AVA 1740s (အခန်း ၁၉)

AVA 1740s

                                                           အခန်း(၁၉)

                                                   ........................................

ယုန်ရက်။

စနစ်တကျသန့်ရှင်းရေးလုပ်ထားသဖြင့် ရှင်းလင်းသပ်ရပ်နေသည့် ရွာလမ်းများမှာ ယနေ့တွင် ရွာပေါင်းစုံမှ ခေါင်းဆောင်များ စုဝေးမည့် အစည်းအဝေးရှိနေကြောင်း ပေါ်လွင်နေ၏။

ရွာထိပ်နတ်စင်ရှေ့ကွက်လပ်တွင် ငှက်ပျောရွက်များကို ဖြန့်ခင်းထားသည်။

ငှက်ပျောရွက်များပေါ်တွင် ဖက်နှင့်ထုတ်ထားသည့် “ဟွန်တောင်ထီး” ခေါ် ဟင်းပေါင်းထုတ်များက အစီအရီ။

ဟွန်တောင်ထီးဟင်းသည် လားဟူကွေ့တို့၏ ပွဲများတွင် မပါမဖြစ်ရိုးရာဟင်းဖြစ်သည်။

ထိုဟင်းသည် ဝက်သား(သို့)အသားတမျိုးမျိုးကို ဟာကြားဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ် စသည့် ဟင်းခပ်အမွှေးအကြိုင်များ ရောနှောကာ စင်းကောလုပ်ပြီး ဖက်ဖြင့်ထုတ်ပေါင်းထားခြင်းဖြစ်သည်။

ဟွန်တောင်ထီး ဟင်းထုတ်များခင်းထားသည့် ပတ်ချာလည်တွင် ကွေ့ရွာ(၁၈)ရွာမှ ရွာသူကြီးများ အသီးသီးရောက်ရှိ နေရာယူလိုက်ကြသည်။

ဗိုလ်မင်းသူရိန်စော နှင့်အတူ  ဂုဏ္ဏအိန်၊ နားလဲ၊ တောင်ဘက်ရွာများဆီမှ နာမည်ကျော် ကာလသားခေါင်းများဖြစ်သည့် ငနက်၊ ငကက် ညီနောင် တို့ လည်း ပါလာကြ၏။

ဘာသာရေးခေါင်းဆောင်ဖြစ်သော သိုဘိုများမှာ နတ်စင်၏ အောက်ဘက်တွင် တန်းစီကာ ထိုင်လိုက်ကြသည်။

မကြာမီ ကန်းပုလွေကြီး ကို မှုတ်လိုက်သည့် အသံထွက်လာ၏။

အစည်းအဝေးစတင်ကြောင်း အချက်ပေးသံပင်။

အဘိုးအိုကျဘို က မတ်တပ်ရပ်ခါ နတ်စင်တွင် တင်ထားသော ပျားဖယောင်းကို ထွန်းညှိ့လိုက်၏။

“ရွာလူကြီးတွေအားလုံးက ဗိုလ်မင်းပြောတာကို သဘောတူလိုက်ကြပါပြီ...ကျေးရွာသားတွေကလည်းပဲ သဘောတူကြပါတယ်”

အဘိုးအို ကျဘို ၏ စကားကို ဗိုလ်မင်းသူရိန်စောက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ..ကျုပ်တို့အားလုံး စစ်တိုက်ကြမယ့်သူတွေဆိုတော့ ထုံးစံအတိုင်း သစ္စာရည်တော့ သောက်ကြရလိမ့်မယ်..သစ္စာရည်မသောက်ခင် ခင်ဗျားတို့ရဲ့ ခေါင်းဆောင်ကို ရွေးချယ်ဖို့ လိုလိမ့်မယ်”

အဘိုအိုကျဘိုက ဝါးဆေးတံကို တရှိုက်ဖွာလိုက်၏။

“ခေါင်းဆောင်နေရာကို....နှစ်ယောက်လျာထားတာရှိပါတယ်. ဂုဏ္ဏအိမ် နဲ့ ငနက်ပါ။ နှစ်ယောက်လုံးဟာ ကွေ့လူငယ်တွေအကြား သြဇာညောင်းပါတယ်..... ဂုဏ္ဏအိမ်က ငယ်ငယ်ကတည်းက ပွဲကျောင်းသားဖြစ်လာတယ်။ သိုင်းပညာနဲ့ စစ်ထိုးစစ်တက်တွေ သင်လာတယ်။ ငနက်က တနင်္ဂနွေမင်းလက်ထက် အင်းဝစစ်တပ် ဇင်းမယ်ကို ချီတဲ့အခါ..မင်းသားမောင်ပြည့်လက်အောက်မှာ သွေးသောက်ကြီးအထိ အမှုထမ်းဖူးခဲ့တယ်...သူတို့နှစ်ယောက်ကို ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် ရွေးရပါလိမ့်မယ်..အဲ့ဒါကိုတော့ ဗိုလ်မင်းပဲ ဆုံးဖြတ်ပါ”

