုံးခဲ့ပေ၏။

မဟာဓမ္မရာဇာဓိပတိသည် နန်းတော်ဥကင်ဖွင့်ပွဲတွင် ထူးခြားသော ဘွဲ့အဆောင်အယောင်များ ပေးခဲ့သည့်သတင်းသည် အင်းဝမြို့တွင်း နေချင်းပင် ပျံ့နှံ့နေ၏။

ရှင်ဘုရင်အား ပန်းပုထုအတတ်ပညာသင်ပေးခဲ့သည့် စစ်ကိုင်းမှ ငပုလှကို မင်းစစ်နောင်ဘွဲ့၊ လောကမင်းဘွဲ့များနှင့်အတူ ရွှေညောင်ရွက်ဆွဲထီးနီ တစ်လက်ဆောင်းခွင့်ပေးခဲ့သည်။

 နန်းတွင်းဆိုင်းဝိုင်းမှ ပတ်မ တီးဆရာ ငထွေးကို ဘုရင်ထွေး အမည်ဖြင့် မင်းသားအဆောင်အယောင်၊ သုံးဆောင်တွဲအိမ်ဆောက်ခွင့်ပေးခဲ့သည်။

အဆိုပါအဆင့်အတန်းများမှာ တော်ဝင်မင်းမျိုးနွယ်များနှင့် ဝန်ကြီးအဆင့်များကိုသာ ပေးအပ်ရမြဲ ဖြစ်သော်လည်း သာမန်အရပ်သားအနုပညာရှင်များကို ချီးမြှင့်ခြင်းမှာ နန်းတွင်းလောကတွင် အထူးအဆန်းဖြစ်နေကြ၏။

နံနက်ပိုင်းတွင် နန်းတော်ဥကင်ဖွင့်ပွဲ ပြုလုပ်ပြီးနောက် ညနေပိုင်းတွင် တော်ဝင်မိသားစု၏ ဝါကျွတ်ကန်တော့လက်ဆောင်တော်ဆက်ပွဲ နှင့် ညပိုင်းသဘင် ကျင်းပသည်။

လွီဇာသည် ညသဘင်တွင် သေနုတော်ဆက်သသည့် အခမ်းအနားတွင် ဟံသာဝတီမှ ပါလာသော ဘရန်ဒီနှင့် ကော့ညက်များကို ဆက်သကာ အခစားဝင်ရသည်။

အောင်နန်းကျော်ဘုံနန်းတော်သို့ ဝင်ရာတွင် လွီဇာသည် အသည်အဆင့်အတန်းဖြစ်သဖြင့် အနောက်ဘက် မနော်ရမ္မာဥယျာဥ်တော်ပေါက်မှ ဝင်ရသည်။

အင်းဝခေတ်လူနေမှုစနစ်အရ နန်းတော်နှင့်ဆက်ဆံရာတွင် ပြည်သူများကို အစု ၊ အသည်၊ ကပ္ပါ၊ အလာ ဟု အဆင့်ခွဲခြားထားသည်။

အစုမှာ မင်းမှုထမ်းအစုဖြစ်သည်။ အသည်မှာ မင်းမှုထမ်းအစုတွင်မပါဝင်ပဲ နယ်မြေအတွင်း မျိုးရိုးစဥ်ဆက်မှီတင်းနေထိုင်သူ ကုန်သည်၊ စျေးသည်အုပ်စုများဖြစ်သည်။

အသည်များကို အသည်ဝန်က အုပ်ချုပ်သည်။

မင်းမှုထမ်းမဟုတ်ပဲ တပါးနယ်မှ လာရောက်အခြေစီးပွားရှာသူကို ကပ္ပါးအစုတွင် သတ်မှတ်သည်။

ကပ္ပါးအစုသားတွင် ပါဝင်သူ နှင့် အသည်အစုသားတွင် ပါဝင်သူတို့ အိမ်ထောင်ကျသဖြင့် မွေးလာသူကို အလာ အစုသားဟု သတ်မှတ်သည်။

အနောက်ဘက်လွန်မင်းနောက်ပိုင်း သာလွန်မင်းလက်ထက်တွင် ပေါ်တူဂီနှင့် ကသည်း သုံပန်းများကို ကျွန်အဖြစ်မှ လွတ်လပ်ခွင့်ပေးကာ မူးမြစ်ဝှမ်း ဒီပဲရင်း၊ ရေဦး၊ ချောင်းဦးနယ်များတွင် ရွာတည်ကာ နေထိုင်ခွင့်ပေးခဲ့သည်။

ထိုအချိန်မှစပြီး ပေါ်တူဂီများကို အသည်စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ညပွဲတော်တွင် ခစားရမည့် အသည်အုပ်စုကို အသည်ဝန်က ကြီးကြပ်ကာ ခေါ်ဆောင်လာခဲ့သည်။

နေလုံးကား နီညိုသွေးခဲ့ပြီ။

မနော်ရမ္မာန်ဥယျာဥ်အတွင်းသို့ ဝင်လာသည့် အသည်သားအုပ်စုမှာ ရေကန်ကြီးနှစ်ကန်အား အရင် ဖြတ်ကျော်ကြရသည်။

ရေကန်ပတ်ချာလည်တွင် သရဖီ၊ ပုန်းညက်၊ ချရား၊ ကံ့ကော် ပန်းများကို သူ့အစုနှင့်သူ စိုက်ပျိုးထားသည်။

ရေကန်နံရံများတွင် ကန္နရီ ၊ ကိန္နရာ၊ စာမရီ၊ ဟင်္သာပန်းပုရုပ်ကြွများကို ဆေးရောင်စုံခြယ်သထား၏။

အိန္ဒိယပြည်မှလာသော နှင်းဆီပန်းပွင့်ကြီးများကိုလည်း တွေ့ရသည်။

ရေကန်ကို ကျော်လွန်လာလျှင် သရက်၊ ပိန္နဲ၊ မာလကာ၊ သြဇာစသည့် အပင်များစွာကို တွေ့ရသည်။

အင်းဝမြေတွင် စိုက်ရခက်သည့် လိမ္မော်၊  ကမ္ဗလာပင်၊ တရုတ်ပြည်ဖြစ် သစ်ကြား၊ သစ်အယ်ပင်များကိုလည်း စဥ့်စိမ်း ၊စဥ့်ဝါအိုးကြီးများဖြင့် စိုက်ပျိုးထားသည်။

ရေကန်အတွင်းမှ ရေများသည် ယန္တယားများဖြင့်သွယ်တန်းကာ ကျောက်ဆစ်ခြင်္သေ့ရုပ်၊ ကျောက်ဆစ်ဆင်ရုပ်၊ ကျောက်ဆစ်မြင်းရုပ်တို့မှ ၏ ပါးစပ်များမှ ထွက်ကျလာပြီး ဥယျာဥ်တော်အတွင်း စမ်းချောင်းသဖွယ်ရစ်ခွေစီးဆင်းနေသည်။

သစ်ပင်များပေါ်တွင် လူများနှင့်ယဥ်ကျေးနေပြီဖြစ်သော ကြက်တော၊ ကျေးသန္တာ၊ သာလိကာများက လူစကားသံများပင် ပြောနေကြ၏။

တချက်ချက် ဖြတ်သွားဖြတ်လာတို့၏ ပုခုံးပေါ်တွင်ပင် လာနားကြသေးသည်။

ဥယျာဥ်တော်ကိုကျော်လွန်လာသည့်အခါ ဘုရင်နှင့် မိဖုရားများအနားယူသည့် ယွန်းဆက်ဆောင်၊ စကြောဆောင်များ အစီအရီတွေ့ရ၏။

“နန်းတော်လို့သာဆိုရတယ်..တောနက်ကြီးထဲက နတ်နန်းတွေဆီ သွားနေရသလိုပါပဲလား”

လွီဇာ၏ နဘေးမှ လမ်းလျှောက်လိုက်ပါလာသော နန်းတော်သို့ ဒူးရင်းသီးဆက်သရသည့် မွန်သူဌေးကြီးအဲလော က ပြောလိုက်သည်။

“ရှေ့မှာ ရွှေနန်းတော်ကို ဝင်ပြီ”

အသည်ဝန်၏ အသံသြသြကြီး ကြားသည်နှင့် အားလုံးသည် ဒူးထောက်လိုက်ကြသည်။

နန်းတော်မှန်ကင်းရှိရာသို့ ဝပ်တွားရှိခိုးကြပြီးနောက် နန်းတော်ဦးဗောင်းတော်ဆောင်ကို ဖြတ်ကျော်ကြသည်။

နန်းတော်ဦးဗောင်းတော်ဆောင်တွင် ရွှေနီဖလံဖြင့် ထုဆစ်ထားသော ဘေးလောင်းတောင်၊ ဘိုးလောင်းတော် မင်းမိဖုရားရုပ်ထုများကို ကန်တော့ကြရပြန်သည်။

“ဘုန်းတော်ကြီးဘုရားက သနားလွန်းလို့သာ နင်တို့ အသည်သားများ ရွှေထီးရွှေနန်း ကို ခြေချခွင့်ရတာဟဲ့.... ရတုန်းမှာ မင်းရုပ်ထုများကို ပူဇော်ထားကြ..ဒါမျိုးက ရခဲပါဘိခြင်း”

အသည်ဝန်ကြီးက ကွမ်းကို တအိအိဝါးရင်း ခပ်လေးလေးပြောနေသည်။

ညခင်းသဘင် ဆောင်တော်သို့ ဝင်ချေပြီ။ ညခင်းသဘင်အ‌ဆောင်တော်ကား ပန်းခုံတော်များတွင် အလှပန်းများစွာဖြင့် ဝေဆာနေပြီး နွယ်ပင်အစစ်များက နန်းပြဿာဒ်များတွင် ရစ်ခွေပြီး အလှဆင်ထားသည်။

နန်းကြမ်းပြင်တွင် ပါရှန်းပြည်ဖြစ် အမွှေးပွကောဇောကြီးများ အပြည့်ခင်းထား၏။

တူရိယာသံများနှင့် စကားသံများ ဆူညံနေသည်။

နန်းတွင်းသို့ အထူးကုန်တော်များဆက်သရသည့် လွီဇာအပါအဝင် အသည်သား (၈)ဦးမှာ ညသဘင် ဆောင်၏ အနောက်ဘက်မာရဘင်ကပ်လျက်တွင် ခစားကြရသည်။

မဟာဓမ္မရာဇာဓိပတိသည် ရွှေသားသလွန်ပေါ်တွင် ထိုင်လျက် ဘေးနားတွင် မိဖုရားခေါင်ကြီး မဟာဇနိန္ဒာဒေဝီက နေရာယူသည်။

မဟာဓမ္မရာဇာဓိပတိမှာ အသားအရည်ဝင်းဝင်းဝါဝါ၊ မျက်ဝန်းနက်နက်၊ နှုတ်ခမ်းနီတျာရဲဖြင့် အတော်ပင် ခန့်ညားနူးညံ့သောရုပ်ရည်ရှိသည်။

