အကြံမရှိသော ညနက်များ
“တီ…တီ…တီ။”
နားထဲ ဖျတ်ကနဲဝင်လာသော ဖုန်းမြည်သံကြောင့် လန့်နိုးသွားလေသည်။ဝတ္ထုရေးရင်း အိပ်ပျော်သွားခြင်းဖြစ်ပေမည်။စာရေးစရာအကြံမရသော ညများတွင်မူ ဤကဲ့သို့ စဉ်းစားရင်း အိပ်ပျော်သွားသည်မှာ ဖြစ်နေကြဖြစ်သည်။ယခုအချိန်ဘယ်လောက်ရှိနေပါလိမ့်။မနက်ပင်လင်းပြီကိုး။နေ့ရက်ကိုကြည့်လိုက်တော့ ၂၃ရက်နေ့ မနက်ခင်းဖြစ်နေပြီ။မနေ့ညက သတင်းလေးနားထောင်ရင်းစာရေးသည်။သတင်းမှာ ထောင်ဖောက်ပြေးလာသော ဝရမ်းပြေးတစ်ယောက်ရှိသည်ဖြစ်ရာ အများပြည်သူအနေဖြင့် ညဘက်တွင် အပြင်၌ ဂရုစိုက်ကာသွားလာသင့်ကြောင့် သတင်းဖြစ်လေသည်။သူလည်း ထိုအကြောင်းနားထောင်ရင်း မှုခင်းရာဇဝတ်မှု အကြောင်းတစ်ခုခုကိုရေးရန်စဉ်းစားကြည့်၏။သို့သော် စာမှာ ရေးလိုက်ဖျက်လိုက်ဖြင့်သာဖြစ်ရင်း ချာချာလည်နေလေ၏။
ဖုန်းမြည်သံကိုကြားနေရသေးသည်ဖြစ်ရာ ဖုန်းကျမသွားခင် မြန်မြန်ကိုင်ဖို့လိုလေသည်။သို့ကြောင့် အိပ်ချင်မူးတူးဖြင့် ဖုန်းကိုထရှာရလေသည်။ရှာတွေ့လေသောအခါ အယ်ဒီတာကြီးဖုန်းဆက်ခြင်းဖြစ်သည်ကို တွေ့ရလေသည်။စာမူအပ်ဖို့ကိစ္စပြောခြင်းဖြစ်ပေလိမ့်မည်။သူကား ဘာစာမှရေးမရသေးချေ။သို့ဖြစ်ရာ မကိုင်ချင်လည်း ဖုန်းတော့ ကိုင်ရပေဦးမည်။
“ဟယ်လို…။”
“ဟယ်လို။မင်းဆွေ။နေကောင်းလား။”
“အယ်…ဟုတ်အဆင်ပြေပါတယ်။အယ်ဒီတာကြီးခင်ဗျ…။”
“အေး…မင်းပေးတဲ့ စာမူငါမနက်တင်ဖတ်ကြည့်ပြီးပြီ။ခရစ္စမတ်နေ့ထုတ်မယ့်စာစောင်မှာ ထည့်ပေးမယ်။အဲ့တာ လှမ်းပြောချင်လို့။”
“ခင်ဗျာ။”
“အေးလေ။မင်းညကတင် စာမူငါ့ကိုပို့လိုက်တယ်မလား။မင်းဘာလဲ…။ကိုယ့်ပို့ပြီးတာ၊ရေးပြီးတာတွေပါ မေ့နေပြီလား။သတိလေးထားပါဦးကွ။”
“ဒါပေမယ့်ဆရာ ကျွန်တော်ညက အိပ်ပျော်သွားတာဗျ။မပို့မိဘူးလို့ထင်တာပဲ။”
“ငါနားလည်ပါတယ်။မင်းစာမူအပ်နိုင်ဖို့အတွက် မနည်းစဉ်းစားပြီးရေးထားရတာဆိုတာ ငါဖတ်ကြည့်ပြီးသိပါတယ်။တော်တော်ကိုကောင်းတဲ့စာမူကွ။လူတွေအများကြီးသဘောကျကြလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်။စိတ်ဖိစီးခဲ့ရတာတွေအတိုးချနားလိုက်တော့။”
ဤသို့ဖြင့် ဖုန်းချသွားပြီးနောက်တွင် မင်းဆွေတစ်ယောက် လက်ပ်တော့ကိုမယုံနိုင်ဖြစ်လျက် ဖွင့်ကြည့်မိလေသည်။Gmailထဲဝင်စစ်ကြည့်လေသောအခါဝယ် တကယ်ပင် စာမူဖိုင်ကို ပို့ထားပြီးသားဖြစ်နေလေတော့သည်။သူပို့ထားသော ဖိုင်ကိုပင် သူမမှတ်မိ။သူ့ဦးနှောက်တစ်ခုခုဖြစ်သွားပြီလောဟု မင်းဆွေတွေးရင်း ကြောင်တောင်တောင်ဖြစ်နေမိလေသည်။
ထိုဖိုင်ကို ပြန်ဖွင့်ကြည့်သောအခါဝယ် ဝတ္ထုတိုလေးဖြစ်နေပြီး အစီအစဉ်ကျကျလည်းရေးထားသည်ကိုတွေ့ရလေသည်။
၂၄ရက်၊ဒီဇင်ဘာ(ခရစ္စမတ်နေ့မတိုင်ခင်ည)
“ဟေ့ကောင်…အခြေအနေဘယ်လိုလဲ။”
မောင်ဖြိုးက ပြန်လှည့်လာသော သူ့တပည့်ဗိုလ်ဟိန်းကို မေး၏။
သူတို့ကား ထိုချောင်ကြားထဲမှာ အခြေအနေကြည့်နေကြသည်မှာကြာပေပြီ။ဤရပ်ကွက်၌ သူဌေးအနေများသည်။ထိုသူဌေးတွေ၏ ခမ်းခမ်းနားနားအိမ်များထဲမှ သူဌေးတစ်ယောက်အိမ်မှာ လူမရှိလိမ့်မည်ကို သူတို့သိနေ၏။