ဗိုလ်မင်းသူရိန်စောက အတန်ငယ်စဥ်းစားနေသည်။

“ဂုဏ္ဏအိမ်က ကျုပ်လူဖြစ်နေတော့ ပြောရတာခက်တယ်....ဒါပေမယ့် ဂုဏ္ဏအိမ်က ကျုပ်လူဆိုတာကို မေ့ထားပြီး...ကျုပ် စဥ်းစားမိတာကို ပြောချင်တယ်”

“ပြောပါ..ဗိုလ်မင်း...ဗိုလ်မင်းသဘောပါ”

“ကျုပ်တို့ ရင်ဆိုင်ရမှာ အင်းဝစစ်တပ်ပါ။ အင်းဝစစ်တပ်ကို ရင်ဆိုင်တဲ့အခါ အင်းဝစစ်တပ်မှာ သွေးသောက်ကြီးအဆင့်နဲ့ တာဝန်ထမ်းဖူးတဲ့ ငနက် က ခေါင်းဆောင်တယ်ဆိုရင် တစ်ဖက်က ကျုပ်တို့ကို အထင်သေးပါလိမ့်မယ်။ ငနက်ကို အင်းဝတပ်ထဲ သိကျွမ်းဖူးတဲ့လူတွေလည်း ရှိကြမှာပါ။ စစ်ရဲ့သဘောမှာ တပ်မှူးတွေရဲ့ သေနင်္ဂဗျူဟာကအရေးပါသလို အောက်ခြေကတိုက်မယ့် စစ်သားရဲ့ စိတ်ဓာတ်က အရေးအကြီးဆုံးပါ။ ငနက် ခေါင်းဆောင်တဲ့ ကွေ့တွေကို တိုက်ရတာဟာ သွေးသောက်ကြီးအဆင့်ကို တိုက်ရတာလို့ သူတို့မြင်တဲ့အခါ အကြောက်အလန့်နည်းပြီး စိတ်ဓာတ်တက်ကြွနေပါလိမ့်မယ်။ ဒီတော့ သူတို့ မသိဘူး...မမြင်ဖူးသေးတဲ့..ဂုဏ္ဏအိမ်လို လူက ခေါင်းဆောင်တာမျိုးကို ကျုပ်က ပိုသဘောကျတယ်။ ဂုဏ္ဏအိမ် ဆိုတာ ဘယ်သူလဲ..ဘုရင်ကိုတောင် အံ့တုတဲ့သူဟာ မင်းလောင်းလား..ဒီလိုမျိုး တဖက် တပ်သားတွေရဲ့ စိတ်ဓာတ်ကို ဒွိဟဖြစ်အောင်လုပ်နိုင်တာဟာ ကျုပ်တို့အတွက် အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်”

အားလုံး တိတ်ဆိတ်သွားကြသည်။

“ကျုပ် ဂုဏ္ဏအိမ်ကို ခေါင်းဆောင်အဖြစ်သဘောတူတယ်”

ငနက်က လက်တစ်ဖက်ကို မြှောက်ကာ ပြောလိုက်၏။

ထိုအခါမှ အားလုံးက ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားကြသည်။

“ဒါဆို ကိုရင်ငနက်က ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူပေးပါ”

ဗိုလ်မင်းသူရိန်စော စကားကို ငနက်က ခေါင်းညိတ်လိုက်၏။

“ကဲ..ဒါဆို ခေါင်းဆောင်လည်းရပြီဆိုတော့ သစ္စာရည်သောက်ဖို့ လုပ်ကြမယ်”

နားလဲက အသင့်ယူလာသော ယွန်းဖလားကို ဗိုလ်မင်းသူရိန်စောရှေ့တွင် ချပေးလိုက်သည်။

ဗိုလ်မင်းသူရိန်စောက ဓါးမြှောင်တစ်ချောင်းကိုထုတ်ကာ သစ္စာရည်သောက်ကြရန် စီစဥ်ကြ၏။

သစ္စာရည်သောက်ပြီးသည့်အခါ အသေးစိတ်အစီအစဥ်များကို ဆွေးနွေးတိုင်ပင်ကြသည်။

ထိုရက်များအတွင်း ရွာအသီးသီးမှ အားကောင်းမောင်းသန်ယောက်ျားမှန်သမျှမှာ ဓား၊ ဒူးလေး၊ အဲမောင်းလှံရှည်၊ လှံလျင် စည်တို့ကို စုဆောင်းကာ စစ်ရေးလေ့ကျင့်ကြရသည်။

ရှိသည့်ငွေစများစုဆောင်းကာ အင်းဝမြို့တော်သို့ တက်ပြီး ယမ်းစိမ်းများကို မှောင်ခိုဝယ်ယူကြသည်။