မိဖုရားခေါင်ကြီးမှာ နှာယောင်အနည်းငယ်ကောက်သော်လည်း  အသားညိုညို၊ ခန္ဓာကိုယ်တင်းတင်းရင်းရင်းဖြင့် အင်းဝသူတို့၏ အလှက ပေါ်လွင်သည်။

လင်ဇင်းမိဖုရားခေါ် တောင်ဆောင်တော်မိဖုရားမှာမူ လာအိုနှင့် ဗီယက်နမ်သွေးပါသဖြင့် အသားဖြူဖြူ၊ မျက်လုံးအနည်းငယ်ကျဥ်းကာ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးဖြစ်သည်။

ထို့နောက်တွင်တော့ မယ်တော်၊ အရီးတော်မင်းသမီးကြီးများ နေရာယူကြသည်။

ခဏကြာလျှင် စည်တော်သံ ခပ်ကျယ်ကျယ်ထွက်လာပြီး ခန်းမတစ်ခုလုံး ငြိမ်သက်သွား၏။

အခါတော်ပေး ဗြဟ္မဏပုဏ္ဏားက အချက်ပြလိုက်လျှင် သံတော်ဆင့်၏ အသံရှည်ကြီး ထွက်ပေါ်လာသည်။

“ကောင်းမြတ်သောမင်္ဂလာအခါ..ဝါကျွတ်ကန်တော့ပွဲဆင်ယင်အပြီး ရွှေနန်းစည်းစိမ်ရှင်နှင့် အပါးခစား မိဖုရား၊ မင်းသားများ၊ ဝန်သေနာပတိ၊ မူးကြီးမတ်ရာ၊ သူဌေး၊ သူကြွယ်၊ အသည်ခေါင်းအပေါင်းအား ယစ်ရွှေရည်တော်ဧည့်ခံတော်မူမည်..ပြည်သူလူတကာ သတ္တဝါအပေါင်းစီးပွားကို ဆောင်တော်မူနိုင်မည်။ အထူးထူးသော ယစ်မျိုးစားဖွယ်များ ရွှေဆက်တော်အောက် လျင်မြန်စွာရောက်ပေါတော့မည့်..ဘုရား”

သဘင်သည်အစုထံမှ တူရိယာသံများ ထွက်လာသည်။

နန်းတော်ထောင့်နေရာများမှ မင်းမှုထမ်းအမျိုးသမီးငယ်လေးများထွက်လာကြပြီး ဘီယာ၊ ဘရန်ဒီ၊ ကော့ညက် မှ အစပြုကာ ထန်းရည်၊ သေနုများအထိ စားပွဲများတွင် လိုက်ချကြ၏။

လွီဇာတို့ အသည်သားစုမှာ ဓနိဖြင့်လုပ်သောသေနု နှင့် ပုဇွန်ဆီထမင်း၊ ချိုးသားကြော်၊ ငါးပေါင်းတို့ ဖြင့် ဧည့်ဝတ်ပြုခံရသည်။

ဟံသာဝတီမှ လွီဇာယူလာသော ဘရန်ဒီနှင့် ကော့ညက်များမှာမူ မင်းနှင့် မူးမတ်များအတွက်ဖြစ်သည်။

ရှင်ဘုရင်မှ ဘရန်ဒီတစ်ခွက်ကို ငှဲ့ယူလိုက်ပြီးသည့်နောက်..လက်က ကိုင်ကာ မသောက်သေးပဲ နန်းဆောင်အဝသို့ ခေတ္တငေးကြည့်နေသည်။

ရှင်ဘုရင်မှ စတင်မသောက်သုံးသေးသဖြင့် ကျန်သူများအားလုံးမှာ သူတို့ရှေ့မှ ယမကာများကိုလက်ဖျားဖြင့်ပင် မထိဝံ့ကြချေ။

“သာသနာအရာတွင် မဟာဉာဏသာဂရသဒ္ဓမ္မရာဇဂုရု၊ ဗေဒင်ယတြာကျမ်းဂန်အရာတွင်..ငါသာထိပ်မိုးအခေါင်စိုး ဘွဲ့ခံ၊ နိုင်ငံပြည့်အမှုတွင် မတ်ကြီးကျော်ဟိုးမင်းခေါင်မိုး၊ သတိုင်းခေါင်မိုး၊ မဟာရတနာဇိနာဘိသေက အတုလစိန္တေယျလောကခေါင်မိုး တန်ခိုးတေဇာ ကြေညာသိမ်းယူ ဘုန်ညွှန့်လူဘွဲ့ခံ၊ သူရာဗျစ်ရည်  သောက်စားရာတွင် မဟာသမဏမင်းလှပျံချီဘွဲ့ရတော်မူသော သာသနာပိုင်ဆရာတော်ကြီး ကျေးဇူးတော်ရှင် ရွှေစေတီဆေးရေးကျောင်းဆရာတော် ရှင်ဉာဏသာရအား...ရွှေနန်းသခင်ဘုန်းတော်ရှင်မှ သေနုချိုများ ကပ်လှူရန်ပင့်ဖိတ်ထားသည်မှာ ကြွချီတော်မူလာပါပြီဖြစ်ပါကြောင်းလျှောက်ထားအပ်ပါသည်..ဘုရား”

သံတော်ဆင့်၏ အသံစွဲစွဲငင်ငင်အသံကို စိတ်မရှည်ဟန်ဖြင့် ရှင်ဘုရင်က မတ်တပ်ထရပ်လိုက်သည်။

နန်းဆောင်အဝဆီမှ ရွှေရောင်သင်္ကန်းဝတ်ရုံဖြင့်၊ ရွှေရောင်ဒေါက်ချာကြီးကို ဆောင်းကာ ဝင်လာသော သာသနာပိုင်ဆရာတော်ကို တွေ့လိုက်သည့်အခါ ရှင်ဘုရင်က ပြုံးလိုက်သည်။

ထို့နောက် သူထိုင်ခဲ့သော သလွန်ဘေးတွင် နောက်ထပ် ရွှေသလွန်တစ်ခုကို ထပ်မံပြင်ဆင်စေပြီး သာသနာပိုင်ဦးဉာဏသာရ အား နေရာချပေးသည်။

“ပြင်သစ်ပြည်က လာတဲ့ ကော့ညက် ဆိုတဲ့ သေနုပါ..ဘုရား..မြည်းစမ်းတော်မူပါဦး”

ရှင်ဘုရင်သည် သာသနာပိုင် တူယှဥ်တွဲထိုင်လျက် ကော့ညက်ခွက်ကို ကမ်းလေသည်။

သာသနာပိုင်ကြီး ကော့ညက်အရက်ကို နှာခေါင်းဝတွင် တေ့ကာ နမ်းလိုက်သည်။ထို့နောက် တစုံတစ်ရာ ရွတ်ဖတ်ကာ မော့ချလိုက်တော့၏။

လွီဇာမှာ ထိုမြင်ကွင်းကို တအံတသြငေးကြည့်နေသည်။

အင်းဝနေပြည်တော်တဝိုက်ရှိ ဗုဒ္ဓဘာသာရဟန်းတော်များအကြားတွင် ရဟန်းများ သေနုချိုရည်ကို သောက်အပ်၊ မသောက်အပ် ငြင်းခုန်နေကြသည့် ဘာသာရေးပြဿနာများကို သူကြားဖူးနားဝရှိနေသည်။

အင်းဝရွှေမြို့တော်မှ ကျောင်းတရာကျော်အောင်စံထားဆရာတော်က သေနုကို ရဟန်းတို့ သောက်အပ်ကြောင်း ကျန်းဂန်ဝိနည်းနှင့် ဆိုထားပြီး စစ်ကိုင်းရှင်သုဇာတာ ကမူ သေနုကို ရဟန်းတို့ မသုံးဆောင်အပ်ကြောင်း ကျမ်းဂန်အရ ပြန်ဆိုပြထားသည်။

သို့သော် သေနုသောက်သော ရဟန်းအများစုမှာ တောမှီရဟန်းအချို့သာဖြစ်ကြောင့် သူသိထားသည်။

ယခုတော့ နန်းတော်ဦးတွင် ရှင်ဘုရင်ကိုယ်တိုင်က သာသနာပိုင်ဆရာတော်ထံ အရက်ကပ်နေသည်ကို မြင်ရသောကြောင့် အံသြနေရခြင်းဖြစ်သည်။

ဘေးနားတွင်ထိုင်နေသော မွန်သူဌေးကြီးမှာလည်း မြင်ကွင်းကို ကြည့်ကာ မျက်နှာမသာမယာဖြင့်။

“ဟံသာဝတီက ရဟန်းတော်တွေဒါမျိုးမလုပ်ဘူး..ဟင်အင်း...အင်းဝက တကယ့်.ဝိနည်းလိုက်နာတဲ့ ရဟန်းတော်တွေလည်း ဒါမျိုး မလုပ်ကြပါဘူး..ဒါ ဗုဒ္ဓဘာသာကို ဖျက်နေကြတာ”

မွန်သူဌေးကြီးက နဘေးနားမှ ဘာသာခြားပေါ်တူဂီအမျိုးသမီး လွီဇာကြားအောင် တမင်ပြောခြင်းဖြစ်သည်။

ရှင်ဘုရင်နှင့် သာသနာပိုင်က အရက်ခွက်ကိုယ်စီကိုင်ကာ စကားဖောင်ဖွဲ့နေသည်။

ရှင်ဘုရင်၏ ဘယ်ဘက်ခြေ၇င်းတွင် ကော့ညက်ခွက်ကို ကိုင်ကာ ခစားနေသည့် ကိုးသိန်းသခင်ကို လည်းတွေ့ရသည်။

အစပိုင်းတွင် နန်းတော်ကြီးသည် ထီးဟန်နန်းဟန်ဖြင့် စတင်ခဲ့သော်လည်း သောက်သုံးကြသည့် အရက်တန်ခိုးများကြောင့် လွတ်လပ်စပြုလာပြီဖြစ်သည်။

မိဖုရားငယ်အချို့မှာ နန်းဆောင်အတွင်းသို့ ပြန်ဝင်သွားကြပြီဖြစ်သည်။

“ကောင်းလိုက်တဲ့...ဗျန်..ဒီဗျန် ကို ကျုပ်ရွှေနန်းကို အမြဲတမ်း သွင်းဆက်မယ်ဆိုတာ ဟုတ်သလား...ဘထွေးတော်”

ရှင်ဘုရင်အမေးကို ကိုးသိန်းသခင်က လက်အုပ်ချီလိုက်သည်။

“မှန်ပါ....ယခင်သေနတ်ဗိုလ်သမီး ဗရင်ဂျီမငယ် လွီဇာဒီမဲလိုးကိုယ်တိုင် ပြင်သစ်နိုင်ငံ ကုန်သည်များနှင့် စာချုပ်များ ချုပ်ကာ နန်းတော်သို့ သွင်းဆက်မှာပါ..ဘုရား”