ထိုသူဌေးကြီးမှာ ရိုးသားပြီး ဖော်ရွေသောမျက်နှာထားရှိ၏။သူ့ကြည့်ရသည်မှာ မဖောက်ထွင်းပဲ “ခင်ဗျားပိုက်ဆံတွေလိုချင်လို့ပါဗျ”ဟုဆိုလျှင်ပင် ပိုက်ဆံတွေထုတ်ပေးလိုက်လောက်မလားဟု ထင်ရလေသည်။အမြဲပြုံးရွှင်ကြည်လင်နေတတ်၏။
သူဌေးကြီးကား ခရစ္စမတ်အတွက် သူ့မိသားစုရှိရာ နေရပ်ဆီပြန်ကာ ခရစ္စမတ်နေ့ကို အတူတူဖြတ်သန်းကြလိမ့်မည်။သူဌေးကြီးသွားပြီဆိုသည်နှင့် သူတို့က တန်ဆာပလာအစုံအလင်နှင့် အိမ်ကိုဖောက်ကြဖို့ စီစဉ်ထားလေတော့သည်။
“ဘေးအိမ်လည်း အိပ်နေလောက်ပြီ။ဆရာ ဝင်ရအောင်။”
“အေး။ဟုတ်ပြီ။”
ဤသို့ဖြင့် ဦးဆုံး အိမ်ဝင်းထဲကို အရင်ဝင်လာလေသည်။သူ့ခြံတခါးတွင်ခတ်ထားသော သော့ကလောက်ကား သံချေးတက်နေရာအပိုင်းလေးရှိနေလေ၏။ထိုအပိုင်းလေးကို ပြုတ်တူဖြင့် ညှပ်ချလိုက်ပြီးနောက် အိမ်ခန်းထဲဝင်လာခဲ့သည်။
အိမ်အဝင်ပေါက်သော့ကလောက်အလှည့်တွင်မူ ပုံတူကူးထားသော သော့ဖြင့်ဖွင့်လေသည်။သူတို့သော့ပုံတူကူးထားပုံမှာလည်း ပိရိလှလေသည်။သူဌေးကြီး သော့တစ်ကြိမ်ပျောက်စဉ်က သော့သွားပွားလေသည်။
သူသော့ပွားထားရာ ဆိုင်ဆီမှ ပိုက်ဆံပေးကာ သော့ပွားတစ်ခုဝယ်လိုက်ခြင်းဖြစ်လေသည်။ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက် အိမ်ထဲဝင်လာခဲ့ပြီးနောက်၌ကား။မည်သူမှရှိမည်မဟုတ်သည်ကို သိနေလေသည့်အလျောက် စိတ်အေးလက်အေးဖြင့် အိမ်ကို မွှေကုန်ကြလေသည်။သူဌေးကား တစ်ကိုယ်ထဲနေသူလည်းဖြစ်သည့်အလျောက် ရွှေငွေလက်ဝတ်လက်စားလည်း အထူးတလည်တော့မရှိချေ။သို့သော် လက်စွပ်တွေတော့ရှိလေသည်။ဗီဒိုအထပ်များထည့်၌ထည့်ထားသော ပိုက်ဆံထုပ်များလည်း ဆွဲခဲ့လေသည်။
“ဆရာရေ ဒီလောက်ဆို ကျွန်တော် အိမ်ပြန်လို့ရပြီဗျာ။”
“သေချာတာပေါ့ကွ။မင်းမိသားစုနဲ့ ခရစ္စမတ်နေ့ကို ပျော်ပျော်ကြီးဖြတ်သန်းပေရော့။ငါပြောသလိုပဲ ဒါငါတို့ရဲ့ နောက်ဆုံး ဖောက်ထွင်းရေးပဲ။ဒါပြီးရင် ငါတို့တွေ ဘုရားသခင်ဆီမှာ အပြီးတိုင်အာပတ်ဖြေပြီး ငြိမ်းငြိမ်းချမ်းချမ်းနေကြမယ်။”
သူတို့ အထုပ်တွေယူရင်း တံခါးပေါက်ဆီသို့ပြန်လာသောအခါဝယ် မီးရောင်ကနေ လူအရိပ်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားလေသည်။
မောင်ဖြိုးက တီးတိုးလေးစပြော၏။
“ဗိုလ်ဟိန်း။လက်နက်ပါလား။”
“ဟုတ်ဆရာ။လိုရမယ်ရ ဓါးနှစ်ချောင်းတော့ယူလာတယ်။”
“အေး။အရှေ့မှာလာကြည့်တဲ့သူရှိနေပုံပဲ။သူ့ကိုသတ်ပြီး လစ်ကြရအောင်။”
“ဟုတ်ဆရာ။”
ထို့နောက် ခြေသံများကိုစတင်ကြားစပြုလာလေသည်။မူမှန်သော ခြေသံတော့မဟုတ်ချေ။သူတို့နှစ်ယောက်လည်း ဓါးကိုအသင့်ကိုင်ရင်း အကွယ်တွင် စောင့်နေလေသည်။ထို့နောက် ဝင်လာသူ၏ကျောဘက်ကို စတင်မြင်လာရသောအခါဝယ် ထွက်ခုတ်လေတော့သည်။