ဒူးလေးများ၊ လက်လုပ်သေနတ်များ ပြင်ဆင်ကြသည်။

ဂုဏ္ဏအိမ် နှင့် ငနက်တို့ အဦးအစီးပြုကာ ရွာအလိုက် ရွာခေါင်းများဖြင့် အင်အားစုဖွဲ့ထားကြသည်။

အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများက ဆန်၊ ကောက်ညှင်းတို့ဖြင့် ရိက္ခာခြောက်များကို အဓိက ပြုလုပ်စုဆောင်းကြသည်။

နားလဲ မှာ ကွေ့အမျိုးသမီးထု၏ ခေါင်းဆောင်ဖြစ်လာ၏။

မိုးရာသီကား ကုန်ဆုံးခဲ့ပြီဖြစ်သည်။

အင်းဝရှိ အသည်ဝန် ၏ ရုံးသည်လည်း မင်းတိုင်း(၁၂)မှုကို ပျက်ကွက်လျက်ရှိသည့် မတ္တရာ၊အုတ်ဖိုရှိ ကွေ့ရွာများကို အရေးယူရန်စီစဥ်လျက်ရှိသည်။

အသည်ဝန်လက်အောက်မှ စာ‌ရေးတော်ကြီး ငထိန် တို့ဦးဆောင်သော အင်းဝရဲတပ်တစ်ခုသည် မကြာမီ ကွေ့ရွာများဆီသို့ ရောက်ရှိလာကြတော့သည်။

ထိုအချိန်တွင် ရွာအတွင်း ယောက်ျားသားဟူသမျှ မတွေ့ကြရတော့။

အိုမင်းမစွမ်းသည့် သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးငယ်များသာ ကျန်ရစ်တော့သည်။

အင်းဝတပ်တစ်ခု ချီတက်လာသည်ကြားသည်နှင့် သူရိန်စော၊ ဂုဏ္ဏအိမ်တို့ဦးဆောင်သည့် ယောက်ျားသားများမှာ မတ္တရာအနောက်ဘက် တောတန်းများဆီ ခြေရာဖျောက်က ခေတ္တတိမ်းရှောင်နေကြတော့သည်။

စာရေးတော်ကြီး သည် ခရီးပန်းလာခြင်းနှင့် အမြတ်ဒေါသတို့ ရောယှက်နေသည်။

သူ့ရှေ့တွင် ထိုင်နေသော အမျိုးသမီးကို စူးစိုက်ကြည့်နေ၏။

“နင်တို့ တစ်ရွာလုံးက ယောက်ျားတွေက တောထဲတက် မီးသွေးဖုတ်နေကြတယ်ဆိုတာ အမှန်ပဲလား”

နားလဲက စာရေးတော်ကြီးကို ခေါင်းမော့ကာ ကြည့်လိုက်သည်။

“အဲ့ဒီလို ပြောသွားကြတာပါပဲ..ရှင်ဘုရင်က နှိပ်စက်လွန်းတော့..မင်းတိုင်း(၁၂)မှု ကြေဖို့ လုပ်ကြရတာပ”

“သယ်..ကောင်မ...အရိုင်းအစိုင်းမ...နန်းတော်မင်းမှုထမ်းကို စကားပြောရင် ဘုရားထူးပြီး ပြောရတယ်..နင်နားမလည်ဘူးလား”

နားလဲက တခွန်းမှ ပြန်မပြောပဲ စာရေးတော်ကြီး၏ ပိန်ချောင်ချောင်မျက်နှာ ကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်။

“သူကြီးတွေ ရော..ဘယ်မလဲ...ဒီရွာ (၁၈)ရွာလုံး သူကြီးတွေ ဘယ်မလဲ”

“သူတို့လည်း မီးသွေးဖုတ်လိုက်သွားကြတယ်...ဒီရွာတွေအားလုံးမှာ ငါက ခေါင်းဆောင်ပဲ”

“ဟာ..ကမြင်းမ....ကျွန်တော်မျိုးမလို့ ပြောင်းပြောစမ်း....ထွီ..ထီးမှုနန်းရာနဲ့ ဝေးတဲ့ အရိုင်းအစိုင်းတွေ..ကျွန်က ကျွန်လို ပြောတတ်ကြဟဲ့”

စာရေးတော်ကြီး၏ တံတွေးစက်များက နားလဲ၏ ရှေ့မြေပြင်တွင် ဖွာထွက်သွားသည်။

“ကဲ...ဘယ်မလဲ မင်းတိုင်း(၁၂)မှု”

“အခု ပေးစရာမရှိဘူး”

“ဘာ”

“ငါတို့မှာ ပေးစရာဘာမှ မရှိဘူး..အကုန်ငတ်နေတာကြာပြီ..နင်တို့ ရှင်ဘုရင်ကို ဘာမှ မပေးနိုင်တော့ဘူး”