“ကဲ ဘထွေး..အဲ့ဒီ ဗရင်ဂျီမ ကို အခစားသွင်းမယ်ဆို..သွင်းစေဗျာ..ဒင်းတော်လို့ ဒီလို အရသာရှိတာ သောက်ရတာ..ဆုတော်ချရမယ်”

ကိုးသိန်းသခင်က လက်အုပ်ချီလျက် နောက်ဆုတ်ထွက်လာကာ...အသည်သားစုဆီသို့ ဦးတည်လာတော့သည်။

“လွီဇာ..ရွှေနန်းရှင်ဆီ အခစားဝင်ရမယ်”

အနီးအနားတွင်ရှိသော ကုန်သည်များမှာ လွီဇာကို အားကျစွာ ကြည့်လိုက်ကြသည်။

“လုံမ..ကျုပ် ဒူးရင်းသီးတော်ဖိုးလေး ငွေစင် ၁ ပိဿာနန်းတော်က အကြွေးကျန်နေတာပါ..ဘုန်းတော်ကြီးဘုရားကို လျှောက်ပေးပါလေ”

မွန်သူဌေးကြီးက လွီဇာကို ကပ်ပြောလိုက်သည်။ လွီဇာက ပြုံးပြပြီး ရှင်ဘုရင်ရှိရာသို့ ခါးကို ကိုင်းလျက် လျှောက်သွား၏။

“ကိုယ်တော့်ကို မော်ဖူးစေ...ဘယ့်နှယ့်..အရက်ကောင်းတွေ ဆက်တတ်တဲ့ ကုန်သည်မငယ်..တော်လှချည့်”

မဟာဓမ္မရာဇာဓိပတိ၏ မျက်လုံးတို့က ရီဝေနေသည်။ နှစ်ခြိုက်စွာပြုံးနေသဖြင့် ဘယ်ဘက်ပါးမှ ပါးချိုင့်က အထင်သား။

ထူးထူးခြားခြား တနိုင်ငံလုံးမှ အထက်တန်းစားယောက်ျားများမှာ သွားဆေးမဲဆိုးကြသော်လည်း ရှင်ဘုရင်သည် သွားတို့ကို ဆေးမည်းဆိုးမထား။

“ဒီလိုမျိုး ဗျစ်နဲ့ ဗျန်တွေ မှန်မှန်သွင်းချေနော်ကွဲ့..အနောက်ဆောင်ကို အခါမရွေး ဝင်ထွက်ခစားစေ၊ စားတော်ကဲ တုရင်ဗလကို ပြောချေ..ဒီဗရင်ဂျီကုန်သည်မ တင်သွင်းတဲ့ ကုန်ဆိုရင်  ရွှေတိုက်က အကြွေးကျန်မရှိစေနဲ့.. ဒါမျိုးကိုတော့ အကြွေးထားမကောင်းဘူး”

“မှန်ပါ..ကျွန်တော်မျိုး ကြီးကြပ်ပေးပါ့မယ်”

ကိုးသိန်းသခင်က ဝင်လျှောက်သည်။

“ကဲ...နာမည်က ဘယ်လိုကွဲ့”

“လွီဇာဒီမဲလိုးပါ အရှင်ဘုရား”

“အေး..ဟုတ်ပြီ..လိုရာဆုတောင်း..ငါကိုယ်တော်ကို ပျော်စေလို့ ..ဒီဗျန်အရက်အတွက် မင်းကို ပေးမယ်.လိုရာတစ်ခုတောင်း.မယ်မင်း”

ရှင်ဘုရင်စကားကြောင့် လွီဇာ က ကိုးသိန်းသခင်ထံ လှမ်းကြည့်လိုက်သည်။

ကိုးသိန်းသခင်က ‌ခေါင်းညိတ်ပြလိုက်၏။

“ဟဲ့..တောင်းလေကွယ်..ရှင်ဘုရင်က ပေးတုန်း ယူရတယ်..ဆုဆိုတာ”

ရှင်ဘုရင်လေး၏ အသံက ပိုကျယ်လာသည်။

“ကျွန်တော်မျိုးမကို မြင်းစီးခွင့်ပေးပါ..ဘုရား”

“ဟေ”

မဟာဓမ္မရာဇာရော၊ ကိုးသိန်းသခင်ပါ မျက်လုံးပြူးသွားကြသည်။

“ဟား..ဟား..တယ်လာတဲ့ ဗရင်ဂျီမပဲ..ဟေ့..ဆရာတော်ဘုရား..ဘုရားဒကာမထဲ ဒီလို အာဂမိန်းမရှိလားဘုရား.”

ရှင်ဘုရင်က ဘေးနားတွင် သေယစ်နေသော သာသနာပိုင်ကို လှမ်းမေးလိုက်သည်။

သာသနာပိုင်ဆရာတော်က သဘောတကျပြုံးနေ၏။

“ကဲ...ပြည့်စေဗျာ..မနက်ဖြန် ဘထွေးတော် က မြင်းစီးဘွဲ့သူ့ကို ပေးပါချေ..ကျုပ်တံဆိပ်နှိပ်ပေးလိုက်မယ်..ကဲ..ဟုတ်ပြီ..ဟုတ်ပြီ..လွတ်လွတ်လပ်လပ်နေချေ”

ကိုးသိန်းသခင်က လွီဇာကို ပြန်သွားရန် အချက်ပြလိုက်သည်။

လွီဇာက လက်အုပ်ချီလျက် နောက်ဆုတ်ကာ အသည်စုနေရာသို့ ပြန်လာလိုက်သည်။

နန်းဆောင်၏ ထောင့်တစ်နေရာတွင် ဝန်အဆင့် ဝတ်စုံဝတ်ထားသည့် အာမေးနီးယန်းအမျိုးသားတစ်ဦးနှင့် စကားလက်ဆုံကျနေသော လော်တာဖုန်း ကို လွီဇာ သတိထားမိလိုက်သည်။

နန်းဆောင်တွင်းမှ ပွဲတော်မှာ ပိုမိုအရှိန်တက်လာပြီဖြစ်သည်။

အရက်ပုလင်းများ၊ အိုးများ တစ်အိုးပြီး တစ်အိုး အသစ်ရောက်လာကြသည်။

တူရိယာသံများမှာလည်း ပိုမိုမြူးကြွလာ၏။

ရှင်ဘုရင်နှင့် တကွ တခန်းမလုံး မူးနေကြပြီဖြစ်သည်။

သာသနာပိုင်ဆရာတော်မှာ လမ်းမလျှောက်နိုင်တော့သဖြင့် ဝေါယာဥ်ဖြင့် ကျောင်းသို့ ပြန်ပို့လိုက်ပြီဖြစ်သည်။

လွီဇာ သည် ဆူညံရှုပ်ထွေးနေသော နန်းဆောင်တွင်းမှ လူများကို ကြည့်ကာ စိတ်ရှုပ်လာ၏။

မာရဘင်ကန့်ထားသည့် နန်းဆောင်ကို ကျော်ကာ အပြင်ဘက် လေသာဆောင်တွင် မတ်တပ်သွားရပ်လျက် ဥယျာဥ်တော်ကို ငေးကြည့်နေသည်။

ထိုစဥ် ဥယျာဥ်တော်အနောက်ဖက်ထဲသို့ ယိုင်ထိယိုင်ထိုးဆင်းသွားသော လူရိပ်တစ်ခုကို တွေ့လိုက်သည်။

အမူးလွန်နေပုံရပြီး ရေကန်များရှိသည့်ဘက်ကို လမ်းလျှောက်သွား၏။

ပန်းခုံများတွင် ထွန်းထားသည့် ဆီမီးအလင်းရောင်မှ ထိုသူ၏ မျက်နှာကို လက်ခနဲ မြင်လိုက်ရသည်။

“လော်တာဖုန်း”

ဓနိအရက်အနည်းငယ်ကိုသောက်ထားသော လွီဇာ၏ သွေးတို့ ရုတ်တရက်ဆူပွက်သွားသည်။

နန်းဆောင်လှေကားမှ ဆင်းကာ လော်တာဖုန်းနောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်သွား၏။

လော်တာဖုန်းသည် နန်းတော်မှ တိုက်သည့် ဘရန်ဒီအရက်နှင့် ဘီယာအရက်များကို အလွန်အကျွံသောက်သုံးခဲ့သည်။

သူကြွယ်သားများအတွက် တည့်ခင်းသော ထောပတ်ထမင်း၊ ပုဇွန်ကင်၊ ငုံးကြော် တို့ကို စားပြီးသည့်နောက် ရုတ်တရက် အန်ချင်လာခဲ့သည်။

နန်းဆောင်အတွင်းအန်ပါက ရှင်ဘုရင်အပါအဝင် နန်းတွင်းထိပ်တန်းအရာရှိများ၊ သူဌေးသူကြွယ်များ ကြားတွင် သိက္ခာကျမည်ကို စိုးသည်။

ထို့ကြောင့် အန်ချရန် ဥယျာဥ်တော်တွင်းသို့ အပြေးအလွှားထွက်သွားခြင်းဖြစ်သည်။

အင်းဝမြို့တွင်း သွားလာလျှင် ကိုယ်ရံ‌တော်လူမိုက်များဖြင့် သွားလာတတ်သော လော်တာဖုန်းသည် နန်းတော်တွင်းသို့ ကိုယ်ရံတော်များခေါ်လာခွင့်မရ။

ထို့ပြင် သူအမြဲဆောင်တတ်သော ဆောင်ဓါးလည်း နန်းတွင်းသို့ ယူခွင့်မရှိ။

အောင်နန်းကျော်ဘုံနန်းသစ်မှာ ဥယျာဥ်လေးရပ်က ပတ်ချာလည်ဝိုင်းထားပြီး နန်းတော်တွင်းနှင့် ဥယျာက်တော်အပြင်တွင်သာ အစောင့်အနေများရှိကြသည်။

လော်တာဖုန်းက ရေမြောင်းဘောင်ပေါ်တွင် လက်ထောက်ကာ စိတ်ချလက်ချ အန်ချလိုက်၏။

“ဝေါ့”

သူ့နောက်ဘက် အမှောင်ထဲမှ အရိပ်တစ်ခု ထွက်လာသည်ကို သတိမထားမိ။

လွီဇာသည် နန်းတော်ပွဲတက်တွင် ခြုံရသည့် ခြုံပုဝါကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လော်တာဖုန်း၏ လည်ပင်းကို အနောက်ဖက်မှ သိုင်းချီလိုက်သည်။

ထို့နောက် အားကုန်ညှစ်လိုက်၏။

လော်တာဖုန်းမှာ အမူးလွန်နေသည့်အပြင် ခန္ဓာကိုယ်သေးကွေးသူဖြစ်သဖြင့် ရုတ်တရက်မို့ မည်သို့မျှ မတတ်နိုင်။

လွီဇာက အံကိုကြိတ်ကာ လက်မောင်းနှစ်ဖက်ကို အားကုန်တင်းထား၏။

လော်တာဖုန်း ထံမှ အစ်အစ် အသံများ ထွက်လာသည်။

ခြေထောက်ကို စုန်ကန်ရုန်းလိုက်သောကြောင့် လွီဇာက လော်တာဖုန်း၏ လည်ပင်းကို ပုဝါဖြင့် ဖိညှစ်လျက် ပက်လက်လဲကျသွား၏။


ခက်ဇော်



(Zawgyi)

AVA 1740s

                  အခန္း(၁၁)    

                                    ...............................................