သို့သော် ထိုလူက ပြန်လှည့်လာပြီး ဓါးဖြင့် ဗိုက်ကို အရင်ထိုးစိုက်လိုက်လေသည်။ထို့နောက် ဓါးကို ဆွဲထုတ်လိုက် နောက်တစ်နေရာကိုထိုးလိုက်ဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးနှက်လေသည်။ဗိုလ်ဟိန်းလည်း အော်ပင်မအော်နိုင်ပဲ ဆက်တက်ထိုးဆွခံရသော ဓါးချက်များအောက်တွင် သွေးများစီးကျလျက်ပင် ဗုတ်ကနည်း လဲကျသွား၏။နောက်ကထထွက်လာသော မောင်ဖြိုးကိုလည်း ရင်ဘတ်ကို ထိုးစိုက်ကာ သတ်လိုက်ပြန်လေသည်။မောင်ဖြိုးက လက်ကဓါးလွတ်ကျသွာသော်ငြား လူကိုထွန်းထိုးဖယ်ပစ်ဖို့ ကြိုးစားလေသည်။သို့သော် ဓါးမှာ ရင်ဘတ်ထဲခပ်နက်နက်စိုက်မိနေပြီးဖြစ်ရာ သွေးများ တလိမ့်လိမ့်စီးကျလာရင်း မည်သူမှန်းမသိသူ သတ်ခြင်းကို ခံလိုက်ရသော ၎င်းတို့နှစ်ယောက်နှင့် ၎င်းတို့ ယူရန်အိတ်ထဲ ထည့်ထားသော ပစ္စည်းများကား မပျောက်ဆုံးကြောင်းကို သူဌေးကြီးပြန်လာပြီးနောက် စစ်ဆေး၍ သိရ၏။ရဲများလည်း စစ်ဆေးပြီးနောက် ၎င်းတို့နှစ်ယောက် အဝေမတည့်၍ အချင်းချင်းသတ်သည်ဟု ကောက်ချက်ချလေသည်။
သို့သော် သူတို့အချင်းချင်း သတ်ခြင်းမဟုတ်ကြောင်းကိုမူ သင်ကတော့ သိပါပေသည်။သို့သော် သူတို့ကို မည်သူသတ်သည်ကိုတော့မူ သင်လုံးဝမသိပါချေ။
သူဌေးကြီးကား သူ့အိမ်က ပစ္စည်းများပျောက်ပျက်မသွားခြင်းကိုပင် ဝမ်းသာရမည်လော။အိမ်ဖောက်ခံရသည်ကိုပင် စိတ်တိုသင့်ပြီလော မဝေခွဲတတ်လောက်အောင်ဖြစ်မိလေသည်။သူကား ရဲများ သူ့အိမ်ကိုဝင်လိုက်ထွက်လိုက်လုပ်မနေစေချင်သောကြောင့် ဖောက်ထွင်းရေးသမားနှစ်ယောက် အဝေမတည့်၍ အချင်းချင်းသတ်သည်ဟု လက်ခံလိုက်သော်လည်း သူ့စိတ်ထဲမှမူ တတိယသူတစ်ယောက်ရှိဦးမည်ကို အလိုလိုထင်နေမိခဲ့လေသည်။အကြောင်းမှာ သူ့လက်ထဲတွင် ပိုက်ဆံအိတ်ဖြင့် ဘီယာဆိုင်တစ်ဆိုင်က ဘောက်ချာစာရွှက်ကို ရှာတွေ့ထားသောကြောင့်ဖြစ်လေသည်။ပိုက်ဆံအိတ်ထဲ၌မူ ပိုက်ဆံများသာရှိပြီး မှတ်ပုံတင်ကဲ့သို့ အရာမျိုးများမတွေ့ရချေ။သို့သော် ဘောက်ချာပေါ်က ဘီယာဆိုင်ကနေမူ တစ်ခုခုစုံစမ်း၍ ရလိမ့်မည်ဟု တွေးရင်း ထိုဘီယာဆိုင်၌ သွားရောက်စုံစမ်းလေသည်။
သို့သော် ဘီယာဆိုင်မှာ ညဆိုလျှင် လူကျသဖြင့် ဝယ်သူအလွန်ပေါရာ လာဝယ်သွားသူတိုင်းကို မှတ်မိဖို့ခက်လေသည်။အထူးသဖြင့် ဘောက်ချာထဲက ဘီယာတံဆိပ်မှာ ဆိုင်တွင် လူဝယ်အများဆုံးတံဆိပ်ဖြစ်ရာ ခက်ခဲပေသည်။
သူဌေးကြီးလည်း သူ့ကားပေါ်ပြန်တက်ရင်း မည်သို့သောလူစားက အိမ်ထဲဝင်လာပြီး အိမ်ဖောက်ထွင်းပြီး ပစ္စည်းခိုးသောသူကိုမှ ကြောက်မက်ဖွယ်ကောင်းအောင် သတ်ဖြတ်လေသနည်းဟု တွေးကြည့်သည်။စဉ်းစားဖို့မဖြစ်နိုင်လောက်အောင် ထူးသော ကိစ္စတစ်ခုပင်ဖြစ်လေသည်။ထို့နောက် ပိုက်ဆံအိတ်ကို ကြည့်မိသည် ပိုက်ဆံအိတ်ဒီဇိုင်းကား တော်တော်လေး ဈေးသက်သာသည့် အမျိုးအစားထဲက တစ်ခုဖြစ်သော မက်သရုး(Matthew)တံဆိပ်ဖြစ်လေသည်၊
ဤတွင်တော့ သူအနည်းငယ် အံ့အားသင့်သွားလေသည်။မက်သရုးတံဆိပ်အကြောင်း သူရေးမိသည်ကိုတော့ သူမမှတ်မိချေ။ဖတ်ကြည့်ရင်းဖတ်ကြည့်ရင်း နည်းနည်းတော့ မှတ်မိသလိုလိုဖြစ်လာလေသည်။ညကသူငုတ်တုပ်ထိုင်ရေးရင်းပဲ အိပ်ပျော်သွားသည်လေသလော။သူ့ပိုက်ဆံအိတ်ကား မက်သရုးတံဆိပ်ဖြစ်လေ၏။
ဆက်ဖတ်ကြည့်သောအခါဝယ် ပိုမိုထူးဆန်းလာသည်ကို သတိထားမိ၏။ကိုယ်ရေးသောစာကိုယ်ဖတ်ပြီး ထူးဆန်းသည်ဟု ထင်သည်မှာ သူတစ်ယောက်ထဲရှိပေလိမ့်မည်။