စာရေးတော်ကြီးမှာ ‌ဒေါသထွက်လွန်းသဖြင့် အသားများ တဆတ်ဆတ်တုန်နေသည်။

သို့သော် ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့် တရွာလုံးမှ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများက သူ့ကို စူးစိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်၏။

အခြေအနေမှာ ပုံမှန်မဟုတ်မှန်း စာရေးတော်ကြီး သတိထားမိလိုက်သည်။

“ဟေ့....ဒီသဘောက္မ ကို နှောင်ကြိုးတည်းစမ်း”

ရဲမက်များက နားလဲကို ခပ်ကြမ်းကြမ်းတုပ်နှောင်လိုက်ကြ၏။

“ဘုရင့်အခွန်တော်ကို ပေးဆောင်ဖို့ ငြင်းဆန်တာဟာ နန်းတော်ကို ပုန်စားပုန်ကန်တဲ့ ပြစ်မှုမြောက်တယ်...သင်း ပါးစပ်က ပြောထွက်တဲ့စကား သင်းတာဝန်ယူရမယ်...ကဲ... အားလုံးပဲ..သူ့ကို ငါတို့ ဖမ်းလိုက်ပြီ...နင်တို့ ယောက်ျားတွေ ပြန်လာတဲ့အခါ မင်းတိုင်း(၁၂)မှုကို မြို့တော်အသည်ဝန်ရုံးဆီ ကိုယ်တိုင်လာချေပါလို့ ငါအမိန့်ပေးတယ်..မဟုတ်ရင်တော့ ဒီကောင်မလိုမျိုး တစ်ရွာလုံးကို သူပုန်အဖြစ် သတ်မှတ်ပြီး မီးတိုက်တာခံရမယ်...နားလည်လား‌ဟေ့”

“ထွီ”

နားလဲက စာရေးတော်ကြီး၏ ရှေ့သို့ တံတွေးကို  ထွေးထည့်လိုက်သည်။

“ကျွန်အရိုင်းမ”

စာရေးတော်ကြီးက နားလဲ ၏ ဝမ်းဗိုက်ကို အားနှင့် ပြေးကန်လိုက်ရာ ခွေခနဲ ညွှတ်ကျသွားတော့၏။

................................................................................................................

“အဲ့ဒီ...ငါ့စကားတစ်ခွန်းနဲ့ သူတို့က ငါ့ကို ဘုရင်ကို ပုန်ကန်ဖို့ ဆော်သြတယ်ဆိုပြီး သေဒဏ်ချလိုက်ကြတယ်..အဲ့ဒီကိစ္စ ရွာကိုလည်း သွားကြေငြာတယ်လို့ပြောတယ်..ရွာမှာကလည်း လူမရှိသလောက်ဖြစ်သွားပါပြီလေ”

စကားဆုံးသည်နှင့် နားလဲက နာနာကြည်းကြည်းပြုံးလိုက်သည်။

ညည့်ကားနက်ပြီ။

အကျဥ်းခန်းတွင် ထွန်းထားသည့် ကညင်ဆီမီးတိုင်ပင် ငြိမ်းလုခဲ့ပြီ။

“ဗိုလ်မင်းသူရိန်စောတို့ ရှင့်အကို.... ဂုဏ္ဏအိမ်တို့ကရော”

“အချိန်မကျသေးဘူးလေ....လွီဇာ.... တို့မှာ အင်းဝစစ်တပ်ကြီးကို ခံတိုက်ဖို့ မပြည့်စုံသေးဘူးလို့ ဗိုလ်မင်းသူရိန်စောက ယူဆတယ်.. မကြာခင်မှာ မဏိပူရကသည်းစစ် လာတော့မယ်...ကသည်းတွေဟာ အရင်တခါကလည်း အင်းဝကို လာတိုက်ပြီး လုယူဖျက်ဆီးပြီး ပြန်ကြတာပါပဲ...အဲ့ဒီအချိန်ထိ စောင့်မယ်..ပြီးရင် အင်းဝကိုစစ်မျက်နှာ နှစ်ဖက်ဖြစ်စေမယ်လို့ ဗိုလ်မင်းက ပြောထားတယ်...ငါကတော့ အဲ့ဒီအချိန်ကို မှီတော့မယ် မထင်ပါဘူး”

လွီဇာထံမှ သက်ပြင်းချသံသဲ့သဲ့။

သူတို့အခန်းရှေ့မှ ကညင်စီမီးတိုင်သည် ဟုတ်ခနဲ ငြိမ်းသွား၏။

..................................................................................