၁၇၃၄ ၾသဂုတ္လ ၁၉ ရက္။

ကိုးသိန္းသခင္ထံမွ တဆင့္ ျပန္ၾကားစာ ဟံသာဝတီသို႔ ေရာက္ရွိလာခဲ့သည္။

နန္းတြင္းသုံးကုန္စည္တင္သြင္းမႈအတြက္ အခြန္ေတာ္တဝက္ေလ်ာ့ေကာက္ခံရန္ အင္းဝနန္းေတာ္ရွိ အေကာက္ဝန္၊ ၿဗဲတိုက္ဝန္တို႔ထံမွ သန္လ်င္ၿမိဳ႕ရွိ အခြန္ဝန္ ဦးကို ထံ သို႔ ေပးသည့္ အမိန႔္စာခြၽန္ပါ တစ္ပါးတည္း ပါလာခဲ့သည္။

ထိုအခါမွ လြီဇာသည္ အင္းဝနန္းတြင္းအတြက္ အထူးကုန္စည္မ်ားတင္သြင္းမည့္ ကုန္သည္တစ္ဦး ျဖစ္ေၾကာင္း ဟံသာဝတီႏွင့္ သံလ်င္ရွိ အုပ္ခ်ဳပ္ေရးအရာရွိမ်ားအသိုင္းအဝိုင္းတြင္ လူသိမ်ားသြားေတာ့သည္။

လြီဇာႏွင့္ ျပင္သစ္သေဘၤာက်င္းကိုယ္စားလွယ္တို႔အၾကား အရက္ဝယ္ယူမႈ စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ စရံေငြ ဂင္ဇာေငြ တစ္သိန္း ေပးခဲ့ရသည္။

မုတ္သုန္ကာလျဖစ္သျဖင့္ ဥေရာပမွ သေဘၤာမ်ား ဝင္ထြက္မႈ နည္းသျဖင့္ လြီဇာမွာလိုက္ေသာ ကုန္ပစၥည္းမ်ားမွာ မိုးကုန္ၿပီး စက္တင္ဘာလလယ္ေလာက္တြင္မွ သံလ်င္ဆိပ္ကမ္းသို႔ ေရာက္ရွိမည္ျဖစ္သည္။

လြီဇာ သည္ ျပင္သစ္ကိုယ္စားလွယ္ထံမွ ရရွိထားေသာ ဘရန္ဒီ၊ ေကာညက္မ်ားႏွင့္အတူ ဝါတြင္းကာလမကုန္မီ အင္းဝသို႔ ျပန္လာရန္ ကိုးသိန္းသခင္က ၫႊန္ၾကားလိုက္သည္။

သီတင္းကြၽတ္ပြဲေတာ္ႏွင့္အတူ အင္းဝ၏ နန္းေတာ္သစ္ႀကီးျဖစ္ေသာ ေအာင္နန္းေက်ာ္ဘုံနန္းေတာ္သစ္ ႀကီး၏ နန္းေတာ္ဥကင္ဖြင့္ပြဲကို က်င္းပမည္ျဖစ္သည္။

ထိုပြဲတြင္ လြီဇာ တင္သြင္းေသာ ယမကာမ်ားကို ရွင္ဘုရင္ႏွင့္တကြ နန္းတြင္းအရာရွိမ်ားအား တည့္ခင္းမည္ျဖစ္ၿပီး လြီဇာကိုယ္တိုင္ ရွင္ဘုရင္ေရွ႕ေတာ္သို႔ ဝင္ရမည္ျဖစ္သည္။

လြီဇာ၏ အင္းဝသို႔ အျပန္ခရီးတြင္ ဆင္ဝန္ဦးေအာင္လွ၏ ကေတာ္ ေဒၚအုံ ႏွင့္ ဖာသာဂါလစ္ဇီယာတို႔ အတူ လိုက္ပါခဲ့ၾကသည္။

ဆင္ဝန္ဦးေအာင္လွကေတာ္ေဒၚအုံ သည္  အင္းဝတြင္က်န္ရစ္ေသာ ေနအိမ္မွ ပစၥည္းမ်ားကို သိမ္းဆည္းရန္ႏွင့္ အင္းဝတြင္က်န္ရစ္ေသာ အေစခံမ်ားကို သြားေရာက္ေခၚယူရန္ျဖစ္သည္။

 ဖာသာဂါလစ္ဇီယာမွာ ဟံသာဝတီတြင္ ဗရင္ဂ်ီဘုရားေက်ာင္းသစ္တစ္ခု ဖြင့္လွစ္ႏိုင္ေရးကိစၥ ဟံသာဝတီၿမိဳ႕ဝန္ႏွင့္ မၿပီးျပတ္သျဖင့္ အင္းဝဘုရင္၏ နန္းေတာ္ဥကင္ဖြင့္ပြဲတြင္ ဂါရဝျပဳဝင္ေရာက္ကာ ကိုယ္တိုင္ေလွ်ာက္ထားမည္ျဖစ္သည္။

...................................................................................................................

အင္းဝသို႔ ေရလမ္းမွ ျပန္လာေသာ လြီဇာ ႏွင့္အဖြဲ႕မွာ စက္တင္ဘာ ၁ ရက္ေန႔တြင္ အင္းဝသို႔ ဆိုက္ေရာက္သည္။

မိုးႀကီးျခင္းေၾကာင့္ ဧရာဝတီျမစ္ေရမ်ားလွ်ံတက္ကာ အင္းဝနန္းၿမိဳ႕တြင္း၌ပင္ ေရက ဒူးေခါင္းခန႔္ ရွိေနသည္။

လြီဇာသည္ အင္းဝသို႔ေရာက္ေရာက္ျခင္းပင္ ကိုးသိန္းသခင္၏ အိမ္ေတာ္သို႔ အခစားဝင္ရသည္။

ယမကာမ်ားႏွင့္ လက္‌ေဆာင္ပစၥည္းမ်ားတင္လာေသာ လွည္းတစ္စီးတိုက္ကို ကိုးသိန္းသခင္က အိမ္လသာေဆာင္မွ ထြက္ၾကည့္ေနသည္။

“ခရီးက ပန္းလာတာဆိုေတာ့ နားနားေနေန ျပန္ေနပါဦး..မနက္ျဖန္က်မွ ကိုယ္ေတာ့္ ေမးစရာရွိတာ ေခၚေမးမယ္”

ကိုးသိန္းသခင္က လွမ္းေျပာလိုက္သသည္။

လြီဇာက ေအာက္ဘက္မွ လက္အုပ္ခ်ီလ်က္..

“အဆင္သင့္လိုက္ေလ..ဘုရား..ပစၥည္းေတြကိုေတာ့ အိမ္ေတာ္ဝန္းထဲမွာပဲ ထားခဲ့ပါရေစ.ကြၽန္ေတာ္မ ဧည့္သည့္ ဘုရင္ဂ်ီဘုန္းေတာ္ႀကီးလည္း ပါလာတာမို႔ သူတည္းခိုဖို႔ရာ အင္းဝဘုရင္ဂ်ီေက်ာင္းကို လိုက္ပို႔ရပါဦးမယ္..ခြင့္ျပဳပါဦး”

“ငတြန္..ဟဲ့...ငတြန္...ေနာက္က လွည္းယာဥ္ထုတ္ေခ်ကြယ္...ေရေတြက လည္း ႀကီးေနေတာ့ လွည္းနဲ႔ လိုက္ပို႔လိုက္”

ထိုအခါမွ အိမ္အေနာက္ဘက္တြင္ ရပ္ေနေသာ ငတြန္က ထြက္လာသည္။

ခါးေတာင္းကို ေျမႇာက္ေနေအာင္ က်ိဳက္ထားသျဖင့္ ေပါင္မွ မင္ေသ့ထိုးကြင္းမ်ားက ႂကြ႐ြေန၏။

လြီဇာက ငတြန႔္ကို ၿပဳံးျပလိုက္သည္။

ငတြန႔္က ႏႈတ္ခမ္းကို တခ်က္သာတြန႔္ျပၿပီး မ်က္ႏွာလႊဲသြား၏။

ထို႔ေနာက္ ေရစပ္စပ္ထဲတြင္ ႏြားႏွစ္ေကာင္ကို ဆြဲကာ လွည္းတြင္ တပ္လိုက္သည္။

“ဘုရင္ဂ်ီဘုန္းႀကီးပါေသးတယ္ဆို..ေခၚလိုက္ေလ”

အိမ္ေရွ႕တံခါးဝတြင္ ရပ္ေနေသာ ဖာသာဂါလစ္ဇီယာကို လြီဇာက လွမ္းေခၚလိုက္သည္။

လွည္းေပၚသို႔ လြီဇာက မနည္းတက္ေနခ်ိန္တြင္ ငတြန္က တခ်က္မွ လွည့္မၾကည္ပဲ..ေရွ႕မွ ႏြားမ်ားကိုသာ စိုက္ၾကည့္ေန၏။

ဖာလာဂါလီဇီယာက ကူေပးမွသာ လြီဇာ လွည္းေပၚ‌‌ေရာက္သြားသည္။

“အင္းဝလည္း မိုးတြင္းဆို ေရႀကီးတာပဲ”

ဖာသာဂါလစ္ဇီယာက လွည္းေပၚတြင္ တိတ္ဆိတ္ေနၾကေသာ အေျခအေနကို ၿဖိဳခြင္းလိုက္သည္။

“အင္း..ဟုတ္တယ္..ဒါနဲ႔...ေရႀကီးတာ ၾကာၿပီလားဟင္..ေမာင္ႀကီးငတြန္”

လြီဇာက မေခၚစဖူး ေမာင္ႀကီးငတြန္ဟု ေခၚလိုက္သျဖင့္ ငတြန္မွာ ဆတ္ခနဲျဖစ္သြားသည္။

သို႔ေသာ္... “အင္း” တစ္လုံး သာ ျပန္ေျဖသည္။

“ရွင္ဘာျဖစ္ေနတာလဲ....ကြၽန္မကို တစ္ခါမွ မသိခဲ့ဖူးသူတစ္ေယာက္လို ေနေနပါလား”

လြီဇာက ငတြန္၏ ေက်ာကုန္းကို ပုတ္ကာ ေျပာလိုက္သည္။

“ဘာမွမျဖစ္ပါဘူး..လြီဇာ... ဒါနဲ႔..အခု..ဗရင္ဂ်ီတန္းက ဘုရားေက်ာင္းကို သြားမွာမို႔လား”

“ဟုတ္တယ္..ဒီက ဖာသာက ဖာသာမန္းဒက္ဇ္သူငယ္ခ်င္းေလ...သူ အဲ့ဒီမွာ တည္းမွာ”

“ဟူး”