မက်သရုးတံဆိပ်မှာ လူသုံးများသောကြောင့် ပိုက်ဆံအိတ်ကိုတော့ စစ်ဆေးဖို့ မဖြစ်နိုင်ချေ။မျှော်လင့်ချက်မဲ့နေပြီလောဟု သူဌေးကြီးတွေးမိလေသည်။
သူစိတ်ရှုပ်လှစွာဖြင့် မှန်ချလိုက်သောအခါဝယ် ကြက်သီးဖြန်းဖြန်းထလာလေသည်။အကြောင်းမူသူ့ကို ကြည့်နေသော လူထူးဆန်းတစ်ယောက်ရှိနေသောကြောင့်ပင်။ထိုလူထူးဆန်းကားအစကတည်းက သူကိုကြည့်နေပုံရနေလေရာ ရုတ်တရက်ဆိုသဖြင့် ထိုလူထူးဆန်းအကြည့်တွေကို ကြည့်နေရင်း သူကား ကြက်သီးထသော ခံစားချက်နှင့်သာ ထိုနေရာမှ ထွက်ခွာခဲ့ရလေသည်။
ကြည့်နေသောသူကမူ ဆက်လက်၍သာကြည့်နေစဲဖြစ်လေသည်။သူ့ကြည့်ရသည်မှာ အန္တရာယ်ပေးမည့်ရုပ်တော့ မဟုတ်သော်ငြား ကြောက်ဖို့တော့ကောင်းဆဲသာဖြစ်လေသည်။သူပြန်စဉ်းစားရင်းစဉ်းစားရင်း ရေးရေးကလေးမှတ်မိသည်မှာ သူ့ကိုကြည့်နေသောသူမှ ယခုမှမဟုတ် တစ်နေရာရာတွင် တစ်ကြိမ်မြင်ဖူးနေခဲ့ပြီး ယခုကဲ့သို့ပင် သူ့ကိုကြည့်နေခဲ့သည်ဖြစ်သည်။သို့သော် ထိုစဉ်ကတော့ အထူးတလည်သတိမထားမိချေ။နောက်တော့ သူကားပေါ်ပြန်တက်သောအခါတွင်လည်း သူ့ကားကိုလော သူ့ကိုလော မသိပေ။စူးစိုက်ပြီးကြည့်နေခဲ့သည်ဖြစ်သည်။
ဤအထိတော့ တော်တော်ထူးဆန်းသည်ဟု ယူဆရလေသည်။သူရေးသည်ဟုဆိုသော်လည်း သူရေးသောစာဟု မခံစားရချေ။ထိုစာစုများ၏ အရှေ့ပိုင်းက သူဌေးကြီးအကြောင်းအနည်းငယ်ကမူ သူရေးသည်ဆိုသည်တော့ သေချာပေသည်။အိမ်ဖောက်သည့်အခန်းနှင့် ၎င်း၏နောက်ပိုင်းကမူ သူရေးမိသည်မရေးမိသည်ကို မသေချာပေ။သူလည်း မှတ်ဉာဏ်မကောင်းတော့ပေဘူးလားမသိပေ။အမှန်ပြောရလျှင် ဤသည်မှာ သူနဂိုက စိတ်ကူးထားသော ဇာတ်လမ်းပင်မဟုတ်ချေ။သို့သော် ယခုမှတော့ ရှိစေတော့ဟုပဲ သူစိတ်လျှော့ပစ်လိုက်ကာ မျက်နှာသစ်သွားတိုက်ရန် သူထလာခဲ့လေတော့သည်။ဆုံးအောင်နောက်မှ ပြန်ဖတ်ဖို့ စိတ်ကူးရပေသည်။
သွားတိုက်ရင်း သူမှန်ထဲတွင် ကြည့်မိသောအခါမှ သူ့မျက်ကွင်းတွေလည်းချောင်နေပြီ။သူအိပ်ရေးပျက်ထားသော ညတွေလည်း မနည်းပေသို့ဖြစ်ရာ အထူးအဆန်းတော့ မဟုတ်လှ။ဒါပြီးလျှင်တော့ သူကော်ဖီသောက်ထွက်ရန် စဉ်းစားမိလေသည်။စိတ်ရှုပ်နေတာမှန်သမျှမှာ ကော်ဖီ(သို့မဟုတ်)လက်ဖက်ရည်သောက်လိုက်လျှင်တော့ အနည်းငယ်ရှင်းသွားတတ်ပြီး နေလို့ပိုကောင်းသွားတတ်သည်မှာ ထုံးစံဖြစ်လေသည်။ကျန်းမာရေးအရ စွဲအောင်မသောက်သင့်သော်ငြား စာရေးသူဖြစ်ဖြစ် ပန်းချီ/ရုပ်ပြ/ကာတွန်းဆွဲသူဖြစ်ဖြစ် အထူးသဖြင့် အနုပညာဖန်တီးသူများအတွက်တော့ သောက်စရာကောင်းတစ်ခုဖြစ်ပေသည်။
ကော်ဖီဆိုင်ကိုရောက်တော့ စိတ်နည်းနည်းကြည်သွားသည်။ကော်ဖီဆိုင်လေးကား လူမထူထပ်ချေ။အများအားဖြင့် ပိတ်ရက်တွေတော့ လူနည်းနည်းရှိနေတတ်သော်လည်း အများအားဖြင့်က ရုံးသွားကြသူများ ပါဆယ်ဝင်ဝယ်ကြသည်ကလွဲလျှင် ကြားရက်တွင် ကော်ဖီထိုင်သောက်သူက နည်းပါး၏။သို့ဖြစ်ရာ သူလွတ်လွတ်လပ်လပ် လာထိုင်သောက်နေ၍ရလေသည်။ဤဆိုင်ကို သဘောကျသော အကြောင်းအရာထဲတွင် အေးအေးဆေးဆေးဖြစ်နေသော ခံစားချက်ကို ပေးနိုင်သော တီးလုံးသံငြိမ့်ငြိမ့်လေးတွေဖွင့်ထားခြင်းလည်းပါပေသည်။မင်းဆွေအတွက်တော့ ထိုတီးလုံးများမှာ သူ၏အနုပညာဉာဉ်ကို နိုးဆွနေသကဲ့သို့ ခံစားရလေသည်။