ငါးရက်မြောက်နေ့။

ညနေ၏ ခပ်စွေစွေနေရောင်ခြည်က တံခါးဝဆီမှတဆင့် အကျဥ်းခန်းထဲသို့ ဖြတ်ခနဲ ဝင်လာသည်။

ထို့နောက် ယခင်ကဲ့သိုပင် မှောင်အိုက်အိုက်ပြန်ဖြစ်သွား၏။

အဖေကြီးမောင်တုတ် သည် ခေါင်ရမ်းပန်းကြီးနှစ်ပွင့် နားတစ်ဖက်စီတွင် ပန်ကာ လွီဇာတို့၏ အခန်းရှေ့တွင် မတ်တပ်လာရပ်နေသည်။

နားလဲ က အဖေကြီးမောင်တုတ်ကို အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေသည်။

“အချိန်ကျပြီ..ကွေ့မလေး...နင်ကိုးကွယ်ရာကိုသာ အာရုံပြုပတော့”

အဖေကြီးတုတ်၏ စကားကို ကြားသည့်အခါမှ လွီဇာမှာ အလန့်တကြားဖြစ်သွား၏။

နားလဲ ၏ ပုခုံးများကို သွားဖက်ထားလိုက်သည်။

နားလဲ က မတုန်မလှုပ်။

တစ်ဖက်အကျဥ်းခန်းများဆီမှ အော်ဟစ်ကြိမ်းမောင်းသံများ၊ ထုရိုက်သံများ၊ ဆွဲခေါ်သံများ ကြားနေရ၏။

ယနေ့နံနက် ရုံးချိန်းတွင် နောက်ထပ် သေဒဏ်ကျ အကျဥ်းသားတစ်ယောက်ရှိလာသဖြင့် ဆယ်ယောက်ပြည့်ပြီဖြစ်သည်။

ညဦးပိုင်းတွင် နားလဲ အပါအဝင် အကျဥ်းသား(၁၀)ယောက်ကို သုသာန်သို့ ခေါ်သွားကာ သူတို့ ကွပ်မျက်ကြတော့မည်ဖြစ်သည်။

“ငလှေး....အထဲဝင်ပြီး ကွေ့မကို ကြိုးတည်းစမ်း..ခြေထောက်ရာ လက်ပါ ခိုင်ပါစေ့”

အဖေကြီးတုတ် က ရှေ့ဘက်ရှိ အကျဥ်းခန်းများဆီသို့ ဆက်ထွက်သွားသည်။

ငလှေးက လွန်ကြိုးတစ်ခွေကို ကိုင်ကာ နားလဲ ဆီသို့ ရောက်လာသည်။

နားလဲ၏ ခြေထောက်နှစ်ဖက်မှ သံခြေကျင်းကို ဖြုတ်လိုက်၏။ အနာများဗလပွနှင့်မို့ ငလှေးက နှာခေါင်းရှုံ့လိုက်သည်။

လွီဇာက ရုတ်တရက် ငလှေး၏ လက်ကို လှမ်းကိုင်လိုက်၏။

“ငလှေး...ရှင့်မိန်းမ ကို ရွှေနားတောင်းလေး မဆင်ပေးချင်ဘူးလား”

လွီဇာ စကားကြောင့် ငလှေးကြောင်သွားသည်။

တစ်ဖက်အခန်းများမှ သေဒဏ်ကျအကျဥ်းသားများ၏ အော်ဟစ်ငိုယိုသံများ၊ ပါးကွက်သားများ၏ ကြိမ်းမောင်းရိုက်နှက်သံများကြောင့် သူတို့အသံကို မည်သူမျှ မကြားနိုင်။

“ရှင့်ဘဝမှာ တခါမှ မကိုင်ဖူးတဲ့ ရွှေစ ကို ..ပေးမယ်..သူ့အသက်ကို ရတဲ့ နည်းနဲ့ ကယ်ပေးပါ”

လွီဇာက ဝှက်ထားသော ရွှေတုံးကလေးကို ငလှေးကို ပြလိုက်သည်။

“ရှင့် ကို ကျွန်မကိုယ်ချင်းစာတယ်...ရှင်ဒီဘဝကို ရောက်ခဲ့တာ ဒီရွှေကြောင့်မဟုတ်လား...ဒီတစ်ခါတော့ လက်လွတ်မခံပါနဲ့တော့”

ငလှေး တွေဝေနေသည်။

လွီဇာက ငလှေး ၏ လက်ထဲသို့ ရွှေတုံးကို ထိုးထည့်ပေးလိုက်သည်။

ငလှေးက လက်ထဲမှ ရွှေတုံးကို ဖြန့်ကြည့်ကာ လက်များ တဆတ်ဆတ်တုန်နေသည်။

“ဒီကိစ္စ အဖေကြီးတုတ်သိရင်...ဒီရွှေကို သူသိမ်းသွားလိမ့်မယ်..ရှင်ပဲ ယူပါ..ပြီးတော့ သူ့ကို ကယ်ပါ..ကျွန်မ ရှင့်ကိုယုံတယ်”