ငတြန္၏ သက္ျပင္းခ်သံက က်ယ္ေလာင္လွသည္။

“ဘာျဖစ္ေနတာလဲ...ရွင္ တစ္ခုခုျဖစ္ေနတယ္”

“ခင္ႀကီးမင္းဒန္ မရွိေတာ့ဘူး..လြီဇာ”

“ဟင္..ဘာ..ဖာသာမန္းဒက္ဇ္ ဘာျဖစ္တယ္”

“ဟုတ္တယ္..မင္းမရွိတဲ့အခ်ိန္မွာ သူ အသတ္ခံလိုက္ရတယ္”
“ဘာ..ဘယ္သူ သတ္တာလဲ”

“အဲ့ဒီညက ဘုရားရွိခိုးေက်ာင္းကို ဓါးျပဝင္တိုက္တယ္..ဘုရားေက်ာင္းထဲမွာ ခင္ႀကီးမင္းဒန္ နဲ႔အတူ ခင္ႀကီးဂိုးမက္စ္လည္း ရွိေနတယ္..အဲ့ဒီမွာ ခင္ႀကီးမင္းဒန္ကို သူတို႔ သတ္သြားၾကတယ္”

“ဘယ္တုန္းက ျဖစ္တာလဲ”

“ခင္ဗ်ား..ဟံသာဝတီကို သြားၿပီး ႏွစ္ရက္အၾကာပဲ”

“ဒါျဖင့္ ကြၽန္မကို ဘာလို႔ အေၾကာင္းမၾကားၾကတာလဲ”

“မင္း..စိတ္ပူၿပီး အင္းဝကို ျပန္လာဖို႔လုပ္ရင္...လုပ္လက္စ အလုပ္ေတြ ပ်က္သြားမွာစိုးလို႔ .. ကိုးသိန္းသခင္က အေၾကာင္းမၾကားခိုင္းတာ”

“အဲ့ဒီ ဓါးျပေတြကို မိလား”

“မမိဘူး.ၿမိဳ႕ဝန္႐ုံးကိုေတာ့ တိုင္ထားတာပဲ....အင္း..ထူးဆန္းတာတခုက.. ဓါးျပတိုက္တယ္သာေျပာတာ သူတို႔ဘာမွ မယူသြားဘူး၊ သူတို႔က ခင္ဗ်ား ဒီဘုရားေက်ာင္းထဲ မွာ ပုန္းေနသလား၊ ဘယ္ေပ်ာက္ေနလဲဆိုၿပီး ေမးၾကသတဲ့..ေနာက္ဆုံး ဘာမွမသိဘူးလို႔ေျပာေနတဲ့ ခင္ႀကီးမင္းဒန္ကို ဘုရားေက်ာင္းက မယ္ေတာ္မာရီေက်ာက္႐ုပ္ထုနဲ႔ ေခါင္းကို ထု သတ္သြားတယ္...အဲ့ဒီအခ်ိန္ ဘုရားေက်ာင္းကို လူေတြေရာက္လာလို႔ ခင္ႀကီးဂိုးမက္စ္ကေတာ့ အသတ္ခံရမယ့္ေဘးက လြတ္သြားေလရဲ႕”

ငတြန္က ေနာက္သို႔ လွည့္မၾကည့္ပဲ စကားကို တရစပ္ေျပာေနသည္။

ဖာသာဂါလစ္ဇီယာ မွာ ၾကားလိုက္ရသည့္သတင္းစကားေၾကာင့္ လြီဇာ၏ လက္ကို ဆုပ္ကိုင္ကာ အားေပးေန၏။

လြီဇာထံမွ မည္သည့္ တုန္ျပန႔္မႈမွ ျပန္မလာ။ အသက္ (၁၅)ႏွစ္အ႐ြယ္တြင္ မိဘမ်ားဆုံးပါးသြားၿပီးကတည္းက ဖာသာမန္းဒက္ဇ္ ႏွင့္ ဘုရားေက်ာင္းမွ လြီဇာ၏ ဖခင္ထားခဲ့ေသာ အေမြပစၥည္းမ်ားကို ေစာင့္ေရွာက္ေပးခဲ့ၾကသည္။

ဖာသာမန္းဒက္ဇ္သည္ လြီဇာ အား သမီးလိုပင္ သေဘာထားခဲ့၏။

ထို႔ျပင္ လြီဇာ၏ အဘြားျဖစ္ေသာ မက္ဂ္ဒါလီနာ ယုံၾကည္သကဲ့သို႔ လြီဇာသည္ ေပၚတူဂီမ်ိဳးဆက္မ်ားအား ေပၚတူဂီေျမသို႔ ျပန္ေခၚသြားေပးႏိုင္လိမ့္မည္ဟု ယုံၾကည္ခဲ့သူျဖစ္သည္။

ထို႔ေၾကာင့္ ဂိုအာရွိ ေပၚတူဂီဘုရင္ခံႏွင့္ အဆက္အသြယ္ရရွိရန္ လြီဇာ သံလ်င္သို႔ သြားေသာခရီးတြင္ ဖာသာဂါလစ္ဇီယာထံ စာေရးအကူအညီေတာင္းလိုက္ျခင္းျဖစ္၏။

ငတြန္က လွည္းေမာင္းေနရင္းမွ ေနာက္သို႔ လွည့္လိုက္သည္။

“မင္း..အဆင္ေျပရဲ႕လား..လြီဇာ”

“ေလာ္တာဖုန္း....သူဘယ္မွာရွိမလဲ..ရွင္သိလား..ကိုတြန္”

နီးကပ္လာၿပီျဖစ္ေသာ ဗရင္ဂ်ီဘုရားေက်ာင္းထံမွ တနဂၤေႏြနံနက္ ဝတ္ျပဳရန္ ေခါင္းေလာင္းသံ သဲ့သဲ့ ၾကားလိုက္ရသည္။

.........................................................................................................................

ေအာက္တိုဘာလ။

မိုးေလကင္းလြတ္ခဲ့ၿပီ။

အင္းဝၿမိဳ႕ေလးဖက္ေလးတန္ရွိ ဘုရားေစတီမ်ားတြင္ ဆီမီးျမင္းမိုရ္မ်ား ထိန္ထိန္ညီးေနသည္။

နံနက္ခင္းက ေအာင္နန္းဘုံေက်ာ္နန္းေတာ္ဥကင္ဖြင့္ပြဲသည္ ေအာင္ျမင္စြာၿပီးဆုံးခဲ့ေပ၏။

မဟာဓမၼရာဇာဓိပတိသည္ နန္းေတာ္ဥကင္ဖြင့္ပြဲတြင္ ထူးျခားေသာ ဘြဲ႕အေဆာင္အေယာင္မ်ား ေပးခဲ့သည့္သတင္းသည္ အင္းဝၿမိဳ႕တြင္း ေနခ်င္းပင္ ပ်ံ႕ႏွံ႔ေန၏။

ရွင္ဘုရင္အား ပန္းပုထုအတတ္ပညာသင္ေပးခဲ့သည့္ စစ္ကိုင္းမွ ငပုလွကို မင္းစစ္ေနာင္ဘြဲ႕၊ ေလာကမင္းဘြဲ႕မ်ားႏွင့္အတူ ေ႐ႊေညာင္႐ြက္ဆြဲထီးနီ တစ္လက္ေဆာင္းခြင့္ေပးခဲ့သည္။

 နန္းတြင္းဆိုင္းဝိုင္းမွ ပတ္မ တီးဆရာ ငေထြးကို ဘုရင္ေထြး အမည္ျဖင့္ မင္းသားအေဆာင္အေယာင္၊ သုံးေဆာင္တြဲအိမ္ေဆာက္ခြင့္ေပးခဲ့သည္။

အဆိုပါအဆင့္အတန္းမ်ားမွာ ေတာ္ဝင္မင္းမ်ိဳးႏြယ္မ်ားႏွင့္ ဝန္ႀကီးအဆင့္မ်ားကိုသာ ေပးအပ္ရၿမဲ ျဖစ္ေသာ္လည္း သာမန္အရပ္သားအႏုပညာရွင္မ်ားကို ခ်ီးျမႇင့္ျခင္းမွာ နန္းတြင္းေလာကတြင္ အထူးအဆန္းျဖစ္ေနၾက၏။

နံနက္ပိုင္းတြင္ နန္းေတာ္ဥကင္ဖြင့္ပြဲ ျပဳလုပ္ၿပီးေနာက္ ညေနပိုင္းတြင္ ေတာ္ဝင္မိသားစု၏ ဝါကြၽတ္ကန္ေတာ့လက္ေဆာင္ေတာ္ဆက္ပြဲ ႏွင့္ ညပိုင္းသဘင္ က်င္းပသည္။

လြီဇာသည္ ညသဘင္တြင္ ေသႏုေတာ္ဆက္သသည့္ အခမ္းအနားတြင္ ဟံသာဝတီမွ ပါလာေသာ ဘရန္ဒီႏွင့္ ေကာ့ညက္မ်ားကို ဆက္သကာ အခစားဝင္ရသည္။

ေအာင္နန္းေက်ာ္ဘုံနန္းေတာ္သို႔ ဝင္ရာတြင္ လြီဇာသည္ အသည္အဆင့္အတန္းျဖစ္သျဖင့္ အေနာက္ဘက္ မေနာ္ရမၼာဥယ်ာဥ္ေတာ္ေပါက္မွ ဝင္ရသည္။

အင္းဝေခတ္လူေနမႈစနစ္အရ နန္းေတာ္ႏွင့္ဆက္ဆံရာတြင္ ျပည္သူမ်ားကို အစု ၊ အသည္၊ ကပၸါ၊ အလာ ဟု အဆင့္ခြဲျခားထားသည္။

အစုမွာ မင္းမႈထမ္းအစုျဖစ္သည္။ အသည္မွာ မင္းမႈထမ္းအစုတြင္မပါဝင္ပဲ နယ္ေျမအတြင္း မ်ိဳး႐ိုးစဥ္ဆက္မွီတင္းေနထိုင္သူ ကုန္သည္၊ ေစ်းသည္အုပ္စုမ်ားျဖစ္သည္။

အသည္မ်ားကို အသည္ဝန္က အုပ္ခ်ဳပ္သည္။

မင္းမႈထမ္းမဟုတ္ပဲ တပါးနယ္မွ လာေရာက္အေျခစီးပြားရွာသူကို ကပၸါးအစုတြင္ သတ္မွတ္သည္။

ကပၸါးအစုသားတြင္ ပါဝင္သူ ႏွင့္ အသည္အစုသားတြင္ ပါဝင္သူတို႔ အိမ္ေထာင္က်သျဖင့္ ေမြးလာသူကို အလာ အစုသားဟု သတ္မွတ္သည္။

အေနာက္ဘက္လြန္မင္းေနာက္ပိုင္း သာလြန္မင္းလက္ထက္တြင္ ေပၚတူဂီႏွင့္ ကသည္း သုံပန္းမ်ားကို ကြၽန္အျဖစ္မွ လြတ္လပ္ခြင့္ေပးကာ မူးျမစ္ဝွမ္း ဒီပဲရင္း၊ ေရဦး၊ ေခ်ာင္းဦးနယ္မ်ားတြင္ ႐ြာတည္ကာ ေနထိုင္ခြင့္ေပးခဲ့သည္။