သူအကြိုက်ဆုံးဖြစ်သော ဤဆိုင်မှာ ခဏခဏလာနေကြဖြစ်လေသည့်အလျောက် ဆိုင်ဝန်ထမ်းကောင်မလေးနှင့်ပင် ခင်မင်လျက်ရှိနေလေပြီ။
“လက်တေးပဲလားအကို။”
“ဟုတ်ညီမ။”
တစ်ခဏအတွင်းမှာပင် ကော်ဖီရောက်လာခဲ့၏။
“အမြဲတမ်းကော်ဖီအပြင်အဆင်ကတော့ လှနေတာပဲနော်။ညီမလိုပဲ။”
“နောက်ပြန်ပြီအကိုရယ်။”
ရယ်ရင်းပြန်ပြော၏။သူမနာမည်မှာ နန်းဟုတော့သိထားလေသည်။အတိအကျတော့ မသိထားမိ။သူကလည်း မေးကြည့်တိုင်း မပြောချေ။လုံးဝသူမအား စွဲလန်းနေလောက်သည်အထိ မဟုတ်သော်လည်း အသားဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းသည့်အလျောက် ဤဆိုင်လာတိုင်းတော့ သူမျက်မှန်တန်းမိနေသည်သာဖြစ်သည်။
ဤလိုနှင့် ဝတ္ထုအကြောင်းစဉ်းစားလိုက် ဆိုင်အတွင်းဖွင့်ထားသော တီးလုံးလေးထဲမျောလွင့်လိုက် ကော်ဖီကိုသောက်လိုက်ဖြင့် တကယ်ပင် အေးအေးဆေးဆေး သက်သောင့်သက်သာရှိသော အနေအထားလေးဖြစ်လေသည်။
ကော်ဖီသောက်ပြီးသည့်နောက် သူထပြန်မည်လုပ်ရင်း ဘေးမှဖြတ်သွားသူမှာ အနည်းငယ်ထူးဆန်းနေသည်ကို စသတိထားမိလေသည်။သူကား သူဝတ္ထုထဲက ဇာတ်ကောင်နှင့် တူလှသည်။သူဝတ္ထုအောင်မြင်လို့ ရုပ်ရှင်များ ရိုက်ခဲ့ရလျှင် ထိုသူကို သူ့ဝတ္ထုထဲမှ သူဌေးဇာတ်ကောင်နေရာတွင် ရိုက်ဖို့ငှားသင့်လှသည်ဟု ခံစားမိလေသည်။သို့သော်ဘာကြောင့်ရယ်မသိ ကြည့်ရင်းကြည့်ရင်း တူသည်ဟု ထင်သောခံစားချက်ထက် ပိုကာ ထိုဇာတ်ကောင်ကို အပြင်တွင်မြင်နေရသည်ဟု ခံစားရလာလေသည်။
“ငါလည်း ရုးကြောင်ကြောင်ဖြစ်နေပြီထင်ပါတယ်။”
ပြောရင်းလှည့်ထွက်လာသော်လည်း အပြင်ရောက်သည့်အခါ စိတ်ထဲက မရိုးမရွှဖြစ်နေလေသည်။အစောက သူဌေးဇာတ်ကောင်နှင့်တူသည်ထင်နေမိသောသူ ကော်ဖီဝယ်ပြီး ထွက်လာခဲ့သည့်အခါဝယ် အဝတ်အစား အသွင်အပြင်ကိုကြည့်ပြီး တကယ် သူရေးထားသော အချက်တွေနှင့် ကိုက်နေလေသည်။
“ဒီနေ့ထီထိုးမှထင်တယ်။စိတ်ကူးပြီးရေးတဲ့ ဇာတ်ကောင်နဲ့ ချွတ်စွပ်တူနေတဲ့သူနဲ့ အပြင်မှာလာတွေ့နေပြီ။”
ရုးကြောင်ကြောင်တော့နိုင်သည်ကိုသိသော်လည်း ထိုသူဌေးကိုကြည့်ရင်း စိတ်ထဲတစ်မျိုးစဖြစ်လာလေသည်။သူသော့ဖွင့်ပြီး ဝင်သွားလေသောကားမှာလည်း ဝတ္ထုထဲ၌ သူရေးသားထားသော ကားပုံစံဖြင့် လုံးဝမတူပါ သို့သော် အရောင်ကတော့ ဆင်သလိုလို ခံစားရလေသည်။
ထူးထူးဆန်းဆန်း ခံစားချက်မျိုးရနေလေသောကြောင့် ဆိုင်ထဲပြန်ဝင်ကာ နန်းကို မေးကြည့်လေသည်။
“သူက ဒီမှာ ကော်ဖီလာဝယ်သောက်နေကြအကို။”
သူအိမ်ပြန်လာတော့ စိတ်ရှုပ်သလိုလို ခံစားချက်ရလာသဖြင့် စာမူလည်းဖွင့်မဖတ်ကြည့်တော့ချေ။အိပ်ရာထဲသာ သွားအိပ်နေလိုက်တော့သည်။
ဘုန်းကနည်း လဲကျသွားသည့် အသံကို သူစကြားလိုက်ရသည့်အခါဝယ် သူအခြေအနေမကောင်းတောသည်ကို သတိထားမိလေသည်။ဤလူကား မည်သူနည်း။အဘယ်အကြောင်းကြောင့် လာသတ်သနည်း။၎င်းအိမ်ဖောက်ထွင်းရေးသမားများကား သေကြရပြီ။ရာဇဝတ်သားပင်ဖြစ်မည်ဆိုသော်လည်း တရားရုံးက ညီစွာသော အပြစ်ဒဏ်တော့ ချပေး၍ရပေဦးမည်။သူကား ဘာအကြောင်းအရင်းရှိလို့ သတ်သည်ကို သူမတွေးတတ်ပေ။