“လွီဇာ ဘာလုပ်တာလဲ..နင့်ဟာနင်သိမ်းထား..ဒီကောင်တွေကို နင်ယုံလား”

“သူ့ကို ကျွန်မယုံတယ်... သူက နွားခိုး ဆိုပြီး ပါးမှာ ရေးခံရပေမယ့်...သူ့မိန်းမကို ချစ်လွန်းလို့ ဖြစ်သွားခဲ့တာပဲ..သူဟာ လူကောင်းတစ်ယောက်ပါ...နားလဲ”

နားလဲက လွီဇာစကားကို နားမလည်သလိုဖြင့် မျက်မှောင့်ကြုံ့ကြည့်နေသည်။

 “ငလှေး.....ရှင့်ကိုယုံတယ်...ဒီရွှေဟာ ရှင်နဲ့ ထိုက်တန်တယ်...သူ့ကို ကယ်ပေးပါ...နားလဲကို ကယ်ပေးပါ”

ငလှေးက ရွှေစကို ပုဆိုးခါးပုံစ ထဲ အမြန်ထိုးထည့်လိုက်သည်။

ထို့နောက် နားလဲ၏ ခြေလက်များကို ခပ်သွက်သွက် တုတ်နှောင်ကာ အခန်းတွင်းမှ ဆွဲခေါ်ထုတ်သွား၏။

“လွီဇာ...နင်မသေဘူးဆိုရင်...မတ္တရာ၊အုတ်ဖိုကို ရောက်အောင်သွားပါ..ငါ့အကိုကို ငါ သူတို့လက်ထဲ....ရဲရဲဝံ့ဝံ့အသေခံသွားတဲ့အကြောင်းပြောပေးပါ”

“ရှင်မသေပါဘူး..နားလဲ”

လွီဇာက ငလှေးကို အဓိပ္ပါယ်ပါပါကြည့်ကာ ပြောလိုက်သည်။

နားလဲ က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လွီဇာကို နှုတ်ဆက်သွားခဲ့သည်။

.......................................................................................

သေဒဏ်ကျအကျဥ်းသားများ၏ ထိတ်လန့်တုန်လှုပ်မှုသည် အခြားအကျဥ်းသားများကိုပါ ကူးစက်စေခဲ့သည်။

အကျဥ်းထောင်တစ်ခုလုံး ထိုညနေတွင် ထိတ်လန့်ခြောက်ခြားမှုများ၊ ငိုကြွေးသံများနှင့်။

ပါးကွက်သားများကမူ ထိုကဲ့သို့ နေ့များကို အထူးပျော်ရွှင်တက်ကြွတတ်ကြသည်။

အဘယ့်ကြောင့်ဆိုသော်..ထိုသို့ သုတ်သင်ရသည့်နေ့များတွင် အဖေကြီးတုတ်က သူတို့အား အရက်ငါးအိုး ထုတ်ပေးတတ်သောကြောင့်ဖြစ်သည်။

ညမှောင်လာသည်နှင့် အဖေကြီးတုတ်သည် ထန်းဖူးရွက်တွင် ကွပ်မျက်မည့် စာရင်းကို ရေးမှတ်ကာ တိုက်ဆိုင်စစ်ဆေးသည်။

နာလဲ့အပါအဝင် အကျဥ်းသားများမှာ ခြေလက်များနှင့် လည်ပင်းတွင်ပါ ကြိုးများဖြင့် ခိုင်မာစွာ ချည်နှောင်ခံထားရ၏။

ခဏအကြာတွင် ကြေးတိုက်ဝန်ရုံးမှ သေနတ်ကိုင်စစ်သည်လေးဦး ရောက်လာသည်။

ကွပ်မျက်မှုကို တာဝန်ယူမည့် ပါးကွက်သား လေးဦးကို အဖေကြီးတုတ်က ရွေးချယ်ပေးသည်။

ထိုထဲတွင် ငလှေး ပါမလာခဲ့။

နားလဲက စိတ်ကို ဒုံးဒုံးချလိုက်ပြီဖြစ်သည်။

မကြာမီ အကျဥ်းထောင်တံခါးပွင့်သွား၏။

ရှေ့ဆုံးမှ သေနတ်ကိုင်စစ်သည်များ လှည်းထွက်ခွာလာသည်။

လှည်းနောက်တွင် အကျဥ်းသား ဆယ်ဦးကို လည်ပင်းတွင် ကြိုးများတန်းကာ ခေါ်ဆောင်လာ၏။

စစ်သည်များက လှည်းပေါ်မှ သေနတ်များဖြင့် ချိန်ထားကြသည်။

ဘေးပတ်လည်တွင် ကွက်မျက်မှုကို တာဝန်ယူမည့် ပါးကွက်သားကြီး လေးဦးက ပိဿာစီးဓါးကြီးများ၊ ဝါးရင်းတုတ်များ ကိုင်ကာ ခြံရံလိုက်လာကြ၏။