ထိုအခ်ိန္မွစၿပီး ေပၚတူဂီမ်ားကို အသည္စာရင္းတြင္ ထည့္သြင္းလိုက္ျခင္းျဖစ္သည္။

ညပြဲေတာ္တြင္ ခစားရမည့္ အသည္အုပ္စုကို အသည္ဝန္က ႀကီးၾကပ္ကာ ေခၚေဆာင္လာခဲ့သည္။

ေနလုံးကား နီညိဳေသြးခဲ့ၿပီ။

မေနာ္ရမၼာန္ဥယ်ာဥ္အတြင္းသို႔ ဝင္လာသည့္ အသည္သားအုပ္စုမွာ ေရကန္ႀကီးႏွစ္ကန္အား အရင္ ျဖတ္ေက်ာ္ၾကရသည္။

ေရကန္ပတ္ခ်ာလည္တြင္ သရဖီ၊ ပုန္းညက္၊ ခ်ရား၊ ကံ့ေကာ္ ပန္းမ်ားကို သူ႔အစုႏွင့္သူ စိုက္ပ်ိဳးထားသည္။

ေရကန္နံရံမ်ားတြင္ ကႏၷရီ ၊ ကိႏၷရာ၊ စာမရီ၊ ဟသၤာပန္းပု႐ုပ္ႂကြမ်ားကို ေဆးေရာင္စုံျခယ္သထား၏။

အိႏၵိယျပည္မွလာေသာ ႏွင္းဆီပန္းပြင့္ႀကီးမ်ားကိုလည္း ေတြ႕ရသည္။

ေရကန္ကို ေက်ာ္လြန္လာလွ်င္ သရက္၊ ပိႏၷဲ၊ မာလကာ၊ ၾသဇာစသည့္ အပင္မ်ားစြာကို ေတြ႕ရသည္။

အင္းဝေျမတြင္ စိုက္ရခက္သည့္ လိေမၼာ္၊  ကမၺလာပင္၊ တ႐ုတ္ျပည္ျဖစ္ သစ္ၾကား၊ သစ္အယ္ပင္မ်ားကိုလည္း စဥ့္စိမ္း ၊စဥ့္ဝါအိုးႀကီးမ်ားျဖင့္ စိုက္ပ်ိဳးထားသည္။

ေရကန္အတြင္းမွ ေရမ်ားသည္ ယႏၲယားမ်ားျဖင့္သြယ္တန္းကာ ေက်ာက္ဆစ္ျခေသၤ့႐ုပ္၊ ေက်ာက္ဆစ္ဆင္႐ုပ္၊ ေက်ာက္ဆစ္ျမင္း႐ုပ္တို႔မွ ၏ ပါးစပ္မ်ားမွ ထြက္က်လာၿပီး ဥယ်ာဥ္ေတာ္အတြင္း စမ္းေခ်ာင္းသဖြယ္ရစ္ေခြစီးဆင္းေနသည္။

သစ္ပင္မ်ားေပၚတြင္ လူမ်ားႏွင့္ယဥ္ေက်းေနၿပီျဖစ္ေသာ ၾကက္ေတာ၊ ေက်းသႏၲာ၊ သာလိကာမ်ားက လူစကားသံမ်ားပင္ ေျပာေနၾက၏။

တခ်က္ခ်က္ ျဖတ္သြားျဖတ္လာတို႔၏ ပုခုံးေပၚတြင္ပင္ လာနားၾကေသးသည္။

ဥယ်ာဥ္ေတာ္ကိုေက်ာ္လြန္လာသည့္အခါ ဘုရင္ႏွင့္ မိဖုရားမ်ားအနားယူသည့္ ယြန္းဆက္ေဆာင္၊ စေၾကာေဆာင္မ်ား အစီအရီေတြ႕ရ၏။

“နန္းေတာ္လို႔သာဆိုရတယ္..ေတာနက္ႀကီးထဲက နတ္နန္းေတြဆီ သြားေနရသလိုပါပဲလား”

လြီဇာ၏ နေဘးမွ လမ္းေလွ်ာက္လိုက္ပါလာေသာ နန္းေတာ္သို႔ ဒူးရင္းသီးဆက္သရသည့္ မြန္သူေဌးႀကီးအဲေလာ က ေျပာလိုက္သည္။

“ေရွ႕မွာ ေ႐ႊနန္းေတာ္ကို ဝင္ၿပီ”

အသည္ဝန္၏ အသံၾသၾသႀကီး ၾကားသည္ႏွင့္ အားလုံးသည္ ဒူးေထာက္လိုက္ၾကသည္။

နန္းေတာ္မွန္ကင္းရွိရာသို႔ ဝပ္တြားရွိခိုးၾကၿပီးေနာက္ နန္းေတာ္ဦးေဗာင္းေတာ္ေဆာင္ကို ျဖတ္ေက်ာ္ၾကသည္။

နန္းေတာ္ဦးေဗာင္းေတာ္ေဆာင္တြင္ ေ႐ႊနီဖလံျဖင့္ ထုဆစ္ထားေသာ ေဘးေလာင္းေတာင္၊ ဘိုးေလာင္းေတာ္ မင္းမိဖုရား႐ုပ္ထုမ်ားကို ကန္ေတာ့ၾကရျပန္သည္။

“ဘုန္းေတာ္ႀကီးဘုရားက သနားလြန္းလို႔သာ နင္တို႔ အသည္သားမ်ား ေ႐ႊထီးေ႐ႊနန္း ကို ေျခခ်ခြင့္ရတာဟဲ့.... ရတုန္းမွာ မင္း႐ုပ္ထုမ်ားကို ပူေဇာ္ထားၾက..ဒါမ်ိဳးက ရခဲပါဘိျခင္း”

အသည္ဝန္ႀကီးက ကြမ္းကို တအိအိဝါးရင္း ခပ္ေလးေလးေျပာေနသည္။

ညခင္းသဘင္ ေဆာင္ေတာ္သို႔ ဝင္ေခ်ၿပီ။ ညခင္းသဘင္အ‌ေဆာင္ေတာ္ကား ပန္းခုံေတာ္မ်ားတြင္ အလွပန္းမ်ားစြာျဖင့္ ေဝဆာေနၿပီး ႏြယ္ပင္အစစ္မ်ားက နန္းျပႆာဒ္မ်ားတြင္ ရစ္ေခြၿပီး အလွဆင္ထားသည္။

နန္းၾကမ္းျပင္တြင္ ပါရွန္းျပည္ျဖစ္ အေမႊးပြေကာေဇာႀကီးမ်ား အျပည့္ခင္းထား၏။

တူရိယာသံမ်ားႏွင့္ စကားသံမ်ား ဆူညံေနသည္။

နန္းတြင္းသို႔ အထူးကုန္ေတာ္မ်ားဆက္သရသည့္ လြီဇာအပါအဝင္ အသည္သား (၈)ဦးမွာ ညသဘင္ ေဆာင္၏ အေနာက္ဘက္မာရဘင္ကပ္လ်က္တြင္ ခစားၾကရသည္။

မဟာဓမၼရာဇာဓိပတိသည္ ေ႐ႊသားသလြန္ေပၚတြင္ ထိုင္လ်က္ ေဘးနားတြင္ မိဖုရားေခါင္ႀကီး မဟာဇနိႏၵာေဒဝီက ေနရာယူသည္။

မဟာဓမၼရာဇာဓိပတိမွာ အသားအရည္ဝင္းဝင္းဝါဝါ၊ မ်က္ဝန္းနက္နက္၊ ႏႈတ္ခမ္းနီတ်ာရဲျဖင့္ အေတာ္ပင္ ခန႔္ညားႏူးညံ့ေသာ႐ုပ္ရည္ရွိသည္။

မိဖုရားေခါင္ႀကီးမွာ ႏွာေယာင္အနည္းငယ္ေကာက္ေသာ္လည္း  အသားညိဳညိဳ၊ ခႏၶာကိုယ္တင္းတင္းရင္းရင္းျဖင့္ အင္းဝသူတို႔၏ အလွက ေပၚလြင္သည္။

လင္ဇင္းမိဖုရားေခၚ ေတာင္ေဆာင္ေတာ္မိဖုရားမွာမူ လာအိုႏွင့္ ဗီယက္နမ္ေသြးပါသျဖင့္ အသားျဖဴျဖဴ၊ မ်က္လုံးအနည္းငယ္က်ဥ္းကာ ခႏၶာကိုယ္ပိန္ပိန္ပါးပါးျဖစ္သည္။

ထို႔ေနာက္တြင္ေတာ့ မယ္ေတာ္၊ အရီးေတာ္မင္းသမီးႀကီးမ်ား ေနရာယူၾကသည္။

ခဏၾကာလွ်င္ စည္ေတာ္သံ ခပ္က်ယ္က်ယ္ထြက္လာၿပီး ခန္းမတစ္ခုလုံး ၿငိမ္သက္သြား၏။

အခါေတာ္ေပး ျဗဟၼဏပုဏၰားက အခ်က္ျပလိုက္လွ်င္ သံေတာ္ဆင့္၏ အသံရွည္ႀကီး ထြက္ေပၚလာသည္။

“ေကာင္းျမတ္ေသာမဂၤလာအခါ..ဝါကြၽတ္ကန္ေတာ့ပြဲဆင္ယင္အၿပီး ေ႐ႊနန္းစည္းစိမ္ရွင္ႏွင့္ အပါးခစား မိဖုရား၊ မင္းသားမ်ား၊ ဝန္ေသနာပတိ၊ မူးႀကီးမတ္ရာ၊ သူေဌး၊ သူႂကြယ္၊ အသည္ေခါင္းအေပါင္းအား ယစ္ေ႐ႊရည္ေတာ္ဧည့္ခံေတာ္မူမည္..ျပည္သူလူတကာ သတၱဝါအေပါင္းစီးပြားကို ေဆာင္ေတာ္မူႏိုင္မည္။ အထူးထူးေသာ ယစ္မ်ိဳးစားဖြယ္မ်ား ေ႐ႊဆက္ေတာ္ေအာက္ လ်င္ျမန္စြာေရာက္ေပါေတာ့မည့္..ဘုရား”

သဘင္သည္အစုထံမွ တူရိယာသံမ်ား ထြက္လာသည္။

နန္းေတာ္ေထာင့္ေနရာမ်ားမွ မင္းမႈထမ္းအမ်ိဳးသမီးငယ္ေလးမ်ားထြက္လာၾကၿပီး ဘီယာ၊ ဘရန္ဒီ၊ ေကာ့ညက္ မွ အစျပဳကာ ထန္းရည္၊ ေသႏုမ်ားအထိ စားပြဲမ်ားတြင္ လိုက္ခ်ၾက၏။