ထို့နောက် သတိစထားမိသည်မှာ ထိုလူသတ်သမားကား သူအား စသတိထားမိလာခြင်းဖြစ်သည်။တော်တော်လေးမြန်ဆန်သော တုန့်ပြန့်မှုအနေဖြင့် လူသတ်သမားမှာ ဒုန်းစိုင်းပြေးချလာလေသည်။
လန့်ဖျတ်ရင်း အိပ်ရာမှသူနိုးလာခဲ့လေသည်။တစ်ကိုယ်လုံးချွေးများရွဲရွဲနစ်လျက် သူဘာကြောင့် ထိုမျှလောက်အထိ စိတ်စွဲနေမိသည်ကို သူ့ဘာသူတောင် နားမလည်နိုင်တော့ချေ။သူဘာဖြစ်နေသနည်း။သူရုးစပြုပြီလော။
ဆေးသေတ္တာထားရာဆီသို့ အသည်းအသည်ထသွားကာ စိတ်ငြိမ်ဆေးပြားကို သုံးပြားလောက် ထုတ်သောက်ချလိုက်ကာ မှန်ထဲ သူ့ကိုယ်သူကြည့်မိနေလေသည်။သူရုးနေပြီလော။စိတ်ကူးယဉ်တာများပြီး ရုးကြောင်ကြောင်ဖြစ်သွားပြီလောဟု တွေးမိနေသည်။ခဏကြာမှ စိတ်လျှော့ရန်ကြိုးစားရင်း အသက်ကို ဖြေးဖြေးချင်း ရှုနေရလေသည်။
“အဆင်ပြေတယ်။ဒါစိတ်ကူးတွေများလို့ လက်တွေ့နဲ့ရောထွေးနေတာ။အားလုံးအဆင်ပြေသွားလိမ့်မယ်။”
“ငါစာမရေးပဲ ခဏနေလိုက်ရင်ကောင်းမယ်ထင်တယ်။
“တီတီတီ”ဖြင့် မြည်လာသော ဖုန်းသံကိုကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်ရင်း ဖုန်းကိုကြည့်လိုက်သည်။သူ့သူငယ်ချင်း အော်ကျော် ဖုန်းဆက်ခြင်းဖြစ်လေသည်။
“ဟယ်လို။”
“ဟယ်လို။အေး…သားကြီး။မင်း မနက်ဖြန် အားတယ်မလား။”
“အေး…အားပါတယ်ကွ။”
“အေး အဲ့တာဆိုရင်လည်း မင်း ငါတို့အိမ်လာခဲ့လေ။သူငယ်ချင်တွေစုပြီး ခရစ္စမတ်ပွဲနွဲကြမယ်။ဒီနေ့ကတည်းက လာခဲ့ကွာ။ငါ့ဆီမှာ ညအိပ်ပြီး ခရစ္စမတ်နေ့ကျရင် ဂိမ်းတွေဘာတွေဆော့မယ်ကွာ။နှစ်တိုင်းလုပ်နေကြလိုပဲလေ။မင်း ရတယ်မလား။”
မဆိုးပေ။သူစိတ်အပန်းပြေ အနားယူလိုက်ချင်သည်နှင့် အတော်ပဲဖြစ်နေလေရာ။လာခဲ့မည်ဟု ကတိပေးလိုက်ရင်း အဝတ်အနည်းငယ်ယူသွားရန် စတင်ပြင်ဆင်လေသည်။
တစ်ညအိပ်ကြမည်ဖြစ်လေသည်မလို့ အဝတ်အနည်းငယ်ထည့်ကာ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ ယူခဲ့ရင်း ထွက်ခဲ့သည်။အစောက အကြောင်းတွေ သူမေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ဘော်ဒါများနှင့် စားကြသောက်ကြပြောကြဆိုကြ ဂိမ်းဘာညာဆော့ကြနှင့် အနားယူပစ်လိုက်မည်ဟု တွေးမိလေသည်။
အောင်ကျော်ကား ချမ်းသာ၏။အိမ်ကြီးအိမ်ကောင်းနှင့် ကားအကောင်းစားနှင့် နေရသည့်အပြင် တစ်ကိုယ်ထဲသမားလူလွတ်ဖြစ်လေရာ စိတ်လွတ်ကိုယ်လွတ် ပျော်တတ်သူလည်းဖြစ်သည်။ယခုကဲ့သို့ ပိတ်ရက်များရောက်လျှင် ဘော်ဒါတွေနှင့် ခရီးတောင်ထွက်တတ်ပေသေးသည်။ပိုက်ဆံရှိသူဆိုသည့်အလျောက် အသောက်အစားလည်း မကင်းပါ။သို့သော် ပြဿနာတက်လောက်အထိ၊ကျန်းမာရေးထိလောက်သည် အထိတော့ ဘယ်တုန်းကမှ ဖြစ်အောင် မလုပ်ပေ။
သူတို့နေရာရပ်ကွက်မှာလည်း သူဌေးအနေများသည့်အလျောက် အရမ်းဆူညံစည်ကားမနေပေ။အိမ်ကြီးအိမ်ကောင်းများနှင့် ပြည့်လျက်ရှိ၏။