အ‌နောက်တံခါးမှ မြို့ပြင်သုဿာန်သို့ သူတို့ ဦးတည်လာကြသည်။

သုဿန်က ပိန်းပိတ်အောင် မှောင်နေ၏။

ပါးကွက်သားတစ်ဦးက ဇရပ်ပေါ်သို့ တက်ကာ မီးတုတ်တစ်ခုကို ယူလာသည်။

တစ်ဦးက မီးညှိ့စုံနှင့် တုတ်တံတွင် လဲ့မှိုထည့်ကာ မီးခတ်၏။ ထို့နောက် မီးတုတ်ကို ထွန်းညှိ့လိုက်သည်။

မီးအလင်းရောင်‌အောက်တွင် တူးထားသော ကျင်းကြီးတစ်ခုကို တွေ့ရသည်။

ဝါရင့်ပါးကွက်သားခေါင်းဆောင်က ကျင်းကို သေချာအကဲခတ်လိုက်သည်။

“ဒီတခါ တိမ်လွန်းနေသလား”

“တိမ်တိမ်‌ဟေ့...မြန်မြန်ကိစ္စဖြတ်ပြီး အေးတာပဲ...ဒါမှ မြန်မြန်ပြန်ပြီး တဂံတွတ်ရမှာ”

တဂံတွတ်သည် ဆိုသည့် စကားမှာ အရက်သောက်ခြင်းကို ညောင်ရမ်းခေတ်ဗန်းစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

“‌ဟေ့...မလိုပါဘူးကွ..လက်လေးရဲ ချွေးကလေးစို့အောင် ဒီမှာတင် တဂံတွတ်ဖို့ စီစဥ်ပြီးသား..ဟိုကောင်လေးငလှေး ခဏနေ အရက်နှစ်အိုး လာပို့လိမ့်မယ်”

“ဟေ.တကယ်လားဟ..ဒီကောင် ဒါမျိုးကျ အားကိုးရ”

“ကဲ....လုပ်ငန်းစလိုက်ကြစို့”

ကွက်မျက်ခံရမည့်အကျဥ်းသားများကို သုဿာန်ဇရပ်ရှေ့တွင် တန်းစီကာ ထိုင်ခိုင်းထားလိုက်သည်။

လည်ပင်းတွင် စီတန်းဆွဲထားသော ကြိုးစကို ဇရပ်တိုင်တစ်ခုတွင် အသေပတ်ချည်လိုက်၏။

“ကဲ..မင်းတို့မှာ အချိန်က နာရီပိုင်းပဲလိုတော့တယ်..ဘုရားကိုသာ အာရုံနာနာပြုကြကွယ့်”

ပါးကွက်သားတစ်ဦးက ရှေ့ဆုံးမှ အကျဥ်းသားတစ်ဦး၏ လည်ပင်းမှ ကြိုးစကို ခုတ်ဖြတ်လိုက်သည်။

နောက်ထပ် ပါးကွက်သားနှစ်ဦးမှ အကျဥ်းသားကို ဇရပ်နှင့် ခပ်လှမ်းလှမ်း ခြုံကွယ်တွင်ရှိသော ကျင်းဝဆီသို့ ဆွဲခေါ်သွား၏။

“ဝါးရင်းတုတ်လား..ဓါးလား..ကြိုက်တာရွေးကွယ့်..တို့လက်ဆများက သိပ်မနာစေပဲ..မြန်မြန်ပြီးမှာပါ”

အကျဥ်းသားမှာ ကျင်းဝတွင် ဒူးတုပ်ထိုင်ချရင်းမှ ဝူးဝူးဝါးဝါးများ အော်ဟစ်နေသည်။

ပါးကွက်သားတစ်ဦးက စိတ်မရှည်ဟန်ဖြင့် နောက်စေ့ကို ဝါးရင်းတုတ်ဖြင့် အားကုန်ရိုက်ချလိုက်၏။

“ခွပ်”ခနဲ အသံနှင့်အတူ အကျဥ်းသားမှာ မြေကျင်းထဲသို့ ခွေခနဲ ကျသွားသည်။

“သရေဲ့လား..ငါ့လူ”

“ငါ့လက်စ ငါသိတယ်..ခဏပဲ အကြောဆွဲမှာ”

နောက်ထပ် လူငါးဦးမြောက်ကို သတ်အပြီးတွင်တော့ သူတို့ တဖြတ်နားလိုက်ကြသည်။

ထိုအချိန်တွင် လှည်းသံတအိအိကို ကြားလိုက်ရ၏။

ငလှေး။

ငလှေးက လှည်းပေါ်မှ အရက်အိုးနှစ်လုံးကို ဆွဲချလာသည်။

“နောက်ကျတယ်..ကောင်လေးရေ..ဒီမှာ သွေးမပူပဲ လုပ်ရတာ...လက်စတွေ ကျကုန်ပြီ..မြန်မြန်လာဟ”