လြီဇာတို႔ အသည္သားစုမွာ ဓနိျဖင့္လုပ္ေသာေသႏု ႏွင့္ ပုဇြန္ဆီထမင္း၊ ခ်ိဳးသားေၾကာ္၊ ငါးေပါင္းတို႔ ျဖင့္ ဧည့္ဝတ္ျပဳခံရသည္။

ဟံသာဝတီမွ လြီဇာယူလာေသာ ဘရန္ဒီႏွင့္ ေကာ့ညက္မ်ားမွာမူ မင္းႏွင့္ မူးမတ္မ်ားအတြက္ျဖစ္သည္။

ရွင္ဘုရင္မွ ဘရန္ဒီတစ္ခြက္ကို ငွဲ႔ယူလိုက္ၿပီးသည့္ေနာက္..လက္က ကိုင္ကာ မေသာက္ေသးပဲ နန္းေဆာင္အဝသို႔ ေခတၱေငးၾကည့္ေနသည္။

ရွင္ဘုရင္မွ စတင္မေသာက္သုံးေသးသျဖင့္ က်န္သူမ်ားအားလုံးမွာ သူတို႔ေရွ႕မွ ယမကာမ်ားကိုလက္ဖ်ားျဖင့္ပင္ မထိဝံ့ၾကေခ်။

“သာသနာအရာတြင္ မဟာဉာဏသာဂရသဒၶမၼရာဇဂု႐ု၊ ေဗဒင္ယၾတာက်မ္းဂန္အရာတြင္..ငါသာထိပ္မိုးအေခါင္စိုး ဘြဲ႕ခံ၊ ႏိုင္ငံျပည့္အမႈတြင္ မတ္ႀကီးေက်ာ္ဟိုးမင္းေခါင္မိုး၊ သတိုင္းေခါင္မိုး၊ မဟာရတနာဇိနာဘိေသက အတုလစိေႏၲယ်ေလာကေခါင္မိုး တန္ခိုးေတဇာ ေၾကညာသိမ္းယူ ဘုန္ၫႊန႔္လူဘြဲ႕ခံ၊ သူရာဗ်စ္ရည္  ေသာက္စားရာတြင္ မဟာသမဏမင္းလွပ်ံခ်ီဘြဲ႕ရေတာ္မူေသာ သာသနာပိုင္ဆရာေတာ္ႀကီး ေက်းဇူးေတာ္ရွင္ ေ႐ႊေစတီေဆးေရးေက်ာင္းဆရာေတာ္ ရွင္ဉာဏသာရအား...ေ႐ႊနန္းသခင္ဘုန္းေတာ္ရွင္မွ ေသႏုခ်ိဳမ်ား ကပ္လႉရန္ပင့္ဖိတ္ထားသည္မွာ ႂကြခ်ီေတာ္မူလာပါၿပီျဖစ္ပါေၾကာင္းေလွ်ာက္ထားအပ္ပါသည္..ဘုရား”

သံေတာ္ဆင့္၏ အသံစြဲစြဲငင္ငင္အသံကို စိတ္မရွည္ဟန္ျဖင့္ ရွင္ဘုရင္က မတ္တပ္ထရပ္လိုက္သည္။

နန္းေဆာင္အဝဆီမွ ေ႐ႊေရာင္သကၤန္းဝတ္႐ုံျဖင့္၊ ေ႐ႊေရာင္ေဒါက္ခ်ာႀကီးကို ေဆာင္းကာ ဝင္လာေသာ သာသနာပိုင္ဆရာေတာ္ကို ေတြ႕လိုက္သည့္အခါ ရွင္ဘုရင္က ၿပဳံးလိုက္သည္။

ထို႔ေနာက္ သူထိုင္ခဲ့ေသာ သလြန္ေဘးတြင္ ေနာက္ထပ္ ေ႐ႊသလြန္တစ္ခုကို ထပ္မံျပင္ဆင္ေစၿပီး သာသနာပိုင္ဦးဉာဏသာရ အား ေနရာခ်ေပးသည္။

“ျပင္သစ္ျပည္က လာတဲ့ ေကာ့ညက္ ဆိုတဲ့ ေသႏုပါ..ဘုရား..ျမည္းစမ္းေတာ္မူပါဦး”

ရွင္ဘုရင္သည္ သာသနာပိုင္ တူယွဥ္တြဲထိုင္လ်က္ ေကာ့ညက္ခြက္ကို ကမ္းေလသည္။

သာသနာပိုင္ႀကီး ေကာ့ညက္အရက္ကို ႏွာေခါင္းဝတြင္ ေတ့ကာ နမ္းလိုက္သည္။ထို႔ေနာက္ တစုံတစ္ရာ ႐ြတ္ဖတ္ကာ ေမာ့ခ်လိုက္ေတာ့၏။

လြီဇာမွာ ထိုျမင္ကြင္းကို တအံတၾသေငးၾကည့္ေနသည္။

အင္းဝေနျပည္ေတာ္တဝိုက္ရွိ ဗုဒၶဘာသာရဟန္းေတာ္မ်ားအၾကားတြင္ ရဟန္းမ်ား ေသႏုခ်ိဳရည္ကို ေသာက္အပ္၊ မေသာက္အပ္ ျငင္းခုန္ေနၾကသည့္ ဘာသာေရးျပႆနာမ်ားကို သူၾကားဖူးနားဝရွိေနသည္။

အင္းဝေ႐ႊၿမိဳ႕ေတာ္မွ ေက်ာင္းတရာေက်ာ္ေအာင္စံထားဆရာေတာ္က ေသႏုကို ရဟန္းတို႔ ေသာက္အပ္ေၾကာင္း က်န္းဂန္ဝိနည္းႏွင့္ ဆိုထားၿပီး စစ္ကိုင္းရွင္သုဇာတာ ကမူ ေသႏုကို ရဟန္းတို႔ မသုံးေဆာင္အပ္ေၾကာင္း က်မ္းဂန္အရ ျပန္ဆိုျပထားသည္။

သို႔ေသာ္ ေသႏုေသာက္ေသာ ရဟန္းအမ်ားစုမွာ ေတာမွီရဟန္းအခ်ိဳ႕သာျဖစ္ေၾကာင့္ သူသိထားသည္။

ယခုေတာ့ နန္းေတာ္ဦးတြင္ ရွင္ဘုရင္ကိုယ္တိုင္က သာသနာပိုင္ဆရာေတာ္ထံ အရက္ကပ္ေနသည္ကို ျမင္ရေသာေၾကာင့္ အံၾသေနရျခင္းျဖစ္သည္။

ေဘးနားတြင္ထိုင္ေနေသာ မြန္သူေဌးႀကီးမွာလည္း ျမင္ကြင္းကို ၾကည့္ကာ မ်က္ႏွာမသာမယာျဖင့္။

“ဟံသာဝတီက ရဟန္းေတာ္ေတြဒါမ်ိဳးမလုပ္ဘူး..ဟင္အင္း...အင္းဝက တကယ့္.ဝိနည္းလိုက္နာတဲ့ ရဟန္းေတာ္ေတြလည္း ဒါမ်ိဳး မလုပ္ၾကပါဘူး..ဒါ ဗုဒၶဘာသာကို ဖ်က္ေနၾကတာ”

မြန္သူေဌးႀကီးက နေဘးနားမွ ဘာသာျခားေပၚတူဂီအမ်ိဳးသမီး လြီဇာၾကားေအာင္ တမင္ေျပာျခင္းျဖစ္သည္။

ရွင္ဘုရင္ႏွင့္ သာသနာပိုင္က အရက္ခြက္ကိုယ္စီကိုင္ကာ စကားေဖာင္ဖြဲ႕ေနသည္။

ရွင္ဘုရင္၏ ဘယ္ဘက္ေျခရင္းတြင္ ေကာ့ညက္ခြက္ကို ကိုင္ကာ ခစားေနသည့္ ကိုးသိန္းသခင္ကို လည္းေတြ႕ရသည္။

အစပိုင္းတြင္ နန္းေတာ္ႀကီးသည္ ထီးဟန္နန္းဟန္ျဖင့္ စတင္ခဲ့ေသာ္လည္း ေသာက္သုံးၾကသည့္ အရက္တန္ခိုးမ်ားေၾကာင့္ လြတ္လပ္စျပဳလာၿပီျဖစ္သည္။

မိဖုရားငယ္အခ်ိဳ႕မွာ နန္းေဆာင္အတြင္းသို႔ ျပန္ဝင္သြားၾကၿပီျဖစ္သည္။

“ေကာင္းလိုက္တဲ့...ဗ်န္..ဒီဗ်န္ ကို က်ဳပ္ေ႐ႊနန္းကို အၿမဲတမ္း သြင္းဆက္မယ္ဆိုတာ ဟုတ္သလား...ဘေထြးေတာ္”

ရွင္ဘုရင္အေမးကို ကိုးသိန္းသခင္က လက္အုပ္ခ်ီလိုက္သည္။

“မွန္ပါ....ယခင္ေသနတ္ဗိုလ္သမီး ဗရင္ဂ်ီမငယ္ လြီဇာဒီမဲလိုးကိုယ္တိုင္ ျပင္သစ္ႏိုင္ငံ ကုန္သည္မ်ားႏွင့္ စာခ်ဳပ္မ်ား ခ်ဳပ္ကာ နန္းေတာ္သို႔ သြင္းဆက္မွာပါ..ဘုရား”

“ကဲ ဘေထြး..အဲ့ဒီ ဗရင္ဂ်ီမ ကို အခစားသြင္းမယ္ဆို..သြင္းေစဗ်ာ..ဒင္းေတာ္လို႔ ဒီလို အရသာရွိတာ ေသာက္ရတာ..ဆုေတာ္ခ်ရမယ္”

ကိုးသိန္းသခင္က လက္အုပ္ခ်ီလ်က္ ေနာက္ဆုတ္ထြက္လာကာ...အသည္သားစုဆီသို႔ ဦးတည္လာေတာ့သည္။

“လြီဇာ..ေ႐ႊနန္းရွင္ဆီ အခစားဝင္ရမယ္”

အနီးအနားတြင္ရွိေသာ ကုန္သည္မ်ားမွာ လြီဇာကို အားက်စြာ ၾကည့္လိုက္ၾကသည္။

“လုံမ..က်ဳပ္ ဒူးရင္းသီးေတာ္ဖိုးေလး ေငြစင္ ၁ ပိႆာနန္းေတာ္က အေႂကြးက်န္ေနတာပါ..ဘုန္းေတာ္ႀကီးဘုရားကို ေလွ်ာက္ေပးပါေလ”

မြန္သူေဌးႀကီးက လြီဇာကို ကပ္ေျပာလိုက္သည္။ လြီဇာက ၿပဳံးျပၿပီး ရွင္ဘုရင္ရွိရာသို႔ ခါးကို ကိုင္းလ်က္ ေလွ်ာက္သြား၏။

“ကိုယ္ေတာ့္ကို ေမာ္ဖူးေစ...ဘယ့္ႏွယ့္..အရက္ေကာင္းေတြ ဆက္တတ္တဲ့ ကုန္သည္မငယ္..ေတာ္လွခ်ည့္”