သူ၏စိတ်ဂယောင်ချောက်ခြား အမှုမှာ မသက်သာချေ။အကြောင်းမှာ သူစိတ်ကူးထားသော အိမ်နှင့် တော်တော်လေးနီးစပ်သော အိမ်ကို မြင်လာရသောကြောင့်ဖြစ်လေသည်။ဤသို့အိမ်မျိုးပင် ၅လုံးခြောက်လုံးလောက်ရှိလေရာ သူလည်း မျက်စိကိုမှိတ် တစ်ဖက်ကိုလှည့် သက်ပြင်းချရင်း အော်ကျော့်အိမ်ထဲသို့သာ ဝင်ခဲ့လေသည်။
“မင်းဆွေ…လာကွ။”
အရင်လိုပင် အောင်ကျော်က မင်းဆွေကို ရင်းရင်းနှီးနှီး ခေါ်ပြောနေကြဆဲဖြစ်၏။၎င်းတို့ကား ကျောင်းနေဖက်သူငယ်ချင်းများလည်း ဖြစ်ကြလေသည်။ခင်မင်လာသည်မှာ ၁၀နှစ်ကျော်ခဲ့ပြီမလို့ အကြောင်းသိ ဘော်ဒါတွေဖြစ်နေကြလေသည်။
“မင်းစာတွေ ရေးဖြစ်လား။ဇာတ်လမ်းတွေ ဘယ်လိုလည်း ရုပ်ရှင်ကုမ္မဏီတွေက ကမ်းလှမ်းပြီလား။”
အောင်ကျော်က ထုံးစံအတိုင်း အကြီးကြီးတွေ ပြောလေသည်။
“မင်းကလည်း မနောက်ပါနဲ့ကွာ။ဝတ္ထုတိုလေး ရေးဖြစ်ဖို့တောင် အနိုင်နိုင်။”
သို့သော် အောင်ကျော်က သူ့ဘော်ဒါမင်းဆွေကို လုံးဝယုံကြည်သူဖြစ်လေရာ
“ဟာကွာ။မင်းကလည်း အေးဆေးပေါ့။မင်းက အရေးတော်တယ်ကွ။ဇာတ်လမ်းဖွဲ့တာ တော်တယ်။ငယ်ငယ်ကတည်းက ပါရမီပါတာ။အောင်မြင်မှာ သေချာတယ်။အချိန်လေးတစ်ခုပဲလိုတာ။”
“အာ့တွေ အခုတော့ ခဏထားလိုက်တော့ကွာ။သောက်စရာလေးပေးပါလား။”
“အေး ဘာသောက်မလဲ။ကော်ဖီသောက်မလား။”
“နိုးနိုး…အချိန်တိုင်းသောက်နေတာ။အခုတော့ အပြောင်းအလဲလေးဖြစ်အောင် လုပ်လိုက်ကွာ။”
အောင်ကျော်က ခပ်ပြုံးပြုံးဖြင့်
“နှစ်ခါပြောစရာမလိုဘူး။သားကြီး။”
သူတို့ကျောင်းနေဖက် ဘော်ဒါတွေရောက်လာပြီး အကြိုအနေဖြင့် သောက်ကြလေသည်။
“ဟေ့ကောင်တွေရေ။ငါလည်း အခုတလော ကယောင်ချောက်ခြားကွ။သိလား။မင်းအိမ်နားက အိမ်နီးချင်းလေ။”
“ဟေ…ဘယ်ဘက်ပြောတာလဲကွ။”
“အရှေ့ဘက်က အိမ်လေကွာ။အေး…အဲ့အိမ်က ငါ့ဝတ္ထုထဲမှာ ရေးမိထားတဲ့ အိမ်ပုံစံနဲ့တူနေတယ်ကွ။”
“ဟဟဟဟ။ဖြစ်ရမယ်ကွာ။မင်းရဲ့တိုက်ဆိုင်ချက်တွေက ကြောက်စရာကြီးပါလား။မင်းပြောတဲ့ အိမ်ပိုင်ရှင်ကို ငါသိတယ်ကွ။အင်မတန်သဘောကောင်းတာ။ဦးညီဇေလင်းတဲ့။ဒီအရပ်ထဲမှာတော့ သူကသဘောကောင်းတဲ့သူမလို့ ခင်ကြတယ်။”
“ဟုတ်လား။မင်းနဲ့ရောသိလား။အဆင်ပြေရင် သူ့လည်း ဒီမှာ သောက်ဖို့ခေါ်လိုက်ပါလား။သူသောက်တတ်ရင်ပေါ့။”
“ဟာ။ဒီနေ့ညနေဆို သူ့မိသားစုဆီသူပြန်တော့မှာလေ။ခရစ္စမတ်နေ့ကို သူ့မိသားစုနဲ့ အတူတူဖြတ်သန်းဖို့တဲ့။”
ဤတွင် စောစောက သောက်ထားပြီး ရီဝေဝေလေး ဖြစ်နေသည်တောင် ပြေသွားလေသည်။ဤသည်ကော တိုက်ဆိုင်ခြင်းလား မဖြစ်နိုင်ချေ။တော်တော်ကို ထူးဆန်းလွန်းနေပြီ။သူလုံးဝ ယုံကြည်နိုင်စွမ်းမရှိတော့ချေ။
သူကိုယ်တိုင်တောင် မရေရာတော့သည့် ထိုကိစ္စကို သူမစဉ်းစားပဲ မေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ဤသို့ဖြင့် အခြားစကားများပြောကြရင်း ဂိမ်းတွေဆော့ကြရင်း သူလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွား၏။
ထိုည အရက်ကလေး ထွေနေသဖြင့် စောစောစီးစီးပဲ ဝင်အိပ်ဖြစ်သည်။
မနက်သုံးနာရီဝန်းကျင်ရောက်ပြီ။
တကျီကျီမြည်သံမှာ နားထဲဝင်လာ၏။စိတ်ထင်တာဖြစ်လိမ့်မည်ဟု မင်းဆွေထင်မိလေရာ ခေါင်းအုံးဖြင့် အုပ်ပြီး အိပ်ပျော်ရန် ကြိုးစားမိ၏။သို့သော် ဤနေ့ကား ၂၄ရက်နေ့ည ဝတ္ထုထဲမှ အိမ်ဖောက်ကြတော့မည့်ညဆိုသည်ကို သူစိတ်ထဲပေါ်လာသည်နှင့် အလန့်တကြားထထိုင်မိလေသည်။