“အကိုတို့အတွက် အမြည်းရအောင် မျှစ်ကလေး ကြော်နေလို့ပါဗျာ..လာပြီ..လာပြီ”

ငလှေး က ဇရပ်ပေါ်တွင် ထိုင်ချလိုက်သည်။

“ဟိတ်ကောင်တွေ...နင်တို့ သောက်တာစားတာ ငါတို့ ထိုင်မစောင့်နိုင်ဘူး..နင်တို့ သတ်စရာရှိတာ မြန်မြန်သတ်ကြတော့..ငါတို့လည်း ပြန်ရဦးမယ်”

သေနတ်ကိုင်ရဲမက်တစ်ဦးက လှည်းပေါ်မှ လှမ်းအော်ပြောလိုက်သည်။

“သွေးသောက်ကြီးတို့ ပြန်ချင်ပြန်ကြပါ..ငါးယောက်ပဲ ကျန်တော့တယ်လေ..ကျုပ်တို့ သောက်ရင်းစားရင်း ခပ်ဖြည်းဖြည်းလုပ်လိုက်ပါ့မယ်”

“အေး..ပြီးတာပဲဟေ့..ငါတို့ သွားပြီ..”

သေနတ်ကိုင်စစ်သည်များကို တင်လာသည့် လှည်းက မောင်းထွက်သွားသည်။

အရက်ဝိုင်းက ပိုမိုစိုပြေလာသည်။

ဇရပ်အောက်တွင်မူ နားလဲအပါအဝင် လူငါးဦးမှာ နီးကပ်လာသော သေခြင်းတရားအကြောင်းကို တွေးကာ တိတ်ဆိတ်နေကြ၏။

ပါးကွက်သားများသည် အရက်မော့ရင်း..တစ်ယောက်ဆွဲခေါ်ကာ သတ်ရင်းဖြင့် အချိန်က တရွေ့ရွေ့ကုန်လာသည်။

နားလဲ ကိုမူ အမျိုးသမီးငယ်ဖြစ်သည့်အတွက် နောက်ဆုံးမှ ကွပ်မျက်ကြမည်ဖြစ်သည်။

“အကိုတို့..ကျွန်တော် လူတစ်ခါမှ မသတ်ဖူးဘူးဗျ..အကိုတို့ ကို အားကျတယ်”

“ဟ..အားကျရင်...နောက်တစ်ခါကျ အဘိုးကြီးကို ပြောပြီး လိုက်ပေါ့ကွ”

“အင်း..လက်က သိပ်မရဲသေးတော့ဗျာ....အဲ့ဒါ..ဒီတခါ ကျွန်တော့်ကို ပေးစမ်းပါလား”

ပါးကွက်သားခေါင်းဆောင်က ဇရပ်အောက်တွင် ရှိနေသော နားလဲ ကို ကြည့်လိုက်သည်။

“သြော်...ကျလည်းကျတဲ့ကောင်..ဟိုကောင်မလေးပဲ ကျန်တော့တယ်ဟ”

“အင်း..ကျွန်တော် သူနဲ့ စမ်းကြည့်လိုက်မယ်လေ”

“ဟိတ်ကောင်..မင်း ပေါက်ကရတော့မလုပ်နဲ့နော်...သတ်တယ်ဆိုတာ တစ်ခါတည်း အပြီးသတ်နိုင်မှကွ..ဆန့်ငင်ဆန့်ငင်နဲ့ သူများကို ဝေဒနာခံစားရစေရင် ငရဲပိုကြီးတယ်”

“အင်းလေ..ဒါကြောင့် စမ်းကြည့်တာပေါ့ဗျ..လုပ်ပါဗျာ..ပြီးရင် ကျွန်တော် ကျင်းကိုလည်း တစ်ခါတည်း မြေပါ ဖို့ပေးပါ့မယ်”

“ကဲ..ငါတို့ကလည်း မိန်းကလေးဆို သတ်ခါနီး နှမြောတယ်ကွ..မသတ်ချင်ဘူး..မင်းပဲ လုပ်လိုက်ကွာ...မြေပါဖို့ပေးရမှာနော်..ဟေ့‌ကောင်...ကျင်းဘေးမှာ ဂေါ်ပြားရှိတယ်.ကဲသွားတော့...မင်းက လာကူတော့လည်း.ငါတို့ အေးအေးဆေးဆေး တဂံလေးတွတ်ရတာပေါ့ကွာ”

ငလှေးက တက်ကြွစွာဖြင့် ကြမ်းပြင်ပေါ်မှ ဝါးရင်းတုတ်ကို ယူလိုက်သည်။

ခက်ဇော်


Comments

Post a Comment