မဟာဓမၼရာဇာဓိပတိ၏ မ်က္လုံးတို႔က ရီေဝေနသည္။ ႏွစ္ၿခိဳက္စြာၿပဳံးေနသျဖင့္ ဘယ္ဘက္ပါးမွ ပါးခ်ိဳင့္က အထင္သား။

ထူးထူးျခားျခား တႏိုင္ငံလုံးမွ အထက္တန္းစားေယာက္်ားမ်ားမွာ သြားေဆးမဲဆိုးၾကေသာ္လည္း ရွင္ဘုရင္သည္ သြားတို႔ကို ေဆးမည္းဆိုးမထား။

“ဒီလိုမ်ိဳး ဗ်စ္နဲ႔ ဗ်န္ေတြ မွန္မွန္သြင္းေခ်ေနာ္ကြဲ႕..အေနာက္ေဆာင္ကို အခါမေ႐ြး ဝင္ထြက္ခစားေစ၊ စားေတာ္ကဲ တုရင္ဗလကို ေျပာေခ်..ဒီဗရင္ဂ်ီကုန္သည္မ တင္သြင္းတဲ့ ကုန္ဆိုရင္  ေ႐ႊတိုက္က အေႂကြးက်န္မရွိေစနဲ႔.. ဒါမ်ိဳးကိုေတာ့ အေႂကြးထားမေကာင္းဘူး”

“မွန္ပါ..ကြၽန္ေတာ္မ်ိဳး ႀကီးၾကပ္ေပးပါ့မယ္”

ကိုးသိန္းသခင္က ဝင္ေလွ်ာက္သည္။

“ကဲ...နာမည္က ဘယ္လိုကြဲ႕”

“လြီဇာဒီမဲလိုးပါ အရွင္ဘုရား”

“ေအး..ဟုတ္ၿပီ..လိုရာဆုေတာင္း..ငါကိုယ္ေတာ္ကို ေပ်ာ္ေစလို႔ ..ဒီဗ်န္အရက္အတြက္ မင္းကို ေပးမယ္.လိုရာတစ္ခုေတာင္း.မယ္မင္း”

ရွင္ဘုရင္စကားေၾကာင့္ လြီဇာ က ကိုးသိန္းသခင္ထံ လွမ္းၾကည့္လိုက္သည္။

ကိုးသိန္းသခင္က ‌ေခါင္းညိတ္ျပလိုက္၏။

“ဟဲ့..ေတာင္းေလကြယ္..ရွင္ဘုရင္က ေပးတုန္း ယူရတယ္..ဆုဆိုတာ”

ရွင္ဘုရင္ေလး၏ အသံက ပိုက်ယ္လာသည္။

“ကြၽန္ေတာ္မ်ိဳးမကို ျမင္းစီးခြင့္ေပးပါ..ဘုရား”

“ေဟ”

မဟာဓမၼရာဇာေရာ၊ ကိုးသိန္းသခင္ပါ မ်က္လုံးျပဴးသြားၾကသည္။

“ဟား..ဟား..တယ္လာတဲ့ ဗရင္ဂ်ီမပဲ..ေဟ့..ဆရာေတာ္ဘုရား..ဘုရားဒကာမထဲ ဒီလို အာဂမိန္းမရွိလားဘုရား.”

ရွင္ဘုရင္က ေဘးနားတြင္ ေသယစ္ေနေသာ သာသနာပိုင္ကို လွမ္းေမးလိုက္သည္။

သာသနာပိုင္ဆရာေတာ္က သေဘာတက်ၿပဳံးေန၏။

“ကဲ...ျပည့္ေစဗ်ာ..မနက္ျဖန္ ဘေထြးေတာ္ က ျမင္းစီးဘြဲ႕သူ႔ကို ေပးပါေခ်..က်ဳပ္တံဆိပ္ႏွိပ္ေပးလိုက္မယ္..ကဲ..ဟုတ္ၿပီ..ဟုတ္ၿပီ..လြတ္လြတ္လပ္လပ္ေနေခ်”

ကိုးသိန္းသခင္က လြီဇာကို ျပန္သြားရန္ အခ်က္ျပလိုက္သည္။

လြီဇာက လက္အုပ္ခ်ီလ်က္ ေနာက္ဆုတ္ကာ အသည္စုေနရာသို႔ ျပန္လာလိုက္သည္။

နန္းေဆာင္၏ ေထာင့္တစ္ေနရာတြင္ ဝန္အဆင့္ ဝတ္စုံဝတ္ထားသည့္ အာေမးနီးယန္းအမ်ိဳးသားတစ္ဦးႏွင့္ စကားလက္ဆုံက်ေနေသာ ေလာ္တာဖုန္း ကို လြီဇာ သတိထားမိလိုက္သည္။

နန္းေဆာင္တြင္းမွ ပြဲေတာ္မွာ ပိုမိုအရွိန္တက္လာၿပီျဖစ္သည္။

အရက္ပုလင္းမ်ား၊ အိုးမ်ား တစ္အိုးၿပီး တစ္အိုး အသစ္ေရာက္လာၾကသည္။

တူရိယာသံမ်ားမွာလည္း ပိုမိုျမဴးႂကြလာ၏။

ရွင္ဘုရင္ႏွင့္ တကြ တခန္းမလုံး မူးေနၾကၿပီျဖစ္သည္။

သာသနာပိုင္ဆရာေတာ္မွာ လမ္းမေလွ်ာက္ႏိုင္ေတာ့သျဖင့္ ေဝါယာဥ္ျဖင့္ ေက်ာင္းသို႔ ျပန္ပို႔လိုက္ၿပီျဖစ္သည္။

လြီဇာ သည္ ဆူညံရႈပ္ေထြးေနေသာ နန္းေဆာင္တြင္းမွ လူမ်ားကို ၾကည့္ကာ စိတ္ရႈပ္လာ၏။

မာရဘင္ကန႔္ထားသည့္ နန္းေဆာင္ကို ေက်ာ္ကာ အျပင္ဘက္ ေလသာေဆာင္တြင္ မတ္တပ္သြားရပ္လ်က္ ဥယ်ာဥ္ေတာ္ကို ေငးၾကည့္ေနသည္။

ထိုစဥ္ ဥယ်ာဥ္ေတာ္အေနာက္ဖက္ထဲသို႔ ယိုင္ထိယိုင္ထိုးဆင္းသြားေသာ လူရိပ္တစ္ခုကို ေတြ႕လိုက္သည္။

အမူးလြန္ေနပုံရၿပီး ေရကန္မ်ားရွိသည့္ဘက္ကို လမ္းေလွ်ာက္သြား၏။

ပန္းခုံမ်ားတြင္ ထြန္းထားသည့္ ဆီမီးအလင္းေရာင္မွ ထိုသူ၏ မ်က္ႏွာကို လက္ခနဲ ျမင္လိုက္ရသည္။

“ေလာ္တာဖုန္း”

ဓနိအရက္အနည္းငယ္ကိုေသာက္ထားေသာ လြီဇာ၏ ေသြးတို႔ ႐ုတ္တရက္ဆူပြက္သြားသည္။

နန္းေဆာင္ေလွကားမွ ဆင္းကာ ေလာ္တာဖုန္းေနာက္သို႔ ခပ္လွမ္းလွမ္းမွ လိုက္သြား၏။

ေလာ္တာဖုန္းသည္ နန္းေတာ္မွ တိုက္သည့္ ဘရန္ဒီအရက္ႏွင့္ ဘီယာအရက္မ်ားကို အလြန္အကြၽံေသာက္သုံးခဲ့သည္။

သူႂကြယ္သားမ်ားအတြက္ တည့္ခင္းေသာ ေထာပတ္ထမင္း၊ ပုဇြန္ကင္၊ ငုံးေၾကာ္ တို႔ကို စားၿပီးသည့္ေနာက္ ႐ုတ္တရက္ အန္ခ်င္လာခဲ့သည္။

နန္းေဆာင္အတြင္းအန္ပါက ရွင္ဘုရင္အပါအဝင္ နန္းတြင္းထိပ္တန္းအရာရွိမ်ား၊ သူေဌးသူႂကြယ္မ်ား ၾကားတြင္ သိကၡာက်မည္ကို စိုးသည္။

ထို႔ေၾကာင့္ အန္ခ်ရန္ ဥယ်ာဥ္ေတာ္တြင္းသို႔ အေျပးအလႊားထြက္သြားျခင္းျဖစ္သည္။

အင္းဝၿမိဳ႕တြင္း သြားလာလွ်င္ ကိုယ္ရံ‌ေတာ္လူမိုက္မ်ားျဖင့္ သြားလာတတ္ေသာ ေလာ္တာဖုန္းသည္ နန္းေတာ္တြင္းသို႔ ကိုယ္ရံေတာ္မ်ားေခၚလာခြင့္မရ။

ထို႔ျပင္ သူအၿမဲေဆာင္တတ္ေသာ ေဆာင္ဓါးလည္း နန္းတြင္းသို႔ ယူခြင့္မရွိ။

ေအာင္နန္းေက်ာ္ဘုံနန္းသစ္မွာ ဥယ်ာဥ္ေလးရပ္က ပတ္ခ်ာလည္ဝိုင္းထားၿပီး နန္းေတာ္တြင္းႏွင့္ ဥယ်ာက္ေတာ္အျပင္တြင္သာ အေစာင့္အေနမ်ားရွိၾကသည္။

ေလာ္တာဖုန္းက ေရေျမာင္းေဘာင္ေပၚတြင္ လက္ေထာက္ကာ စိတ္ခ်လက္ခ် အန္ခ်လိုက္၏။

“ေဝါ့”

သူ႔ေနာက္ဘက္ အေမွာင္ထဲမွ အရိပ္တစ္ခု ထြက္လာသည္ကို သတိမထားမိ။

လြီဇာသည္ နန္းေတာ္ပြဲတက္တြင္ ၿခဳံရသည့္ ၿခဳံပုဝါကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ကာ ေလာ္တာဖုန္း၏ လည္ပင္းကို အေနာက္ဖက္မွ သိုင္းခ်ီလိုက္သည္။

ထို႔ေနာက္ အားကုန္ညႇစ္လိုက္၏။

ေလာ္တာဖုန္းမွာ အမူးလြန္ေနသည့္အျပင္ ခႏၶာကိုယ္ေသးေကြးသူျဖစ္သျဖင့္ ႐ုတ္တရက္မို႔ မည္သို႔မွ် မတတ္ႏိုင္။

လြီဇာက အံကိုႀကိတ္ကာ လက္ေမာင္းႏွစ္ဖက္ကို အားကုန္တင္းထား၏။

ေလာ္တာဖုန္း ထံမွ အစ္အစ္ အသံမ်ား ထြက္လာသည္။

ေျခေထာက္ကို စုန္ကန္႐ုန္းလိုက္ေသာေၾကာင့္ လြီဇာက ေလာ္တာဖုန္း၏ လည္ပင္းကို ပုဝါျဖင့္ ဖိညႇစ္လ်က္ ပက္လက္လဲက်သြား၏။


 

ခက္ေဇာ္


Comments

Post a Comment