ပြတင်းပေါက်နေ ထိုအိမ်ဖက်လှမ်းကြည့်သည်။ဘာမှမတွေ့ရ ရှင်းလင်းနေသည်။
“စိတ်ထင်တာပါ။စိတ်လျှော့မှပါပဲ။”
ပြန်အိပ်ရန်ကြိုးစား၏။တကျီကျီသံမှာ ထပ်ပေါ်လာပြန်သေးလေရာ ဤတစ်ခါတွင်တော့ သူ့စိတ်ထဲ ကြောက်လန့်လာလေသည်။တကယ်ဖြစ်လာခဲ့လျှင် ဘယ်လိုလုပ်သင့်သနည်း။အိမ်ဖောက်မည့်ကောင်တွေကို သွားဖမ်းရမည်လော။ရဲကိုဖုန်းဆက်ရမည်လော။
မနေနိုင်သည့်အဆုံးတွင် သူအောက်ထပ်ကိုဆင်းကာ အပြင်ထွက်လာခဲ့သည်။ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရှင်းလို့လင်းလို့ပင်။
ခြံဝကို အရင်ကြည့်ပြီး စိတ်ကို ပြင်ဆင်ရင်း တံခါးကို တွန်းကြည့်လိုက်သည်။အောက်တွင် ဖျက်ထားသော သော့ကလောက်ကို စတွေ့ရသည်။သေချာနေပြီ။သူတစ်ခုခုလုပ်ဖို့တော့လိုလေပြီ။အထဲမှာ မွှေနေသော နှစ်ကောင်မှာ ဓါးတွေပါသည်။သူ့အားသတ်လိုက်နိုင်သည်။ဒီတိုင်းဝင်သွား၍ မဖြစ်ချေ။
ဤတွင် အောင်ကျော်ကို ပြန်နှိုးကာ ရဲကိုဖုန်းခေါ်ခိုင်းလေသည်။
မနက်ရောက်သောအခါဝယ် တစ်ရပ်ကွက်လုံး အုတ်အောသောင်းနင်းများဖြစ်နေကြလေသည်။သူတို့ရပ်ကွက်ထဲ ဖောက်ထွင်းရရိုးနည်းလေရာ။ယခု ကံကောင်း၍ ဖောက်ထွင်းသူများအား မိကုန်ကြလေသည်။
ဤတွင် မင်းဆွေတစ်ယောက် လာသတ်မည့်သူအအကြောင်းကို စဉ်းစားရင်းကျောချမ်းသွားလေသည်။ဤဖောက်ထွင်းရေးသမား နှစ်ကောင်ကား အသက်ရှင်သွားကြမည်သာဖြစ်သည်။အနည်းဆုံး သူတို့က ထောင်ဒဏ်သာကျခံကြရမည်ဖြစ်သည်။
ခရစ္စမတ်နေ့ထုတ်သော စာစောင်တွင် မင်းဆွေ၏ဝတ္ထုပါခဲ့ပြီး။အဖြစ်အပျက်များမှာ အနည်းငယ်ပြောင်းလဲသွားသည်ကလွဲလျှင် တော်တော်ဆင်တူနေသဖြင့် သတင်းစာများတွင် ပါလာကာ နာမည်ကြီးသွားခဲ့လေသည်။
သို့သော် ထိုနာမည်ကြီးခြင်းမှာ အကြာကြီးမခံခဲ့ရှာပေ။အကြောင်းမှာ ခရစ္စမတ်နေ့ကျော်လွန်ပြီးနောက် နိုင်ငံတကာ နှစ်သစ်ကူးနေ့ရောက်သောအခါဝယ် စာရေးဆရာ မင်းဆွေမှာ ဓါးထိုးသတ်ခံလိုက်ရသောကြောင့်ဖြစ်ပေသည်။
သူလာသောက်နေကြကော်ဖီဆိုင်မှ ကောင်မလေး နန်းကတော့ နောက်ဆုံးလာသွားသောနေ့က သူ့အား ကျီစယ်သွားသေးသည်ကို သတိရ၍ စိတ်မကောင်းဖြစ်မိရပေသတည်း။
တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားလျှင် ထိုကံကြမ္မာကို လက်လွှဲယူရန် အသင့်ပြင်ပေရော့။
Done 💪
ReplyDeleteWe Must Win ✊
Deleteဒမ်းးး🤑🤑🤑
ReplyDeleteDone ☑️
ReplyDeleteဖတ်ပီး
ReplyDeleteDone🤍
ReplyDelete❤
ReplyDeleteDone,🐬
ReplyDeleteDone ✅
ReplyDeleteDone 🍀
DeleteDone
ReplyDeleteMike tal<33
ReplyDeleteကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
ReplyDeleteအရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့
Clicked🌸
ReplyDeleteDone
ReplyDeleteDone2Uk
DeleteThanks
ReplyDeleteSo nice to read!
ReplyDelete🤍
ReplyDeleteDone
ReplyDeleteDone
Delete